twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကျွန်တော်၏ပထမဆုံးများ

ကျွန်တော့်ကို သယ်ရင်း မီးလေးဇာက တက်ခ်ပါတယ်။ တက်တဲ့ခေါင်းစဉ်က ပထမဆုံးများတဲ့ ကျွန်တော့်အတွက်တော့ ပထမဆုံးများဆိုတော့ တော်တော်စဉ်းစားရတယ်။ အများအားဖြင့် ပထမဆုံးများက ငယ်ဘ၀ကို ပြန်တွေးရတာကိုး။ မှတ်ဉာဏ်ကလဲ ခပ်ကောင်းကောင်းဆိုတော့ တော်တော် ဖြစ်ညှစ်ပြီး စဉ်းစားလိုက်ရတယ်။ အင်း တက်ခ်.. တက်ခ် ..တက်ခ်။ တက်ခ်ဆိုသည်မှာ ကိုယ်ပေါင်ကို လှန်ထောင်းခြင်းများပါ တကား...။ :P

ပထမဆုံးနေခဲ့တဲ့မြို့~~~ရန်ကုန်တိုင်း ၊အင်းစိန်မြို့ပါ။

ပထမဆုံး တက်ခဲ့တဲ့ကျောင်း~~~လွိုင်ကော်မြို့ ခရစ်ယာန်မယ်သီလရှင်ကျောင်းကဖွင့်တဲ့ မူကြို။ (ကျွန်တော်က မွေးတော့တာ ရန်ကုန်မှာ ဖေဖေက အစိုးရအရာရှိဆိုတော့ ငယ်ငယ်လေးထဲက လျှောက်သွားနေရတာပါပဲ)

ပထမဆုံး သူငယ်ချင်း~~~ကျွန်တော် မှတ်မိသလောက်တော့ ဘောက်ဖတ်ဆိုတဲ့ သူငယ်ချင်းပဲ။ ဒီကောင်နဲ့က တော်တော်လေး ခင်တယ်။ မူကြိုကနေ သုံးတန်းအထိ ပေါင်းတာ။ သူ့နာမည်ရင်းတော့ မသိပါဘူး။ ဘောက်ဖတ်လို့ပဲ သိတော့တယ်။
ပထမဆုံးရတဲ့ ကျောင်းက သူငယ်ချင်း~~~မမှတ်မိတော့ဘူးဗျာ..ကျနော်က အပေါင်းအသင်း သိပ်မက်တော့ အကုန်လုံးနဲ့ပေါင်းတယ်။ :)

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်~~~မူကြိုမနေခင်က ဖတ်ရတဲ့ အေဘီစီဒီ ရောင်စုံအရုပ်လေးတွေနဲ့ စာအုပ်

ပထမဆုံး အလွတ်ရတဲ့ကျောင်းစာ~~~Black eyes susan.. Black eyes susan ... How are you? How are you?

ပထမဆုံး အရိုက်ခံရခြင်း~~~ညီမလေး လက်တံခါးညှပ်နေတာကို ဘေးမှာ ထိုင်ဆော့နေလို့ ဖေဖေ တွယ်တာခံလိုက်ရတာ ပထမဦးဆုံးပဲ။ ဟီးဟီး

ပထမဆုံး ရတဲ့ဆု~~~သူငယ်တန်းတုန်းက လွိုင်ကော် အ.လ.က (၆)မှာ လုပ်တဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပန်းချီပြပွဲမှာ ရခဲ့တဲ့ ပထမဆု။

ပထမဆုံးသွားဖူးတဲ့ခရီး~~~အင်းလေး။

ပထမဆုံးစီးဖူးတဲ့ကား~~~ဖေဖေ့ရုံးက ရိမ်းဂျားကားစုတ်ကြီးပေါ့ ဟိဟိ။

ပထမဆုံးဆိုတဲ့သီချင်း~~~ဂျက်မြသောင်းရဲ့ ဒါလေးများ သီချင်း။ ငယ်ငယ်တုန်းက ဂျက်မြသောင်း ခေတ်စားတော့ အဲ့သီချင်းကို အရမ်းကြိုက်တာ။ အဲ့သီချင်းဖွင့်ထားရင် လိုက်ဆိုရုံတင်မကဘူး ကွေးကောက်နေအောင်ကို ကတာ။း)

ပထမဆုံးရေးခဲ့သော ရည်းစားစာ~~~အဟီး ခြောက်တန်းတုန်းကထင်တယ်။ :P

ပထမဆုံးရည်းစားထားခဲ့သောခုနှစ်~~~၁၉၉၈ခုနှစ်

ပထမဆုံးချစ်သူ~~~ပြောပြဘူးဗျာ...။း)

ပထမဆုံးဝယ်ဖူးတဲ့စာအုပ်~~~မိုးသောက်ပန်းစာအုပ်

ပထမဆုံးဝယ်တဲ့သီချင်းခွေ~~~Techno Remix 1998

ပထမဆုံးတက္ကသိုလ်ရောက်တဲ့နေ့~~~၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလ ထဲကတရက်တရက်ပဲ မမှတ်မိတော့ဘူး။

ပထမဆုံးရဖူးတဲ့လက်ဆောင်~~~ညီမလေးနဲ့ ကျွန်တော်နဲ့က ၅နှစ်ကျော်ကွာတော့ ကျွန်တော်က အကြာကြီးကလေး လုပ်ရတော့ အလိုလိုက်ပြီး ၀ယ်ပေးတဲ့ ဟာတွေက အများကြီးပဲ မှတ်မိတော့ဘူး။

ပထမဆုံးအလုပ်~~~အခုထိ မိဘလုပ်စားထိုင်စားပြီး ကျောင်းတက်တုန်းဗျ..ဟတ်ဟတ်။

ပထမဆုံးတစ်ယောက်ထဲခရီးသွားခြင်း~~~၂၀၀၇ခုနှစ်က လားရှိုးမြို့ကို သွားတဲ့ခရီး။

ပထမဆုံး သောက်ဖူးတဲ့ ဆေးလိပ်၊ ပထမဆုံးသောက်ဖူးတဲ့အရက်~~~လန်ဒန်စီးကရက်၊ လွှိုင်ကော်မှာနေတုန်း ၇နှစ်သားလောက်တုန်းက ဦးလေးခိုးတိုက်တဲ့ ခေါင်အရက်:P

ပထမဆုံးတက်ဖူးတဲ့ ဆေးရုံ~~~ အင်းစိန်ဆေးရုံမှာ မွေးတုန်းကလေ.၊အသက်ကြီးတဲ့အထိ တခါမှ ဆေးရုံမတက်ရသေးဘူးဗျ။

ပထမဆုံး ခင်တဲ့ ဘလော့ခ်မိတ်ဆွေ~~~ ကိုနေဘုန်းလတ်။

ပထမဆုံးရေးတဲ့ကဗျာ~~~ဒဿအသဲ တဲ့ လေးလုံးစပ်ကဗျာလေးပဲ (ကဗျာဆရာဖြစ်တဲ့ ဖေဖေသင်ပေးတဲ့ လေးလုံးစပ်နဲ့ ပထမဆုံးရေးဖြစ်တာပဲ)

ပထမဆုံးကိုယ်ရှာတဲ့ပိုက်ဆံသုံးခြင်း~~~ အခုထိကို ပိုက်ဆံမရှာနိုင်သေးဘူး၊ အဲတခုပဲ ၅တန်းလောက်တုန်းက အိမ်က သတင်းစာတွေ၊ နို့ဆီခွက်တွေရောင်းပြီး ၀က်သားတုတ်ထိုးအ၀သွားစားဖူးတယ်။ ဟီးဟီး
ပထမဆုံးအကြိမ်ရန်ဖြစ်ခြင်း~~~၉တန်းတုန်းကပေါ့၊ တုတ်ပွဲဓားပွဲပဲ မသေတာကံကောင်း။:P

ပထမဆုံးအကြိမ် ထီပေါက်ခြင်း~~~အလကားရတဲ့ပိုက်ဆံတွေနဲ့ အကျိုးမပေးဘူး။

ပထမဆုံး ရင်ခုန်ဖူးခြင်း~~~အမြဲတမ်းခုန်နေတာပဲလေ။

ပထမဆုံးတီးဖူးတဲ့ ဂစ်တာ~~~မြောက်ဥက္ကလာ အပေါင်ဆိုင်က ၂၀၀၀ ကျပ်နဲ့ ၀ယ်လာတဲ့ အပေါင်ဆုံးဂစ်တာ..။ :)

ပထမဆုံးရောက်ဖူးတဲ့ နိုင်ငံခြား~~~တရုတ်ပြည်။

ကဲတက်ခ်ထားတာတွေတော့ ရေးပြီးပြီ မီးလေးရေ လက်လဲညောင်း ခေါင်းလဲမူးသွားပြီ။ တော်ပြီ ဘယ်သူ့ကိုမှ ထပ်ဆင့် မတက်ခ်တော့ဘူး။ ကျွန်တော်ရဲ့ ပထမဆုံးတွေကတော့ ဒါတွေပါပဲခင်ဗျာ..။ :)

Read Users' Comments (6)

ကျွန်တော်၏ခေါင်းစဉ်မဲ့ခြင်း

အနှစ်သာရမဲ့နေတဲ့….နံနက်ခင်းဆိုတာ

မီးသဂြိုဟ်ပြစ်ဖို့က လွဲပြီး တခြားမရှိဘူး….

လက်ဆုပ်လက်ကိုင်ပြစရာ မရှိပေမယ့်…

လက်ဆုပ်လက်ကိုင်ပြစရာ ရှိနေတယ်….

အလကားနေရင်း လာဟိန်းပြနေတာကိုက

ခြသေ့င်္တွေမဟုတ်မှန်း သိသာလွန်းတယ်…

တိမ်တွေလို ငိုကြွေးပစ်ဖို့…

မျက်ရည်ဆိုတာ ဘယ်နားသွားရှာရမှန်းမသိဘူး..

သီဝရီအကောင်းစားတွေဟာ

ငါ့ ရှင်သန်ခြင်း ခြေထောက်တွေကို

ခြေချင်းလာခတ်ထားဖို့ ကြံစည်နေကြတယ်..

သုညထက် သုညဖြစ်တာကို

ရှာဖို့ လမ်းရိုးတွေ စွန့်ပစ်ရ အုံးမှာပဲ….

ဘာကောင်မှ မဟုတ်တဲ့ငါဟာ ဘာကောင်မှ

ထပ်မဖြစ်အောင် ကြိုးစားရအုံးမယ်…

ပျက်သုဉ်းခြင်း အချိန်တွေဟာ

မသိလိုက်ဘာသာ နေချိန်မှာ

ကိုယ့်ဆီတည့်တည့် ထိခတ်လာတော့တယ်..

မေးခွန်းတွေများစွာ မွန်းကြပ်နေတဲ့

ဟောဒိ ဗဟိန္ဓ လောက မှာ….ငါဟာ

ကိုယ့်ဟာကိုယ် ပြန်ရှာနေရသူပေါ့….

ကဲ…နရီရေ…

လုံးဝ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ရင်တော့

ကျေးဇူးပြု၍ ငါ့ကို မနှိုးပါနဲ့….။

Read Users' Comments (2)

ပျိုတို့မောင်ကန်တဲ့ပွဲ၊ ခွက်ခွက်လန်ပဲ(၂)

ကွင်းထဲမှာ လေ့ကျင့်တော့လဲ အသေမောင်း။ လူလဲ ဖတ်ဖတ်မော ဟေ့လူ ခင်ဗျား ဖလား သိပ်လိုချင်ရင်လဲ ပြောဗျာ ကျွန်တော့်အိမ်က ပလပ်စတစ်ပစ္စည်းရောင်းတာဗျ။ ကော်ဖလားတွေ လိုသလောက် ပေးမယ်ဆိုတော့ ဆဲပါလေရော့။ :P ပြီးတော့ ကျွန်တော့်ကို ချော့မော့ပြီး “ကန်ပါ ဖက်ဖက်ရယ် အခုငါတို့ မေဂျာမှာ ကန်မယ့် သူက သိပ်မရှိဘူး မင်းကြည့်လိုက်လေ ကန်မယ့်ကောင်တွေကိုလဲ” သူပြတော့မှ ကျွန်တော် ကိုယ့်အသင်းကို ကိုယ်ပြန်သုံးသပ် ကြည့်လိုက်တော့ ရှုနာရှိုက်ကုန်း ပန်းနာသမား၊ ဆေးလိပ်သမား၊ ကွမ်းသမား၊ ဂလန်ဂလား (ကျွန်တော်တို့ မေဂျာမှာ သူ အရပ်အရှည်ဆုံးပဲ ၆ပေကျော်မယ်ထင်တယ် သူ့နာမည်ကို ပေးထားတာက ဓာတ်တိုင်တဲ့)၊ ဗိုက်ပူဗိုက်ရွှဲ အံမယ်လေး ဒါ Electronic မေဂျာက စလက်ရှင် တွေပေါ့။


အံမယ် အထင်တော့ မသေးနဲ့ ကျွန်တော်တို့ အသင်း ကန်တော့ ကွာတားအထိတက်ခဲ့တယ်။ ကြားပွဲတွေမှာ လူလောက်နေတော့ ကျွန်တော်က အေးဆေး ကွင်းဘေးမှာ နှပ်နေရုံပဲ။ ကောင်းလိုက်တာ သူများကန်တဲ့နေ့တွေ ကျရင် နိုင်ငံတကာပွဲတွေလို အဆင့်မှီမှီ ဘင်ခရာတီးပြီး အားပေးလိုက်သေးတယ်။ ဟီးဟီး ဘင်ခရာ အစစ်တော့ မဟုတ်ဘူး အဆောင်ပိုင်ရှင် အဖိုးကြီးဆီထည့်တဲ့ ငါးဂါလံကော်ပုံးကြီး မသိအောင် မလာပြီး ဒုတ်တချောင်းနဲ့ “အီးစီ..ဒုန်းဒုန်းဒုန်း.. အီးစီ..ဒုန်းဒုန်း” နဲ့ အားရပါးရ အားပေးတာပေါ့။:P ကွာတား ရောက်တဲ့နေ့ကျတော့ ဖာဂူဆန်ရူးကြီးအဲလေ ဟုတ်ကဲ့ရှင့်ကြီးက ကျွန်တော့်ကို ဒုတိယပိုင်းမှာပါဖို့ ပြောတယ်။ မြို့နယ်ကွင်းမှာ ကျောင်းက ကျွန်တော်တို့ မေဂျာက မမတွေလဲ တခဲနက် လာအားပေးကြသေးတယ်။ အဲ့ဒိနေ့က ကန်ရတာ Electrical Power (EP) အသင်းနဲ့ပေါ့။ ခြေရည်တူနေတော့ ပထမပိုင်း ပြီးခါနီးအထိ တဂိုးမှ မသွင်းနိုင်ကြသေးဘူး။ ခြေရည်တင်တူတာ မဟုတ်ဘူး တခြားသွားတူ နေတာက ဇိုးသမား တွေချည်းပဲ အားလုံး သောက်ဖော် သောက်ဖက်တွေ။ ဟီး။


အဲဒုတိယပိုင်းပွဲပြီးခါနီးတော့ EP က ထောင့်ကန်ဘော ကန်ခွင့်ရတယ်။ အဲ့ဒိမှာ အီးပီက ဒိုးကလေး ဆိုတဲ့ အကိုကြီး ကန်တယ်။ (ဒိုလေး မဟုတ်ပါ။ သူ့နာမည်က ဒိုးကလေးတဲ့လေ ဘောလုံး အခြေခံတော်တော်ကောင်းပါတယ်) ဘယ် အဲ့ဒိတုန်းက ရူနီ၊ ဒိုလေး တို့ ဘယ်နား ရောက်နေလဲ မသိဘူး။ EPL တောင် မရောက်သေးဘူး။ ကျွန်တော်တို့က မြို့နယ်ကွင်းကြီးမှာ ကျောင်းလက်ရွေးစင်အဖြစ်နဲ့ တောင် ကန်နေပြီလေ။ (ဟီးဟီး ကြံဖန် ကြွားရတာ) ။ ပြန်ဆက်အုံးရဲ့။ ဒိုးကလေး ကန်လိုက်တဲ့ ဘောလုံးဟာ တိကျစွာပဲ ဂိုးရှေ့လူအုပ်ကြားထဲ ကျပါတယ်။


အဲ့ဒိအချိန်မှာ လူအုပ်ကြားထဲက ဂလန်ဂလားကြီးနဲ့ အမြင့်ကို ခုန်ပြီး ဘောလုံးကို တိကျစွာ ခေါင်းတိုက်လိုက် သူကတော့ တခြား မဟုတ်ပါ ဘူး ကျွန်တော်တို့ အသင်း က ဓာတ်တိုင်လို့ ခေါ်တဲ့ တိုင်ကြီးပါ။
“ဂိုး.....”
“ဟာ...”
ဟိုက် သွားပြီ တိုင်ကြီး ဟုတ်တိပတ်တိ သွင်းလိုက်တာက ကိုယ့်ဂိုးကိုယ်။ ဒါမျိုးကျ တိကျလိုက်တာ တိုင်ကြီးရယ်လို့ ဟုတ်ကဲ့ရှင့်ကြီးက ငိုသံပါကြီးနဲ့ ကျွန်တော့်ဘေးမှာ ညည်းနေလေရဲ့။ ညည်းမှာပေါ့ သူရယ် အခန်းထဲက ကျွန်တော်တို့ မေဂျာက မမတွေရယ်က အီးပီက ဟာတွေနဲ့ လောင်းထားကြတာတဲ့။ ငါးပုလင်းဆိုလား ခြောက်ပုလင်းဆိုလား။ ဒါနဲ့ ပထမပိုင်းပြီး သွားရော။ အံမယ်လေး ပထမပိုင်းပြီးတော့ အီးစီက ကစားသမားတွေက အမောပြေ စီးကရက်တွေ တလှိုင်လှိုင် ထိုင်သောက် နေကြသေးတယ်။ အံ့ရော။ ဒါနဲ့ ဒုတိယပိုင်း ကျတော့ လူလဲ တယ် လူလဲတော့ ကျွန်တော် ၀င်ရတာပေါ့။ နောက်တန်း တောင်ပံနေရာ။ အဲ့ဒါမှ ကွိုင် ဒိုးကလေးဆိုတဲ့ အကိုကြီးကို မနည်းထိန်းရတယ်။ သူက ကျွန်တော် တောင်ပံနဲ့ ထိပ်တိုက်ကြီးမှာ ကစားတာ။


ဖြစ်ချင်တော့ မိုးက ရွာလာပါတယ်။ နောက်ထပ်လဲ ဂိုးမသွင်းနိုင်တော့ဘူး။ ကျွန်တော်တို့ တိုက်စစ်မှူးတွေကလဲ အားကိုး ရတယ် လျှာ တစ်တောင်လောက် ထွက်နေပြီ။ ခြေထောက်တွေက နောက်ပြန်လှည့်ချင်နေပုံနဲ့။ ဒါနဲ့ တချီတော့ အလယ်တန်းနဲ့ အရှေ့တန်းသမားတွေ တိုက်စစ်လိုက် သွားတော့ ဟိုဘက် အသင်းက လျှက်တပြတ် ကောင်တာ ထောင်ချောက် ဆင်ပြီး တရကြမ်း ဆွဲလာပါတယ်။ ဆွဲလာသူကတော့ တခြားလူ မဟုတ်ဘူး ဒိုးကလေးပါပဲ။ လှစ်လှစ် လှစ်လှစ်နဲ့ ပြေးလာလိုက်တာ။ အလယ်တန်းမှာ ဘယ်သူမှ မရှိတော့ဘူး။ နောက်တန်းမှာ သုံးယောက်ပဲ ရှိတော့တယ်။ ဒွတ်ခပဲ။ ဒါနဲ့ ကျွန်တော်လဲ ကွင်းလယ်ဘက်ကို ထွက်ပြီး ပိတ်မယ်လုပ်တော့ ဒိုးကလေးက ကျွန်တော်တချက်ခေါက်ပြီး လိမ်သွားတယ်။ (တင်းသွားပြီ) အလိမ်ခံလိုက်ရလို့ အတင်းအနောက်က ပြန်လိုက်သွားတယ်။ နောက်တန်းက နောက်တယောက်က ဒိုးကလေးကို ပိတ်တယ်။ ထပ်ခေါက်သွားပြန်တယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ပြန်မှီသွားတယ်။ ကွင်းပြင်က အသံတွေက ညံနေတာပဲ။


“ဖက်တီးကလေးရေ ပြေးထားဟ၊ ဟဲ့ ပြေးဟဲ့ ကောင်လေးရဲ့”


ကြီးတော်မတွေပေါ့ သူတို့ လောင်းကြေး ရှုံးမှာစိုးလို့ စွတ်အော်ခိုင်းနေတယ်။ ဒီမှာ ပြေးရတာ သေတော့မယ်။ ဟင့် ။ ကျွန်တော့်မှာ ဗိုက်ကလေး ရှေ့ပစ်ကာ ပစ်ကာ ပြေးရတာပေါ့။ ကံကောင်းချင်တော့ ဒိုးကလေးနား မှီသွားတယ် ကံဆိုးချင်တော့ စလစ်ရိုက်ပြီး ချော်လဲသွားတယ် ။ ကံကောင်းချင်တော့ ဒိုးကလေး ခြေထောက်ထဲက ဘောလုံးကို သွားကန်မိတယ်။ အဲ ကံဆိုးချင်တော့ ဘောင်းဘီကွဲသွားတယ်။ “ဗြိ...ဗြန်း” အဲဗျ ပထမ ဗြိက အပေါ်ဘောင်းဘီ နောက် တဗြန်းက အောက်က အီလတ်စတစ်ဘောင်းဘီ သွားပြီ အခွက်ရှဲပါပြီ ။ ပွဲကြည့်စင်က ၀ါးလုံးကွဲ ရီကြတယ်။ ခဏနေတော့ကျွန်တော်လဲ ဟုတ်ကဲ့ရှင့်ကြီးကို ပြောပြီး ထွက်ရပါတယ်။ ဟုတ်ကဲ့ မထွက်ရင်လဲ မရတော့ပါဘူး။ ဟတ်တတ်ကြီးကွဲနေပါပြီ။ အဲလေ ဘောင်းဘီ။


ပွဲပြီးတော့ ကျွန်တော်တို့အသင်း လှလှပပကြီး ရှုံးပါတယ်။ နှစ်ဂိုး ဂိုးမရှိနဲ့ပါ။ ရှုံးတာကို အကြောင်းပြပြီး ခေါင်ရည်သွားသောက်ပါတယ်။ ကျွန်တော်တို့ တော်တော်လေးမူးသွား ကြပါတယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက် အဆောင်မှာ တသင်းလုံး အိပ်လိုက်ကြရပါတယ်။ တညလုံး တသင်းလုံး နီးပါး ဥသြတွေ “တဝေါ့ဝေါ့” ဆွဲကြပါတယ်။ ခေါ်သိပ်မိသော အဆောင်မှာနေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တညလုံး မအိပ်ရပဲ ကျွန်တော်တို့ အန်ဖတ်များကိုသာ ရေနဲ့ တညလုံး ဆေးကျောနေခဲ့ရပါတယ်။ ချစ်လွန်းလို့ ဒီကောင်နှစ်ကောင်ကို မူးမူးနဲ့ ၀ိုင်းနမ်းကြပါတယ်။


တကယ်တော့ ဘ၀မှာ အမှတ်အရဆုံး အချိန်တွေကို ပြောပါဆိုရင် လူတိုင်းက ကျောင်းသားဘ၀ ကိုပြောပြ ကြလိမ့်မယ်။ ကျောင်းသားဘ၀ ဆိုတာ ဖြတ်သန်းရတဲ့ အမှတ်တရ တွေထဲမှာ လွတ်လပ်မှု ရှိပြီး အမှတ်ရစရာ အကောင်းဆုံး အချိန်တွေပါပဲ။ ကျောင်းသားဘ၀ဆိုတာ လူငယ်ဆန်တယ်၊ လွတ်လပ်ပွင့်လင်းတယ်၊ အပူအပင်ကင်းပါတယ်။ ကျွန်တော့်ဟာ အမှတ်ရစရာ ကျောင်းပေါင်းစုံအောင်တက်ခဲ့ဖူးတော့ ကဲခဲ့ ဆိုးခဲ့၊ ကမြင်းခဲ့တဲ့ အကြောင်းတွေကို ရေးရင် ၀တ္တု ဇာတ်လမ်းလုပ် ရေးလို့ ရတာတွေ ရှိတယ်။ အလွမ်းပြေ အမှတ်တရလေးတွေပေါ့ဗျာ..။

Read Users' Comments (3)

ပျိုတို့မောင်ကန်တဲ့ပွဲ၊ ခွက်ခွက်လန်ပဲ(၁)

ကျွန်တော် နယ်မှာ ဂျီတီစီတက်တုန်းက ဘောလုံးခဏခဏ ကန်ကြတယ်။ ကျောင်းဆောင်တွေ အချင်းအချင်း ချိန်းပြီး ကန်ကြတာပေါ့။ ကျောင်းသားအချင်းအချင်း၊ သူငယ်ချင်းတွေ အချင်းချင်း အပျော်တမ်း လက်ဖက်ရည်တိုက်ကြေး ကန်ကြတာ။ အဲ့ဒိတုန်းက အဆောင်က သူငယ်ချင်းတွေဆို ညနေကျောင်းဆင်းတာနဲ့ ဘောလုံးကွင်း ဆီကို လွယ်အိတ်ပစ်ချပြီး တန်းပြေးတော့ တာပါပဲ။ အပြေးအလွှား ကြိုးစားကြတာ။ ကျွန်တော် မောင်မင်းယွန်းလဲ အပြေးအလွှား ကြိုးစားပါတယ်။ ကျောင်းကပြန်လာတော့ ဗိုက်ထဲက ဟာတာတာ ဖြစ်လာတာနဲ့ အ၀တ်အစားမြန်မြန်လဲ လွယ်အိတ်ကလေး ချပြီး အသည်းအသန်ပြေးတာပေါ့ ဘောလုံးကွင်းကိုတော့ မဟုတ်ဘူး လပေးစားတဲ့ ထမင်းဆိုင်ကို..။ ဟီးဟီး။


အဲ့ဒိတုန်းက ကျွန်တော်က ဘောလုံးလောကက ခေတ္တနားတဲ့ အချိန်ပေါ့။ (လူရှိန်အောင် ကြွားကြည့်တာ) တကယ်ပါ။ အထက်တန်းကျောင်းတုန်းက ကျောင်းမှာ ဆလပ်ရွက်ပါ။ အင်းစိန် အထက(၁) မှာမေးကြည့် မင်းယွန်းသစ်ကို သိလား မေးကြည့် ပြန်ဖြေကြလိမ့်မယ် “မသိဘူး” လို့။ ဟတ်ဟတ်။ စတာ။ ဘောလုံးနဲ့ ပတ်သက်ရင် ကျွန်တော်ကံမကောင်းတတ် ဘူးဗျ။ အဟုတ်တကယ်ပါပဲ။ ဘောလုံးကန်လို့ ကျွန်တော့် ညာဘက်လက် အဆစ်လွဲဖူး၊ တင်ပါးဆုံမှာ ဒဏ်ဖြစ်ဖူး၊ ဘယ်ခြေထောက် ခြေမျက်စိအောက် ဂျွိုင့် လည်သွားဖူး၊ ညခြေထောက် ခြေသန်းကြွယ်နဲ့ ခြေခလယ် တွင်တွင် ကျိုးဖူး စတဲ့ စတဲ့ ဒဏ်ရာတွေ မှတ်မှတ်ရရ ရဖူးတယ်ခင်ဗျ။


အဲ့လိုမှ မဖြစ်ဖူး ဆိုရင်တော့ အနည်းဆုံး မျက်နှာတော့ ဖူးရောင်ဖူးတယ်။ တခြားတော့ မဟုတ်ဘူး “W” လို့ခေါ်တဲ့ ဂိုးကျဉ်းကစားရင် (အုတ်ခဲလေး ၂လုံးကို ဂိုးလုပ်ပြီး ကစားရင်) ဂိုးတယ် မဂိုးဘူး ငြင်းကြရင်း ထိုးကြကြိတ်ကြရင်း ရတဲ့ ဒဏ်ရာတွေပေါ့ဗျာ။ :) ဂိုးကျယ်ကန်ရင်လဲ ကိုယ့်အသင်းရှုံးနေပလားဟေ့ဆို ဆလိုက်အတင်းလိုက်ထိုး၊ အတင်းဘော်ဒီခု၊ ခြေသလုံးဖြတ်ရိုက်၊ အင်္ကျီအတင်းဆွဲ... အဲလေ ပြောရင်း ကိုယ်ညစ်တာတွေ ပေါ်ကုန်ပါပြီ။ အဲသလိုကြောင့်ပေါ့လေ ကျွန်တော် ဘောလုံးနဲ့ ပတ်သက်ရင် ကံမကောင်းဘူးခင်ဗျ။


ကျွန်တော်တို့ ဂျီတီစီမှာ အစဉ်အလာအရ ဘောလုံးအသင်းကောင်းများကတော့ MC, MT စတဲ့ Mechnical အသင်းများဖြစ်ပြီး၊ အလယ်အလတ် အသင်းများကတော့ EP၊ EC နဲ့ စတဲ့ တခြားသော မေဂျာများ ဖြစ်ကြပါတယ်။ အဲဒိထဲမှာ ချာတူးအလန်ဆုံး အသင်းကိုပြောပါဆိုရင် Civil အသင်းပါပဲ။ ဟုတ်တယ် Civil မေဂျာမှာ ယောကျာ်းလေး ၅ယောက်လားပဲရှိတယ်။ Fustal အသင်းတစ်သင်းစာတောင် မပြည့်ရှာဖူး။ တနားချာပါပဲ။ ငှက်ငှက်။


တညနေတော့ ကျွန်တော့် အဆောင်ကို R ကြီး (Repeater) အကိုကြီး ဟုတ်ကဲ့ရှင် ရောက်လာတယ်။ အဟဲ အဲဒိသူကို ဘာကြောင့် ဟုတ်ကဲ့ရှင့်လို့ ခေါ်သလဲ ဆိုတော့ (လျှာနဲနဲ ရှည်လိုက်အုံးမယ်)။ ဒီလိုဗျ ကျောင်းမှာ ဆရာမက အတန်းထဲမှာ သူက EC ဆိုတော့ ဘာလုပ်ခိုင်းတာလဲ မသိဘူး။ သူက တရိုတသေ မတ်တပ်ရပ်ပြီး ဆရာမ ပြောတာကို နားထောင်နေတယ်။ အားလုံးလဲပြီးရော ဆရာမက သားသဘောပေါက်တယ်နော် ဆိုတော့ သူက အသံလွင်လွင်ကြီးနဲ့ “ဟုတ်ကဲ့ တီချယ်” လို့ ပြောတာပဲ။ ဒါပေမယ့် ဟုတ်ကဲ့ဆိုတာ ပီသပြီးအနောက်က တီချယ်ဆိုတဲ့ စကားလုံးကို နဲနဲအသံဖျော့ ချွဲသံလေးပါပြီး ပြောလိုက်တော့ အားလုံး ကြားလိုက်တာက “ဟုတ်ကဲ့ရှင့်” ဖြစ်သွားလေရဲ့။ လူကောင်က ခပ်ထွားထွား အသားက ငွား အဲလေ အသားက မဲ လေတော့ (အဟတ်ဟတ် မောင်မင်းယွန်းတို့ သူများ အတင်းကို အားမနာပ ပြောနေတာ :p ) အားလုံး ၀ါးကနဲပွဲကျသွားတာပေါ့။ ထိုထိုသော အကြောင်းကြောင့် ဟုတ်ကဲ့ရှင် ဖြစ်လာလေသတည်း။ ဟီးဟီး။


အဲလေ စကားပြန်ကောက်ရရင် ကျွန်တော်တို့ ကျောင်းက ဆရာတွေ ကမ္မကထ ဦးစီးပြီး မေဂျာလိုက် ဖလားပွဲ လုပ်မယ်တဲ့။ ဒီအတွက်ကြောင့် အီးစီကြီးက အားကစားဝတ်စုံဖိုးကို လိုက်ကောက်နေတာဗျ။ ပြီးတော့ ကန်မယ့်သူတွေ စာရင်း လိုက်ကောက်နေတာ။ ကျွန်တော်လဲ ၀တ်စုံလေးလဲ အမှတ်တရ လိုချင်တော့ fund ထည့်ဝင်လိုက်တယ်။ ကျောနံပါတ်ကိုတောင် ၁၈ ယူလိုက်တယ်။ ကိုးန၀င်းကျေအောင်လို့ :P။


ဒါနဲ့ ထရိန်နင်တွေ ဆင်းရတာပေါ့ တပတ်ကို နှစ်ရက် ကြီးများတောင် ဆင်းရတယ်။ ဒီကြားထဲ လူမရှိလို့ဆိုပြီး အနော့်ကို ဘောကန်မယ့် စာရင်းထဲ ထည့်ထားတယ်။ ဟင့်အင်း ဟင့်အင်းဆိုလဲ မရဘူး အင်္ကျီစာရင်းအတိုင်း စာရင်းထည့်လိုက်တာတဲ့။ တိန်.. သေပါပြီဂျာ..။ အဲ့ဒိတော့ ဖလားပွဲကြီး မတိုင်ခင် တပတ် နှစ်ပတ်လောက်ကို မြို့နယ်ကွင်းမှာ သွားသွားပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေ အိမ်မပြန်ရဘူး။ ထရိန်နင် ဆင်းနေရတယ်။ ကျွန်တော်က ကျွန်တော့်ကို အရံဘောကောက်လေးနေရာမှာ ထားလဲ ကျေနပ်ပါတယ်ဗျာ ဆိုတော့ မရဘူး ၀င်ကို ကန်ရမယ်တဲ့။ နေမကောင်းပါဘူး ဆို ဇွတ်ပဲ။


ကျွန်တော်ကန်ရမယ့် နေရာကို ချပေးတော့ နောက်တန်း ညာအလယ်နေရာ (Center Back Defender) နေရာရယ်၊ ညာတောင်ပံ (Right side Defender) နေရာရယ်၊ အလယ်တန်း ဗဟိုကွင်းလယ်သမား (Central Midfielder) နေရာရယ် ချပေးတယ်။ အံမယ်လေး ပင်ပန်းမယ့် နေရာတွေ ချည်းပဲ။ ဟုတ်ကဲ့ရှင့်ရယ် ဘီအီးတိုက်ပါမယ် ဆိုလဲ ရဘူုး တဲ့။ ဗြဲ။ ဒီလူကြီးက မန်ယူ အရူးကြီး။ သူ့ကိုယ်သူ ဖာဂူဆန်ကြီးများ မှတ်နေလား မသိဘူး။ ဟိုလူ့ဆရာလုပ် ဒီလူ့ဆရာလုပ်နဲ့။ သူကျတော့ မကန်ဘူးလား ဆိုတော့ သူ့မှာ နှလုံးရှိလို့တဲ့။ ဟွန်း အပြောကောင်းတယ် တကယ်ဆို လူတိုင်းမှာ နှလုံးရှိတာပဲ အဆန်းလုပ်လို့ နော့။

Read Users' Comments (0)

ဘိုးတော်၊ ၀ိဇ္ဖာ သတိပြုစရာ

လွန်ခဲ့သော နှစ်က ဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်ကို အသားလတ်လတ် ကိုယ်တော်တပါး ကြွလာခဲ့ဖူးပါတယ်။ အဲ့ဒိဦးဇင်းကို တွေ့တာက ကျွန်တော့်ဦးလေးဖြစ်ပြီး တိုက်ဆိုင်ချင်တော့ ရွှေတိဂုံဘုရားမှာ တွေ့ခဲ့တာပါ။ ပထမဦးဆုံး အကြိမ် တွေ့တုန်းက ဦးလေးက ဆောင်းတန်းတခုမှာ ဘုရား ၀တ်ပြုရင်း အသားဖြူဖြူ သင်္ကန်းအ၀ါရောင်နှင့် ၀တ်ပြုနေသော ဦးဇင်းကို ကြည်ညိုသွားမိပါတယ်။ ဒါကြောင့် အဲ့ဒိဦးဇင်းဆီကို သွားပြီး ၀တ္ထုအလှူငွေ ကပ်ခဲ့ပါတယ်။ အဲ့ဒိဦးဇင်းက ဒကာကြီးနေမကောင်းဘူး မလား၊ (အဲ့ဒိချိန်တုန်းက ဦးလေးက နှလုံး သွေးကြောနဲနဲကျဉ်းနေလို့ ဆိုပြီး ဆရာဝန်က ခွဲခိုင်းထားတဲ့အချိန်) လို့ မေးတော့ ဟုတ်ပါတယ်ဘုရားပေါ့။ ဒါပေမယ့် မပူပါနဲ့ ဒကာကြီးရဲ့ ရောဂါမကြာခင် သက်သာသွားပါလိမ့်မယ်လို့ မိန့်တယ်။ ဒါနဲ့ ကျွန်တော့်ဦးလေးကလဲ စိတ်ဝင်တစားပဲ ခွဲစိတ်ရအုံးမှာလားလို့ မေးတယ် မခွဲမစိတ်ရပဲကောင်း သွားပါလိမ့်မယ်လို့ မိန့်ပြီး သူခြုံထားတဲ့ သင်္ကန်းရုံထည်ကို ဦးလေးကို ဒါလေးဆောင်ထားဆိုပြိး စွန့်လိုက်တယ်။ ဒါနဲ့ ဦးဇင်းက ဘယ်က ကြွလာတာလဲ မေးတော့ ဦးဇင်းက ကျိုက်ထီးရိုးက ကြွလာတာ ဖြစ်ကြောင်း၊ အခုရန်ကုန်ကို အဓိဌာန်နဲ့ ကြွလာတာ ဖြစ်ကြောင်း၊ အများအားဖြင့် ဥပုသ်နေ့တွေမှာဆို ဘုရားမှာ ရှိတတ်ကြောင်း ပြောပြပါတယ်။

 

နောက်ရက်အနည်းငယ်ကြာတော့ အဒေါ်တစ်ယောက် က သူ့စီးပွားရေးလုပ်ငန်းမှာ အတိုက်အခိုက်ပေါ်လာလို့ ဆိုပြီး ရွှေတိဂုံရင်ပြင်မှာ အဲ့ဒိ ဦးဇင်းကို သွားရောက်ရှာတော့ ပထမ တစ်ရက်က မတွေ့ခဲ့ပါဘူး။ ဒုတိယ တစ်ရက်ကျတော့ ဦးဇင်းကို တွေ့ခဲ့ပါတယ်။ ဦးဇင်းက အဒေါ့်ဆိုင်ရဲ့ လိပ်စာကို ယူထားလိုက်ပြီး ဘယ်နေ့ ဘယ်ချိန်လာမယ် ဆိုပြီး ပြောလိုက်တယ်။ အဲ့ဒိနေ့ အစောကြီး ဆိုင်ကို ကြွလာပါတယ်။ ပြီးတော့ ရွတ်ဖတ် သရဇ္ဖျာယ်ပြီး စီးပွားလာဘ်လာဘ ကောင်းအောင် ယတြာချေရမယ်လို့ ဆိုပါတယ်။ ယတြာက ကန်တော်ကြီး ပုဂံလုံးကျွန်းမှာ ရှိတဲ့ စေတီမှာ အတိုက်အခိုက်ကို ခုခံတဲ့အနေနဲ့ ပါဝါဓာတ်ခဲပေါ်မှာ ဖယောင်းတိုင် တင်ထွန်းပြီး ရွတ်ဖတ်ရမယ်လို့ ဆိုပါတယ်။ ဇော်ဂျီရုပ်လဲ ၀ယ်ရအုံးမယ်။ ပြီးရင် ကိုးထပ်ကြီး ဘုရားမှာလဲ ပွဲတင်ဆုတောင်းရမယ် လို့ မြွက်ကြားသွားပါတယ်။ ဒါနဲ့ ဦးဇင်းလဲ နောက်တပတ်လောက်နေမှ ပြန်ကြွလာမယ်ဆိုပြီး ပြန်ကြွသွားပါတယ်။

 

တရက်သော ဥပုသ်နေ့ရောက်တော့ (ဥပုသ်နေ့ဆို ဈေးပိတ်တာကြောင့်) အဒေါ်က အဲ့ဒိနေ့က ခပ်စောစောပဲ ဦးဇင်းကို အိမ်ကို ပင့်လာခဲ့ပါတယ်။ အိမ်ရောက်တော့ အပေါ်ထပ် ဘုရား စင်နေရာကို ပင့်ခဲ့ပြီး တအိမ်လုံး ဦးဇင်းနားမှာ ၀တ်ပြုကြပါတယ်။ အဲ့ဒိဦးဇင်းရဲ့ ရုပ်ဆင်းသဏ္ဍာန်ဟာ အသားအရေ ၀င်းဝါပြီး အများအားဖြင့် သင်္ကန်းကို အ၀ါရောင် ၀တ်ဆင်ပါတယ်။ စကားပြောလဲ နူးညံ့ပါတယ်။ ဒါနဲ့ စ ကားစမြည်ပြောရင်း အရင်နေ့က ဈေးကို လာရင်း အဒေါ်က အဖိုး နှစ်လုံးထီ ထိုးတဲ့အကြောင်းပြောတော့ ဂဏန်းပေးခဲ့ပါတယ်။ အဲ့ဒိဂဏန်းပေါက်တဲ့ အကြောင်း အဖိုးက ပြောတော့ ၀မ်းသာတယ်ဆိုတဲ့ အကြောင်းပြောပြီး သူချောင်းဝကျောင်းက ကြားလာတဲ့ ဂဏန်းလေးတွေကို ပြန်ပြောပြပါတယ်။ အဲ့ဒိဦးဇင်းက ချောင်းဝကျောင်းမှာ အာဂန္တု အဖြစ် ခေတ္တတည်းခိုနေကြောင်း ပြောပြပါတယ်။

စကားစမြည်ပြောပြီးတော့ ဘုရားစင်မှာ ယတြာချေဖို့ အတွက် ခွက်တခွက်ထဲကို ဆန်အပြည့်ထည့်စေပြီး အဲ့ဒိခွက်ထဲကို အမွှေးတိုင်ထွန်းစေပါတယ်။ ပြီးတော့ ရေတဖန်ခွက်နဲ့ ဘုရားစင်မှာ ကပ်ရပါတယ်။ အိမ်မှာက ကျွန်တော်ပဲ အဲ့ဒိတုန်းက ရှိတော့ ကျွန်တော်ပဲ ကပ်၊ ကျွန်တော်ပဲ အဲ့ဒိဦးဇင်း ရွတ်ဖတ်ပေးတဲ့ အတိုင်း လိုက်ဆိုရတာပေါ့။ ဒါနဲ့ ရွတ်ဖတ်ပေးပြီး ကျွန်တော်တို့ အိမ်က အိမ်သားတွေကို ဗေဒင်တွက်ပေးတယ်။ ကျွန်တော်ကတော့ အစကတည်းက ဒါတွေ သိပ်မလုပ်တာကြောင့် မတွက်ဖြစ်ဘူး။ ပြီးတော့ ကျွန်တော့် အဒေါ် တစ်ယောက်က ကျန်းမာရေး မကောင်းတော့ ယတြာချေဖို့ ပေးတယ်။ သူက စနေသမီးဆိုတော့ နဂါးလက်စွပ် ဆောင်ရမယ်တဲ့။ ဒါပေမယ့် အဲ့ဒိ နဂါးလက်စွပ်ကို ဦးထုံရွှေပန်းထိမ် ဆိုင်မှာပဲ လုပ်ရမယ်တဲ့။ ကျွန်တော်တို့ အိမ်မှာပဲ အဲ့ဒိဦးဇင်း ဆွမ်းစားပြီး ခဏနေတော့ ပြန်ကြွသွားတယ်။ ဒါနဲ့ ကျွန်တော့် အဒေါ်လဲ အဲ့ဒိနေ့ပဲ မြို့ထဲကို ပန်းထိမ်ဆိုင်မှာ လက်စွပ် သွားလုပ်လေရဲ့။

အဲ့ဒိရက်ပိုင်း ကျွန်တော်လဲ ကိုယ့်ကျောင်းနဲ့ကိုယ်မို့ ဆိုင်ကို နောက်တခေါက် ဦးဇင်းထပ်လာတယ် ဆိုတာလောက်ပဲသိတယ်။ ပြီးတော့ ကျွန်တော့် အဒေါ် လက်စွပ်ကို သဒ္ဓိတင်ပေးမယ် ဆိုပြီးယူပေးသွားတယ်တဲ့။ ဒါပေမယ့် သူတို့ ယုံကြည်နေတဲ့ ကိစ္စကို မကန့်ကွက်ခဲ့ဘူး။ (ပြီးတော့ အိမ်မှာက ဒီလို လိုက်နိုင်တဲ့လူငယ် ဆိုလို့ ကျွန်တော် တစ်ယောက်ထဲ ရှိလေတော့ ကျွန်တော် ကြိုက်သည်မကြိုက်သည်ထက် အကူအညီလိုလေတော့ သည်းခံပြီး လိုက်လုပ်ပေးရတာပါပဲ။) ကျွန်တော် ပြီးတော့ နောက်တနေ့ကျတော့ အဲ့ဒိဦးဇင်းက ကြာသပတေးသား ကျွန်တော့်ကို ချိန်းထားတယ်။ ဆိုင်ကိစ္စ အဆင်ပြေအောင် ဦးဇင်းနဲ့ ယတြာ လိုက်ချေပေးဖို့ အဒေါ်က အကူအညီတောင်းတာနဲ့ အဲ့ဒိမနက် အစောကြီး ဦးဇင်းနဲ့ ချိန်းပြီး ရွှေတိဂုံဘုရားကို သွားခဲ့တယ်။ ဘုရားပေါ်မှာ ၀တ်ပြု၊ မန္တာန်ရွတ်ပြီး အနောက်ဘက် စောင်းတန်းဘက်ကနေ ဆင်းခဲ့ပြီး ဇော်ဂျီရုပ်ဝယ်ခဲ့တယ်။ ဇော်ဂျီရုပ်ကို ၅၀၀၀ ကနေ ၄၅၀၀ (ကိုးန၀င်း) ကျေအောင် ဦးဇင်းကပဲ ဈေးဆစ်ပေးခဲ့တယ်။

ပြီးတော့ ခြင်းတောင်းထဲ ထည့်ပြီး စီးပွားရေး အတိုက်အခိုက်တွေ ကင်းအောင် ယတြာချေဖို့  ကျွန်တော့်ကို ပေးတယ်။ ပြီးတော့ ရွတ်ရမယ့် ဂါထာကိုလဲ ကျွန်တော့်ကို သင်ပေးတယ်။ အဲ့ဒါပြီးတော့ ကိုးထပ်ကြီးကို သွားခဲ့ရပြီး တံခွန်၊ ကုက္ကားတွေနဲ့ ပွဲတပွဲ ၀ယ်ကပ်ခဲ့ရတယ်။ ပြီးတော့ ဦးဇင်းတိုင်ပေးတာကို ရွတ်ဖတ်ရပြန်တယ်။ ပြီးတော့ ကျွန်တော်နဲ့ ဦးဇင်း ကန်တော်ကြီး ပုဂံလုံးကျွန်းဘက် က စေတီလေးမှာ အောင်မြေနင်းပြီး ယတြာချေရပြန်တယ်။ (အဲ့ဒါလဲ အဒေါ့်ဆိုင်အတွက်ပဲ) ပါလာတဲ့ ဓာတ်ခဲကို ဘိုးဘိုးကြီးလား မသိဘူး အဲ့ဒိမှာ ကပ်ပြီး ဓာတ်ခဲပေါ်မှာ ဖယောင်းတိုင်ထွန်းရတယ်ဗျ..။ ပြီးတော့ သိကြားမင်း ရုပ်ရှေ့မှာ ဖယောင်းတိုင်ထွန်း ပူဇော်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို နိုင်ငံခြားထွက်ဖို့ လုပ်နေတာလား ဆိုပြီးမေးတော့ ဟုတ်မှန်ကြောင်းပြောတော့ ပါဝါတံဆိပ်ပါတဲ့ အချိုရည် ကိုးဘူးကို ဘုရားမှာ ကပ်လှူရင်ကောင်းကြောင်း ပြောပြတယ်။ ပြီးတော့ ကျွန်တော်က ဦးဇင်း ဆိုင်ကို လာစရာရှိသေးလားလို့ ပြောတော့ ဒကာလေးတို့ အဖွားက ပင့်ထားတော့ နောက်သုံးရက်လောက် နေရင် ပြန်ကြွလာမယ်လို့ ဆိုပါတယ်။

 

ကျွန်တော်လဲ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အဒေါ်အကြောင်း သတိရတာနဲ့ လက်စွပ်ကို မေးတော့ ဦးဇင်းကို ပေးလိုက်ပြီလို့ သိလိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော်လဲ ဈေးရောင်းတဲ့ အဒေါ်ကို ဦးဇင်း နောက်တခါ ကြွလာရင် လက်စွပ်ကိစ္စ မေးဖို့ သတိပေးထားပါတယ်။ ဖြစ်ချင်တော့ အဲ့ဒိဦးဇင်းဟာ ပေါ်မလာတော့ပါဘူး။ ဒါဟာ လိမ်လည်မှု တစ်ခုလား၊ အကြောင်းတခုကြောင့်လားဆိုတာတော့ မပြောနိုင်ဘူးပေါ့ဗျာ..။ ဒါပေမယ့် သေချာတာကတော့ သိဒ္ဓိတင်မယ်ဆိုတဲ့ တစ်သိန်းကျော်တန် လက်စွပ်ပါသွားပါတယ်။ တစ်သိန်းကျော်လောက်နဲ့ ဘာမှ အများကြီး မထိခိုက်သွားပေမယ့် ယုံကြည်မှုကို အလွဲသုံးစား လုပ်သွားတယ်လို့ မြင်ပါတယ်။ အဲ့ဒိ ဦးဇင်းရဲ့ ရုပ်ဆင်းအင်္ဂါဟာ ဘယ်လိုမှ မထင်ရက်စရာပါပဲ။ ကျွန်တော့်အဒေါ်တွေ နေရာမှာ ယုံကြည်တတ်တဲ့ စာရှုသူများဆိုရင်လဲ ဒီလိုဖြစ်သွားမှာပါပဲ။ သေချာတာ ကျွန်တော်တို့ မြန်မာတွေ ၀ိဇ္ဖာ၊ ဘိုးတော်၊ ဇော်ဂျီ စတဲ့ စူဠတွေနဲ့ ပတ်သက်လာရင် အယုံလွယ်တတ်ကြတာပါပဲ။ ဒီလောက် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဒီလိုဖြစ်ရပ်တွေ ခဏခဏ ဖြစ်နေတုန်းပါပဲ။ ဘယ်သူ့ကို မှ ကျွန်တော် အပြစ်မတင်လိုပါဘူး။ ကိုယ်က သွားပတ်သက်မိခဲ့တာကိုး။ အဲဒိတော့ ကျွန်တော်တို့ မိသားစုတွေလိုမျိုး ကြုံလာရင် ရှောင်ကြဉ်နိုင်အောင် ကျွန်တော့် ကိုယ်တွေ့ဖြစ်ရပ်လေးကို တင်ပြလိုက်ရပါတယ်။ "လူအချင်းချင်း လှည့်ပတ်ခြင်းကင်းဝေးကြပါစေ" ခင်ဗျာ.။

 

Read Users' Comments (0)

ငအတစ်ကောင်ဖြစ်ခြင်း


အိုင်တီသမားဖြစ်ရတာ မလွယ်ဘူး။ ကျောင်းပြီးခါနီးလို့များ အလုပ်လုပ်မယ်ဆိုတော့ လမ်းတွေက ရွေးရအခက်သား။ ၀က်ဘ်လား၊ ပရိုဂရမ်မာလား၊ ပြီးတော့ နက်ဝက်လား..။ အမယ် ဒီလိုအလွယ်ပြောတော့ အိုင်တီဆိုတာ ဒါပဲလားလို့ မထင်နဲ့ဗျာ.။ အဲ့ဒိခေါင်းစဉ်တွေ အောက်မှာကို အများကြီးထပ်ကွဲသေးတယ်ဗျာ..။ ပြောချင်တာက ကျွန်တော်တို့ အထူးသဖြင့် IDCS, IAD နောက် ဘလာဘလာဘလာပေါ့ဗျာ.. အဲ့ဒိကျောင်းသားတွေ အနေနဲ့ ကိုယ်ကျောင်းစတက်ကတည်းက ဘယ်လမ်းဆိုတာ သေချာ သိတဲ့သူတွေကို မေးမြန်း ကိုယ်အကြိုက်နဲ့လဲ ကိုက်မကိုက် မေးထားသင့်တယ်။ တခုတော့ ရှိတယ် ပရိုဂရမ်မာကို ပရိုဂရမ်မင်းပိုင်း လိုက်ရင်ကောင်းမလားလို့ မေးရင် ဟားကောင်းတာပေါ့။ နိုင်ဂျံကားမှာ ဆိုဘယ်လို..။ စသည်ဖြင့်ပေါ့။ နက်ဝေါ့သမားသွားမေးလဲ ဒီအတိုင်းဖြေမှာပဲ။ ကျွန်တော်တို့ ကျောင်းတက်တုန်းကတော့ အလွယ်သိတာ ပရိုဂရမ်မင်းက ခက်တယ်၊ နက်ဝေါ့က နဲနဲလွယ်တယ် စသည်ဖြင့်ပေါ့။ အမှန်တော့ ဘယ်ဟာမှ မလွယ်ဘူးခင်ဗျ...။း) ။

 

အိုင်တီပညာရပ်မှာ အကြမ်းအားဖြင့် (မြန်မာပြည်မှာလုပ်နေတာ အပါအ၀င်ပေါ့) နှစ်ပိုင်းကွဲနေတယ်ဗျ..။ တပိုင်းက Education ပိုင်း၊ (ကျွန်တော်တို့လို ဒီပလိုမာ ဘာဘာညာညာပေါ့ဗျာ) နောက်တပိုင်းက Professional ပိုင်း (တချို့လဲ အလုပ်လုပ်ရင်းတက်ကြတဲ့ Microsoft တို့ဘာတို့ပေါ့ဗျာ)။ မြန်မာပြည်မှာ ဆယ်တန်းအောင်ပြီးရင် နိုင်ငံတကာ ကျောင်း လောက်လောက်လားလားဆိုလို့ IT ပိုင်း၊ Bussiness ပိုင်း ဒါတွေလောက်ပဲ ရှိတာမှတ်လား။ ပြီးရင် အားလုံးက NCC ဆိုတဲ့ Education Service တခုထဲကို အများအားဖြင့် တည်မှီနေတာချည်းပဲ။ (အခုနောက်ပိုင်း တချို့ကျောင်းတွေတော့ ၀င်တိုးလာကြပါပြီ)။ ပြောချင်တာက အခုမှ ကျောင်းတက်နေတဲ့သူတွေ အတွက်ပါ။ ကျွန်တော်တုန်းကဆို အိုင်အေဒီလောက်ပြီးရင် တခြားသယ်ရင်းတွေ ကြားထဲမှာ ဆရာကြီးပေါ့။ အမှန်တော့ ကိုယ့်ဟာကိုယ် အသိဆုံး။ ဟုတ်တယ်လေ ကျောင်းမှာ ဒီလောက်ကြီး ဟုတ်တိပတ်တိသင်တာ မဟုတ်ပါဘူး။ ပြီးတော့ လက်တွေ့ပိုင်း တော်တော်လေးအားနည်းတယ်။ ဒါပေမယ့် ကိုယ်က တွဲပြီးအပြင်မှာ လေ့လာ ရတာပဲ။ အဓိကက စာမေးပွဲအောင်ဖို့ ဖြစ်နေတယ်။ အဲ့ဒါ မြန်မာ့ ပညာရေးဓလေ့ ထုံးတမ်းစဉ်လာကြီးက အဲ့ဒိမှာပါ သွားစွဲနေတော့တာပါပဲ။ ပြီးရင် ဂရုပ်ပရောဂျက်လုပ်မလား ဆိုရင် လာပါပြီ။ ပိုက်ပိုက်ပေးပြီး သူများကို ရေးခိုင်းတာတို့ ၊ ဆရာတွေကို ရေးခိုင်းတာတို့..။ ဒါတွေက အခုလဲ လုပ်မြဲလုပ်ဆဲပါပဲ။

 

ဆိုလိုတာ အိုင်တီသမား တစ်ယောက် အမှန်ဖြစ်ချင်ရင် ကျောင်းစာကျက် စာမေးပွဲဖြေလောက်ရုံနဲ့ (သူ့ဟာသူ World အမှတ်ဘယ်လောက်ရရ) Skill မပါသွားရင် တက်ရတဲ့အချိန်နဲ့ ပေးရတဲ့ ပိုက်ပိုက်နဲ့ မတန်သလိုကြီး ဖြစ်မနေဘူးလား။ (ကျွန်တော် ကျောင်းတွေကို တိုက်ခိုက်လိုတာ မဟုတ်ပါဘူး) ။ ဖြစ်စေချင်တာပါ။ ပြီးတော့ ကျောင်းပြီးပလားဟေ့ အလုပ်ဝင်တော့မယ် ဆိုတော့မှ ကိုယ့်ဟာကိုယ် ပရိုဂရမ်မာလား၊ နက်ဝေါ့ကင်းလား၊ ၀က်ဘ်ဒီပလော်ပါလား၊ ၀က်ဘ်ဒီဇိုင်နာလား၊ ဘာမှန်းကို မသိဖြစ်တော့တာပါပဲ။ အဲ့ဒိကျမှ ကိုယ်သင်ထားတဲ့ အိုင်တီဟာ ဇော်ကန့်လန့် အိုင်တီကြီးဖြစ်နေမှန်း သိတော့တာပါပဲ။ ဟိုဟာလဲ နည်းနည်းသိ ဒီဟာလဲ နည်းနည်းသိ သိသလိုလို မသိသလိုလိုကလဲ ရှိသေး။ (ကျွန်တော်ကိုယ်တိုင်လဲ ဒီလိုထဲမှာ ပါခဲ့တယ်) အဲ့လိုတွေဖြစ်ကုန်တာပေါ့။ ဒါကြောင့် ကောင်းတာက ကျောင်းစတက်ပြီဟေ့ဆိုကတည်းက ကိုယ်ဘယ်လိုင်းရွေးရမလဲဆိုတာ မေးမြန်း၊ ကိုယ်တိုင်လဲ လိုက်လေ့လာထား သေချာပြီဆိုရင် ခုနက အပေါ်မှာ ပြောတဲ့ Professional ပိုင်း တပြိုင်တည်း လုပ်သွားတာ အကောင်းဆုံးပဲ။ အချိန်မကုန်တော့ဘူးပေါ့ဗျာ..။ ဒီနေ့ တချို့အိုင်တီသမားတွေဆို Pro လိုင်းဘက် သက်သက်သွားပြီး အိုကေနေတဲ့သူတွေ အများကြီး။ တချို့ဆို အိုင်အေဒီ ဘာဘာညာညာတောင် မရပေါင်။ ဒါကြောင့်ပြောတာပေါ့ အဓိက က အိုင်တီသမား တစ်ယောက်လုပ်မယ်ဆိုကိုယ် ဘယ်လိုင်းကို လိုက်မယ်ဆိုတာ အစကတည်းက ဂဃဏန ဆုံးဖြတ်။ ပြီးရင် အခြေခိုင်အောင်လုပ် ပြီးရင် ပရိုလက်မှတ်တွေဖြေဖို့လဲ မမေ့နဲ့အုံး။ ဒါမှ မြန်မာလိုအိုင်တီ မဟုတ်ဘူး ငါက အင်္ဂလိပ်လို အိုင်တီကွ လို့ပြောနိုင်မှာပေါ့။

Read Users' Comments (0)

Gtalk Bomber သတိထား

တနေ့က အသိအကိုတစ်ယောက်ဆီက ချက်ဘောက်စ် ပလုံဆိုပြီး တက်လာပြီး ဒီမက်စိတက်လာတယ်။

"    Gtalk Bomber Web Version (Beta):

 

    Test from http://gtalkbomber.mail2customer.com

 

    Send any message to all of your friends just by a CLICK.

 

    No need to reply!!! Thanks."

 

ကျွန်တော်လဲ ဘာများလဲ ဆိုပြီး သူပေးတဲ့ဝက်ဆိုက်ကို သွားကြည့်မိတော့တယ်။ ပြီးတော့ အဲဒိကို မ၀င်ခင် ကျွန်တော်က အောက်မှာတွေ့တဲ့ www.itmgmg.com ဆိုတဲ့ ၀က်ဘ်ဆိုက်ကို ဖတ်ကြည့်လိုက်တော့ သူ့ပို့စ်တွေထဲမှာ gtalk bomber ဆိုတာ သူရေးထားတာ ဒီဇိုင်းကို ဘယ်သူ့ကို အပ်တယ်၊ ဘယ်သူတွေနဲ့ တိုင်ပင်တယ်။ စသည်ဖြင့် သူပြောထားတဲ့ သူတွေက ကျွန်တော်သိနေတဲ့ သူတွေချည်းပဲဆိုတော့ ။ အရင်ကတော့ မရောက်ဖူးပါဘူး သူ့ဘလော့ကို ဒါနဲ့ ကျွန်တော်လဲ ကျွန်တော်ဂျီမေးလ်ပက်စ်ဝေါ့နဲ့ အဲဒီ gtalk bomber မှာရိုက်ထည့်လိုက်တယ်..။ ဘာများဖြစ်လာမလဲ ကြည့်တော့ ဘာမှလဲ ဖြစ်မလာဘူး။ ဒါပေမယ့် မကြာပါဘူးခင်ဗျာ..။ ကျွန်တော်ဖွင့်ထားတဲ့ ဂျီတော့က လူတွေ အယောက် သုံးလေး ဆယ်လောက် ၀ိုင်းပြီး မေးတော့တာပဲ။ ဘာလဲပေါ့။ အဲ့ဒိကျမှ ကျွန်တော် ချောက်ကျမှန်းသိတော့တယ်။ spam ပုံစံမျိုးပါပဲ။ ပြီးတော့ ဒီမှာ ရေးထားတဲ့ ပို့စ်လေး ဖတ်ပြီး ကျွန်တော် ပိုတွန့်သွားမိတယ်။ ဒါကြောင့် ကျွန်တော်လဲ စိတ်မချတာနဲ့ ပတ်စ်ဝေါ့တွေ အကုန်ပြောင်းလိုက်ပါပြီ။ မဟုတ်ရင် ကျွန်တော့်ဘလော့လေး အဆစ်ပါသွားမှ ဒွတ်ခ။ ကျွန်တော့် သယ်ရင်းများလဲ အဲဒိလို ရိုက်ထည့်မိသွားခဲ့တယ် ဆိုရင်တော့ ပတ်စ်ဝေါ့လေးတွေ အချိန်မှီ ပြန်ပြောင်းထားဖို့ တိုက်တွန်းပါတယ်။ ဘာမှတော့ မဖြစ်သေးဘူးပေါ့ဗျာ.။ ဒါပေမယ့် ဘယ်အရာမှ အွန်လိုင်းပေါ်မှာ စိတ်မချရဘူး သယ်ရင်းတို့ရေ..။ ဟူး မလွယ်ပါလားနော်။

Read Users' Comments (0)

နောက်ဆုံးဒြပ်စင်

လူနှစ်ယောက်နဲ့ကဗျာ စာအုပ်ထဲက ဆရာမောင်ပြည့်မင်းရဲ့ ကဗျာလေးကို
ကြိုက်လို့ ပြန်လည် ဖော်ပြခွင့်ပြုပါခင်ဗျာ.။ ကျွန်တော့်မှာ အကျင့်တခုက
မြို့ထဲပန်းဆိုးတန်းသွားရင်း ကဗျာစာအုပ်ကောင်းတွေ ဟောင်းဟောင်း သစ်သစ်
ဝယ်စု တတ်တဲ့ ၀ါသနာပါတယ်။ ပြီးတော့ ၀ယ်လာတဲ့ ကဗျာစာအုပ်ပါးပါးလေးကို
တပတ်လောက်ကြာအောင် ဇိမ်နဲ့ဖတ်တတ်တယ်။ ပြီးရင် ကြိုက်တဲ့ အပုဒ်လေးတွေကို
တစ်ခ် လုပ်ထားလိုက်တယ်။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ကအစ ဆရာမင်းလူ၊
ဆရာမောင်သိန်းဇော်၊ ဆရာသစ္စာနီ၊ဆရာတာရာမင်းဝေ၊ ဆရာမင်းခိုက်စိုးစန်၊
ဆရာစိုင်းဝင်းမြင့် စတဲ့ဆရာတွေ အပြင် တခြားသော နာမည် ဆရာတွေရဲ့
လက်ရာမွန်တွေကြိုက်ရင် အကုန်ဝယ်စုဖြစ်ပါတယ်။ ဒါပေမယ့်ဗျာ တခုတော့
ရယ်စရာကောင်းရဲ့ ဒီလောက် ကဗျာတွေ ဖတ်ပြီး ကျွန်တော့် ကဗျာတွေက ခပ်ချာချာ
ဖြစ်နေတာကတော့ ကျွန်တော်ညံ့လို့ပဲ ဖြစ်မှာပါ။း) ကဲ..ဖတ်ရှု
ခံစားပေးကြပါအုံး...။ ဖတ်ပြီး မူးမသွားနဲ့နော်..။း)
****************************************

နောက်ဆုံးဒြပ်စင်

သူ မူးနေပြီလေ....။
သူ့အရိုးစုက ကျောပိုးသယ်လာခဲ့
ရှေ့တည့်တည့် ချိန်လျှောက်ခဲ့
နောက်လေးဆယ်ငါးဒီဂရီ
ရှစ်ဆယ်ဒီဂရီ
ငါးဆယ် ဒီဂရီ
ကိုးဆယ့်ငါး ဒီဂရီ
သူ အိမ်ကို တန်းတန်းမတ်မတ် ပြန်ချင်နေရှာပြီ။

အဝေးမှုန်လမ်းမရဲ့ လည်ပင်းမှာ
အဆင်းအတက် လှေကားထစ်များ ဆင်းတက်
ချဉ်သိုးသိုး စာရိတ္တတွေ နေရာအနှံ့ ထိုးအန်ချ
သူ့ ရိုးဂုဏ် တစ်ရပ်ကတော့
သဲကြိုးပြတ်ပြီး ကျွတ်ကျန်ခဲ့လေရဲ့။

တကယ့် ပါးလှပ်လှပ် သူ့လျှာ
နှုတ်ခမ်းထူပြာပြာတွေနဲ့ ငြိလို့
ဦးနှောက်တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်း
ခပ်ကြမ်းကြမ်း စစ်ဖြစ်လို့
အာရုံဖမ်းရေဒါတွေ မယုံနိုင်စရာ ပျက်စီးလို့
သူ့မျက်မှန်ကိုတော့ ရှပ်အင်္ကျီအိတ်ထဲ ချွတ်ထည့်
လက်နဲ့ ဖိထားနိုင်တုန်းပါပဲ။

သူ ထိန်းတွယ်စရာ တစ်စုံတစ်ရာ ရလိမ့်မယ်
ဒါမှမဟုတ်
သူ ပြိုကျသွားလိမ့်မယ်
ဒါမှ မဟုတ်
တွဲထူသူ တွေ့လိမ့်မယ်
ဒါမှမဟုတ်
သူတစ်ခုခု ဖြစ်လိမ့်မယ်
ဘယ်သူ ပြောနိုင်ပါ့မလဲ။

ဒါပေမယ့်
ခွက်ထဲက နောက်ဆုံးတစ်ပက်ကို
သူလုံးဝ ငြင်းနိုင်ခဲ့တယ်။ ။

မောင်ပြည့်မင်း
ရုပ်ရှင်တေးကဗျာ

*****************************

Read Users' Comments (0)

ရန်ကုန်မြို့တွင် အင်တာနက်ကွန်နက်ရှင်များ လွန်စွာဆိုးရွားလျှက်ရှိ


ယခုအခါ ရန်ကုန်မြို့တွင် အင်တာနက် ကွန်နက်ရှင်များ လွန်စွာဆိုးဝါးလျှက်ရှိပါသည်။ မြန်နှုန်းမြင့်ဟု ဆိုနိုင်သော Wimax ဖြင့်သုံးသော ဆိုင်များတွင်ပင် ကွန်နက်ရှင်သည် အလွန်တရာ နှေးကွေးလေးလံ လျှက်ရှိပါသည်။ Text message များပင် ပို့ရန် အလွန်ခက်ခဲနေပါတယ်။ သို့သော် နိုင်ငံပြင်ပဆိုက်များ ကြည့်ရှုရာတွင် ကွန်နက်ရှင်မှာ တက်လိုက်ကျလိုက် အလွန်ဆိုးဝါးနေသော်လည်း ပြည်တွင်းဆိုက်များ ကြည့်ရှုရာတွင်တော့ အဆင်ပြေချောမွေ့လျှက်ရှိပါတယ်။ ရန်ကုန်မြို့နေ အင်တာနက် အသုံးပြုသူတချို့ကတော့ ဤသို့ဖြစ်ခြင်းမှာ မြန်မာနိုင်ငံ၏  ISPများ ဖြစ်သော MPT နှင့် Bagan Net တို့ မှ တမင်တကာ နှေးကွေးထားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆိုကြလျှက်ရှိပါတယ်။ မည်သည့်အတွက်ကြောင့် ကွန်နက်ရှင်နှေးကွေးရသည် ဆိုတာကိုတော့ သက်ဆိုင်ရာမှ အကြောင်းပြ ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရပါတယ်။ ထို့ပြင် နောက်ထပ် တလလောက် အထိ ထိုကဲ့သို့ နှေးကွေးနေအုံးမည်ဟု ပြောဆိုနေကြသည်များလဲ ကြားသိရပါတယ်။ မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုသူများနှင့် အင်တာနက်ဆိုင်ဖွင့်သော လုပ်ငန်းပိုင်ရှင်များသည် မြောက်များစွာသော ဥပဒေများ ကြားမှာ အသုံးပြုနေကြရပြီး မကြာခဏ ဆိုးရွားသော ကွန်နက်ရှင်ကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာသို့ ဆက်သွယ်ရာ၌ အခက်အခဲများ ဖြစ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

Read Users' Comments (0)

နှုတ်ထွက်ပါသည်

Dear all friends
ကျွန်တော် MBS အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပါသည်။ အမှန်တော့ MBS ဆိုတာ အခုထိအဖွဲ့အစည်းမဟုတ် သေးတော့ မန်ဘာလို့လဲ ပြောရခက်နေပါတယ်။ ဒါပေမယ့် ကျွန်တော်အနေနဲ့ နောင်ပြုလုပ်လတ္တံ့သော MBS မှ ပြုလုပ်မည့် မည်သည့် Activity မျိုးကိုမှ follow လုပ်ခြင်း၊ support လုပ်ခြင်းများ ပြုလုပ်တော့မည် မဟုတ်ပါကြောင်း သိစေအပ်ပါသည်။ နောက်ပြီး ကျွန်တော့်ကိုယ်ပိုင် ဆုံးဖြတ်ချက်သက်သက် အရ ဖြစ်ပါတယ်။ နောင်တွင် ကျွန်တော်သည် MBS ဆိုသော ခေါင်းစဉ်အောက်တွင် ရပ်တည်တော့မည် မဟုတ်ကြောင်း သိစေအပ်ပါသည်။ ဤအသိပေးချက်အား ပြန်လည်တုံ့ပြန်သော၊ ထင်မြင်ချက်ပေးသော မည်သည့် ပို့စ်ကိုမှ ပြန်လည်ဖြေကြားပေးတော့မည် မဟုတ်ပါ။

မင်းယွန်းသစ်
(15.9.2008)

Read Users' Comments (1)comments

ကျွန်တော်တို့အားလုံးရဲ့မြို့တော်

ငါးနာရီထိုးတော့ ဘတ်စ်ကားတွေ ပေါ်
အလုအယက် တက်ကြလို့...
မြို့တော် ခန်းမရှေ့က ညော်နံ့တွေနဲ့
စပယ်ယာတွေရဲ့ အော်ခေါ်သံတွေက
မြို့ပြညရဲ့ တံခါးခေါက်သံတွေပေါ့...
မုန့်ဟင်းခါး ဘူးသီးကြော်နဲ့စား ထိုင်ခုံပုလေးတွေပေါ်ထိုင်ရင်း
ရုံးဆင်းပြန်ကြတဲ့ လူရေစီးကြောင်းကြီးကို ကြည့်ရင်း
ဒါဟာ ဘယ်မှာမှ မရနိုင်တဲ့ ရသတမျိုးပဲ...
၁၀၀တန် လန်ဒန်တလိပ်ရဲ့ အခိုးတွေနဲ့
အဖိုးတန်တဲ့ လအရိပ်အောက်မှာ
မီးရောင်တွေ တဖျတ်ဖျတ်လူးနေတဲ့
မျက်စိနောက်စရာ မြင်ကွင်းတွေဟာ
ကျွန်တော်တို့ အတွက်တော့ ဘယ်တော့မှ မရိုးသွားဘူး..
မွေးကတည်းက နေလာတဲ့မြို့...
တခါတလေ မွန်းကြပ်တတ်ပေမယ့်..
ခြေဆန့်လက်ဆန့်နဲ့ သက်တောင့်သက်သာ ရှိတဲ့မြို့...
စာရွက်ပေါ်က အကောင်းစား ဥပဒေသ တွေနဲ့
ပယ်ဖျက်ချင် ပယ်ဖျက်..
ဒီမြို့ဟာ ကျွန်တော်တို့ ရင်ထဲက ထာဝရမြို့...
ဘယ်တော့မှ ဈာန်မလျှောတဲ့မြို့..
အတွေးအခေါ်တွေ ဂျွမ်းပစ်သွားမယ့် စာအုပ်တွေရောင်းတဲ့ စာအုပ်တန်း..
ခင်ဗျား ၀ါသနာပါရင် လျှောက် ပတ် ကြည့်နိုင်တယ်...
ဒါမျိုး ခင်ဗျားတို့ မြို့တော်ကြီးမှာ ရှိသလား..
ထားပါတော့...
တခုတော့ ရှိတယ်.. မြန်မာဘုရင်နန်းစိုက်ခဲ့တဲ့ ရွှေမန်းပြီးရင်...
ဒီမြို့ဟာ အကြီးအကျယ်ဆုံးပဲ....
ဗိုလ်ချုပ်ကို မွေးထုတ်ပေးလိုက်တဲ့ တက္ကသိုလ်ကြီးရှိတဲ့မြို့...
အမှန်တရားအတွက် ရွပ်ရွပ်ချွံချွံတိုက်ခဲ့တဲ့မြို့...
မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်ခဲ့တဲ့မြို့..
ကုလသမဂ္ဂခေါင်းဆောင်ကြီး ဦးသန့် ဂူဗိမာန်ရှိတဲ့မြို့...
ကမ္ဘာတ၀ှမ်းက သိတဲ့ Rangoon ဆိုတဲ့ မြို့..
ကမ္ဘာ့ထူးဆန်းအံ့ဖွယ်များထဲက တခုအပါအ၀င်ဖြစ်တဲ့ ရွှေတိဂုံဘုရား ကိန်းဝပ်တော် မူတဲ့မြို့..
လိုက်တုအုံးမလား..နောင်ထပ် ဆယ်စုနှစ်တောင် ဝေးသေးတယ်...
ရန်အပေါင်းကုန်စင်အောင်မြင်လို့... အလောင်းဘုရားက ရန်ကုန်လို့ မှည့်ထွင်ခဲ့တဲ့မြို့..
ထွင်ချင်တဲ့စတန့်ထွင်... ရွှေ့ချင်တဲ့နေရာရွှေ့..
ကုတ်နဲ့ကော်ထုတ်တောင် ဒီမြို့က မသွားဘူးဗျ...
သိလားတော့ မသိဘူး..
ဒီမြို့ဟာ သမိုင်းကြောင်းခိုင်မာတဲ့..
ကျွန်တော်တို့ရင်ဘတ်ထဲက ထာဝရ မြို့...။

Read Users' Comments (1)comments

Phatkapong

Yesterday, When I was using computer, smell appeared from the kitchen. It made me cough. What's up! That's why, my aunt was cooking. 'what kind of curry?'. She said that It is Phatkapong. I've never heard this curry name. Do you know this curry? It comes from Thailand. It is one of the famous curry of Thai. They(My Aunt and Uncle) have lived in Thai for about four years. My Aunt can cook so many Thai Traditional food. Well! It is a spicy one. Phat is fries and Kapong is kind of leaf. The complete name is PhatKapongmu. The last word 'mu' means pork. You can also cook with 'Kai'(chicken) and 'Nwe'(beef). It's taste is nice but very spicy. The real phatkapong makes you cough when it is cooking.:) After eating, I drink coke more. (shuu... shae`... ).... heee! I also ate rice more. (just only 3 :P). She also made somtham (Papaya salad) for us. Wow! It was a very good dinner last night. Do you want to eat her special various kind of curry? Ok! I'll invite you next time. :) Here are some photos.


That's Phatkapongnwe. ( Are you hungry?) :P


Thai Papaya Salad and jaggery that put in papaya salad (It is different with Myanmar Jaggery. It is not include sand. It's pure.)

Read Users' Comments (1)comments

အရာမ၀င်ခဲ့တဲ့ညနေ

မြစ်တွေက ကွေးကောက်လွန်းတယ် မေမေ...

သားလက်တံတွေ ဆန့်ထုတ်ပြီးတာတောင် ...

အဲ့ဒိ နရီတွေကို ဆုပ်ကိုင်နိုင်ဖို့ ခဲဆစ်နေတုန်းပါပဲ

အဲဒိ ဗေဒတွေကို သားသိနိုင်ဖို့ နဲနဲ လှမ်းလွန်းနေတုန်းပဲ..

သူတို့က မတွန်ပြတောင် ကြေးခွံမြင်ရရုံနဲ့

ကျိန်စာသင့် သတ္တ၀ါတွေ မှန်း သားသိသွားခဲ့ရတယ်...

ကတိက၀တ်တွေ စုတ်ဖြဲ ခံရပြီးမှ.

သားဆီမှာ လက်ကျန် ကျန်ခဲ့တာဆိုလို့

စကားလုံးမဲ့ အပိုင်းအစတွေပါပဲ...

ခုတော့လဲ... မေမေ့သားတစ်ယောက်...

ခရမ်းရောင် အိပ်မက်မျိုးတွေ မမက်တတ်တော့ပါဘူး

တိုက်အိမ်တွေ လေထဲမှာ မဆောက်ဖြစ်တော့ပါဘူး...

ခပ်စူးစူး တေးသွားတွေ မညည်းဖြစ်တော့ပါဘူး..

ပြီးတော့ သားလေ...

အလဟဿ ညနေတွေနဲ့ အတူ မသွန်းဆစ်တော့ပါဘူး မေမေ....။

Read Users' Comments (3)

ဟိုနားဒီနား

မနေ့က ညနေပိုင်း အညောင်းပြေလမ်းလျှောက်ရင်း Orchard လမ်းတလျှောက်၊နဲ့ တိုပါးယိုးဘုန်းကြီးကျောင်းဘက်တွေရောက်ခဲ့တယ်ဗျ..။ Orchard ဘက်မှာ Lucky Plaza ဘက်ကနေ ဖားမလေးတွေ အဲလေ..:P ဖိလစ်ပိုင်တွေ စုဝေးတဲ့ နေရာနားကို လျှောက်ကြည့်ခဲ့တာပေါ့။ သူတို့ စုဝေးတဲ့နေရာက ကျွန်တော်တို့ မြန်မာတွေ စုတဲ့နေရာ ပင်နယ်စူလာ ထက် ပိုစည်သလိုပဲ..။ Orchard လမ်းကို အစလောက်ကနေလျှောက်တာ သမ္မတ အိမ်တော်ဆိုလား အဲ့ဒိနေရာနားလဲ ရောက်တယ်..။ ဟိုးဘက် Dohby Ghaut ဘတ်စကား မှတ်တိုင်နား အထိ ပယ်နယ်စူလားကို လှမ်းမြင်ရတဲ့အထိပါပဲ..။ ဒါနဲ့ ဘတ်စ်ကား ဂိတ်နားမှာ လူသုံးယောက် ဖြတ်လျှောက်သွားတာ အလယ်က လူမြင်ဖူးသလိုပါပဲဆိုပြီး သေချာကြည့်တော့ ကိုပွတ်နဲ့ တူနေသလိုလိုဖြစ်နေတယ်။ ဒါနဲ့ ကျွန်တော်လဲ မသေချာတာနဲ့ ကိုပွတ်ဖုန်းကို လှမ်းဆက်တော့ ဟုတ်တယ်တဲ့ဗျာ..။ ဟတ်ဟတ်။ ဒီလိုမှန်းသေချာ သိရင် အတင်းလက်ဆွဲထားပါတယ် မုန့်ဝယ်ကျွေးခိုင်းမလို့။ :P Orchard လမ်းတလျှောက် လျှောက်လိုက်ရတာ ဗိုက်တောင် တော်တော်ဆာသွားတယ်။ ပြီးတော့ ဘတ်စကားကို တိုပါးယိုး ဘုန်းကြီးကျောင်းနားမှာ ဆင်းပြီး ဘုန်းကြီးကျောင်းဘက် ၀တ်ပြုဖို့ရောက်ခဲ့တယ်ဗျ.။ သွားရင်းလာရင်း ရိုက်ခဲ့တဲ့ပုံလေးတွေပေါ့။ :)


Orchard လမ်းက ရုံးဆင်းရုံးပြန် လူတွေ...


ဓာတ်ပုံထဲမှာ ဗိုက်မပူအောင် မနည်းရှုံ့ထားရတယ်ဗျို့ ဟတ်ဟတ် :P


Singapore Visitors Center


ီDohby Ghaut ဘတ်စ်ကားဂိတ်မှာ ကားစောင့်ရင်းပေါ့...။ :)


တိုပါးယိုးဘုန်းကြီးကျောင်း အောက်ထပ်က ဗုဒ္ဓရုပ်ပွားတော်


ဒုတိယထပ်က မတ်ရပ်ဆင်းထုတော်


အပေါ်ဆုံးထပ်က စေတီတော်


ဟဲဟဲ ကျွန်တော်နှင့် မြို့ပြညပေါ့ဗျာ..။


Read Users' Comments (1)comments

အနီရောင်မြို့

အလင်းမရှိတဲ့ နံနက်ခင်းဟာ ငါ့လွယ်အိတ် အခန်းငယ်ထဲ တိုးဝင်လို့...
အပြာတွေ သွန်းပနေတဲ့ မီးတိုင်တခုက
သက္ကရာဇ်တွေကို (ပိုင်ရှင်မသိပဲ) သယ်ယူသွားကြ...
ခေါင်းမှန်း ပန်းမှန်းမသိပဲ ပြိုင်ခဲ့တဲ့ ခြေလှမ်းတွေမှာ
ဖိနပ်မပါခဲ့ဘူး...
ဘာလိုလိုနဲ့ ပွဲတော်တခုတောင်ရောက်ခဲ့...
သင်္ကေတမရှိတဲ့ မြို့မှာ ငါဟာ ဧည့်သည်သက်သက်ပါပဲ...
မြို့ကြီးရေ...
ငါကခဏတော့ ခေါက်သိမ်းရလိမ့်အုံးမယ်...
ပြတင်းတံခါး မပိတ်ခင်တော့ ပြန်လာရအုံးမှာပါ...
တနေ့နေ့ပေါ့...ဗျာ
ခင်ဗျားနဲ့ ကျွန်တော် ရက်သတ္တပတ်တွေကို
မီးမြှိက်ရှုရှိုက်ကြသေးတာပေါ့...။

Read Users' Comments (0)

Snapshot@Singapore

လျှက်တပြက်ကျွန်တော့်ရဲ့ပုံတွေဖြစ်ပါတယ်။ ဟတ်ဟတ်။ ကျေးဇူးပြု၍ မဂ္ဂဇင်းများတွင် ရောင်းစားလိုပါက ကြိုတင် အသိပေးကြပါခင်ညာ...။ :P



Opps!!



ကိုရီးယားမင်းသားမဟုတ်ဘူးခင်ည.. ကျွန်တော် ကိုရီးယား ထမင်းသုပ်စားနေတာပါ..ဟဲဟဲ



အူကြောင်ကျား မင်းယွန်းသစ်ဆိုတာ အာဖရိကမှာ မရှိပါဘူး.အာရှမှာပဲရှိပါတယ်။ ခွိခွိ..။:P



စားကြအုံးမလား မလေးရှားဆိတ်သားနဲ့ထမင်းဗျ...ငှက်ငှက်...။



Robison မှာ ကောင်မလေးနဲ့ကြည်နေတာခင်ည....။ (ဒါပေမယ့် သူကစကားတခွန်းမှ မပြောတာ ခက်တယ်...)


ဤတွင်ဆားချက်လို့ ပြီးပါပြီခင်ဗျာ...ဒန်တန်တန်..။:D

Read Users' Comments (4)