Posted in
Labels:
poem
|
Wednesday, April 29, 2009
ခေါက်ရိုးမကျိုးသေးတဲ့ ဦးနှောက်နဲ့... အကြွင်းမပြတ်တဲ့ ဗုဒ္ဓဟူးမလေးကို တွက်ကြည့်တယ်.. ၀မ်းနည်းစရာ ကောင်းပါရဲ့.... သူမမှာ... ဒ..သ..မတွေနဲ့..။
Posted in
Labels:
miscellaneous ,
Technology
|
Tuesday, April 28, 2009
ကျွန်တော် တယောက် ကျော်ရခွရ အဆင်ပြေအောင် ဆိုပြီး သင်္ကြန်မတိုင်ခင်လေး ကပဲ ဟိုစတင် ၀ယ်လိုက်တယ် ခင်ဗျ။ အခုပြီးခဲ့တဲ့ တပတ် အတွင်း မောင်မင်းယွန်း တတ်သလောက် မှတ်သလောက် လျှောက်ကလိပါတယ်။ ဟိုစတင်ဆိုတာ ချိုနဲ့လားပေါ့။ ဒါနဲ့ ဟိုစတင်ထဲမှာ wordpress plug in ထည့်ရတယ် ဆိုလား အဲ့ဒါနဲ့ပဲ www.wordpress.org ကိုသွား wordpress 2.7.1 ဆိုလား အဲ့ဒိဖိုင်ကို ဒေါင်းလုပ် သွားဆွဲတယ် ခင်ဗျ။ ပြီးတော့ ဟိုစတင်ရဲ့ ဘယ်နားမှာ ထည့်ရမယ်မှန်း မသိဘူး။ ရော် ဘာခက်တာ မှတ်လို့ စာတွေ လိုက်ဖတ်ကြည့်မယ်။ file manager ဆိုတဲ့ နေရာကို တွေ့တယ်။ ကဲဟုတ်ပြီ ဒီမှာ တင်ရမှာ ဖြစ်မယ်ပေါ့။ ထပ်ဝင်ကြည့်လိုက်တော့ နောက်ထပ် ဖိုင်တွေက အများကြီး public html\ အောက်မှာ ထည့်ကြည့်တယ်။ ဟုတ်ကဲ့ အဆင်မပြေပါဘူး။ နောက်တော့ www\ အောက်မှာ ဆိုလား ထည့်ကြည့်တယ် ခင်ဗျ.။ ဒါလဲ အဆင်မပြေပါဘူး။ တယ်လေ ဘယ်နှယ့်ဟာတုန်း။ ဒါနဲ့ အကူအညီရလိုရငြား ဟိုလူ့မေး ဒီလူမေး၊ အဲ တယောက်မှ ကျွန်တော်မေးတာကို နားမလည် ကြဘူး ခင်ဗျ။ အဟတ် ကိုယ့်ဟာကိုယ် ဘယ်လို မေးမိလိုက်မှန်းတောင် မသိဘူး။ မဖြေနိုင်ကြရှာဘူး။ မြန်မာလို မေးလိုက်တာပါပဲ ဟီး။ :P ဒါနဲ့ www.mmwordpress.org က တခါက ဒေါင်းလုပ်ဆွဲထားတဲ့ how to install wordpress ဆိုတဲ့ pdf ဖိုင်လေးကို ပြန်ကြည့်မိတယ်။ သူရေးထားတာက free host အတွက်ပါ။ ဒါပေမယ့် ဟိုစတင်တွေက တခြား interface နဲ့ function တွေ တချို့ မတူပေမယ့် တော်တော်များများ အဓိက တွေတော့ တူပါတယ်။ သူ့ထဲမှာ ရေးထားတာက wordpress ကို ဟိုစတင်ထဲက Database ထဲ install လုပ်ချင်ရင် Software/Service အောက်က Fantastic installer ဆိုတဲ့ နေရာမှာ လုပ်ရတယ် ဆိုပဲ။ ဒါနဲ့ လိုက်ရှာကြည့်လိုက်တယ် တွေ့ပါတယ်။ ထပ်ဝင် ကြည့်လိုက်တော့ ဟိုက်ရှားပါး။ blog plug in ချည်းပဲ ၃ခုလောက် ရှိတယ်။ b2evolution, nucleus ဆိုလား နဲ့ wordpress တို့ကို တွေ့တယ် ကြိုက်တာထည့်၊ အောက်ဘက်မှာလဲ PHP တို့၊ CMS တို့ ဘာတို့ ညာတို့ အစုံပါတယ် ခင်ဗျ..။ ဒါနဲ့ ကျွန်တော်လဲ တခြားဟာတွေ မသိဘူး wordpress ကိုတွေ့တာနဲ့ မဆိုင်းမတွပဲ install လုပ်လိုက်တယ်။ အခုလုပ် အခုရသွားပါတယ်။ ပြီးတော့ ထုံးစံအတိုင်း .../wp-admin ဆိုပြီး ၀င်လိုက်တယ်။ ရသွားပြီ။ တယ်ဟုတ် သဟ ဆိုပြီး ၀မ်းသာအားရပေါ့။ ဒါနဲ့ blogger က widget တွေ ဟိုရွှေ့ ဒီရွှေ့၊ လုပ်လိုက်တယ်။ (ပြီးတော့ themes လှလှလေး ၂ခုလောက် hosting ထဲမှာ upload တင်လိုက်တယ်။) အားလုံး အိုကေပြီ ဆိုတော့ ဘလော့ကာ ကနေ ဟိုစတင်ဘက် ပို့စ်တွေပြောင်းမယ် ပေါ့။ မပြောင်းခင် ကျွန်တော် ပို့စ်တခုလောက် ရေးလိုက်အုံးမယ်။ အိမ်ပြောင်း လိုက်ပြီး ဘာဘာညာညာပေါ့။ ရေးတယ် ပြီးတော့ Publish လုပ်တယ်။ ၀မ်းသာ မယ်ကြံတုန်း ကျွန်တော် ခုနက ရေးထားတဲ့ မြန်မာစာတွေ အကုန် ??????????? တွေ ဖြစ်ကုန်ရောဗျာ။ အာ ဘာဖြစ်တာပါလိမ့် ဆိုပြီး ပြန်ဖျက်။ ပြီးတော့ Template ထဲက Style.CSS မှာ ဖောင့်တွေ ပြန်ထည့်။ wp setting ကို UTF လုပ်ထား မထား ပြန်စစ်၊ အားလုံး အိုကေ တယ်။ နောက် တခေါက် ပြန်ရေးကြည့်တယ်။ ဒီလိုပဲ ပေါ်နေပြန်တယ်။ တခုခုတော့ လွဲနေပြီဆိုပြီး စာတွေလိုက်ဖတ် ပြန်တော့ ဟော Database မှာ ပြဿနာ ဖြစ်တယ် ဆိုလား အဲ့ဒိမှာ သွားလုပ်ရတယ် ဆိုလား၊ ဒါနဲ့ ဒေတာဘေ့စ်ထဲ ၀င် ပြန်ပြင် မလို့၊ ပြင်စရာ နေရာ ရှာတာ မတွေ့ဘူး။ wp က install လုပ်ရင် သူ့ဟာသူ Database ဆောက်သွားတာ။ ဘယ်လို ပြင်ရမတုန်း။ ဒီလိုနဲ့ ပြန်လိုက် ပြန်သွင်းလိုက်နဲ့ အကြိမ်ကြိမ်ပဲ။ (ဒါကြောင့် အခု ရက်ပိုင်း လာလည်တဲ့သူတွေ ပေါ်လိုက် ပျောက်လိုက် ဖြစ်နေတာ ) ဒါနဲ့ ကျွန်တော်လဲ ၀ယ်တဲ့ဆီကို ကွန်ပလိန်း ပြန်တက်၊ သူတို့လဲ ဘလော့နဲ့ မရင်းနှီးသူတွေဆိုတော့ ဒေတာဘေ့စ်ကြောင့် ဟိုစတင် ကြောင့် မဟုတ်ပါဘူးပဲ ပြောတယ်။ ဟင့်။ မဟုတ်သေးဘူးလေ ဒေတာဘေ့စ်နဲ့ ဆိုင်တာပေါ့ ရေးတုန်းက အကောင်း သိမ်းတော့မှ ????? ဒီလိုတွေ ဖြစ်နေတာ Unicode (UTF8) နဲ့ မသိမ်းလို့ပေါ့။ ဗျာ မဟုတ်ဘူးလား။ ဟုတ်သလိုလိုပဲနော်..။ ကျွန်တော်လဲ ဘာဆက်လုပ်ရမှန်း မသိဘူး။ မောင်မင်းယွန်း ဖြစ်လိုက်ရင် အဆန်းကြီးပဲ။ ဒိုမိန်းဝယ်တုန်းကလဲ ဒီလိုပဲ သူများတွေ မကြုံတဲ့ ပြဿနာ လာကြုံတယ်။ ဟော အခု ဟိုစတင် သူများ တကာတွေ ၀ယ်ပြီးသုံးတာ အဆင်ကို ချောလို့ ကျွန်တော် ၀ယ်သုံးတော့ တလွဲဖြစ်ပြီ။ ဒါနဲ့ ဘာဆက်လုပ်ရမှန်း မသိဘူး။ တော်ပါပြီ ကျော်ခွချင်လဲ ကျော်ခွပါရစေတော့ အရင် အချစ်ဟောင်း ဘလော့ကာလေးနဲ့ပဲ ပြန်ရေးတော့မယ်ဗျာ။ ဒိုမိန်းကို google dns ကို ပြန်ပွိုင့်.. ကဲ..ဒုံရင်းဒုံရင်းပဲ ကောင်းတယ်။ အီးဟီးဟီး ခြသေ့င်္ အကောင် ၃၀ လောက် ထွက်သွားတာပဲ အဖတ်တင် တယ်… ဗြဲ…။
Posted in
Labels:
Announcement ,
News
|
Thursday, April 23, 2009
နာဂစ်အမှတ်တရ ‘အနီရောင်လှိုင်းအတွက် ကရုဏာလက်များ’ ကဗျာရွတ်ပွဲကို လာမည့် မေလ ၃ရက်နေ့ နံနက် (၉း ၃၀) အချိန်တွင် စိမ်းလန်းစိုပြေဥယျာဉ်အတွင်း၌ မြက်ခင်းသစ်လွင်ပြင်၊ မြန်မာအွန်လိုင်းစာရေးဆရာများအသင်းနှင့် အလင်းမျှော်စင်စာကြည့်စင်တို့မှ ဦးစီး၍ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၄င်းကဗျာရွတ်ပွဲသို့ စိတ်ပါဝင်စားသည့်မည်သူမဆို တက်ရောက်နိုင်ပါကြောင်းဖိတ်ကြား အပ်ပါသည်။ ထို့အပြင် ကိုယ်တိုင်ကဗျာရွတ်ဆိုလိုသူများအနေနှင့် ကဗျာများကို myatkhinnthit@gmail.com သို့ ၁. ၅. ၂၀၀၉ ရက်နေ့နောက်ဆုံးထား၍ ပေးပို့ကြပါရန်လေးစားစွာ အသိပေးအပ်ပါသည်။ အသေးစိတ်စုံစမ်းမေးမြန်းလိုပါက mowa.admins@gmail.com နှင့် myatkhinnthit@gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ကြော်ငြာဒီဇိုင်းဆွဲပေးသော myanmarmultiplyszone.ning.com မှ ကိုကြီးအား ကျေးဇူးတင်ရှိပါတယ်။
Posted in
Labels:
poem
|
Wednesday, April 22, 2009
ကွေးညွှတ်နေတဲ့ မိုးတိမ်ပါ... ထင်ချင်တဲ့ အရုပ် ထင်နိုင်ပါတယ်.. ငါကတော့ သွန်းဖြိုက်ချင်ပေမယ့်.. မြေပြင်က လက်မခံဘူးတဲ့လေ... ကမ်းပါးတွေ အော်ဟစ်ပြရ.. ကျောက်ဆောင်တွေ... ထစ်ချုန်းပြရ.. ပြိုတော့မယ် မိုးတွေ ဘယ်အရပ်ဆီကို ရွာချပစ်ရမှာလဲ.. တနံတလျား...အုံမှိုင်းပြီးကာမှ... ပြက်ရယ်ပြု ခံလိုက်ရတာပဲ ..အဖတ်တင်လေရဲ့.. တတ်နိုင်လွန်းပါတယ်... တတ်နိုင်လွန်းပါတယ်.. တတ်နိုင်လွန်း....ပါတယ်..ကွယ် ကောင်မလေးရယ်… ဗဟိုပြုရာ မရှိတော့တဲ့အတွက်... ငါ့…မိုင်နှုန်းတွေပျောက်ရှခဲ့ရ….တယ်။
Posted in
Labels:
poem
|
Sunday, April 19, 2009
လွမ်းလိုက်တာ.... ၀န်းကျင်တခုလုံး.. ဆိတ်ငြိမ်လို့.. ငါ့အနားမှာ...သက်ပြင်းရှိုက်သံသဲ့သဲ့လေးတောင် မကြားရဘူး.. မိုးတွေ သွန်းရွာနေတယ်... ကိုယ်နဲ့အတူတူ စွတ်စိုပေးမယ့်သူတောင် မရှိခဲ့ပါဘူး... မီးခိုးရောင် ကော်ဖီခွက်လေးတွေ အေးခဲတုန်...လို့... ပြတင်းတံခါးတွေက.. ဆွံ့အလို့.... တိုင်ကပ်နာရီတွေက .... ရပ်တန့်လို့... ဘာမှ မရှိတော့သလိုပါပဲ... ဘယ်သူမှ မဆိုတဲ့ သီချင်းကိုဆိုမိတယ်.. ဘယ်သူမှ.. မရွတ်တဲ့ ကဗျာလေး ရွတ်မိတယ်.. ဘယ်သူမှ မသိတဲ့ငါဟာ... ဘယ်သူမှ မရှိတဲ့.. အခန်းငယ်ထဲမှာ...ပေါ့.. ဘာပဲဖြစ်ဖြစ်... ဘာပဲဖြစ်ဖြစ်ပေါ့... ကောင်မလေးရယ်.... လူမသိသူမသိလေး... လွမ်း..နေမိတယ်..။
Posted in
Labels:
poem
|
Sunday, April 19, 2009
ဘာကြောင့်များ... ခြားနားနေရတာလဲ... ပင်လယ်ရယ်.. ငါ့..တတောလုံး ပွင့်ဖူးချင်ပါလျက်.. ဘာကများ.. ငါ့တို့ကို ပညတ်ထားရတာလဲ... ဖန်ကြိုးမျှင် တဖက်တချက်စီက ငါတို့တွေက... မလင်းချင်းရဘူး တဲ့လား.... ဘယ်အရာကို ပြစ်တင်လို့... ဘယ်အရာကို.. စိတ်ဆိုးပစ်ရမှာလဲ..ကွယ်... မ၀န်ခံချင်လဲရပါတယ် ဒါပေမယ့်... မျက်ကွယ်မပြုလိုက်ပါနဲ့... တနိုင်တပိုင် .. မျှော်လင့်ခြင်းတွေနဲ့.. ဟောဒိ ကောင်ဟာ..ရူးနှမ်းနေရလို့ပါ.. ဘာကြောင့်များ...... လွမ်းခွင့်မရှိတာလဲ... ဘာကြောင့်များ... ချစ်ခွင့်မရှိတာများလဲ... ဘာကြောင့်များ... ရှိုက်နမ်းခွင့်မရှိရတာလဲ....ကွယ်... ဖြေပါ.. ပင်လယ်ရယ်... ဘာကြောင့်များလဲကွယ်... ဘာကြောင့်များလဲကွယ်... ဘာကြောင့်များလဲ.....................ပင်လယ်ရယ်.....။
Posted in
Labels:
Thingyan(Water Festival) ,
video
|
Sunday, April 19, 2009
ပရိသတ်များ ကြည့်နိုင်ရန် ဟိုနေ့က တာမွေ၊ ကန်တော်ကြီး၊ ရွှေဂုံတိုင်၊ ရန်ကင်း တလျှောက် က မဏ္ဍပ်တွေကို မှတ်တမ်းတင် ဗီဒီယို ရိုက်ထားပါတယ်။ ကျွန်တော့် ငှားလာတဲ့ ဦးလေး ကင်မရာက ရုပ်ထွက် သိပ်မကောင်းပါဘူး။ နဲနဲလေး ဖြစ်ဖြစ် ရန်ကုန် သင်္ကြန်ပုံရိပ်ကို မြင်ရတယ်ဆိုရင် ကျေနပ်ပေးကြပါနော်။
Posted in
Labels:
Postmodern ,
Short Story
|
Saturday, April 18, 2009
(က)
ပိတောက်တွေ ပွင့်နေကြပြီ..။ ဧပရယ်လ် လဖြစ်ပါသည်။ မိုးတွေလဲ တဖြိုက်နှစ်ဖြိုက် ရွာနေကြ၏။ (ခ)
နွေနေပူက သွေ့ခြောက် ပူလျလို့.။ တိတိရိရိ ကြွေနေတဲ့ သစ်ရွက်တွေဟာ ဟောဒိ မြေပြင်ပေါ်မှာ နာနာကျင်ကျင် ၀ါရော် နေကြတယ်။ ဧပရယ်လ်ကို ရောက်ခဲ့ပြန်ပြီပေါ့။ သက္ကရာဇ် တခုရဲ့ နောက်ဆုံး ဂဏန်းတခု တိုးသွား ပြန်ပြီပေါ့။ တစ်နှစ်ပြီး တစ်နှစ် ပြက္ခဒိန်တွေ သာ သစ်သစ်သွား ပေမယ့် ဘယ်တော့မှ မသစ်တော့သလို ဘယ်တော့မှ မဟောင်းသွားသေးဘူး ........ဧပရယ်လ်။ နှလုံးသား တဆုပ်စာ မက ဒဏ်တွေက ဖရိုဖရဲ ပြန့်ကျဲနေတုန်းပါပဲ။ လွဲမှားမှု တွေနဲ့ ငါဟာ အခုထိ အံချော်နေ တုန်းပါပဲ။ အပိုအလျှံမရှိတဲ့ အတွက် စွဲမိစွဲရာ စွဲလမ်းမိတယ်ပဲ ထားလိုက်ပါတော့ ဧပရယ်လ်ရယ်။ ခပ်ဝေးဝေး လမ်းကလေးကိုမှ ကျေကျေနပ်နပ်ကြီး ရွေးလျှောက်ခဲ့မိသူပါ။ ဧပရယ်လ် ရယ်... ငါ့ရဲ့ အ၀ါရောင် ဧပရယ်လ်ရယ်.. အက္ခရာမဲ့ ပုံပြင်လေးတွေနဲ့ ပြာလဲ့လဲ့ အပြုံးတွေကို အမှတ်ရမိတယ် ကွယ်။ မှောင်မဲနေတဲ့ ခြောက်အိပ်မက်တွေထဲမှာ ငါလေ... တကြော်ကြော် အော်ခေါ်နေခဲ့ မိတယ်.။ “ဧပရယ်လ်ရေ... ဧပရယ်လ်..” (ဂ)
ဥတုနွေရဲ့ နံနက်ခင်းဟာ ပူနွေး ကြည်သန့်နေတယ်။ ၀တ်ရုံသစ်လဲ ၀တ်ထားသလို ကောင်းကင် တခုလုံး မိုးတိမ်တွေ ကင်းပပြီး သစ်လွင် သားနားလို့ပေါ့။ April Fool Day တဲ့လား။ တခုတ်တရ အရူးလုပ်ခံလိုက်ရတဲ့ နေ့လေး တနေ့ ပါပဲ။ ဟင့်အင်း ဧပရယ်လ် တခုလုံးကိုက ငါ့ကို အရူးလုပ် ခဲ့တာပါ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ စွတ်စွတ်စို နေတဲ့ မိုးမကျနွေမကျ ရွာတဲ့ မိုးပြေးလေးရဲ့ သွန်းဖြိုက်မှု အောက်မှာ အရာအားလုံး အရှုံးပေးခဲ့ရဖူးတယ်။ အဲ့ဒိ ဧပရယ်လ်ဟာလေ သိပ်... အနိုင်ယူတတ်တဲ့ ကောင်ဆိုးမလေးပေါ့။ (ဃ)
အင်းယားမှာ အတာရေတွေ ရွှဲစိုနေတယ်။ ဒီလိုပါပဲ ဧပရယ်လ် အတွက် အလွမ်းတွေကလဲ ဟောဒိ ရင်ဘတ်ဆီမှာ ရွှဲရွှဲနစ်လို့...။ သူမဟာ ဘယ်တော့မှ ရပ်တန့် မသွားနိုင်တဲ့ ကျွန်တော့်ရဲ့ အ၀ါရောင် နာရီလေးရယ်ပါ။ သူမအတွက် ဆိုရင် ကျွန်တော့် ညနေ တခုလုံး ခပ်ရဲရဲကြီး မှောင်မိုက် ပစ်ရဲပါတယ်။ ရူးနှမ်းတယ်လို့ ပြောချင် ပြောနိုင်ပါတယ်။ ဟုတ်ပါတယ် ကျွန်တော်ဟာ ဧပရယ်လ် အရူးတစ်ယောက် ပါပဲ။ ဧပရယ်လ် သိနိုင်ပါစေကွယ်..။ (င)
နွေရယ်..၊ ဧပရယ်လ်ရယ်၊ ပြီးတော့ တူးပို့တေးသံရယ်ပေါ့။ အ၀ါရောင်ရဲရဲတွေနဲ့ သူမဟာ ကျွန်တော်ကို ဖရိုဖရဲ ရင်လှပ်ခုန်ခြင်းတွေ နဲ့ ပြုစားပစ်ခဲ့တယ်။ (စ)
မျှော်လင့်ခြင်းတွေ တနိုင်တပိုင်မက ပေးပစ်ခဲ့တယ်။ ဖုန်းမြည်သံတွေ နွေအထပ်ထပ် ပဲ့တင် ခဲ့တာတောင် ပြန်လည် မဖြေကြားခဲ့ဘူး..။ နင်...ဘယ်များရောက်နေလဲ....ဧပရယ်လ် ရယ်..။ သက်ပြင်းတွေ ပွင့်အံခဲ့...၊ ပြီးတော့ ရင်မော လိုက်ရတာ...၊ ကျေးဇူး ပြုပြီး ကောင်မလေးရေ.. ငါ့ကို မလှည့်စား လိုက်ပါနဲ့နော်...။ (ဆ)
ဒီလိုနဲ့..၊ ဒီလိုနဲ့ပဲ.. တန်ခူးလဟာ ကြွေနွမ်းခဲ့ရပါတယ်။ အင်းယားမှာ အတာရေတွေ အစား မိုးတွေ သာ ရွာနေတော့တယ်။ ခပ်စွင့်စွင့် ပိတောက်တွေ တော့ မပွင့်ကြတော့ပါဘူး။ ဧပရယ်လ်ဟာ တိတ်တိတ်လေး ချန်ရစ်နေခဲ့တယ်..။ အလှပဆုံး မုသားတွေနဲ့ နင် ..သိပ်ရက်စက် လွန်းတယ်.... ။(ဇ)
အစိမ်းရောင် ပိတောက် ပင်ကြီး အောက်မှာ သူရူး တယောက် ရှိ၏။ မိုးပေါက် ကလေးများနှင့် အပြိုင် သည်းထန်နေသော မျက်ရည်များလဲ ရှိ၏။ ထို့နောက် ကွဲအက်ကြေနေသော နှလုံးသား ဒဏ်ချက်တွေနဲ့ ကိုင်ဆုပ်ထား၏။ သူ၏ နှုတ်မှ တကြော် ကြော် ဟစ်ခေါ်နေသော် လည်း မိုးခြိမ်းသံများ ကြားတွင် မသဲကွဲပဲ ဖြစ်နေလေ၏။ မိုးသက်ငြိမ်သွား သောအခါ တုန်ရီနေသော အသံကို အတိုင်းသား ကြားလိုက်ရသည်။ “ဧ……ပရယ်.....ရေ ”
Posted in
Labels:
Technology
|
Friday, April 17, 2009
googlepages လေးကို သုံးလာတာ ၂နှစ်ကျော်နေပြီ။ ဘာပဲ upload တင်တင် အလွယ်တကူ တင်လို့ရလို့ သဘောကျတယ်။ ကျွန်တော့် ဘလော့ဂ်ရဲ့ တန်းပလိပ် နောက်ခံပုံတွေကို တခြားမှာ မတင်ပဲ googlepages မှာပဲ တင်ထားတာ များတယ်။ သူက တက်တာလဲ မြန်တယ်။ဒီနေ့ ကျွန်တော့်သင်္ကြန်ပုံတွေ တချို့ မပေါ်ဘူးဆိုတော့ pages ထဲဝင်ကြည့်တော့ your pages will be moved to Google sites soon. ဆိုတဲ့ စာသားပေါ်လာတယ်.။ Google sites က ဖန်ရှင်စုံပေမယ့် pages လို upload တင်ဖို့ မလွယ်ပါဘူး hosting သဘောမျိုး ဆားဗစ်လဲ မပေးတော့ပါဘူး။ ပြီးတော့ url ရိုးရိုး ရှင်းရှင်းလေး မထွက်ပါဘူး။ google က ဒီ pages ဆားဗစ်ကို လာမယ့် ဇွန်လမှာ အပြီး ဖျက်သိမ်း တော့မယ် ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ အလွယ်တကူ သုံးလို့ရတဲ့ ဆိုက်ကလေး သုံးလို့ မရတော့ ဘူးဆိုတော့ နှမြောမိပါတော့တယ်။About the Page Creator shut down Google Page Creator will be shut down in June, 2009. To make the transition to Sites as smooth and easy as possible for Page Creator users, we will be doing an automatic import of Page Creator pages to Google Sites, which will include moving pages to Google Sites and redirecting visits to googlepages.com URLs to their new location on Google Sites. From now until this import begins June 1, Page Creator users who don't want to be moved to Google Sites have the option to download their content, host it on another service, and redirect their existing URL. Please note that Google Sites does not support JavaScript, some forms of HTML, or web hosting. အပြည့်အစုံဖတ်ချင်ရင် ဒီမှာ သွားဖတ်ကြည့်ပါ။
Posted in
Labels:
Essay ,
Thingyan(Water Festival)
|
Friday, April 17, 2009
ဒီနှစ် သင်္ကြန်ကို အသက်နဲနဲ ကြီးလာ လို့လား မသိဘူး တည်တည် ငြိမ်ငြိမ်နဲ့ ပျော်တတ်လာတယ်။ ခါတိုင်းနှစ်တွေ တုန်းကတော့ သင်္ကြန်ကျပြီဟေ့ ဆိုရင် စိတ်လွတ် ကိုယ်လွတ် ကဲပစ်လိုက်တာပဲ။ ခုတော့ ဆင်ခြင် စဉ်းစား တတ်လာပြီး ရင့်ကျက်လာတယ် လို့ ကိုယ့်ကိုကိုယ် ထင်တာပဲ။ မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာ အိမ်နီးချင်း နိုင်ငံတွေထဲမှာ အစည်ကားဆုံးနဲ့ ရှေးအကျဆုံး ပွဲတော် တခုဖြစ်ပါတယ်။ ကျွန်တော်တို့ အတာ သင်္ကြန်ရဲ့ အနှစ်သာရ ကိုက နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ် အကူးအပြောင်းမှာ အတာရေနဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြော ပစ်တာပါ။ သင်္ကြန်ကျပြီဟေ့ ဆိုရင် ကားတွေနဲ့ လည်မယ့်သူတွေက တမျိုး၊ မဏ္ဍပ်ထိုင်မယ့် သူတွေက တဖုံ၊ ကိုယ့်ရပ်ကွက် လေးထဲမှာပဲ အုန်းလက် မဏ္ဍပ်ထိုးပြီး ရေကစား မယ့်သူတွေနဲ့ သင်္ကြန်ကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဆင်နွှဲတတ်ကြပါတယ်။ သင်္ကြန်ဆိုတာ ကျွန်တော်တို့ နိုင်ငံမှာ လူမျိုး ဘာသာမရွေး ပျော်ရွှင် ကြတဲ့ ပွဲတော် တခုလဲ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တွေက ပိုပြီး ပျော်ကြပါတယ်။ ဒီတော့ သင်္ကြန်ဆိုတဲ့ ပွဲတော်နဲ့ အတူ တွဲပါလာတာက အရက်သေစာ သောက်စား မူးယစ်ခြင်းပါပဲ။ သင်္ကြန်ကျရင် အရက်သောက် ရမယ်ဟေ့လို့ ဘယ်သူကမှ မသတ်မှတ် ထားပေမယ့် သင်္ကြန်ဆို အရက်သေစာ သောက်စား ကြတဲ့သူတွေ ဒုနဲ့ ဒေးပါပဲ။ ကျွန်တော်တွေ့ ဖူးသလောက်တော့ သင်္ကြန်ဆို ယောက်ျားလေးတွေ တော်တော်များများက ဘီယာ၊ ဒါမှမဟုတ် တခြား ရမ်လို ၀ီစကီလို အရက်ပြင်းတွေကို အားပါးတရ လွတ်လွတ်လပ်လပ်ကြီး သောက် တတ်ကြတယ်။ အမြဲ သောက်လေ့ မရှိတဲ့ သူတောင် သောက်ကြပါတယ်။ ဒါကဘာလဲ ဆိုတော့ လူ့သဘာဝ အရ တံငါနားနီး တံငါသဘောမျိုးပါပဲ။ အများကလုပ်တော့ ကိုယ်လဲ လုပ်မိတာမျိုးပါ။ အရက်သောက်တာ အပြစ်လားဆိုတော့ ဘာသာရေးအရ မပြောတော့ပါဘူး၊ လူငယ်တယောက် အနေနဲ့ ပြောရရင် အရက်သောက်တာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် အရက်သောက် ခြင်း၊ မူးယစ် ခြင်းရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်က အပြစ်ရယ်လို့ ဆိုနိုင်ပါတယ်။ သင်္ကြန်တွင်းမှာ မကြာခဏ ရန်ဖြစ်ကြပါတယ်။ ဘယ်သူမှန် ဘယ်သူမှားတယ် မသိဘူး။ ကိုယ့်အဖွဲ့ထဲက လူတယောက် ဖြစ်ရင် ကျန်သူများက ပါ ၀င်ပါလာပြီး တုတ်ပွဲ၊ ဓါးပွဲတွေ ဖြစ်လာတတ်ကြပါတယ်။ အရက် သောက်ရင် သွေးဆူပါတယ်၊ ပြီးတော့ တချို့များ အရက်သောက်မှ သတ္တိရှိလာ သူများ ရှိပါတယ်၊ အဖွဲ့အားကိုး နဲ့ မိုက်ကန်း ချင်သူများ ရှိပါတယ်။ အရက်သောက်ထား ရင် ဆင်ခြင်တုံ တရား ကင်းမဲ့နေ ပါလိမ့်မယ်။ နောက်တမျိုး အရက်ကို အလွန်အကျွံသောက် ပြီး လူမှန်းသူမှန်း မသိအောင် အံဖတ် စို့သူများ လဲရှိကြပါတယ်။ သင်္ကြန်ကို ပျော်ချင်ပါတယ် ဆိုပြီး လူမှန်း မသိအောင် ဖြစ်နေမှတော့ ဘယ်နားမှာ ပျော်စရာ ရှိတော့မလဲ၊ သူ့ခေါင်းထဲမှာ ထွေပြားနေပြီး၊ သူ့အမြင်အာရုံတွေထဲမှာေ၀၀ါး နေမှတော့ သင်္ကြန် အပျော်ဆိုတာ ဘာမှန်းတောင် သိတော့မှာ မဟုတ်ပါဘူး။ ဒီလိုလူတွေ ဘုံးဘုံးလဲ နေတာတွေ ကိုယ့် အံဖတ်နဲ့ ကို ထွေးလုံး ရော နေတာတွေ ဟာ အလွန် အရုပ်ဆိုး လှပါတယ်။ နောက်တခု အရက်သောက် ထားရင် အရှက်တရား ကင်းမဲ့ နေပါလိမ့်မယ်။ ဘယ်အရာ မဆို လွန်ကျူး ရင် မကောင်းပါဘူး။ ကျွန်တော် ဒီနှစ်သင်္ကြန်ကို အကျနေ့ အင်းယား မဏ္ဍပ် ထိုင်ဖြစ်ပါတယ်။ အကြတ်နေ့ကို ကားနဲ့ ဟိုနား ဒီနား ကလေးတွေ ပျော်အောင် လိုက်မောင်းပေး ပါတယ်။ ဒါပါပဲ။ အတက်နေ့ကို အိမ်မှာပဲ နေပါတယ်။ ကျွန်တော် စလောင်းကနေ ထိုင်းသင်္ကြန်ကို ကြည့်မိတော့ ထိုင်းသင်္ကြန်ရဲ့ ဆောင်ပုဒ် လေးကို သွား သဘောကျမိတယ်။ songkran no alcohol တဲ့။ သူတို့ တကယ်ကော ဆောင်ပုဒ်အတိုင်း လိုက်နာ မနာတော့ ကျွန်တော်လဲ မသိပါဘူး။ ကျွန်တော်တို့ဆီမှာတောဲ့ ကြေငြာချက်တွေ ထုတ်ပြန် ထားပေမယ့် ဘယ်သူမှ မလိုက်နာ ကြတာ များပါတယ်။ အလေးပေး ၊ အလေးထား ဆင်ခြင် သင့်တဲ့ အချက်ဖြစ်ပါတယ်။ သင်္ကြန်ဟာ အရက်သောက်မှ ပျော်စရာ ကောင်းတာ မဟုတ်ပါဘူး။ ဒီတိုင်းလဲ ပျော်လို့ရပါတယ်။ သင်္ကြန်ရေကြောင့် ချမ်းတယ် ထင်ရင် ရေပက်ခံထွက် မနေပါနဲ့။ အိမ်မှာပဲ နေပေါ့ဗျာ။ ယောက်ျား ရင့်မာကြီးတွေနဲ့ ချမ်းမှာစိုးလို့ ဆိုတဲ့ အကြောင်း ပြချက်ကြီးက မခိုင်လုံ ဘူး ထင်ပါတယ်။ အရက်သောက် သူများ ကျွန်တော် ပြောတဲ့ အချက်များ မှားနေရင် ၀ိုင်းဝန်း ကန့်ကွက် နိုင်ပါတယ်။ ကျွန်တော်တို့ မြန်မာ့ ရိုးရာ သင်္ကြန်ကို အရက်မသောက်ပဲ ဆင်နွှဲရင် ပိုမို စိုပြည် လှပ သွားမယ် ထင်ပါတယ်။ အကျိုးမဲ့တဲ့ ခိုက်ရန်ပွဲတွေ ဖြစ်ပွားမှု နည်းပါးသွားမယ် ထင်ပါတယ်။ တခြား အိမ်နီးချင်းများ ထက် စည်ကားသော မြန်မာ့ ရိုးရာ သင်္ကြန်ကို အစဉ် အလာမပျက် ယဉ်ယဉ်ကျေးကျေးလေး ဆက်လက် ထိန်းသိမ်း သွားသင့်တယ် ထင်ပါတယ်။ တခြားသူတော့ မပြောတတ် ပေမယ့် ကျွန်တော်ကတော့ ဆောင်ကရမ် ဆောင်ပုဒ်ကလေးကို ပြင်ပြီး Thingyan no alcohol ရယ်လို့ ရဲရဲကြီး ပြောလိုက်ချင်ပါတယ်။
Posted in
Labels:
Thingyan(Water Festival)
|
Wednesday, April 15, 2009
Posted in
Labels:
News ,
poem
|
Sunday, April 12, 2009
မနေ့က ကျွန်တော်တို့ လူငယ် စာပေ ၀ါသနာရှင်တွေ ပူးပေါင်း ပြုလုပ်တဲ့ ကဗျာရွတ်ပွဲလေး အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အခက်အခဲ အနည်းငယ်ကြားကနေ ကဗျာရွတ်ပွဲလေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အတွက် ၀မ်းသာ စရာ ကောင်းလှပါတယ်။ အဲ့ဒိ အတွက် ၀ိုင်းဝန်းပြီး တတပ်တအား ပါဝင် ပေးခဲ့ကြသော မြက်ခင်းသစ် အဖွဲ့သားများ၊ အက်ဒမင်ကြီး ကိုဗညားရှိန်၊ ပြေးပြေးလွှားလွှား လိုတာလေးတွေ ပြေးဝယ်ပေးသော ကိုမိုးလှိုင်ည၊ ညီမင်းခန့် နှင့် ကိုပုတ်သင်ညို ၊ ရွတ်ဆိုရမယ့် ကဗျာတွေကို စုစည်းပေးပြီး အစီအစဉ် ကြေငြာသူ အဖြစ်ပါ ဆောင်ရွက်ပေးသော သူရဿဝါ၊ ပြီးတော့ မေသက်နှင်း(ကဗျာ)၊ တကူးတက ရောက်လာပေးတဲ့ ကိုမျက်လုံး၊ ကိုဂစ်တာ၊ နေမကောင်း ဖြစ်နေတဲ့ ကြားက လက်ပ်တော့၊ Amplifier ၊ မိုက်ကရိုဖုန်း ယူလာခဲ့သော ကျွန်တော့်ကိုယ် ကျွန်တော် (အဟဲ ကိုယ့်ဟာကိုယ် ကျေးဇူးတင်လိုက်မယ်)။ အထူးဧည့်သည်တော် အဖြစ် တက်ရောက် အားပေးခဲ့သော ကဗျာဆရာများ ဖြစ်ကြသော ဆရာ ညီမင်းညို ၊ ဆရာ မင်းမဟော် (ပုသိမ်) တို့နှင့် အခြားသော တက်ရောက်ခဲ့ကြသော သူငယ်ချင်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်မိပါတယ်။ မနေ့က ကျွန်တော်တို့ ပွဲမလုပ်ခင် အိမ်က ထွက်မယ်အလုပ်မှာ မိုးက အသည်းအသန် ရွာနေတော့ လက်ပ်တော့နဲ့ စာရွက်တွေ စိုမှာတောင် စိုးရိမ်မိတယ်။ ကံကောင်းချင်တော့ ကျွန်တော် အိမ်ကနေ ထွက်ခါနီး ၁၂ နာရီ ကျော်ကျော် လောက်မှာ မိုးက တိတ်သွားတယ်။ မိုးတိတ်တာနဲ့ ကားငှားပြီး ဆိပ်ကမ်းသာ လမ်းကို ပြေးရတော့ တာပဲ။ ချိန်းထားတာက ၁နာရီ အရောက်ဆိုတော့ ဟိုလုပ်ဒီလုပ် လမ်းထိပ်ဘက် ထွက်တာနဲ့ ၁၂နာရီ ခွဲကျော် နေပြီ။ မြို့ထဲရောက်တော့ မိုးက နည်းနည်း ခပ်စဲစဲလေး ရွာနေတုန်းပဲ။ မြစံပယ် အပေါ်ထပ်ကို ရောက်တော့ ကိုမိုးလှိုင်ည၊ ညီမင်းခန့်၊ ဗညားရှိန်၊ အဆိပ် တို့ ကရောက်နှင့် နေကြပြီ။ ပြီးတော့ ကျွန်တော်နဲ့ ကိုမိုးလှိုင်ည Audio ကြိုးနဲ့ မီးကြိုးခွေ ၀ယ်ဖို့ ဖရေဇာဘက်ကို ထွက်ခဲ့တယ်။ မိုးတွေက ခပ်ဖွဲဖွဲ ရွာတုန်း..။ ပြန်လာတော့ မီးကြိုးတွေဘာတွေ စင်ပြီး ကာမှ ဘောက်စ်က မရတော့ ဘူးဆိုလို့ ကျွန်တော်တို့မှာ အကြံအိုက်သွားကြတယ်။ ဒါနဲ့ ကိုဗညားရှိန် တို့ ကွန်ပြူတာ ပစ္စည်းဆိုင်ကို ကွန်ပြူတာနဲ့ တွဲတဲ့ ဘောက်စ်လေး သွားပြေးဝယ်ကြရတယ်။ ပြီးတော့ ခေါင်းကို ကပ်ကြေးနဲ့ညှပ် ကြိုးစ နှစ်စ ထုတ်ပြီး Amplifier မှာ တပ်လိုက်တယ်။ မိုက်ကရိုဖုန်းနဲ့ စမ်းကြည့်တော့ အသံက ထီသည်တွေ သုံးတဲ့ အသံလို အစ်ပြီး ညှောင်နာနာ သံထွက်နေတယ်။ ဒါနဲ့ မဖြစ်သေးဘူး ဘယ်လိုလုပ်မလဲဆိုပြီး ကြံလိုက်ကြတော့ မြစံပယ် ဆိုင်ကိုပဲ ခွင့်တောင်းပြီး အပေါ်ထပ်က ဘောက်စ်တွေကို ကြိုးနဲ့သွယ်လိုက်ကြတယ်။ (အဲ့ဒိ ကြိုးကိုလဲ ပုတ်သင်ညိုနဲ့ ညီမင်းခန့်တို့ ပြေးဝယ်ရပြန်ပါတယ်)။ ကြိုးရလာတော့ ဘောက်စ်နဲ့ Amplifier သွယ်၊ မိုက် စမ်းကြည့် တာ အိုကေ သွားတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ဧည့်သည်တွေ ခဏစောင့်ရင်း ၂နာရီခွဲ လောက်မှ ပွဲကို စဖြစ်တော့တယ်။ အခမ်းနားမှူးအဖြစ် သူရဿဝါက နေ အစီအစဉ်တွေကို ဖတ်ကြားပါတယ်။ အစီအစဉ်(၁) မှာ ကျွန်တော်က MOWA တည်ထောင် ရခြင်း အကြောင်းကို ရှင်းပြရပါတယ်။ အစီအစဉ် (၂)မှာ ဗညားရှိန်က မြက်ခင်းသစ်လွင်ပြင် တည်ထောင်ရခြင်း အကြောင်းကို ရှင်းလင်း ခဲ့ပါတယ်။ အစီအစဉ် (၃) အရ ညီမင်းခန့် (ခ) ရိုးရာမှ အလင်းမျှော်စင် စာကြည့်တိုက်လေး ပြုလုပ်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြသွားပါတယ်။ အစီအစဉ် (၄) အရ ကိုမိုးလှိုင်ညက အိပ်မက်သစ်တို့ရဲ့ မာတိကာ ကဗျာရွတ်ပွဲ ကျင်းပ ရခြင်း အကြောင်းကို ရှင်းလင်းသွားခဲ့ပါတယ်။ အစီအစဉ် (၅)မှာတော့ ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။ မနေ့က ရွတ်ဆိုသွားသော ကဗျာဆရာတွေ တွေကတော့ ။ မင်းယွန်သစ် ( MOWA ) ….. " ကျွန်တော်အပေအတေ " ၂ ။ မိုးလှိုင်ည ( MOWA ) …… " နွေဦးကပွင့်ထွတ်တော့မယ် " ၃ ။ ဗညားရှိန် ( MKT ) …… " အလွမ်းတွေက အလွမ်းတွေကို မိုးလို့ " ၄ ။ ရိုးရာ ( MKT) …… " ညအတုရဲ့ ကြယ် " ၅ ။ သူရဿဝါ ( MOWA ) ….. " အပေါင်းအသင်းများနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း " ၆ ။ လင်းရမ္မာ ( MOWA ) ….. " နွေးကို ခိုးသွားတဲ့ ဧပရယ် " ၇ ။ ပုတ်သင်ညို ( MKT) ….. " လွင်တီးခေါင်တဲ့ အညတြကမ္ဘာ " ၈ ။ ကြက်သွန် ( MySuboo ) ….. " တစ်ယောက်တစ်ခြမ်း ကမ္ဘာ " ၉ ။ သောတ ( MKT) …… " တယ်လီဖုန်း " ၁၀ ။ အဆိပ် ( MKT) …… " ကြယ်စင် " တို့ ဖြစ်ပြီး ဧည့်သည်တော် အဖြစ် ရောက်လာတဲ့ ဆရာ ညီမင်းညိုကလဲ ကဗျာ တပုဒ် ရွတ်ဆို ပေးသွားခဲ့ပါတယ်။ အစီအစဉ် (၆)ကတော့ အကျွေးအမွေး အစီအစဉ် ဖြစ်ပြီး ကဗျာဆရာ ဦးညီမင်းညိုနဲ့ ကျွန်တော်တို့ အဖွဲ့တွေ စကား လက်ဆုံကျ ခဲ့ကြပါတယ်။ ပွဲကို လေးနာရီမှာ ရုတ်သိမ်းခဲ့ပါတယ်။ ကော်ဖီခွက် ၄၀ မှာထားပေမယ့် မိုးရွာလို့ ထင်တယ်။ ပရိသတ်က အားလုံးပေါင်း ၁၉ယောက်ပဲ တက်ရောက် ခဲ့ပါတယ်။ ကျန်တဲ့ ကော်ဖီခွက်တွေကိုတော့ ပိုက်ပိုက် ပေးပြီးသားမို့ နှမြောတာနဲ့ လာတဲ့ သူတွေကို ကုန်အောင် တယောက် ၂ခွက် နှုန်းနဲ့ သောက်ခိုင်းလိုက်ပါတယ်။ (နောက်များမှာ လုပ်မယ့် ပွဲတွေမှာ သွားရလာရ အဆင်ပြေသော နေရာတွင် ပြုလုပ်သွား မည်ဖြစ်ပြီး၊ ခပ်စောစောကပင် ကြိုတင် ကြေငြာ ပေးဖို့ ဒီပွဲကနေ အတွေ့အကြုံ ရလိုက်တာ အမြတ်ပါပဲ)။ နောက် တခုကတော့ ကျွန်တော်တို့ ယခင်က စီစဉ်ထားတဲ့ တလတခါ မဂ္ဂဇင်းတိုက်တွေကို စာမူပို့မယ့် ကိစ္စကိုလဲ ဆရာညီမင်းညိုက တတ်နိုင်သလောက် အကူညီ ပေးသွားမှာဖြစ်ပြီး နောင်များမှာ စာပေ လောကက ကဗျာဆရာများနဲ့ ကျွန်တော်တို့ အွန်လိုင်းက စာရေးသူတွေနဲ့ ရင်းနှီးအောင် တွေဆုံပေးပါ့မယ်လို့လဲ ပြောခဲ့ပါသေးတယ်။ ကိုမိုးလှိုင်ည သူရဿဝါ၊ ဗညားရှိန်၊ ဆရာညီမင်းညို၊ ဆရာ မင်းမဟော် (ပုသိမ်) တို့ စကား လက်ဆုံကြနေကြစဉ် ဒါကြောင့် နောက်လုပ်မယ့် ပွဲတွေမှာ ပြင်ပက ဆရာတွေကို ဖိတ်ကြားဖို့ ကျွန်တော်တို့ လမ်းစရခဲ့ကြပါတယ်။ မနေ့က မတက်ရောက် ဖြစ်ခဲ့သော သူငယ်ချင်းများ အားလုံးလဲ နောက်တခါ ပွဲများကို လာရောက် စေချင်ပါတယ်။ စာပေအနုပညာ ချစ်မြတ်နိုးတဲ့ မျိုးဆက်သစ် လူငယ်တွေ သိုက်သိုက် ၀န်းဝန်းနဲ့ လာရောက် ဆင်နွှဲပေး စေလိုပါတယ်။ ဒီတော့ နောက်ပွဲတွေမှာ ကဗျာရွတ်ဆိုချင်တယ် ဒါမှမဟုတ် စာပေစကားဝိုင်းလေးတွေ ပြုလုပ်ရင် လာရောက် ပူးပေါင်းချင်တယ် ဆိုရင် ကျွန်တော်တို့ MOWA နဲ့ မြက်ခင်းသစ် တို့ကို ဆက်သွယ် နိုင်ကြပါတယ် ခင်ဗျာ။
Posted in
Labels:
News ,
Today Yangon
|
Friday, April 10, 2009
ကျွန်တော်တို့ အွန်လိုင်းမှ စာပေ၀ါသနာတူ လူငယ်များ ပူးပေါင်းပြီး ကဗျာရွတ်ဆိုပွဲ ပြုလုပ်မည် ဖြစ်ပါသည်။ မည်သူမဆို လာရောက် နားဆင် နိုင်ပါတယ်။ ပွဲကို အလော တကြီး စီစဉ်လိုက်ရတဲ့ အတွက် နေရာ အခက်အခဲ ရှိခဲ့ရင်တော့ နားလည် ပေးစေ ချင်ပါတယ်။
ကျင်းပမည့် နေရာ။ ။ မြစံပယ် လက်ဖက်ရည်ဆိုင် (အပေါ်ထပ်)၊ ဆိပ်ကမ်းသာလမ်း အလယ်ဘလောက်
ကျင်းပမည့် အချိန်။ ။ ညနေ ၂း၀၀ မှ ၄း၀၀ ထိ
ကျင်းပမည့် နေ့ရက်။ ။ ၁၁.၄.၂၀၀၉
Posted in
Labels:
poem
|
Tuesday, April 07, 2009
အိတွဲ့လွမ်းလျလွန်းနေတဲ့… ဟောဒိကောင်ဟာ… ခေါ်သံတွေ… အထပ်ထပ် ကြားချင်နေခဲ့… ရာသီဥတု တခုစာ မက ဝေးကွာလွန်းတဲ့အတွက်.. သူမနဲ့ ကျွန်တော့်အကြား … အစိမ်းရောင် တယ်လီဖုန်းလေး ခြားနားနေတယ်…၊ နံရံကပ်… နာရီအိုလေးဆီက… လွတ်ကျလာတဲ့… အသဲကွဲ စံတော်ချိန်က.. ၈နာရီထိုးသွားလေရဲ့… "လူကြီးမင်း..ခေါ်ဆိုသော…တယ်လီဖုန်းမှာ….." "လူကြီးမင်း..ခေါ်ဆိုသော…တယ်လီဖုန်းမှာ….." "လူကြီးမင်း..ခေါ်ဆိုသော…တယ်လီဖုန်းမှာ….." "လူကြီးမင်း….." "………………………………………" အဲ့ဒိညကပေါ့ကွယ်…. ငါ့ရင်ခုန်သံတွေ သတ်ပုံမှားသွားခဲ့ရတယ်….။ + မင်းယွန်းသစ် +
Posted in
Labels:
poem
|
Tuesday, April 07, 2009
play ကိုနှိပ်... ကြည့်လက်စ ကားကိုပြန်ကြည့်.. တကွက်ပြီး.. တကွက်.. ချစ်လိုက်.. ရန်ဖြစ်လိုက်... သူတို့အသဲကွဲ.. ကိုယ်လဲ အသဲကွဲ.. သူတို့ငိုကြ .. ကိုယ်လဲ မျက်ရည်လည်ရွှဲ... သူတို့ဗီလိန်... ကိုယ်လဲ ဗီလိန်. မှုံနေအောင် လှတဲ့ မင်းသမီး.. ကိုယ်လဲ စိတ်ကူးယဉ် ကြည့်လိုက်တယ်.. ရုပ်ရှင်ထဲက ဇာတ်လိုက်ကို... မင်းသမီး ၂ယောက်ကပြိုင် ကြိုက်လိုကြိုက်... (အော်.. ဒီကောင် ကံကောင်းလိုက်ပုံများ..) ဆွတ်ဖြူဖြူ နှင်းတွေကျ.. သူတို့အေးခဲတုန်ရီ.. ကိုယ်ကတော့ မြင်းခေါင်း စွပ်ကျယ်နဲ့.. မင်းသားနဲ့ လူဆိုးတွေချ.. မင်းသားပဲနိုင်... (ဟိုကောင်တွေ အဖမ်းခံရ...) ဒီကောင် ဟီးရိုးဖြစ်.... မင်းသမီးနဲ့ညား... ပြီးတော့ အာဝါးတွေပေး.. ပြီးတော့.. စာတန်းထိုး.. ပြီးတော့.. The End ................... stop ကိုနှိပ် မီးကိုပိတ်.. ကိုင်း... စောစော အိပ်တာပဲကောင်းတယ်...။
Posted in
Labels:
News
|
Monday, April 06, 2009
www.mmthingyan.com ဟာ သင်္ကြန်နဲ့ ပတ်သက်ပြီး မည်သူမဆို လွတ်လပ်စွာ ပါဝင် ရေးသားနိုင်တဲ့ သင်္ကြန်ဝက်ဘ်ဆိုက် လေးဖြစ်ပါတယ်။ ကမ္ဘာအရပ်ရပ်က ရွှေမြန်မာတွေ ဆင်နွှဲကြတဲ့ သင်္ကြန်ပွဲတွေကို တစုတစည်းတည်း ရှုစားရမယ့် တခုတည်းသော သင်္ကြန်ဆိုက် ဖြစ်ပါတယ်။ ဒါ့အပြင် မည်သူမဆို လွတ်လပ်စွာ ပါဝင် ရေးသား နိုင်ပါတယ်။ ဘယ်လိုရေးသား ရမလဲဆိုတော့ blog နဲ့ ရင်းနှီးကျွမ်းဝင် သူတွေ အနေနဲ့ကတော့ သင်္ကြန်အကြောင်း လေးတွေ ဝေမျှပေးချင် တယ်ဆိုရင် thigyanblog@gmail.com ကို ဆက်သွယ်နိုင်ပါတယ်။ မိတ်ဆွေရဲ့ အီးမေးလ်ကို သင်္ကြန်ဘလော့ဂ်မှာ ပါဝင်ရေးသားနိုင်ဖို့ ဖိတ်ပေးပါ့မယ်။ အဲ ဘလော့ဂ်နည်းပညာနဲ့ မရင်းနှီး သူတွေ အတွက်ကတော့ thingyanblog.2009@blogger.com ဆိုတဲ့ လိပ်စာကို အီးမေးလ်ကနေ လိပ်မူပြီး မိမိ တင်ချင်တဲ့ စာကို စာကိုယ်မှာရေး ပြီးတော့ ပုံတွေကို attachment တွဲပြီး ပုံမှန် အီးမေးလ်ပို့သလို ပို့လိုက်တာနဲ့ မဟာသင်္ကြန်၂၀၀၉ www.mmthingyan.com မှာ စာတွေ တင်ပြီးလျက်သား ဖြစ်သွားပါမယ်။ ထပ်ပြောပေးပါ့မယ်။
blog နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူများ mmthingyan မှာ ပါဝင် အားဖြည့် ရေးသားချင်တယ် ဆိုရင် thingyanblog@gmail.com ကို ဆက်သွယ်ပြီး စာရင်းပေးသွင်းနိုင်ပါတယ်။
blog မရေးတတ်သူများအတွက် မိမိရဲ့ အီးမေးလ်ကနေ ဒီ သင်္ကြန်ဆိုက်ပေါ်ကို ပုံမှန် အီးမေးလ်ပို့သလို အလွယ်တကူ ၀င်ရောက်ရေးသား ချင်တယ်ဆိုရင် thingyanblog.2009@blogger.com လိပ်မူပြီး ရေးသားနိုင်ပါတယ်။
၂၀၀၉ အတာသင်္ကြန်မှာ အေးချမ်းစွာ ပျော်ရွှင်နိုင်ကြပါစေ။
Posted in
Labels:
News ,
Today Yangon
|
Monday, April 06, 2009
ပြီးခဲ့တဲ့ ၂၉ ရက်နေ့က အင်းယားလမ်း စိမ်းလန်း စိုပြေမှာ
မြက်ခင်းသစ် မန်ဘာ တွေနဲ့
MOWA (Myanmar Online Writers Association) မှ အက်ဒမင် တချို့ တွေ့ဆုံပွဲလေး ပြုလုပ်ခဲ့ကြပါတယ်။ စာပေ ၀ါသနာပါတဲ့ လူငယ်တွေ ချည်း ဖြစ်တာမို့ စာပေ အနုပညာနဲ့ ပတ်သက်တဲ့ စကားဝိုင်းလေး ဖြစ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဆိုက်တွေရဲ့ ရှေ့ဆက်ပြီး လုပ်မယ့် အနုပညာ လှုပ်ရှားမှုလေးတွေ နဲ့ ပတ်သက်ပြီးလဲ မန်ဘာတွေနဲ့ ပြောဆို ဆွေးနွေး ဖြစ်ခဲ့ပါတယ်။ အွန်လိုင်းမှာ ရှိတဲ့ စာရေးသူ လူငယ်တွေရဲ့ လွတ်လပ်ပြီး သစ်လွင်တဲ့ အတွေးအမြင်လေးတွေကို ဖလှယ်ခွင့် ရခဲ့တဲ့ အတွက် အများကြီး ၀မ်းမြောက်ခဲ့မိပါတယ်။ ကျွန်တော်တို့ ၂ဆိုက်ဟာ ၀ါသနာတူ တွေချည်းပဲ မို့ အတူပူးပေါင်းပြီး စာကြည့်တိုက်လေး တည်ထောင် သွားဖို့လဲ သဘောတူညီ ခဲ့ကြပါတယ်။ စာအုပ်စာတန်းတွေလဲ စတင် စုဆောင်းနေပါပြီ။ စာအုပ်စာတန်း လှူဒါန်းလို သူများ အနေနဲ့ myatkhinnthit@gmail.com သို့မဟုတ် mowa.admins@gmail.com တို့ကို ဆက်သွယ်၍ လှူဒါန်း နိုင်ပါတယ်။ နောင်တွင်လဲ အလျင်းသင့်သလို ကဗျာရွတ်ပွဲများ၊ စာပေစကားဝိုင်းများလဲ ပြုလုပ်သွားဖို့ ရှိပါတယ်။
တွေ့ဆုံပွဲကို တက်ရောက်ခဲ့ကြတဲ့ သူတွေကတော့...
Zero Poison သူရဿဝါ ပုတ်သင်ညို နေဇင်လင်း ယဉ်မင်းပွင့် ညီမင်းခန့် မေသက်နှင်း(ကဗျာ) မိုးဆမ်းပန်း သောတ အိပ်မက်ဖြူ J9 ဝေဖြိုးမင်း ဇာတိ မိုးလှိုင်ည မင်းယွန်းသစ် ဗညားရှိန် သမီးငယ်လေး မွန်မွန် တို့ဖြစ်ကြပါတယ်။
ဦးလေး (သို့) ကိုမိုးလှိုင်ည :)
လက်မှတ်ရေးထိုး...
ထွေရာလေးပါး
ဝက်ဘ်ဆိုက်၂ခုရဲ့ ရှေ့လုပ်ငန်းစဉ်များနှင့် စာကြည့်တိုက် ထူထောင်သွားရန် ဆွေးနွေးနေကြစဉ်
သူရဿဝါ၊ ကျွန်တော်နှင့် ကိုမိုးလှိုင်ည
စားကြသောက်ကြ (အအေးနှင့်မုန့်များသာ... :))
လူစုံတက်စုံ
P.S : လာမည့် ၁၁ရက်နေ့တွင် ကဗျာရွတ်ဆိုပွဲ ပြုလုပ်ပါမည်။ တက်ရောက်လိုသူများ အချိန်နှင့် နေရာ သိရှိလိုပါက mowa.admins@gmail.com (သို့)myatkhinnthit@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း....။