Posted in |
Wednesday, August 27, 2008
ဘလော့တခုပိုင်ရုံနဲ့ ဘလော့ကာလို့ ပြောချင်လဲ ပြောပေါ့...
မခေါ်ချင်လဲ ရပါတယ်...
အနုပညာဆိုတာ ဖန်တီးသူရဲ့ နှလုံးသွေးစုတ်ချက် .....
ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဖန်တီးသူရဲ့ အလုပ်မဟုတ်ဘူး...
ကျွန်တော့် စုတ်ချက်တွေ ၀ိဥာဉ်ရှိ သ၍ ခြယ်မှုန်းနေမှာပါပဲ....
စကားလုံးပန်းချီတွေ ဟောဒိရှေ့မှာ သွန်မှောက်ချပြနေအုံးမှာပါပဲ...
တခါတရံ ကာရံညီချင်ညီမယ်...၊ တခါတရံ သံစဉ်မဲ့နေမယ်..
တခါတရံလဲ ထော်လော်ကန့်လန့် ဖြစ်ချင်ဖြစ်နေမယ်....
အားပေးသူရှိချင်ရှိမယ်....၊ ရှိချင်မှလဲ ရှိမယ်.....
ဟုတ်ကဲ့ ကျွန်တော် ဘလော့တခု ပိုင်ဆိုင်ပါတယ်....
ဒါပေမယ့် ဘလော့ကာ ဖြစ်ချင်မှ ဖြစ်မယ်.....
ဟုတ်ကဲ့......
ကျွန်တော့် မှာ ဘလော့တခုပိုင်ဆိုင်ပါတယ်......
Posted in |
Wednesday, August 27, 2008
ကိုမျက်လုံးဘလော့မှ ပြန်လည်ဖော်ပြပါသည်။၂၀၀၈ ခုနှစ်၊ သြဂုတ်လ၊ (၃၁) ရက်နေ့ မြန်မာအင်ဖိုတက် အဆောက်အဦးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော "Socialization on Net" နည်း ပညာဟောပြောပွဲအား မူလစီစဉ်ထားသည့်အတိုင်း ကျင်းပရန် အခြေအနေ အရပ်ရပ်ကြောင့် ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားပါသည်။ အထက်ပါ အချက်အလက်များနှင့် ပတ်သက်သော ထင်မြင်ချက်၊ သတင်းနှင့် အခြား အကြောင်းအရာများအား ပွဲဖြစ်မြောက်ရန် စီစဉ်သူများ အနေနှင့် မည်သည့် ထုတ်ပြန် ပြောဆိုချက်မျှ ပြုလုပ်ပြောဆိုခြင်း မရှိသေးပါ။ Seminar နှင့် ပတ်သက်သော အပြောင်းအလဲ သတင်း အချက်အလက်များနှင့် စပ်လျဉ်း၍ တရားဝင် ပြောဆိုချက်များကို ပွဲဖြစ်မြောက်ရေး စီစဉ်သူများ၏ သက်ဆိုင်ရာ ဘလောဂ်များတွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ စီစဉ်သူများ၏ ဘလောဂ်များတွင် ဖော်ပြထားသော အချက်အလက်များသည်သာ တရားဝင် ပြောဆိုချက်များ ဖြစ်ကြောင်းနှင့် အခြားသော ထင်မြင် ပြောဆိုချက်များကို ပွဲစီစဉ်သူများမှ တာဝန်ယူ ဖြေရှင်းသွားနိုင်မည် မဟုတ်ပါကြောင်း သိစေလိုပါသည်။
ပွဲစီစဉ်သူများ
ကိုသက်ထူး
ကိုဇော်ဇော်
ကိုဖြိုးကျော်
ကိုစိုးဇေယျ
ကိုမျိုးမြင့်အောင်
ကိုဝေမျိုးထွဋ်
မထိုက်ထိုက်အောင်
မတင်မြတ်ထက်
Posted in
Labels:
News
|
Tuesday, August 26, 2008
မပင့်ဆီမှ ပြန်လည်ကူးယူဖော်ပြပါတယ်။
သဂုတ်လ (၃၁) ရက်နေ့မှာ ကျရောက်မည် World Blog Day အထိမ်းအမှတ်အနေဖြင့် MBS (Myanmar Blogger Society) အဖွဲ့ဝင် Blogger တွေ ဦးစီးပြုလုပ်မယ့် Seminar တစ်ရပ်ကို 2008 ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့မှာ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေထဲမှာရှိတဲ့ MICT မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ Seminar အမည်ကိုတော့ “Socialization on Net” လို့အမည်ပေးထားပြီး မြန်မာ Blogger များရဲ့ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Seminar ပဲဖြစ်ပါတယ်။ ဒီပွဲကို ပြည်တွင်းမြန်မာဘလောဂ့်ဂါတွေရဲ့ ဦးဆောင်မှု၊ ပြည်ပမြန်မာ ဘလောဂ့်ဂါတွေရဲ့ ပူးပေါင်းပါဝင်မှု တို့ဖြင့် စည်းစည်းလုံးလုံး ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အင်တာနက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Social Networking နဲ့ Blogging တို့ကို အခြေခံပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်တာတွေ၊ စီးပွားရေး ဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နိုင်တာတွေ၊ ပညာရေးကို မြှင့်တင်ပေးနိုင်တာတွေ၊ Global ရေစီးကို ပိုမိုလျင်မြန်အောင် စီးဆင်းနိုင်ဖို့ လုပ်ဆောင်နိုင်တာတွေကို မြန်မာ ဘလောဂ့်ဂါ လူငယ်များမှ ဟောပြောပေးသွားမှာ ဖြစ်ပါတယ်။ MBS ရဲ့ အနာဂတ် လုပ်ငန်းစဉ်များကိုပါ ပြောကြားပေးမှာ ဖြစ်ပြီး Guest Speaker တစ်ဦးကိုလည်း ဖိတ်ကြားဖို့ စီစဉ်နေပါတယ်ရှင်။
ဒီ စီမီနာ အခမ်းအနားလေးကို အိုင်တီ၊ ကွန်ပျူတာ၊ အင်တာနက်၊ စီးပွားရေး၊ ပညာရေး အစရှိတဲ့ နယ်ပယ် အသီးသီးကလူတိုင်းအတွက် ရည်ရွယ် ဟောပြောပေးမှာ ဖြစ်လို့ လူတိုင်း မလွတ်တမ်း လာရောက်နားထောင်သင့်တဲ့ ဟောပြောပွဲတစ်ခု ဖြစ်ပါတယ်။ Social Networking နဲ့ Blogging တို့မှ ရရှိလာမယ့်၊ ဖန်တီးယူနိုင်တဲ့ အခွမ်းအလမ်းတွေဟာ ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ အဲဒီနေ့မှာပဲ လာရောက်နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။
Posted in
Labels:
poem
|
Monday, August 25, 2008
သင်ခန်းစာမရှိတဲ့ညမှာ
ငါ့ကိုယ်ငါ အိပ်မောကျလို့ မရခဲ့ဘူး...
စီးကရက် တရှိုက်စာ အလွမ်းတွေ...
အဲဒိဓာတ်မီး တိုင်ကွေးညွှတ်ညွှတ်အောက်..
လုံးပါးပါးခဲ့ရတယ်..
ပေတရာလမ်းမကြီးက အလျားလိုက်ကြီး...
တိတ်ဆိတ်လို့....
မြို့ပြတခုလုံး တုံးလုံးပက်လက်လဲနေလိုက်ကြတာများ
မနာလိုဖြစ်ဖို့တောင် ကောင်းတယ်...
ရီခိုးဝေနေတဲ့ စက္ခုရှေ့က မီးရောင်တွေက
ကချေသည်မလို အူယားဖားယား ကပြနေကြ...
အနားစုတ်နေတဲ့ ဂျင်းပန်တထည်လို ဖန်တရာတေနေတဲ့
ဖိုသီဖတ်သီ ရာသီဥတုတွေက..
အဲဒိ...အမှောင်ထုထဲ ပြေးဝင်သွားကြ...
အဲဒိညက
သူငယ်ချင်း တသိုက်နဲ့...
ပါးစပ်ဖြစ် ကဗျာတွေ...
မြို့လယ်ခေါင်မှာ ခြေပစ်လက်ပစ် အော်ဟစ်ရွတ်ကြ....။
Posted in
Labels:
News
|
Friday, August 22, 2008
မနေ့ညက အိုလံပစ်ပွဲတွေကြည့်ရင်း ချန်နယ် တခုကို ချိန်းကြည့်တော့ မာရသွန်ရေကူးဆိုလို့ စိတ်ဝင်စားပြီး ထိုင်ကြည့်မိတယ်။ ၁၀ ကီလိုမီတာ တနည်းအားဖြင့် မီတာ ၁၀၀၀၀ ။ ကျွန်တော်က မာရသွန်ကို ပြေးတာသာ ကြည့်ဖူးတာ ရေကူးတာတော့ မကြည့်ဘူးဖူး။ တော်တော်ကြာကြာ မနားတမ်းကူးရတယ်ဗျာ..။ ရေကူးဖူးသူ တစ်ယောက်ဆိုရင် သိလိမ့်မယ်။ ရေကူးရင် အသက်ရှူရတဲ့ သက်လုံကဘယ်လောက် ကောင်းဖို့လိုတယ် ဆိုတာ ကူးဖူးမှ သိတာ။ မီတာ၁၀၀၀၀ ဆိုတာ နည်းတာ မဟုတ်ဘူး။ ကူးရတာ outdoor ရေကန်ကြီးမှာ ကူးရတာကျွန်တော်တောင် ရေကူးသမားတွေ ကြည့်ရတာ မောတောင်လာတယ်။ တော်ရုံဇွဲနဲ့လဲ မရဘူး..။ ဒါမျိုး ရိုးရိုးရေကူးသမား တွေအနေနဲ့တောင် မလွယ်ဘူး ထင်တယ်။ ပထမ မနားတမ်း အင်္ဂလန်က ဒေးဗစ်က ဦးဆောင်နေပြီးကာမှ ပြိုင်ပွဲပြီးကာနီးမှာ နယ်သာလန်က Maarten van der Weijden က ကပ်ပြီး ပန်းဝင်သွားတယ်။ ပြိုင်ပွဲ ကြာချိန်က အားလုံးစုစုပေါင်း ၁နာရီ ၅၅မိနစ် ကျော်တောင် ကြာတယ်။ မနားတမ်းကူးတဲ့ အချိန်ဟာ ၂နာရီနီးပါးဆိုတော့ တကယ်ချီးကျူးဖို့ကောင်းတယ်ဗျာ..။ တကယ်ချီးကျူးစရာကောင်းတဲ့ မာရသွန်ရေကူး သမားတွေပါပဲ။ (ကျွန်တော့်သာ IOC အဖွဲ့အကြီးအကဲဆို ဒီလောက်ပင်ပန်းတဲ့ ကစားသမားတွေကို ပထမ၊ဒုတိယ၊ တတိယ အပြင် တခြား ကစားသမားတွေကိုပါ ဆုထိုက်တန်အောင် ပေးတယ်ဗျာ..) ကြည့်ရတာ မောလွန်းလို့...။ :P

မာရသွန်ရေကူး ချန်ပီယံ Maarten van der Weijden (နယ်သာလန်)
အပြည့်အစုံကြည့်ချင်ရင်
ဒီမှာ
Posted in
Labels:
News,
Today Yangon
|
Tuesday, August 19, 2008
၂၀၀၈ခုနှစ် စက်တင်ဘာ ၁ရက်နေ့မှာ ကျင်းပမယ့် ဘလော့ဒေးစီမီနာအတွက် ဒုတိယအကြိမ် မီတင်ကို မြေနီကုန်း Ocean Princess ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။ မီတင် တက်ရောက်ခဲ့သူများကတော့ idulize၊ရွှေမင်းသား၊ ကိုညီလင်းဆက်၊ ကိုဘလာဂေါက်၊ မဘာညာ၊ ကိုပီကေ၊ စိုးဇေယျ၊ အောင်မျိုးဟန်၊ မပင့်၊ stanley၊ dr.junior၊ မယမင်း၊ တေဇာ၊ neo jack ၊ ဖိုးသူတော်၊ zerotrash ၊ ko wai စသူတို့ ဖြစ်ကြကြောင်း ကြားသိရပါတယ်။ အစည်းအဝေး ဆုံးဖြတ်ချက် အပြည့်အစုံကိုတော့
MBS မှာ အသေးစိတ် မကြာမှီဖော်ပြသွားမည် ဖြစ်ကြောင်းနှင့် ယခုအခါ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။ (သတင်းများ ထပ်မံရရှိပါက တင်ပြသွားပါအုံးမယ် ခင်ဗျာ)
အမှားပြင်ဆင်ချက်။ ။ ဘလော့ဒေးစီမီနာအား သြဂုတ်လ ၃၁ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း အတည်ပြုပြီး ဖြစ်ပါသည်။




(ဓာတ်ပုံများကို မဘာညာဆီမှ ရရှိပါတယ်)
Posted in
Labels:
memories
|
Monday, August 18, 2008
စီမီနာ မတိုင်ခင် နှစ်ရက်လောက် အလိုထင်တယ်။ အဲ့ဒိနေ့က ရန်ကုန်မြို့လည်က ကွန်ပြူတာနဲ့ ပတ်သက်နဲ့ လုပ်ငန်းတွေကို ကြော်ငြာစာရွက် လိုက်ကပ်ဖို့ တာဝန်ခွဲဝေကြတယ်။ လသာနဲ့ တရုတ်တန်းဘက်ခြမ်းကို မနှင်းမိုးဝေ ကတာဝန်ယူပြီး ကျန်တဲ့ဆူးလေတ၀ိုက်ကိုတော့ အားလုံးထဲမှာ အငယ်ဆုံးဖြစ်ကြတဲ့ ကျွန်တော်နဲ့ တေဇာ တို့ရဲ့ တာဝန်ကျလာတယ်။ ကျွန်တော်တို့ မြို့ထဲမှာ ချိန်းပြီး ဆိပ်ကမ်းသာလမ်းဘက်ကနေ လမ်းလျှောက်ရင်း အင်တာနက်ဆိုင်လေးတွေကို တဆိုင်ဝင် တဆိုင်ထွက် ဝေခဲ့ရတယ်။ တချို့ဆို ကျွန်တော်တို့ ဘလော့ဆိုတာကို ဘာမှန်းမသိဘူး ပစ္စည်းကြော်ငြာတဲ့လူတွေ ထင်လို့ ကျွန်တော်တို့ နှစ်ယောက်ကို အင်တင်တင်နဲ့ လုပ်ခံလိုက်ရသေးတယ်။ ဆိပ်ကမ်းသာ၊ ဘားလမ်း၊ ပန်းဆိုးတန်းနဲ့ ဒိဘက် ဆူးလေ ကုန်းကျော်တံတားနားက စီဒီဆိုင်တွေနဲ့ အဲ့ဒိနားက အင်တာနက်ဆိုင်တွေကို ပါ လိုက်ဝေခဲ့တယ်။ စဝေတော့ မနက် ၁၁နာရီလောက်ကနေ ဝေတာ၊ အားလုံးပြီးတော့ ၃နာရီလောက်တောင် ထိုးတော့မယ်။ ကျွန်တော်တို့လဲ ဗိုက်ဆာဆာနဲ့ ဝေပြီးတာနဲ့ အိမ်ကို ပြန် လစ်ရတော့တယ်။
စီမီနာ မတိုင်ခင်ည
စီမီနာ မတိုင်ခင်ညနေမှာ နောက်နေ့ ဝေမယ့် flyer တွေ၊ ကိုစေတန်ဂေါ့တ်ရေးတဲ့ ဘလော့လုပ်နည်း လမ်းညွှန် စာအုပ်တိုလေးပေါ်မှာ စပွန်ဆာလိုဂိုတွေကို ၀ိုင်းဝန်းကပ်ကြတယ်။ အဲ့ဒိနေ့ကလဲ လူတော်တော်စုံကြတယ်.။ မှတ်မိသလောက်ဆို ကိုညီလင်းဆက်၊ ကိုဂေါက်၊ ကိုစစ်အိမ် (ပါတယ်ထင်တယ်)၊ ကိုကြီးကျော်၊ ကိုစေတန်ဂေါ့တ်၊ မနှင်း(နှင်းမိုးဝေ)၊ မဘာညာ၊ မပင့်၊ ကိုနေဘုန်းလတ်၊ မမီ၊ ကိုမျက်လုံး၊ စိုးဇေယျ စသည့်ဖြင့် ရန်ကုန်ဘလော့ကာတွေ တော်တော်များများ လာပြီး အခန်းကျဉ်းလေးထဲမှာ တယောက်တလက် flyer ညှပ်သူညှပ်၊ မနက်ဖြန် တက်ပြောမယ့် လူတွေက power point လုပ်သူက လုပ်၊ ကော်ကပ်သူက ကပ်နဲ့ ပျော်ရွှင်စွာ လုပ်အားပေးကြတယ်။ အလုပ်တွေအားလုံးပြီးတော့ ဘယ်သူ့စပွန်ဆာမှန်း မသိဘူး (စိုးကြီးစပွန်ဆာထင်တယ်) ခေါက်ဆွဲကြော်တွေ လေးငါးဆယ်ထုပ် ၀ယ်လာတယ်။ လူဦးရေကများတော့ မလောက်ဘူး အသည်းအသန် လုစားကြရတာ အခုထက်ထိ မှတ်မိနေတုန်း ပါပဲ။ ကိုဂေါက်တို့၊ ကိုနေဘုန်းလတ်တို့ကတော့ ကျွန်တော်တို့ အိမ်ပြန်တာတောင် မပြန်သေးပဲ သူတို့ဒီမှာပဲ ညအိပ်မယ်ဆိုပြီး ကျန်ခဲ့ကြတယ်။
စီမီနာနေ့
စီမီနာနေ့ ကျတော့ ကျွန်တော်တို့ အားလုံးစုရပ်က မြေနီကုန်းမှာ ပြီးတော့ ၈နာရီခွဲအရောက် ချိန်းထားကြတယ်။ ကျွန်တော်လဲ တက်ကြွစွာနဲ့ မနက်အစောကြီးထပြီး မြေနီကုန်းကို ဒိုးရတယ်။ ဟိုရောက်တော့ ဟိုလူဒီလူစောင့်နေတာနဲ့ ကိုးနာရီထိုးခါနီးကျတော့ ကိုဂေါက်နဲ့ ကျွန်တော်တို့ ဘတ်စ်ကားစီးကြတယ်။ မြန်မာအင်ဖိုတက်ရောက်တော့ အနောက်ပေါက်ကနေ လမ်းလျှောက်ဝင်ခဲ့ကြတယ်။ ဟောခန်းကိုရောက်တော့ ဗီနိုင်းတွေ ဘာတွေ ကပ်ပြီးပြီ ခုံတွေလဲ အဆင်သင့်ဖြစ်နေပြီ ဒါပေမယ့် ကျွန်တော်တို့နဲ့ အတူတူပြမယ့် ပလန်းနက်၊ (မိုင်စုဗူး) ကတော့ မရောက်သေးဘူး၊ နောက်တော့ စီမီနာအခန်းထဲမှာ လိုတာတွေ ထပ်ပြင်၊ ပရိသတ်တွေ ထိုင်မယ့် နောက်မှာ လက်မှတ်ထိုးဖို့ (ကိုဂေါက်အိုင်ဒီယာ ဖြစ်တဲ့) ဗီနိုင်း ပြောင် အရွက် ရှည်ကြီးကို အင်ဖိုတက်က ၀န်ထမ်းတွေနဲ့ အတူတူ တက်ရိုက်ရတယ်။ ကင်မရာတွေ ဘာတွေချိန်ပြီးပြီ ဆိုတော့ နောက်ဟောမယ့် သူတွေ ရောက်လာကြတယ်။ ကိုနေဘုန်းလတ် ကအရင်ဆုံးရောက်တာပဲ။ သူ့က တိုက်ပုံကြီးနဲ့ ဆိုတော့ ၀ါးတီးကုဒ်ကြီးနဲ့လို့ ၀ိုင်းနောက်နေကြသေးတယ်။ တဖြည်းဖြည်းနဲ့ ဖိတ်ကြားထားတဲ့လူတွေ တဖွဲဖွဲရောက်လာရင်း အခမ်းအနား အစီအစဉ်စတော့တယ်။ အဲ့ဒိတုန်းက အခမ်းအနား မှူးလုပ်တာက မပင့်ပါ။ တော်တော် ၀ပါတယ်။ :P ပထမဦးဆုံး မဘာညာ၊ မမီ၊ ကိုမျက်လုံး၊ ကိုစေတန်ဂေါ့တ်၊ ကိုနေဘုန်းလတ် ဦးရဲမြတ်သူ တို့မှ တက်ရောက်ပြောကြားခဲ့ပြီး ပွဲပြီးတော့ စိုးဇီယျက ပရိသတ်တွေရဲ့ အမြင်ကို လိုက်လံမေးမြန်းခဲ့ပါတယ်။ ထို့ပြင် ကံစမ်းမဲ အစီအစဉ်လေးလဲ အဲ့ဒိတုန်းက ထည့်ထားတော့ ပွဲကတော်တော် ပျော်စရာကောင်းပြီး အောင်မြင်တယ်လို့ ပြောရမယ်။ တက်ရောက်သူပေါင်း ၆၀၀ ကျော်ခဲ့တယ်။
ပွဲပြီးတော့ သိလိုသည်များကို ကိုညီလင်းဆက်က ဖြေကြားပေးခဲ့ပါတယ်။ မေးခွန်းတွေကလဲ တကယ့် ဖြေရခက်တဲ့ မေးခွန်းတွေပါပဲ။ အားလုံးပြီးတော့ ကျွန်တော်တို့ အားလုံး မောပန်းနေကြပေမယ့် အောင်မြင်သွားလို့ အပြုံးကိုယ်စီတွေနဲ့ပေါ့။ အားလုံး အမှတ်တရ ဓာတ်ပုံရိုက်ကြတယ်။ (အဲဒိ အဖွဲ့လိုက် ဓာတ်ပုံရှိကြသေးရင် ဝေမျှပေးပါအုံးခင်ဗျာ)။ ပြီးတော့ ညနေပိုင်းမှာ မန္တလေး ဇော်ဂျီက ဦးရဲမြတ်သူနဲ့ အတူ ကျွန်တော်တို့ ဘလော့ကာတွေ ကမ်းနားက ရွေဘဲဆိုင်မှာ တပျော်တပါးသွားစားကြတယ်။ အားလုံး အပျော်တွေနဲ့ ဆူညံလွန်းလို့ ကိုဂေါက်တောင် မနည်းမေတ္တာရပ်ခံရတယ်။ ဒါနဲ့ ညစာစားပြီးကော ကဲဒီလောက်နဲ့ မ၀သေးဘူး ဆိုပြီး ယောက်ျားလေး ဘလော့ကာများ အဖွဲ့က ကိုနေဘုန်းလတ် ယခင်မြို့ထဲက အင်တာနက် ဆိုင်ကို ချီတက်ကြတယ်။ ဟတ်ဟတ် ညပိုင်း အစီအစဉ် လေ။ အဲညပိုင်း အစီအစဉ်ဆိုလို့ အစက ၀ိုင်းမယ် ဆိုပြီးသွားကြတာ။ ဟိုရောက်တော့ အင်တာနက်မြင်ရင် မနေနိုင်တဲ့ လူတွေချည်းပဲ ဆိုတော့ ခဏဆိုပြီး အင်တာနက် ထိုင်သုံးလိုက်တာ မနက် သုံးနာရီကျော်သွားတယ် အပေါ်ထပ်မှာ စောင့်တဲ့သူတွေလဲ အပေါ်တက်သွားတော့ အားလုံး တိုက်ပွဲကျကုန်ပြီ။ ဒါနဲ့ တွေ့တဲ့ နေရာ အတင်းတိုးပြိး အိပ်လိုက်ကြတယ်။ မနက်တော့ ကိုးနာရီကျော်မှ မနည်းထရတယ်။ အဲဒိတုန်းက အချိန်တွေမျိုး ပြန်ရချင်တယ်။ တကယ့် မှတ်မှတ်ရရပဲဗျာ..။ တကယ့်ကို စည်းစည်းရုံးရုံး ဖြစ်ခဲ့တယ်။ မမေ့နိုင်တဲ့ အမှတ်တရ တခုပါပဲ။ ဒီနှစ်ထပ်လုပ်မယ့် စီမီနာမှာလဲ မနှစ်တုန်းကလိုပဲ အားလုံး အောင်မြင်ချောမွေ့ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
Posted in
Labels:
memories
|
Tuesday, August 12, 2008
မနှစ်က သြဂုတ်လကုန်ခါနီးတော့ ကျွန်တော့်ထက် စောတဲ့ ဘလော့ဂ်ကာ အကိုအမများရဲ့ ဘလော့တွေမှာ ဘလော့စီမီနာအတွက် မီတင်လုပ်ကြတယ် ဆိုပြီး ပုံတွေ စာတွေ တင်တာတွေ့တော့ ဘလော့ဂ်ကာပေါက်စကျွန်တော်လဲ သူတို့သတင်းတွေ ဖတ်ပြီး ပါဝင်ချင်လာတယ်..။ နောက်ပြီး ကိုရန်တို့ တခြားသော ဘလော့ဂ်ကာတွေက ဘလော့ဂ်ဒေးစီမီနာအတွက် ဘလော့တခုတင်ပြီး ၀ိုင်းဝန်းဆွေးနွေးကြသေးတယ်။ အဲ့ဒိမှာ မြန်မာဘလော့ဂ်ကာ အဖွဲ့ကို ဘယ်လို နာမည်ပေးမယ်၊ Logo ဘယ်လိုသုံးကြမယ်၊ ဘယ်လို Slogan ကိုသုံးမယ် စသည်ဖြင့် ၀ိုင်းဝန်းဆွေးနွေးနေကြတာကိုတွေ့တော့ ကျွန်တော်လဲ အားကျခဲ့ရတယ်ဗျ။ ဒါနဲ့ ကျွန်တော်လဲ ဘယ်လိုဆက်သွယ်ရမယ်မှန်းမသိဘူး တရက်တော့ မမီရဲ့ဘလော့ဂ်မှာ ဘလော့စီမီနာအတွက် မြန်မာဘလော့ဂ်ကာ မည်သူမဆို မီတင်လုပ်ရာ မြေနီကုန်းကို လာနိုင်ကြောင်း ပို့စ်တင်ထားတာကို တွေ့လိုက်ရတယ်။ ဒါနဲ့ ကျွန်တော်လဲ ဆက်သွယ်မိပြီး ဖုန်းဆက်ကြည့်တယ်။ ဘယ်နေ့ဘယ်ချိန်လုပ်မယ်ဆိုပြီး သတင်းရတော့ ကျွန်တော်လဲ အားတက်သရော မီတင်လုပ်မယ့် နေ့အစောကြီး (စနေ့နေ့ ထင်တာပဲ) ရောက်သွားတယ်။ ပထမဦးဆုံး ကျွန်တော်ရောက်တော့ စောနေသေးတာနဲ့ ရန်ကုန်ဘလော့ဂ်ကာတို့ရဲ့ ဆုံစည်းရာ ရပ်ဝန်းလေး ဖြစ်တဲ့ ဦးငြိမ်းဒေါ့ကွန်းလို့ ကျွန်တော်တို့ အမည်ပေးထားတဲ့ ဦးငြိမ်းရဲ့ ကန်းထရီးတီးရှော့ပ်မှာ ထိုင်ရင်း စောင့်နေတာပေါ့.။ (အဟတ် ကိုဂေါက်ရေ ဦးငြိမ်းဆိုင်ကို အခမဲ့ကြေငြာပေးတယ်လို့ ပြောလိုက်ပါ :P )
တနာရီလောက် လဘက်ရည်ထိုင်သောက်ရင်း လူတွေ လဘက်ရည်ဆိုင်ရဲ့ မျက်နှာချင်းဆိုင်က တိုက်ထဲကို ၀င်သွားတာတော့တွေ့တယ်။ အဲ့တုန်းက မမီနဲ့ဖုန်းချိတ်မိပြီး မမီက သူပြောက်ကျားဘောင်းဘီဝတ် ထားမယ်လို့ ပြောတော့ ပြောက်ကျားဘောင်းဘီ ၀တ်တဲ့ မမတွေ အကုန်လိုက်ကြည့်ရတော့တာပေါ့။ အင်းဖြစ်ချင်တော့ အဲ့နေ့ကလဲ တရုတ်မတွေပဲ လမ်းထဲဝင်လာတယ်လေ။ (ဟီးဟီး နောက်တာ :P) နောက်ဆုံး ပြောက်ကျားနဲ့ မမီကို မျက်စိများ မှောက်မှားပြီး မတွေ့လေရောသလား ဆိုပြီး ဖုန်းဆက်ကြည့်တော့မှ အန်တီမီမိက ရောက်တောင်ရောက်နေပြီလေ။ ဒါနဲ့ ကျွန်တော်လဲ ကိုဂေါက်တို့ ရုံးကို ခေါ်သွားတယ်။ ဟိုရောက်တော့ အခန်းလေးထဲမှာ လူတွေပြည့်နေပြီ။ ဘယ်သူတွေလဲတော့ မသိဘူး။ အရင်ဆုံး ကျွန်တော် အရင်မြင်တာက မျက်မှန်ကြီးတကားကားနဲ့ ကိုနေဘုန်းလတ်ကို အရင်မြင်တယ်။ မှတ်မိသေးတယ် အဲ့ဒိတုန်းက သူ့ဖုန်းက တဂွမ်ဂွမ်နဲ့ မကြားရဘူး (ဟီး) ထင်တယ် ပြတင်းပေါက်နားကပ်ပြီး အော်ပြောနေရတယ်။ နောက်တော့ မမီက ဒါက ဘယ်သူဘယ်သူ ဆိုပြီး မိတ်ဆက်ပေးတယ်။ အဲ့ဒိတုန်းက ကျွန်တော့်ထက် အရင်ရောက်နေသူတွေက သယ်ရင်းတေဇာ၊ ကိုဖြိုး (သူက တခါထဲနဲ့ မှတ်မိသွားတယ်၊ ကွန်ပြူတာရှေ့မှာ ကွမ်းတွေ ပလုပ်ပလောင်းနဲ့)၊ စိတ်ကူး၊ ကိုမျက်လုံး၊ကိုဝေ၊ ကိုသန့်ဇော်မင်းတို့ ထင်တယ်။ နောက်တော့ လူတွေထပ်ရောက်လာကြတယ်။ ထပ်ရောက်လာတဲ့လူတွေက ကိုတက်စ်၊ ကိုစေတန်ဂေါ့တ်၊ စိုးဇေယျ၊ တို့ ထင်တယ်။ နောက်မပင့်၊ မဘာညာတို့လဲ အခန်းထဲ ရောက်လာကြတယ်။ အစည်းအဝေးမှတ်တမ်း စာရွက်မှာ ဘလော့လိပ်စာနဲ့တကွ လက်မှတ်ထိုးကြရတယ်။ အဲလူစုံပြီဆိုတာနဲ့ ကိုဂေါက်ဝင်လာပြီး ရှေ့က white board ပေါ်မှာ လုပ်ငန်းစဉ်များကို တောင်ခြစ်မြောက်ခြစ်ပြီး ပြောပါတယ်။ အရင်ဆုံးမီတင်တက်တဲ့ လူတော်တော်များများက အရင်က တွေ့နှင့်ပြီးသား လူတွေဆိုတော့ တယောက်နဲ့တယောက် နောက်ပြောင်နေလိုက်ကြတာ ပျော်စရာကြီးပေါ့။ ကျွန်တော် မင်းယွန်းသစ်လေးမှာတော့ မျက်လုံးကလေး ကလယ်ကလယ်နဲ့လေ ဟတ်ဟတ်။ (ဒါနဲ့ စကားမဆက် အခုကျွန်တော်တို့ ဘလော့ဂ်ကာလောကမှာ ရယ်ရယ်နေတဲ့ “ဟတ်ဟတ်” ဆိုတဲ့ ရယ်သံရဲ့ မူရင်းပိုင်ရှင်ဟာ ကိုရန်ပဲဖြစ်ပါတယ်။ သူ့ဘလော့မှ ရယ်သံကို လိုက်လံတုပ ရယ်ကြရင်း ဘလော့ဂ်ကာ အများစုဟာ တဟတ်ထဲ ဟတ်ကုန်ကြပါကြောင်း။ :) )
အစည်းအဝေးကို နောက်ကျမှ ရောက်လာသူကတော့ ကိုညီလင်းဆက်ကြီးပါ။ အားလုံးပွဲပြီးမှ ရောက်လာပြီး ကျွန်တော်တို့ မီတင်တက်လာသူများကို တစ်ယောက်ချင်း ထမိတ်ဆက်စေပါတယ်။ အဟတ် မသိရင် ကျောင်းဆရာက ကျောင်းသားသစ်လေး တွေကို ထမိတ်ဆက်ခိုင်းသလိုပါပဲ။ ဘလော့ဂ်လိပ်စာ၊ ဘလော့ဂ်နာမည်နဲ့ ဘလော့ဂ်ရေးတဲ့ နာမည်ကိုပါ ထည့်ပြီး မိတ်ဆက်ရပါတယ်။ ဒါနဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ တာဝန်များကို ခွဲဝေလိုက်ကြတဲ့အခါတော့ အောက်ပါ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။
(မနှစ်က မူရင်း အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း ပြန်လည် ဖော်ပြလိုက်ပါတယ်)
၁။ စပွန်ဆာ မမယ်လိုဒီမောင်၊ မဘာညာ နှင့် မပင့်ဂိုး မှတာဝန်ယူပါမည်။
၂။ Logo နှင့် ဆောင်ပုဒ် အား ကြာသပတေးနေ့နောက်ဆုံးထား၍ nayphonelatt@gmail.com အား မိမိအကြိုက်ဆုံးလိုဂိုနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်အား ပေးပို့ရန် ..
သောကြာနေ့နှင့် စနေနေ့များတွင် ကိုနေဘုန်းလတ်၏ http://nayphonelatt.blogspot.com/ တွင် Vote လုပ်သွားမည်ဖြစ်ပါသည်။ Vote အား တနင်္ဂနွေနေ့ အစည်းအဝေး မစခင်အချိန်ထိသာ ရွေးချယ်သွားမည်ဖြစ်ပါသည်။
၃။ စားသောက်ဧည့်ခံကျွေးမွေးရေးနှင့် ကြိုဆိုနေရာချထားရေး အတွက် .. ကိုဘလာဂေါက်၊ ကိုဆူးရဲ၊ ကိုမင်းယွန်းသစ်၊ ကိုတေဇာ၊ မောင်ဂျက်၊ ကိုမိုးလှိုင်ည၊ မမဒီဂျွန်၊ ကိုသန့်ဇော်မင်း၊ ကိုရွှေမြတ်၊ မစိတ်ကူးတို့မှ ၀ိုင်းဝန်းကူညီကြမည်ဖြစ်ပါသည်။
၎။ ဖိတ်စာ, Flyers, Booklet, စတေကာ, ကြော်ငြာ, Vinyl
ဖိတ်စာများအား ကိုစိုးဇေယျမှ အစအဆုံးတာဝန်ယူမည်ဖြစ်ပါသည်။
ဖိတ်စာ, Flyers, စတေကာ, ကြော်ငြာ, Vinyl တို့အား ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ် နှင့် ကိုဖြိုးတို့မှ ပူးပေါင်း၍ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
Booket အား ကိုစေတန်ဂေါ့ထ်၊ ကိုစိုးဇေယျ၊ ကိုမျက်လုံးတို့မှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၅။ ဟောပြောမည့်သူများ အတိအကျသတ်မှတ်ရန် - ကိုနေဘုန်းလတ်၊ ကိုစေတန်ဂေါ့ထ်၊ ကိုမျက်လုံး၊ မဘာညာ နှင့် မမယ်လိုဒီမောင်
၆။ ပါဝင်ဆောင်ရွက်နေကြသော ဘလော့ဂါများမှ ၀တ်စုံအား တူညီတီရှပ်များ ၀တ်ဆင်ကြမည်ဖြစ်ပါသည်။
၇။ Power Point များအား မဘာညာထံတွင် ညှိနှိုင်းဆောင်ရွက်ကြရန် ..
၈။ စာနယ်ဇင်းရှင်းလင်းပွဲအား သြဂုတ်လ (၁၇) ရက်နေ့တွင် Mr.Brown တွင် နေ့လည် (၂) နာရီတွင် ပြုလုပ်မည်ဖြစ်ပါသည်။ Organizar များဖြစ်ကြသော ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျတိုမှ တွေ့ဆုံရှင်းလင်းမည်ဖြစ်ပါသည်။
၉။ ရန်ကုန်ပြင်ပမှ ဘလော့ဂါများအား ဖိတ်ကြားခြင်း Organizer များမှ ရန်ကုန်ပြင်ပမှ အပြည်ပြည်ဆိုင်ရာ မြန်မာဘလော့ဂါများအား တာဝန်ယူဖိတ်ကြားသွားမည်ဖြစ်ပါသည်။
စတဲ့ ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့သည်။
အဲဒိနေ့က အစည်းအဝေးကို တက်ရောက်ကြတဲ့ မြန်မာဘလော့ကာ ဦးရေ ၂၃ယောက်တိတိရှိခဲ့ပြီး My Metro World ရဲ့ဘလော့ကာ အကိုကြီး ပါရန်ကုန်ရောက်တုန်း တက်ရောက်ခဲ့ပါသေးတယ်။ ကိုဘလာဂေါက်၊ ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ကိုတက်စလာ၊ ကိုသန့်ဇော်မင်း၊ ကိုစေတန်ဂေါ့ထ်၊ ကျွန်တော် မင်းယွန်းသစ်၊၊ ကိုရွှေမြတ်၊ ကိုမိုးလှိုင်ည၊ ကိုဝေ၊ ကိုမျက်လုံး၊ ကိုတေဇာ၊ ကိုဆူးရဲ၊ ကိုထွန်းတောက်ဖြိုး၊ ကိုဖြိုး၊ ကိုမီထရို မမယ်လိုဒီမောင်၊ မဘာညာ၊ မမဒီဂျွန်၊ မစိတ်ကူး၊ မသိမ့်သိမ့်၊ မနှင်းမိုးဝေ တို့ တက်ရောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အဖွဲ့အဲ့ဒိနေ့က ည၈နာရီခွဲကျော်မှာလူစုခွဲခဲ့ပြီး မြေနီကုန်း ရတနာလမ်းထိပ်က Ice Berry မှာ ကိုဂေါက်၊ ကိုနေဘုန်းလတ်၊ မမီ၊ မဘာညာ၊မပင့်၊ (ကျန်လူများမမှတ်မိတော့) စသူတို့နှင့် အအေးသောက်ပြီးမှ အိမ်ပြန်ခဲ့ကြပါတယ်။
Posted in
Labels:
News
|
Friday, August 08, 2008
ဒီနေ့ ကျွန်တော့်အိမ်အောက်မှာ ဆူဆူညံညံတွေ ကြားတာနဲ့ ကော်ရစ်တာက လှမ်းကြည့်လိုက်တော့ ကျောင်းသားလေးတွေ သူတို့စင်ကာပူ နေရှင်နယ်ဒေးအတွက် ပလက်ဖောင်းပေါ်မှာ စီတန်းပြီး တွေ့သမျှကားတွေကို ပျော်ရွှင်စွာအော်ဟစ် နေကြလေရဲ့..။ ကိုယ့်အမျိုးသားနေ့ကို ဒီလိုကျောင်းသား လူငယ်လေးတွေ စိတ်ပါဝင်စား ပျော်ပျော်ပါးပါး ဆင်နွှဲတာ ကြည့်ရင်း ကျွန်တော်တို့ နိုင်ငံက ကလေးတွေလဲ ကိုယ့်နိုင်ငံအရေးကို ဒီလို စိတ်ပါဝင်စား ကြရင် ဘယ်လောက်ကောင်းမလဲ တွေးမိတယ်..။ မနက်ဖြန် ၄၃နှစ်မြောက် စင်ကာပူအမျိုးသားနေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့ ပြင်ဆင်နေကြပါပြီ။ နေရာတိုင်းမှာ အနီရောင်သင်္ကေတတွေ လွှမ်းနေပါတော့တယ်..။
တိုပါးယိုး ပလက်ဖောင်းတလျှောက် အမျိုးသားနေ့ကို ပျော်ရွှင်စွာ ကြိုဆိုနေတဲ့ ကျောင်းသားလေးတွေ



(ဒီကနေ့ ညနေမှာလဲ peninsula ပလာဇာမှာ မြန်မာ့အရေးလှုပ်ရှားသူများက အနီရောင် ၀တ်စုံများနဲ့ နှစ်၂၀ပြည့် ၈လေးလုံး အောက်မေ့ဖွယ် အခမ်းအနား ပြုလုပ်မယ်လို့ သိရှိရပါတယ်...) အနီရောင်လွှမ်းသော နေ့တနေ့ပင် ဖြစ်ပါတော့တယ်။
Posted in
Labels:
poem
|
Friday, August 08, 2008
နှစ်ပေါင်း၂၀...
သွေးစွန်းခဲ့တဲ့ အသက်စွန့်သွားသူတွေရဲ့
အရိုးတွန်သံတွေ ကြားနေရဆဲပဲ...
မညီမျှမှုတွေနဲ့ ..တောကြောင်တွေ
စည်းပျက်ကမ်းပျက်.. လက်ခမောင်းခတ်ခဲ့တဲ့ပွဲ..
“စစ်တပ်ဆိုတာ သေနတ်ပစ်ရင် မိုးပေါ်ထောင်မပစ်ဘူး...
မှန်အောင်ပစ်တယ်..” ဆိုတဲ့..
လူမိုက်ဆန်ဆန် အာဏာရှင်ရဲ့ မိန့်ခွန်းကို..
ပြန်လည်ကြားတိုင်း အော့နှလုံးနာစရာကောင်းတယ်...
ဘယ်သူတွေဘာဖြစ်ခဲ့ပြီလဲ....
နှစ်ပေါင်း ၂၀တောင်ရှိခဲ့ပြီ...
ပဋိပက္ခတွေ ခုထက်ထိ မဆုံးသေးဘူး..
ပြီးတော့ ဘာမှလဲ ဖြစ်မလာသေးဘူး.
ကျွန်တော်တို့နိုင်ငံမှာ...
(ပြင်လွယ်ပြောင်းလွယ် မလုပ်နိုင်တဲ့)
တရားသေ၀ါဒီတွေ ရှိနေသေးသ၍
ဘာမှမထူးသေးဘူး..
သေချာတယ်..
ဖဆပလနဲ့ ကွန်မြူနစ်ခေါင်းမာမှု
အမှားမျိုးတွေ အခုထိ သင်ခန်းစာ
မယူတတ်သေးဘူး..
သေချာတယ်..
ဆိုရှယ်လစ်ခေတ် ခြစားမှုတွေ..
အခုထိ မပျောက်သေးဘူး...
ပါးစပ်သေနတ်တွေ ခုထက်ထိကျည်ဆန် မကုန်သေးဘူး..
တဘက်အင်အားကို တိုက်ဖို့ အင်အားကြီးပြီး ခိုင်မာတဲ့
တန်ပြန်ဗျူဟာ မရေးဆွဲနိုင်သေးဘူး...
သေချာတယ်..
တကယ့်အလုပ်ထက်
နိုင်ငံရေး ဖက်ရှင်လုပ်လိုသူတွေ..
မှိုလိုပေါက်နေတယ်...
သံတိုင်နောက်ကွယ်က စတေးခံနေရသူတွေကို..
တချို့က ခုထက်ထိ အားမနာတတ်သေးဘူး..
ကဲဘယ်လိုလဲ..
နှစ်ပေါင်း ၂၀ ရှိခဲ့ပြီ....
မသိကျိုးကျွံနဲ့ အိယောင်ဝါးတွေ လုပ်နေအုံးမှာလား..
အခုထက်ထိ လောင်းရိပ်ဟောင်း၊ လမ်းဟောင်းကြီးမှာပဲ ဆက်နေကြအုံးမှာလား
ထူးမခြားနား ပတ်ပျိုးကြီး ဆက်တီးကြရအုံးမှာလား..
အာဏာရူးတဲ့ အီးပေါလောကြီးတွေ လုပ်နေကြအုံးမှာလား...
ပြည်သူလူထု တရပ်လုံး ကျေနပ်ပီတိ ဖြစ်စေမယ့် နေ့တွေ ဘယ်တော့လာမှာလဲ..
ညီညွှတ်မျှတတဲ့ တရားဥပဒေ စစ်စစ် ဘယ်တော့များ ပေါ်ထွန်းလာမှာလဲ...
ခေတ်မှီဖွံဖြိုးတဲ့ နိုင်ငံဆိုတာ ဘယ်တော့ ထူထောင်နိုင်မှာလဲ...
မဆုံးနိုင်တဲ့ ပဋိပက္ခတိုက်ပွဲတွေ ဘယ်တော့ အဆုံးသတ်မှာလဲ...
ကဲခင်ဗျားတို့ကော ဘယ်ကို ဦးတည်သွားနေကြတာလဲ.....
ဘယ်တော့လဲ... ဘယ်အချိန်လဲ.... ဘယ်နေ့လဲ...ဘယ်နှစ်လလဲ.. ဘယ်နှခုနှစ်လဲ.. ဘယ်နှစ်ရာစုလဲ.....
ကဲဗျာ..အမေးရှိရင် အဖြေရှိရမယ်.....
ပြောဗျာ... ပြည်သူတွေ မြေဇာပင်ဘ၀က ဘယ်တော့များမှ လွတ်......မြောက်...နိုင်...မှာလဲ.....။
Posted in
Labels:
Essay,
Thought
|
Sunday, August 03, 2008
“ရှုရှိုက်လိုက်သော လေထဲတွင်ပင် အရောင် အဆင်းများစွာရှိ၏။ ပြင်ပဗဟိန္ဓ သဏ္ဍာန်ပေါ်တွင် အကဲဖြတ်ခြင်းသည် အဇ္ဖျတ္တ၏ အမှန်တရားကို လစ်လျူရှုရာကြသည်။ အဟောင်းများကို စွန့်ပယ်ခြင်းတိုင်းသည် အသစ်များကို လက်ခံရာမရောက်သေးပေ။ စကားလုံးပေါင်းများစွာထက် သာလွန်ကောင်းမြတ်ခြင်းကား မိမိကိုယ်၌ ထိတွေ့သိမြင် သဘောပေါက်ခြင်းဖြစ်၏။ အတွင်းသဏ္ဍာန်ကို စူးစိုက်သိမြင်အောင် လုပ်ခြင်းသည် အမှန်တရားကြီးနှင့် နီးစပ်အောင် ပြုလုပ်ခြင်းဖြစ်သည်။ အမှန်တရား တစိတ်တဒေသကို မိမိသိမြင်သွားသည် ဆိုလျှင်ပင် မည်သည့်အရာနှင့်မျှ မတူသော ဘ၀င်ခိုက်ခြင်းမျိုး ဖြစ်ပေါ်လာတတ်၏။ လမ်းသစ်ထွင်မှ နည်းလမ်းအသစ်များ ရသည်မဟုတ်ပဲ တခါတရံ လမ်းဟောင်းများထဲ၌ပင် ဖုံးကွယ်နေသော နည်းလမ်းသစ်များရှိနေတတ်၏။ နေ့စဉ် ရှုပ်ထွေးနေသော အချိန်၏ ဇာတ်ကောင် ဖြစ်နေတတ်ပြီး တကယ့် အနှစ်သာရတွေကို မေ့လျော့နေတတ်ကြသည်။ အစစ်အမှန်တရားကို မြင်တတ်လာလေလေ အကောင်းဆုံးဆိုတာ တကယ်မရှိမှန်း သိလာလေလေ ပါပဲ။”
မင်းယွန်းသစ်