သင်ပျော်ရွှင်နေသလား
ခုတလော ကျွန်တော့်စာတွေက conflict ဖြစ်နေ လိမ့်မယ် ထင်တယ်။ ဖြစ်ဆို ခုတလော မြင်သမျှ၊ သိသမျှတွေဟာ ထော်လော်ကန့်လန့် အံချော်နေတာ တွေချည်း ဖြစ်နေလို့ပါ။ မနေ့ညက မြ၀တီလိုင်းမှာ ဆရာတော် ဦးကောသလ္လ နဲ့တွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်သွားတယ်။ ဆရာတော် ဟာ အမှန်တရား အတွက် ပြတ်ပြတ်သားသား ပြောဝံ့တဲ့ ကိုယ်တော် တစ်ပါး ဖြစ်တယ်ဆိုတာ လူတိုင်း အသိပါ။ ခုလဲ ဆရာတော်က ဧရာဝတီတိုင်း လေဘေးမှာ စည်းကမ်းမဲ့ လှူဒါန်းတဲ့ လူတစ်ချို့ အကြောင်း ဝေဖန် ထောက်ပြ ပြောဆိုသွားပါတယ်။ ဆရာတော် ပြောတဲ့ စကားတွေဟာ လုံးဝ ဒတ်ထိအမှန်တွေချည်းပါပဲ။ အဲဒိထုတ်လွှင့်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော့် ရင်ထဲမှာ နင့်ကနဲ ဖြစ်အောင် ခံစားလိုက်ရတယ်။ ဧရာဝတီဘက်ကို တချို့တချို့သော လူများက ကူညီကယ်ဆယ်ရေး ထက် ပျော်ပွဲစားတခု လို သဘောထားနေတာကို ပြောသွားပါတယ်။ အဲ့ဒါ အမှန်ပါပဲလို့ ကျွန်တော် ပြောပါရစေ။ ကျွန်တော့် ပတ်ဝန်းကျင်က တချို့သော သူငယ်ချင်း မိတ်ဆွေ တချို့ဟာ လေဘေးသင့်နေတဲ့ ဧရာဝတီတိုင်းဘက်ကို ကိုယ်ပိုင်ကားတွေ တစီတတန်းနဲ့ picnic ထွက်သလို ထွက်နေကြတဲ့ သူတွေ ရှိလို့ပါ။ ပြီးတော့ သူတို့ ကြည့်ရတာ ဒုက္ခသည်တွေကို စာနာတာထက် ခရီးထွက်ရတာကို ပိုပျော်နေကြတဲ့ပုံ ပေါက်နေကြပါတယ်။
ကျွန်တော်ဒီလိုပြောလို့ မင်းကကော ဧရာဝတီကို ဘယ်နှခေါက်ဆင်း ပြီးပြီလဲ လို့ မေးလိမ့်မယ်။ ဟုတ်ကဲ့ ကျွန်တော် အကြောင်းကြောင်းကြောင့် လူအားဖြင့် မလိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့် နည်းကျွန်တော့်ဟန်နဲ့ သွားလှူတဲ့ လူတွေကို တနိုင်တပိုင် လှူနေတာတွေတော့ လုပ်ပါတယ်။ အဲ့ဒိက ပြန်လာတဲ့ လူတွေကိုယ်တိုင် ဒီလို ပြောတာကို ကြုံဖူးပါတယ်။
"ငါတို့ ကားပေါ်ကနေ မုန့်တွေ လှမ်းကျဲတော့ လူတွေ လူတွေ မှ အများကြီး ၀ိုင်းလုကောက် နေကြတာ တော်တော် ပျော်ဖို့ ကောင်းတယ်"
လို့ဝမ်းနည်းဖွယ် ရာ စကားကို မြိန်ရည်ယှက်ရည် ပြောပြတယ်။ ကဲ စဉ်းစားသာ ကြည့်ပေတော့ဗျာ။ ဒါဟာ ကယ်ဆယ်နေတာနဲ့ မတူတော့ပါဘူး။ အခု ဧရာဝတီတိုင်းမှာ တကယ့် အကြီးအကျယ်လှူနေတဲ့ လူတွေနဲ့ တနိုင်တပိုင် စေတနာ အပြည့်နဲ့ လှူဒါန်းနေတဲ့ သူတွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒိကြားထဲမှာ လောက်လောက်လားလား လဲ မဟုတ်ပဲနဲ့ ကားတွေပေါ်ကနေ လမ်းဘေး တဘက်တချက်က လေဘေးသင့်သူတွေကို မုန့်တွေ ပစ်ချပေးနေတဲ့ သူတွေရှိပါတယ်။ စဉ်းစားကြည့် ကြပါအုံးဗျာ။ ခင်ဗျားတို့ လှူတဲ့ သူတွေဟာ တိရိစ္ဆာန် ရုံက အဟိတ် တိရိစ္ဆာန်တွေလား။ လေဘေးဒဏ်သင့် နေတဲ့ ကျွန်တော်တို့ လူမျိုးတွေ ဆိုတာ မမေ့ပါနဲ့။ စားစရာ ပစ်ကျွေးတယ်ဆိုတာ တော်တော် အရုပ်ဆိုးတဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဒီလို စည်းကမ်းမဲ့သူတွေကြောင့် အကျင့်ဖြစ်သွားတဲ့ သာဓက တွေရှိပါတယ်။ ဟိုးအရင် သာမည တောင်မှာ စည်ကား စဉ်တုန်းက အဲ့ဒိကို သွားတဲ့ ကားတွေဟာ လမ်းဘေး တဘက်တချက်မှာ သူ့ဟာသူ သွားလာနေတဲ့ ကရင်ကလေး လေးတွေကို မုန့်ဖိုး အဖြစ် ပိုက်ဆံတွေ ပစ်ချပေးကြပါတယ်။ ပထမတော့ တယောက်စ နှစ်ယောက်စ ပေါ့။ နောက်တော့ ဒီလို ပစ်ပေးတဲ့ သူတွေ (အကျင့်ဖျက်သူတွေ) များလာတော့ သာမညကို လာတဲ့ ကားမှန်သမျှ ကလေးတွေက တဟေးဟေးနဲ့ ပိုက်ဆံ လိုက်တောင်း တော့တာပါပဲ။ ဘယ်လောက် ရင်နင့်ဖို့ ကောင်းလဲဗျာ။ ဒါဟာ ပေးကမ်းသူရဲ့ စည်းကမ်းမဲ့ လုပ်ရပ်ကြောင့်ပါ။
ပြီးတော့ ဒါမျိုး အလုအယက် ကောက်ကြတဲ့ မြင်ကွင်းကို တခြား တိုင်းတပါးသား တွေ့ရင် ကျွန်တော်တို့ လူမျိုးတွေကို ဘယ်လိုမြင်မလဲ။ ကိုယ့်လူမျိုး ရဲ့ ဂုဏ်သိက္ခာကို ကိုယ် ပြန်နှိမ့်ချနေတာပါပဲ။ ကိုယ့်လူမျိုး ကို စော်ကားလိုက်တာ ပါပဲ။ ကျေးဇူးပြုပြီး မိမိကိုယ်ကို မိမိ ပြန်မေးကြည့်ပါ။ ပျော်လို့လုပ်နေတာလား တကယ်ကူညီချင်လို့လား ဆိုတာ။ တကယ့်သနားစရာ လေဘေးဒဏ်သင့် ပြည်သူတွေ ကို စာနာ ထောက်ထားပါ၊ ။ စည်းကမ်းတကျနဲ့ စုပေါင်းအားပေးကူညီ ကြပါ ခင်ဗျာ။ မိမိ စိတ်ပျော်ရွှင်ဖို့ သက်သက်အတွက် ဆိုရင်တော့ ဧရာဝတီတိုင်းကို မသွားမိပါစေနဲ့ လို့ အထူး အသိပေးပါရစေ။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
June 2, 2008 at 9:53 AM
အဆိုပြုချက်ကို ထောက်ခံပါတယ် သူငယ်ချင်းရေ့ လူတွေ စုပြုံပြီး လုနေတာ ကြည့်ရတော့ ရုပ်ပျက်ဆင်းပျက်နဲ့  ကြည့်ရတာတော်တော်ဆိုးတယ် စိတ်လည်းမကောင်းဘူးး ။