Posted in Labels: Why do I blog? | Friday, August 31, 2007
Posted in Labels: အတိုအထွာ | Thursday, August 30, 2007
Posted in Labels: poem | Wednesday, August 29, 2007
ကောင်မလေးရေ...
မနှစ်သိမ့်ပါနဲ့
ငါဟာ တာဝန်မဲ့သူတစ်ယောက်ပါ။
ငါရဲ့ ရင်ခုန်ခဲ့ခြင်းတွေ
ပြန်လည် သိမ်းယူခွင့်ပြုပါ....
ငါဟာ မချစ် တတ်သေးတဲ့
ခပ်ကြမ်းကြမ်း သက္ကာယကောင်စစ်စစ်ပါ။
ဝမ်းမနည်းနေပါနဲ့
ကောင်မလေးရေ....
ငါ့ကို နာကျည်းပစ်လိုက်စမ်းပါ...
ငါဟာ မထိုက်တန်တဲ့ ခပ်ချောင်ချောင်ကောင်ပဲ...
ငါ့ပင်လယ် တစ်ခုလုံး
ခန်းခြောက်သွားအောင် မင်းစိတ်ကြိုက်
မီးတင်ရှို့လိုက်စမ်းပါ။
ကျေးဇူးပြု၍ ကောင်မလေးရေ....
ငါ့ကို မုန်းမေ့ပစ်လိုက်ပါတော့....
Posted in Labels: poem | Monday, August 27, 2007
ဟိုနားဒီနား၊ သွားပါညားလျှင်
ဟိုရင်ကလို၊ ဘတ်စ်ကားကိုပဲ
ထည်လဲမခင်၊ ဆင်ခြင်စဉ်းစား
ချင့်သွားလိမ့်လေ၊ ချိုးခြံချွေတာ
လူ့ချမ်းသာများ၊ ရေသောက်ဗိုက်ကား
လမ်းလျှောက်သွားမည်။
ကျန်းမာရေးလဲ ညီလိမ့်မည်တည့်။
Posted in Labels: Short Story | Sunday, August 26, 2007
Posted in Labels: poem | Saturday, August 25, 2007
သူငယ်ချင်းရေ…
ငါတို့ ရဲ့ နေ့တွေ
နေမသာတာ ကြာခဲ့ပြီ….
နေ့ခင်းကြောင်တောင်
မက်တဲ့ အိပ်မက်လိုပဲ
ငါတို့ ရဲ့ ရာသီဥတုတွေက
ေ၀၀ါးလွန်းတယ်….
ငါတို့ရဲ့ တေးသွားတွေ နဲ့
ကြူးရင့်သင့်ချိန်တန်ခဲ့ပြီလေ။
သူငယ်ချင်းရေ….
ရိုင်းစိုင်းတဲ့ မြစ်တစ်စင်းဟာ
ငါတို့ ပင်လယ်ကို ဘယ်လိုမှ
ထိခိုက်စေမှာ မဟုတ်ဘူး။
စိတ်ရှိလက်ရှိ ရွာချပစ်စမ်းပါစေ။
မင်းမမေ့ပါနဲ့ ငါတို့ဟာ ညီညာ ခိုင်ခံ့တဲ့
တောင်တန်းတွေလဲ ဖြစ်တယ်ဆိုတာကိုပေါ့။
သူငယ်ချင်းရေ…
ညဆိုတာ ကြာကြာမမှောင်နိုင်ပါဘူး
မကြာခင် ငါတို့ လင်းအာရုံတွေ
စည်ဝေလာတော့မယ်။
ငါတို့ နှလုံးသား နဲ့ တီးခတ်မယ့်
ဗုံသံတွေ မကြာခင် ညံနေတော့မယ်။
သူငယ်ချင်းရေ နားစွင့်ထားပေတော့
Posted in Labels: အတိုအထွာ | Sunday, August 19, 2007
ကျွန်တော် အိမ်က ဂစ်တာ လေးနဲ့ မတတ်တခေါက် စပ်ထားတဲ့ သီချင်းလေးပါ။ ကျွန်တော် ဂစ်တာကို အကျွမ်းကျင် ကြီး မတီးတတ်ပါဘူး။ အကွက်ကြီးတွေလဲ မကိုင်တတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ကြိုးစားသီကုံးထားတဲ့ သီချင်းလေးပါ။ သီချင်းကို ဘယ်လို ခေါင်းစဉ်တပ်ရမလဲ တောင်မသိဘူး။ လောလောဆယ်တော့ “နယ်ခြားမဲ့ ရပ်ဝန်း” ဒါမှမဟုတ် “အဖြူရောင် ရပ်ဝန်း” “ဘလော့ရပ်ဝန်း” ဒါပေမယ့် အဖြူရောင်တော့ မဟုတ်ဘူးထင်တယ်နော်။ သိတော့ဘူးဗျာ ဘယ်လိုပေးရမှန်း သိတော့ဘူး။ ဘလော့ဂါရပ်ဝန်းလေးကို ဆိုလိုချင်တာပါ။
Posted in Labels: poem | Saturday, August 18, 2007
Posted in Labels: Reference, Thought | Saturday, August 18, 2007
ကျွန်တော်က စာအုပ်ဖတ်ရင်း အဲဒိစာအုပ်ထဲက ကြိုက်တဲ့ အယူအဆလေးတွေဆို ရင် တခါတရံ မျဉ်းတားခြင်း၊ မှတ်စုစာအုပ်မှာ မှတ်ခြင်းတွေကို လုပ်လေ့ရှိပါတယ်။ အဲဒိတော့ ကျွန်တော့် ဖတ်ဖူးသမျှထဲ က ကောင်းနိုးနိုးရာရာ လေးတွေကို ဘလော့ဂ်ပေါ်မှာ အလျဉ်းသင့်သလို ဖော်ပြပေးသွားမှာပါ။ တချို့စာအုပ်ထဲက မှတ်ချက်များကတော့ စာဖတ်သူတွေလဲ သိကြမှာပါ။ ဒီတပတ်တော့ ဆရာမင်းသိင်္ခ ရေးတဲ့ ဖီလိုဆိုဖာ ဦးမြသာစာအုပ်ထဲက ကျွန်တော်ကြိုက်တဲ့ ကောက်နှုတ်ချက်လေးတွေဖော်ပြချင်ပါတယ်။
“ဂုဏ်သိက္ခာဆိုတာ အမှန်ကို ၀န်မခံရဲတာကို ပြောတာလား။ တတ်ယောင်ကားနဲ့ ခပ်တည်တည် နေတာကို ဂုဏ်သိက္ခာလို့ ဆိုချင်တာလား။”
“အမှန်တရားမှာ ကျေးဇူးရှင်ဆိုတာ မရှိဘူး။ အမှန်တရားဟာ အမှန်တရားပဲဖြစ်တယ်။ ကျေးဇူးရှင်နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။”
“အမှန်တရားမှာ ယဉ်ကျေးမှု မရှိဘူး အမှန်တရားမှာ ယဉ်ကျေးမှုမရှိဘူး။”
“ဤလောက ၌ ကြောက်ခြင်းထက် ကြောက်စရာကောင်းသော အရာမရှိ။”
“ချစ်ခြင်း မေတ္တာဟာ အရေအတွက် မဟုတ်ဘူး။
အရည်အချင်းဖြစ်တယ်။”
“ဟိုဟာ နည်းနည်းသိ၊ ဒီဟာနည်းနည်းသိ
ဆိုရင် ဘာမှ အလုပ်မဖြစ်မှာ မဟုတ်ဘူး။
ကိုယ့်ကိုကိုယ် သိပ်သိသူလို့ အောက်မေ့ပြီး
ဘ၀င်မြင့်သည်က လွဲလို့ ဘာမှ မဖြစ်နိုင်ဘူး။”
“ဘယ်လူက ဘယ်လိုဆိုတယ် ဘယ်ဖီလိုဆိုဖာက
ဘယ်လိုမိန့်တယ် ဒါပဲပြောနေတာ
အမှန်က သူဘာမှ မသိဘူး။”
“ကိုယ့် ဂုဏ်သိက္ခာကိုလည်း
ကိုယ်ထိန်းသိမ်းရမယ်။
သူတစ်ပါးဂုဏ်သိက္ခာကို လည်း
ထိန်းသိမ်းရမယ်”
“ကိုယ့်ကိုကိုယ် မလိမ်ကြနဲ့”
“အပြုအမူဆိုတာ သဘာဝ
သဘာဝဆိုတာ လိုအပ်ချက်”
“သဘာဝ တရားဟူ၍ သီးခြားမရှိ
ကျွန်ုပ်သည်ပင် သဘာဝတရား ဖြစ်လေ၏။
အမှန်ဟူ ၍ သီးခြားမရှိ။
ကျွန်ုပ်သည်ပင် အမှန်ဖြစ်လေ၏။
အမှားဟူ ၍ သီးခြားမရှိ
ကျွန်ုပ်သည်ပင် အမှားဖြစ်လေ၏။”
“အတွေးအခေါ် ဆင်းရဲသူများသည်
သေခြင်းတရားနှင့် ဘုမသိ ဘမသိ
ရင်ဆိုင်ရ၏။”
အဲဒိစာအုပ်ထဲက ကျွန်တော်နှစ်သက်သဘောကျတဲ့ ကောက်နှုတ်ချက်လေးတွေပါ။ စာအုပ်ရဲ့ နောက်ကျောမှာလဲ အဲဒိလို ကောက်နှုတ်ချကလေးတွေပါပါတယ်။ ဒါပေမယ့် ဒီကောက်နှုတ်ချက်များဟာ ကျွန်တော့် အကြိုက်လေးတွေ ကိုယ့်ဘာကိုယ် ဆွဲထုတ်ထားခြင်းဖြစ်တဲ့ အတွက် စာအုပ်နောက်ကျောက သူ့ကောက်နှုတ်ချက်လေးတွေ နဲ့ တူမှာ မဟုတ်ပါဘူး။ တချို့ဟာ လေးတွေလဲ တူချင်တူပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော့ ပို့စ်လေးတွေကို ဖတ်ပြီး တခုခု ရသွားတယ် ဆိုရင် ကျွန်တော် ရေးရကျိုးနပ်ပါပြီ။
Posted in Labels: Thought | Saturday, August 18, 2007
Posted in Labels: poem | Thursday, August 09, 2007
အပြာနုရောင် ခန်းမကျယ်ထဲ...
ဝံကြွားမှုတွေနဲ့ဝေလျှံနေတယ်...။
ဇောက်ထိုးဆွဲခံထားရတဲ့ ပူဖောင်းတွေက..
အထက်စီးကနေ..
သရော်သလိုလို ငုံ့ကြည့်နေကြရဲ့...
အရောင်အသွေးစုံ.. မျက်နှာဖုံးစွပ်လူတွေက
ကိုယ့်နေရာကိုယ် ထိုင်ပြီး... မျက်လုံးတွေက
မှိုချိုးမျှစ်ချိုးကြည့်နေကြတယ်။
နံရံကပ်နာရီကြီးက လက်တံကို ဆွဲထုတ်လိုက်ပြီး
အချိန်=ကုန်ကျစရိတ် လို့ အချက်ပေးနေတယ်။
ဗလုံးပထွေး ဆုတောင်းမှုတွေနဲ့
တံဆိပ်ကပ်... အပြုံးတွေကို ဖောဖောသီသီ
ထုတ်သုံးကြတယ်။
ဝီခေါ်အောင် ကျေှးဇူးတင်နေကြပြီး...
ဝီခေါ်အောင် ပြန်နေကြတဲ့....
အဲဒိလူတွေရဲ့ အိပ်ကပ်တွေထဲ
(ခိုးဝှက်သွားကြတဲ့)
အိပ်မက်ဆိုး တချို့ အမှတ်တမဲ့ တွေ့လိုက်ရခဲ့....။
Posted in Labels: Technology | Thursday, August 09, 2007
ကျွန်တော့် စက်မှာ အရင်က Norton နဲ့ AVG တွဲတင်ထားတယ်။ နေ့တိုင်းလိုလို စက်ဖွင့်တိုင်း ပထမဆုံး လုပ်တာက scan computer ပဲ။ ဒါပေမယ့် ကျွန်တော့် memory က သိပ်မရှိတော့ တော်တော် လေး လေးသွားတယ်ဗျာ
Posted in Labels: News | Wednesday, August 08, 2007
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မီတင်း ဆုံးဖြတ်ချက်အရ Myanmar Bloggers Society ရဲ့ လိုဂိုနဲ့ ဆောင်ပုဒ်ကို vote ပေးပြီး ရွေးချယ်ပါမယ်။
Myanmar Bloggers Society အတွက် လိုဂိုနဲ့ ဆောင်ပုဒ်ကို ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မြန်မာဘလော့ဂါတွေအားလုံး ကိုယ်တိုင် ပါဝင်ရေးဆွဲရွေးချယ်နိုင်ပါပြီ …။
လာမယ့် တနင်္ဂနွေနေ့ (၁၂.၀၈.၂၀၀၇) မှာ MBS (Myanmar Bloggers Society) အတွက် လိုဂိုနဲ့ဆောင်ပုဒ်ကို vote ကောက်ပြီး အပြီးသတ်ရွေးချယ်ပါမယ်။
ဒီနေ့ကနေစလို့ သောကြာနေ့ည ၁၂ နာရီ (မြန်မာအချိန်) အထိ မည်သူမဆို မိမိကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကိုဆွဲပြီး ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များနဲ့အတူ www.myanmarbloggers.co.nr ဆိုတဲ့ ဖိုရမ်မှာတင်ပြီးတော့ဖြစ်စေ၊ nayphonelatt@gmail.com ကိုပို့ပြီးတော့ဖြစ်စေ ပါဝင်နိုင်ပါတယ်။ တစ်ဦးလျှင်စိတ်တိုင်းကျတစ်ပုံပဲ ပါဝင်ဖို့ မေတ္တာရပ်ခံပါတယ်။ ကြာသပတေးနေ့မှာတော့ လက်ခံရရှိသမျှလိုဂိုတွေကို အဓိပ္ပါယ်ဖွင့်ဆိုချက်တွေနဲ့တကွ
www.nayphonelatt.blogspot.com မှာတင်ပေးထားမှာဖြစ်ပြီး အဲဒီ့မှာပဲ တစ်ခါတည်း vote လုပ်လို့ရအောင် စီစဉ်ပေးသွားပါမယ်။ vote လုပ်ဖို့အချိန်ကာလကတော့ ကြာသပတေးနေ့နံနက် ကနေ တနင်္ဂနွေနေ့ည အထိ ၄ရက်ဖြစ်ပါတယ်။ တနင်္လာနေ့မှာတော့ vote အများဆုံးရတဲ့ လိုဂိုကိုရွေးချယ်သွားမှာဖြစ်ပါတယ်။
ဆောင်ပုဒ်ကိုလဲ အတူတကွပူးတွဲတင်ပြနိုင်ပါတယ်။ ဆောင်ပုဒ်ကိုလဲ အဲဒီ့ပုံစံအတိုင်းလုပ်သွားပါမယ်။
(ဒီပို့စ်ကို ကိုနေဘုန်းလတ် ဘလော့ဂ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။)
Posted in | Wednesday, August 08, 2007
ကျွန်တော့်ဘလော့ဂ်လေးကို ဒီနေ့ အားယားနေတာနဲ့ တခြားဘလော့ဂ်လေးတွေလို ဟိုပြင် ဒီပြင်လုပ်လိုက်တယ်။
ပထမဆုံး စေတန်ဂေါ့တ် လမ်းညွှန်စာအုပ်ကို ဒေါင်းလုပ်လုပ်ပြီး user online ဆိုတာကို အရင် လုပ်တယ်။ ပြီးတော့ ဆီဗုံးလေးကို နောက်ခံပုံပြင်တယ်။ peek-a-boo ကို ကိုရန်ဆီကကော စေတန်ဂေါ့တ်ဆီကကော ကြည့်ပြီး လုပ်လိုက်တယ်လေ။ မဆိုးဘူး အတောင် အလက်တော့ နဲနဲ စုံသွားပြီ။ music player တော့ ထည့်ဖို့ မထည့်ဖို့ စဉ်းစားလိုက်အုံးမယ်။ လောလောဆယ် မထည့်ဖို့ ဆုံးဖြတ်ထားတယ်။ ဘာလို့လဲ ဆိုတော့ ကြည့်တဲ့သူ က သီချင်းပါတဲ့ ဘလော့ဂ် ၂ခု ပြိုင်ဖွင့်ထားရင် အဆိုတော်တွေ ၀ိုင်းအော်နေကြမှာစိုးလို့။ recent comment တော့ မလုပ်ဖြစ်သေးဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော့် ဆီကို ကောမန့်လာရေးတဲ့ သူသိပ်မရှိသေးလို့။ ဆီဗုံးနဲ့ ပဲအော်ကြသေးတာကိုး။ အင်းဘာထပ်ထည့်ရင်ကောင်းမလဲ။ ဘလော့ဂ်တွေဆီ ထပ်မွှေလိုက်အုံးမယ်။ ကိုရန်နဲ့ ကိုစေတန်ဂေါ့တ်ရေ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
Posted in Labels: memories | Wednesday, August 08, 2007
“လယ်ဗယ် ၃၀ ရှုံးဆိုတော့ မဆိုးဘူးကွ”
“ဘာရယ်”
“စပါးနဲ့ အာကြီးပွဲလေ ဒီနေ့ရှိတယ်ကွ”
“ဘယ်က အာကြီးလဲ သူက တုတ်ထိုးရောင်းတာလား”
“ဟိုက်”
ကျွန်တော် ဘောလုံးပွဲတော့ အနည်းငယ် စိတ်ဝင်စားသဖြင့် ချစ်ညီခေါ်ရာ ဘောလုံးပွဲ ရုံများသို့ သွားကြည့်ဖြစ်ပါသည်။ အမယ် ဒီကောင်လောင်းရင်တောင် ထည့်လောင်းကြည့်သေးသည်။ ပထမ နိုင်ပါသည်။ beginner luck ဖြစ်လိမ့်မည်ထင်သည်။ နောက်တော့ ခွက်ခွက်လန်အောင် ရှုံးလာပါသည်။ တော်ပြီကွာ ငါမလောင်း တော့ဘူး၊ ဒါပေမယ့် ဘောလုံးပွဲတော့ လိုက်ကြည့်မယ် ဟု (အမှန်က ပိုက်ပိုက် လဲ ပြတ်နေတုန်းမို့) ပြောပြီး EPL ဘောလုံးပွဲများကို ကြည့်ရင်း နှင့်စွဲသွားပါတော့သည်။ အာကြီးလဲ သိလာပါသည်။ မန်ယူလဲ သိလာသည်။ ထိုမှ ကျော်လွန် ပြီး အေစီ၊ ဂျူဗင်၊ ဘာကာ စသည်တို့ သိလာသည်။ EPL ဘောလုံးပွဲ များသည် အများအားဖြင့် (အလွန်ဆုံး) ၁၁နာရီ ထိသာကန်ကြသည်။ စနေ၊ တနင်္ဂနွေ အိမ်မပြန်ဖြစ်သော နေ့များတွင် ချစ်ညီ နှင့် လိုက်ကြည့်ဖြစ်သည်။ တခါ ဖြစ်ချင်တော့ ချန်ပီယံလိဂ် ရာသီနှင့် ကြုံကြိုက်လာ၏။ အမှန်အတိုင်း ၀န်ခံရလျှင် ကျွန်တော်သည် အအိပ်မက်သော သူဖြစ်ပြီး အိပ်ရေးပျက် မခံနိုင်သူ ဖြစ်၏။ အဲဒိနေ့က ချန်ပီယံလိဂ်ပွဲက မန်ယူ နဲ့ ဘာနဲ့လဲမမှတ်မိတော့ပါဘူး။ ၁း၃၀ ပွဲကြည့်ဖို့ ကျွန်တော့်နဲ့ ချစ်ညီတို့ ဘိလိယက် ထိုးရင်း စောင့်ကြသည်။ ဘိလိယက် အထိုးကောင်းနေတာနဲ့ ဘောလုံးပွဲ အမှီ ဘောပွဲရုံကို အမှီပြေးရသည်။ ပွဲကစနေပြီမှတ်လား။ တရုံလုံး ကြည့်လိုက်တော့ ကျွန်တော်တို့ ကျောင်းသားတွေ ချည်းပဲ။ ကိုယ်က နည်းနည်းနောက်ကျ သွားတာမို့ နောက်ဆုံး ခုံတန်းလျားလေးမှာပဲ နေရာရတယ်။ ချစ်ညီက တီဗွီနဲ့ နီးတဲ့ နေရာကို ခုံယူပြီး သွားထိုင်တော့ လွတ်လွတ်လပ်လပ်ပဲ ကျွန်တော်က ခြေဆန့် လက်ဆန့်ကြည့်တာပေါ့။ ကြည့်ရင်းကြည့်ရင်း ပထမ ခြေဆန့်ပြီး ကြည့်တယ်။ နောက်တော့ လက်တန်းလေးပေါ် ခေါင်းလေး တင်ပြီး ကြည့်တယ်။ နောက်တော့ ဘယ်လိုဘယ်လို အိပ်ပျော်သွားမှန်းမသိပဲ အိပ်ပျော်သွားသည်။
ခဏကြာတော့
“ဟေ့ကောင် ထထ အိပ်ချင်ရင် အဆောင်ပြန်အိပ်တော့ကွာ”
ချစ်ညီနှင့် ကျွန်တော့် သူငယ်ချင်းများက အတင်းလာနှိုးကြသည်။
ပြီးတော့ အိပ်မှုံစုံမွှားနှင့် ကျွန်တော့်ကို အားလုံး ၀ိုင်းရီကြသည်။ ကျွန်တော်က အူကြောင်ကြောင် နှင့်
“ဘာလို့ ရီနေကြတာလဲ”
“ဟား ဟား ဟား ရီမှာပေါ့ကွ။ မင်းဟောက်နေတာ တရုံလုံး မင်းအသံကြီးပဲ။ ငါတို့က ရင်တထိတ်ထိတ်နဲ့ ပွဲကို စိတ်ဝင်တစား ကြည့်လို့ကောင်းနေ မင်းက နောက်ကနေ အသံဗြဲကြီးနဲ့ ဟောက်လို့ ဟိန်းနေတာပဲ”
အဲလိုပြောတော့ ကျွန်တော် ရှက်သွားမယ် ထင်လား( အဟီးနိုးပဲ) ခပ်တည်တည်နဲ့ ပြန်ဟောက်နေလိုက်တယ်။ မှတ်ကရော။ နောက်နေ့မှာ နာမည်ကို ကြီးလို့ “ဟောက်ကြီး” ဆိုပြီးတော့လေ။
(ကျွန်တော် ကျောင်းတက်တုန်းက အမှတ်တရလေးတွေကို အလွမ်းပြေ အလျင်းသင့် သလိုပြန်လည် ရေးသားပါ့မယ်)
Posted in Labels: poem | Monday, August 06, 2007
မှုန်ရီရစ်ဝိုင်းနေတဲ့ ပန်းနုရောင်
မနက်ခင်းတခုမှာ...
အလင်းဖျော့ဖျော့တွေ ၀တ်ဆင်ပြီး..
ငါ့နန်းတော် တံခါးကို လာခေါက်ခဲ့တယ်...။
ဘာအရောင်မှ စွက်ဖက်မထားတဲ့
မင်းရဲ့ မျက်ဝန်းနက်တွေက
ငါ့ဣဒြေ္နတွေကို
လွင့်ပါးသွားစေခဲ့ပေါ့။
ညက်ညောအိစက်တဲ့
စကားသံလေး...
ငါအမှတ်တမဲ့
ကြားလိုက်တဲ့အခါ...
ငါသိတဲ့ ကမ္ဘာကြီးဟာ...
သေးကျုံ့ငယ်သွားရပေါ့....
အို...မိန်းကလေးရယ်..
ငါဟာ..ရူးသွပ်သွားသူတစ်ယောက်ပါ..။
ငါ့ပလ္လင်၊ ငါ့ထီးနန်း
မင်းအလိုရှိရာ ယူဆောင်ပါတော့...။
လှိုင်းတံပိုးတွေ ထန်နေတဲ့....
ငါ့ဂယက်သံတွေ.....
ငါပြန်ကြားရတယ်။
ငါ့ဆန္ဒတွေ အလျောက်
ငါဒူးထောက်ခဲ့တယ်...။
ရှုံ့ချ အပြစ်တင်မှုတွေ အတွက်
ငါဆွံ့အသွားပြီလေ။
ဘာပဲဖြစ်ဖြစ်...
မင်းရဲ့ အရှေ့မှာ ခစား
သခင့်စေရာ
ပြုလုပ်ရမယ့်
ကိုယ်ရံတော် ကျေးကျွန်ဘ၀လေးကိုပဲ
ငါ ငတ်မွတ်စွာ တ၀ကြီး ကျေနပ် ပစ်....လိုက်.....တော့မယ်....။
Posted in | Monday, August 06, 2007
၁။ စပွန်ဆာ မမယ်လိုဒီမောင်၊ ဘာညာ နှင့် ပင့်ဂိုး မှတာဝန်ယူမည်။
၂။ Logo နှင့် ဆောင်ပုဒ် အား ကြာသပတေးနေ့နောက်ဆုံးထား၍ nayphonelatt@gmail.com အား မိမိအကြိုက်ဆုံးလိုဂိုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အား ပေးပို့ရန် ..
သောကြာနေ့နှင့် စနေနေ့များတွင် ကိုနေဘုန်းလတ်၏ http://nayphonelatt.blogspot.com/ တွင် Vote လုပ်သွားမည်ဖြစ်ပါသည်။ Vote အား တနင်္ဂနွေနေ့ အစည်းအဝေး မစခင်အချိန်ထိသာ ရွေးချယ်သွားမည်ဖြစ်ပါသည်။
၃။ စားသောက်ဧည့်ခံကျွေးမွေးရေးနှင့် ကြိုဆိုနေရာချထားရေး အတွက် .. ကိုဘလာဂေါက်၊ ကိုဆူးရဲ၊ ကိုမင်းယွန်းသစ်၊ ကိုတေဇာ၊ မောင်ဂျက်၊ ကိုမိုးလှိုင်ည၊ မမဒီဂျွန်၊ ကိုသန့်ဇော်မင်း၊ ကိုရွှေမြတ်၊ မစိတ်ကူးတို့မှ ၀ိုင်းဝန်းကူညီကြမည်ဖြစ်ပါသည်။
၎။ ဖိတ်စာ, Flyers, Booklet, စတေကာ, ကြော်ငြာ, Vinyl
ဖိတ်စာများအား ကိုစိုးဇေယျမှ အစအဆုံးတာဝန်ယူမည်ဖြစ်ပါသည်။
ဖိတ်စာ, Flyers, စတေကာ, ကြော်ငြာ, Vinyl တို့အား ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ် နှင့် ကိုဖြိုးတို့မှ ပူးပေါင်း၍ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Booket အား ကိုစေတန်ဂေါ့ထ်၊ ကိုစိုးဇေယျ၊ ကိုမျက်လုံးတို့မှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၅။ ဟောပြောမည့်သူများ အတိအကျသတ်မှတ်ရန် - ကိုနေဘုန်းလတ်၊ ကိုစေတန်ဂေါ့ထ်၊ ကိုမျက်လုံး၊ မဘာညာ နှင့် မမယ်လိုဒီမောင်
၆။ ပါဝင်ဆောင်ရွက်နေကြသော ဘလော့ဂါများမှ ၀တ်စုံအား တူညီတီရှပ်များ ၀တ်ဆင်ကြမည်ဖြစ်ပါသည်။
၇။ Power Point များအား မဘာညာထံတွင် ညှိနှိုင်းဆောင်ရွက်ကြရန် ..
၈။ စာနယ်ဇင်းရှင်းလင်းပွဲအား သြဂုတ်လ (၁၇) ရက်နေ့တွင် Mr.Brown တွင် နေ့လည် (၂) နာရီတွင် ပြုလုပ်မည်ဖြစ်ပါသည်။ Organizar များဖြစ်ကြသော ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျတိုမှ တွေ့ဆုံရှင်းလင်းမည်ဖြစ်ပါသည်။
၉။ ရန်ကုန်ပြင်ပမှ ဘလော့ဂါများအား ဖိတ်ကြားခြင်း Organizer များမှ ရန်ကုန်ပြင်ပမှ အပြည်ပြည်ဆိုင်ရာ မြန်မာဘလော့ဂါများအား တာဝန်ယူဖိတ်ကြားသွားမည်ဖြစ်ပါသည်။
အစည်းအဝေးတက်ရောက်ကြသူများမှာ -
ကိုဘလာဂေါက်၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုတက်စလာ၊ ကိုသန့်ဇော်မင်း၊ ကိုစေတန်ဂေါ့ထ်၊ ကိုမင်းယွန်းသစ်၊ ကိုရွှေမြတ်၊ ကိုမိုးလှိုင်ည၊ ကိုဝေ၊ ကိုမျက်လုံး၊ ကိုတေဇာ၊ ကိုဆူးရဲ၊ ကိုထွန်းတောက်ဖြိုး၊ ကိုဖြိုး၊ ကိုမီထရို မမယ်လိုဒီမောင်၊ မဘာညာ၊ မမဒီဂျွန်၊ မစိတ်ကူး၊ မသိမ့်သိမ့်၊ မနှင်းမိုးဝေ စုစုပေါင်း (၂၃) ယောက် တက်ရောက်ခဲ့ကြပါသည်။
ဤပို့စ်ကို ကိုဖြိုး ဘလော့ဂ်မှကူးယူဖော်ပြပါသည်။
Posted in Labels: အတိုအထွာ | Saturday, August 04, 2007
Posted in Labels: အတိုအထွာ | Saturday, August 04, 2007
Posted in Labels: Short Story | Friday, August 03, 2007
ကျွန်တော့်ရဲ့ ဦးခေါင်းထက်ဆီက
ကောင်းကင်ကြီးကို မော့ကြည့်ရင်း
အိပ်မက်တွေ ဆိုးထားတဲ့
ကဗျာတစ်ပုဒ် ဖတ်မိရက်သားဖြစ်နေတယ်
စကားလုံးတွေ ထုံးမွှန်းမထားသော
ဗလာ…ကာရံ တစ်ပုဒ်ဟာ
ရင်ခုန်သံ မရင့်ကျက်သေးတဲ့
ကျွန်တော့်ကို ဆွဲငင်နေသလို
မထုံတက်တေး သနားစရာ သတ္တ၀ါ အဖြစ်
မှော်ဝင် မျက်လုံးတစ်စုံက
ဂရုဏာသက်စွာ ကြည့်နေပြန်တယ်…
ကြိုးမညှိထားသော ဗျတ်စောင်းသံနဲ့အတူ
ကစဥ့်ကလျား ကျွန်တော်က
အရူးအိပ်မက် မက်နေမိတယ်
တကယ်ကို ရယ်စရာကောင်းတဲ့ ကျွန်တော်ဟာ
အလိုက်ကန်းဆိုးမသိပဲ အပေါစား
ပြက်လုံးတစ်ပုဒ် သွားပြောနေလေရဲ့..။
မုတ်သုံလေသည် ပြတင်းတံခါးဝဆီမှ အခန်းထဲသို့ အသိမပေးဘဲ ဖြတ်တိုက်လေသည်။ မိုးရနံ့များပါသော လေပြေအေးလေးက တိတ်ဆိတ်နေသော စာသင်ခန်းမထဲကို ခေတ္တမျှ စိုစွတ်သွားစေ၏။ ဘယ်သူဖွင့်ထားမှန်း မသိတဲ့ပန်ကာတွေက ခန်းလုံးပြည့် အလိုက်ကန်းဆိုး မဲ့စွာ ၀ီခေါ်အောင် လည်ပတ်နေသည်။ အခန်းထဲရှိ ကျောင်းသားများက ဆရာပေးသော ပုစ္စာတစ်ပုဒ်တွက်ရင်း ဂဏန်းတွေနှင့် စီးဝင်မျောပါနေကြ၏။ ၀ိဉာဉ်ဖြူတွေနဲ့တူသော မီးချောင်းတွေက မျက်နှာကျက်ပေါ်မှာ တွဲလောင်းတွေ ချိတ်ဆွဲထား၏။
အခန်းရဲ့အရှေ့ဆုံးမှာ ရှိနေတဲ့ ဆရာသည် သင်ရိုးစာအုပ်တွေထဲက ပုစ္စာတချို့ကို လှန်လှောကြည့်နေသည်။ တခန်းလုံး ပုစ္စာများဆီ အာရုံဝင်နေသော်လည်း အခန်းရဲ့နံရံကို မှီ၍ ကျွန်တော်က တစုံတခုသို့ အာရုံရောက်နေ၏။ ကျွန်တော့်ရှေ့ စားပွဲခုံပေါ်မှ စာရွက်ဖြူပေါ်တွင် ယနေ့အတွက် မှတ်စုများကို လုံးဝမရေးခြစ်ရသေးပေ။ မြွေတစ်ကောင် ညှို့ချက်မိနေတဲ့ သားကောင်လို လှုပ်ရှားမှုကင်းမဲ့စွာ ကြိုတင်ညှိနှိုင်းမထားတဲ့ ရင်ခုန်သံတချို့ ခုန်ထွက်လာကြ၏။ တကယ့်ကို တဒင်္ဂပါပဲ။ ကျွန်တော် ခေတ္တသေဆုံးသွားတာလား။ အိပ်မက်ထဲကို ငိုက်မျဉ်းမိသွားတာ ကျွန်တော်ကိုယ်တိုင် နုံအနေဆဲ။
တကယ်တော့ သူမဟာ ကျွန်တော့်အတွက် လှပတဲ့ လူသတ္တ၀ါမလေး တစ်ယောက်ပါ။ မျက်လုံးတွေက ခွာမရအောင် သူမရဲ့ဘေးတိုက် အနေအထား မျက်နာလေးဆီမှာ ကပ်ညှိနေမိတယ်။ တိတ်ဆိတ်သွားတဲ့ အသံကင်းမဲ့မှုနဲ့ အတူ ကျွန်တော်နဲ့သူဟာ ကမ္ဘာ တစ်ခုထဲရောက်သွားသလိုပါပဲ။ အနွေးဓာတ်ပါတဲ့ ကျွန်တော့်ရဲ့ နှလုံးသားစီးကြောင်းတစ်ခု သူမထံသို့ ဖြတ်စီးသွားသဖြင့် သူမက ခေါင်းကိုအသာငဲ့ပြီး အကြည့်မြှားတစ်စင်း မထင်မှတ်ဘဲ ပစ်လွှတ်လိုက်၏။ သူမရဲ့ တိကျလှတဲ့ မြှားတစ်စင်းဟာ ကျွန်တော်၏ နှလုံးသားပစ်မှတ်ဆီသို့ တည့်မတ်စွာ စူးနစ်သွားလေသည်။ ကြိုတင်မပြင်ဆင်ထားသော ကျွန်တော်သည် တကိုယ်လုံးနားရွက်များထိ ပူခနဲ ဖြစ်သွားလေ၏။ အောင်မြင်သူ တစ်ယောက်၏ အပြုံးတစ်ခု သူမဆင်မြန်းပြလိုက်သည်။ ဒါဘာအပြုံးပါလိမ့်…။ အဓိပ္ပါယ်မသိသော အပြုံးတစ်ခုကို အဖြေရှာဖို့ ကျွန်တော့်ဉာဏ်မမီပါ။ မှော်ဆန်ဆန် သူမရဲ့အလှဟာ ရီဝေတဲ့ ကျွန်တော့်ကို သိစိတ်မဲ့စွာ စီးမျောနေစေတော့၏။ သူမက ထိုတချက်သာကြည့်ပြီး သူမရဲ့ပုစ္စာတွေဆီ ပြန်လည်ဝင်ရောက် သွားသည်။ ကျွန်တော်ရှုံးနိမ့်သွားပြီ။ တောင့်တမှုတွေ မပြည့်မစုံနဲ့ ကျွန်တော်ဟာ အဲဒီမြှားတန်းလန်းနဲ့ အလင်းအိပ်မက်တွေ မက်နေမိတယ်။ ကျွန်တော်ဟာ တကယ့်သောက်ရှုးတစ်ယောက်ပေါ့။ သူမက ခေါင်းကလေးငုံ့ထား၏။ ကျွန်တော်က လိုချင်သော အဖြေကိုချော့ပြီး တောင်းနေ၏။ တကယ်တော့ ဒီအဖြေကို ကျွန်တော်ကြိုသိပြီးသား။ သူမကမျက်လုံးတစ်ချက် ၀င့်လိုက်ပြန်သည်။ သူမထံမှ စကားလုံးလေးများ ထွက်ကျလာတော့မည်မှန်း ကျွန်တော် ခန့်မှန်းမိသည်။
“ချစ်ပါတယ်” ဟုပြုံးပြုံးလေးနှင့် ဖြေလိုက်၏။ ကျွန်တော်က သူ့လက်ကလေးကို ဆွဲယူလိုက်ပြီး သူမကို စေ့စေ့ကြည့်လိုက်သည်။ ကြည့်စမ်း သူမမျက်ဝန်းတွေမှာ အကြင်နာရိပ်တွေ ပါလား။ ထို့နောက်သူမနှင့် ကျွန်တော်သည် ရင်ခုန်သံတစ်ခုစာ ချစ်သူများဖြစ်သွားကြလေသည်။
ယနေ့အတွက် အတန်းချိန်ပြီးဆုံး၍ ကျောင်းသားများထပြန်ကုန်ကြသဖြင့် လေးပင်တွဲအိစွာ လွယ်အိတ်ကို လွယ်ပြီး အခန်းပြင်သို့ တိုးဝှေ့ လာ၏။ လူစီးကြောင်းကြီး အတိုင်း လိုက်ပါလာသည်။
သူမသည် ကျွန်တော်၊ ကျွန်တော်သည် သူမဖြစ်၍ ကျွန်တော်နှင့် သူမတို့သည် ခွဲခြားမရဘဲ သူမနှင့် ကျွန်တော်သည် ကျွန်တော်နှင့် သူမများ ဖြစ်ကြလေသည်။
မွန်းကြပ်နေသော ကောင်းညှင်းထုပ်ဆန်ဆန် အစာသွပ် ဘတ်စ်ကားကြီး ပေါ်၌ ချွေးများ သီးနေအောင် ပူလောင် သိပ်ညပ်လွန်းနေသည်။ စပယ်ယာက ကားခတောင်းနေသဖြင့် အိပ်ကပ်ထဲမှ တွေ့ရာ ပိုက်ဆံတစ်ရွက် ထုတ်ပေးလိုက်သည်။ ခဏအကြာမှာ လူအုပ်ကြားထဲမှ စပယ်ယာရဲ့ လက်တစ်ချောင်းဟာ အကြွေတစ်ချို့ ကိုင်ပြီး ကျွန်တော့်ကို လှမ်းပေးနေ၏။
နူးညံ့အိစက်လှတဲ့ ကောင်မလေးရဲ့ ပုခုံးထက်မှာ မှီရင်း သူရဲ့ ကိုယ်သင်းရနံ့လေးကို ခိုးပြီး ရူရိုက်နေမိတယ်။ ပိုက်ကွန်တစ်ခုလို ဆံပင်ကွေးကွေးလေးတွေက သူမကို ကျွန်တော် နှစ်သက်တဲ့ အချက်တစ်ချက်ပါပဲ။ တကယ့်ကို စိတ်ပျက်စရာ ဆံပင်ဖြောင့်ဖြောင့်နဲ့ ကောင်မလေးတွေထက် စာရင် ကျွန်တော့် ကောင်မလေးက အမြင်ဆန်းနေသလို ပဲလို့ ကိုယ့် ငါးချဉ် ကိုယ်ချဉ်နေမိတယ်။ သူမရဲ့ မျက်ဝန်းတွေက ၀ိုင်းစက်ရွှန်းလဲ့ပြီး သူမရဲ့ အကြည့်တွေအောက် ကျွန်တော် အကြိမ်ကြိမ် ဒူးထောက်ခဲ့ ဖူးပါတယ်။
ဘာမှမထူးဆန်းတဲ့ မနက်ခင်းဟောင်းတစ်ခု ကို ကျွန်တော် အိပ်မှုံစုံမွှား မျက်လုံးနဲ့ ကြည့်လိုက်သည်။ နေတောင် အတော် ပွင့်နေပြီပဲ။ ညက အစောကြီး အိပ်ထားတာတောင် ကျွန်တော့် မျက်လုံးတွေက အိပ်ရေးမ၀ သလို ဖြစ်နေတယ်။ ရေမိုးချိုးအ၀တ်အစားလဲပြီး အမေချက်ထားတဲ့ ထမင်းကြော်ကို ရေတခွက်နဲ့ အဆုံးသတ်လိုက်တယ်။ မနေ့က ပုံစံအတိုင်း အရာမယွင်းသေးတဲ့ လွယ်အိတ်ကို လွယ်ပြီး ကားဂိတ်ကို လမ်းလျှောက်ရ ၏။ ဟောဒိ မျှော်လင့်ချက် ကောင်းကင်ကြီးနဲ့ ကျွန်တော် မောလျစွာပဲ အချစ်တွေ လေချဉ်ပြန်တက်နေမိတယ်။
စိတ်ကူးယဉ်ဆန်လွန်းတဲ့ ကျွန်တော့် အဖြစ်က မနေ့က တွေမိတဲ့ မျက်ဝန်းတစ်စုံကို ကျောင်းခန်းထဲတွင် ငတ်မွတ်စွာ ရှာဖွေ နေမိတယ်။ တချိန်နောက်ကျသွားတဲ့ အတွက် တွေ့ တဲ့ နေရာမှာ ၀င်ထိုင်ရင်း တခန်းလုံးကို မငြိမ်သက်စွာ ကြည့်နေသည်။
“တကယ်တော့ သူမဟာ ကျွန်တော့်ရဲ့ ဘယ်ဘက်နံရိုး သက်သက်ရယ်ပါ”
ကျွန်တော့်ရဲ့ မနေ့ က တနေ့တာ တွေ့လိုက်ရတဲ့ အိပ်မက်ဆန်ဆန် ကောင်မလေး ဟာ ယနေ့ အားလပ်ချိန် နေ့တ၀က်ထိ ရောက်မလာသေးပါ။ ငွေ့ယဲ့ယဲ့ ရင်ခုန်သံဟာ ကလေးတစ်ယောက် ရဲ့ မိုးပျံပူဖောင်းလွှတ် လိုက်သလို ပေါ့ရွှတ်ရွတ်နိုင်လွန်းတယ်။ ကံဆိုးစွာပင် ကျွန်တော် စီရီထားသော စကားလုံးအိမ်များ ပြိုဖျက်ခံလိုက်ရသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့်ရဲ့ မနေ့က အပြာရောင် ကောင်မလေးသည် ဤကျောင်းကြီး သို့ နောက် ထပ်လာစရာမရှိတော့ ပဲ ကျောင်းပြောင်းသွားပြီ ဖြစ်ကြောင်း၊ မနေ့က နောက်ဆုံးအတန်းလာတက် ခြင်းဖြစ်ကြောင်း တစုံတယောက်ဆီက ကြားခဲ့ရ၏။ လေးပင်တွဲအိတဲ့ ကျွန်တော့် ခြေလှမ်းတွေက တွင်းနက်ထဲရောက်သလို စမ်းတ၀ါးဝါးနိုင်လွန်းတယ်။ အင်းယားလေ တချက်အဝှေ့မှာ ကျွန်တော့်ဆီမှ အပူဓာတ်များ အနည်းငယ် လွင့်စင်သွား၏။ သို့သော် သူမကို စွဲလမ်းသော အချစ်က ရှိတုန်းပါပဲ။ မဖြစ်နိုင်မှန်းဖြစ်ပေမယ့် ကျွန်တော်က အိပ်မက်ထဲ ပြန်လည်တိုးဝင်နေ မိတယ်။ အိပ်မက်ထဲမှာ သူမက ကျွန်တော့်ကို ဆောင်းရာသီဆန်ဆန် ပြုံးပြနေ၏။ ငြိမ်သက်စွာပဲ ကျွန်တော့်ရင်ဘတ်ကို ဖိထားလိုက်တယ်။ ဘာမှန်းမသိတဲ့ ဆို့နင့်မှုတွေက လည်ချောင်းဝမှာ တစ်လို့်နေတယ်။ တကယ်ပါဗျာ ကျွန်တော် ဟာ ကမ္ဘာပေါ်မှာ အတုံးဆုံးလူရယ်ပါ။
ဒုတိယပိုင်း(၁)
အိပ်မက်မက်နေရင်း တန်းလန်း လန့်နိုးသော အတွေ့အကြုံလူတိုင်းကြုံဖူး ကြလိမ့်မည်။ နိုးလာသောအခါ အိပ်မက်သည် အမှန်တကယ် မဟုတ်မှန်းသိလျှင် တချို့က ပျော်ရွှင်မိသည်။ တချို့က နှမြောတသ ဖြစ်ကြသည်။ ကျွန်တော် အိပ်မက်မက်နေမိတယ်။ တကယ်တော့ ကျွန်တော့် အိပ်မက်က ပြီးဆုံးသွားပြီလား။ မပြီးသေးဘူးလား။ ကျွန်တော်ကိုယ်တိုင် မသိပါဘူး။ ဟင့်အင်း ဒီအိပ်မက်မျိုးဘယ်တော့မှ ထပ်မမက်ချင်တော့ဘူး။ အဲဒိအိပ်မက်ကို မပျော်ရွှင် ပါဘူး။ နှမြောတသလည်း မဖြစ်မိဘူး။ ကျွန်တော် မလွမ်းလောက်ပါဘူးလို့ ကိုယ့်ကိုကို ချိုးနှိမ်လိုက်ရတယ်။
ဒုတိယပိုင်း(၂)
ရှည်းလျားလွန်းတဲ့ နွေရာသီ နေ့လည်ခင်းတွေကို မုန်းတယ်။ အမှောင်ကို မကြိုက်ပေမယ့် အဲဒီလို ရဲရဲတင်းတင်းကြီး လင်းနေတာထက်စာရင်တော့ အမှောင်ကို ပိုကြိုက်သလိုပါပဲ။ ကျွန်တော် မ၀ံ့ရဲတာလဲ ဖြစ်ကောင်းဖြစ်မယ်။ အခန်းထောင့်က ဂစ်တာဟောင်းတစ်လက်ကို ယူပြီး အက်ကြောင်းထပ်နေတဲ့ သီချင်းတစ်ပုဒ်ကို ညတိုင်း( ဒီလို အချိန်တိုင်း) ဘာကြောင့်မှန်းမသိ ကျွန်တော်တီးနေမိတယ်။ မှိုင်းညှို့ညှို့ ဆည်းဆာရောင် မပျက်တပျက်မှာ အူကြောင်ကြောင် အလွမ်းမျိုး ခင်ဗျားတို့ကော ခံစားဖူးကြလား။ တကယ့်ကို အူကြောင်ကြောင်နိုင်တဲ့ ခေါင်းစဉ်မဲ့ ဆွတ်ပျံ့မှုမျိုးပေါ့။
ဒုတိယပိုင်း(၃)
အာရုဏ်ဦး နေခြည်ရောင် ၏ မခို့တရို့ ဖြာကျ ချိန်ဝယ် ကျွန်တော် ကျောင်းကို ရောက်နှင့်နေ၏။ ခြေရာပေါင်းများစွာ ထင်ဟပ်နေသော အဓိပတိလမ်းသည် အဓိပတိဆန်စွာ လတ်ဆတ်နေသေးသည်။ ဘယ်နှစ်ခုမြောက်မှန်း မသိတဲ့ ခြေရာကို ထိုလမ်းပေါ်၌ ထပ်၍ ထင်ဟပ်စေပြန်သည်။ တစုံတယောက် ပုခုံးကို ဘေးတိုက်တိုက်မိသွားသော့ ကျွန်တော့် အတွေးတွေ ဖရိုဖရဲ ဖြစ်ကုန်၏။
“ဆောရီးနော်”
ပီကေ၀ါးရင်း ထိုကောင်မလေးက ပေစောင်းစောင်းနဲ့ တောင်းပန်သွား၏။ ပြီးတော့ သွားတက်ကလေးများ ပေါ်အောင်ပင် ရယ်ပြသွားသေးသည်။ အို သူမမျက်လုံးတွေက ရွှန်းစိုအိညက်လို့။ တိမ်တိုက်တစ်ခုလို လွင့်သွားလိုက်တာများ မျက်စိတဆုံးပါပဲ။ အစီအစဉ်တကျ မရှိတဲ့ ကျွန်တော့် နှလုံးခုန်သံတွေက ပရမ်းပတာဆန်လွန်းတယ်။ ဒီတစ်ခါလည်း ဘာအိပ်မက်ထပ် မက်ရဦးမှာလဲ။ လူသားဆန်တဲ့ ကျွန်တော့် ခြေထောက်တွေက အဲဒိပါးလျလျ တိမ်တိုက်လေးဆီ လိုက်မှန်းမသိ လိုက်နေမိတယ်။ အိုအေစစ်တခုစာ ရှိတဲ့ သူမဆီသို့ မကြေငြာဘဲ ကျွန်တော်ရဲ့ အချစ်မြှားတစ်စင်း ပစ်လွှတ်လိုက်တယ်။ တကယ့်ကို တိကျလွန်းတဲ့ မြှားချက်ဟာ သူမကို စူးဝင် ထိမှန်သွားလေ၏။ ထိုကောင်မလေးက ကျွန်တော့်ကိုရုတ်တရက် ကြည့်လိုက်သည်။ သူဘာမှ မပြင်ဆင်ရသေးခင် ကျွန်တော်က အ၀ါရောင် အပြုံးမျိုး ပြုံးပြလိုက်သည်။ သူတွေဝေသွားမှန်း ဒီက သိလိုက်ပါရဲ့။
********
အင်းယားဆန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ အဲဒိက စတာမှန်း အားလုံးလဲ ရိပ်မိကြမယ်ထင်ပါရဲ့။ ********
အရမ်းကို ချစ်စရာကောင်းတဲ့ အဲဒိကောင်မလေးဟာ ကျွန်တော့် အတွက် တော့ အရူးမလေးတစ်ယောက်ပါပဲ။
********
“ကိုယ်က ချစ်မိပြီ ဆိုမှတော့ ချစ်သူဆိုတာ ရေမချိုးပေမယ့်လည်း သန့်ရှင်းလှပနေမြဲ ပါပဲ။”
ပြီးပါပြီ။
မင်းယွန်းသစ်
Posted in Labels: poem | Thursday, August 02, 2007
မမေးနဲ့...
လူတကာ အကုန်သိ
ခပ်နုံနုံတစ်ကောင်ပါ...
တပြားမှ မရှိဘဲ
မဟားတယား လူတောတိုးခဲ့...
ပျားကောင်တွေ များလွန်းတဲ့
အဲဒိရပ်ဝန်းမှာ...
ငါဟာ ယင်ကောင်သက်သက်ပဲ...
ကိုယ့်ဘာသာကိုယ် ရယ်တာတောင်
ပေါတယ်လို့ ထင်တယ်....
ကိုယ့်အတိုင်းအထွာ..
ကိုယ်သာသိလို့...
ဘယ်သူမှ အသိမပေးပဲ
(ငါ့) မနက်ခင်းတွေ
ခေါက်သိမ်းပြီး...
ငါမြို့ ငါပြန်ခဲ့တယ်
မင်းယွန်းသစ်
Posted in Labels: အတိုအထွာ | Thursday, August 02, 2007
“ဖြောင်း...ဖြောင်း...ဖြောင်း”
“သူငယ်ချင်း မင်းဘာတွေလုပ်နေတာလဲ”
“ဖြောင်း....ဖြောင်း...ဖြောင်း”
“အချစ်တွေစွန်းလို့ ချွတ်နေတာ..”
“စင်သွားပြီလား”
“မစင်သေးပါဘူးကွာ...ဟင်မင်းတကိုယ်လုံးမှာလဲ အချစ်တွေ ပေကျံလို့ပါလား”
“အေးကွာ ငါလဲနှမြောပေမယ့် ဘယ်လိုမှ ချွတ်လို့ မရဘူးကွာ”
“ဟုတ်တယ် ခက်တာပဲ ဘာကြောင့်မှန်းမသိဘူး...အဲဒါက စွန်းပြီးသွားရင် ချွတ်လို့ မရတော့တာ စိုးတယ်ကွာ”
“..........”
Posted in Labels: အတိုအထွာ | Thursday, August 02, 2007
မှော်ဆရာရဲ့ ပန်းသီး ၂ လုံးရှိတယ်။
ကိုယ်ချစ်ရတဲ့ ကောင်မလေးကို မဖြစ်မနေ
ကျွေးရလိမ့်မယ်။
တစ်လုံးကို စားမိရင်
ကောင်မလေးက...ခါးသီးလောက်အောင်
ကိုယ့်ကို...တသက်လုံးမုန်းသွားလိမ့်မယ်။
နောက်တစ်လုံးကို စားမိရင်တော့
ကောင်မလေးက..ကိုယ့်ကို
အရမ်းချစ်သွားလိမ့်မယ်...
ဒါပေမယ့်
ကောင်မလေးဟာ နောက်ထပ် ၁ နှစ်ပဲ
အသက်ရှင်နိုင်မယ်...
ကဲ...ဘယ်ပန်းသီးကို ကျွေးရမလဲ။...?
Posted in Labels: Short Story | Wednesday, August 01, 2007
မရေမရာခြင်းများ ယာယီတွဲဆက်ထားခြင်းကို ဘ၀ဟုခေါ်သည်။
(၁)
ဒီကိစ္စအတွက် သူအတော် စဉ်းစားရကြပ်နေသည်။ သူ့တစ်ကိုယ်လုံး ပေကျံညစ်ပတ်နေပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။ ဘယ်လိုဖြစ်ပြီး သူတောအုပ်ထဲ ရောက်နေမိမှန်းမသိ။ နွမ်းလျပင်ပန်းနေကာ ခြေထောက်များလည်း အဆမတန်လေးလံနေ၏။ “အား….ကျွတ်ကျွတ်”၊ သူမတ်တပ်ရပ်ရန် ကြိုးစားကြည့်မှ သူ့ညာဘက်ခြေထောက်က ကျိုးနေမှန်းသိရသည်။ အခုဒီနေရာက ဘယ်မှာလဲ။ အနီးအနားကို အကူအညီ တောင်းဖို့ကြည့်တော့ အပင်တွေနဲ့ ခြုံနွယ်တွေကလွဲလို့ ဘာမှရှိပေ။ ခက်ပြီ။ နေဦး အရေးကြီးဆုံးက “ဟင် ငါ…ငါဘယ်သူများလဲ”။ သူကိုယ်သူပင် မမှတ်မိတော့ဘူး။ ဘာတွေဖြစ်ကုန်တာလဲ...၊သူ့အာရုံထဲမှာ အတင်းကြိတ်မှိတ်ပြီး သူသိမည့် အကြောင်းအရာတွေကို စဉ်းစားကြည့်သည်။ ခေါင်းထဲမှာ ဘာမှမရှိပဲ မှတ်ဉာဏ်မည်းမည်းကြီးသာ တွေ့ရသည်။ စဉ်းစားရင်းနှင့် ခေါင်းပါကိုက်လာ၏။ ..သည်အတိုင်း ထိုင်နေတာထက်စာရင် သူ လမ်းမလျှောက်နိုင်တောင် တရွတ်ဆွဲပြီး အနီးအနားသွားကြည့်မှ ဖြစ်မည်။ ကိုယ်တစ်ခြမ်းကို မြေကြီးနှင့်ကပ်ပြီး လက်ကိုအားပြုကာ တွားသွားကြည့်၏။ အနည်းငယ်ရွေလျားမှု အတွက်တော့ အထောက်အကူ ပြုသည်။ ဒါပေမယ့် သူကြာကြာမသွားနိုင်…..။ သူ့ခြေထောက်အကျိုးက နာကျင် လာသည်။ အနီးဆုံးသစ်ပင် တစ်ပင်ဆီကိုတော့ နာနေလျက်နှင့် ကြိတ်မှိတ်ပြီး တွားသွားကာ ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ အေးစိမ့်သော လေပြေလေးတချက် အဝှေ့တွင် အလိုလို ငိုက်မျဉ်းလာကာ အိပ်ပျော်ခြင်းသို့ရောက်သွား၏။
(၂)
“တိုက်ဆိုင်မှု ဆိုတာ ငါတို့ရပ်ဝန်းမှာ မရှိခဲ့ဘူး။ တံတိုင်းကြီး တွေကာရံထားတဲ့ မင်းနေတဲ့ ရပ်ဝန်းကနေ ဒီမှာ ဘက်ကို တချက် ငဲ့ကြည့်လိုက်ပါ။ ပျတ်ဝတ်မှုတွေ မလိုပါဘူး ငါတို့ အားလုံးဟာ တနေရာ ထဲက လာပြီး ဒီကနေ ပြန်ထွက်ဖို့ သင်ယူနေကြရတယ်။ အခု သင့် အတွက် အချိန်ကျ လာခဲ့ပါပြီ။ ပြီးမြောက်ဖို့ လမ်းစကို သင် တွေ့ထားပြီး ပြီ ။ အဆုံးသတ်ဖို့ပဲ လိုတော့ တာပါ။”
သူလေထဲတွင် လွင့်မျောနေသည်။ သူ့ခန္ဓာတခုလုံး ငှက်မွှေးတစ်ခုအလား ပေါ့ပါးကာ လွင့်ချင်တိုင်း လွင့်နေ၏။ ပတ်ဝန်းကျင်တစ်ခုလုံး မှုန်တိမှုန်မွှားနှင့် မှောင်သည့်ဘက်သို့ ရောစွက်နေသည်၊ တခါတရံ သူ့ပတ်ဝန်းကျင်နှင့် အဝေးတစ်နေရာဆီတို့တွင် အလင်းများသည် ဖျက်ကနဲ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။ အနီရောင်ရဲရဲ မီးလုံးကြီးတစ်ခုသည် သူ့ဆီသို့ ဦးတည်လာနေ၏။ ဘာမှန်းမသိဘဲ သူအလိုလို ကြောက်စိတ်တွေ ပေါ်လာသည်။ အော်ဖို့ ကြိုးစားကြည့်သော်လည်း ဘာသံမှ ထွက်မလာပေ။ အနီလုံးကြီး တဖြည်းဖြည်းနှင့် နီးကပ်လာ၍ သူခေါင်းနပမ်း ကြီးလာလေသည်။ အနီလုံးကြီးသည် သူ့ဆီလာနေရုံသာမက သူကိုပင် အဆွဲငင် ခံရသကဲ့သို့ ထိုအလုံးကြီးဆီသို့ ပြေးကပ်နေသည်။ ရှိသမျှ ခွန်အားနှင့် အားစိုက်သော်လည်း ဘယ်လိုမှ လှုပ်၍်မရတော့ချေ။ သူ့ကိုလောင်ကျွမ်းပစ်တော့မယ်မှန်း ထူးဆန်းစွာ သူအလိုလို သိနေ၏။ နောက်ဆုံး သူလက်လျှော့လိုက်သည်။ အနီလုံးကြီးသည် တဖြည်းဖြည်းနှင့် ပူလောင်လာသည်။ အဖြူရောင် အလင်းတန်းတစ်ခုလို သူဝိုးတ၀ါး တွေ့လိုက်သည်။ သူ့ကို တွန်းထုတ်လိုက်သည့် အလား ဟင်းလင်းပြင်ထဲ ပြန့်လွင့်သွားသည်။ သူခွန်အား ယုတ်လျော့သွား သကဲ့သို့ ဖြစ်ကာသူပြုတ်ကျသွားသည်။ ပြုတ်ကျခြင်းလည်း ဖြစ်ချင်ဖြစ်မည်။ အပေါ်သို့လည်း တက်ခြင်းလည်း ဖြစ်ချင်ဖြစ်မည်။ အဘယ့်ကြောင့် ဆိုသော် ဟင်းလင်းပြင် တစ်ခုလုံး အထက်အောက် ဘယ်ညာဟူ၍ူ ခွဲခြား၍ မရခြင်းပင်။ အလွန်ပြင်းသောအားဖြင့် စုပ်ယူနေသော ၀ဲဂယက်တွင်းသို့ သူကျုံ့ ဝင်သွားလေတော့သည်။
“စစ်ချီရမယ့် အချိန်ကို ငံ့လင့်မနေပါနဲ့ သင်အတွက် အားငယ်မှုများ ဖြစ်ခဲ့ရင် ငါတို့ ရဲ့ ဒိုင်းလွှားကြီး တွေက သင့်ကို ကောင်းစွာ ကာကွယ်ပေးနိုင်ပါတယ်။ သင့်ကိုယ်သင် ဆံ့ထုတ်လိုက်ပါ။ တော်လဲသံကြားတဲ့ အချိန်ဟာ သင့် အတွက် ကောင်းချီးပေးချိန် ဖြစ်နေပါလိမ့်မယ်။”
အလွန်မြူးကြွစရာကောင်းသော ဗုံသံနှင့်တူရိယာများကို ပွဲတော်တစ်ခုတွင် တီးမှုတ်ကခုန် နေကြ၏၊ အရောင်အသွေးစုံ ၀တ်ရုံဖားယားကြီးတွေ ၀တ်ပြီး ၀ိုင်းဖွဲ့ကာ အမျိုးအမည်မသိ ဘာသာစကားနဲ့ သီချင်းများကို ကျူးရင့်ကခုန်ကြသည်။ ထိုဝိုင်းထဲတွင် သူပါဝင်ကနေ၍ တဖြည်းဖြည်းနှင့် အူမြူးတက်ကြွလာသည်။ ခြေများ၊ လက်များပါ လှုပ်၍ ကခုန်နေမိသည်။ ပို၍ပို၍ ပျော်ရွှင်လာသလို ဖြစ်လာသည်။ ဘာမှန်းမသိတဲ့ ဘာသာစကားကို သူ့ပါးစပ်က အလိုလို လိုက်ဆိုနေမိ၏။ ကရင်းကရင်းနှင့် မောပန်းရမှန်း မသိဘဲ သူ့ကိုယ်သူပင် မေ့လျော့သွားသည်။ အ၀ိုင်းအလယ်ရှိ တိုင်လုံးကြီးမှ မီးအလင်းရောင်များ ထွက်နေသည်။ အရှိန်တိုး၍ အ၀ိုင်းကို ပတ်လေလေ တိုင်လုံးကြီးသည် ပိုပြီးလင်းလာလေလေ ဖြစ်နေ၏။ အ၀ိုင်းပတ်သော အရှိန်သည် တပတ်နှင့် တပတ်အရှိန် မြင့်လာသည်။ မြင့်တက်လာသော အရှိန်နှင့်အတူ သူ၏ခန္ဓာ တစ်ခုလုံး လေးလံမလာဘဲ တဖြည်းဖြည်း ပို၍ပေါ့လာသည်။ သူနှင့်သူ၏ ဘေးပတ်လည်ရှိ ကခုန်နေကြသော သူများသည် အလွန်မြန်လှသော အရှိန်ကြောင့် ပုံသဏ္ဍာန်ဟူ၍ သေချာစွာ မမြင်ရတော့ပဲ ရောင်စဉ်များ အဖြစ်သာ မြင်ကြရတော့သည်။ ပို၍ပို၍မြန်လွန်းမက မြန်လာသည်။ အဟုန်အလွန် အမင်းပြင်းထန်လာသည်။ ထို့နောက်.....
+++++++++
သင်းပျံ့သော ရနံ့တစ်ခုက နှာခေါင်းဝသို့ ၀င်ရောက်လာ၏။ မွှေးကြိုင်မှုက ညက်ညောလှသည်။ သူမျက်လုံးကို အသာဖွင့် ကြည့်လိုက်သည်။ ပေါ့ပါးလတ်ဆတ် သွားသလို ခံစားရ၏။ သူ၏ ရှေ့တည့်တည့်ဆီတွင် အပြာရောင် ကားချပ်ဟင်းလင်းကြီးတစ်ခု တွေ့လိုက်ရသည်။ နူးညံ့မှုကို ထိတွေ့ခံစားမိတော့မှ သူအ၀ါရောင်တောက်ပနေသော ပန်းခင်းကြီး တစ်ခုထဲ ရောက်ရှိနေမှန်းသိတော့သည်။ သူထထိုင်လိုက်ပြီး အဝေးသို့ မျှော်ကြည့်မိရာ အပြာရောင်နှင့် အ၀ါရောင်မှာ မျက်စိတဆုံး၌ ထိစပ်ရောယှက် နေကြ၏။ ဘယ်ကလာမှန်းမသိတဲ့ အသံတစ်ခုကို သူကြားရသည်။
“ညက်ညောသာယာမှုဆိုတာ အနုပညာပဲ။ အဲဒါသာ ဖန်တီးလို့မရဘူး၊ ဖျက်ဆီးပစ်လို့တော့ရတယ်။ ကျေနပ်မှုရှိအောင် ကျင့်ကြံပါ။ ဘယ်နေရာဆိုတာ မစဉ်းစားနဲ့။ ရုပ်ဝတ္ထုတွေရဲ့ တည်မြဲခြင်းဟာ တကယ် မရှိသေးဘူး။”
သူကြည့်နေရင်းနှင့်ပင် နေရာဘယ်လို ပြောင်းသွားမှန်းမသိ၊ အမည်မသိ အခြားနယ်ပယ် တစ်ခုဆီ သူရောက်နေပြန်သည်။ ထိုနေရာသည် အလင်းနှင့် အမှောင်စပ်ကြား မီးခိုးရောင်နယ်မြေ တစ်ခုသာ ဖြစ်သည်။ သူအလင်းထဲ တိုးဝင်ဖို့ ကြိုးစားကြည့်၏။ စူးရဲလွန်းသော အလင်းများက သူ၏မျက်စိကို ကျိန်းစပ်စေသည်။ ထိုအချိန်မှစ၍ သူသည် သူဟူ၍ မရှိတော့ပဲ ထပ်၍ဖြစ်တည်ခြင်း မဲ့သွား၏။ မသိခြင်းများ အဆုံးသတ်သွား၏။ ဘာမှမရှိတော့သလို ဘာမှသိစရာလဲ မရှိတော့ချေ။ သို့သော် ထပ်၍သိစရာများ ကျန်နေသေးသည်။
“သဘာဝ အစစ်အမှန်ဟာ လွတ်မြောက်ခြင်းတရားပဲ အဲဒီ လွတ်မြောက်ခြင်းကို ဆန့်ကျင် တဲ့ အရာဟူသရွေ့ကို ဘာပဲဖြစ်ဖြစ် ၊ အယူသည်းမှုပဲဖြစ်ဖြစ် ၊ အချုပ်အခြယ်ပဲဖြစ်ဖြစ် ထုံးတမ်းအရ စည်းစနစ် ဓလေ့အမူအရာ အပြုအကျင့်ပဲ ဖြစ်ဖြစ် ဘယ်အသွင် ဘယ်ပုံနဲ့ရှိနေတာပဲ ဖြစ်ဖြစ် ပယ်ချ စွန့်ပယ်ရမယ်။”
ယောနသံစင်ရော်
(၃)
လူ့လောကကြီးမှာ ကျန်နေတာက ရုပ်ကြမ်းတဲ့ ခန္ဓာ။ သူ၏ ခန္ဓာအဖြစ် ၀င်သရုပ်ဆောင်ခဲ့သော ရုပ် ဒြပ်ကြီးသည် ထိုသစ်ပင်ကြီးအား မှီလျက် သေဆုံးနေသည်။ ခြေကျိုးနေသော ဒဏ်ရာသည် သူ့အား သေဆုံးစေသည်မှာ ထူးဆန်းဖွယ်ဖြစ်သည်။ သူအမှန်တကယ် သေဆုံးသွားတာလား၊ မေ့မျောနေတာလား၊ ဘ၀ကူးသွားတာလား၊ ထိုအလှည့်အပြောင်းလေးကား အချိန်အားဖြင့် ခဏတာပင် မကြာမီ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာကြ၏။ သူ့ကို တွေ့သွားကြသည်။
“ဒီတစ်ယောက်ပဲ ဒီချောက်ထဲ ကျသွားတာ ကျန်တဲ့ကားပေါ်က လူတွေက အရေးပေါ်ဆေးရုံ တင်လိုက်ပြီ။“
ဆေးမှူးက သေချာစွာ စမ်းသပ်လိုက်ပြီး
ရဲအရာရှိက မှတ်တမ်းရေး၏။ များမကြာမီပင် သူ့ခန္ဓာကြီးအား သယ်မသွားကြ လေတော့သည်။
ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။

My TLMS by minnyoonthit is licensed under a Creative Commons Attribution 3.0 United States License.
My TLMS All Rights Reserved. Blogger Template created by Deluxe Templates
Free Blogger Templates andWordpress Theme by Skinpress

