twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

မျှော်လင့်ရပါသည်


ဒီနေ့ ဆီးဂိမ်းပြိုင်ပွဲ မြန်မာ နဲ့ လာအိုပွဲ ကန်မယ်။ ဘယ်လိုင်းက လာမလဲတော့ မသိသေးဘူး။ သတင်း လိုက်ယူတဲ့ ထဲမှာတော့ ကျွန်တော်တို့ရဲ့ soccermyanmar နဲ့ MRTV4 တော့ ပါသွားတယ်လို့ သတင်းမှာ ဖတ်လိုက် ရတယ်။ မနေ့က အမျိုးသမီးပွဲကတော့ အိမ်ရှင် လာအိုကို သရေကျသွားတယ်တဲ့။ စလာပြီ ထင်တယ်။ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌကြီးကတော့ ရွှေမှ ရွှေပဲလို့ ပြောနေတာပဲ။ ကျွန်တော်တော့ အများကြီး မမျှော်လင့်ရဲ ပါဘူး။ သိတဲ့အတိုင်း ခဏခဏ ရင်မောရလွန်းလို့။ အုပ်စုအဆင့်ကို ကျော်နိုင်ရင်ပဲ ဝမ်းသာလှပါပြီ။ မြန်မာ အသင်းက ပြီးခဲ့တဲ့ ၂၀၀၇ တုန်းကတော့ ငွေရထားတယ် ပြောတာပဲ။ သိတောင် မသိလိုက်ဘူး။ ကျွန်တော် ကြည့်မိတဲ့ တိုက်ဂါးဖလား ပွဲတွေမှာတော့ အဲဗား အနီတွေ အဝါတွေနဲ့ ဆွေမျိုးရင်းခြာ ဖြစ်နေတာချည်းပဲ တွေ့တယ်။

Read Users' Comments (6)

ကထိန်အလှူပွဲ



မနေ့က ကျွန်တော်တို့ မိသားစုတွေ အဖွားရဲ့ ရွာဘက်ကို ကထိန်သွားခင်း ကြတယ်။ ကထိန်ခင်းတဲ့ နေရာက နီးနီးနားနားပဲ။ ထောက်ကြံ့အကျော် ညောင်နှစ်ပင်နားက အသယု(အခုအခေါ် အထယု) ဘက်ကို သွားခင်းတာလေ။ အဲ့ဒီရွာလေးက အခုဆိုရင် ရွာသေးလေးပဲ ရှိပါတော့တယ်။ ဒါပေမယ့် အဖွားက သူ့ဇာတိရွာလေး ဆိုတော့ သံယောဇဉ်မပျက်သေးဘူး။ ပြီးခဲ့တဲ့ တစ်နှစ်ကလွဲလို့ နှစ်တိုင်း နီးပါး ကထိန်သွားခင်းတယ်။ သူ့မှာ ကထိန်ခင်း ရတဲ့ ရည်ရွယ်ချက် ၂ချက် ရှိတယ်။ သူ့နေခဲ့တဲ့ ရွာကလေးကို အမှတ်တရ သွားချင်တာရယ်။ နောက်ပြီးတော့ ဆွေတော် မျိုးတော်တွေ တွေ့ချင်တာရယ်ပေါ့။ ကထိန်လာခင်းတော့ သူ့ဆွေမျိုးတွေ ကလည်း ထောက်ကြံ့ကနေ လာခင်း ကြတယ်။ (အဖွားတို့ အမျိုးတွေက အထယုကနေ ပြောင်းသွားကြတာ ထောက်ကြံ့မှာ တော်တော်များတယ်)။ ညောင်နှစ်ပင်လမ်းဆိုတာ အမျိုးသား ညီလာခံ လုပ်သွားတဲ့ နေရာလေ ကျွန်တော်တို့ မြောက်ဥက္ကလာ အဝေးပြေး ဝင်းကနေ သွားရင် အမှတ်၃ လမ်းမ ကြီး အတိုင်း တည့်တည့်ကြီး သွားရတယ်။

Read Users' Comments (2)

အကြိတ်အနယ် ကစားပြီး သရေကျသွားတဲ့ပွဲ (အပိုင်း ၁)

တနေ့က ကိုကြီးကျော်၊ ကျွန်တော်၊ မဘာညာ၊ သားဖြိုး လေးယောက်သား သုဝဏ္ဏ ကွင်းမှာ လုပ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းနဲ့၊ ရတနာပုံ အသင်းတို့ ကန်တဲ့ ပွဲကို သွားကြည့်ခဲ့ကြတယ်။ အစကတော့ ဇော်မျိုးလိုက်မယ်ဆိုပြီး မလိုက်ဖြစ်တော့ဘူး။ (မေမေ ဆူလိမ့်မယ်တဲ့ အဟတ်)။ အဲ့တော့ ထုံးစံ အတိုင်း ပွဲတိုင်း ကျော် ကျွန်တော်တို့ အဖွဲ့ တက်ညီလက်ညီ ချီတက် ကြတာပေါ့။ ကျွန်တော်တို့ သွားတော့ အချိန်က ၂နာရီလောက်ပဲ ရှိသေးတာကို ပါရမီညောင်ပင် နားလောက် မှာကတည်းက ရန်ကုန် အသင်း အင်္ကျီတွေ၊ ရတနာပုံ အသင်းအင်္ကျီတွေနဲ့ ကားတွေ ပေါ်မှာ လှမ်းတွေ့နေရတယ်။ သုဝဏ္ဏရောက်တော့ လူတွေကော ကားတွေကော တအုံးအုံးနဲ့ ဖြစ်နေကြပြီ။ ကားပါခ့် မှာ ထိုးထားပြီး အမှန်အကန် အားပေးဖို့ ခေါင်းစီးကြိုးတွေတောင် ၀ယ်ခဲ့သေးတယ်။ (တခုကို ၂၀၀ တောင် ပေးရတယ်)။ လက်မှတ်ကလဲ ဇော်မျိုးဆီမှာ ၂စောင် ရထားပေမယ့် မြို့ထဲထိ သွား မယူနိုင်တာကြောင့် အဲ့ဒိမှာပဲ မှောင်ခိုဝယ်လိုက်တယ်။ (လက်မှတ် လေးယောက်စာကို ငါးထောင်ကျပ် ပေးခဲ့ရတယ်ဗျ)။

ဂိတ်ပေါက်ဝ ရောက်တော့ လူတွေ ကြိတ်ကြိတ်တိုး တိုးမပေါက်ဘူး။ ပြီးတော့ ကျွန်တော်တို့ ၀င်တဲ့ဘက်က ရန်ကုန်အသင်းအားပေးသူတွေသာ ၀င်လို့ရတဲ့ အပေါက်။ အထဲဝင်ပြီး ပွဲကြည့်စင်ပေါ် တက်တော့လဲ အထူးတန်းပွဲကြည့်စင်မှာတင် ၂ခြမ်းခွဲပေးထားတယ်။ ရတနာပုံ ပရိသတ်က သက်သက်၊ ရန်ကုန် ပရိသတ်က သက်သက်၊ ကြည့်ရတာ ရတနာပုံကို အားပေးမယ့် သူတွေကို ရတနာပုံ အသင်းက စပွန်ဆာ ပေးပြီး ရန်ကုန်ကို ဟိုင်းဝေးဘတ်စ်တွေနဲ့ ခေါ်လာပုံပဲ။ တနေရာထဲစု ထိုင်နေကြပြီး အပြာရောင် ဆင်တူ အင်္ကျီတွေနဲ့ အသင်းတံဆိပ်ပါ အလံတွေ၊ ကဒ်ပြားကြီးတွေနဲ့လေ။ ရန်ကုန် အသင်းကို အားပေးတဲ့ ပရိသတ်ကတော့ ထုံးစံအတိုင်း ကွင်းလုံး ပြည့်လျှံပဲပေါ့။ ပွဲမစခင် ၂နာရီလောက် ကတည်းက ဗုံသံတွေ၊ လင်ကွင်းသံတွေ၊ ဘင်ခရာ ဒရမ်အသံတွေနဲ့ 'ရန်ကုန်...ရန်ကုန်' ဆိုတဲ့ အားပေးသံတွေဟာ ဘ၀ဂ်ညံ နေတာပါပဲ။ စာတန်းတွေ၊ အလံတွေ နဲ့ အင်ပြည့်အားပြည့် လာအားပေး ကြတာမို့ ရန်ကုန် အသင်း ကန်တဲ့ ပွဲတိုင်း ဒီလို အားပေးကြရင် ကောင်းမှာပဲလို့ တွေးတော မိတယ်။

ကွင်းထဲမှာ ဝုန်းဒိုင်းကြဲသာ အားပေးနေတာ တကယ်တမ်း ကန်တော့ ညနေလေးနာရီမှ စကန်တယ်။ ပွဲစတော့ နှစ်သင်းစလုံး အင်တိုက် အားတိုက်နဲ့ ကစား ကြတာမို့ အလွန်ကြည့်လို့ ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ် ခဲ့ပါတယ်။ ပထမပိုင်းမှာ အရင်ဆုံး ရတနာပုံက ဂိုးသွင်း ခဲ့ပါတယ်။ ရတနာပုံ က ဦးဆောင် ဂိုးသွင်းပြီး မကြာခင်မှာပဲ ရန်ကုန်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ရန်ကုန်လဲ ဂိုးသွင်းရော သုဝဏ္ဏ တစ်ကွင်းလုံး အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက် ပွဲကြည့်စင် တွေ ကနေ အုံးကနဲ အသံဟာ ပွက်လောညံ သွားပြီး ရန်ကုန်... ရန်ကုန် ဆိုတဲ့ အသံများ ဆူညံသွားပါတော့တယ်။ အဲ့ဒိနောက်တော့ ရန်ကုန်ဘက်က ထပ်မံသွင်းယူခဲ့ပြီး နှစ်ဂိုး တစ်ဂိုး နှင့် ပထမပိုင်း ပြီးဆုံးသွားခဲ့ပါတယ်။

ဒုတိယပိုင်း မစခင်လေးမှာပဲ ရတနာပုံ ပရိသတ်နဲ့ ရန်ကုန် ပရိသတ်တို့ ပွဲကြည့်စင် နှစ်ဘက်ဆီမှ အချင်းများ ခဲ့ကြပြီး တဘက်နဲ့ တဘက် အရာဝတ္တု တွေနဲ့ပစ် ပေါက် ခဲ့ကြပါတယ်။ ပရိသတ်များကို ရဲများ နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ ထိန်းသိမ်း ခဲ့ပါတယ်။ ဒီနေ့ပွဲမှာလဲ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက် တချို့ဟာ အငြင်းပွားစရာ တွေနဲ့ ဖြစ်ခဲ့ သေးတာမို့ အဖွဲ့ချုပ် ဒိုင်တွေရဲ့ အရည်အချင်း အတွက် မေးခွန်း ထုတ်စရာ ဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြီးခါနီးမှာ ရန်ကုန်ဘက်က စိုးရိမ် စိတ်တွေ များပြီး ကစားအားချကာ ခံစစ်နဲ့ ကစား ခဲ့ပါတယ်။ အပိုင်တဂိုး လွဲချော်ခဲ့ တဲ့ အပြင် မျိုးမင်းထွန်းဟာ လဲ ပုံမှန်ခြေ ပျောက်ဆုံးခဲ့ ပါတယ်။ ကစားအားချပြီး ခံစစ်ကစားတဲ့ အကျိုးအမြတ် အဖြစ် ပွဲပြီးခါနီးကျမှ ဘီးကုတ် စက်ဝိုင်း အနားမှ အမှတ်မထင် ကန်ချက်ကို ရန်ကုန်ဂိုးသမား အောင်အောင်ဦး မဖမ်းနိုင်ခဲ့တဲ့ အတွက် နှစ်ဂိုးဆီ သရေနှင့် ပြီးဆုံး သွားခဲ့ပါတယ်။

ကွင်းလုံးပြည့် အားပေးတဲ့ ပရိသတ်တွေက ပြန်တော့လဲ တိုးမပေါက်တဲ့ အပြင် ကားပါ့ခ်မှာ ရပ်ထားတဲ့ ကားတွေက ထပ်နေတာ ကြောင့် ကျွန်တော်တို့ အဖွဲ့ နာရီဝက်လောက် ကြာအောင် စောင့်ခဲ့ ရပါသေးတယ်။ အပြန်ခရီးမှာတော့ ရတနာပုံ စပွန်ဆာ ကားတွေနဲ့ ဘတ်စကား တိုးစီးနေကြတဲ့ အပြာရောင် ရန်ကုန်ချစ် ပရိသတ်များကို ဖွေးဖွေး လှုပ်တွေ့ခဲ့ ရပြီး ကွင်းထဲမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရိသတ် များ အကြောင်း စဉ်းစားမိကာ ဪ ငါတို့လဲ မန်ယူ၊ အာဆင်နယ် အသင်းတွေလို ဖြစ်နေ ပါရော့လား ဆိုပြီး ပြုံးမိပါတော့တယ်။

ဓာတ်ပုံများကို ထည့်လျှင် ပို့စ် ရှည်သွားမှာ စိုးလို့ နောက်ပို့စ် ထပ်ခွဲလိုက်ပါကြောင်း

Read Users' Comments (0)

ကျွန်တော်၏ ပညာရေးစိတ်ကူး

ကျွန်တော့်မှာ အိပ်မက်တွေ အများအပြားရှိပါတယ်။ အဲ့ဒိထဲက အများစုဟာ ကျွန်တော် ချစ်တဲ့၊ ကျွန်တော် တန်ဖိုးထားရတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်ပါပဲ။ ကျွန်တော်တို့ လူ့ဘ၀မှာ နေထိုင် အသက်ရှင်ရတာဟာ တိုတောင်းလွန်းပါတယ်။ ဒီလို တိုတောင်း လှတဲ့အချိန်တိုလေး အတွင်းမှာ ကိုယ့်အတွက်နဲနဲ ကိုယ့်လူပတ်ဝန်းကျင် အတွက် ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ့် အရာတွေက တပုံတပင်ရှိပါတယ်။

ကျွန်တော်တို့ စိတ်ကူးရည်မှန်းတာတွေ မဖြစ်လာနိုင်သေးရင်တောင် ဒီအရာတွေကို မျိုးဆက်သစ်တွေ အတွက် လက်ဆင့်ကမ်း လမ်းစဉ် ချပြပေးရမယ့် တာဝန်ရှိပါတယ်။ ဒါဟာ အနာဂတ် မျိုးဆက်အတွက် လူတိုင်း နိုင်ငံသား တိုင်း လုပ်သင့်လုပ်ထိုက် တာတွေ ဖြစ်ပါတယ်။

အခြေအနေ အကြောင်းအမျိုးရယ်ကြောင့် ကျွန်တော်တို့ နိုင်ငံဟာ တခြားသော နိုင်ငံများထက် ရှေ့မရောက် ဖြစ်နေတာတွေ ရှိပါတယ်။ ဒါတွေကို ရှောင်လွှဲလို့ မရပေမယ့် မနက်ဖြန် အတွက် ဘာတွေ လုပ်သင့်သလဲ ဆိုတာကို ကြိုတင် ချမှတ်ထား သင့်ပါတယ်။ အကောင်းဆုံး နည်းလမ်းတွေ ရှာကြံစဉ်းစား နေတာဟာ ဘာမှမလုပ်ပဲ ထိုင်ပြိး အားလျှော့နေတာထက် အများကြီး အကျိုးရှိပါလိမ့်မယ်။ ကျွန်တော့် ကတော့ ကျွန်တော်တို့ နိုင်ငံကြီိး သူများ တကာထက် ချွန်နေအောင် ၊ တန်းတူ ရင်ဘောင် တန်းနိုင်အောင် အဓိက အကျဆုံး ပြုပြင် ပြောင်းလဲ ရမှာက နိုင်ငံရဲ့ ပညာရေး မဏ္ဍိုင် လို့ မြင်ပါတယ်။ အသိပညာခေတ် (Knowledge Age) မှာ သူတကာတွေထက် နောက်ကျ မကျန်ရစ်အောင် အရင်ဆုံး ပညာရေး စနစ်ကို ပြောင်းလဲ ပစ်ရပါလိမ့်မယ်။

ကျွန်တော် ပြောပြမယ့် အကြောင်းအရာတွေဟာ ကျွန်တော့် စိတ်ကူး ဆန္ဒတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို တချိန်ချိန်မှာ လုပ်နိုင်ကောင်းမယ် ထင်ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ရင်တောင် နောင်မျိုးဆက် လုပ်နိုင်အောင် လက်ဆင့်ကမ်း ပေးခဲ့ရပါလိမ့်မယ်။

အရင်ဆုံး ပညာရေးမှာ ပြောင်းလဲရမှာက အခြေခံ ဖြစ်တဲ့ ပညာရေးပြဌာန်းချက်တွေကို ရေတိုမဟုတ်ပဲ ရေရှည် ခိုင်မာတဲ့ ပြဌာန်းချက် တွေအဖြစ် ရေးဆွဲရပါမယ်။ ပညာရေး ပြဌာန်းချက်တွေကို မြန်မာပြည်က ပညာရှင်တွေနဲ့ နိုင်ငံရပ်ခြားက အထူးသဖြင့် ဒေသတွင်းက ပညာရေးနဲ့ ထိပ်တန်း ရောက်နေတဲ့ နိုင်ငံတွေက ပညာရှင်တွေ ဖိတ်ခေါ်ပြီး အတူ ပူးပေါင်းကာ တိကျခိုင်မာတဲ့ ပညာရေး ပြဌာန်းချက်တွေကို စနစ်တကျ ရေးဆွဲ ကြဖို့ လိုပါမယ်။ အခြေခံ ပညာရေးမှ အစ တက္ကသိုလ် ပညာရေး အထိ ရေးဆွဲကြရပါမယ်။

စနစ်ကျပြီး ခိုင်မာတဲ့ ပြဌာန်းချက် ပေါ်ထွန်းလာပြီဆိုရင် ပြည်တွင်းက ဆရာဆရာမတွေ အရည်သွေး အဆင့်မြင့်အောင် အဖွဲ့လိုက်၊ ကဏ္ဍလိုက် နိုင်ငံရပ်ခြားကို ပညာတော်သင် လွှတ်ရပါမယ်။ ဒီအဖွဲ့တွေ နိုင်ငံခြား ပညာတော်သင် လွှတ်ထားရတဲ့ အချိန်မှာ ပြည်တွင်းမှာလဲ နိုင်ငံရပ်ခြားမှ ဆရာ ဆရာမတွေ ငှားရမ်းပြီး ပညာရေး ကဏ္ဍမှာ ပြည်တွင်းက ဆရာ၊ ဆရာမတွေနဲ့ ပူတွဲ သင်ကြား ရပါမယ်။ ဒီအခါ ယှဉ်ပြိုင်မှု တွေ ရှိလာမှာ ဖြစ်လာတဲ့အတွက် မဖြစ်မနေ တိုးတက်အောင် လုပ်ဆောင် လာကြမှာ ဖြစ်ပါတယ်။ အနာဂတ် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေး အဆင့်အတန်း မြင့်မားမှုဟာ ဆရာ၊ ဆရာမတွေရဲ့ သင်ကြား ပြသမှုက အက္ခရာ ကျပါတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေ အရည်အသွေး မြင့်မား လာခြင်းဟာ အနာဂတ် အဆင့်မြင့်တဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာရေးနဲ့ ဆက်နွယ်နေပါတယ်။

အခြေခံ ပညာကနေ အထက်တန်း ပညာရေးအထိ သင်ကြား ပြီးတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ဒေသတွင်း မည်သည့်နိုင်ငံရပ်ခြားမှာ မဆို ဆက်လက် ပညာသင်လိုလျှင် တန်းတူ ရည်တူ အဆင့်အတန်းမျိုးနဲ့ ဆက်လက် သင်ကြားနိုင်အောင် အာမခံချက် ပေးရပါမယ်။ ဒေသတွင်း နိုင်ငံတိုင်းရဲ့ ပညာရေးနဲ့ တန်းတူညီကြောင်းကို ခိုင်မာတဲ့ ပြဌာန်းချက်တွေက ထိုနိုင်ငံများ လက်ခံနိုင်အောင် သက်သေ ပြနိုင်မှာ ဖြစ်ပါတယ်။

တက္ကသိုလ် ပညာရေး စနစ်အနေနဲ့လည်း တက္ကသိုလ်များ များပြားနေခြင်းထက် ပြည်နယ်နှင့် တိုင်း မြို့ကြီးတွေ မှာသာ အဓိက တက္ကသိုလ်ကြီးတွေ ထားရှိ ရပါမယ်။ သက်ဆိုင်ရာ ဒေသတွေမှာတော့ ကောလိပ်ကျောင်းများ အဖြစ် ဖွင့်လှစ် သင်ကြား ပေးရပါမယ်။ တက္ကသိုလ် ၀င်တန်း ပြီးဆုံးတာနဲ့ ကောလိပ်မှတဆင့်သာ တက္ကသိုလ် သို့ တက်ရောက် သင်ကြား နိုင်ပါမယ်။ တက္ကသိုလ်ကြီးများ စံညွှန်းများ အတိုင်း လက်တွေ့ဓာတ်ခွဲခန်းများ (laboratories)၊ စာကြည့်တိုက် (library) တွေကို အဆင့်မှီအောင် ထားရှိရပါမယ်။ ကျောင်းသား ကျောင်းသူများ အဆင့်မှီစွာ ဘွဲ့ရရှိလာကြမှာ ဖြစ်ပြီး အရေအတွက်ထက် အရည်အချင်း ရှိသူတွေ ပိုမို ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အရည်သွေးမှီ တက္ကသိုလ်ဘွဲ့ရ သူများအနေနှင့်လည်း မိမိတို့ သင်ကြားလေ့လာခဲ့သော ပညာရပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုလာနိုင်မှာ ဖြစ်ပါတယ်။ ထူးချွန်သော ကျောင်းသား ကျောင်းသူများကိုလဲ နိုင်ငံတော်မှ ပညာတော်သင် စေလွှတ် ရွေးချယ်ပေးရပါမယ်။

ထို့ပြင် ပုဂ္ဂလိက တက္ကသိုလ် (Private University) များကိုလဲ စည်းကမ်း နည်းဥပဒေနဲ့ အညီ လွတ်လပ်စွာ ထူထောင်ခွင့် ပေးရပါမယ်။ “ပညာမြင့်မှာ တိုင်းပြည်မြင့်မည်” ဆိုသော စကား အရ တိုင်းပြည်ကို တိုးတက်စေချင်ရင် ပညာတတ် လူငယ်လေးများ ပိုမိုများပြား လာအောင် လုပ်ဆောင် ပေးရမှာ ဖြစ်ပါတယ်။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုတဲ့အတိုင်း ကျွန်တော်တို့ နောင် မျိုးဆက်တွေ မျက်နှာမငယ် ရအောင် ကျွန်တော်တို့ အနေနဲ့ အုတ်မြစ်ချပေး ခဲ့ဖို့ လိုပါလိမ့်မယ်။ တော်တည့် မှန်ကန်တဲ့ ခေါင်းဆောင် ကောင်းတွေ ပေါ်ထွန်း လာအောင် လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ခေတ်စနစ်တွေ ဆီကနေ ပိုမို ကောင်းမွန်ပြီး ၀န်းကျင်တခု ပြန်လည် ထူထောင်ပြီး အဆင့်မြင့်သော မျိုးဆက်များကို မွေးထုတ်ပေး ရပါမယ်။ ဒါဟာ ဘယ်သူကမှ ခိုင်းစေတာ မဟုတ်ပဲ သမိုင်းပေး တာဝန်အရ၊ နိုင်ငံသား တစ်ယောက်ရဲ့ မွေးရာပါ တာဝန် အရ မိမိ ၀န်းကျင် တိုးတက်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု တိုးတက်အောင် လုပ်တယ်ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရပါဘူး နိုင်ငံဆိုတာ အပေါင်းစု သဘော တညီတညွှတ်တည်း ကြိုးစား ပါမှ တိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်ကြပါတယ်။ ကျွန်တော်တို့ ရဲ့ မျှော်မှန်းချက်တွေဟာ နောင်လာမယ့် မျိုးဆက်တွေပေါ်မှာ လုံးဝတည်မှီနေပြီး ကောင်းမွန်တဲ့ လမ်းစဉ်များကို ချပြပေးခဲ့ရမည်မှာ ကျွန်တော်တို့ အားလုံး ဖော်ဆောင်ရမယ့် လုပ်ငန်းစဉ်များသာ ဖြစ်ပါကြောင်း ကျွန်တော်၏ ကိုယ်ပိုင် စိတ်ကူးအား တင်ပြ လိုက်ရပါတယ်။

Read Users' Comments (2)

အစ္စလာမ်များရဲ့ အိဒ်ဒီလ်အသွဟာပွဲ

ကျွန်တော် မနေ့က တောင်ဒဂုံ စက်ရုံကို သွားတော့ လမ်းမှာ လွန်စွာ ၀ဖြိုး၍ လှပသော နွားအများ အပြားကို တွေ့ခဲ့ရပါတယ်။ ဒရိုင်ဘာ ပြောမှ သိရတာက အိဒ်နေ့ရောက် တော့မည် ဟုသိရပါတယ်။ ထိုချောပေ့ ကောင်းပေ့ နွားများ (သို့မဟုတ်) လှူဒါန်းခြင်းခံရမည့် (သို့မဟုတ်) အသတ်ဖြတ်ခံရမည့် နွားများအား ကြာကြာ မကြည့်ရက်တော့ပဲ အဲဒိလမ်းတလျှောက် မျက်နှာသာ လွှဲထားမိပါတော့သည်။ ဒီနေရာမှာ ဘာသာတရားနှင့် ပတ်သက်၍ အတိုက်အခံ ကျွန်တော် မဆွေးနွေးလိုပါ။ ဘာသာတရားကို ၀ါဒတခု အဖြစ် မြဲမြဲဆုပ်ကိုင် ထားသူများ အဖို့ စစ်ပွဲများ ဆင်နွှဲရန်သာ ရှိပါတော့သည်။ ဒီနေ့ဟာ အိဒ်ဒီလ်အသွဟာနေ့ ဖြစ်ပါတယ်။ ကျွန်တော် ဖတ်ရှုမိသမျှထဲက မွတ်စလင်တွေ ဘာကြောင့် အိဒ် လုပ်ကြတယ်ဆိုတာ အနည်းငယ် တင်ပြလိုပါတယ်။

Idd ဟုပေါင်းပါသည်။ မွတ်စလင်တွေမှာ အိဒ်၂မျိုး ရှိပါတယ်။ အာရဗီ ဘာသာစကား “အိဒ်” ၏ အဓိပ္ပါယ်မှာ “ပျော်ရွှင်မှု ပြန်လည်ရောက်ရှိခြင်း” ဖြစ်သည်။ ပထမ အိဒ်ပွဲတော်ကို “အိဒ်ဒိလ်ဖိတရ်” ဟု ခေါ်ပါသည်။ “ဖိတရ်” ဆိုသည်မှာ “အစပြုသည်” ဟူသော အနက် ဖြစ်ပြီး အိဒ်ဒိလ်ဖိတရ် ဆိုသည်မှာ “ ဥပုသ်မှ ထွက်ခြင်း” လို့ အဓိပ္ပါယ် ပြန်ဆို နိုင်ပါတယ်။ ဆိုလိုသည်မှာ ပထမ အိဒ်သည် မွတ်စလင် ဥပုသ်လ ထွက်ပြီးစတွင် ပြုလုပ်ပြီး ယခင်အတိုင်း ပြန်လည် နေထိုင်စပြုခြင်းကို ဆိုလိုပါသည်။

ဒုတိယအိဒ်ကို အိဒ်ဒီလ်အသွဟာ ပွဲတော်ဟု ခေါ်ပါတယ်။ ဘုရားသခင် အတွက် စွန့်လွှတ်လှူဒါန်းသော ပွဲတော်ဟု သတ်မှတ်ကြလေသည်။ ထို့အပြင် မွတ်စလင် ဘာသာဝင်များ သည် ဒုတိယ အိဒ်တွင် အလ္လာရှင်အတွက် စွန့်လွှတ် လှူဒါန်းခြင်းဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း ဖြစ်သည်ဟု အယူရှိလေသည်။ မွတ်စလင်များသည် တိရိစ္ဆာန်များကို သတ်ခြင်း (၀ါ) စွန့်လွှတ်ခြင်းကို Sacrifice လို့အနက်ဖွင့်၏။ တိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းဖြင့် စွန့်လွှတ်သူ၏ အပြစ်များကို ထိုတိရိစ္ဆာန်က ယူဆောင်သွားသည်ဟု အယူရှိကြသည်။

၎င်းတို့၏ Qur’an ကျမ်းတွင်တော့ ဤသို့ဖော်ပြပါရှိသည်။
“စွန့်လွှတ်သော (တိရစ္ဆာန်) ၏ အသွေးသည် ၎င်း၊ အသားသည် ၎င်း၊ ဘုရားသခင်ထံသို့ ရောက်ရှိကြသည် မဟုတ်၊ သင်တို့၏ ကောင်းမြတ် မှန်ကန်သော သဒ္ဓါတရားသည် သာလျှင် ဘုရားသခင် ထံတော်သို့ ရောက်ရှိလေသည်။”
(၂၂း ၃၈)

ကျမ်းဂန်လာ နောက်ထပ် မူကွဲ တမျိုးကတော့ “တစ်ဦး တစ်ယောက်သည် မိမိထက် နိမ့်ကျသော တိရိစ္ဆာန် တကောင်ကို စွန့်လွှတ်ရာတွင် ထို တိရိစ္ဆာန် သည် မိမိအတွက် စွန့်လွှတ် ခံရသကဲ့သို့၊ အကယ်၍ ထိုသူသည် (အလ္လာ အရှင်မြတ်) ၏ လမ်းတော်ဝယ် မိမိအသက်ကိုပင် စွန့်လွှတ်ရမည်ဟု အမိန့်တော် ကျရောက်လျှင် တွေဝေခြင်း မရှိပဲ သူ၏ အသက်ရှင်နေခြင်းထက် အသျှင့် အတွက် စွန့်လွှတ် ခြင်းက ပို၍ မြတ်သည်ဟု သဘောပိုက်ကာ မိမိ၏ အသက်ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဖော်ပြသော လက္ခဏာ ဖြစ်သည်” ဟု ဖွင့်ဆိုလေသည်။

ယနေ့ကဲ့သို့ အိဒ်နေ့ကို ကမ္ဘာတ၀ှမ်းလုံးမှ မွတ်စလင် ဘာသာဝင်တို့က ကျင်းပကြလေသည်။ ထိုသို့ တိရိစ္ဆာန်သတ်ခြင်းကို အိဒ်နေ့၏ နောက်၂ရက်၊ ၃ရက် အတွင်း ပြုလုပ်ကြသည်။ ရွေးချယ်ခြင်း ခံရသော တိရိစ္ဆာန်သည် ပြင်ပအင်္ဂါအစိတ်အပိုင်း များ ချွတ်ယွင်း ကျိုးပဲ့ခြင်း မရှိစေရ၊ အရွယ်ရောက်သော တိရိစ္ဆာန် ဖြစ်ရမည် ဖြစ်ပြီး ဆိတ် (သို့မဟုတ်) သိုးဖြစ်ပါက တနှစ်သား၊ နွားဆိုလျှင် နှစ်နှစ်၊ ကုလားအုပ်ဖြစ်ပါက ငါးနှစ် ဖြစ်ရမည်ဟု သတ်မှတ်ချက် ရှိလေသည်။

ထိုသို့ (Sacrifice) စွန့်လွှတ်ခြင်း ပြုလုပ်ချိန်၌ ထိုသူသည် စွန့်လွှတ်ခြင်း၏ ရည်ရွယ်ချက် အနက်အဓိပ္ပါယ်ကို နက်နဲစွာ နားလည်၍ ထိတွေ့ခံစားရမည်ဟု ညွှန်ပြထားသေးသည်။

(စကားချပ်။ ။ “တိရစ္ဆာန်ဆိုတာ လူချွတ်မှ ကျွတ်ရတာ” ဆိုတဲ့ အရပ်သုံးစကား တခုသည် ထို အယူမှ လာဖွယ်ရှိသည်ဟု ယူဆရပါသည်။)

အထက်ဖော်ပြပါများကတော့ ကျွန်တော် လေ့လာ မိသလောက်ထဲက အိဒ်ပွဲတော် အကြောင်း ကောက်နှုတ်တင်ပြ ခြင်းဖြစ်ပါတယ်။

ပြုလုပ်လှူဒါန်းသူက အသျှင်အတွက် သဒ္ဓါတရား ထက်သန်၍ အသက်ကို ပင် လိုလိုချင်ချင် စွန့်ရဲသည် ဆိုပါအုံးစို့။ သို့ပေမယ့် အသိဉာဏ် မရှိရှာသော (လူပြုသမျှ နုရမည် ဖြစ်သော) အဟိတ်တိရိစ္ဆာန် ကကော ထိုလှူဒါန်းသူ အတွက် လိုလိုချင်ချင် သူ၏ အသက်ကို စွန့်လွှတ်ချင်ပါ၏လော။ မိမိတင်ရှိသော အပြစ်များ ကြေအေးစေရန် မိမိထက် နိမ့်ကျသည်ဆိုသော သတ္တ၀ါများအား သတ်ဖြတ်၍ အသျှင်မြတ် ကြည်ဖြူ စေရန် လှူဒါန်းသည်ဆိုခြင်းမှာ ထိုသတ္တ၀ါ အတွက် တရားပါ၏လော။ ထိုသို့ဆိုလျှင် မိမိယူထားသော အကြွေးအား သူတပါးအားဖြင့် ဆပ်ခိုင်းသည်နှင့် တူမနေပေ သလော။ ကျွန်တော်၏ ခေါင်းထဲသို့ လော .. ပေါင်းများစွာ ၀င်ရောက်လာပါသည်။ ကျွန်တော်ဟာ ဘာသာတရားတခု ကို ချဉ်းကပ်ရာမှာ ရဲဝံ့စွာတွေးတောခြင်းကို နှစ်သက်ပါသည်။ အကြောက်တရားတို့နှင့် ဖုံးကွယ်နေသည်ကို မနှစ်သက်ပါ။ ၀ါဒတခု အဖြစ် ကျွန်တော် ဘာသာတရားများကို မချဉ်းကပ်ပါ။ ကျွန်တော် အနေနဲ့ လက်လှမ်းမှီသလောက်သာ လေ့လာလျှက်ရှိပြီး ကျွန်တော် ဉာဏ်မမှီသေး၍ လည်း ဖြစ်ချင် ဖြစ်ပါမည်။ ကိုယ်မစား ဖူးသေးသော စပျစ်သီးကို အားလုံးချဉ်သည်ဟု မပြောလိုပါ။ သို့သော်လည်း ယနေ့ အတွက် မူကား (ထိုမြင်ကွင်းများ တစိတ် တဒေသ အားဖြင့် မြင်ရနိုင်သော) တောင်ဒဂုံစက်မှုဇုံဘက်သို့ မသွားတော့ဟုသာ ဆုံးဖြတ်ချက် ချမိပါတော့သည်။

Read Users' Comments (9)

မြန်မာ၊ စင်ကာပူနှင့် ဗီယက်နမ်ဒိုင်

တနေ့က စူဇူကီးဖလားပွဲကို ကျွန်တော်ကြည့်ချင်လျှက်နဲ့ အလုပ်တွေများနေတာကြောင့် သေချာ ထိုင် မကြည့်ဖြစ်ခဲ့ဘူး။ သွားရင်းလာရင်း လဘက်ရည်ဆိုင်တွင်းက တီဗီလေးတွေဆီကိုသာ လှမ်းကြည့်ခဲ့ရပါတယ်။ အခြေအနေကို မေးကြည့်တော့ ဒုတိယပိုင်းရောက်နေပြီ ၂-၁ နဲ့ရှုံးနေတယ်။ အင်း ပြန်သွင်းရင်တော့ ရသေးတယ် သိပ်အခြေအနေ မဆိုးသေးဘူးပေါ့။ ဒါနဲ့ ကျွန်တော်လဲ ဆိုင်သိမ်းပြီး အိမ်ကို အပြေးနှင်ရတာပေါ့။ ဖြစ်ချင်တော့ ပွဲပြီးခါနီးလောက်မှ အိမ်ကို ပြန်ရောက်တယ်။ ပြီးတော့ အိမ်ရောက်တာနဲ့ ဘောလုံးပွဲပြတဲ့ဆီကို အူယားဖားလျား ပြေးရတာပေါ့။ ကံဆိုးချင်တော့ ကျွန်တော်လဲ ရောက်သွားရော ပွဲကပြီးနေပြီး မကျေနပ်သံ တောက်ခေါက်သံများနှင့် လူတွေ ပြန်ထွက်လာကြတော့သည်။ ဒါနဲ့ အသိတစ်ယောက်ကို တွေ့လို့ မေးကြည့်တော့
“အေးဗျာ.. ဒီလိုဗျ..စင်ကာပူဘက်က ကစားသမား တစ်ယောက် ဘီးကုတ်စက်ဝိုင်း အလွန်မှာ မြန်မာနဲ့ ထိခိုက်မိရင်း လဲသွားတယ်ဗျ...။ ဒါကို မြန်မာ ကစားသမားတွေက ၀ိုင်းပြီး သွားကြည့်ကြတာ။ ဒါကို အခွင့်ကောင်းယူပြီး စင်ကာပူ ကစားသမားက ချက်ချင်း ဘောလုံးတည်၊ နောက်တယောက်ကို ထိုးပေးပြီး ကန်သွင်းသွားတယ်။ ဒါကို ကွင်းလယ်ဒိုင်က ဂိုးအဖြစ်ပေးလိုက်တယ်။ အမှန်ဆို ဖြစ်သင့်တာက ဒိုင်လူကြီးက လဲနေတဲ့ သူကို အရင် ကွင်းပြင်ကို ထုတ်ပေးသင့်တယ်။ သူတို့လူက ဂိုးသွင်းပြီးတာတောင် ထနိုင်သေးတာ မဟုတ်ဘူး။ ပြီးတော့ ဘီးကုတ်နားမှာဆို ဖြစ်ရမှာက တံတိုင်းကာခိုင်း၊ ၀ီစီမှုတ်ပြီးမှ ကန်ရမှာ။ အခုတော့ဗျာ... ဂိုးလဲ ပေးသေးတယ်.. ကွန်ပလိန်း တက်တဲ့ အောင်အောင်ဦးကိုလဲ ထုတ်တယ်ဗျာ.. ညစ်ပတ်လွန်းအားကြီးတယ်..”ဟု မိတ်ဆွေက မကျေမနပ် ရှင်းပြသွားသည်။

ဖြစ်ပြန်ပါပြီ။ လွန်ခဲ့သော တိုက်ဂါးဖလားဟု နာမည် မပြောင်းခင် ကာလတုန်းကလဲ ဒီစင်ကာပူနဲ့ တွေ့တုန်းမှာ ဂျပန်ဒိုင်ရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်ကြောင့် ပွဲကို အကျည်းတန်စေခဲ့ပါတယ်။ တက်သစ်စ ဂိုးသမား ထွန်းထွန်းလင်းမှာလဲ ရာသက်ပန် ပွဲပယ်ခံခဲ့ရပါတယ်။ နောက်နေ့တော့ ကျွန်တော်လဲ နက်ဆိုင်ကို ခပ်စောစော ပြေးပြီး ညက ပွဲပြန်လည် ရှာဖွေကြည့်ရှုခဲ့ပါတယ်။ ကျွန်တော့် မိတ်ဆွေပြောတဲ့ အတိုင်းပါပဲ။ အောင်အောင်ဦးဟာ ကွန်ပလိန်းတက်လို့ မရတဲ့အခါ ဒေါသအလျှောက် ဗီယက်နမ် ဒိုင်ကို တွန်းထိုးမိပါတော့တယ်။ ပြောရမယ်ဆို ကစားသမား သက်တမ်းတလျှောက် အောင်အောင်ဦးဟာ သန့်ရှင်းသော ကစားသမား ပီသသော ကစားသမား တဦးဖြစ်ပါတယ်။ ဘယ်ကစား သမားမဆို ဒီလိုဖြစ်ချင်လှတယ်တော့ မဟုတ်ပါဘူး။ ဒါဟာ သက်သက် ညစ်ပြီး တဖက်သတ် ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အောင်အောင်ဦး အနီကဒ်အပြခံရပါတယ်။ ပြီးတော့ ပွဲကစားချိန် ၁၀မိနစ်ခန့် ရပ်ဆိုင်းထားလိုက်ပါတယ်။ ဗီယက်နမ်ဒိုင်ရဲ့ မျက်နှာဟာ ကြောက်ရွံ့စိုးရိမ်နေပုံ ပေါ်ပါတယ်။ သူဘာလုပ်ခဲ့တယ် သူအသိဆုံး ဖြစ်ပါလိမ့်မယ်။ အာရှဒိုင် တချို့နှင့် ဒေသတွင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံများက ဒိုင်လူကြီးတွေရဲ့ မြန်မာ အပေါ် အညှိုးအတေးထား မညီမျှသော ဆုံးဖြတ်ချက်တွေဟာ မေးခွန်းထုတ်စရာ တွေဖြစ်လာပါပြီ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမဆို မကျေနပ် ပေါက်ကွဲ မိမှာပါပဲ။ ကျွန်တော်လဲ ထိုနေရာမှာဆိုလဲ ထို့ထက်ဆိုးအောင် ပြုလုပ်မိမည် မှာ မလွဲပါဘူး။

ခြေစွမ်းအရ စစ်မှန်စွာ ရှုံးနိမ့်ခြင်းကို လက်ခံနိုင်ပေမယ့် ဒီလို ညစ်ပတ်သော ဆုံးဖြတ်ချက်များ ကြောင့် အနိုင်ယူသွားခြင်းကို လက်မခံနိုင်ပါ။ ဗီယက်နမ် ဒိုင်ရဲ့ မတရားသဖြင့် ဆုံးဖြတ်ချက်များကို ဖီဖာသို့ တိုင်ကြားသင့်ပါတယ်။ ပြီးတော့ အရှေ့အတောင် အာရှ အသင်းများတွင် မြန်မာ၏ ရပ်တည်ချက်သည် ပြတ်သားကြောင်း ပြသဖို့ လိုပါတယ်။ နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ လိုပါလိမ့်မယ်။ ဆက်လက်၍သာ ဒီအတိုင်း နောက်ပြိုင်ပွဲများတွင် ကျွန်တော်တို့ မြန်မာ အသင်းအား တဖက်သက် နှိမ်ချမှု များ ပြုလုပ်လာခဲ့ပါလျှင် ကျွန်တော်တို့ အနေနဲ့ သြစတြေးလျ လမ်းစဉ်ကို လိုက်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဇုံပြောင်းရွှေ့ ကစားသင့် ကစားရပါလိမ့်မယ်။ ဖြစ်နိုင် မဖြစ်နိုင်တော့ ကျွန်တော် မသိပါဘူး။ ဆက်လက်၍ မတရား သဖြင့် ဆက်ဆံနေမည်ဆိုပါက တိကျပြတ်သားသော ရပ်တည်ချက် တခုကို လုပ်ပြသင့် ပါကြောင်း .....။

Read Users' Comments (1)comments

Sweet December

ဒီဇင်ဘာရောက်လာပြီဆို ကမ္ဘာအရပ်ရပ်က ခရစ်ယာန်ဘာသာဝင်တွေ လှုပ်လှုပ်ရှားရှားဖြစ်လာပါပြီ။ ခရစ်စမတ် အတွက် ပြင်ကြဆင်ကြ၊ နှစ်သစ်ကူးအတွက် ပွဲတော်လေးတွေ လုပ်ကြနဲ့ တော်တော့်ကို အလုပ်များတဲ့ လဖြစ်ပါတယ်။ ဈေးဆိုင်တွေမှာဆိုလဲ နှစ်သစ်ကူး အတွက် ဈေးရောင်းပွဲတော်၊ ခရစ်စမတ်အတွက် အထူးလျှော့ဈေး စသည်ဖြင့် ၀ယ်သူကြိတ်ကြိတ်တိုး ရောင်းကောင်းတဲ့ ကာလတွေပေါ့။ ငယ်ငယ်တုန်းက ကျွန်တော်နေတဲ့ လိုင်းခန်းလေးမှာဆိုရင် အများစုက ကရင်( ခရစ်ယာန်) တွေ များပါတယ်။ နိုဝင်ဘာကုန်လို့ ဒီဇင်ဘာ တစ်ရက်နေ့ ရောက်ပြီဟေ့ဆိုရင် မနက်စောစော လင်းအားကြီးကြီးထ ပြီးရင် အိမ်ဘေးက သူငယ်ချင်းတွေနဲ့ အတူတူ အိမ်တွေရဲ့ တံခါးပေါက်တွေမှာ စာရွက်လေးတွေ လိုက်ကပ်တာပေါ့.။

'Sweet December' အဲဒိစာတန်းလေးတွေဟာ တံခါးဖွင့်လိုက်လို့ ဘယ်သူကပ်ထားမှန်း မသိ တအံ့တသြကြည့်ရင် တိတ်တိတ်လေး ကပ်တဲ့ ကျွန်တော်တို့မှာ ပျော်လို့။ ဘာမှန်းတော့ မသိဘူး ငယ်ငယ်တုန်းကဆိုတော့။ ပြီးရင်နောက်ထပ် ပျော်ခဲ့တာတွေ ရှိသေးတယ်။ ဖိတ်ထားတဲ့ အိမ်တွေကို ဂစ်တာတွေနဲ့ ဓမ္မသီချင်း သွားဆိုပြီး အလှူခံထွက်ရင် ကျွန်တော်တို့ ရွယ်တူ ကလေးတွေကော ၊ အကိုအမတွေကော လူစုံတက်စုံဆိုတော့ မြူးထူးနေတာပေါ့။ (သီချင်းက သွားမဆိုကြခင် တပတ်လောက် ကတည်းက တိုက်ကြရတာ၊ ကျွန်တော်ဆို အခုထိ သီချင်းတွေ ရသေးတယ်ဗျာ။ ဘိုလိုကော၊ ကရင်လိုကော နဲနဲ ဆိုတတ်တယ် :) )  ပြီးရင် အိမ်နားက သူငယ်ချင်းတို့အိမ်က ခရစ်စမတ်ဆို ဘုရားရှိခိုးကြပြီးရင် ကျွေးမွေးရေး လုပ်ကြတယ်။ ကျွန်တော်တို့က ကလေးတွေဆိုတော့ ၀ါးတီးဆွဲရတာကိုပဲ သဘောခွေ့နေတာ။ တလိုင်းခန်းလုံး အုံးအုံးကြွပ်ကြွပ် ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြတာဆိုတော့ ကျွန်တော်တို့ အိမ်ကလဲ ဘာသာခြား ဆိုပေမယ့် တခါတလေ (ဒီဇင်ဘာလဆိုတော့ လိုက်ဖက်မယ့်) ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်ကို လာသမျှကလေး လူကြီး အကုန်ကျွေးတယ်။ အဟတ် ကလေးတွေဆို ကျွန်တော်တို့ အိမ်ကို ဓမ္မသီချင်းဆိုရင်တောင် ပြောင်စပ်စပ်နဲ့ ဘာတဲ့..."ဤ အိမ်ပေါ်တွင် ကောက်ညှင်းပေါင်းများ ရောက်စေသောဝ်.. ရောက်စေသောဝ်" တဲ့...။ :P

နှစ်သစ်ကူးတော့မယ်ဆိုရင်လဲ တလိုင်းခန်းလုံး တအိမ်မကျန်ပေါင်းပြီး ပျော်ပွဲရွှင်ပွဲ လုပ်ကြတာပေါ့။ အိုးကြီးအိုးငယ်တွေနဲ့ တလှိုင်းလှိုင်းချက်ကြ ပြီးရင် ဂိမ်းတွေ ကစားကြ။ လက်ဆောင် ပစ္စည်းတွေလဲလှယ်ကြနဲ့။ သီချင်းသံတွေကလဲ တအုံးအုံးနဲ့...။ အဲ့လိုပွဲရှိလို့ကတော့ ကျွန်တော်များ အိမ်ကို ကပ်တယ် မရှိဘူး။ စားလိုက် သောက်လိုက် ဆော့လိုက်နဲ့ ကြောင်ချီးကုတ် ရုပ်နဲ့ ပေတလူးနေအောင်ဆော့တာပေါ့။ အဲ၁၂နာရီရောက်ပြီဆို ဟက်ပီးနယူးရီးယားလို့ အော်ကြတယ်။ ဒါနဲ့တင် ပွဲပြီးပလား ဆိုတော့ မပြီးသေးဘူး ပွဲက အခုမှ အရှိန်တက်ပြီး လူကြီးတွေကလဲ အရှိန်ကောင်း၊ လူငယ်တွေကလဲ ဆော့လို့ ကောင်းနဲ့ ဇန်န၀ါရီလ ၁ရက်နေ့ ကူးပြီး ၃နာရီလောက်မှ အိပ်ကြတယ်လေ။ အဟဲ ဘာရယ် မဟုတ်ပါဘူး ဆွိဒီဇင်ဘာ ရောက်လာပြီဆိုတော့ ကျွန်တော် ငယ်ငယ်တုန်းက ကဲခဲ့ ဆော့ခဲ့ ပျော်ခဲ့တာလေးတွေ သတိရလို့.....။ :)

Read Users' Comments (0)

တီတီတာတာ

အခုနောက်ပေါက် ကလေးတွေများ တတ်လိုက်တာ လွန်ပါရောဗျာ။ စကားအရာမှာကော၊ သွက်လက် ချက်ချာ မှုမှာရော ကျွန်တော် တွေ့သမျှ၊ သိသမျှ ကလေးတွေ (New Generation) လေးတွေ အားလုံးလိုလို ဉာဏ်ထက်မြက်ကြ တယ်။ ဒါဟာ သတင်း၊ မီဒီယာတွေ၊ ရုပ်ပိုင်းဆိုင်ရာတွေ ခေတ်မှီ လာလို့လား တော့ မသိဘူး။ ကျွန်တော့်အဖွားအိမ်မှာဆို ညီဝမ်းကွဲလေးတွေ ရှိတယ်။ အရွယ်ကလဲ အစုံပဲ မူကြိုတက်တဲ့ အရွယ်ကနေ ၃တန်း၊ ၄တန်းအထိ တစ်နှစ်ကြီး တစ်နှစ်ငယ်တွေ။ အိမ်က ညီငယ်တစ်ယောက်ဆို သီတင်းကျွတ်တုန်းက ကျောင်းမှာ ဆရာမက သူ့ကိုနောက်သတဲ့။ ဟဲ့ကောင်လေး နင်ငါ့ကို လာမကန်တော့ဘူးလားတဲ့။ ဒီကောင်က ဘာပြန်ပြောလဲဆိုတော့။ မဆိုင်းမတွပဲ ဟုတ်. လာကန်တော့မှာပေါ့ ဆရာမရဲ့ သား စိတ်ပုတီးနဲ့ သွားကြားထိုးတံ ကန်တော့မယ်တဲ့။ ဆရာမမှာ သူပြောတဲ့ စကားကြောင့် ရယ်ချင်ပက်ကျိဖြစ်သွားတော့တယ်။ အံမယ် သူ့အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ သူများတွေက မုန့်တွေစားစရာတွေလာကန်တော့တဲ့အခါ သွားကြားညပ်မှာ စိုးလို့ သွားကြားထိုးတံ ကန်တော့ပြီး၊ ဟော ဥပုသ်စောင့်ဖို့ အတွက် စိတ်ပုတီးကို ကန်တော့မှာ ဖြစ်ပါတယ်တဲ့ ခင်ဗျာ။ အဟတ် ...။

ကျွန်တော့်ညီငယ်လေး နောက်တစ်ယောက်ကျတော့ လာဘ်ပေးလာဘ်ယူကောင် ဒီကောင် ကြီးလာရင် စီးပွားရေးသမားပဲ ဖြစ်မလားတော့ မသိဘူး။ အဟတ်။ ဖြစ်ပုံက သူ့လပတ်စာမေးပွဲမှာ သချာင်္ကို ၉၇ မှတ်ပဲရလို့ သူက အမှတ်ပေါင်းတဲ့အခါ တတိယ အများဆုံးသာ ဖြစ်နေတယ်။ ဆိုလိုတာ အဆင့်၃လောက်ဖြစ်နေတယ်။ အဲ့ဒိတော့ သူက အတန်းပိုင်ဆရာမကို သွားပြောတာက ဆရာမရယ် ဒီ ၃မှတ်လောက် လေးကို တိုးပေးလိုက်ပါလား ဆရာမရယ်။ ဆရာမမှာ တိုးပေးပိုင်ခွင့် ရှိတယ်မှတ်လား။ သားအဆင့်တစ် ရရင် ဆရာမကို မုန့်နဲ့ လာကန်တော့ ပါ့မယ်တဲ့။ လုပ်ပုံက..ဟတ်ဟတ်။ နောက်တစ်ယောက်ကတော့ လေကြီးလေကျယ်ကောင်။ သူက လားရှိုးမှာနေတာ။ အရင်ကတော့ မူဆယ်မှာ နေတာ ရှမ်းပဲပုတ်ကလေးပေါ့ အခုမှ မူကြိုတက်တုန်း။ ဒီကောင်က မူဆယ်မှာ မွေးတဲ့ကောင်ဆိုတော့ သူ့မူဆယ်မြို့ အကြောင်းကို ရန်ကုန်လာလည်တဲ့ အခါ ပြောလို့ မဆုံးဘူး တထောင့်တညပဲ။ ပြောရင်လဲ သားတို့မူဆယ်ကလို့ မပြောဘူး. .. သူ့ကို ဘယ်သူမှ လဲ မသင်ပေးပဲနဲ့ သားတို့ နိုင်ငံခြားမှာ သားတို့ နိုင်ငံခြားမှာနဲ့...။ မူဆယ်ပါကွာ ဆိုပြီး ပြင်ပေးလဲ မရဘူး။ တပြားမှ မလျှော့တာ။ :P

နောက် ကလေးတွေထဲမှာ အကြီးဆုံး ၂ယောက်ရှိသေးတယ်။ အခုတော့ တစ်ယောက်က ၄တန်း တစ်ယောက်က ၅တန်း။ ဒါပေမယ့် ဒီနှစ်ယောက်ကို မိတ်ဆက်ပေးရအုံးမယ်။ အကြီးက မိန်းကလေး ဒါပေမယ့် သူက သူ့အဖေဘက်က အသားအရေ မဲတာနဲ့သွားတူပြီး ပိန်တာကျတော့ သူ့အမေနဲ့ တူလေတော့ မဲပိန်ပိန်လေးပေါ့။ ဆိုတော့ ကျွန်တော်တို့ အိမ်မှာ တအိမ်လုံး ဖြူကြပြီး သူတစ်ယောက်ထဲ မဲပိန်ပိန် နားရွက်ကားကားလေး ဖြစ်နေတော့ ထူးထူးခြားခြား လေးဖြစ်နေတယ်။ အဟဲ နောက်တစ်ယောက်ကတော့ ခုနက မူဆယ်သားရဲ့ အကို ဒီကောင်က အ၀လွန်နေတဲ့ ဖက်တီးပုပ်ကလေး (သူ့ကြည့်လိုက်ရင် မေးကနှစ်ထပ် ၀အစ်ဖောင်းလို့ ပူပေါင်းကြီး ကွဲတော့မလိုပဲ :P) စဉ်းစားကြည့် ဒီနှစ်ကောင်ရဲ့ ပုံစံကို ကျောင်းမှာ မောင်နှမဆို မသိရင်ယုံမှာ မဟုတ်ဘူး။ (၀မ်းကွဲတွေ ဆိုပေမယ့် အရင်းတွေလို နေကြတာ)အကြီးလုပ်တဲ့သူက မဲပိန်ပိန်လေး။ အငယ်လုပ်တဲ့ သူက ၀တုတ်တုတ် ဘုတ်အီး။

ဒါပေမယ့် ကျွန်တော်တို့ အိမ်ထုံးစံအရ ကြီးသူကို ငယ်သူက ကြောက်ရတော့ အဲ့ဒိ မဲပိန်လေးကို ဘုတ်အီးက တုန်နေအောင် ကြောက်ရတယ်။ ဒီကောင်က အစားပုပ်ဆိုတော့ တခါတလေ မတည့်တဲ့ ရေခဲချောင်းတွေ ခိုးစား သူ့အမက မိလို့ ဆူရင် မျက်ရည်လည်ရွှဲ အာပြဲကြီးနဲ့ အော်ငိုနေတာ။ :D ဒါနဲ့ ခုနက စကား ပြန်ဆက်ရရင် မနှစ်ကတုန်းက ရုတ်ရုတ် ရုတ်ရုတ်တွေ ဖြစ်တော့ ကျွန်တော်တို့ တွေက ကလေးတွေကို စိတ်ပူတာပေါ့။ ဒါနဲ့ အိမ်မှာ ကလေးတွေကို မှာရတာပေါ့။ ကဲ ကလေးတွေ တခုခု ဖြစ်ရင် ကျောင်းမှာ ကိုယ့်မောင်လေးတွေ ၊ ညီလေးတွေကို အရင် ခေါ်ပြီး တစုတစည်းထဲနေနော် ကိုကြီးတို့ လာခေါ်မယ် လို့ မှာထားရတယ်။ ပြီးတော့ သူတို့ဘာလုပ်မလဲ ဆိုတဲ့ အကြီးနှစ်ကောင်ရဲ့ အိုင်ဒီယာကို မေးကြည့်တော့။ အတိုင်အဖောက် ညီညီနဲ့ ဘုတ်အီးလေးက အာ ဘာခက်တာမှတ်လို့ သားက မမကို ချီ.။ ဟိုတစ်ယောက်က သမီးက သူ့ပုခုံးပေါ်ကနေပြီး ဟဲ့ ဘယ်ကို ပြေးဘယ်ကို ပြေးဆိုပြီး ညွှန်ကြားမှာပေါ့။ အဟတ် ဟုတ်ပ။ အကြီးမက ပါးလှပ်မှု ပိုရှိပြီး အငယ်ကောင် ဖက်တီးကတော့ ဗလရှိတာမို့ သူတို့ အတွေးကလဲ ဟုတ်နေတာပဲပေါ့။ :)

တစ်ကောင်ကတော့ သူကြီးလာရင် သူဌေးကြီးလုပ်မယ်ဆိုပဲ။ ကျွန်တော်က ဘယ်က ပိုက်ဆံရပြီး ဘာစီးပွားရေး လုပ်မလဲလို့ မေးကြည့်တော့ ။ အံမယ်လေး ဒင်းက ဘာပြောလဲဆိုတော့ ဘာခက်တာ မှတ်လို့ မေကြီး (အဖွား) တို့ အိမ်ကို ရောင်းပြီး ကုမ္ပဏီထောင်မှာပေါ့တဲ့။ ကျွန်တော်အဖွားက ဟင် ငါတောင် မသေရသေးဘူး ဒင်းက လက်တောက်လောက်နဲ့ အမွေစကား ပြောနေပါလားဆိုပြီး ထပြောတော့ ဇက်ကလေး ပုပြီး ပြေးပါလေရော။

အိမ်ရှေ့အိမ်မှာ သူတို့နဲ့ ရွယ်တူ ကလေးမလေးရှိတယ်။ အဲ့ဒိ ကလေးမလေးက ငယ်ငယ်လေးနဲ့ ပဲကလဲ များတတ်သေးတယ်။ သူက အပြင်သွားရင် အမြဲ ဒေါက်ဖိနပ် ပိစိလေးနဲ့ (မနှဲလေး ကပ်တဲ့ ဖိနပ်ပိစိလေးလား အောက်မေ့ရတယ် အဟတ်ဟတ်) စကပ်တိုတိုလေးနဲ့ ဖင်လေးကို ခါခါ ခါခါ နဲ့ လျှောက်တာ။ ရီနေရတယ်။ တခါက ကျွန်တော်က ဟေ့ ကလေးလေး ဒီနေ့ တယ်လှနေပါလားဆိုတော့ အံမယ် ကျွန်တော့်ကို မျက်လုံးလေး ပုပ်ခလက် ပုပ်ခလက်နဲ့ ရှက်ကိုးရှက်ကန်း ရီပြပြီး ဒေါက်ဖိနပ်လေး တဂွက်ဂွက်နဲ့ အပျိုမကြီး ပုံစံ လုပ်သွားပုံကို ကြည့်ပြီး ကျွန်တော့်မှာ အူလိမ့်ပြီး ရီလိုက်ရတာ...။

သင်္ကြန်တုန်းကပေါ့ အိမ်က အငယ်ဆုံးကောင် ပြဿနာ ရှာတာ။ ကျွန်တော်တို့ အိမ်က သင်္ကြန်ဆိုရင် ကလေးတွေ ဆော့ပါစေတော့ ဆိုပြီး ရေတိုင်ကီတွေ ရေဗုံးတွေချပေး ကက်ဆက်တွေ ဘောက်စ်တွေနဲ့ အုန်းလက်မဏ္ဍပ် ထိုးပေးလေ့ရှိတယ်။ ဒါနဲ့ ကျွန်တော်တို့ မဏ္ဍပ်ကို အိမ်ရှေ့အိမ်က ကလေးမလေးလဲ လာဆော့တာပေါ့။ ဆော့ကြပြုကြပြီး ကျွန်တော်တို့လဲ မနီးမဝေးကနေ စောင့်ပေးနေတာပေါ့။ လျှောက်ပြေးဆော့နေတဲ့ အသံတွေ ကြားတော့ ကလေးတွေ ချော်လဲမှာစိုးလို့ ကြည့်လိုက်တော့ အိမ်က အငယ်ဆုံးကောင် မူဆယ်သားက တရွှတ်ရွှတ်နဲ့ ကောင်မလေးကို လိုက်နမ်းနေလို့ ကောင်မလေး က ပတ်ပြေးနေရတယ်။ ဒါနဲ့ ကျွန်တော်လဲ ဟဲ့ကောင် ဟဲ့ကောင် လာစမ်းလာစမ်း..ဆိုပြီး ဘာလို့ လိုက်နမ်းနေရတာလဲ ဆိုတော့ “ချစ်ချာကောင်းရို့ သားသားက နမ်းတာပဲ” တဲ့ အံမယ်လေး မောင်မင်းကြီးသားကို မလုပ်နဲ့ဆိုပြီး ပြောပြီး ပြန်ဆော့ခိုင်းရတယ်။ မဟုတ်ရင် ကလေးမလေး အမေများ တွေ့သွားမှ မသိရင် ကျွန်တော်တို့ လူကြီးတွေကပဲ မြှောက်ပေးနေသလိုလို ဖြစ်နေမှာပေါ့။ တော်တော် မလွယ်တဲ့ကောင်။ :P

အိမ်နားက နောက်ကလေးမလေး တစ်ယောက် အသက်က ၄နှစ်တောင် မပြည့်သေးတဲ့ ကလေးမလေး ဆိုရင်လဲ အဲ့လိုပဲ ပဲက ခပ်များများရယ်။ သူ့ကိုယ်သူ ကိုရီးယားကားထဲက ကလေးသရုပ်ဆောင်မလေး အွန်းဂျီတဲ့။ အွန်းဂျီလေးက အရမ်းလန်းတယ်ကွာလို့ နောက်ရင် ပီတိတွေ ဖြာနေပြီး သူ့ကို ဟေ့ရုပ်ဆိုးမလေး လို့ ပြောရင် နှုတ်ခမ်းကို ကိုက်ပြီး မှုန်ကုပ်ကုပ် မျက်နှာပေးနဲ့ ခါးထောက်ပြီး မကြည်ကြည် ကြည့်တာ...။ အံမယ်လေးလေး ကလေးလေးတွေများ အူယားစရာ တ၀ါးဝါးနဲ့ ရီနေရတယ်။ တတ်လိုက်ပုံတွေများ ပြောပါတယ်။

Read Users' Comments (1)comments

ထူးဆန်းသော လန်ကြုတ်စာတစ်စောင်

အင်တာနက်ဆိုတာ အလိမ်အညာတွေ တယ်ပေါသကိုး ကွယ်ရို့ လို့ ပြောရမလိုပဲ။ ကျွန်တော် အီးမေးလ် info@minnyoonthit.net ကို ကျွန်တော်က လုပ်ထားပြီး သိပ်မသုံးဖြစ်ဖူးဗျ။ ခုမနက်မှ မေးလ်စစ်ကြည့်တော့ ကျွန်တော့် inbox ထဲ ထူးထူးဆန်းဆန်း စာတစ်စောင် ရောက်နေတယ်။ရောက်နေတာ အောက်တိုဘာလောက်တည်းက ရောက်နေတာ။ SALAM WUALAIKUM!!!! FROM MRS.AMINA BELLO ဆိုတဲ့ ခေါင်းစဉ်နဲ့ ။ ကျွန်တော်လဲ ဖွင့်ဖတ်လိုက်တော့ သူရေးထားတာ စိတ်ဝင်စားဖို့တော့ ကောင်းသား။ သူက အီရတ်ပြည်ပြေး တစ်ယောက်ပါ ဆိုတဲ့ အကြောင်းကနေ အစချီလိုက်တာ သူ့နောက်ယောက်ျားနဲ့သူ့ဆီမှာ ကန်ဒေါ်လာ ၁၁သန်းရှိပြီး ရင်းနှီးမြှုပ်နှံချင်တယ်ဆိုတဲ့ အကြောင်း။ ကျွန်တော့်ဆီကို ပို့ရတဲ့အကြောင်းက သူတို့နဲ့ ပါတနာ လုပ်ပေးဖို့ ဆိုတဲ့အကြောင်း၊ အကယ်၍ ကျွန်တော် က ကူညီနိုင်မယ်ဆိုရင် ကျွန်တော့်ကို ဆက်သွယ်နိုင်မယ့် private mail , phone number တွေနဲ့ အတူ အကြောင်းပြန်ပေးပါဆိုတဲ့ အကြောင်းတွေပါပဲ။ ပထမတော့ ဟုတ်မလိုလိုနဲ့ နောက်ပိုင်းတော့ ဖတ်ရင်း ယုတ္တိမရှိတော့တာမို့ ကျွန်တော်လဲ fishing လုပ်တဲ့စာမှန်းသိလာတယ်။ ဒါနဲ့ ကိုလင်းဦးတောင် ပြလိုက်သေးတယ်။ အင်း ထွင်လုံးကတော့ ဆန်းသဗျာ။ ဒါကြောင့် ကိုယ်နဲ့ မသိတဲ့သူတွေဆီက စာတွေဘာတွေလာရင် ကိုယ့်ရဲ့ ပါဆင်နယ် တွေ မပေးလိုက်မိဖို့ သတိထားပေးကြပါ။ အင်တာနက် မှာ အလိမ်အညာတွေက အပြင်လောကထက် ပိုကြောက်ဖို့ကောင်းပါတယ်။ ဒီလိုမသမာ သူတွေက တနည်းမဟုတ် တနည်း လူစိတ်ဝင်စား စေတဲ့ နည်းတွေနဲ့ လန်ကြုတ်တွေ လုပ်နေကြအုံးမှာပါပဲ။ ဒါကြောင့် ကိုယ်မသိရင်၊ အဲ့ဒိမေးလ်ထဲက မည်သည့်အချက်အလက် လင့်ခ်တွေကို မှ မနှိပ်မိဖို့ သတိထားကြပါ။ အလိမ်အညာတွေ မမိစေဖို့ ပြန်လည်ဖောက်သည် ချလိုက်ရပါတယ်ခင်ဗျာ။ အင်တာနက်အလိမ်အညာများမှ ကင်းဝေးကြပါစေ။

(အောက်ဖော်ပြပါ သည် ကျွန်တော့် မေးလ်ထဲသို့ ၀င်လာသော မေးလ်၏ မူရင်း စာဖြစ်ပါသည်။ )

From:Mrs.Amina Bello.
Address:Aek Udon International Hospital,
555/5 Posri Road,
Udon Thani Thailand.


Dearest Beloved,

Attn:The Managing Director

Before I proceed, may I humbly introduce myself to your goodself, My Name is Mrs. Amina.A.Bello, an Iraqi refugee ,my husband was one of the personal aid to the president of Iraq who was formerly overthrown out of power by American Government .

Prior to this last serious crisis that is still ravaging in my country,which recently led to misfortune of our government and my late husband position as the personal aid to the president, we were able to come over here in Thailand ,we inherited the sum of US11 million.The funds were originally gotten from my late husband proceeds.

My late husband was able to safe guard the fund with a very good diplomatic contact from my Country.

I have decided to contact you because I am interested in investing in your country which is investment friendly. Please kindly guide and assist me in making the right investment since I am also interested in buying a residential property as I will be moving my family over there as soon as every thing regarding technical and logistics details is worked out and ascertained to our respective satisfaction.

However, upon your acceptance to work as my partner, you can contact me for more details.I am here with my only surviving son Musa.I strongly believe that associating with you to embark on this and other business ventures will derive a huge success here after, please include you private contact telephone number and private e-mail when replying.

Yours Sincerely.

Mrs.Amina.A.Bello.


Read Users' Comments (0)

အာဆင်နယ်တဲ့ဟေ့


မနေ့က အာဆင်နယ် မန်ယူကို ၂-၀ နဲ့နိုင်တယ်။ ဂန်းနားတွေ အောင်ပွဲခံတဲ့နေ့ပေါ့ဗျာ။ ကျက်သရေ ရှိလိုက်ပုံများ.. အဟတ်ဟတ်။ အခုတော့လဲ သရဲနီတို့ အပေါ်မှာ ပြန်ရောက်သွားပြန်ပြီပေါ့ဗျာ...။ အော် အာဆင်နယ်ဆိုတာ ပြိုင်ဘက်အသင်းတွေကို ကောင်းကောင်း ခြိမ်းခြောက်နိုင်သေးတဲ့ အသင်းအဖြစ်ရှိတုန်းပဲဆိုတာ ပြလိုက်တာပဲပေါ့။ ပျော်လိုက်တာဗျာ။ ကျေးဇူး နာဆရီ ကျေးဇူး အာဆင်နယ်။ Whatever,Whenever I Love Arsenal! :P

(ကျွန်တော်ရေးတဲ့ အာဆင်နယ် ဆောင်းပါးကို ဒီမှာလဲ သွားဖတ်လို့ရပါတယ်။)


Read Users' Comments (0)

ဝါလကင်းလွတ်သီတင်းကျွတ်ပြီ..

သီတင်းကျွတ်ပြီဆိုရင် ငယ်ငယ်တုန်းက ဘ၀ကိုမှတ်မိသေးတယ်။ ကျွန်တော်က ငယ်ငယ်တုန်းက ၀န်ထမ်းလိုင်းမှာနေခဲ့တော့ သိတဲ့အတိုင်း လိုင်းကလေးဆိုတော့ လတ်လတ်ဆင်အောင် ကဲပါတယ်။ :) နေရာတကာ ပါလေရာ ငပိချက်ပေါ့။ ဘောလုံးကန်မလား၊ ထုပ်စီးထိုးမလား၊ စိန်ပြေးတိုင်း ဆော့မလား၊ ဒီထိုးတိုင်းဆော့မလား၊ ကျောက်ဒိုးပစ်မလား၊ ရုပ်ရှင်ဖွက်တိုင်းကစားမလား၊ ကျောက်ရုပ်ကျောက်ဖျက် ဆော့မလား၊ နို့ဆီဗူးထောင်ပစ်တာ ဆော့မလား၊ ဒီလိုပွင့်လင်းရာသီ ကျောင်းပိတ်ရက်ဆို လိုင်းခန်းမှာ ကလေးသံတွေ ဆူညံလို့ပေါ့။ သီတင်းကျွတ်ရောက်ပြီဟေ့ဆို ကလေးတိုင်း အရူးထတဲ့ ကစားနည်းက ဗျောက်အိုးဖောက်တာပဲ။ ကြောက်တတ်တဲ့ လူများဆို ပိုခြောက်ချင်တာ။ ဒါကိုပဲ ကြည့်ပြီး သဘောကျနေတာပေါ့။ တော်တော်ဆိုးတယ်။ ပြီးတော့ ငရဲမီးဆိုတာ ဆော့လိုက်သေးတယ်။ မွန်းလိုက် အချိုရည်အဖုံးတွေ လိုက်ရှာ ပြီးရင် ဖယောင်းချက်တွေထည့် အောက်မှာတွင်းတူး မီးမြှိက် ဆူလာတဲ့အခါ ရေနဲ့ဖြန်းလိုက်တိုင်း မီးတွေ တဟုန်းဟုန်း ထတောက်တာကို အဲ့ဒိတုန်းက သဘောအကျကြီးကျခဲ့တာပေါ့။ လူကြီးတွေ တွေ့သွားရင်တော့ အဆူအဆဲခံရပြီသာမှတ်.။ ဆူလဲခဏပဲ လစ်တဲ့နေရာမှာ ပြန်ဆော့တာပါပဲ။ ဗျောက်အိုးကို နို့ဆီဗူးအောက်မှာ ထောင်ပြီးဖောက် ပေါက်သွားပြီဟေ့ဆို ပေါက်ကွဲတဲ့အရှိန်နဲ့ လွင့်စဉ်သွားတာကို ကြည့်ပြီး ပျော်လို့...။


ဗျောက်အိုးအဖောက်ကောင်းလို့ ငယ်ငယ်တုန်းက လိုင်းခန်းထဲက နွဲ့တဲ့တဲ့ကောင် တကောင်ကို ကြောက်မှန်းသိလို့ ဗျောက်အိုးနဲ့လိုက်စမိတော့ ငိုယိုသွားလို့ အဲ့ကောင်အမေက ကတ်ကတ်လန်အောင် ရန်တွေ့တာ ခံလိုက်ရဖူးတယ်။ မောင်မင်းယွန်းတို့ ငယ်ငယ်တုန်းက ညစ်ကျယ်ကျယ်နိုင်ပုံက ကျွန်တော်နှင့် အပေါင်းအပါ သူငယ်ချင်းတစုဟာ သူတို့အိမ်နားမှာ ချိန်ကိုက်ဗျောက် သွားထောင်တာပေါ့။ ချိန်ကိုက်ဗျောက်ဆိုတာ တခြားတော့ မဟုတ်ဘူးဗျ။ ဆော့ဖူးတဲ့သူလဲ သိမှာပါ။


ဗျောက်အိုးကို အမွှေးတိုင်မှာ ကပ်ချည်ပြီးရင် အမွှေးတိုင်ကို မီးညှိပြီး ထောင်ထားခဲ့တာ။ ဗျောက်အိုးစနက်တံနား အမွှေးတိုင်မီးအရောက် ဗျောက်အိုးလဲ ပေါက်ပဲ။ ဟဲဟဲ ပြီးတော့ တနေရာက စောင့်ကြည့်..။ အိမ်ပတ်ပတ်လည်မှာ ဗျောက် ၁၀လုံးလောက် ထောင်ထားလိုက်တော့ အချိန်လဲ ကျရော တဗောင်းဗောင်းနဲ့ ဆူညံနေတော့တာပေါ့။ အိမ်ထဲကနေ ယောင်ယမ်းပြီး ထအော်နေတာ ပြီးတော့ ဘယ်သူလုပ်မှန်း ရမယ်ရှာလို့ မရ.. ဒေါသတွေထွက်နေတာကို ကြည့်ပြီး ကျွန်တော်တို့ ကလေးတသိုက် တနေရာကနေ တခွိခွိနဲ့ ပီတိကိုဖြစ်လို့။ အဟီး အဲ့လို ကမြင်းကျောထခဲ့တာ။


ဒီလိုသီတင်းကျွတ်လပြည့်နေ့ဆိုရင်လဲ လိုင်းထဲမှာ အားလုံးစုပြီး ညဘက် တခုခုလုပ်စားကြသေးတယ်။ ပြီးတော့ တလမ်းလုံး ဖယောင်းတိုင်အလင်းတွေနဲ့ လင်းထိန်လို့။ စားလိုက်ဆော့လိုက်နဲ့ တကယ့်ကို ပျော်စရာကြီးဗျာ။ အခုခေတ်ခါမှာတော့ ဗျောက်အိုးတွေကလဲ ဖောက်ချင်တိုင်းဖောက်လို့ မရတော့ အိမ်က ညီလေးတွေကို သနားလိုက်တာ။ သူတို့ခင်ဗျာ အခု ရှူးဒိုင်းလောက်လေးနဲ့ပဲ ရသေ့စိတ်ဖြေနေရတာ။ အဟဲ ဒါတောင် တနေ့က အာလူးဗျောက်တွေ (စက္ကူလုံးလေးတွေ ကတ္တရာပေါ် ပစ်ပေါက်ရင် ပေါက်တဲ့ဟာ) လေးတွေ ဒါဇင်လိုက် ကို အန်တီက ၀ယ်လာတော့ ကလေးတွေနဲ့ ရောဆော့လိုက်သေးတယ်။ (ကျွန်တော်အပါအ၀င် ၀မ်းကွဲလေးတွေ အားလုံး ၇ယေက်ရှိသဗျ။ မိန်းကလေး ၂ယောက်ပဲပါပြီး ကျန်တဲ့၅ယောက်ကတော့ စံချိန်လွန် မျောက်မူးလဲတွေချည်းပဲ။ :D ) သူတို့နဲ့ ရှူးဒိုင်းတွေ ဆော့လိုက်တာ ကိုယ့်ဟာကိုယ် ကလေးပြန်ဖြစ်သွားသလိုပဲ။ (ခုလဲ ကယေးပဲရှိသေးတာကိုနော့) အဟီး ကျွန်တော်ကြီးပဲ ဆော့နေလို့ ဟဲ့ ကလေးတွေကိုလဲ ပေးလိုက်အုံးလေလို့ ပြောရတဲ့ အထိပဲ ဟီးဟီး။


မနေ့ကတော့ ကျွန်တော့်အိမ်က အဖိုးနဲ့အဖွားကို ကန်တော့ဖြစ်တယ်ဗျ။ ကျွန်တော်က တနေ့က ကျောင်းကပြန်လာရင်း ရိုးရာလဲမပျက် ဈေးလဲသက်သာ အဟတ်ဟတ် မုန့်ထုပ်လေးတစ်ထုပ် ၀ယ်လာတယ်ဗျ။ ကန်တော့ဖို့လေ။ အင်း မနေ့က ညက တကယ်လဲကန်တော့တော့မယ် ဆိုတော့မှ ကျွန်တော်ဝယ်ထားတဲ့ ပစ္စည်းက အသေးဆုံးဖြစ်နေတယ်။ မျက်နှာငယ်လိုက်တာ။:P ကျန်တဲ့ညီလေးတွေကတောင် အဖိုးအတွက် ရှပ်အင်္ကျီ၊ ပုဆိုး၊ အဖွားအတွက် ထမီ၊ မုန့်ဆိုရင်လဲ အထုပ်ကြီး ယိုးဒယားဖြစ်တွေ။ အဟဲ ပြီးတော့ ကျွန်တော်က မြေးကြီးဆိုတော့ မုန့်ဖိုးလေး လောက်လောက်လားလား ရလိုက်တယ်ဗျ။ အဟဲ ကျွန်တော်ညီတွေ ညီမလေးတွေကတော့ ကျွန်တော့်ကို မုန့်ထုပ်သေးလေးနဲ့ ကန်တော့ပြီး မုန့်ဖိုးကျတော့ သူတို့ထက်ပိုရတယ်ဆိုပြီး ၀ိုင်းဝန်းထောပနာ ပြုနေကြလေရဲ့။ :P


မနေ့ ညက တအိမ်လုံးမီးထွန်းပြီး သီတင်းကျွတ်ညလေးနဲ့ တူအောင် အားလုံးဗျောက်တွေ၊ မီးရှူးမီးပန်းတွေ၊ ရှူးဒိုင်းလေးတွေ၊ မီးပန်းလေးတွေ၊ ကြိုးဗျောက်တွေ ဖောက်လိုက်သေးတယ်ဗျ။ ကိုယ့်လူနဲ့ကိုယ်ဆော့လိုက်တာ အိမ်ရှေ့တခုလုံး မီးခိုး ရမ်းညှော်နံ့တွေ နံနေတော့တာပါပဲ။ ကလေးခေါင်းဆောင်ကြီး ကျွန်တော်ပေါ့လေ။ :)




ဆီမီးဝါ၀ါညီညီစီ ထားပါ :)




ဆီမီးတွေ ထိန်နေတဲ့ ရပ်ကွက်လမ်းကလေး



ကြိုးဗျောက်အိုး လေး ပေါက်နေတဲ့ပုံပါ။



ဒါက သားဆော့နေတာပေါ့ အဟတ်ဟတ်....။

သူငယ်ချင်းတို့ရော ပျော်ရွှင်သော သီတင်းကျွတ်ညလေး ဖြစ်ခဲ့တယ်မှတ်လား။ ၀ါလကင်းလွတ် သီတင်းကျွတ်မှာ ကိုကိုမမများလဲ ဂေါ်မစွံဘ၀များမှ အမြန်ဆုံး လွတ်ကျွတ်ကြပါစေဗျား။


Read Users' Comments (3)

ဆူညံခြင်း

ကျွန်တော်တို့ဆီမှာ အရိုးစွဲနေတဲ့ စကားပုံတခုရှိတယ်။ ဈေးသုံးလဲ မလွယ်နဲ့ ရှေးထုံးလဲ မပယ်နဲ့ ဆိုတာပေါ့။ ဒါပေမယ့် တခါတလေ အဲ့ဒိရှေးထုံး ဆိုတာတွေက ခေတ်နဲ့ မလျော်ညီတော့ တာတွေရှိတယ်။ ဥပမာ ၀ါဝင်ဝါထွက် ဦးရှင်ကြီးတင်တာ တို့၊ ဆွမ်းကန်တော့တာတို့ ဘာတို့ပေါ့။ ကျွန်တော် အိမ်မှာလဲ အသက်ကြီးသူတွေ ရှိသေးတော့ ဒီမိရိုးဖလာဆိုတာကြီးတွေကို အလုပ်ရှုပ်ခံပြီး လုပ်နေကြတုန်းပဲ။ ကျွန်တော်ဆို သိတတ်သွားတဲ့ အရွယ်ကစပြီး ဦးရှင်ကြီး ဆွမ်းကန်တော့ရင် ထိုင်ကို မကန်တော့တော့ဘူး။ သူဟာသူ ဘာနတ်ဖြစ်ဖြစ်ပေါ့။ ဘုရားမှ မဟုတ်တာ။ ထားပါတော့ ကျွန်တော်ပြောချင်တာက တခြားပါ။

ကျွန်တော်အဖြစ်က နှစ်တိုင်းဝါ၀င်မှာကို ကြောက်နေတယ်။ ၀ါဝင်မှာကို ဘာလို့ကြောက်ရလဲ ဆိုတာရှင်းပြရရင် ကျွန်တော်တို့ ရပ်ကွက်ဓမ္မာရုံဟာ ကျွန်တော့်အိမ်နဲ့ သုံးခြံကျော် မျက်စောင်းထိုးမှာ ရှိပါတယ်။ အဲ..အခုပြောမယ့် ပြဿနာက အဲဒိဓမ္မာရုံပါပဲ။ ပြီးခဲ့တဲ့နှစ် ၀ါတွင်းမှာမှ ရပ်ကွက်ဓမ္မာရုံ လူကြီး အသစ်ပြောင်းတယ်။ ပြောင်းရတဲ့ အကြောင်းအရင်းက လူကြီးအဟောင်းက စာရင်းတွေနှစ်ချုပ်တော့ သိန်းနဲ့ချီငွေတွေ ကွာနေလို့။ ခပ်ရှင်းရှင်း ပြောရရင် ရပ်ကွက်က ဓမ္မာရုံအတွက် သဒ္ဓါလို့ လှူထားတဲ့ ငွေတွေကို ဘုံးလိုက်တယ်ပေါ့ဗျာ။ (အင်း..ပြောတော့ ဘုရားဘုရား.. လုပ်တော့...... ဆိုတာပေါ့)

အဲ့ဒိလူကြီးဟောင်းတုန်းကဆို သူက မိုက်ခဲဗျ။ အဟတ် မိုက်ခဲဆိုတာ မိုက်ကို ခဲတာ။ ဥပုသ်နေ့ ရောက်ပဟေ့ဆို ဇာတ်တော်ကြီးတွေ၊ ဘုရား ဇာတ်ထုပ်တွေ ဌာန်ကရိုဏ်းနဲ့ကို ဟောနေတာ။ တခါတလေ ဥပုသ်နေ့ ဘုန်းကြီးတောင် မပင့်ပဲ ယောဂီတွေကို သူကိုယ်တိုင် တက်ဟောနေတာ..။ တောဘုန်းကြီးကျောင်းထွက် ပင်စင်စား ဆိုပါတော့။ ဒီလိုဟောလို့ ပြီးပြီလားဟေ့ဆို မပြီးသေးဘူး။ အမေနဲ့ ရွာကို လွမ်းတယ်တို့၊ မွေးမေ ကျေးဇူးဆပ်ဖူးချင်တယ်တို့၊ ဟင်္သာတထွန်းရင် သီချင်း၊ တွံတေးသိန်းတန် သီချင်းတွေ ဖွင့်တော့တာပါပဲ။ သူ့ဟာသူ ပြောဟော ဖွင့်တာ မပြောလိုပါဘူး။ ဒါပေမယ့် ကိစ္စရှိတာက လော်စပီကာကို နင်းကန်အသံအဆုံးထိ ချဲ့ပြီး ဖွင့်ထားတာပါပဲ။

အဲ ..နောက်ကိစ္စတခုကတော့ အဲဒိဓမ္မာရုံက လော်စပီကာကြီးရဲ့ ဦးတည်ရာဟာ ကျွန်တော့် အပေါ်ထပ် အိပ်ခန်းတည့်တည့်ကြီးဖြစ်နေလို့ပါပဲ။ ဘုန်းကြီးတရားဟောတဲ့ အချိန်ဆို မပြောပါဘူး တရားဓမ္မသံဆိုတာ အဲလောက်ကြီး ကျယ်လောင်နေတာ မဟုတ်ဘူး။ ကိုယ်တောင် အိမ်မှာနေရင်း တရားနာလို့ ရသေးတယ်။ ဒါပေမယ့် သူ့ဟာက အလိုက်ကန်းဆိုးမသိ မနက်လင်းအားကြီး ၄နာရီလောက်ထဲက ထဖွင့်တော့တာပါပဲ။ ပြီးတော့ အသံအဆုံးဖွင့်ထားတော့ တဂြီဂြီ တဂေါ်ဂေါ်နဲ့။ လော်စပီကာက တေးသံတွေဟာ ခေါမတပ်ကြီး ချီတက်လာသလို တဝေါဝေါ တသောသောနဲ့ အသံဗလံတွေ စုပြုံပြီး ထွက်နေတာပါပဲ။

သူအလုပ်ပြုတ်သွားတော့ နောက်အသစ်ပြောင်းလာတော့ ၀မ်းသာရမလား အောက်မေ့တယ်။ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်နေတယ်။ဒီဘိုးတော်က ပိုဆိုး။ မနက် ၃နာရီလောက်ကြီး “ဘွန်န္တော...” ကနေ အစချီပြီး သီချင်းတွေ လျှောက်ဖွင့်တော့တာပဲ။ ဆွမ်းထချက်မယ့်သူတွေကို နှိုးဆော်တာတဲ့။ ကျွန်တော့် အမြင်ပြောရရင် တကယ်ကိုယ်လှူချင်တန်းချင်လို့ သဒ္ဓါလို့ ဆွမ်းထချက်မယ့် မည်သူမဆို နှိုးစရာတောင် မလိုပါဘူး။ သူ့ဟာသူ ၀ီရိယရှိပြီးသား။ သူက အဲ့လိုဖွင့်တော့ မနက်လင်းအားကြီးကြီးမှာ လန့်ဖျတ်နိုးလာပြီး ကျီးကျီးကြောင်ကြောင် ဖြစ်ကုန်ရော။ ကိုယ်က သွားပြောပြန်ရင်လဲ ကုသိုလ်ရေး ဆိုတာကြီးနဲ့ ကိုင်ပေါက်အုံးမယ်။ ဒါတင်ပဲလား ဆိုတော့ နေ့ခင်းနေ့လည်လဲ ကျွန်တော်အိမ်အပါအ၀င်၊ အိမ်နားက လူကြီးသူမတွေလဲ အိပ်မရပါဘူး။ သီချင်းသံတွေ ဆူညံနေအောင် ဖွင့်တော့တာပဲ။

ဆိုလိုတာ ကုသိုလ်ရေး ဓမ္မလုပ်နေတာ မဟုတ်တော့ဘူး လို့မြင်တယ်။ အဓမ္မဖြစ်နေပြီ။ ၀ါတွင်း ဥပုသ်နဲ့ ဥပုသ်အကြို ရက်တွေဆို မနက်တည်းက ဖွင့်လိုက်တာ ညနေစောင်းမှပဲ တိတ်တော့တယ်။ မနက်လင်းအားကြီး ဘုရားတောင် ၀တ်ပြုဖို့ အာရုံမရပါဘူး။ တော်ရုံမဟုတ်ဘူး။ ပြီးတော့ တခြား ရပ်ကွက် ဓမ္မာရုံတွေ မဖွင့်ဘူး မဟုတ်ဘူး ဖွင့်ကြပါတယ်။ ဒါပေမယ့် ရပ်ကွက် ကြားရုံလောက်ဆိုတော်ပြီပေါ့။ နင်းကန် အသံဆုံး ဖွင့်စရာ မလိုပါဘူး။ အော် ဓမ္မတေးသံလေး ဘာလေးကြားတော့ ကုသိုလ်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာရမယ့်ဟာ။ ခုတော့ စိတ်အနှောင့်အယှက်ဖြစ်လို့ အကုသိုလ်ဖြစ်နေရပြီ ပေါ့ဗျာ။ တခါလေတော့ စဉ်းစားတယ် ဒီလော်စပီကာ ကြီး အစား ဆောင်းဘောက်စ် သွားလှူရင်ကောင်းမလားလို့။ ဒါပေမယ့် စဉ်းစားကြည့်တော့ ဒီလို လော်စပီကာနဲ့တောင် ဒီလောက်ဖွင့်နေတာ ဘောက်စ်နဲ့ဆို တမြို့နယ်လုံးကြားအောင် ဖွင့်မလားပဲ။ ပြီးတော့ ဓမ္မာရုံက ဓမ္မာရုံနဲ့ မတူဘူး။ သူကလွဲလို့ တခြားလူတွေ ဓမ္မာရုံ ကိစ္စ ကြီးကြပ်တာလဲ မကြိုက်ဘူး။ ဘယ်လောက်တောင်လဲ ဆိုတော့ ဥပုသ်နေ့ကလွဲလို့ တခြားရက်တွေဆို ဓမ္မာရုံကို သော့ခတ် ထားသဗျ။ ဒါက ထားပါတော့ အခုဟာက လော်စပီကာသံကြောင့် ဓမ္မာရုံ အနီးအနားက အိမ်တွေဟာ ဥပုသ်နေ့နား ရောက်မှာကို ကြောက်နေရတယ်။ ရပ်ကွက်ဆိုတာ လူအများနဲ့နေတာ။ သင့်တော် မလား မသင့်တော်ဘူးလား မစဉ်းစားဘူး။ ဟူး မကျေနပ်တာ ပြောရရင်တော့ တပုံကြီးပဲ။ လောလောဆယ် ၀ါမြန်မြန်ထွက်ပါစေလို့သာ....ဆုတောင်းနေမိပါတော့တယ်ဗျာ။

Read Users' Comments (0)

ကူးခွေ


အခုတလော ဂျာနယ်တွေမှာ အဆိုတော်တွေ ခိုးကူးခွေ ကိစ္စကျယ်ကျယ်လောင်လောင်တွေ ဖြစ်နေကြတာ တွေ့ရပါတယ်။ ခိုးကူးဆိုတာကလဲ ၀ယ်ယူအားပေးသူ ရှိနေသ၍ မျိုးတုံးသွားမယ့် အရေး မမြင်သေးပါဘူး။ အိမ်မှာဆိုလဲ ကျွန်တော့် ညီမက အများအားဖြင့် သူကြိုက်တဲ့ Big Bag တို့ နောနော် တို့ စတဲ့ ခွေတွေဆို မူရင်းအားပေးပါတယ်။ ဒါပေမယ့် ကျွန်တော်က ပြောပါတယ်။ နင့်ဟာက နင်ကြိုက်တဲ့ အဆိုတော်တွေတော့ မူရင်းအားပေးတယ်။ နင်မကြိုက်တကြိုက်တွေ ကျတော့ ခိုးကူးခွေ ၀ယ်တယ်ဆိုတော့ မဟုတ်သေးပါဘူးလို့။ အမှန်တော့ စီဒီခွေတခွေကို ၁၃၀၀ကျော်လောက်ကို ၀ယ်ဖို့ လက်တွန့်တက်ကြတာချည်းပါပဲ။ ဟုတ်ပ။ ကျွန်တော်တို့လို ကျောင်းသားတွေ ကြိုက်ပြီဆိုရင် ရှိတဲ့မုန့်ဖိုးလေးနဲ့ ၀ယ်ရင် မုန့်ဖိုးထဲက စုပြီးဝယ်ရမှာ။ ခုနက ကျွန်တော့် ညီမလိုပဲ ကြိုက်တဲ့ခွေဆိုရင်တော့ အစစ်ဝယ်တယ်။ ဥပမာ ကျွန်တော် သိပ်ကြိုက်တဲ့ မျိုးကြီး၊ အငဲ၊ မောင်မောင်ဇော်လတ်တို့ ခွေတွေဆို အစစ်ဝယ်တယ်။ ကျန်တာအားလုံး ကြိုက်ပေမယ့် အကုန်လုံးသာ လိုက်ဝယ်ရရင် မောင်မင်းယွန်း တလလုံး မုန့်မုန့်မစားရပဲ သီချင်းတွေ ထိုင်ဝါးနေရမလားပဲ။ ဟတ်ဟတ်။

ပြီးတော့ ခိုးကူးဆိုတာလဲ မူရင်းနဲ့ စီဒီအသားလေးပဲကွာတာ ကြည့်လို့ဖြစ်တယ်။ တချို့ခွေတွေက အထူးသဖြင့် အဖွဲ့လိုက်ဆိုတဲ့ လိုက်ဖ်ရှိုးခွေတွေဆို တချို့ခွေတွေက ကြော်ငြာတုန်းက သီချင်းတွေသာ ကောင်းတာ တကယ်လဲ ၀ယ်လာရော ကျန်တဲ့သီချင်းတွေက ဂွမ်းနေရင် သွားပြီ ပိုက်ပိုက်ရေမျှောလိုက်တာနဲ့ တူတူပဲ။ ကွာလတီ ခွေတွေအခုဆို တော်တော်ရှားလာတာပဲ။ အဲ့လိုပြောတော့ ခိုးကူးသူခိုးတွေကြောင့်လို့ ပြောအုံးမယ်။ အမှန်တော့ ဒါကသံသရာလည်နေတာပဲလေ။ သီချင်းတွေက ကွာလတီမကောင်းတော့ ခိုးကူးခွေတွေပေါ်။ ခိုးကူးခွေတွေပေါ်လာတော့ ပေါချောင်ကောင်း (စပွန်ဆာများများနဲ့) လိုက်ဖ်ရှိုးတွေ မှိုလိုပေါက်ထုတ်။ ဒါတွေက မှိုလိုပေါက်နေတာပါပဲ။ ပြီးတော့ ခရေးရေးရှင်း ဖန်တီးမှု၊ ကိုယ်ပိုင်ဖန်တီးမှု အနုပညာတွေ ရှားပါးလာတယ်လို့ မြင်တယ်ဗျာ။ ခိုးကူးခိုးကူး လို့သာ ပြောနေကြတယ်။ သူတို့ဆိုနေတဲ့ သီချင်းတွေကလဲ အင်း…. ။ နောက်တခုက တချို့က အူကြောင်ကျားဆော့ဖ်ဝဲတွေ စီဒီထဲထည့်ပေးလိုက်သေးတယ်။ ဒါပေမယ့်ဗျာ ဒီခေတ်ထဲမှာ စီဒီထဲက ဆော့ဖ်ဝဲကို crack လုပ်တာ မပြောနဲ့ နောက်ဆုံးပေါ် HD နည်းပညာသုံး ဒီဗီဒီကိုတောင် crack လို့ရပါတယ်လို့ ဆိုတော့ သိပ်မထူးပါဘူး။

တလောက ဂျေညီညီတို့ ခွေ ၃၀၀နဲ့ရောင်းတယ်တဲ့။ အင်းသူတို့ကလဲ ခိုးကူးခွေပပျောက်ရေး လုပ်တယ်ထင်ပါရဲ့။ ဒါမျိုး ဦးကျော်လဲ လုပ်ဖူးတယ်။ ဒါပေမယ့်ဗျာ ဂျေညီညီခွေ ၃၀၀ကို မကူးဘူး မထင်လေနဲ့ အံမယ် ခိုးကူးသမားတွေက အဲ့ဒိခွေကို ၁၅၀နဲ့ ပြန်ရောင်းသေးတယ်ဗျာ..။ ကဲပြီးရော ဘာမှတတ်နိုင်ဘူး။ ဆိုလိုတာ ကျွန်တော်တို့ဆီမှာ ခိုးကူးခွေပျောက်ချင်တယ် ပျောက်ချင်တယ်လို့ ပြောနေမယ့်အစား တကယ့်စနစ်တကျ လိုက်လံ ဖမ်းဆီးရင် ပျောက်ပါတယ်။ မပျောက်တောင် အတော်လေးပါးသွားမယ်။

(ဒီခိုးကူး လုပ်ငန်းအကြီးအကျယ်တွေကို ဘယ်သူတွေက လုပ်နေတယ်ဆိုတာ သိပြီးလဲဖြစ်ချင်ဖြစ်မှာပါ။ မလုပ်ချင်လို့) :P ခက်တာက ကျွန်တော်တို့ဆီမှာ စီမံချက်ဆိုတဲ့ခေါင်းစဉ်ရှိမှ လိုက်ဖမ်းဖြစ်တယ် ထင်ပါရဲ့။ (ဖမ်းရင်လဲ မရောင်ရာ ဆီလူး၊ လမ်းဘေးမရှိလို့ ရောင်းစားသူတွေကို ဖမ်းအုံးမယ်)။ အဲ ကျွန်တော်ပြောလိုက်လို့ တော်ကြာ လမ်းဘေးက နိုင်ငံခြားခွေတွေရောင်းတဲ့ သူတွေကို ပတ်ရမ်းနေအုံးမယ်။ :) (မလုပ်နဲ့နော် နိုင်ငံခြား ရုပ်ရှင်ကောင်းကောင်းလေးတွေ သူတို့မှ မရောင်းရင် ရုပ်ရှင်ကြိုက်တဲ့ ကျွန်တော်တော့ သေပြီ)။

ပြီးတော့ ကော်ပီရိုက်ဥပဒေကို မြန်မြန် အတည်ပြု။ ဒါဆို ကိုယ်လဲ သူများ ဟာတွေ ခိုးမဆိုတော့နဲ့။ သူများလဲကိုယ့်ဟာတွေ ကူးဖို့သိပ်မလွယ်တော့ဘူးပေါ့။ ခိုးကူးဆိုတာ ကျွန်တော်တို့ တနိုင်ငံတည်း ထိနေတာမဟုတ်ဘူး။ သူများနိုင်ငံတွေလဲ ထိနေကြတာပဲ။ သူတို့မှ ပိုဆိုးသေး သန်းနဲ့ချီအကုန်ခံထားပြီးသား ရုပ်ရှင်တွေကို ဈေးပေါပေါနဲ့ ပြန်ကူးတာ ခံနေရတာလေ။ ဒါကြောင့်ပေါ့ ကျွန်တော်တို့ ဆီမှာလဲ ခိုးကူး ကိစ္စ မပပျောက်နိုင်သေးပါဘူးလို့။ အားပေးသူရှိနေရင်တော့ ရောင်းသူလဲ ရှိနေအုံးမှာပဲပေါ့။

Read Users' Comments (1)comments

ဘိုးတော်၊ ၀ိဇ္ဖာ သတိပြုစရာ

လွန်ခဲ့သော နှစ်က ဖြစ်ပါတယ်။ ကျွန်တော်တို့ အိမ်ကို အသားလတ်လတ် ကိုယ်တော်တပါး ကြွလာခဲ့ဖူးပါတယ်။ အဲ့ဒိဦးဇင်းကို တွေ့တာက ကျွန်တော့်ဦးလေးဖြစ်ပြီး တိုက်ဆိုင်ချင်တော့ ရွှေတိဂုံဘုရားမှာ တွေ့ခဲ့တာပါ။ ပထမဦးဆုံး အကြိမ် တွေ့တုန်းက ဦးလေးက ဆောင်းတန်းတခုမှာ ဘုရား ၀တ်ပြုရင်း အသားဖြူဖြူ သင်္ကန်းအ၀ါရောင်နှင့် ၀တ်ပြုနေသော ဦးဇင်းကို ကြည်ညိုသွားမိပါတယ်။ ဒါကြောင့် အဲ့ဒိဦးဇင်းဆီကို သွားပြီး ၀တ္ထုအလှူငွေ ကပ်ခဲ့ပါတယ်။ အဲ့ဒိဦးဇင်းက ဒကာကြီးနေမကောင်းဘူး မလား၊ (အဲ့ဒိချိန်တုန်းက ဦးလေးက နှလုံး သွေးကြောနဲနဲကျဉ်းနေလို့ ဆိုပြီး ဆရာဝန်က ခွဲခိုင်းထားတဲ့အချိန်) လို့ မေးတော့ ဟုတ်ပါတယ်ဘုရားပေါ့။ ဒါပေမယ့် မပူပါနဲ့ ဒကာကြီးရဲ့ ရောဂါမကြာခင် သက်သာသွားပါလိမ့်မယ်လို့ မိန့်တယ်။ ဒါနဲ့ ကျွန်တော့်ဦးလေးကလဲ စိတ်ဝင်တစားပဲ ခွဲစိတ်ရအုံးမှာလားလို့ မေးတယ် မခွဲမစိတ်ရပဲကောင်း သွားပါလိမ့်မယ်လို့ မိန့်ပြီး သူခြုံထားတဲ့ သင်္ကန်းရုံထည်ကို ဦးလေးကို ဒါလေးဆောင်ထားဆိုပြိး စွန့်လိုက်တယ်။ ဒါနဲ့ ဦးဇင်းက ဘယ်က ကြွလာတာလဲ မေးတော့ ဦးဇင်းက ကျိုက်ထီးရိုးက ကြွလာတာ ဖြစ်ကြောင်း၊ အခုရန်ကုန်ကို အဓိဌာန်နဲ့ ကြွလာတာ ဖြစ်ကြောင်း၊ အများအားဖြင့် ဥပုသ်နေ့တွေမှာဆို ဘုရားမှာ ရှိတတ်ကြောင်း ပြောပြပါတယ်။

 

နောက်ရက်အနည်းငယ်ကြာတော့ အဒေါ်တစ်ယောက် က သူ့စီးပွားရေးလုပ်ငန်းမှာ အတိုက်အခိုက်ပေါ်လာလို့ ဆိုပြီး ရွှေတိဂုံရင်ပြင်မှာ အဲ့ဒိ ဦးဇင်းကို သွားရောက်ရှာတော့ ပထမ တစ်ရက်က မတွေ့ခဲ့ပါဘူး။ ဒုတိယ တစ်ရက်ကျတော့ ဦးဇင်းကို တွေ့ခဲ့ပါတယ်။ ဦးဇင်းက အဒေါ့်ဆိုင်ရဲ့ လိပ်စာကို ယူထားလိုက်ပြီး ဘယ်နေ့ ဘယ်ချိန်လာမယ် ဆိုပြီး ပြောလိုက်တယ်။ အဲ့ဒိနေ့ အစောကြီး ဆိုင်ကို ကြွလာပါတယ်။ ပြီးတော့ ရွတ်ဖတ် သရဇ္ဖျာယ်ပြီး စီးပွားလာဘ်လာဘ ကောင်းအောင် ယတြာချေရမယ်လို့ ဆိုပါတယ်။ ယတြာက ကန်တော်ကြီး ပုဂံလုံးကျွန်းမှာ ရှိတဲ့ စေတီမှာ အတိုက်အခိုက်ကို ခုခံတဲ့အနေနဲ့ ပါဝါဓာတ်ခဲပေါ်မှာ ဖယောင်းတိုင် တင်ထွန်းပြီး ရွတ်ဖတ်ရမယ်လို့ ဆိုပါတယ်။ ဇော်ဂျီရုပ်လဲ ၀ယ်ရအုံးမယ်။ ပြီးရင် ကိုးထပ်ကြီး ဘုရားမှာလဲ ပွဲတင်ဆုတောင်းရမယ် လို့ မြွက်ကြားသွားပါတယ်။ ဒါနဲ့ ဦးဇင်းလဲ နောက်တပတ်လောက်နေမှ ပြန်ကြွလာမယ်ဆိုပြီး ပြန်ကြွသွားပါတယ်။

 

တရက်သော ဥပုသ်နေ့ရောက်တော့ (ဥပုသ်နေ့ဆို ဈေးပိတ်တာကြောင့်) အဒေါ်က အဲ့ဒိနေ့က ခပ်စောစောပဲ ဦးဇင်းကို အိမ်ကို ပင့်လာခဲ့ပါတယ်။ အိမ်ရောက်တော့ အပေါ်ထပ် ဘုရား စင်နေရာကို ပင့်ခဲ့ပြီး တအိမ်လုံး ဦးဇင်းနားမှာ ၀တ်ပြုကြပါတယ်။ အဲ့ဒိဦးဇင်းရဲ့ ရုပ်ဆင်းသဏ္ဍာန်ဟာ အသားအရေ ၀င်းဝါပြီး အများအားဖြင့် သင်္ကန်းကို အ၀ါရောင် ၀တ်ဆင်ပါတယ်။ စကားပြောလဲ နူးညံ့ပါတယ်။ ဒါနဲ့ စ ကားစမြည်ပြောရင်း အရင်နေ့က ဈေးကို လာရင်း အဒေါ်က အဖိုး နှစ်လုံးထီ ထိုးတဲ့အကြောင်းပြောတော့ ဂဏန်းပေးခဲ့ပါတယ်။ အဲ့ဒိဂဏန်းပေါက်တဲ့ အကြောင်း အဖိုးက ပြောတော့ ၀မ်းသာတယ်ဆိုတဲ့ အကြောင်းပြောပြီး သူချောင်းဝကျောင်းက ကြားလာတဲ့ ဂဏန်းလေးတွေကို ပြန်ပြောပြပါတယ်။ အဲ့ဒိဦးဇင်းက ချောင်းဝကျောင်းမှာ အာဂန္တု အဖြစ် ခေတ္တတည်းခိုနေကြောင်း ပြောပြပါတယ်။

စကားစမြည်ပြောပြီးတော့ ဘုရားစင်မှာ ယတြာချေဖို့ အတွက် ခွက်တခွက်ထဲကို ဆန်အပြည့်ထည့်စေပြီး အဲ့ဒိခွက်ထဲကို အမွှေးတိုင်ထွန်းစေပါတယ်။ ပြီးတော့ ရေတဖန်ခွက်နဲ့ ဘုရားစင်မှာ ကပ်ရပါတယ်။ အိမ်မှာက ကျွန်တော်ပဲ အဲ့ဒိတုန်းက ရှိတော့ ကျွန်တော်ပဲ ကပ်၊ ကျွန်တော်ပဲ အဲ့ဒိဦးဇင်း ရွတ်ဖတ်ပေးတဲ့ အတိုင်း လိုက်ဆိုရတာပေါ့။ ဒါနဲ့ ရွတ်ဖတ်ပေးပြီး ကျွန်တော်တို့ အိမ်က အိမ်သားတွေကို ဗေဒင်တွက်ပေးတယ်။ ကျွန်တော်ကတော့ အစကတည်းက ဒါတွေ သိပ်မလုပ်တာကြောင့် မတွက်ဖြစ်ဘူး။ ပြီးတော့ ကျွန်တော့် အဒေါ် တစ်ယောက်က ကျန်းမာရေး မကောင်းတော့ ယတြာချေဖို့ ပေးတယ်။ သူက စနေသမီးဆိုတော့ နဂါးလက်စွပ် ဆောင်ရမယ်တဲ့။ ဒါပေမယ့် အဲ့ဒိ နဂါးလက်စွပ်ကို ဦးထုံရွှေပန်းထိမ် ဆိုင်မှာပဲ လုပ်ရမယ်တဲ့။ ကျွန်တော်တို့ အိမ်မှာပဲ အဲ့ဒိဦးဇင်း ဆွမ်းစားပြီး ခဏနေတော့ ပြန်ကြွသွားတယ်။ ဒါနဲ့ ကျွန်တော့် အဒေါ်လဲ အဲ့ဒိနေ့ပဲ မြို့ထဲကို ပန်းထိမ်ဆိုင်မှာ လက်စွပ် သွားလုပ်လေရဲ့။

အဲ့ဒိရက်ပိုင်း ကျွန်တော်လဲ ကိုယ့်ကျောင်းနဲ့ကိုယ်မို့ ဆိုင်ကို နောက်တခေါက် ဦးဇင်းထပ်လာတယ် ဆိုတာလောက်ပဲသိတယ်။ ပြီးတော့ ကျွန်တော့် အဒေါ် လက်စွပ်ကို သဒ္ဓိတင်ပေးမယ် ဆိုပြီးယူပေးသွားတယ်တဲ့။ ဒါပေမယ့် သူတို့ ယုံကြည်နေတဲ့ ကိစ္စကို မကန့်ကွက်ခဲ့ဘူး။ (ပြီးတော့ အိမ်မှာက ဒီလို လိုက်နိုင်တဲ့လူငယ် ဆိုလို့ ကျွန်တော် တစ်ယောက်ထဲ ရှိလေတော့ ကျွန်တော် ကြိုက်သည်မကြိုက်သည်ထက် အကူအညီလိုလေတော့ သည်းခံပြီး လိုက်လုပ်ပေးရတာပါပဲ။) ကျွန်တော် ပြီးတော့ နောက်တနေ့ကျတော့ အဲ့ဒိဦးဇင်းက ကြာသပတေးသား ကျွန်တော့်ကို ချိန်းထားတယ်။ ဆိုင်ကိစ္စ အဆင်ပြေအောင် ဦးဇင်းနဲ့ ယတြာ လိုက်ချေပေးဖို့ အဒေါ်က အကူအညီတောင်းတာနဲ့ အဲ့ဒိမနက် အစောကြီး ဦးဇင်းနဲ့ ချိန်းပြီး ရွှေတိဂုံဘုရားကို သွားခဲ့တယ်။ ဘုရားပေါ်မှာ ၀တ်ပြု၊ မန္တာန်ရွတ်ပြီး အနောက်ဘက် စောင်းတန်းဘက်ကနေ ဆင်းခဲ့ပြီး ဇော်ဂျီရုပ်ဝယ်ခဲ့တယ်။ ဇော်ဂျီရုပ်ကို ၅၀၀၀ ကနေ ၄၅၀၀ (ကိုးန၀င်း) ကျေအောင် ဦးဇင်းကပဲ ဈေးဆစ်ပေးခဲ့တယ်။

ပြီးတော့ ခြင်းတောင်းထဲ ထည့်ပြီး စီးပွားရေး အတိုက်အခိုက်တွေ ကင်းအောင် ယတြာချေဖို့  ကျွန်တော့်ကို ပေးတယ်။ ပြီးတော့ ရွတ်ရမယ့် ဂါထာကိုလဲ ကျွန်တော့်ကို သင်ပေးတယ်။ အဲ့ဒါပြီးတော့ ကိုးထပ်ကြီးကို သွားခဲ့ရပြီး တံခွန်၊ ကုက္ကားတွေနဲ့ ပွဲတပွဲ ၀ယ်ကပ်ခဲ့ရတယ်။ ပြီးတော့ ဦးဇင်းတိုင်ပေးတာကို ရွတ်ဖတ်ရပြန်တယ်။ ပြီးတော့ ကျွန်တော်နဲ့ ဦးဇင်း ကန်တော်ကြီး ပုဂံလုံးကျွန်းဘက် က စေတီလေးမှာ အောင်မြေနင်းပြီး ယတြာချေရပြန်တယ်။ (အဲ့ဒါလဲ အဒေါ့်ဆိုင်အတွက်ပဲ) ပါလာတဲ့ ဓာတ်ခဲကို ဘိုးဘိုးကြီးလား မသိဘူး အဲ့ဒိမှာ ကပ်ပြီး ဓာတ်ခဲပေါ်မှာ ဖယောင်းတိုင်ထွန်းရတယ်ဗျ..။ ပြီးတော့ သိကြားမင်း ရုပ်ရှေ့မှာ ဖယောင်းတိုင်ထွန်း ပူဇော်ခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို နိုင်ငံခြားထွက်ဖို့ လုပ်နေတာလား ဆိုပြီးမေးတော့ ဟုတ်မှန်ကြောင်းပြောတော့ ပါဝါတံဆိပ်ပါတဲ့ အချိုရည် ကိုးဘူးကို ဘုရားမှာ ကပ်လှူရင်ကောင်းကြောင်း ပြောပြတယ်။ ပြီးတော့ ကျွန်တော်က ဦးဇင်း ဆိုင်ကို လာစရာရှိသေးလားလို့ ပြောတော့ ဒကာလေးတို့ အဖွားက ပင့်ထားတော့ နောက်သုံးရက်လောက် နေရင် ပြန်ကြွလာမယ်လို့ ဆိုပါတယ်။

 

ကျွန်တော်လဲ ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အဒေါ်အကြောင်း သတိရတာနဲ့ လက်စွပ်ကို မေးတော့ ဦးဇင်းကို ပေးလိုက်ပြီလို့ သိလိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော်လဲ ဈေးရောင်းတဲ့ အဒေါ်ကို ဦးဇင်း နောက်တခါ ကြွလာရင် လက်စွပ်ကိစ္စ မေးဖို့ သတိပေးထားပါတယ်။ ဖြစ်ချင်တော့ အဲ့ဒိဦးဇင်းဟာ ပေါ်မလာတော့ပါဘူး။ ဒါဟာ လိမ်လည်မှု တစ်ခုလား၊ အကြောင်းတခုကြောင့်လားဆိုတာတော့ မပြောနိုင်ဘူးပေါ့ဗျာ..။ ဒါပေမယ့် သေချာတာကတော့ သိဒ္ဓိတင်မယ်ဆိုတဲ့ တစ်သိန်းကျော်တန် လက်စွပ်ပါသွားပါတယ်။ တစ်သိန်းကျော်လောက်နဲ့ ဘာမှ အများကြီး မထိခိုက်သွားပေမယ့် ယုံကြည်မှုကို အလွဲသုံးစား လုပ်သွားတယ်လို့ မြင်ပါတယ်။ အဲ့ဒိ ဦးဇင်းရဲ့ ရုပ်ဆင်းအင်္ဂါဟာ ဘယ်လိုမှ မထင်ရက်စရာပါပဲ။ ကျွန်တော့်အဒေါ်တွေ နေရာမှာ ယုံကြည်တတ်တဲ့ စာရှုသူများဆိုရင်လဲ ဒီလိုဖြစ်သွားမှာပါပဲ။ သေချာတာ ကျွန်တော်တို့ မြန်မာတွေ ၀ိဇ္ဖာ၊ ဘိုးတော်၊ ဇော်ဂျီ စတဲ့ စူဠတွေနဲ့ ပတ်သက်လာရင် အယုံလွယ်တတ်ကြတာပါပဲ။ ဒီလောက် တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ဒီလိုဖြစ်ရပ်တွေ ခဏခဏ ဖြစ်နေတုန်းပါပဲ။ ဘယ်သူ့ကို မှ ကျွန်တော် အပြစ်မတင်လိုပါဘူး။ ကိုယ်က သွားပတ်သက်မိခဲ့တာကိုး။ အဲဒိတော့ ကျွန်တော်တို့ မိသားစုတွေလိုမျိုး ကြုံလာရင် ရှောင်ကြဉ်နိုင်အောင် ကျွန်တော့် ကိုယ်တွေ့ဖြစ်ရပ်လေးကို တင်ပြလိုက်ရပါတယ်။ "လူအချင်းချင်း လှည့်ပတ်ခြင်းကင်းဝေးကြပါစေ" ခင်ဗျာ.။

 

Read Users' Comments (0)

ငအတစ်ကောင်ဖြစ်ခြင်း


အိုင်တီသမားဖြစ်ရတာ မလွယ်ဘူး။ ကျောင်းပြီးခါနီးလို့များ အလုပ်လုပ်မယ်ဆိုတော့ လမ်းတွေက ရွေးရအခက်သား။ ၀က်ဘ်လား၊ ပရိုဂရမ်မာလား၊ ပြီးတော့ နက်ဝက်လား..။ အမယ် ဒီလိုအလွယ်ပြောတော့ အိုင်တီဆိုတာ ဒါပဲလားလို့ မထင်နဲ့ဗျာ.။ အဲ့ဒိခေါင်းစဉ်တွေ အောက်မှာကို အများကြီးထပ်ကွဲသေးတယ်ဗျာ..။ ပြောချင်တာက ကျွန်တော်တို့ အထူးသဖြင့် IDCS, IAD နောက် ဘလာဘလာဘလာပေါ့ဗျာ.. အဲ့ဒိကျောင်းသားတွေ အနေနဲ့ ကိုယ်ကျောင်းစတက်ကတည်းက ဘယ်လမ်းဆိုတာ သေချာ သိတဲ့သူတွေကို မေးမြန်း ကိုယ်အကြိုက်နဲ့လဲ ကိုက်မကိုက် မေးထားသင့်တယ်။ တခုတော့ ရှိတယ် ပရိုဂရမ်မာကို ပရိုဂရမ်မင်းပိုင်း လိုက်ရင်ကောင်းမလားလို့ မေးရင် ဟားကောင်းတာပေါ့။ နိုင်ဂျံကားမှာ ဆိုဘယ်လို..။ စသည်ဖြင့်ပေါ့။ နက်ဝေါ့သမားသွားမေးလဲ ဒီအတိုင်းဖြေမှာပဲ။ ကျွန်တော်တို့ ကျောင်းတက်တုန်းကတော့ အလွယ်သိတာ ပရိုဂရမ်မင်းက ခက်တယ်၊ နက်ဝေါ့က နဲနဲလွယ်တယ် စသည်ဖြင့်ပေါ့။ အမှန်တော့ ဘယ်ဟာမှ မလွယ်ဘူးခင်ဗျ...။း) ။

 

အိုင်တီပညာရပ်မှာ အကြမ်းအားဖြင့် (မြန်မာပြည်မှာလုပ်နေတာ အပါအ၀င်ပေါ့) နှစ်ပိုင်းကွဲနေတယ်ဗျ..။ တပိုင်းက Education ပိုင်း၊ (ကျွန်တော်တို့လို ဒီပလိုမာ ဘာဘာညာညာပေါ့ဗျာ) နောက်တပိုင်းက Professional ပိုင်း (တချို့လဲ အလုပ်လုပ်ရင်းတက်ကြတဲ့ Microsoft တို့ဘာတို့ပေါ့ဗျာ)။ မြန်မာပြည်မှာ ဆယ်တန်းအောင်ပြီးရင် နိုင်ငံတကာ ကျောင်း လောက်လောက်လားလားဆိုလို့ IT ပိုင်း၊ Bussiness ပိုင်း ဒါတွေလောက်ပဲ ရှိတာမှတ်လား။ ပြီးရင် အားလုံးက NCC ဆိုတဲ့ Education Service တခုထဲကို အများအားဖြင့် တည်မှီနေတာချည်းပဲ။ (အခုနောက်ပိုင်း တချို့ကျောင်းတွေတော့ ၀င်တိုးလာကြပါပြီ)။ ပြောချင်တာက အခုမှ ကျောင်းတက်နေတဲ့သူတွေ အတွက်ပါ။ ကျွန်တော်တုန်းကဆို အိုင်အေဒီလောက်ပြီးရင် တခြားသယ်ရင်းတွေ ကြားထဲမှာ ဆရာကြီးပေါ့။ အမှန်တော့ ကိုယ့်ဟာကိုယ် အသိဆုံး။ ဟုတ်တယ်လေ ကျောင်းမှာ ဒီလောက်ကြီး ဟုတ်တိပတ်တိသင်တာ မဟုတ်ပါဘူး။ ပြီးတော့ လက်တွေ့ပိုင်း တော်တော်လေးအားနည်းတယ်။ ဒါပေမယ့် ကိုယ်က တွဲပြီးအပြင်မှာ လေ့လာ ရတာပဲ။ အဓိကက စာမေးပွဲအောင်ဖို့ ဖြစ်နေတယ်။ အဲ့ဒါ မြန်မာ့ ပညာရေးဓလေ့ ထုံးတမ်းစဉ်လာကြီးက အဲ့ဒိမှာပါ သွားစွဲနေတော့တာပါပဲ။ ပြီးရင် ဂရုပ်ပရောဂျက်လုပ်မလား ဆိုရင် လာပါပြီ။ ပိုက်ပိုက်ပေးပြီး သူများကို ရေးခိုင်းတာတို့ ၊ ဆရာတွေကို ရေးခိုင်းတာတို့..။ ဒါတွေက အခုလဲ လုပ်မြဲလုပ်ဆဲပါပဲ။

 

ဆိုလိုတာ အိုင်တီသမား တစ်ယောက် အမှန်ဖြစ်ချင်ရင် ကျောင်းစာကျက် စာမေးပွဲဖြေလောက်ရုံနဲ့ (သူ့ဟာသူ World အမှတ်ဘယ်လောက်ရရ) Skill မပါသွားရင် တက်ရတဲ့အချိန်နဲ့ ပေးရတဲ့ ပိုက်ပိုက်နဲ့ မတန်သလိုကြီး ဖြစ်မနေဘူးလား။ (ကျွန်တော် ကျောင်းတွေကို တိုက်ခိုက်လိုတာ မဟုတ်ပါဘူး) ။ ဖြစ်စေချင်တာပါ။ ပြီးတော့ ကျောင်းပြီးပလားဟေ့ အလုပ်ဝင်တော့မယ် ဆိုတော့မှ ကိုယ့်ဟာကိုယ် ပရိုဂရမ်မာလား၊ နက်ဝေါ့ကင်းလား၊ ၀က်ဘ်ဒီပလော်ပါလား၊ ၀က်ဘ်ဒီဇိုင်နာလား၊ ဘာမှန်းကို မသိဖြစ်တော့တာပါပဲ။ အဲ့ဒိကျမှ ကိုယ်သင်ထားတဲ့ အိုင်တီဟာ ဇော်ကန့်လန့် အိုင်တီကြီးဖြစ်နေမှန်း သိတော့တာပါပဲ။ ဟိုဟာလဲ နည်းနည်းသိ ဒီဟာလဲ နည်းနည်းသိ သိသလိုလို မသိသလိုလိုကလဲ ရှိသေး။ (ကျွန်တော်ကိုယ်တိုင်လဲ ဒီလိုထဲမှာ ပါခဲ့တယ်) အဲ့လိုတွေဖြစ်ကုန်တာပေါ့။ ဒါကြောင့် ကောင်းတာက ကျောင်းစတက်ပြီဟေ့ဆိုကတည်းက ကိုယ်ဘယ်လိုင်းရွေးရမလဲဆိုတာ မေးမြန်း၊ ကိုယ်တိုင်လဲ လိုက်လေ့လာထား သေချာပြီဆိုရင် ခုနက အပေါ်မှာ ပြောတဲ့ Professional ပိုင်း တပြိုင်တည်း လုပ်သွားတာ အကောင်းဆုံးပဲ။ အချိန်မကုန်တော့ဘူးပေါ့ဗျာ..။ ဒီနေ့ တချို့အိုင်တီသမားတွေဆို Pro လိုင်းဘက် သက်သက်သွားပြီး အိုကေနေတဲ့သူတွေ အများကြီး။ တချို့ဆို အိုင်အေဒီ ဘာဘာညာညာတောင် မရပေါင်။ ဒါကြောင့်ပြောတာပေါ့ အဓိက က အိုင်တီသမား တစ်ယောက်လုပ်မယ်ဆိုကိုယ် ဘယ်လိုင်းကို လိုက်မယ်ဆိုတာ အစကတည်းက ဂဃဏန ဆုံးဖြတ်။ ပြီးရင် အခြေခိုင်အောင်လုပ် ပြီးရင် ပရိုလက်မှတ်တွေဖြေဖို့လဲ မမေ့နဲ့အုံး။ ဒါမှ မြန်မာလိုအိုင်တီ မဟုတ်ဘူး ငါက အင်္ဂလိပ်လို အိုင်တီကွ လို့ပြောနိုင်မှာပေါ့။

Read Users' Comments (0)

ဒါကျောင်းလား

တနေ့က ဘတ်စ်ကားပေါ်မှာ ဂျီတီစီတုန်းက သယ်ရင်း တစ်ယောက်ကိုတွေ့တော့ ကျောင်းတက်ရတာ ဘယ်လိုလဲ ကျောင်းအလွမ်းပြေ သိချင်လို့မေးကြည့်တာ မျက်နှာမသာမယာနဲ့ ပြန်ဖြေလေရဲ့..။

" ငါတို့ကျောင်းလဲကွာ ခုဟာက ကျောင်းနဲ့ မတူဘူး ထောင်ကျနေတာနဲ့တူတယ်.."

ဘယ်လိုဖြစ်တာလဲလို့ ကျွန်တော် အကြောင်းစုံမေးကြည့်တော့ အခုလက်ရှိ [....] GTCမှာ အုပ်ချုပ်နေတဲ့ ကျောင်းအုပ်က စည်းကမ်းတင်းကျပ်တယ်ဆိုတဲ့အကြောင်း ပြောပြတယ်။ ဒီ အကြောင်းကို ကျွန်တော်ကြားနေရတာ ကြာပြီ။ စည်းကမ်းတင်းကျပ်တယ်ဆိုတာ ဘယ်လိုတင်းကျပ်လဲဆိုတော့ မနက်ပိုင်းကျောင်းတက်ပြီးတာနဲ့ ဂိတ်ထိပ်က ကျောင်းတံခါးဝကြီးကို ပိတ်လိုက်တယ်.။ ပြီးရင် ကျောင်းသားတွေ အတန်းထဲကို လူတိုင်းဝင်ရတယ်..။ အတန်းထဲကို ၀င်ရတယ်ဆိုတာနော်.. အပြင်ကန်တင်းန်မှာတောင် ဘယ်သူမှ မထိုင်ရဘူးတဲ့..။ ကျောင်းသားတွေ ကျောင်းတက်တာနဲ့ အခန်းထဲမှာပဲ နေရတယ်။ အပြင်မှာ ဆရာတွေ စောင့်နေကြတယ်..။ အခန်းကနေ ခပ်ဝေးဝေးသွားချင်ရင် ပြောပြီးမှ သွားရတယ်တဲ့။ ကျွန်တော်တက်ခဲ့တုန်းက ကန်တင်းန်မှာ ဂစ်တာတီး ကျောင်းကွင်းမှာ ဘောလုံးချိန်းကန်ခဲ့တဲ့ နေ့တွေ ပြန်တောင်ပြောပြချင်တယ်။ အတန်းလဲတက် ကျောင်းသားပြီသအောင် ကဲလည်းကဲပေါ့။း)အခုတော့ သူတို့ကို အတန်းတချိန်ပြီးတိုင်း တခါ roll call လာကောက်သေးတယ်။ ကဲကျောင်းသားဘ၀ကြီးက ဘယ်လောက် ပျင်းစရာကောင်းသလဲ။ ကျွန်တော်တို့ University တက်တဲ့ အရွယ်ဆိုတာ အနည်းဆုံး လူကြီးမဟုတ်သေးတောင် ကိုယ့်ကိုကိုယ် ထိန်းကျောင်းနိုင်တဲ့ အရွယ်တွေပါ။ ကျွန်တော့်ဆရာတစ်ယောက်က ပြောဖူးတယ် ကျောင်းဆိုတာ ပညာသင်ဖို့အတွက်တင် မဟုတ်ပဲ လူတောထဲဝင်ဆံ့ဖို့ ပေါင်းတတ်သင်းတတ်ဖို့ လူ့ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေ ဖြစ်အောင် နေတတ်ဖို့ အတွက်လဲပါကြောင်း ပြောပါတယ်။

ကျောင်းနေပျော်မှ စာတော်မယ်ဆိုတာ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဆောင်ပုဒ်တခုပါ..။ အဲဒိကျောင်းကို အုပ်ချုပ်နေတဲ့ ကျောင်းအုပ်ကြီးဟာ ဘယ်လိုအတွေးအခေါ်မျိုးနဲ့ အုပ်ချုပ်နေသလဲ တော့မသိပါဘူး။ သေချာတာကတော့ ကျောင်းသားတွေဟာ သူအုပ်ချုပ်ပုံကို မကြိုက်တဲ့အပြင် ကြောက်တော့ ကြောက်တယ် ရွံကြောက်ကြီးဖြစ်နေလေရဲ့။ သူက ဆရာဆရာမတွေကို ဖိထောင်းလေ ဆရာဆရာမတွေက အောက်က ကျောင်းသားကို မဲလေပါပဲ။ ဆင့်ကဲဖြစ်စဉ်ကြီးပေါ့။ ကျွန်တော် သိတဲ့သူတွေ တော်တော်များများဟာ နောက်ဆုံးနှစ်ပြီးတော့ မှာမို့ အောက်အီးသည်းညည်းခံပြီးတက် နေရပေမယ့်။ ငါတို့ မင်းတို့ တက်တုန်းက အချိန်တွေကို သတိရတယ်ကွာလို့သာ တသသ ပြောနေကြပါတယ်။ ကျောင်းတက်တာ မနက် ၉နာရီကနေ ညနေ ၄ နာရီအထိ ကျောင်း မဆင်းမချင်း ဘယ်သူမှ ကျောင်းဝင်းအပြင် မထွက်ရသည့်အပြင် (ကိုယ့်အတန်းချိန်ပြီးတာတောင် ပြန်လို့မရပါဘူး) ၊ ကျောင်းဝင်းရှေ့ဂိတ် တံခါးကြီးကို ကျောင်းမဆင်းခင် အထိ သော့ခတ်ထားပါတယ်။ အဲ့ဒိကျောင်းအုပ်ရဲ့ အာဏာရှင် ဆန်ဆန် အုပ်ချုပ်မှုကြောင့် မကျေနပ်တဲ့ ကျောင်းသားက ဘလော့တခုတင်ပြီး အသရေတောင်ဖျက်လိုက်ပါသေးတယ်။ အဲ့ဒိကိတ်စ သူတို့ကျောင်းလောကမှာ ဟိုးလေး တကျော်ကျော်တောင် ဖြစ်ခဲ့သေးတယ်။ (အဲ့ဒိဘလော့လဲ နောက်တော့ ဖျက်လိုက်တယ်)

အတင်းအကျပ်အုပ်ချုပ်ရမယ် လို့ အဲဒိကျောင်းအုပ်ကြီးကို့ ဘယ်သူ လက်ထပ်သင်ပေးလိုက်လဲ မသိပါဘူး။ ကျောင်းနေမပျော်တော့ ကျောင်းသားတွေဟာ ကျောင်းကို ပျော်ရွှင်စွာ မတက်ရတော့တဲ့ အတွက် စိတ်ကျဉ်းကျုံ့ပြီး ကျောင်းဟာ ကျောင်းနဲ့ မတူတော့ပဲ အကျယ်ချုပ်ကျခံ နေရတဲ့ သူတွေလို ဖြစ်နေပါတော့တယ်။ ကဲ ဒီလိုအုပ်ချုပ်မှုမျိုး ဘယ်နိုင်ငံ ဘယ်ကျောင်းမှာ တွေ့ဖူးကြလဲဗျာ။ ဒါမျိုး University မျိုး ကျွန်တော်တို့ ဆီမှာ ရှိနေပါတယ်။ တကယ့် အဓိပ္ပါယ်မဲ့ လုပ်ရပ်သာ ဖြစ်ပါတော့တယ်။

Read Users' Comments (3)

သင်ပျော်ရွှင်နေသလား

ခုတလော ကျွန်တော့်စာတွေက conflict ဖြစ်နေ လိမ့်မယ် ထင်တယ်။ ဖြစ်ဆို ခုတလော မြင်သမျှ၊ သိသမျှတွေဟာ ထော်လော်ကန့်လန့် အံချော်နေတာ တွေချည်း ဖြစ်နေလို့ပါ။ မနေ့ညက မြ၀တီလိုင်းမှာ ဆရာတော် ဦးကောသလ္လ နဲ့တွေ့ဆုံမေးမြန်းခန်း ထုတ်လွှင့်သွားတယ်။ ဆရာတော် ဟာ အမှန်တရား အတွက် ပြတ်ပြတ်သားသား ပြောဝံ့တဲ့ ကိုယ်တော် တစ်ပါး ဖြစ်တယ်ဆိုတာ လူတိုင်း အသိပါ။ ခုလဲ ဆရာတော်က ဧရာဝတီတိုင်း လေဘေးမှာ စည်းကမ်းမဲ့ လှူဒါန်းတဲ့ လူတစ်ချို့ အကြောင်း ဝေဖန် ထောက်ပြ ပြောဆိုသွားပါတယ်။ ဆရာတော် ပြောတဲ့ စကားတွေဟာ လုံးဝ ဒတ်ထိအမှန်တွေချည်းပါပဲ။ အဲဒိထုတ်လွှင့်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော့် ရင်ထဲမှာ နင့်ကနဲ ဖြစ်အောင် ခံစားလိုက်ရတယ်။  ဧရာဝတီဘက်ကို တချို့တချို့သော လူများက ကူညီကယ်ဆယ်ရေး ထက် ပျော်ပွဲစားတခု လို သဘောထားနေတာကို ပြောသွားပါတယ်။ အဲ့ဒါ အမှန်ပါပဲလို့ ကျွန်တော် ပြောပါရစေ။ ကျွန်တော့် ပတ်ဝန်းကျင်က တချို့သော သူငယ်ချင်း မိတ်ဆွေ တချို့ဟာ လေဘေးသင့်နေတဲ့ ဧရာဝတီတိုင်းဘက်ကို ကိုယ်ပိုင်ကားတွေ တစီတတန်းနဲ့ picnic ထွက်သလို ထွက်နေကြတဲ့ သူတွေ ရှိလို့ပါ။ ပြီးတော့ သူတို့ ကြည့်ရတာ ဒုက္ခသည်တွေကို စာနာတာထက် ခရီးထွက်ရတာကို ပိုပျော်နေကြတဲ့ပုံ ပေါက်နေကြပါတယ်။

ကျွန်တော်ဒီလိုပြောလို့ မင်းကကော ဧရာဝတီကို ဘယ်နှခေါက်ဆင်း ပြီးပြီလဲ လို့ မေးလိမ့်မယ်။ ဟုတ်ကဲ့ ကျွန်တော် အကြောင်းကြောင်းကြောင့် လူအားဖြင့် မလိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော့် နည်းကျွန်တော့်ဟန်နဲ့ သွားလှူတဲ့ လူတွေကို တနိုင်တပိုင် လှူနေတာတွေတော့ လုပ်ပါတယ်။ အဲ့ဒိက ပြန်လာတဲ့ လူတွေကိုယ်တိုင် ဒီလို ပြောတာကို ကြုံဖူးပါတယ်။

"ငါတို့ ကားပေါ်ကနေ မုန့်တွေ လှမ်းကျဲတော့ လူတွေ လူတွေ မှ အများကြီး ၀ိုင်းလုကောက် နေကြတာ တော်တော် ပျော်ဖို့ ကောင်းတယ်"

လို့ဝမ်းနည်းဖွယ် ရာ စကားကို မြိန်ရည်ယှက်ရည် ပြောပြတယ်။ ကဲ စဉ်းစားသာ ကြည့်ပေတော့ဗျာ။ ဒါဟာ ကယ်ဆယ်နေတာနဲ့ မတူတော့ပါဘူး။ အခု ဧရာဝတီတိုင်းမှာ တကယ့် အကြီးအကျယ်လှူနေတဲ့ လူတွေနဲ့ တနိုင်တပိုင် စေတနာ အပြည့်နဲ့ လှူဒါန်းနေတဲ့ သူတွေ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒိကြားထဲမှာ လောက်လောက်လားလား လဲ မဟုတ်ပဲနဲ့ ကားတွေပေါ်ကနေ လမ်းဘေး တဘက်တချက်က လေဘေးသင့်သူတွေကို မုန့်တွေ ပစ်ချပေးနေတဲ့ သူတွေရှိပါတယ်။ စဉ်းစားကြည့် ကြပါအုံးဗျာ။ ခင်ဗျားတို့ လှူတဲ့ သူတွေဟာ တိရိစ္ဆာန် ရုံက အဟိတ် တိရိစ္ဆာန်တွေလား။ လေဘေးဒဏ်သင့် နေတဲ့ ကျွန်တော်တို့ လူမျိုးတွေ ဆိုတာ မမေ့ပါနဲ့။ စားစရာ ပစ်ကျွေးတယ်ဆိုတာ တော်တော် အရုပ်ဆိုးတဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

 

ဒီလို စည်းကမ်းမဲ့သူတွေကြောင့် အကျင့်ဖြစ်သွားတဲ့ သာဓက တွေရှိပါတယ်။ ဟိုးအရင် သာမည တောင်မှာ စည်ကား စဉ်တုန်းက အဲ့ဒိကို သွားတဲ့ ကားတွေဟာ လမ်းဘေး တဘက်တချက်မှာ သူ့ဟာသူ သွားလာနေတဲ့ ကရင်ကလေး လေးတွေကို မုန့်ဖိုး အဖြစ် ပိုက်ဆံတွေ ပစ်ချပေးကြပါတယ်။ ပထမတော့ တယောက်စ နှစ်ယောက်စ ပေါ့။ နောက်တော့ ဒီလို ပစ်ပေးတဲ့ သူတွေ (အကျင့်ဖျက်သူတွေ) များလာတော့ သာမညကို လာတဲ့ ကားမှန်သမျှ ကလေးတွေက တဟေးဟေးနဲ့ ပိုက်ဆံ လိုက်တောင်း တော့တာပါပဲ။ ဘယ်လောက် ရင်နင့်ဖို့ ကောင်းလဲဗျာ။ ဒါဟာ ပေးကမ်းသူရဲ့ စည်းကမ်းမဲ့ လုပ်ရပ်ကြောင့်ပါ။

 

ပြီးတော့ ဒါမျိုး အလုအယက် ကောက်ကြတဲ့ မြင်ကွင်းကို တခြား တိုင်းတပါးသား တွေ့ရင် ကျွန်တော်တို့ လူမျိုးတွေကို ဘယ်လိုမြင်မလဲ။ ကိုယ့်လူမျိုး ရဲ့ ဂုဏ်သိက္ခာကို ကိုယ် ပြန်နှိမ့်ချနေတာပါပဲ။ ကိုယ့်လူမျိုး ကို စော်ကားလိုက်တာ ပါပဲ။ ကျေးဇူးပြုပြီး မိမိကိုယ်ကို မိမိ ပြန်မေးကြည့်ပါ။ ပျော်လို့လုပ်နေတာလား တကယ်ကူညီချင်လို့လား ဆိုတာ။ တကယ့်သနားစရာ လေဘေးဒဏ်သင့် ပြည်သူတွေ ကို စာနာ ထောက်ထားပါ၊ ။ စည်းကမ်းတကျနဲ့ စုပေါင်းအားပေးကူညီ ကြပါ ခင်ဗျာ။ မိမိ စိတ်ပျော်ရွှင်ဖို့ သက်သက်အတွက် ဆိုရင်တော့ ဧရာဝတီတိုင်းကို မသွားမိပါစေနဲ့ လို့ အထူး အသိပေးပါရစေ။

Read Users' Comments (1)comments

East Dagon 133 Quarter

အလှူဒါနဆိုတာ မွန်မြတ်တဲ့ အကျိုးဆောင်ပေး မှုတရပ်ဖြစ်ပါတယ်။ ဒုက္ခရောက်နေသူကို နေရာ၊ ဒေသ လူမျိုးမရွေး ကူညီရိုင်းပင်းခြင်း ဟာလည်း လူသားဆန်တဲ့ စာနာမှုဖြစ်ပါတယ်။ မနေ့က ကျွန်တော်နဲ့ ကိုဂေါက်တို့ နှစ်ယောက် ဒဂုံအရှေ့ပိုင်း ၁၃၃ ရပ်ကွက်မှာ ရှိတဲ့ လေဘေးသင့်သူတွေကို လှူဒါန်းဖို့ သွားရောက် စုံစမ်းခဲ့ပါတယ်။ ပြောရမယ်ဆို ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်တဲ့ အခြေခံလူတန်းစား တွေ မုန်တိုင်းဒဏ်သင့်ခံရသူ တွေ ရဲ့ ဘေးဒုက္ခ တချို့ဟာ လူသိပ်မသိကြရှာပါဘူး။ ကျွန်တော်တို့ ၂ယောက် မ၀တ လမ်းဆုံကနေ ၃၆ ဘတ်စ်ကားကို နာရီဝက်လောက် စောင့်ဆိုင်းပြီး စီးခဲ့ရပါတယ်။ မြောက်ဒဂုံဘက်ကနေ ၁၃၃ ရပ်ကွက်ဘက်ကို ရောက်တာ ဘတ်စ်ကားလိုင်း ၃ စီးအပြင် ပိုမရှိပါဘူး။ မြောက်ဒဂုံဘက်ကဆို ၃၆ အဖြူနံပါတ် ဗိုက်ပူလို့ ခေါ်တဲ့ ဘတ်စ်ကား အိုကြီးတွေပဲ ရောက်ပါတယ်။ ၁၃၃ ရပ်ကွက်ဆိုတာ ဒဂုံမြို့သစ်ထဲမှာ ရှိပေမယ့် ဒဂုံတက္ကသိုလ်ကိုတောင် တော်တော် ကျော်သွားပါသေးတယ်။ ၁၃၃ ကိုရောက်ဖို့ ကျွန်တော်တို့ နှစ်ယောက်ဟာ ဘတ်စ်ကားကြီးကို ပျင်းလောက်အောင် စီးခဲ့ရပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းကြီး ကျော်လွန်သွားတာနဲ့ ကားလမ်းဘေး တဘက်တချက် ဆီက လယ်ကွင်းတွေကို စိမ်းစိုစို လှမ်းမြင်ရပါတယ်။ ကျေးလက်တောရွာလေးကို သွားနေရတာနဲ့တောင် အလားသဏ္ဍာန်တူပါတယ်။


နာရီဝက်ကျော်ကျော်လောက် ကြာတော့ မြို့စွန် ရပ်ကွက်လေး ဖြစ်တဲ့ ၁၃၃ ရပ်ကွက်လေးကို ဘတ်စ်ကားကြီး ချဉ်းနင်း ၀င်ရောက်လာပါတော့တယ်။ ၁၃၃ ရပ်ကွက်လေးသည် အခြေခံလူတန်းစား များ အများအပြား နေထိုင်သော ရပ်ကွက် ဖြစ်သည်နှင့် အညီ ပျဉ်ထောင်အိမ်များ၊ ဓနိမိုး ထရံကာ အိမ်များ အများအပြားတွေ့ရသည်။ ကားပေါ်မှ ဆင်းလိုက်ပြီးတော့ ကျွန်တော်နဲ့ ကိုဂေါက်တို့ဟာ အနီးအနား ပတ်ဝန်းကျင်မှာ ယာယီရွက်ဖျင်တဲ လေးများ တွေ့ရလေမလား လိုက်ကြည့်ကြသေးသည်။ နောက်ဆုံး မတွေ့တာနဲ့ ကွမ်းယာဆိုင်လေးမှာ ဒီမှာ လေဘေး ကယ်ဆယ်ရေး စခန်း မရှိဘူးလား လို့မေးကြည့်တော့

`ဒီမှာ ကယ်ဆယ်ရေး စခန်းရယ်လို့ သီးသန့် မရှိဘူးဗျ။ ခုဓမ္မာရုံတွေ၊ ကျောင်းတွေကနေ ပြန်နှင်ထုတ် ထားတော့ နီးစပ်ရာ ဓနိ၊ ၀ါးလေးတွေနဲ့ ၁၀ ပေပတ်လည်လောက် ရှိတဲ့ တဲအိမ်လေးတွေ ကိုယ့်ဟာ ကိုယ် ထိုးပြီး နှစ် မိသားစု လောက် ပေါင်းနေကြတယ်။ ဟိုးကန်ဘောင်ဘက် တဲတွေက လေဘေးသင့်သူတွေရဲ့ တဲပဲ´



သူပြတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ ကန်သင်းရိုး ကန်ဘောင် ပေါ်တွင် ဆောက် လုပ်ထားသော တဲအိမ်လေးများ ကို အစီအရီတွေ့ရသည်။ ဤနေရာမှာ ကယ်ဆယ်ရေး စခန်း မရှိပေမယ့် တိတ်တိတ် ပုန်း ဒုက္ခရောက် နေသူများ နေထိုင်ကြသည်။ သူတို့သည် ဘယ်ဂျာနယ်၊ ဘယ်တီဗီမှာမှ မပါသော လူမသိသူမသိ ဒုက္ခရောက် နေကြသူများပင်။ ရန်ကုန် ဧရိယာ အတွင်းတွင်ပင် ထိုကဲ့သို့ အကူအညီမဲ့ နေသော လေဘေးသင့် ပြည်သူများ အများအပြား ကျန်နေသေးပါတယ်။



ယာယီတဲလေးတွေ


ပြိုပျက်သွားသော အသိုက်အမြုံလေးတခု


ကျွန်တော်တို့ နှစ်ယောက် တဲအိမ်လေးများ ရှိရာ လယ်ကန်သင်းရိုး ပေါ်သို့ လျှောက် လာကြတော့ ထိုတဲအိမ်လေးများ အလွန်တွင် အလှူမဏ္ဍပ် ထိုးထားသည်ကို တွေ့ရ၏။ ထိုမဏ္ဍပ်ရှေ့တွင် ကလေးငယ်များနှင့် လူကြီးတချို့ မဏ္ဍပ်တွင်းသို့ ၀င်ရောက် စားသောက်ရန် စောင့်ဆိုင်း တန်းစီနေကြသည်။ ထို မဏ္ဍပ်ထိုးသော အလှူရှင်မှာ ရပ်ကွက် လူကြီးတစ်ဦး ဖြစ်သည်ဟု သိရပြီး ဒုက္ခရောက်နေ သူများ အခြေအနေကို မေးကြည့်တော့
`ကျွန်တော်တို့ ဆီမှာ ပျက်စီးသွားတဲ့ အိမ်ခြေပေါင်း ၅၀၀ ကျော်ရှိတယ်ဗျ။ အများစုကတော့ ကလေးတွေ ပိုများတယ်။ တစ်အိမ်ထောင်ကို ကလေးပျမ်းမျှ လေးငါး ယောက်လောက်ကို ရှိတယ်။ ဒီမှာ ကယ်ဆယ်ရေး စခန်း မရှိတော့ ဒီရပ်ကွက်ထဲက တတ်နိုင်တဲ့ အလှူရှင်တွေက တလှည့်စီ ကျွေးမွေးနေကြရတယ်။ အလှူရှင် တဦးစ နှစ်ဦးစတော့ လာလှူကြပေမယ့် ဒီဘက်ပိုင်းက လူသိပ်မသိတာ များတယ်။ ဒီလိုပဲ တတ်နိုင်တဲ့သူတွေက ဝေမျှပေးနေရတယ်။ ကျွန်တော်ကတော့ ဒီနေ့ ကဆုန်လပြည့် နေ့လဲ ဖြစ်လို့ လှူနေတာပါ။´



ထမင်းစားဖို့ ဒီလို တန်းစီတိုးနေကြရှာတဲ့ ကလေးငယ်တွေ



အားပါးတရ စားနေရှာသော ကလေးငယ်လေးများ


ကျွန်တော်တို့လဲ လှူဒါန်းချင်လို့ လာမေးတာဖြစ်ကြောင်း ရှင်းပြလို့ ကျေးဇူးတင်ပါတယ် ပြောပြီး သူလှူနေတဲ့ မဏ္ဍပ်မှာ အားရပါးရ စားနေရှာသော ကလေးတွေရဲ့ ထမင်းဝိုင်း တခုကို ဓာတ်ပုံရိုက်လိုက်သည်။ တချို့က ဖိနပ် မပါ တချို့က ခါးအောက်ပိုင်း အ၀တ်မပါ ရှာသော ကလေးငယ်များ ထမင်းတနပ် အတွက် တန်းစီနေကြပုံကို ၀မ်းနည်းစွာ ကြည့်ပြီး ကန်သင်းရိုးဘောင်ပေါ်မှ ကျောခိုင်း ပြန်လာခဲ့ကြသည်။ ဤနေရာလေးအတွက် အ၀တ် အစား၊ အစားအစာ၊ ယင်လုံအိမ်သာ၊ နှင့် ပြန်လည် ထူထောင်ရေးအတွက် ရွက်ဖျင်၊ ယင်းလိပ်များ လိုအပ်နေသေးသည်။ လိုအပ်တဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် နီးစပ်ရာ လှူဒါန်းနေသူများထံ အကြောင်းကြားပေးရမည်။ ထို့အတူ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်းက အမှန်တကယ် ဘေးဒုက္ခရောက်နေပြီး အကူအညီ လိုအပ်နေတဲ့ ဒေသများကို ရှာဖွေ ဖော်ထုတ် လှူဒါန်းပေးရပေမည်။ သို့မှသာ လှူရသူနှင့် လှူဒါန်းခံရသူ နှစ်ဦးနှစ်ဘက် လဲအကျိုးရှိပေလိမ့်မည် ဟု ထင်မြင်မိပါတော့သည်။

Read Users' Comments (0)

ကိုယ်တွေ့နာဂစ်မုန်တိုင်း ပထမပိုင်း

မေ ၂ ရက်

ည ၁၁ နာရီ- ၁၂နာရီ

ကောင်းကင်တခုလုံး အုပ်မှိုင်းညိုမဲကာ လေများ ဟူးဟူးရားရား တိုက်ခတ်လာသည်။ လေသည် “ရွှီး….” ဟူ၍ ကြောက်မက်ဖွယ် အသံရှည်ကြီး မြည်ဟီးကာ တိုးဝှေ့ တိုက်ခတ်လာသည်။ ကျွန်တော်သည် တအိမ်လုံးရှိ ပြတင်းတံခါးများကို လိုက်လံစစ်ဆေးပြီး အိပ်ယာဝင်ရန် ပြင်ဆင်၏။ သို့သော် ထူးဆန်းသော လေချွန်သံကဲ့သို့ လေတိုးသံကြီးကြောင့် အိပ်၍ မပျော်ဘဲ ဖြစ်နေ၏။ ကျွန်တော့်နည်းတူ ကျွန်တော်တို့ အိမ်သားများလည်း အိပ်၍ မပျော်သေးပဲ အိပ်ခန်းများထဲမှထွက်၍ ဤမျှထူးဆန်းသော လေတိုးသံကြီးကို နားစွင့်နေကြသည်။ လေသည် နားထောင်နေရင်းနှင့်ပင် တိုက်ခတ်နှုန်း တိုးလာဟန်ရှိပြီး ကျွန်တော်တို့ ခြံထဲရှိ သစ်ပင်များ ယိမ်းထိုး လှုပ်ရမ်းသံများကို ကြားလာရသည်။ တဖြည်းဖြည်းနှင့် ကြမ်းတမ်းလာသော တိုက်ခတ်မှုကြောင့် ည ၁၂နာရီ ခန့်တွင်တော့ ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်ရှိ ၈ပေ စလောင်းရွက်ကြီးမှ တဂျွမ်းဂျွမ်း လှုပ်ရမ်းသံကို အသဲယားဖွယ်ကြား လာရတော့၏။ ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသော စလောင်းသည် ကျွန်တော်၏ အိပ်ခန်း ခေါင်မိုးနားမှ ဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် လုံးဝ စိတ်ချစွာ အိပ်မပျော်နိုင်ပဲ မျက်နှာကျက် လေ၀င်ပေါက်မှ ဓာတ်မီးဖြင့် ခေါင်မိုးပေါ်သို့ ထိုးထိုး ကြည့်ရသည်မှာ လည်း အမောပင်ဖြစ်သည်။ ကျွန်တော် ပူပန်မိသည်မှာ ဤမျှကြမ်းတမ်းသော လေကြောင့် စလောင်းရွက်ပြုတ်ကျသွားမည် ထက် စလောင်းရွက်နှင့် တွဲဆက် ရိုက်ထားသော အမိုးသွပ်ပြားများ လန်ကုန်မည်ကို ပူပန်နေမိသည်။ တညလုံး တိုက်ခတ်သော လေတိုးသံကြီးက တဖြည်းဖြည်းနှင့် ပိုကြမ်းလာပြီး ပတ်ဝန်း ကျင်တခုလုံး ငရဲပွက်သံအလား ၀ုန်းဒိုင်းကြဲနေတော့၏။ ကျွန်တော့်အိမ်ခေါင်မိုးက သွပ်တွေ တဗြုန်းဗြုန်းနဲ့ ရုန်းကန် လှုပ်ရှားမှုက အိပ်စက်ခြင်းတွေကို ခြောက်လှန့်နေ၏။

”သား ..ခေါင်မိုးက သွပ်သံတွေကြားလား”

မေမေ က စိုးရိမ်တကြီး သူ့အခန်းထဲမှ ထွက်လာပြီး မေးသည်။ ထို့အတူ ကျန်တဲ့ အိမ်သားများလဲ အပေါ်ထပ်ကို ဓာတ်မီးကိုယ်စီနှင့်တက် လာကြပါတယ်။ အိမ်အပေါ်ထပ် ဘုရားစင်တွင် ထွန်းထားသော ဖယောင်းတိုင်မီး ညွှန့်လေးသည် လေလုံနေသော အခန်းထဲ၌ ပင် ဘယ်ညာယိမ်းထိုးနေသည်။



ည ၁နာရီ- ၃နာရီ

လေပြင်းတိုးသော အသံ သို့မဟုတ် လေတွန်သံကြီးက မဟားတရား ပိုမိုကျယ်လောင်လာပါတယ်။ ကျွန်တော့် အိမ်က ညီမငယ်လေးဆို အောက်ထပ်မှာ အိပ်ရင်း အဲ့ဒိလေသံကြီး ကြားပြီး အပေါ်ထပ်ရှိ သူ့အမ အခန်းကို ပြေးတက်လာပါတယ်။ အပေါ်ရောက်တော့ အိမ်ခေါင်မိုး သွပ်သံတ၀ုန်းဝုန်း သံက ပိုဆိုးနေသဖြင့် အောက်ကိုပြန်ပြေးဆင်းသွား ပြန်ပါတယ်။ ကလေးတွေ ခင်မျာ တခါမှ မကြုံဖူးသော လေမုန်တိုင်းကို ခြေမကိုင်မိ လက်မကိုင်မိ ကြောက် လန့်နေကြပါတယ်။ ကျွန်တော်တို့ မပြောနဲ့ ကျွန်တော့်အဖိုး အသက် ၈၀ အရွယ်တောင် ဒီလောက် ပြင်းတဲ့ လေမုန်တိုင်း မတွေ့ဘူးဖူး လို့ ပြောတယ်။ ပိုကြမ်းလာသော လေကြောင့် ခေါင်မိုးက သွပ်တွေ လန်မှာ စိုးနေရတဲ့ အထဲ ကျွန်တော့် အခန်းခေါင်းရင်းက သရက်ပင်က နံရံကို တဒုန်းဒုန်း လာရိုက်နေပါသေးတယ်။ ကျွန်တော်တို့ တမိသားစုလုံး ဘယ်လိုမှ အိပ်လို့မပျော်နိုင်တော့ပဲ အိမ်အပေါ်ထပ်ရဲ့ အလယ်နေရာ တည့်တည့်မှာ အားလုံးစုဝေး ထိုင်နေရင်း မုန်တိုင်းတိုက်သံကို နားစွင့်ကာ တိတ်ဆိတ်နေကြ၏။ ထိုသို့ထိုင်နေရင်းမှ ကျွန်တော့် အဒေါ်တစ်ယောက် အခန်းထဲမှ မျက်စိမျက်နှာ ပျက် နဲ့ ထွက်လာပါတယ်။ သူ့လက်ထဲမှာ ဟန်းဖုန်းနဲ့...။

“(...)တို့ဒီနေ့ ရန်ကုန်ဆင်းလာတယ်... ခုထိ ဖုန်းခေါ်လို့ မရသေးဘူး ညက တော့ ဖုန်းဆက်ထားတယ်...”

“ဟင်....”

အားလုံး တညီ တည်း အာမေဋိတ် တလိုက်ကြသည်။ ဒီလောက် ကြမ်းနေသော မုန်တိုင်းကြားမှာ ပြန်လာမည် ဖြစ်သော ကျွန်တော့် အဒေါ်မိသားစုရဲ့ ဖြစ်အင်ကို တွေးပြီး အားလုံး ပူပန်သွားကြပြန်ပါတယ်။ မုန်တိုင်း ကြားမှာ... ရန်ကုန်ကို... ဘုရား..ဘုရား..။

ပြတင်းတံခါးကြားမှ တိုးဝှေ့လာသော လေသည်ပင် ဟူးဟူးရားရား ဖြစ်နေရာ အပြင်ထွက်လိုက်ရင် လွင့်သွားမလားပင်။ နံရံတဖက်ဆီကို လာရိုက်နေသော သရက်ကိုင်း ကြောင့် တချက်ချက် အိမ်တုန်တုန် သွားပြီး နံရံပြိုမှာကိုလဲ စိတ်ပူနေရသေးပါတယ်။

Read Users' Comments (0)

မချေမငံ ပါရမီတက္ကစီ



photo from 7days news

တနေ့က ကျွန်တော့် အသိတစ်ယောက် မကျေမနပ်လေသံနဲ့ မြေနီကုန်းကို ရောက်လာပါတယ်။ သူက သူအဖြစ်အပျက်ကို ပြန်ပြောပြတော့ နားထောင်တဲ့ ကျွန်တော်တို့လဲ အံ့သြပြီး ဒေါသထွက်မိပါတယ်။ သူ့ဖြစ်ပုံက ဒီလိုဗျ။ ကျွန်တော့် အသိက ကွန်ပြူတာ လုပ်ငန်း လုပ်ကိုင် သူတစ်ယောက်လေ။ သူနေတာ က တောင်ဥက္ကလာမှာ။ အဲ့ဒိနေ့က သူက ကိစ္စ တခုနဲ့ ကွန်ပြူတာ system ပုံး ကို သယ်မပြီး ပါရမီကားဂိတ်နားက နီးစပ်ရာ ပါရမီ တက္ကစီကို ငှားလိုက်တယ်။


ပါရမီ တက္ကစီဆိုတာ တခြား တက္ကစီနဲ့ ဘာကွာလဲ ဆိုတော့ ဦးပိုင်လိမိတက် က ပိုင်တာပေါ့။ မောင်းတဲ့သူ အများစုက စစ်မှုထမ်းဟောင်းတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေသာ မောင်းလေ့ရှိကြပါတယ်။ နောက်ပြီး အပြင် တက္ကစီ သမားတွေနဲ့ ကွာတဲ့ အချက်က ဒီမှာ စတော့တာပါပဲ။


ကျွန်တော့် အသိက အထုပ်က တဘက် ကွန်ပြူတာ system ပုံးက တဘက်နဲ့ ကားငှားပြီး (ဈေးတွေဘာတွေ ညှိပြီးတော့) ကားပေါ်တက်ဖို့ လုပ်တဲ့ အထိ ပါရမီ တက္ကစီ သမားဟာ အခန့်သား ထိုင်ခုံပေါ်က ထိုင်ရာ မထပါဘူး။ တံခါးတောင် ဆွဲဖွင့်ပေးဖော် မရဘူး။ (ခပ်တည်တည် ဆိုပဲ)။ အဲ့ဒိတော့ ကျွန်တော့် အသိကလဲ နေပါစေ လေ ဆိုပြီး အထုပ်ကို ချ၊ လက်တစ်ဘက်နဲ့ ကားတံခါးကို ဖွင့်ရတာပေါ့။ ကားတံခါးပွင့်သွားတော့မှ အထုပ်ကို ပြန်ဆွဲပြီး တော့ နောက်က ထိုင်ခုံပေါ်ကို အထုပ် တင်လိုက်တယ်။ ကျွန်တော့် အသိက system ပုံးကိုတော့ ထိုင်ခုံမှာ ထားရင် ဆိုဖာတွေ ထိကုန်ပါမယ်လေ။ (အဲ့လောက် စိတ်ဓာတ်ပြည့်ဝတဲ့သူပါ)။ ဆိုပြီး သူက နောက်ဖုံးထဲကို သူ့ ကွန်ပြူတာ system ပုံးကို ထည့်ဖို့လုပ်တယ်။


သူက system ပုံး မထားပြီး အနောက်ဖုံးလေးများ လာဖွင့်မလားဆိုပြီး စောင့်နေသေးတယ်။ နောက်တော့ ကားသမားက တုတ်တုတ်မှ မလှုပ်တော့ ကျွန်တော့် အသိက လဲ

“အကို နောက်ဖုံးလေးတော့ လာဖွင့်ပေးပါအုံးဗျာ။”

ဆိုပြီး request လုပ်တော့ ပါရမီ တက္ကစီသမားက (လက်အောက် ငယ်သားတစ်ယောက်ကို အချိုးမပြေလို့ ကြည့်တဲ့ အကြည့်မျိုးနဲ့) မျက်မှောင်ကြုံ့(လူကို မှိုချိုး မျှစ်ချိုး) ကြည့်ပြီး မဆီမဆိုင်ပဲ

“ဟေ့ကောင်… မင်းက ဘာကောင်လဲ.. ဟေ့ကောင် မင်းလိုကွန်ပြူတာမျိုး အိမ်မှာ ၁၀ လုံးလောက် ရှိတယ်…။ မှတ်ထား… ပိုက်ဆံ မရှိလို့ တက္ကစီမောင်းနေတာ မဟုတ်ဘူး။ နောက်ခန်းက မင်း အထုပ်တွေ ယူပြီး ကားပေါ်က အခု ဆင်းသွားတော့…”


ဘလိုင်းရှော့ကြီး ကော ပြီး ကားစီးမယ့် ကျွန်တော့် အသိကို မတူသလို မတန် သလို မျိုး ကားပေါ်ကနေ နှင်ထုတ်ပါတယ်။ ဒီလိုမျိုး အဖြစ် အပျက် ကျွန်တော့် အသိအနေနဲ့ကော ကျွန်တော်တို့ အနေနဲ့ကော ဒီတခါပဲ ကြားဖူးသေးတယ်ဗျာ။ တော်တော် ဆိုးဝါးတဲ့ ၀န်ဆောင်မှုပဲဗျာ။ (passenger တစ်ယောက်ကို မောင်းထုတ်ရလောက်အောင် သူတို့ တွေက တော်တော် ပါဝါရှိနေကြလို့လား) ကျွန်တော်တို့က သူတို့ကားကို အလကားပဲတင်း စီးနေကြလို့လား။ ပိုက်ဆံ ပေးစီးတာပဲလေ။ နောက်ပြီး ကျွန်တော့် အသိ တောင်းဆိုတဲ့ ၀န်ဆောင် ခိုင်းမှုထဲမှာ မဆီလျော် တာ တခု မှ မပါဘူးလေ။ တကယ် အံ့သြ စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။ တက္ကစီမောင်းနေတာ လေယာဉ်ပျံကြီး မောင်းနေတယ် များထင်ကြသလားတော့ မသိဘူး။ ဒါဟာ ပြည်သူလူထုအတွက် ၀န်ဆောင်မှုပေးတဲ့ အစိုးရပိုင် လုပ်ငန်းတခုပဲလေ။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ဘာကြောင့် ဒီလို မောက်မာကြတာလဲ။ မတွေးတတ်အောင်ပဲဗျာ။ private taxi ဆိုရင် မပြောပါဘူး။


ဒေါသထွက်သွားတဲ့ ကျွန်တော့် အသိလဲ သူ့ကိုတော့ ခွန်းတုံ့ပြန်မနေတော့ပဲ ပါရမီ ရုံးခန်းကို သွားပြီးတော့ တိုင်လိုက်ပါသေးတယ်။ ရုံးခန်းကတော့ ကျေနပ်အောင်တော့ (သူတို့ဘက် ကို အပြစ်လဲ ပေါ့လျော့အောင်) ရွှေပြည်အေး တရားပြောလိုက်ပါတယ်တဲ့။ သူ့ခင်မျာ ရင်ထဲ တနုံ့နုံ့နဲ့ ကျွန်တော်တို့ ဆီရောက်မှ တအံ့တသြ ပြန်ပြာပြ ရရှာတယ်။ တချို့တချို့သော လူတွေက background အားကိုးနဲ့ ရင့်သီးနေကြတာတော့ အလွန်စက်ဆုပ် စရာ ကောင်းလိုက်တာ ဗျာ။ ဒီလို စိတ်ဓာတ်တွေ မျိုးရှိတဲ့ လူမျိုးတွေ ၁ယောက် ၂ယောက် … တဖြည်းဖြည်း ၁၀၊ ၂၀၊ ကနေ တစ်ရာ နှစ်ရာ လောက်များလာရင် ဆုတ်ယုတ်ဖို့ပဲ ရှိတော့ တယ်မဟုတ်လား။ ကဲ မိတ်ဆွေတို့ပဲ စဉ်းစားကြည့်ကြပါတော့ဗျာ။


Read Users' Comments (1)comments