twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

တယောက်နဲ့တယောက်

လူတဦးတယောက်အတွက်.. အခြား..
လူတဦးတယောက်က... အရိပ်အာဝါသ ဖြစ်လို့...
ကိုယ်စားပြုမှု သင်္ကေတတွေနဲ့...
ချစ်ခြင်းရဲ့ ကိုယ်ပိုင် အရောင်တွေက.. တောက်ပ...
တယ်ပြီး... သိုသိပ်လွန်းပေမယ့်.. ဟောဒိ နှလုံးသား တရပ်စာ မကခဲ့ဘူး..
ကွာဝေးချက်တွေကလည်း...စိမ်းစိမ်းကားကား.. စည်းမခြားနိုင်ခဲ့ပါဘူး...
     ကောင်မလေးရေ...
     ငါ့ရဲ့....အခြားတဖက်...ကောင်မလေးရေ.....
     ရင်ခွင် တခုလုံး နှင်းတွေ ခခဲ့ပြီပေါ့..
     ယုံချင်လဲယုံပါ... မယုံရင်လဲ ပုံပြင်မှတ်လိုက်ပါ....
     ငါဟာ.. ပင်လယ်အတွက်ဆို...
     သံစုံကျူးတဲ့.. ထင်းရှူးဂစ်တာလေး တလက်ရယ်ပါ့။

မင်းယွန်းသစ်

Read Users' Comments (1)comments

နှိုးဆော်အပ်ပါသည်... :P

`ဟုတ်ကဲ့ ရပ်ကွက်အတွင်းရှိ လုပ်သားပြည်သူ အပေါင်းတို့ခင်ဗျာ... ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီး လျှပ်စစ်မီးအား တနေ့လျှင် ၅မိနစ်သာ ပေးလွှတ်မည် ဖြစ်ပါသောကြောင့် ဖယောင်းတိုင်များ ကြိုတင် စုဆောင်းထားကြရန်နှင့် ရေစည်လှည်းများ ၀ယ်ယူရန် ချွေတာ စုဆောင်းထားကြပါရန် ကြိုတင် အသိပေး နှိုးဆော်အပ်ပါသည် ခင်ဗျားးးး..။´

ပုံ
အမိန့်မရ...
ရပ်ကွက်လူဂျီး... ဦးမင်းယွန်း

Read Users' Comments (3)

Taxi Meter ဖြင့်စမ်းသပ်စီးကြည့်ခြင်း



Photo ref: www.autocab.com


ပြီးခဲ့တဲ့ တပတ်တုန်းက ကျွန်တော် တက္ကစီငှားသွားတော့ ကျွန်တော်နေတဲ့ မြောက်ဒဂုံနားကနေ လှည်းတန်းကို ဈေးခေါ်တာက ၃၀၀၀ တဲ့။ ဒါနဲ့ ကျွန်တော်လဲ မများဘူးလားဆိုပြီး ၂၅၀၀နဲ့ စစ်တယ်။ မရဘူး စီအန်ဂျီက ဘာဖြစ်လို့ ညာဖြစ်လို့ လာညီးပြနေတာနဲ့ ကဲဗျာ ဒါဆိုလဲ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် မီတာနဲ့စီးမယ် ဖြစ်မလားဆိုတော့ အိုကေ ဟုတ်ပြီ ဆိုပြီး စီးသွားလိုက်တယ်။ (ဒါတောင် ကားသမားက အင်တင်တင်နဲ့ မီတာက တက်တက်ချင်း ၅၀၀ ဗျာ လို့ပြောတော့ ကျွန်တော်က ၅၀၀လဲ ၅၀၀ ပေါ့ဆိုပြီး မီတာနဲ့ပဲစီးတယ်) လမ်းမှာ ပါရမီကနေ ဖြတ်တော့ ပွိုင့်တော သိပ်မမိဘူးဗျ.။ မစ္စတာဘရောင်း ရောက်တော့ ကျသင့်ငွေက ၂၁၀၀ကျပ် သာ ကျသင့်တယ်ဗျ။ တော်တော်လေး သက်သာသွားတယ်။ ဒါနဲ့ တက္ကစီသမားက ခေါင်းကုတ် ဖင်ကုတ်နဲ့ လုပ်နေလို့ ရော့ဗျာ ပြန်မအမ်းနဲ့ဆိုပြီး ၂၅၀၀ ပေးလိုက်တယ်။ ဒီနေ့လဲ ကျွန်တော် ရွှေတိဂုံကို သွားတာ ကျွန်တော်တို့နားကနေပဲ သူက ၃၀၀၀ တောင်းပြန်ကော ကျွန်တော်က ၂၅၀၀ စစ်တာ မရဘူး။ တနေ့ကလိုပဲ ကဲဗျာ မီတာနဲ့ ဒိုးမယ် ဆိုတော့ တည့်သွားတယ်။ ဒါနဲ့ ရွှေဂုံတိုင် လင့်ခ်လမ်းဘက် မြောက်ဘက်မုခ် ဘက်နေ ဘုရားကိုရောက်တယ်ပေါ့။ ကျသင့်ငွေက ၂၁၅၀ ပဲရှိတယ်။ ကဲ တော်တော် သက်သာတယ်ဗျာ ပါးစပ်ဈေးထက်။ ပွိုင့်တွေ သိပ်မမိသေးတဲ့ အချိန်မို့လား၊ ကျွန်တော် စီးတဲ့ အချိန်က နေ့လည်ပိုင်းတွေမို့လားတော့ မသိဘူးဗျ။ နောက်နေ့တွေ မြို့ထဲသွားမယ်ဆို စမ်းပြီး စီးကြည့်အုံးမယ်ဗျာ ကျသလောက်ပေါ့။ လူတွေက မီတာကို သိပ်မယုံကြသေးတာလား။ ပိုက်ဆံပိုများသွားမှာ စိုးလို့လားတော့ မသိဘူး။ ကျွန်တော့် အမြင်တော့ မီတာနဲ့စီးတာ အပိုစကားတွေ မပြောရတော့ဘူး။ ဈေးလျှော့ခိုင်းရတာတို့၊ ကားသမားတွေရဲ့ ထူးမခြားနား ညည်းညူသံတွေ မကြားရတော့ဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ မီတာနဲ့ တခြား နေရာလေးတွေ စမ်းသွားကြည့်အုံးမယ်ဗျာ။ အခုထိတော့ မဆိုးဘူး ပြောရမယ်...။


Read Users' Comments (3)

ဗျုတ်စဗျင်းတောင်း အင်တာဗျူး

တနေ့သ၌ ကျွန်တော်၏ အင်တာနေရှင်နယ် ရုံးခန်းဆီသို့ ဟိုးဟိုးကျော် ဂျာနယ်မှ ဂျာနယ်လစ်မလေး တဦးသည် အင်တာဗျူးရန် အလို့ငှာ ရောက်ရှိလာလေသည်။ ကျွန်တော်၏ ကုမ္ပဏီသည် လွန်စွာမှ အောင်မြင်ကျော်ကြား လှသော တာတေကြီး သွင်းကုန် ထုတ်ကုန် လုပ်ငန်းဖြစ်ရာ နိုင်ငံတကာမှ စာနယ်ဇင်းများမှ တပတ် ၃၊ ၄ ကြိမ်မက မကြာခဏ အဗျူးခံရလေသည်။ (စကားချပ်။ ။ ကျွန်တော်သည် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များတွင်လည်း နံပါတ်အားဖြင့် တစ် နှစ်ပိုင်းတစ်ပိုင်း ဖြစ်လေရာ...[အချမ်းသာဆုံး ပုဂ္ဂိုလ်နှင့် ကျွန်တော်မှာ ပွိုင့်အားဖြင့်သာ ခြားပြီး ဒုတိယ လူဖြင့် ပွိုင့်အားဖြင့် သာသော အလယ်လူ ဖြစ်သောကြောင့်] ကမ္ဘာ့မီဒီယာ လောကတွင် အလေးပေး အခံရဆုံး ဟော့တ် အဖြစ်ဆုံး ပုဂ္ဂိုလ် ဖြစ်ကြောင်း ကိုယ်ဟာကိုယ် ကိုယ်ရည်သွေးလိုက်ရပေသည်) သို့နှင့် ယနေ့တွင်လည်း ဟိုးဟိုးကျော် ဂျာနယ်မှ လာရောက်ဗျူးမည်ဟု ကျွန်တော်၏ အတွင်းရေးမှူးမလေး စလူးဒေစီ၏ ကြိုတင် အပွိုင့်မန့် လုပ်ပေးထားမှုကြောင့် ယင်းဂျာနယ် လစ်မလေး မလာမှီ နာရီဝက် အလိုခန့် ကတည်းက အမွှေးနံ့သာများ ဆွတ်ဖြန်းခြင်း မျက်နှာတွင်လည်း မျက်နှာချေ အနည်းငယ် လိမ်းခြင်းများ ပြုလုပ်ပြီးနောက် ၎င်းအလာကို နာရီဝက် စောင့်နေရလေသည်။ ယင်းဂျာနယ်လစ်မလေးသည် ကျွန်တော်၏ ရုံးခန်းထဲသို့ လိမ်ကျစ်လိမ်ကျစ် ၀င်လာပြီးနောက် ကျွန်တော်အား ဦးစွာ နှုတ်ဆက်လေသည်။

“ဟုတ်ကဲ့ အန်ကယ်လ်ရှင့်၊ ဂွတ် အီးဗနီး ပါ သမီးက ဟိုးဟိုးကျော်ကပါ.. ခွစ်စတင်း ပါ..”

အနှီ ဂျာနယ်လစ်မလေးသည် ထိုင်ခုံတခုတွင် ထိုင်လိုက်ပြီးသည်နှင့် သူမ၏ စလင်းဘတ် အိတ်ထဲမှ ရီကော်ဒါလေးအား ထုတ်လိုက်သည်။ ကျွန်တော်ကတော့ အောင့်သက်သက်ဖြင့်

“အဲ... အီးဗနီး ပါ ညီမ၊ ညီမမေးချင်တာ အကို့ကို စိတ်ကြိုက်မေးလို့ရပါတယ်..”

အဟင်း.. သူ့ကို အကိုလို့ ခေါ်အောင် လမ်းကြောင်းပေး လိုက်တာပေါ့.။ ဘယ်ရမလဲ..။
“ဟုတ်ကဲ့ ဦး... သမီးမေးချင်တာပေါ့နော်...၊ ဘယ်လိုပြောမလဲ ဆိုပေါ့နော်..၊ ဦးအနေနဲ့ ဒီလုပ်ငန်းကြီးကို အခုလို အောင်မြင်အောင် ပေါ့နော်..၊ အင်း... ဘယ်လို.. ကြိုးစားခဲ့ရ တယ်ပေါ့နော်..၊ အဲဒါလေး.. ပေါ့နော်...၊ တဆိတ်လောက် ပြောပြပေးပါလား ဦး...”

တိန်... သေဟဲ့..၊ ဦးတဲ့...၊ ဟင့် .. တတ်နိုင်ဘူး.. ခေါ်ချင်သလိုခေါ်တော့..။
“အဟော်.. ဟုတ်ကဲ့ ဒီလို လုပ်ငန်းကြီး ဖြစ်လာအောင် ဘယ်လိုရုန်းကန်ခဲ့ရလဲ ဆိုတော့ ဗျာ.၊ အင်း ပြောရမယ်ဆို.. အတော်လေး ပင်ပန်း ခဲ့တယ်ပေါ့..၊ ဘယ်လိုလဲ ဆိုတော့ဗျာ.. အင်း.. အဘိုးရဲ့ ကုမ္ပဏီပေါ့..၊ အင်း သူသေတော့ ကျွန်တော် ရပြီး ဒါရိုက်တာ အော်တိုဖြစ်လာတယ်ပေါ့..၊ အင်း..အဲ.. အဲ့လို ကြိုးစားခဲ့ရပါတယ်ခင်ဗျ..”

“အယ်.. တော်တော် ကြိုးစားခဲ့ရမှာပေါ့နော်..၊ နောက်.. မေးချင်တာကတော့ ဦးအနေနဲ့ ဒီလိုပေါ့နော်..၊ အင်တာနေရှင်နယ် ဈေးကွက် ကိုပေါ့နော်..၊ ဘာတွေ အဓိက ထားပြီး ပို့လဲပေါ့နော်..၊ ပြီးတော့ အင်တာနေရှင်နယ် ဈေးကွက်ကို ဘယ်လို ထိုးဖောက်လဲပေါ့နော်.. ဟုတ်.. အဲ့ဒါလေးပေါ့..”

“အင်း.. ကျွန်တော်တို့ ဒီ.. တာတေကြီး ကုမ္ပဏီကနေ အဓိက နိုင်ဂျံကားကို ပို့တာတော့ ကျွန်တော်တို့ ငပိ ခင်ဗျ...၊ စွန့်ဦးတီထွင်ပြောရမလားတော့ မသိဘူး..၊ အင်တာနေရှင်နယ်မှာ အခုဆိုရင် ငပိကို အရေကြိုမလား၊ ငပိထောင်းမလားပေါ့နော်..၊ အဲ့လို ငပိစားသုံးသူတွေ များလာပြီပေါ့..၊ သူတို့ သုတေသန ပညာရှင်တွေ တွေ့ရှိတာကတော့ ငပိမှာ ပရိုတင်းဓာတ်တွေ အများအပြား ပါတယ် ပေါ့နော်..၊ ငပိစားရင် ထွားကျိုင်းမယ်ပေါ့..၊ ဥာဏ်ရည်မြင့်မယ်ပေါ့...၊ အိုင်ကျူပေါ့ဗျာ..၊ ဟုတ်.. သူက ကျွန်တော်တို့ လူမျိုးတွေပေါ့နော် ဥာဏ်ကောင်းတာကို အကြောင်းရင်း ရှာလိုက်တော့ ငပိကို မွေးကတည်းက စားခဲ့ကြလို့ပေါ့နော်..၊ အင်း.. အခုဆိုရင် အင်္ဂလန်မှာဆိုရင် ကလေးရှိတဲ့ အိမ်တွေကို အသက်၅နှစ် လောက် ရောက်တာနဲ့ ငပိကို နေ့တိုင်း ကျွေးဖို့ ပေါ့နော်.. သူတို့ ညွန်ကြား ကြတာတွေ ရှိတယ်ပေါ့...၊ ဟုတ်.. ဒီတော့ ကျွန်တ်ာတို့ ငပိဟာဆိုရင် စံချိန်စံညွှန်းအမှီပေါ့ ISO လက်မှတ် ရထားတယ်ပေါ့..၊ ဟုတ်.. ကျွန်တော်တို့ ဆောင်ပုဒ်လိုပေါ့.. အားရှိချင်လား..၊ တာတေကြီး ငပိကိုစား၊ ဖွံ့ဖွံ့ထွားထွား၊ ၀ံ့ဝံ့ကြွားကြွား..၊ အိုဗျ.. တာတေကြီး ငပိစိမ်းစား..”

“အော်..ခစ်ခစ်.. ဟုတ်ကဲ့ရှင့် အခုလိုပေါ့နော်..၊ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးမှာ ငပိကို စတန်းဒတ် မှီအောင် ထုတ်လုပ်ထားတာကို ကမ္ဘာ့ဈေးကွက် ၀င်အောင် ဘယ်လို ကြော်ငြာအားနဲ့ ထိုးဖောက်သလဲ ပေါ့နော်..၊ အဲ့ဒါလေး လဲ ပြောပေးပါအုံး..”

“ဟုတ်.. ဒါပေါ့.. အခုလို ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးထဲမှာပေါ့. သူများတွေနဲ့ ခေတ်နောက်ကျ မကျန်ခဲ့အောင် ကျွန်တော်တို့ ငပိနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ စွယ်စုံကျမ်း ဆိုက်ကြီးကို တည်ထောင် ထားပါတယ်..၊ ငပိဒီးယားပေါ့နော်..၊ အဲ့ဒိမှာ ငပိနဲ့ ပတ်သက်လို့ ငပိရဲ့ သဘောသဘာဝတွေ၊ ငပိမျိုးကွဲတွေ၊ ငပိကို ဘယ်လို စားသုံးတယ်ပေါ့၊ ငပိနဲ့ ပတ်သက်တဲ့ သုတေသန ပြုချက်တွေ ပေါ့နော်.၊ ဒါတွေ တင်ပြထားပါတယ်၊ ပြီးတော့ ကျွန်တော်တို့ ထုတ်ကုန် ငပိကိုလဲ အွန်လိုင်းကနေ မှာ ယူလို့ ရပါတယ်၊ ကျွန်တော်တို့ ငပိကို ကျွန်တော်တို့ ဆိုက်မှာ တင် မဟုတ်ပဲ..ပေါ့နော်..၊ ဟုတ်.. အမေဇုံလို၊ ဂူဂယ်လ် ရှော့ပင်းလို နေရာမျိုးတွေမှာပေါ့နော်..၊ အဲ့ဒိမှာလဲ ဈေးနှုန်းချိုသာစွာ ၀ယ်ယူနိုင်အောင် ကျွန်တော်တို့.. စီစဉ်ထားပါတယ်.. ခင်ဗျ.”

“အခုလိုပေါ့နော်... အီကော်နော်မစ် ခရိုက်စစ် ကြီးရှိနေတဲ့ အချိန်မှာ ဦးတို့ ကုမ္ပဏီ အနေနဲ့ကော သက်ရောက်မှု ရှိလား ရှင့်. ဘယ်လိုပြင်ဆင်ထားလဲ ဆိုတာ သိပါရစေ..”

“ဟုတ်ကဲ့ ခုနက ပြောခဲ့သလိုပဲ.. ဒီခရိုက်စစ်ကြီးကို ဖြေရှင်းဖို့ရာ ဉာဏ်ကိုသုံးဖို့လိုပါတယ်..။ ဒီတော့ ကျွန်တော်တို့ နိုင်ငံက ထွက်တဲ့ ငပိတွေ များများစားမှ သွေးတက် အဲလေ.. ဉာဏ်ရည်မြင့်မားပြီး ဖြေရှင်း နိုင်မှာ ဖြစ်လို့ သိပ်ကြီး မထိခိုက်ပါဘူး..၊ ပြီးတော့ ကျွန်တော်တို့ တာတေကြီး ကုမ္ပဏီကနေ လုပ်တာ ဒီလုပ်ငန်း တခုထဲတင် မဟုတ်ပါဘူး။ အဲ နို့ဆီဗူးခွံလဲ ရောင်းတယ် ခင်ဗျ..”

“ဟုတ်ကဲ့..ဦး..အဲ့ဒိ ထုတ်ကုန် အကြောင်းလေး ပြောပြပေးပါအုံး”

“အဲ ဒါက ထုတ်ကုန်လို့တော့ မဟုတ်ဘူးဗျ... ၊ နို့ဆီဗူးတွေကို လိုက်ဝယ်ပြီးတော့၊ နိုင်ဂံဂျားကို ပြန်ရောင်း”

“ဟိုမှာ နို့ဆီဗူးပြန်လုပ်တာလား..”

“မဟုတ်ဘူးခင်ဗျ..၊ သူတို့ဆီမှာ စရိတ်နည်း ကားတို့ လေယာဉ်တို့ ထုတ်ဖို့ မှာတာပါ..၊ အခု မစ္စတာ အိုဘားမားကလဲ အီကော်နောမစ် ကယ်ဆယ်ရေး အစီအစဉ်အရ အမေရိကန် ဖို့ဒ်ကား ကုမ္ပဏီကို ကျွန်တော်တို့ဆီက စရိတ်နည်း နို့ဆီဗူးခွံနဲ့ ကားထုတ်ကြည့်ဖို့ အကြံပြုထားတယ်ခင်ဗျ..၊”

" တလောက ကြားတာတော့ တရုတ်ပြည်ကလဲ ဒီနို့ဆီဗူးခွံတွေကို အမေရိကန် ဈေးကွက်ကို ဖြန့်ဖို့ ကမ်းလှမ်းဖူးတယ် ကြားတယ်ရှင့်၊ ဒီလိုဆို တရုတ်နဲ့ ဦးတို့ နဲ့ ဈေးကွက် ဝေစု လုရမှာပေါ့နော်.."

"အဲ ဒီကိစ္စကတော့ အမေရိကန်က လက်ခံမှာ မဟုတ်ဘူးခင်ဗျ..၊ တရုတ်က ကမ်းလှမ်းထားတဲ့ နို့ဆီဗူးခွံ နမူနာတွေကို စစ်ဆေးကြည့်တဲ့အခါ မယ်လမင်း ဓာတ်တွေ ပါနေတယ်ဆိုပြီး တင်ပို့ခွင့် မပေးပါဘူး ခင်ဗျ.."

"ဟုတ်ကဲ့ရှင်.. အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဦးရှင့်..၊ ပြည်တွင်းက နိုင်ငံတကာဈေးကွက် ကို ထိုးဖောက်ဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီငယ်လေးတွေကို ဘာများ ပြောချင်လဲ ရှင့်"

"ဟုတ်ကဲ့ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ ဥာဏ်ကောင်းချင်ရင် သူများတွေထက် နိုင်ငံတကာမှာ ခေါင်းတလုံးသာချင်ရင် ဗမာ့ရိုးရာ ငပိကို များများစားပါလို့ မှာချင်ပါတယ်..ပြီးတော့ စက်မှုဇုံက ကားထုတ်လုပ်ရေး ကုမ္ပဏီတွေကိုလဲ စရိတ်နည်း သက်သာတဲ့ နို့ဆီဗူးခွံတွေနဲ့ စမ်းသပ်ထုတ်ကြည့်ကြပါလို့ ပြောချင်ပါတယ်ခင်ဗျ.."

သို့နှင့် အနှီ အင်တာဗျူးမလေးအား ကျွန်ုပ်ကုမ္ပဏီထွက် ငပိစိမ်းစားများ အများအပြား ပေးလိုက်ရာ ကျွနုပ်အားလဲ ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်ကာ မှိုရလေသော မျက်နှာဖြင့် ကျေးဇူးတင်ကြောင်း ပြောပြီး လိမ်ကျစ်လိမ်ကျစ်နှင့် ပြန်သွားလေတော့သတည်း..။

Read Users' Comments (2)

နောက်ဆုံးပေါ်- အပိုင်း(၃)

အခန်း(၆)



လွန်စွာကြီးမားသော ဂိုဒေါင်ဟောင်းကြီး တလုံးထဲဝယ် ခပ်မှိန်မှိန် မီးချောင်းအောက်ရှိ ကုတင်လေးပေါ်တွင် လူအများ စုဝေးကာ ဖဲရိုက်နေကြလေ၏။ မည်မျှဝိုင်းကောင်းနေသည် မသိ ၎င်းတို့သည် ပတ်ဝန်းကျင်ကိုပင် မေ့လျော့နေဟန်ရှိ၏။ အပြင်ဘက်တွင်ကား မိုးများ သည်းထန်စွာ ရွာသွန်းနေသဖြင့် ထိုဂိုဒေါင်ကြီး၏ ခေါင်မိုး တခုလုံးသည် ပွက်လောညံနေလေတော့သည်။

“ကဲကဲ.. အကုန်ဖမ်းတယ်ကွာ...ဒိုင် ၈ရှိတယ်.. သုံးချပ်အိမ်တွေ အကုန်ချ...”

ဒိုင်နှင့် အနီးဆုံးတွင် ထိုင်နေသော ကိုးပွင့်သော အိမ်မှလွဲ၍ ကျန်သူများသည် ရှုံ့မဲ့စွာဖြင့် ဖဲချပ်များကို ၎င်းတို့ရှေ့သို့ ပစ်ချလိုက်ကြသည်။

“အောင်မယ်.. အေဘေးတွေ.. မင်းတို့စားကလှည့်တုန်းကတော့.. ပြုံးလို့. ပေးရမယ့် အလှည့်ကျတော့ မျက်နှာတွေက ရှစ်ခေါက်ချိုးနဲ့... ငါထပြီး..နားရင်းတီးလိုက်ရ...”

ဒိုင်ကိုင်သောသူက အားလုံး၏ ခေါင်းဆောင်ဖြစ်ဟန်ရှိကာ ထိုးသားများကို မာန်မဲနေ၏။

“ဂျိုင်း...”
“ဟဲ့...ပလုပ်တုပ်”
ရုတ်တရက်ဆိုသလို ဂိုဒေါင်တံခါးကြီးသည် ပွင့်အံလာ၏။ တံခါးတွင်တော့ အပြင်ဘက်က လျှပ်ပန်းများကြောင့် ကုဒ်အကျီရှည်နှင့် လူတစ်ယောက်အား တွေ့သော်လည်း မည်သူမည်ဝါဆိုသည်ကို မသဲကွဲပေ။ ဖဲဝိုင်းမှ လူတစုသည် ချက်ချင်းပင် ခါးကြားမှ လေဆာ သေနတ် များဖြင့် ထိုသူအား ၀ိုင်းဝန်းချိန်ထားလိုက်ကြလေသည်။
ခေါင်းဆောင်လုပ်သူက...
“ဟေ့ကောင် ရပ်လိုက်စမ်း... မင်းရှေ့မတိုးခင် ...မင်းဘယ်သူလဲအရင်ပြော.. မဟုတ်လို့ကတော့.. နောက်လှမ်းမယ့် ခြေတလှမ်းဟာ မင်းရဲ့ သေရွာကို သွားမယ့် ခြေလှမ်းဖြစ်သွားမယ်...”

သို့သော် ကုဒ်အင်္ကျီရှည်နှင့်လူက ဘာကိုမှ ဂရုမူပုံ မပေါ်ပဲ ဂိုဒေါင်ထဲသို့သာ အထုပ်တထုပ် ထမ်းကာ ၀င်လာ၏။ လွန်စွာမှ ရဲတင်းလွန်းလှသော ထိုသူ၏ အပြုအမူကြောင့် သေနတ်နှင့် ချိန်ထားသော လူတစုသည် မပစ်သေးပဲ အခြေအနေကို စောင့်ကြည့်နေကြသည်။ ထို့နောက် တံခါးအနီးတွင်ရှိသော ခြေတံရှည် စားပွဲပေါ်သို့ အထုပ်ကို တင်လိုက်ပြီး ဦးထုပ်ချွတ်လိုက်ရာ...

“ဟာ..ကီး..ကီးစိန်ပါလား..ခင်ဗျား..ကီးစိန်မှတ်လား...”

ကီးစိန်က ဘာမှပြန်မဖြေသေးဘဲ ခုံပေါ်က အထုပ်ကို ဖြေချလိုက်သည်။ ထိုအထုပ်ထဲတွင် အသက် ၆နှစ်ခန့်သာ ရှိသေးသော ကလေးငယ် တစ်ယောက်အား တွေ့ရလေသည်။ ကုဒ်အကျီ အိတ်ထဲရှိ စီးကရက်ဘူးကို ထုတ်ပြီး စီးကရက်တလိပ် မီးညှိလိုက်ပြီးမှ...
“ဟုတ်တယ် ကျုပ်ကီးစိန်ပဲ.. ဒီငတိလေးကို ခင်ဗျားတို့ ဆီမှာ ခဏထားခဲ့မယ်...”

နာမည်ကြီး လူဆိုးကြီး ကီးစိန်ကို အရှင်လတ်လတ်ကြီး တွေ့လိုက်ရသဖြင့် လူဆိုးခေါင်းဆောင်လဲ ယောင်နနဖြစ်နေ၏။

“အင်း..အဲ...ဟို..”
“ဘာလဲ.. လက်မခံချင်ဘူးလား...မင်းတို့ကို ငါ အလကား မခိုင်းပါဘူး.. ရော့ယူထား..”
ကီးစိန်က လူစု၏ ရှေ့သို့တိုးလာပြီး ခေါင်းဆောင်လုပ်သူ၏ လက်ထဲသို့ အထုပ်လေး တထုပ် ပေးလိုက်သည်။

ကီးစိန်ပေးသော အထုပ်ကို လှမ်းယူပြီး ဖြေလိုက်ရာ အထဲတွင် အရောင် တလက်လက် ထနေသော ဒင်္ဂါးပြားများကို တွေ့ရ၏။

“အဲ... ဒီကလေးက ဒီလောက်တောင် တန်ဖိုးရှိလား..ဒီငတိလေးက ဘယ်သူမို့လို့လဲ..”

“မမေးနဲ့.. ကောင်းကောင်းသာ စောင့်ရှောက်ထား.. နောက်၂ရက်နေရင် ငါပြန်လာခေါ်မယ်.. တခုခု လွဲချော်ခဲ့ရင်တော့...ဟင်းဟင်း.. အကုန် နားကားပြီသာမှတ်...”

“ခင်ညာ..ဟုတ်..ဟုတ်ကဲ့..”

သို့နှင့် ကီးစိန်သည် ဂိုဒေါင် တံခါးဝဆီမှ သည်းထန်နေသော မိုးပေါက်များ အတွင်း ၀င်ရောက် ပျောက်ကွယ်သွားလေတော့သည်။

“ဗြဲ..”
လူဆိုး တယောက်က ဆိုင်းမဆင့် ဗုံမဆင့် ထအော်ငိုလေ၏။

“ဟေ့ကောင် တာတီး. ဘာဖြစ်တာလဲဟ”

“အီးဟီးဟီး. ကီးစိန်ရဲ့ ဒင်္ဂါးတွေကို မြင်တော့ ဆုံးသွားတဲ့ ကျွန်တော့် ရည်းစားကို ၀ယ်ကျွေးဖူးတဲ့ ချောကလက်ပြားလေးတွေကို သွားသတိရလို့ပါ.. ဆရာရယ်..ဗြဲ..”

“အာ ..ငါလခွေး.. ကီးစိန်လာလို့ လန့်နေရတဲ့အထဲ.. အလန့်ထညက် ဖြစ်အောင် လုပ်တဲ့ကောင် ကိုင်းဟာ..”
“ဖုံး...”

ခေါင်းဆောင်လုပ်သူက သောက်ညင်ကပ်ကပ်ဖြင့် ဆောင့်ကန်လိုက်ရာ တာတီးဆိုသူသည် ကုတင်အောက်သို့ ခေါင်းနှင့် ပြုတ်ကျသွားလေတော့သည်။

+++++++++++++++++


အခန်း (၇)



မြေ၀ါကုန်း...။ ကျွန်တော်တို့ ရောက်ရှိသွားတော့ ရွှေမန်းရုံနှင့် မျက်စောင်းထိုးနားတွင် များပြားလှသော လူအုပ်ကြီးနှင့် ရဲယာဉ်ပျံများကို တွေ့ရ၏။ သတင်းဌာနများကလဲ ကင်မရာများ ပလူပျံနေအောင် ရိုက်ကူးနေ၏။ ကျွန်တော်နှင့် ကြောင်မျိုးသည် လူအုပ်ကြီးကို တိုးဝှေ့သွားတော့ လုံခြုံရေး စည်းများ တားထားသည်ကို တွေ့ရပြီး ရဲများ စောင့်ကြပ်နေကြ၏။

“ဒီနေရာက ကျော်ပြီး ၀င်လို့မရပါဘူး..”

ရဲသား တယောက်က ကျွန်တော်တို့ ရှေ့တိုးမည် အပြုတွင် လာရောက် တားမြစ်နေခြင်း ဖြစ်သည်။ ကျွန်တော်က 11G ဖုန်းထဲမှ အရာရှိ e card ကို ပြလိုက်သည်။

“လေးစားပါတယ်.. ၀င်လို့ရပါပြီ.. ဆရာ”

“ဒါနဲ့ ကျုပ်မိတ်ဆွေ ဘလာဂေါက်ကို တွေ့မိသေးလားဗျ..”

“ဟုတ်.. တွေ့ပါတယ်.. ဟိုဘက်မှာ ရပ်ထားတဲ့ ယာဉ်ပျံပေါ်မှာပါ..”
ဘာတွေများ ဖြစ်လို့ လူတွေ ဒီလောက် မိုးရွာထဲမှာ အုံခဲပြီး ကြည့်နေကြပါလိမ့်။

သို့နှင့် ကျွန်တော်တို့လည်း ရဲသား ညွှန်ပြသော ယာဉ်ပျံဆီသို့ လျှောက်သွားကြ၏။ ၎င်းယာဉ်ပျံဆီသို့ ရောက်လျှင် ယာဉ်ပျံပေါ်၌ ကျွန်တော့်စိတ်ထင် အလွန်အလုပ်များလျှက်ရှိမည် ထင်သော မိတ်ဆွေကြီး ဘလာဂေါက်သည် နှစ်ခြိုက်စွာ အိပ်မောကျနေသည်ကို တွေ့ရလေသည်။

“ဟေ့လူ...ဒီမှာ ..ဘာလို့အိပ်နေတာတုန်း..”

အံမယ် ကိုယ့်လူကို နှိုးလိုက်တော့ ၀ီစကီ အနံ့ခပ်လွင်လွင်ကို ရလိုက်၏။

“အင်း..အဲ.. အော်.. တိုလီတို့ရောက်လာပြီကိုး.. ကျုပ်လဲ ခင်ဗျားတို့ကို စောင့်ရင်း..မိုးကလဲရွာ... ရာသီဥတုကလဲ.. ကိုယ့်ဘက်ပါနဲ့ ... အဟတ်.. နှပ်နေတာလေ..”

“ဟဲဟဲ..ဖြစ်ရမယ်.. ဒါနဲ့...ဒီမှာ ဘာတွေဖြစ်နေတာတုန်းဗျ..”

“ဒီလိုလီလီရေ.. ဆက်သွယ်ရေး လမ်းကြောင်းကို ကြားဖြတ် နှောင့်ယှက်ခံရတယ် ထင်တယ်.. နှာခေါင်းတွေ၊ နားရွက်တွေ...၊ ခြေထောက်တွေ သက်သက် ကြားဖြတ် ဒီနားက ဆက်သွယ်ရေး ၀ိုင်ယာက နေ ရှော့ခ်ဖြစ်ပြီး ပြုတ်ကျလာတာ..”

“ဟင်ဟုတ်လား...ဒါမျိုးဖြစ်ခဲပါတယ်.. တော်တော်ဆိုးတာပဲ... အထိအခိုက် တော်တော်များလား.. လမ်းကြောင်း ဘယ်နှခု ထိသွားတယ်တဲ့လဲဗျ..”

“များတော့ များမယ်... အခုထိတော့ cyber security တွေက လိုက်လံစုံစမ်း နေတုန်းပဲ..လီလီရ.. အွန်လိုင်း ခရီးသွားနေတဲ့ သူတွေကိုတော့ သတိဝီရိယနဲ့ သွားဖို့ တပ်လှန်ထားတာပဲ..”

ကြောင်မျိုးက ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း...
“ခန္ဓာဗေဒ ပြန်လည် တည်ဆောက်ရေး ဌာနကတော့ အလုပ်တော်တော် များမှာပဲ.. အင်္ဂါတွေ မှားမတပ်မိဖို့ တော်တော် စီစစ်ရမယ်...”

ကျွန်တော်တို့ စကားပြောနေစဉ် အတွင်း နောက်ထပ် ခရီးသွားသူ တယောက် လမ်းကြောင်း ပြောင်းပြီး ရောက်လာပုံရ၏။ ဒီတခါ ရောက်လာသူမှာ လူတကိုယ်လုံး ဖြစ်သည်။ ထို့ပြင် အမျိုးသမီး တဦးဖြစ်ပြီး ည၀တ် ဂါဝန် ဖားယားကြီးနှင့် ဖြစ်သည်။

“ဟိုက်.ဒါ ကျုပ်တို့ ဘဏ္ဍာရေးမှူးကြီး ဒေါ်ပိန်ဂိုးလ်မှတ်လား..”

ဒေါ်ပိန်ဂိုးလ်မှာ သူလုံးဝ မထင်မှတ်ထားသော နေရာကို ရောက်လာသည့်အပြင် လူများအုံနေပြီး သတင်းသမားများ အလယ်တွင် ရောက်ရှိသွားရာ တောင်ပြေးရမလို မြောက်ပြေးရမလို ကြောင် အမ်းအမ်း ဖြစ်နေရှာသည်။ ကျွန်တော်လဲ ပိန်ဂိုးလ်ကို လူအုပ်ကြားထဲမှ ယာဉ်ပျံဆီသို့ ခေါ်လာခဲ့ရသည်။

“ဟဲ့..ဟဲ့..လုပ်ကြပါအုံးဟဲ့.. ဘာတွေဖြစ်ကုန် တာတုန်း...နားတောင် မလည်တော့ဘူး.. ငါက ပန်ပန်တို့ အိမ် ကိုးရီးယားကား သွားကြည့်မလို့..သွားတာ.. ဘယ်နှယ် ဖြစ်လို့ ဒီနေရာ ရောက် လာတာတုန်း.. အိအိ ငါ့ရဲ့ မိုးပျံပူဖောင်း အ၀တ်အစားကြီးနဲ့ မလှမပ သတင်းစာတွေမှာ ပါတော့မှာပဲ..”

အကျိုးအကြောင်းကို ရှင်းပြပြီးနောက် ကျွန်တော်တို့လဲ ဘဏ္ဍာရေးမှူး ပိန်ဂိုးလ်အား ယာဉ်ပျံထဲရှိ ၀ိုင်ယာလက်စ် လမ်းကြောင်းဖြင့် ပန်ပန်တို့ အိမ်ကို ပို့လွှတ်လိုက်ကြလေသည်။

“မင်းကို မစ္စတာ ညက်လီဆင်းက တာဝန်ပေးထားတယ် မှတ်လား၊ ဒီကိစ္စ မင်းဘယ်လို ထင်လဲ..”
မိတ်ဆွေကြီး ဘလာဂေါက်က မေးစေ့ကို ပွတ်ရင်း တွေးတွေးဆဆနှင့် ကျွန်တော့်ကို မေးလိုက်သည်။

“ဘယ်လို ထင်လဲဆိုတော့ နှောင့်ယှက်ခံရတဲ့ နည်းနာနိဿယ ပေါ်မှာ မူတည်နေတယ်ဗျ..။ ဒါဟာ သမာရိုးကျ ခရီးသွားကုမ္ပဏီရဲ့ နည်းပညာ အမှားလား၊ ဒါမှမဟုတ် ကြားဖြတ်မှာ တယောက်ယောက် ၀င်နှောက်သွားတာလား ဆိုတာ သိမှ ဆုံးဖြတ်လို့ရမယ်.ဗျ..”

“အင်း.. ဒါဆို.. အကယ်၍ ဒုတိယ အချက် ဖြစ်မယ် ဆိုရင်ကော..”

“ဒုတိယ အချက်ဆိုရင်တော့ ဖြစ်နိုင်တာ ကီးစိန်ပဲရှိမယ်..၊ ဘာလို့လဲဆိုတော့ ဘလော့ကာ နိုင်ငံထဲက လူတွေရဲ့ လက်စလက်နက ဒါမျိုး မဟုတ်ဘူး..၊ သူတို့က ပိုက်ဆံအတွက်လုပ်တာ၊ ကီးစိန်ကျတော့ ပိုက်ဆံ အတွက်တင် မဟုတ်ဘူးဗျ၊ သူက ၀င်ရိုးစွန်းမိစ္ဆာ ဘလော့နိုင်ငံတွေနဲ့လဲ အဆက်အသွယ်ရှိတော့ ဒါ တမင်သက်သက် အကြမ်းဖက်လုပ်တာပဲ..”

“အင်း ..ဖြစ်နိုင်တာပဲ”

“ဒါဖြင့် ကျွန်တော်တို့ ကီးစိန်ရှိတဲ့ နေရာကို ထောက်လှမ်းရအောင်..ပြီးရင် တည်ချက်တခုနဲ့ ထောင်ဖမ်းမယ်ဗျ..”
ကြောင်မျိုးက စုံထောက်ပီပီ ကီးစိန်ကို အမိဖမ်းရန် သူ့အကြံကို ပြော၏။

“အင်း ..ကောင်းတယ်ဗျ...ဒါပေမယ့် လောလောဆယ် ကျွန်တော်တို့ သက်သေ မရှိသေးတော့ ဖမ်းဖို့ မလွယ်သေးဘူးဗျ.. တခြား ပြဿနာတွေ မဖြစ်မှီတော့ ကီးစိန်ရှိတဲ့ နေရာကို ထောက်လှမ်းဖို့ လိုလိမ့်မယ်..”

“အင်း..အကူအညီလိုရင်ပြောလေ...အဲ.. အားလုံးကို အားနာတယ်..အဟီး ကျွန်တော့် မိန်းမပေါ့.. အခုပဲ မက်စိပို့တယ် ... ထမင်းစားဖို့ စောင့်နေတယ်တဲ့.. အခုလာမစားရင် သွန်ပစ်လိုက်မယ်တဲ့... ဟီး..အချိန်လဲ လင့်နေပြီဆိုတော့...”

မစ္စတာဂေါက်က မက်စိဝင်လာသော သူ့ဖုန်းကို ကြည့်ရင်း အားတုံ့အားနာနှင့် ပြော၏။

“ဟဲဟဲ.. သဘောပေါက်ပါတယ်ဗျာ.. ကဲကဲ..နောက်မှ တွေ့တာပေါ့.. ဆီးယူဘိုင့်ဘိုင်ဗျာ”

မိတ်ဆွေကြီး ဘလာဂေါက်အား နှုတ်ဆက်လိုက်ကြပြီး ကျွန်တော်တို့လဲ ထိုနေရာမှ ပြန်လည် ထွက်ခွာ လာခဲ့ကြလေတော့သည်။

+++++++++++++++++++++

ဆက်ရန်...

Read Users' Comments (1)comments

ကျွန်တော့်တူမလေး :)

ကျွန်တော့်အမ ခွန်မြလှိုင် တယောက် ပျောက်ချက်သား ကောင်းနေတာ အွန်လိုင်းလဲ မတက်၊ ဘလော့လဲ မရေးဆိုတော့ ကလေးမျက်နှာမြင်နေပြီပေါ့။ ကျွန်တော်ကလဲ ခုတလော ကိုယ့်ဘလော့လေး တောင် အနိုင်နိုင်ရေးနေတာ ဒီနေ့ blog feed ကိုကြည့်မိတော့မှ ကလေးပုံလေးတွေ့တယ်။ ဒါနဲ့ သူ့ဘလော့ကို သွားပြီး အမေ့ခွန်အား ဆိုတဲ့ ပို့စ်လေးဖတ်မိတော့မှ အံမယ်လေး အသဲယားစရာ ကလေးလေးကို တွေ့တော့တယ်။ မိန်းကလေးမွေးတာကိုး။ ကလေးရဲ့ အသက်က တလတောင် ရှိပြီ။ ဖြူဖြူဖွေးဖွေးလေး ပြီးတော့ ချောသဗျ။ အမတို့ လင်မယား ၂ယောက်လုံးနဲ့ တူလို့ထင်ပ။ အမရော ကလေးရော ကျန်းမာပါစေ ကြောင်း ဆုမွန်ကောင်း တောင်းပါတယ် အမရေ...။ (ကြုံတော့ ကျွန်တော့် တူမလေးကို ကိုယ်တိုင် လာချီအုံးမယ် :) )



တွေ့လား ကျွန်တော့် တူမလေးက ချစ်စရာလေးနော်..။ :P


Read Users' Comments (4)

နောက်ဆုံးပေါ်-အပိုင်း(၂)

အခန်း(၃)



“ကျွန်တော်တို့... ပြည်သူတွေကို အထိတ်တလန့် မဖြစ်စေချင်ဘူး.. ဒီကိးစိန်လွတ်လာတဲ့ အကြောင်းကို မီဒီယာတွေ ပေါ်မှာ တစွန်းတစတောင် မပေါ်အောင် ခင်ဗျားကို တာဝန်ပေးလိုက်မယ်..”
မီးများ ခပ်မှိန်မှိန်ထွန်းထားသော အခန်းထဲတွင် ၀န်ကြီးချုပ် ညက်လီဆင်း က ကျွန်ုပ်အား အထူးထိပ်တန်း လျှို့ဝှက် ဆွေးနွေးနေခြင်း ဖြစ်သည်။
“ဒါက တော်တော်တော့ ခက်မယ်ဗျ..၊ ဒီနေ့ညနေဖြစ်သွားတဲ့ ကိစ္စမှာ BLog Time သတင်းဌာနက စားပွဲထိုး တယောက်ကို ဒီသတင်းနဲ့ ပတ်သက်ပြီး လှမ်းမေးတယ် ပြောတယ်..၊ ကျွန်တော် သူတို့ CEO မစ္စတာပွတ် ကိုဆက်သွယ်ပြီး ဒီသတင်းကို မရေးဖို့ အသိပေးထားပါတယ်။ တခြား ဘယ်သတင်း ဌာနတွေ သိသေးလဲ တော့ မသိဘူး”
ဝန်ကြီးက စားပွဲခုံပေါ်မှ ကော်ဖီတခွက်ကို သောက်လိုက်ပြီး
“ပျောက်ဆုံးနေတဲ့ ပတ်စ်ဝေါ့တွေကို ကီးစိန် ယူသွားတယ်ဆိုတာ ထင်ရှားနေပေမယ့် ၊ ဒီပြဿနာက ဒီလောက် မရိုးရှင်းဘူး ထင်တာပဲ၊ ကီးစိန်ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်အဖွဲ့တဖွဲ့ ရှိအုံးမယ်။ ပြီးတော့ ဝေါ့ပရပ်စ်နိုင်ငံဘက်ခြမ်းက ကျွန်တော်တို့လူ သတင်းပို့ချက်အရ ကီးစိန်မှာ ထူးဆန်းတဲ့ ပစ္စည်းလေး တခုပါတယ်တဲ့။ ရော့ ဒီမှာ တချက်ကြည့်ကြည့်လိုက်”

ဝန်ကြီးချုပ်က ဒစ်ဂျစ်တယ် စားပွဲပေါ်မှာ ဓာတ်ပုံဖိုင်ကို လက်ဖြင့် အသာတို့ထိ၍ ကျွန်တော့်ဘက်သို့ တွန်းပေးလိုက်သည်။ ဓာတ်ပုံထဲတွင် ရှေးဟောင်း ကလေးကစား စရာ အရုပ်နှင့် တူသော ပစ္စည်း တခု၏ ပုံဖြစ်သည်။ ထိုပုံ၏ အောက်တွင် စာတန်းထိုးထားသည်ကို ဖတ်ကြည့်လိုက်တော့ “ပလုပ်တုတ်”။

“အ၀ိုင်းပြားလေးမှာ ကြိုး၂စနဲ့ဆွဲပြီး အသီးလေးတပ်ထားတဲ့ ပလုပ်တုတ်လား။ ကျွန်တော် တခါ သမိုင်းပြတိုက်မှာ တွေ့ဖူးတာတော့ သူက လှုပ်ရင် ပလုပ်တုတ်. ပလုပ်တုတ်လို့ မြည်တယ်ထင်တယ်”

“အမှန်ပဲဗျ..။ ဒီပလုပ်တုတ် ကီးစိန်ဆီမှာ ပါလာတာတော့ သေချာပြီ။ ဒါပေမယ့် ဒီပလုပ်တုတ်က ဘာအစွမ်းထက်လဲ တော့မသိဘူးဗျ.။ ဒါပေမယ့် အကယ်၍ စွမ်းအားမြှင့် အဖျက်လက်နက်ဆိုရင်တော့ ကီးစိန်ဆီမှာ ရှိနေတာ အန္တရာယ်များတယ်။ ကျွန်တော်တို့ စပိုင်က ပြောတာတော့ ဒီပစ္စည်းဟာ ဝေါ့ပရပ်စ်ရဲ့ သိပ္ပံသုတေသန ဌာနက ပျောက်ဆုံးသွားတဲ့ ပစ္စည်းလို့ ပြောတယ်ဗျ။ အဲ့တော့ ဒီကိစ္စကိုပါ ထောက်လှမ်းဖို့ ကျွန်တော် တိုလီကို တာဝန်ပေးမယ်။ စီးကရက်အေးဂျင့်တွေဆီ လိုက် စုံစမ်းဖို့ လိုမယ် ထင်တယ်”
ဝန်ကြီးချုပ်က ထိုင်ခုံမှထ၍ တိုက်အောက်ဘက်ကို လှမ်းမျှော်ကြည့်ရင်း ပြောလိုက်၏။

“မှန်တာပေါ့ သူတို့က ဝေါ့ပရက်စ်ဘက်က စီးကရက်တွေကို ဒီဘက်ကို ခိုးသယ်နေတဲ့ အေးဂျင့်တွေပဲ။ သူတို့ဆီက သတင်းသဲလွန်စ ရနိုင်တယ်။ အင်းဒါဆို ကျွန်တော့်အတွက် အကူတယောက်တော့ လိုမယ်ထင်တယ်။”

“အိုကေ တိုလီ ခဏစောင့် အဲ့ဒိအတွက် အခုပဲ attachment တွဲပြီးလာဖို့ ခေါ်လိုက်မယ်။ ကွန်နက်ရှင် ကောင်းရင်တော့ အခု ခဏနေ ရောက်လာလိမ့်မယ်”

တိုက်အောက်ဘက်ရှိ ကားလမ်းမဆီသို့ ကျွန်တော် ငုံ့ကြည့်လိုက်၏။ လမ်းမပေါ်တွင် လူများ ကျွန်တော်တို့ အဆောက်အအုံရှေ့တွင် စုရုံးနေသည်ကို တွေ့လိုက်ရသည်။ မစ္စတာ ညက်လီဆင်းနှင့် မျက်လုံးချင်း အဓိပ္ပါယ် ပါပါ ကြည့်လိုက်ကြသည်။ သတင်းသမားတွေ ဘယ်က အနံ့ရလို့ ရောက်လာ ကြသည် မသိ။ ကျွန်တော်သည် uploader စက်ထဲမှ online ပေါ်သို့ ၀င်ရောက်ခဲ့ရလေတော့သည်။

+++++++++++++

အခန်း(၄)



အမှောင်ထုကား အဆမတန် ကြီးစိုးလျှက်ရှိ၏။ အရပ်ရှည်ရှည် နှင့် လူ တယောက်သည် ဒယီးဒယိုင်ဖြင့် လမ်းလျှောက်လာ၏။ ထိုသူ၏ လက်ထဲတွင် ဒညင်းသီးလေးများကို တုတ်ချောင်းဖြင့် ထိုးထားသော အကင်ချောင်းကို ကိုင်ထားသည်။ တုတ်ချောင်းရှိ ဒညင်းသီးကို စားလိုက် လမ်းဆက် လျှောက်လိုက် လုပ်နေ၏။ လမ်းအချိုးကွေ့ တခု အရောက်တွင် ထိုသူ၏ ရှေ့မှ ရုတ်တရက် လူ၂ယောက် ပေါ်ထွက်လာသည်။

“ရပ်လိုက်စမ်း.. မင်းမှာရှိတဲ့ ဟာပေးစမ်း”
“ရှိတာက ဒညင်းသီးပဲ ရှိတယ်ဟ..”
အရပ်ရှည်ရှည်နှင့်လူက လုံးဝတုန်လှုပ်ပုံ မပြပဲ ခပ်တည်တည် ပြန်ကြည့်ကာ ပြောလိုက်သည်။

လူဆိုး၂ယောက်ထဲမှ ခပ်၀၀နှင့် လူဆိုးသည်

“ဟေ့ကောင် ယီးတီးယားတား မလုပ်နဲ့ သေသွားမယ် ဒီမှာတွေ့လား”
၎င်းက သူ့ခါးကြားက လေဆာသေနတ်အား ပြရင်း ဆက်ပြော၏။
“ပေးစမ်း ဒညင်းသီးရှိလဲ ၊ စားလို့ရတာပေါ့။ ပေးလိုက်စမ်း”
ခပ်၀၀ လူဆိုးက အရှေ့သို့ တိုးလာပြီး အရပ်ရှည်ရှည် လူ၏ လက်ထဲမှ ဒညင်းသီးကင်ကို လုမည့် ဟန်ပြုလိုက်သည်။

အရပ်ရှည်ရှည်လူသည် ထိုဝတုတ်၏ လက်ကို ဖြတ်ရိုက်လိုက်ကာ အလွန်လျင်မြန်စွာဖြင့် အရှိုက်ကို လက်ဖမိုးဖြင့် တွန်းလိုက်ပြီး ခါးကြားမှ လေဆာသေနတ်ကို လုယူလိုက်၏။ အဖြစ်အပျက်မှာ မြန်ဆန်လွန်း လှသဖြင့် နံဘေးမှ အခြားလူဆိုးပင်လျှင် ဘာလုပ်ရမည် မသိပဲ လေဆာသေနတ်ကြီး ချိန်ရက်သားနှင့် ကြောင်ကြည့်နေမိသည်။ အရပ်ရှည်ရှည်နှင့် လူကား ရသည့်အခွင့်အရေးကို လက်လွတ် မခံပဲ ထိုချိန်ထားသော သေနတ်ကို ခြေဖြင့် အားပြင်းပြင်း ခတ်လိုက်၏။ ထို့နောက် ၂ယောက် စလုံးကို လေဆာသေနတ်ဖြင့် ပြန်ချိန်လိုက်ကာ...

“ဟားဟားဟား.. မလောက်လေး မလောက်စားနဲ့ ငါ့ဒညင်းသီးကို လုစားဖို့ ကြံတာကိုး။ သေနတ်မှာ မျက်စိ မရှိဘူးကွ၊ အေး ငါ့မှာတော့ အလွန်မြန်တဲ့ မျက်စိရှိတယ်။ ငါ့နာမည် မသိရင်မှတ်ထား လက်မရွံ မျက်စိတဲ့..”

လူဆိုး ၂ဦးသည် မျက်စိဆိုသော နာမည်ကို ကြားသည်နှင့် ၎င်းတို့မျက်နှာမှာ ဇီးရွက်လောက်ပဲ ရှိတော့ကာ လက်မရွံ့မျက်စိဆိုသူအား ရှိခိုး မတတ် တောင်းပန်ကြပြီး တချိုးတည်း လစ်လေတော့သည်။ တိတ်ဆိတ်ငြိမ်သက်နေသော အမှောင်ထုဝယ် လက်မရွံ့မျက်စိ၏ ရယ်သံများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။

“ဘူးထွားထွား....ဟားဟားဟား.....”

++++++++++++++++++++++

အခန်း(၅)



“၀ုန်း”
“အောင်မြတ်လေး... ”

စာအုပ်ထိုင်ဖတ်နေတုန်း ကျွန်တော့်အခန်းထဲရှိ downloader စက်မှ ရုတ်တရက် အသံထွက်လာသဖြင့် လန့်၍ အော်မိ၏။

ကျွန်တော်လဲ သတိကြီးစွာနှင့် လေဆာသေနတ်ကိုင်ကာ သွားလိုက်၏။ စက်အနီးတွင်ကား လူတယောက်သည် မှောက်လျက်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“ဟေ့လူ. ထစမ်း ခင်ဗျား ဘယ်သူလဲ”
ကျွန်တော်က လေဆာသေနတ်ဖြင့် ချိန်ထားရင်း သူ့နား ဖြေးဖြေးချင်း ကပ်သွား၏။ ထို့နောက် မှောက်နေသော ကိုယ်လုံးကို ဆတ်ခနဲ တွန်းလှန်လိုက်ရာ နဖူးတွင် လွန်စွာမှကြီးသော အာလူးသီးကြီး ထနေသော နှုတ်ခမ်းမွှေးစစနှင့် လူတယောက်မှာ မေ့မျောနေသည်။

“ဟေ့လူ.. ဟေ့လူ..”
ကျွန်တော်လဲ အနီးအနားရှိ ရေဖန်ခွက်ဖြင့် လောင်းလိုက်သည်။

“အားဝူး...အဟွတ်အဟွတ်..”
“ခင်ဗျား သတိရပြီလား... ပြောစမ်း ခင်ဗျား ဘယ်သူလဲ..”

ထိုသူက မျက်လုံးကလေး ကလယ်ကလယ်နှင့် အမူးမပြေသေးသော အကြည့်ဖြင့် ကြည့်ကာ..
“ကျွန်တော်..ကျွန်တော်.. မစ္စတာ ညက်လီဆင်း လွှတ်လိုက်တဲ့ သူပါ..။ ကြောင်မျိုးပါ... အားကျွတ်ကျွတ်”

စကားပြောနေရင်းမှ သူ့ဒဏ်ရာက နာလာဟန်ဖြင့် ညည်းညူလိုက်သည်။

“အာ ဘယ်နှယ့် ဖြစ်လို့ ဗရုတ်သုတ်ခ ရောက်လာတာတုန်း”

“ဆောရီးဗျာ.၊ uploader စက်ကို အတက်မှာ ပြောင်းပြန် တက်မိလို့၊ downloader ထဲ ပြန်ဆင်းတော့ ဇောက်ထိုးပြုတ်ကျတာဗျ..။ ကြည့်ပါအုံးဗျာ.. နည်းတဲ့အားလူးကြီး မှုတ်ဘူး..ကျွတ်ကျွတ်”

ထိုအူကြောင်ကြောင်နှင့် သူအား မည်သည့် အတွက်ကြောင့် ကျွန်တော်နှင့် တွဲလုပ်ရန် မစ္စတာ ညက်လီဆင်း လွှတ်လိုက်မှန်း မသိ။ ဘာပဲဖြစ်ဖြစ် တယောက်တည်း လှုပ်ရှားရတာထက် စာရင်တော့ တော်သေးတာပေါ့။ ကြပ်ထုပ်ထိုးပေးဖို့ အ၀တ်ပေးရင်း၊ ကွန်ပြူတာမှ ကျွန်တော့်ဆီ voice mail တခု ၀င်လာကြောင်း အချက်ပြ၏။

“တွီတွီ.... မေးလ်၂စောင်ဝင်လာပါတယ်”

ဝင်လာသော မေးလ်တခုကို ဖတ်ကြည့်တော့...
“သားရေ... မင်းအဖေ.. စက်ရုပ်မလေးတွေရဲ့ မာဆရှ် သွားရင်းက အုံးလွဲသွားလို့ ဒီတပတ်တော့ မလာဖြစ်တော့ဘူး..။ မပြောချင်တော့ပါဘူး.. အသံရရင် အကြောင်းပြန်အုံးဟေ့..တွီ”
မာမီဆီမှ မေးလ်ဖြစ်၏။ နောက်မေးလ် တစောင်ကတော့

“လီလီ...ငါ ဂေါက်ဂေါက်ပါ... ဒီနေ့ည မြေ၀ါကုန်းကို လာခဲ့... အကြောင်းထူးတယ်”
မိတ်ဆွေကြီး ဘလာဂေါက်ဆီမှ ဖြစ်သည်။ အကြောင်းထူးသည်သာ ပြောပြီး ဘာအကြောင်းထူးသည်လဲ မသိ။ အင်း သွားရအုံးမှာပါလား။ တရက်တလေလေး နားရမည် မရှိ အလုပ်တွေက များလိုက်တာ ချစ်ချစ်နဲ့တောင် တွေ့ဖို့ အချိန်မရှိတော့ဘူး။ အခုမှ သတိရကာ ခရီးပန်းလာသော ကြောင်မျိုးအား နေရာ ချထားပေးမည်ဟု ကြံစည်တုန်း ဆရာသမားမှာ ကျွန်တော်၏ အိပ်ယာထက်၌ မိန့်မိန့်ကြီး စက်တော်ခေါ်နေလေတော့သည်။

“ခူး...ခလူး...ခေါ...”
++++++++++++++

ဆက်ရန်

Read Users' Comments (4)

အခြားတဖက်

ဟောဒါက ပင်လယ်ကြီးမှန်းလဲ သိပါရဲ့....
အနောက်တောင်ဘက် ဆီက ရင်ခတ်သံတွေ
ဟောဒိ ရပ်ဝန်းဆီ ဗဟိုပြုလို့…
ပြတိုက် မရှိတဲ့ ကျွန်းဆီကို...
ဘယ်ရွက်တွေက လွင့်လာပမလဲလေ...
တနေကုန်တနေခမ်း...အလွမ်းတွေလဲ
ပေါက်ရောက်လို့...
တ၀က် တပျက်ပါပဲ…
အဲ့ဒိ လှိုင်းတံပိုးတွေ.. ထိခတ်မိတဲ့အခါ..
ကျွန်တော့် ကျောက်ဆောင်တွေဟာ…
ဈာန်လျှော သွားခဲ့ရတယ်….။

Read Users' Comments (4)

နောက်ဆုံးပေါ်- အပိုင်း(၁)

အခန်း(၁)



ဒီနေ့ မနက်နိုးလာတော့ မနက်ခင်းတခုလုံးကိုက နေရောင်များဖြင့် လင်းချင်းလို့...။ ရှုပ်ထွေးနေသော သူ့အခန်းမှ ဟိုတစ ဒီတစ ပစ္စည်းပစ္စယာများကို ကျော်ခွပြီး ဧည့်ခန်းက နာရီကိုကြည့်လိုက်တော့ ၁၁နာရီတောင်ထိုးနေပြီ။ ကမန်းကတန်း ရေချိုးမျက်နှစ်သစ်ဖို့ ပြင်ဆင်ရတော့သည်။ ဒီနေ့ သူ့မေမေနဲ့ ဖေဖေရောက်လာမည်ပဲ။ မဖြစ်ဘူး ရေချိုးအုံးမှ၊ မဟုတ်သေးပါဘူး ငါ့အမှိုက်ပုံကြီးကို အရင်ရှင်းမှပဲ..၊ ဟင် အခန်းထဲမှာလဲရှင်းရမယ်၊ အီးဟီး ဧည့်ခန်းထဲက မလျှော်ရသေးသော အ၀တ်တွေကော၊ မီးဖိုချောင်ထဲက မဆေးရသေးတဲ့ ခွက်တွေပန်းကန်တွေ ဘယ်ဟာကနေ စရှင်းရမှန်းတောင် မသိတော့ဘူး။

“ဟူးးးးး..” သက်ပြင်းရှည်ကြီး မှုတ်လိုက်ပြီး လူမြင်သော ဧည့်ခန်းမှ စရှင်းရန် ဆုံးဖြတ်လိုက်သည်။ ညကူသူငယ်ချင်းဆီ အလည်လွန်သွားသည်။ သူဘယ်သွားခဲ့သည်ကို အဖေကို ပြောလျှင် အဖေက ကျိန်းသေပေါက် ဆူလိမ့်မည်။ သူညက အင်္ဂလန်ကို သွားခဲ့သည်။ သူငယ်ချင်းတွေနဲ့ ဘောလုံးပွဲအတူတူ သွားကြည့်ခဲ့ခြင်းဖြစ်သည်။ (ဘွတ်ကီဒိုင်တွင် သွားရောက်လောင်းခဲ့ရာ ခွက်ခွက်လန်အောင် ရှုံးခဲ့သည်။ ဖြစ်မှဖြစ်ရလေ အာကြီးအဲ့ဒိနေ့ညက သရေကျသွားလေရဲ့) အွန်လိုင်းမှ သူ့ကလပ်စည်းများကို encrypted လုပ်ပြီး သွားခဲ့ပြီး ဟိုရောက်မှ decrypted ပြန်လုပ်ပြီး သွားခြင်းဖြစ်သည်။ ဒါမျိုးဖြင့် ခရီးသွားခြင်းသည် အလွန်အန္တရာယ်များသော သွားခြင်းမျိုးဖြစ်သည်။

အကျိုးဆောင် အွန်လိုင်းကုမ္ပဏီများကတော့ လုံးဝလုံခြုံစိတ်ချရကြောင်း အထူးအာမခံကြသည်။ ဟုတ်တော့ ဟုတ်တယ် မတော်တဆဆိုတာ ဘယ်ဟာမှ မပြောနိုင် တော်ကြာနေ ကြားဖျက်ပြီး ကလပ်စည်း သွားသော လိုင်းကို hacker မှ hack လိုက်ရင်ဖြင့် ဟိုဘက်ရောက်သည့်အခါ လိုအပ်သော ကလပ်စည်းတချို့ ပျောက်ဆုံးသွားရင် ကိုယ်ကျိုးနဲစရာ မတော်တရော်တွေ ဖြစ်ကုန်မည် ထင်သည်။ နှာခေါင်းကြီးပျောက်သွားမလား၊ ပါးစပ်ကပဲ နဖူးပေါ်တက်ပေါက်နေမလား၊ နားရွက်ကြီးတွေကပဲ လက်မောင်းနှစ်ဖက်မှာ လာပေါက်နေမလား မသိ။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဒီလိုပဲ သွားလာနေကြပြီး ဖြစ်ပြီး အခုလဲ သူ့မိဘတွေလဲ မိုင်ပေါင်း ၃၀၀၀ ကျော်မှ ကလပ်စည်းများ ပို့လွှတ်သော ခရီးသွားနည်းဖြင့် နေ့ခင်းပိုင်းလောက် လာကြမည် ဖြစ်သည်။

တဂွီဂွီနဲ့ ဗိုက်ဆာလာတော့မှ အမှိုက်တွေကို အမြန်ဆုံး ရှင်းလိုက်ပြီး ကွန်ပြူတာရှေ့ထိုင်လိုက်သည်။ power on လိုက်သည်နှင့် ချက်ချင်းပင် Desktop တက်လာပြီး သူ့အား အသံလျှို့ဝှက်ကုဒ်နံပါတ် တောင်းလေသည်။ သူလုပ်ထားသော လျှို့ဝှက်ကုဒ်မှာ သီချင်းစာသားတခုဖြစ်သည်။ “အမဲလိုက်အက စင်မြင့်ထက်က ရှုံးနိမ့်သူ လဲကျပေး”..... ထို့နောက် AI browser တခုတက်လာသည်။
“အခုဘယ်ဆိုက်ကို ဖွင့်မှာလဲ” ကွန်ပြူတာ browser က မေးလိုက်၏။
“လောလောဆယ် အစားအသောက်ရောင်းတဲ့ အွန်လိုင်းဈေးဆိုင်ဆိုက်ကို အရင်ဖွင့်”
သူစကားပြော၍ မဆုံးမီမှာပင် ၀က်ဆိုက်ပွင့်သွား၏။
“မနက်စာ တွေ တန်းစီပြီးကြည့်မယ်ကွာ”
မနက်စာများကို ဒင်းမ်ဆန်းမှ အစ ပေါက်စီ၊ ခေါက်ဆွဲ၊ ပေါင်မုန့်ကင်၊ မုန့်ဟင်းခါး၊ ဟမ်ဘာဂါ၊ လစ်ပတန်၊ ချိုကျ၊ ပေါ့ဆိမ့် စသည်တို့သည် ဈေးနှုန်းနှင့်တကွ ကျလာလေသည်။
“တော်ပြီတခြားဟာတွေ မလိုချင်ဘူး မုန့်ဟင်းခါး ပြီးတော့ ပေါ့ဆိမ်တခွက်... ဒေါင်းလုပ်ဆွဲပေးတော့”
ထို့နောက် သူ၏ ဘဏ်ကဒ်နံပါတ်ကို အသံထွက်ရွတ်ပြပြီး
“ဘလာဘလာဘလာ”
မကြာမှီမှာပင် မုန့်ဟင်းခါးတပွဲနှင့် ပေါ့ဆိမ့်တခွက် download ဆွဲလိုက်ရာ ကွန်ပြူတာနှင့်တွဲစက်ထားသော downloader စက်မှ လိုချင်သော စားစရာများ ထွက်ကျလာလေတော့သည်။
“ဂလွပ်” (ဒေါင်းလုပ်ဆွဲပြီးသော အသံ)

“တီ...တီ.. အီးမေးလ်ဝင်ရောက်နေပါသည်။”
စောစောစီးစီး ဘယ်သူက ပို့လိုက်ပြန်ပြီလဲ..၊ ဟိုကောင်တွေပြောတဲ့ စပိန်နွားရိုင်းသတ်ပွဲ သွားကြည့်ဖို့များလား။ လက်က မုန့်ဟင်းခါးစားနေသဖြင့် အသံဖြင့် ဘရောင်ဇာကို အမိန့်ပေးပြီးဖွင့်လိုက်သည်။
“Inbox ထဲကို ၀င်လိုက်”
အီးမေးလ်သည် သူ့ယောက္ခမဆီကဖြစ်ပြီး မတော်ရသေးသော ယောက်ဖလောင်းလေးကို မနက်ဖြန် အီးမေးလ်နှင့် attachment တွဲပေးလိုက်မည် ဖြစ်ကြောင်း အသံဖြင့် မေးလ်ပို့လာခြင်းဖြစ်သည်။ ဟူး မျောက်လောင်းလေး လာအုံးမှာပါလား။ ဟိုတခါ ဒီမျောက်လောင်းလေး တခါလာတာ သူသုံးချင်သော ပစ္စည်းများကို အွန်လိုင်းမှ နင်းကန်အားမနာတမ်း ဒေါင်းလုပ်ဆွဲသွားရာ သူ့လစာ တလစာ နီးပါး ဘေလ်ရှင်းလိုက်ရသည်။ သေချင်းဆိုးလေး တစ်ကောင်သာ ဖြစ်သည်။

“ကလင်..ကလင်”
ဟော လုပ်ပြန်ပြီ အစားစားမယ်ဆို အနှောင့်အယှက် ထပ်ပေါ်လာပြန်ပြီ။ ခေါ်နေသော ဖုန်းကို accept လုပ်လိုက်သည်နှင့် ကွန်ပြူတာ မျက်နှာတခုလုံး နီးပါး ပြည့်နေသော မျက်နှာ တခုပေါ်လာသည်။
“ဘလော့အစည်းအဝေးရှိတယ်၊ ဒီနေ့ညနေ ဌာနချုပ် ချက်ရွမ်း (Chat Room) ထဲကို ၄နာရီနောက်ဆုံးထား လာခဲ့ပါ။ ဘလော့ကာများအသင်းချုပ်ရဲ့ နှစ်လယ်အစည်းအဝေး အကြို ဆွေးနွေးကြမှာဖြစ်လို့ မတက်မနေရ တက်ရောက်ရမည် ဖြစ်ပါတယ်”
“နေ....နေ..ပါအုံး.. ကျွန်တော်...ဒီနေ့ မအား........”
သူပြောချင်ရာ ပြောပြီး ဘလော့အသင်းချုပ် အတွင်းရေးမှူးသည် sign out လုပ်သွားလေတော့သည်။ တယ်လေ..။ ဟူး ညနေစာ အထူးတလည် ဒေါင်းလုပ်ဆွဲမယ် ကြံစည်ထားကာမှ ဘလော့အသင်းချုပ် ချက်ရွမ်း ကိုဝင်ရအုံးမယ်။ မသွားပြန်ရင်လဲ ဒဏ်ပေးတဲ့အနေနဲ့ တက်ခ်ဂိမ်းတွေ ဗရပွရေးခိုင်းအုံးမည်။ ဟူး ဘလော့ကာ ဖြစ်ရတာ မလွယ်ပါလား။
“ဟေ့ကောင်... ငယွန်း မင်းတော့ ပွနေပြီ..”
နောက်လိုင်းတခုက ၀င်လာပြန်သည်။
“ဘာလဲဟ မင်းကလဲ အရင်းမရှိအဖျားမရှိ”
“မင်းကို ကြိတ်ကြွေနေတဲ့ ကင်ညာသူလေးက မင်းအကြောင်း မျက်နှာစာအုပ်ဆိုက်မှာ လျှောက်ဖွထားတယ်ဟေ့”
“အေ..ထပ်ထရီး... ဆိုးပ.. ဘာတွေဖွထားတာလဲ...”
“သိချင်ရင် ၀င်ခဲ့လေကွာ...”
တိန်... ဒီကောင်ကလဲ လူကို ကလိခဲ့တယ်..။ ဘာတွေရေးထားလဲ ပြောခဲ့တာ မဟုတ်ဘူး..။

“အော်..ခြူသစ်ရေ....
ဘူဖြစ်တာတောင် ... မေ့မရဘူး..
တကယ်တော့လေ ဒို့ဘ၀ဟာ စပိတ်ဖဲပေမယ့်
နောက်ဆုံးတိန် ပြီးခဲ့မှန်းတောင် မသိခဲ့သူပါ...
ကုန်းမြှီးနဲ့ ပြုံးဖြီးနေရပေမယ့် ..ကတုံးကြီးကိုတောင်.
စိတ်မ၀င်စားခဲ့ဘူးဖူး။
ဘ၀မှာ အချစ်မရှိရင်... ဆားပေါ့တဲ့ ဒညင်းသီးလို ပါပဲ...
အော်.. ခြူသစ်ရယ်..
တကယ်တော့ လေ....ကျမဟာ ညိုပြာညက်သူမို့...
အကို လာအက်ဒ် (add) မှာကို စောင့်နေရသူပါ....။”
(မှတ်ချက်..။ ဤကဗျာလေးသည် ဟိုးမိုင်ပေါင်း၃၀၀၀ ကျော်က ကိုကို့အတွက်ဖြစ်ပါတယ်။ ဘယ်သူလဲလို့ မမေးနဲ့နော်..မြန်မာပြည်က ကိုကိုယွန်းလို့ ပြောဘူး)
ဟိုက် ....မပြောပေလို့ပဲ..။ အင်း မဖြစ်သေးဘူး..။ ပိုင်ရှင် မသိခင်မြန်မြန်ထွက်မှ..။ တော်ကြာ.. ကိုယ် သူ့ မျက်နှာစာအုပ်ကို ကြည့်နေတာ တွေ့သွားရင်ဖြင့်..သူ့ကိုယ်သူ file transfer လုပ်လာမှဖြင့်..ဒွတ်ခ။

+++++++

အခန်း(၂)



“ဟေ့ လီလီ မင်းလာတာ နောက်ကျလှချည်လား ဘိုဖစ်တာလဲ”
အစည်းအဝေး ခန်းမ အ၀တွင်စောင့်နေသော ဘလော့ကာများဌာနရဲ့ စာရင်းစစ်ချုပ် ဂေါက်ဂေါက် က ဆီးကြို၍ ပြစ်တင်လေသည်။

“ဆောရီးပါဗျာ လမ်းမှာ ကွန်နက်ရှင်ကျနေလို့ဗျ.. လူတွေစုံနေပြီလား”

“ပြတ်နာပဲ... အထဲမှာ..လူစုံသလောက်တော့ ရှိနေပြီ...”

အစည်းဝေးခန်းထဲဝင်လိုက်တော့ တက်စ်တက်စ်၊ မီထရို၊ ဂျိမ်းစ်ကျော်ကြီး၊ ပိန်ဂိုးလ်၊ ရေခဲညှပ်၊ မှီမှီ စုံသလောက်ရှိနေပြီမို့ ခပ်သုပ်သုပ်လေး ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။ ခဏကြာတော့ စတိတ်ပေါ်သို့ ဘဏ္ဍာရေးမှူးတက်လာပြီး
“ဟုတ်ကဲ့ ဘလော့ကာ လူကြီးမင်းများ မင်္ဂလာပါ.. ကျွန်မတို့ ဒီနေ့ပြုလုပ်အပ်တဲ့ နှစ်လယ် အစည်းအဝေးမှာ ကျွန်မက ဌာနချုပ်ရဲ့ ပြီးခဲ့တဲ့ နှစ်လယ်မတိုင်ခင်က ဘဏ္ဍာရေး အခြေအနေကို တင်ပြမှာ ဖြစ်ပါတယ်။ ပထမဦးစွာ တင်ပြလိုတာက ကျွန်မတို့ ဌာနခွဲ အသီးသီးရဲ့ အထွေထွေ ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။”
ဘဏ္ဍာရေးမှူး ပိန်ဂိုးလ် က သူ့တကိုယ်ရေသုံး 11G (11th Generation) ဖုန်းကို နှိပ်လိုက်ရာ သူမ၏ အနောက်တွင် လေဆာပုံရိပ်တခု ပေါ်လာ၏။
“ရောင်စုံ တန်းပလိပ် ရောင်စုံတန်းပလိပ် တခုငါးပြား တခုငါးပြား ကြိုက်တဲ့ တန်းပလိပ်ရွေးပါ. ကြိုက်တဲ့ တန်းပလိပ်ရွေးပါ..တခုငါးပြား တခုငါးပြား..”
ဟိုက် ..ဘယ်သူမှ ထင်မှတ်မထားတဲ့ ကြော်ငြာတခု ပေါ်လာ၏။ ခပ်၀၀မင်းသမီးတစ်ယောက်က စကပ်တိုလေး ၀တ်ကာ တန်းပလိပ်နှစ်ခုကို လက်က ကိုင်ပြီး နှုတ်ခမ်းလေး တထော်ထော်နှင့် ကြော်ငြာပြနေသော ကြော်ငြာတခု ဖြစ်သည်။ အစည်းဝေး တက်လာသူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဘာလဲဟ...ဘာလဲဟ..။
“အဲ..သည်းခံပါရှင် ကျွန်မ ဖိုင်ဖွင့်တာ မွှားတွားလို့ပါ..”
ထို့နောက် ဂရပ်ဖ်များ ပိုင်ချက်များဖြင့်ဆွဲထားသော စာရင်းဇယားများဖြင့် ရှင်းပြလေ၏။ ခုနက ပြူးသွားသော မျက်လုံးမှာ ခဏကြာတော့ မှေးစင်းပြီး အိပ်ချင်လာတော့သည်။
“ဟိုစတင်နဲ့ပတ်သက်လို့ ပိုက်ပိုက်ပေးပြီး သုံးချင်တဲ့သူတွေနဲ့ အလကားပဲတင်းပဲကြိုက်တဲ့ သူတွေဆိုပြီး ကျွန်မတို့ ဌာနမှာ နှစ်စုကွဲနေတဲ့ ကိစ္စကို မဲခွဲဆုံးဖြတ်ကြဖို့ပါပဲ..”
ဘဏ္ဍာရေးမှူးရှင်းပြနေတာ ကြားတချက် မကြားတချက်နှင့် ထောက်ခံသလိုလို ခေါင်းလေးတဆတ်ဆတ် ငြိမ့်ရင်း အိပ်ငိုက်နေမိလေသည်။
“ဖျောင်းဖျောင်း.. ဖျောင်း...”
လက်ခုပ်သံများ ဆူညံနေတော့မှ ကျွန်တော်လန့်နိုးသွားသည်။ ထို့နောက်တွင်တော့ လှုမှုဆက်ဆံရေး ၀ံကြီးဌာနမှ ညွှန်မှူး မှီမှီမှ
“မမှီတို့ အနေနဲ့ပေါ့နော်... အဲ့လိုပေါ့နော်... အင်း ဘယ်လိုပြော ရမလဲပေါ့နော်... ဒါပေမယ့်ပေါ့နော်...”
ဟု ပြည့်ပြည့်စုံစုံ တင်ပြသွားလေသည်။
ယခုအလှည့်ကျသူကတော့ ဘလော့တဂွန် ဌာနချုပ်မှ ပြာတာ ပန်းဆိုးတန်းလန်း ဂျိမ်းကျော်ကြီး..
“ဟုတ်ကဲ့ ကြွားရောက်ဟောက်....လာဟာ.. ကြတဲ့...”
ဘာဖစ်တာလဲဟ..။
ဂျိမ်းစ်ကျော်ကြီး။ ။“ဆောရီး အက်ကိုး ခလုတ် သွားနှိပ်မိလို့..”
“ဟုတ်ကဲ့ အာနီးမက်စေ့ရော.. လေးဒီးစ် အန်န် ဂျမ်းတုန်း လူဂျီးမင်းများ ခင်ဗျာ..”
ဂျိမ်းစ် ကျော်ကြီး ။ ။“ကျွန်တော် အနေနဲ့ လက်ရှိ ဘလော့နိုင်ငံတော်ကြီးရဲ့ လုံခြုံရေးကို အဓိက ခြိမ်းချောက်နေတဲ့ ကိစ္စကို တင်ပြလိုပါတယ်”

ဘလော့ကာ နိုင်ငံတော်ကြီးနှင့် သက်ဆိုင်သော သတင်းမို့ ခေါင်းထောင် ထလာကြသည်။
နုပ်။ ။“ဟင် .. ဘူသူတွေက ခြိမ်းခြောက်နေတာလဲဟင်”

“အခုလောလောဆယ် ကျွန်တော်တို့ကို အဓိက ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေကတော့ Typad နိုင်ငံတော်နဲ့ ဂျွမ်းမလား ၊ ဇင်ကာ ဆိုတဲ့ ၀င်ရိုးစွန်း မဟာမိတ် နိုင်ငံတော်များ ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တစတစ ကျွန်တော်တို့ ဘလော့စပေါ့ နိုင်ငံတော်ကြီးကို ဖက်ပြိုင်အံတု လာနိုင်တဲ့ ရန်ဘက် နိုင်ငံတော်တွေရဲ့ အင်အားကို ကြိုတင်ကာကွယ်ဖို့ အတွက် မဟာမိတ် နိုင်ငံဖြစ်တဲ့ ယူနိုက်တက်စ် ဝေါ့ပရက်စ် နိုင်ငံတော်နဲ့ ပူးပေါင်းသွား ဖို့ရှိပါတယ်။ ကျွန်တော်တို့ဟာ ဒီရန်ဘက် နိုင်ငံများကို တွန်းလှန်ပစ်ဖို့ မဟာ ဗျူဟာ တွေကို ချမှတ်ဖို့လိုပါတယ်။ အဲ့ဒိအတွက် စွမ်းအားမြှင့် widget များကို ထုတ်လုပ်သွားရမှာ ဖြစ်ပါတယ်...”
ထို့နောက် အသီးသီး တင်ပြကြပြီးသော အခါ အစည်းအဝေးကို အဆုံးသတ် လိုက်ကြ၏။
တက်စ်။ ။ ကဲ အစည်းအဝေး ပြီးပြီဆိုတော့ အခုအကောင်းဆုံးကတော့ ဘီယာဆိုင် သွားကြမယ်ဗျာ..။ ရွှေမန်းမှာ အသရေ လွှမ်းကြမယ်ဗျာ.။ ဒါဆို အကြံတွေ ထွက်လာနိုင်တယ်။

တချိန်လုံး ငြိမ်သက်နေသော ကြွက်တွင်းများ တူးဖော်ရေး ၀န်ကြီး မီထရိုက ...
“ဒီအစဉ်ကို အကြွင်းမဲ့ ထောက် ခံပါတယ်.. ဘရာဗို... ရွှီး.. ရွှီး”
ထိုစဉ်....
“ဟေ့... လောလောဆယ် အီးချော်နံတယ်.. ဘူသူပေါက်တာလဲကွ..”
ရေခဲညှပ်က နှာခေါင်းပိတ်ရင်း မေးလိုက်သည်။ အစည်းအဝေးခန်းထဲမှ လူများက အားလုံး ခေါင်းခါ၍ ငြင်းချက်ထုတ် ကြသည်။

ထို့နောက် ပိန်ဂိုးလ်က
“ဒါဆို ဒီလိုလုပ်မှ ပေါ်မယ် ထင်တယ်... အီးအီး ဘူသူပေါက် မောင်ပေါက်.. ပေါက်တဲ့ သူ မှန်မှန် ကျော အီးဘွတ် တရားဟော..”

အစည်းအဝေးခုံတန်းရှည်၏ အဆုံးဘက်တွင် ထိုင်နေသော စာရင်းစစ်ချုပ် ဂေါက်ဂေါက်က စပ်ဖြဲဖြဲနှင့်
“နာ ပေါက်တာကွ ဘာဖစ်လဲ.. ဂျကားတွေ ညားလို့ ပါးစပ်ပိတ်အောင် အီးထုလိုက်တာ ကဲကဲ အစည်းအဝေးပွဲ သိမ်းလိုက်တော့ဗျာ ပျင်းချာကြီး လိုအပ်သည်များကို မှာစားရအောင် ၀က်မှီးသွားမယ်”

ဂျိမ်းစ်ကျော်ကြီး။ ။ “ဟုတ်တယ် ဂေါက်ပြောသလိုပဲ ရွှေမန်း မသွားဘူး.. ၀က်မှီးပဲ ကောင်းတယ်”

တက်စ်။ ။ “ရဘူး.. ရဘူး.. ရွှေမန်းပဲ..”
ပိန်ဂိုးလ်။ ။ “ထောက်ခံပါတယ်... ထောက်ခံပါတယ်..”
ဂေါက်။ ။ “ဟဲ့ ယမ်းသန်းပြီး ထောက်ခံနေတယ်.. ဘာကိုထောက်ခံတာလဲ”

ပိန်ဂိုးလ် ။ ။ “ ဘာသိလို့လဲ အရာရှိကြီးကလဲ မထောက်ခံလဲ ထောက်ခံတယ် လုပ်မယ့် အတူတူ စောစောစီးစီး ထောက်ခံ လိုက်တာ ကောင်းပါတယ်။”
မှီ။ ။ “နာလဲ ပိန်ဂိုးလ် အတိုင်းပဲ ထောက်ခံပါတယ်... ထောက်ခံပါတယ်....”
နုပ်။ ။ “၀က်မှီးပဲ ကောင်းပါတယ်ဂျာ၊ တခွက်၊ တပြားလောက်ပေါ့ ငှက်ငှက်၊ ၀က်မှီးကင်လေးရယ်၊ ပြီးတော့ အမြည်းစုံလေး မရမ်းသီး ထောင်း စပ်စပ်လေး၊ လက်ဖက် ချဉ်စပ်လေး၊ ဟေးဟေး..”
ဂျိမ်းစ် ကျော်ကြီး။ ။ “ကဲကဲ... ဒါဆိုလဲ ၀က်မှီးကို သုံးမဲ ၊ ကျန်သူတွေက ၀က်မှီးဆိုရင် လက်ညှိုးထောင်”
ရေခဲညှပ်။ ။“သွားချင်တာသွား.. မြေနီကုန်း လမ်းကြားက ဖလန်း ဖလန်းလေးတွေ ထိုင်ငေးရတာပေါ့ ဟတ်ဟတ်”
ပိန်ဂိုးလ်။ ။ “အင်း..ဒါဆို မီးတို့ချည်းပဲ ပျင်းတယ်..၊ အမ ၀ါးဒီးကို ခေါ်လိုက်အုံးမယ်။ ပြီးတော့ ပန်ပန်လဲ ခေါ်မယ်..”
မှီ။ ။ “အင်းကောင်းတယ်.. ကောင်းတယ်..”
ဤသို့နှင့် အဆင့်မြင့် ဘလော့ကာအရာရှိ (ဘယ်နားရှိလဲတော့ မသိ) ဂျီးများ သည် အထူးထိပ်တန်း ဆုံးဖြတ်ချက်များကို ချမှတ်ရန် အလို့ငှာ ၀က်မှီးဆိုင်သို့ ချီတက်ကြလေသည် တမုံ့။
++++++++++++

ရေခဲညှပ်။ ။ “ဟေ့ဟေ့.. ပြောတော့ ၀က်မှီးဆို ဘယ်နှယ့် YKKO ကိုသွားနေကြတာလဲ”
တက်စ်တက်စ်က မချိုမချဉ် မျက်နှာဖြင့်..
တက်စ်။ ။ “ညှပ်ကြီးနှယ်.. ဒါက ထုံးစံလေကွာ... ပထမပိုင်းအစီအစဉ် အရ လေဒီဖက်တ် တွေ အတွက် လေဒီဖက်စ်၊ ကြေးအိုးစားကြမှာ၊ ဒုတိယ ပိုင်းကျတော့ ဟော.အီဖေကိုတို့ အထူးထိပ်တန်း ဆွေးနွေးပွဲလေ ငှက်ငှက်”
“အော် အဲ့ဂလိုလား..”
များမကြာမှီမှာပင် ပိန်ဂိုးလ်နှင့် မှီမှီ တို့၏ ပင့်ဖိတ်မှုအရ ဘလော့ကာမယ်တော်များ ဖြစ်သော ၀ါးဒီးအော့ခစ်၊ ပန်ပန်၊ တို့သည် ကိုယ်ပိုင် လက်ပ်တော့ ပျံကြီးများ စီးကာ အလျှိုလျှို ရောက်လာ ကြလေတော့သည်။

သို့နှင့် စားစရာများ အစုံအလင် မှာစားကြပြီးနောက် အရေးကြီးသော ထိပ်တန်း ဆွေးနွေးမှုများကို ပြုလုပ်ကြလေ၏။

မှီ။ ။ “ဟိုကိစ္စကြားပြီးပြီလား .. ”
ပိန်။ ။ “အေး ကြားပြီးပြီဟ အင်းနော် ..ဟုတ်သား အေး ဟုတ်ပါရဲ့အေ..”
မှီ။ ။ “ဟိုးထား.. ဘာမှ နာအကျောရသေးဝူးလေ..”
ပိန်။ ။“ဟုတ်ယား ချောတီး.. မှီမှီ”
ဝါးဒီး။ ။ “ဒီနေ့ တော်တော် လူစုံနေတာကိုး.. တို့လဲ တီကောင်တွေ အစာကျွေးနေတာနဲ့.. အစည်းအဝေးကို မလာဖြစ်တာ..”
ပန်ပန်။ ။ “ဝေါ့ထွီတွေ နကျောနဲ့လေဟာ...”
ဝါးဒီး။ ။ “ချောတီးဟာ..”
မှီ။ ။“ပြီးခဲ့တဲ့ တပတ်က နိုင်ငံတကာက အလိုရှိနေတဲ့ လူဆိုးဂျီး ကီးစိန် ဘလော့ကာ နိုင်ငံကို ရောက်နေ ပြီဆို.. အဲ့ဒါ ဟုတ်လား”

တက်စ် ။ ။“ကီးစိန်က သရဲတွေဘာတွေ မွေးတယ် ကြားထားတယ်.. အင်းဒီလိုဆို နာ ဖမ်းချင်နေတဲ့ သရဲတွေရဲ့ သဲလွန်စ ရနိုင်တယ်..”
တက်စ်တက်စ် ကတွေးတွေးစစနဲ့ ပြော၏။
“ဆရာတို့ ဘာသုံးဆောင်မလဲ မသိဘူးခင်ဗျ..”
“ကြေးအိုးအရောနှစ်ပွဲ ၀က်၊ ပြီးတော့ ကြက်တောင်ပံကင်၊ ကြေးအိုးဆီချက် ပွဲသေး”
သို့နှင့် တယောက်တပေါက် ၀ိုင်းမှာကြလေသည်။ ကျွနုပ်တို့ ၀ိုင်း၏ တ၀ိုင်းကျော်ရှိ အသားခပ်ညိုညို အင်္ကျီ အမဲရောင် ၀တ်ထားသော လူတယောက်သည် ဂဏ္ဍာမငြိမ်သော မျက်လုံးဖြင့် ကျွနုပ်တို့ ၀ိုင်းကို မကြာခဏ ကြည့်နေသည် ကို သတိထားမိလေသည်။ ထို့ကြောင့် ကျွနုပ်လဲ ခါးကြားမှ ရောင်ခြည် သေနတ်အား အသင့်အနေအထားဖြင့် ကိုင်ဆောင်ထားလိုက်လေသည်။ တယောက်တပေါက် မှာကြပြီးနောက် စားပွဲထိုးသည် မီနျူးမှတ်သော မှတ်စုတိုလေးပေါ်တွင် မှတ်နေရင်း ဘောပင်မင်ကုန်သွားပုံရကာ ထိုဘောပင်အား အိပ်ကပ်ထဲ ထည့်လိုက်ပြီး အခြားဘောပင် တချောင်းအား ဘောင်းဘီအိပ်ကပ်ထဲမှ နှိုက်လိုက်သည်။

“ဆောရီး ဘောပင်က မှင်ကုန်သွားပြန်ပြီ၊ နားကားတာပဲ..”

ထို့နောက် ၎င်းသည် ဘောပင်အား ကလစ်၂ချက်နှိပ်လိုက်၏။ ထိုစဉ်

“အားလုံး သတိ ..ရန်သူ....”
ကျွနုပ်ထင်ထားသည့် အတိုင်း မမျှော်လင့်သော အခြေအနေ တခု ဖြစ်ပေါ်လာ၏။ ကျွန်ုပ်တို့ ၀ိုင်းအား မကြာခဏ ကြည့်နေသော ပုဂ္ဂိုလ်သည် အသံနက်ကြီးဖြင့် သတိပေးကာ တမုဟုတ်ခြင်း ဂျွမ်းပစ်ကာ ကျွနုပ်တို့ ၀ိုင်းသို့ ရောက်လာလေသည်။ ထို့နောက် စားပွဲထိုးသည် ဘောပင်ထဲမှ အလုံးတခု ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်လေတော့သည်။

“ဖွတ်.....ရှူးးးးးးးး....”
မီးခိုးလုံးများ ကျွန်ုပ်တို့ ၀ိုင်းအနီးတွင် မွှန်ထူသွား၏။
“ဟဟ.. ဘာဖြစ်တာတုန်းဟ..အဟွတ်..အဟွတ်..”
“မလှုပ်နဲ့...”
ကျွန်ုပ်က အကျီအမဲနှင့် ဂျွမ်းပစ်လာသောသူကို လေဆာသေနတ်ဖြင့် ချိန်တွယ်ထားလိုက်သည်။ သို့သော် ထိုသူက ကျွန်ုပ်ချိန်ရွယ် ထားသည်ကို မမှုဟန်ဖြင့်
“တော်သေးတယ်ဗျာ.. ၀န်ကြီးတို့ ဘာမှမဖြစ်တာ... တော်တော်လဲ လျှင်တဲ့ ငနဲပဲ.. လက်မတင်လေး လွတ်သွားတယ်..”
မီနျူးမှတ်နေသော စားပွဲထိုးကား ရုတ်ခြည်းဆိုသလို ပျောက်သွား၏။
ကျွန်ုပ်က
“ခင်ဗျား ဘယ်သူလဲ...”
ဂျိမ်းကျော်ကြီး။ ။ “လီလီ မင်းသေနတ်ကို ချထားလိုက်ပါ..၊ သူက ငါတို့ လူပဲ”
“ဟုတ်ကဲ့. ကျွန်တော် အထူးစုံစမ်းရေး ဌာနက အကြီးတန်းစုံထောက် မိုးလှိုင်ညပါ.. ”

မှီမှီ။ ။ “အောင်ညတ်လေး အလန့်ထညက်ရှိလိုက်တာ.. ကံသီပေလို့...”

တက်စ်တက်စ်။ ။“ ကီးစိန်မှန်း မသိလိုက်ရတာ နာတယ်ဗျာ...နို့ ကိုမိုးလှိုင်ညက ကီးစိန်မှန်း ဘယ်လိုသိတာတုန်း”

မိုး။ ။ “ဒါကတော့ လွယ်ပါတယ်.. ကီးစိန်သုံးနေကျ စကားရှိတယ်လေ.. နားကားတယ် ဆိုတာပေါ့.. အဲ့ဒိအသံကြားလိုက်တော့ ကျွန်တော်လဲ မှတ်မိသွားပြီး သူ့ကို အပိုင်ဖမ်း မလို့ပဲဗျာ.. ကံဆိုးချင်တော့ ဒီလူက ကျွန်တော့် လှုပ်ရှားမှုကို မြင်သွားတယ်..”
ယနေ့တော့ ကျွန်ုပ်တို့ ၀န်ကြီးအားလုံး ဒူးတိုက်ဆွေးနွေးမည့် ဒုတိယပိုင်း အစီအစဉ်အား လုံခြုံရေး အခြေအနေ အရ လက်လျှော့လိုက်ရလေတော့သည်။ ဘာမှ မမှာစားလိုက်ရပဲ တကူးတက လက်ပ်တော့ပျံကြီးများ စီးလာကြသော ၀ါးဒီးနှင့် ပန်ပန်တို့ကတော့ မကျေမနပ်နှင့် ပြန်သွားကြသည်။
“ဟွန်း.. ကြေးအိုးလေးများ စားရမလား လာတယ်..၊ မသေတာ ကံကောင်း။ တော်ပြီ အိမ်မှာပဲ ဒေါင်းလုပ်ဆွဲပြီး စားတော့မယ်...” ဟုဆိုကာ လက်ပ်တော့များ အပြင်းနှင်၍ ပြန်သွားကြလေတော့သည်။
“ဘရွန်း... ဘရွန်း..”
+++++++++++++++
ဆက်ရန်.....

Read Users' Comments (7)

အခမဲ့အင်တာနက်သင်တန်းဖွင့်လှစ်



ဒီနေ့ မြောက်ဒဂုံမြို့သစ်က Hero Cyber Cafe မှာ အခမဲ့ အင်တာနက် အသုံးပြုနည်း သင်တန်းကို ဖွင့်လှစ်သင်ကြား ပေးခဲ့ပါတယ်။ ဒီသင်တန်းကို ကိုဇော်ဇော်နဲ့ ကျွန်တော်တို့ရဲ့ isme group ကနေ အခမဲ့ ဖွင့်လှစ်သင်ကြားပေးတာ ဖြစ်ပါတယ်။ သင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ယနေ့ လူငယ်တွေဟာ အင်တာနက်ကို အသုံးပြုနေကြ ပေမယ့် အများအားဖြင့် သေချာ မသုံးတတ်ကြသေး သူတွေများပါတယ်။ ဒီတော့ ကျွန်တော်က သူတို့ကို အင်တာနက်မှာ Search Engine ကို နိုင်နင်းစွာ အသုံးပြုနည်းတွေ၊ အင်တာနက် ၀က်ဘ်ဆိုက်တွေ ပေါ်ကနေ ဒါမှမဟုတ် ၀ီကီတွေကနေ မိမိလိုချင်တဲ့ အချက်အလက်တွေကို ဘယ်လို တူးဆွ ရမလဲ ဆိုတာတွေ ကျွန်တော် တတ်သလောက် သင်ပေးသွားမှာပါ။ သင်တန်းက ၅ရက်သင်တန်းပါ..။ ငါးရက်ထဲနဲ့ ပြည့်စုံမယ်လို့တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ သင်ပေးလိုက်တဲ့ သင်တန်းသားတွေထဲက ရာခိုင်နှုန်းအနည်း အားဖြင့် သူတို့ ခေါင်းထဲမှာ အော် အင်တာနက်မှာ ဒီလို အဖိုးတန်အကြောင်း အရာတွေကို ရယူနိုင်ပါသေးလား၊ ဒီလို အခွင့်အလမ်းတွေကို ရှာဖွေနိုင်ပါလား ဆိုတာ သိသွားရင် သူတို့ကနေ တဆင့် ပြီးတဆင့် လက်ဆင့်ကမ်းပေး နိုင်မယ် ဆိုရင် (အနည်းဆုံး သူ့သူငယ်ချင်းတွေကို ပြန်လမ်းညွှန်ပြ ပေးနိုင်မယ် ဆိုရင်) ကျွန်တော်တို့ အခမဲ့ သင်ရကျိုး နပ်ပါပြီ။ နောက်များမှာလဲ အလျင်းသင့်သလို ဖွင့်သွားဖို့ ရှိပါတယ်။ ကိုယ်တိုင် ဆရာလုပ်ကြည့်မှ ပီတိကို စား အားရှိတယ် ဆိုတဲ့ စကားရဲ့ အနှစ်သာရ ကို သိတော့တယ်ဗျာ။ ကိုယ့်လူတို့လဲ မိမိပတ်ဝန်းကျင်လေး တိုးတက်အောင် အုပ်တချပ် သဲတပွင့် ပါဝင် ကူညီနိုင်ကြပါစေ ခင်ဗျာ။

Read Users' Comments (4)

သူမလေးသို့ အသိပေးခြင်း

ကျွန်တော်ကိုယ်က လိုအပ်နေသေးတာလား
သူမဟာ ကျွန်တော် မသိတတ်သေးတဲ့ ဆင်ဖိုနီတပုဒ်
ပြီးတော့ ကျွန်တော် မဖတ်တတ်သေးတဲ့ ဘာသာစကား...
ကျွန်တော် မဖွင့်ဆို တတ်သေးတဲ့ ခက်ဆစ်တပုဒ်
ပြီးတော့... ကျွန်တော့်အတွက် အဝေးက ကြယ်...
သူမလေးရေ....
ငါဟာ အညံ့စား ကောင်တကောင်ရယ်ပါ..
ငါဟာ လမိုက်ညပါ..
ငါက ညစ်ထေးနေတဲ့ သင်ပုန်းတချပ်ပါ..

    သူမလေးရေ..
    ချစ်စရာ ကောင်းတဲ့...ဒါမှမဟုတ်..
    အူလှိုက်သဲလှိုက် သူမလေးရေ....

မင်းပုံပြင်တွေကို ငါ အများကြီး မသိပေမယ့်...
မင်းရဲ့ ဗေဒတွေ ငါ မသိနိုင်သေးပေမယ့်....
မင်းဟာ...ငါ့နံရိုးတချောင်း ဟုတ်မဟုတ် မသေချာပေမယ့်လည်း
ငါလေ....
ဟောဒိ သောက်ရူးကောင်ကလေ....
“အရမ်း.....ချစ်နေတယ်....”ကွယ့်...။

Read Users' Comments (6)

Introduction

အနုပညာ မတောက်တခေါက်ရှိ၊
ရံဖန်ရံခါ ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိ၊
မသပ်မရပ် ရယ်သံတွေရှိ၊
ခပ်ရွတ်ရွတ် ဥာဉ်တွေရှိ၊
အပေါင်းအသင်း ဗုံးပလောအော ရှိ၊
အိမ်ရှိယာရှိ၊
အမေ၊ အဖေ၊ ညီမလေး ရှိ၊
ကိုယ်အလေးချိန် ပေါင် ၁၈၀ ရှိ၊
အလွမ်းဓာတ်ခံရှိ၊
အသံကြောင်နေသော ဂစ်တာတလက်ရှိ၊
ပျင်းတိပျင်းတွဲ P4 ကွန်ပြူတာ တလုံးရှိ၊
ကိုယ်တိုင်ရေး ခပ်ညံ့ညံ့ လက်ရာတွေရှိ၊
ရည်းစားမရှိ... အချစ်တွေရှိ၊
ကြီးပွားရေး အိပ်မက်အကောင်းစားတွေ ရှိ၊
ကြွားနေတာ မဟုတ်ဘူးပါဘူးဗျ...
ကျွန်တော်လေ.. မင်းယွန်းသစ်ပေါ့...။

Read Users' Comments (0)

အရှုပ်တွေလုပ်..အလုပ်တွေရှုပ်

ခုတလော ဘာစာမှမရေး ဖြစ်ဘူး ဖြစ်နေတယ်ဗျာ.။ လူလဲ မအားတာလဲ ပါပါတယ်။ အခုရက်ပိုင်း ရေးတာထက် စာဖတ်တာ ပိုများနေတယ်။ စာဆိုလို့ ကျောင်းစာက နည်းနည်း ဟိုတို့ဒီတို့၊ အပြင်စာက ပိုများနေတယ်လေ..အီးဘွတ်ခ်တွေလဲ ဒေါင်းလုပ်ဆွဲထားတော့ စိမ်ပြေနပြေ ထိုင်ဖတ်ဖြစ်နေတယ်ဗျာ။ :) အီးဘွတ်ခ်တွေကို တကူးတက ဖန်တီးပေးထားတဲ့ အာစရိများကိုလဲ ကျေးဇူး အထူးတင်တယ်ဗျာ..။ အပြင်မှာ ရှားနေတဲ့ စာအုပ်လေးတွေ တော်တော်များများ ရလို့ အရမ်းကို ကျေးဇူးတင်မိတယ်။ အဟဲ နောက်တခုက ကျွန်တော် စာရေးဖို့ အပျင်းတက်နေတာလဲ ပါတာပေါ့ဗျာ..။ အဟဲ ဘလော့လေးနဲ့ ရက်သတ္တပတ် အနည်းငယ်လောက် အ၀င်ကျဲပါးနေအုံးမယ်နော့။ အားလုံး ဆီးယူ..:P

Read Users' Comments (2)

ရွှေတိဂုံဘုရားသွားဖူးခြင်း

ရန်ကုန်မှာနေပြီး ရွှေတိဂုံဘုရားကို တလတခေါက်တောင် မရောက်ဖြစ်တာ များတယ်ဗျ။ နယ်က လူတွေသာ တကူးတက လာနေရတာ။ ကျွန်တော်တို့များ နေ့တိုင်း မြို့ထဲထွက်တော့ သုံးလမ်းဘက်ကသွားတိုင်း အမြဲကို ကပ်ကျော်သွားနေကြတာ။ တနေ့ကတော့ မေမေနဲ့ မနက်စောစော ရွှေတိဂုံဘုရား ရောက်ဖြစ်ခဲ့တယ်။ အခုတလော ကျွန်တော့် ဓာတ်ပုံလှုပ်ရှားမှု ဆောင်းပါးလေးတွေ မတင်ဖြစ်လို့ တင်ပေးလိုက်တယ်နော့။ (JXD လေးနဲ့ ရိုက်ထားတာပါ)

တောင်ဘက်မုခ်

ထမနဲပွဲရှိတယ်တဲ့ ကျွန်တော်တောင် လှူခဲ့သေးတယ်။ အလှူငွေကို ရေးထားတာ ကျွန်တော် ရမ်းသရူးဖတ်လိုက်တော့ ထမနဲ တဒယ်ကို ၂၀၀၀ တဲ့ ဟာဒါဆို ငါလှူလိုက်အုံးမယ်ဆိုတော့ သေချာပြန်ဖတ်ကြည့်မှ တိန်.... ၂၀၀၀၀ ဖြစ်နေတာကိုး အဟီး လက်ထဲ အဲ့လောက် မပါတာနဲ့ ပါသလောက်လေး နဲ့ လှူလိုက်တယ်။ :)

ပြုပြင်ဆဲရွှေတိဂုံစေတီတော်

ဘုရားဖူးလာ ရဟန်းရှင်လူများ



နေ့အလိုက်ဝတ်ရွတ်အသင်းက သံပြိုင်ရွတ်ဆိုနေကြစဉ်

အောင်မြေ

အောင်မြေကနေ စေတီတော်ကို လှမ်းရိုက်ထားတာဗျ.. နေက အလယ်ဝတ်ဆံမှာ အမဲဖြစ်သွားတယ်။ နေကို ဓာတ်ပုံရိုက်ရင် အဲ့လိုပဲ ဖြစ်လားတော့ မသိဘူး။

ဆယ်တော်မူဘုရား


Read Users' Comments (4)

ရီဝေေ၀ကဗျာ(မင်းယွန်းသစ်+သူရဿဝါ)

ဤကဗျာအား.. ယနေ့ညတွင် ရီဝေစွာ အွန်လိုင်းသုံးရင်း ရေးဖွဲ့ခဲ့ကြပါတယ် ဒန့်..တန့်.တန့်..။
ရီဝေေ၀ကဗျာ (မင်းယွန်းသစ်)



တနင်္ဂနွေအမြည်းက.. အနက်ရောင်ညခင်းထဲ ဒယီးဒယိုင်လျှောက်လို့..
လသာပေမဲ့… လမသာခဲ့တဲ့..ကျွန်တော့်ညတွေထဲ…
ဘ၀က ကွန်စွန်းပလိန်းဆန်စွာ…. လိုက်ဖက်မညီပေမယ့် လိုက်ဖက်ညီနေခဲ့တယ်…
တခါတရံတော့… မူးတွတ်ရီဝေစွာ. အမှန်တရားတွေ… ရွတ်ဆိုခဲ့မိရဲ့….
ဖန်တရာတေနေတဲ့… စကားလုံးအေးခဲတွေက… ချို့ငဲ့တဲ့ ရင်ခွင်ဖန်ခွက်အတွက်..
အကောင်းဆုံး မိတ်ဖက်တွေပါပဲ..
အသပြာမရှိ… ဂုဏ်မရှိ.. အနုပညာသက်သက်… လမ်းမတွေမှာ ဘယ်တော့မှ လမ်းမပျောက်ခဲ့တဲ့ငါပါ..
ယုံချင်ယုံမယုံချင်နေပေါ့…
ကျွန်တော်ဟာ…. အကောင်းစား.. ဥတုတွေ..သွန်းဖြိုးခဲ့ဖူးတယ်..



မင်းယွန်းသစ်



ရီဝေေ၀ကဗျာ (သူရဿဝါ)



စိတ်ထဲမှာ ကာလာဘလိုင်း

ကဗျာက ရေခဲခွက်ထဲက ထွက်ကျလာတယ်

ရီဝေေ၀အတွေးက မှုန်မှုန်မှိုင်း

ဟား . . . ငါရိုင်းချင်ရိုင်းနေလိမ့်မယ်

အခုအချိန်မှာ

ကမ္ဘာ့အရေးကိစ္စတွေမသိ

လူမှုရေးမသိ၊ ပရီးမီးယားလိဂ်မသိ

ရပ်ကွက်ထဲကကောင်မလေးကိုမသိ

စံတော်ချိန်ညရှစ်နာရီမှာ ငါဟာ . . .

ရီဝေေ၀လူတစ်ယောက်သာ ဖြစ်ရဲ့

ကောင်မလေးရေ . . . အမေရေ . . .

ကျနော့်စာကြောင်းတွေလွတ် လွတ်သွားတယ်

မြင်နေသမျှ ကြယ်ရောင်လရောင်က ငါ့ခေါင်းပေါ်ညွတ်ကျ

ဘာကဗျာတစ်ပုဒ်မှ ရွတ်မရဘူး

ဟောဒီမှာ . . . ရီဝေေ၀တွေ လွင့်နေသော ရီဝေေ၀ကဗျာ။



သူရဿဝါ


Read Users' Comments (1)comments

၂၀၀၇ခုနှစ် အကယ်ဒမီပေးပွဲ



၂၀၀၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ)ဆုချီးမြှင့်သည့် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြင့်မာလာရုပ်ရှင်ထုတ်လုပ်ရေးမှ ဝတ္ထုဇာတ်ညွှန်းနှင့် ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင်၏ “ကိုးဆယ်ဆသာလိမ့်မယ်” ဇာတ်ကားမှာ အကယ်ဒမီဆုများစွာဖြင့် အောင်ပွဲခံခဲ့သည်။ “ကိုးဆယ်ဆသာလိမ့်မယ်” ဇာတ်ကားဖြင့် အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုနှင့် အကောင်းဆုံး တေးဂီတဆုတို့ကို ဆွတ်ခူးရရှိခဲ့ ကြောင်း သိရှိရပါတယ်။ ဒီနှစ်ဟာ တော်တော် ထူးခြားပါတယ်။ တကားထဲကို အကယ်ဒမီငါးဆုတောင် ရခဲ့သလို ထူးထူးခြားခြားပဲ ဒီနှစ်မှာ ရတဲ့ အကယ်ဒမီမှာ အမျိုးသမီးသရုပ်ဆောင်ဆု တွေ မပါခဲ့ပါဘူး။ အမျိုးသားတွေချည်းပါပဲ။



၂၀၀၇ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အတွက် စာရင်းဝင်သော ဇာတ်ကား ၁၀ကား ရှိခဲ့ပါတယ်။
၁။
ရုပ်ရှင်အမည် - ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ
ထုတ်လုပ်ရေး - ပြည့်ဖြိုးမြတ်
ဒါရိုက်တာ - ထွန်းအောင်ဇော်
ဇာတ်ညွှန်း - ခင်မောင်ကျော်၊ မြမြင့်မိုရ်၊ မြတ်ဆွေ
သရုပ်ဆောင် - ကျော်သူ၊ ကျော်ရဲအောင်၊ လူမင်း၊ ညွန့်ဝင်း၊ မျိုးသန္တာထွန်း၊ နန္ဒလှိုင်

၂။
ရုပ်ရှင်အမည် - ကက်ကင်း
ထုတ်လုပ်ရေး - ပေပါမွန်း
ဒါရိုက်တာ - မောင်မျိုးမင်း(ရင်တွင်းဖြစ်)
ဇာတ်ညွှန်း - ငြိမ်းမင်း
သရုပ်ဆောင် - ဒွေး၊ ကျော်ရဲအောင်၊ ရန်အောင်၊ နန္ဒလှိုင်၊ မေသဉ္ဇာဦး

၃။
ရုပ်ရှင်အမည် - အမေနှင့် သမီးများ
ထုတ်လုပ်ရေး - ဖြိုးနှင့်မင်း
ဒါရိုက်တာ - ဓာတ်ပုံ အဏ်ထော်ဏီ
ဇာတ်ညွှန်း - ငြိမ်းမင်း
သရုပ်ဆောင် - ရန်အောင်၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်

၎။
ရုပ်ရှင်အမည် - ကျွန်တော့်ချစ်သူပြောသော သူ့ချစ်သူအကြောင်း
ထုတ်လုပ်ရေး - လှိုင်
ဒါရိုက်တာ - မီးပွား
ဇာတ်ညွှန်း - အကြည်တော်
သရုပ်ဆောင် - လွင်မိုး၊ ခန့်စည်သူ၊ နန္ဒာလှိုင်၊ ပုလဲဝင်း

၅။
ရုပ်ရှင်အမည် - ဒီကောင်ဘယ်သူတုန်း
ထုတ်လုပ်ရေး - ကန်းထရီးစတား
ဒါရိုက်တာ - ညီညီထွန်းလွင်
ဇာတ်ညွှန်း - အက်ဆစ်၊ သြရသ
သရုပ်ဆောင် - နေတိုး၊ မော့စ်၊ အိန္ဒြာကျော်ဇင်

၆။
ရုပ်ရှင်အမည် - ကိုးဆယ်ဆသာလိမ့်မယ်
ထုတ်လုပ်ရေး - မြင့်မာလာ
ဒါရိုက်တာ - မြို့တော်မောင်ယဉ်အောင်
ဇာတ်ညွှန်း - မြို့တော်မောင်ယဉ်အောင်
သရုပ်ဆောင် - ကျော်ရဲအောင်၊ ရန်အောင်၊ နန္ဒလှိုင်

၇။
ရုပ်ရှင်အမည် - ဝင်္ကပါအခြစ်နှင့် သူ၏ချစ်ကိုကို
ထုတ်လုပ်ရေး - ဖီးနစ်
ဒါရိုက်တာ - သိန်းဟန်(ဖီးနစ်)
ဇာတ်ညွှန်း - အကြည်တော်
သရုပ်ဆောင် - မင်းမော်ကွန်း၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ သင်ဇာဝင့်ကျော်

၈။
ရုပ်ရှင်အမည် - မိုးပေါ်ခုန်တက် ကလိုက်ချင်ပါတယ်
ထုတ်လုပ်ရေး - ကျော်ဇေ
ဒါရိုက်တာ - ညွန့်မြန်မာညီညီအောင်
ဇာတ်ညွှန်း - ငြိမ်းမင်း
သရုပ်ဆောင် - နေတိုး၊ ထွန်းထွန်း၊ ရဲလေး၊ အိန္ဒြာကျော်ဇင်၊ မြတ်ကေသီအောင်

၉။
ရုပ်ရှင်အမည် - ရင်နင့်အောင်မွှေး
ထုတ်လုပ်ရေး - မျိုး
ဒါရိုက်တာ - မောင်ဝဏ္ဏ
ဇာတ်ညွှန်း - မြင့်အောင်
သရုပ်ဆောင် - လွင်မိုး၊ မျိုးသန္တာထွန်း၊ နဝရတ်၊ နွဲ့နွဲ့မူ

၁၀။
ရုပ်ရှင်အမည် - ဓမ္မာသောက အင်းဝရာဇာ
ထုတ်လုပ်ရေး - လှိုင်
ဒါရိုက်တာ - အောင်မင်းသိမ်း
ဇာတ်ညွှန်း - အောင်မင်းသိမ်း
သရုပ်ဆောင် - လူမင်း၊ နန္ဒလှိုင်၊ မိုးဒီ၊ ချိုပြုံး

အထက်ပါကားများမှ ငါးကားခန့်မှာ ဟာသကား များဖြစ်ကြပါတယ်။ (ရုပ်ရှင်စီစစ်အကဲဖြတ်ရေး ပေါ်လစီအရ ဟာသကားများကို အကယ်ဒမီပေးလေ့ မရှိပါဘူး။) ကျန်ငါးကားထဲမှ ၂ကားဖြစ်တဲ့ ကိုးဆယ်ဆသာလိမ့်မယ် နှင့် ငါးသွေး၊ ငါးဓား၊ ငါ့ဧရာဝတီ ဇာတ်ကား ၂ကားသာ ဆုတွေချိတ်ခဲ့ပါတယ်။ ဆိုတော့ မြန်မာကားများ ထူးချွန်ဆုရဖို့ အရည်အသွေးရော၊ အရေအတွက်ပါ လိုအပ်နေပြီလား စဉ်းစား စရာပါခင်ဗျာ။

(အောက်ပါ ပုံများအား ပလန်းနက် ဆိုက်ဒ်မှ ကိုးကား ထားခြင်း ဖြစ်ပါတယ်။)


အကယ်ဒမီည မြင်ကွင်း



အမျိုးသားသရုပ်ဆောင်ဆုရ ကျော်ရဲအောင်

အမျိုးသား ဇာတ်ပို့ဆုရ ဦးမိုးဒီ

ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားထဲမှ ကျော်ရဲအောင်နှင့် နန္ဒာလှိုင်တို့၏ သရုပ်ဆောင်ဟန်

ကိုးဆယ်ဆသာလိမ့်မယ် ဇာတ်ကားမှ ဦးမိုးဒီ၏ သရုပ်ဆောင်ဟန်

၂၀၀၇ခုနှစ်အတွက် ရရှိခဲ့သော ရုပ်ရှင်ထူးချွန်ဆုများ-
ဇာတ်ကားဆု - ကိုးဆယ်ဆသာလိမ့်မယ် (မြင့်မာလာ ရုပ်ရှင်ထုတ်လုပ်ရေး)

ဒါရိုက်တာဆု - မြိုတော်မောင်ယဉ်အောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင် (ကိုးဆယ်ဆသာလိမ့်မယ်)

အမျိုးသားဇာတ်ပို့ဆု - မိုးဒီ (ကိုးဆယ်ဆသာလိမ့်မယ်)

ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ (ပဒေသာ) (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)

ရုပ်ရှင်တေးဂီတဆု - စိန်မွတ်တား (ကိုးဆယ်ဆသာလိမ့်မယ်)


အကယ်ဒမီသတင်း အပြည့်အစုံနဲ့ အကယ်ဒမီည ဖက်ရှင်များကို ကြည့်ချင်ရင်တော့ အောက်ပါလင့်ခ်များတွင် သွားရောက် ဖတ်ရှုနိုင်ကြပါတယ်။
အကယ်ဒမီသတင်း
အကယ်ဒမီဖက်ရှင်နှင့် အကယ်ဒမီအကြောင်းစုံစုံလင်လင်



Read Users' Comments (2)

The Future Countreeeeee....

ဤသီချင်း ၏ သံစဉ်သည် နေတိုး၊ ရဲလေး၊ မိုးမိုးတို့၏ နှင်းဆီသခင်အငြိမ့်မှ အာ..ဟာ ဟုတ်လဲ ဟုတ်ပဲနဲ့ သံစဉ်အား မှီးယူ ရေးသား ထားခြင်း ဖြစ်ပါကြောင်း...


A           Dbm            Bm           E
နိုင်ငံသစ်ကြီး တည်ဆောက်တဲ့အခါ တိုးတက်စည်ပင်ဝပြောမယ်..

အိုလျှပ်စစ် မီးလဲမှန်ပမယ် အင်တာနက်လဲ ကိုနက်ရှင် သိပ်ကောင်းမယ်....

A           Gbm           Bm           E
(အား.. ဟား... ဒန့်.တန့်.ဒန့်.တန့်.ဒန်)


ကုန်ဈေးနှုန်းများ ကျဆင်းမယ် လူတိုင်းဝင်ငွေလျှံကြတယ်...

ထမင်းရေ ချောင်းစီးမောင်းတီးမယ်. တယ်လီဖုန်းတွေလဲ ကိုယ်စီကိုင်ရမယ်..

(အား...ဟား.. ဒန့်.တန့်.ဒန်.တန့်.ဒန့်)


မိုးပျံလမ်းများ တည်ဆောက်လို့ရယ်.. မြေအောက်ရထားလဲ ဆွဲပါမယ်

ဈေးကွက်စီးပွား ဖွံ့ထွားမယ် အာရှကျားကြီး အမှန်တကယ် ဖြစ်လာမယ်.

(အား...ဟား.. ဒန့်.တန့်.ဒန်.တန့်.ဒန့်)


သမ္မတကြီး အလွန်ဖြောင့်တယ် ကျောသားရင်သား မခွဲပါတယ်...

အဂတိလိုက်စား အလွန်ရှင်းတယ် ရှာမှရှားတဲ့ နိုင်ငံတော်ကြီးပါပဲ..

(အား...ဟား.. ဒန့်.တန့်.ဒန်.တန့်.ဒန့်)


Read Users' Comments (5)

အရေးပေါ်

အိပ်မက်ဆိုးတွေနဲ့.. လန့်နိုးတော့..
ယောင်ယမ်းပြီး .. အဲဒိမျက်နှာပြင်ပေါ် လမ်းလျှောက်ခဲ့...
ဟောဒိ အောက်ဘက်ကို ငုံ့ကြည့်လိုက်ရင်
ဂြိုလ်ပြာကြီးက ပတ်တီးဗရပွနဲ့…
မုန်တိုင်းတွေ ပစ်စလတ်ခတ်.
စစ်ပွဲတွေ ၀ုန်းဒိုင်းကျဲ..
ရောဂါပေါင်း သောင်းခြောက်ထောင်…
သူ့ခန္ဓာကို လှုပ်ရှားပြီးရင်း လှုပ်ရှားခံရ...
ပြီး.. ဆို့နင့်စရာ.. ငိုသံယိုသံတွေနဲ့…
“ဟား..........”
ဟေ့လူတွေ..
ကမ္ဘာကြီးကို ဆေးရုံလေးဘာလေး ပို့ကြပါအုံး..။


Read Users' Comments (1)comments

နင်ဟာ.. ငါ့အတွက်တော့

အဝေးက ကြယ်ကို မျှော်ကြည့်ဆဲ...
ငါဟာ ခရီးသွားတယောက်ရယ်ပါ..
မမျှော်လင့်ရဲပေမယ့် မျှော်လင့်ရဲနေတယ်...
ကိုယ့်အိပ်မက်ကို ပြန်ရှုာရင်း..
ငါဟာ လွမ်းဒဏ်သင့်သူလဲ ဖြစ်ပါရဲ့..
ကောင်လေးရေ....
နင်မသိသေးပေမယ့် ငါပျော်တယ်...
နင်လက်သင့်ခံမခံ မရေရာ ပေမယ့်..
ငါလေ.. ပုန်းဝှက်စွာ ချစ်တယ်....
ဘာပဲဖြစ်ဖြစ်ပေါ့... ကောင်လေးရယ်...
နင်ဟာ ငါ့ခရီးအတွက်တော့ လမ်းပြကြယ်...။

(ဟုတ်ကဲ့ တမျိုးတမည် မထင်သွားနဲ့အုံး အဟတ်.. ကျွန်တော့် သူငယ်ချင်းမ အတွက်ရေးပေးတဲ့ ကဗျာဆိုတာ ဒီတပုဒ်ပဲ.. ဘယ်ဆိုက်မှာတွေ့ရင် ဖြစ်ဖြစ်.. ဒါကျွန်တော့် လက်ရာလို့ မှတ်ပါ.. :D)

Read Users' Comments (2)

မပြောချင်တော့ဘူး

အွန်လိုင်းကနေ သိတဲ့ သူငယ်ချင်းမ တယောက် သူ့ရည်းစားကို ပေးဖို့ ဗယ်လင်တိုင်းကဗျာ ရေးပေးပါတဲ့။ တဘက်သက် သဘောမျိုးရေး ပေးပါတဲ့။ ကျွန်တော်လဲ ကုသိုလ်ရပါတယ် ဒါမျိုးက ဆိုပြီး စေတနာ ထားပြီးရေးပေးလိုက်တယ်..။  ဒါပေမယ့် သူက ကျွန်တော့်ကဗျာကို ဘယ်ရည်းစားကိုမှ မပေးပါဘူးဗျာ..။ တခြားဆိုက်တခုမှာ ခပ်တည်တည်နဲ့ ပြန်တင်ထားတယ်တဲ့ လာပြောတယ်..။ ကျွန်တော် အံ့သြသွားတယ်..။ ကျွန်တော်ကိုယ်တိုင် ရှဲဒိုး ရေးပေးမိသလို ဖြစ်သွားတယ်..။ ကျွန်တော် သူ့ကို ဒီလို မလုပ်ဖို့ ပြောတယ်..။ သူကတော့ ကျွန်တော့် နာမည်ပြန်ထည့်ပေးပါမယ် တဲ့..။ မသိလို့ပါတဲ့ ဘာပဲဖြစ်ဖြစ် စိတ်အချဉ်ပေါက်သွားတယ်ဗျာ.. ။ စေတနာကို မလေးစား သလို အနုပညာကိုလဲ စော်ကားသလိုပဲ..။ တော်ပြီ မှတ်သွားပါပြီ ကျွန်တော် ဘယ်သူ့ကိုမှ ကဗျာတွေ လက်ဆောင် အဖြစ် မရေးပေးတော့ဘူး။ ဟူးးးး မပြောချင်တော့ဘူး..ဗျာ...။

Read Users' Comments (6)

ခေါင်းကျပ်ကြီး

လှထွန်း တစ်ယောက် ညကင်း ကျသဖြင့် အကျပ်ရိုက်နေလေသည်။ ခါတိုင်း သူ့ဆရာ တပ်ကြပ်ကြီး ရှိတုန်းက ဆို ညနေခင်းပိုင်း သူ့ဆရာကို ဘီအီး တလုံး တည်လိုက်ရင် ညကင်းစောင့် ရမည့် အစား ရုံးခန်းက အဖွဲ့များဖြင့် အေးအေး လူလူ ဂျူတီကျတတ်သည်။ အခုတော့ သူ့ဆရာကား လွန်ခဲ့သော တပတ်က ပင် တခြားနယ်မြို့သို့ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။ မသွားခင် သူ့ကို ကြက်ခြံ ၌ တာဝန်ချထားပေးခဲ့သည်။ ဖြစ်ချင်တော့ ကြက်ခြံမှာ သူနှင့် အတူတူ လုပ်ရသော တပ်သားမင်းမင်းမှာလဲ သူ့ကဲ့သို့ပင် သတ္တိခဲဖြစ်သည်။ သတ္တိခဲဆိုတော့ တကယ် မထင်လိုက်ပါနှင့် နှစ်ဦး စလုံး သရဲကို အလွန်ကြောက် တတ်သူများဖြစ်ကြသည်။

သူတို့သည် ညနေ ကြက်ခြံသိမ်းချိန်ပြီးသည်နှင့် ကြက်ခြံကို သေချာ သော့ခတ် ခဲ့ပြီး အလင်းရောင်ရှိသေးသော ညဦးပိုင်းမှ လွဲ၍ ညပိုင်း လုံးဝပင် ခြေဦးမလှည့်ကြပေ။ အကြောင်းမှာ ၀ဲကျော်( နာမည်အရင်းက ရဲကျော်)က သူတို့ အလုပ်လုပ်သော ကြက်ခြံနားတွင် ညညဆိုလျှင် ခွေးများ အူသံကြားကြောင်း သူ့အိမ်ဘက်က ကြက်ခြံဘက် လှမ်းကြည့်လျှင် ကြက်ခြံ၏ ခေါင်မိုးထက်၌ မဲမဲအရာ တခုသည် အမြဲ လွင့်နေတတ်ကြောင်း ပြောထားခြင်း ကြောင့် ဖြစ်သည်။ ထို့ပြင် ထိုမဲမဲ အရာသည် ညဘက်ညဘက် အလွန် နာမည်ကြီးနေသော သရဲခြောက်သည်ဆိုသော တောင်ဘက် ကင်းမျှော်စင်မှ သရဲကြီး ဖြစ်ကြောင်း စသည်ဖြင့် ပြောသံကြားထား လေရာ ၎င်းတို့၂ယောက်မှာ ညပိုင်းဆိုလျှင် ထိုကြက်ခြံဘက်သို့ ယောင်လို့ ပင် ခြေဦး မလှည့်ဝံ့ကြပေ။

လှထွန်းသည် တခါက လူပျိုအဆောင်တွင်နေတုန်း အခန်းဖော်မှ သူ့ကို သရဲအယောင်ဆောင် စ ရာ ကြောက်ကြောက်နှင့် ခေါင်းရင်းမှ နံပါတ်တုတ်ဖြင့် အားကုန်လွှဲရိုက်ရာ ထိုအခန်းဖော်မှာ မနည်းလွတ်အောင် ပြေးခဲ့ရသည်။ ပြီးနောက် အခြားအခန်းများမှ လာကြည့်သောအခါ လှထွန်းမှာ ကြောက်လွန်း၍ တကိုယ်လုံး တုန်နေပြီး ပုဆိုးတခုလုံးလဲ သေးများပင် ရွှဲရွှဲစိုနေလေတော့သည်။ ထို့ကြောင့်ပင် လှထွန်းအား ဗန္ဓုလသားဟု နာမည်ပြောင် ပေးထားကြ၏။ မင်းမင်းသည်လဲ ထူးမခြားနား ပင် ဖြစ်သည်။ သူသည် လောလောလတ်လတ် မိန်းမယူ ထားသူဖြစ်သည်။ သို့သော် မိန်းမသာ ယူထားသည် လူက သရဲကြောက်တုန်း။ (အေးလေ မိန်းမရတာနဲ့ သရဲ ကြောက် တာ ဘာဆိုင်တာ မှတ်လို့)။ တညတော့ ညဘက်ကြီး အိမ်သာ ထတက်လေသည်။ ကိစ္စပြီးလို့ အိမ်သာထဲမှ ထွက်လာတော့ တံခါးပေါက်ဝ တွင် မြင်လိုက်ရသော မဲမဲအရိပ်ကြီးကို မြင်ကာ မင်းမင်း အလွန်သွေးပျက်သွားသည်။ သူမြင်လိုက်ရသည်မှာကား အလင်းရောင်ကို နောက်ခံပေးထားသော ဆံပင်ဖားယားနှင့် သရဲမကြီး တယောက်ကို ဖြစ်လေသည်။ သို့နှင့် လွန်စွာမှ သတ္တိကောင်းလှသော မင်းမင်းသည် နေရာ၌ပင် လန့်၍ တက်သွားလေရာ အိပ်ချင်မူးတူးနှင့် အပေါ့ထသွားသော သူ့မိန်းမခင်ဗျာ.. ဘေးအိမ်များကို အော်၍ အကူအညီတောင်းကာ မနည်း နှာနှပ် ယူရသည်။ ကိုယ့်မိန်းမကိုပင် သရဲမဟု ထင်လေလောက်အောင် ကြောက်တတ်သော မင်းမင်းမှာလဲ ၀န်ထမ်းများ ကြား နောက်စရာ တယောက် ဖြစ်နေလေသည်။

ထိုသတ္တိခဲကြီး ၂ယောက်မှ တိုက်တိုက်ဆိုင်ဆိုင် အတူတူ အလုပ်လုပ်ကြလေသည်။ ပြီးခဲ့သော အပတ်ကမှ အတွဲလိုက် အသစ်ပြောင်းလာကြသော အရာရှိနှင့် တပ်ကြပ်ကြီးသည် အစမို့လို့လား မသိ အလွန်စည်းကမ်း တင်းကြပ်လှသည်။ ခါတိုင်း သူတို့ ယူနီဖောင်းကို အောက်မှ ညှပ်ဖိနပ်ဖြင့် လွတ်လွတ်လပ်လပ် ရုံးတက်သော်လည်း ယခုမူ ထိုကဲ့သို့ အရာရှိ ရှေ့တွင် တွေ့ပါက ၀န်ထမ်းများအား လမ်းဘေးက ကောင်တွေ ဟု ကျိန်းမောင်း တတ်လေသည်။

ယခုလဲ ညကင်းမစောင့်တာ ၂လခန့်ကြာပြီ ဖြစ်သော လှထွန်းကို ခေါ်တွေ့ပြီး ယနေ့ ညကင်းစောင့် ရမည် ဖြစ်ကြောင်း ပြောလေသည်။ လှထွန်းမှာ ဘာပြောရမည် မသိ။ ထို့ထက် ဆိုးသည်မှာကား အလွန်တရာမှ နာမည် ကြီးလှသော တောင်ဘက် ကင်းမျှော်စင်တွင် စောင့်ရမည် ဖြစ်လေသည်။ ညက်ချွာဖရား…။

ညနေပိုင်း တပ်ဖွဲ့အားလုံးကို တန်းစီစစ်ဆေးပြီး မင်းမင်းမှာလဲ ထီပေါက်လေသည်။

တပ်ကြပ်ကြီး။ ။ “တပ်သားတွေအားလုံး တာဝန် အပြောင်းအလဲ ရှိမယ်။ တနေရာကို ၃လထက် မပိုစေရဘူး။ အလှည့်ကျ တာဝန်ကျမယ်။ ဒီတော့ မနက်ဖြန် အားလုံးကို ဘယ်တာဝန်ကျတယ်ဆိုတာ ထပ်ပြောပေးမယ်။ ဒီတော့ ဒီနေ့ည ပတ်ကင်း တာဝန်ကျသူတွေကို ပြောမယ်။ တပ်သား စိုးရွှေ”

“ရှိ...”

တပ်ကြပ်ကြီး ။ ။ “တပ်သား တင်မြင့်”
“ရှိ..”
တပ်ကြပ်ကြီး။ ။ “တပ်သား မင်းမင်း၊ အင်း .. ဟေ့ မင်းမင်း မှတ်တမ်းတွေမှာ မင်း စိုက်ပျိုးရေးနဲ့ ကြက်ခြံကို လှည့်ကိုင်တာ ၅လလောက် ရှိနေပြီ။ ပတ်ကင်းကော မျှော်စင် တာဝန်မကျတာ ကြာနေပြီ။ ဒီတော့ ဒီနေ့ ပတ်ကင်းကို စိုးရွှေ၊ တင်မြင့်နဲ့ မင်းမင်းတို့ တာဝန်ကျတယ်။”

မင်းမင်း မျက်နှာမှာ ဆီး(ဇီး)ရွက်လောက်ပင် ရှိတော့သည်။ အသစ်ရောက်လာသော တပ်ကြပ်ကြီးကို လဲ မပြောရဲ သဖြင့် ငြိမ်နေရသည်။ တန်းဖြုတ်တော့ တခြား ကောင်တွေက သူ့အား ဒီည လကွယ်ည ဖြစ်သဖြင့် ကင်းမျှော်စင် သရဲကြီး ထကြွ သောင်းကျန်း တတ်ကြောင်း တယောက်တပေါက် လာပြောကြလေသည်။ အားလုံးက နောက်နေမှန်း သိသော်လည်း လကွယ်နေ့တွင် တာဝန်ကျသူတိုင်း သူရှေ့တွင် ခြောက်ခံရသည့် ဆိုသော ပါးစပ်ပြောများ ရှိနေသည့် အတွက် မင်းမင်းမှာ မိန်းမခိုးပြေးတုန်းက ထက်ပင် ရင်တဒိန်းဒိန်းနှင့် ခုန်နေလေပြီ။

ညနေစောင်းတော့ လှထွန်းက မျှော်စင်ပေါ် ရောက်နေပြီ။ သူ့အိပ်ယာလိပ်တွေအပြင် ဖောင်းကားနေတဲ့ ကျောပိုးအိတ် တလုံးကလဲ ပါသေး။ ကျောပိုးအိတ်ထဲမှာ ဘာတွေထည့်ထားသလဲ ဆိုတော့ သောက်ရေဗူး အပြင်၊ ဘုန်းကြီးပုံတော်တွေ၊ ပရိတ်စာအုပ်တွေ၊ ပုတီး စတဲ့ ပစ္စည်းတွေပါ ပါလို့။ ညနေစောင်း အရာရှိက လိုက်စစ်တော့ အပေါ်ကနေ အားလုံးကောင်းကြောင်း သတင်းပို့တော့ လည်ပင်းကြီးမှာ ပုတီးကြီးက အတိုင်းသား။ ရီတော့ ရီရတယ်.. အရာရှိနဲ့ နောက်က ၀န်ထမ်းတွေ အားလုံး ပြုံးစိစိနဲ့။

အဲ ညပိုင်းရောက်တော့.. တပ်ကြပ်ကြီးက မင်းမင်းကို ရှေ့ပြေးကင်း အရင်စစ်ခိုင်းတယ်။ မင်းမင်းမှာတော့ ဒူးတုန်နေပြီ။ ကျန်တဲ့သူတွေထဲက တယောက်ယောက်ကို မသိမသာ ခေါ်တော့ ဘယ်သူမှ မလိုက်ဘူး။ အတွင်းဘက်ကို လိုက်စစ်ရအုံးမှာတဲ့။ အီးဟီး သေပြီ ဆရာ။ တပ်ကြပ်ကြီးက တပတ်လိုက်စစ် နောက်ဆုံး မျှော်စင်ရောက်ရင် နောက်က ငါတို့လိုက်ခဲ့မယ်တဲ့။ လက်ယာဘက်လှည့်ရင် တပတ် ပြည့်တဲ့ နေရာက အောင်ညက်လေး သရဲခြောက်တဲ့ တောင်ဘက် မျှော်စင်ပါလား..ဖလား.. အဲလေ..ဘုရား..။

လှထွန်း တယောက်တော့ ဘုရားစာရွတ်ရလို့ ရေကလဲ ခဏခဏ သောက်နေရတယ်။ ကင်းဆိုတော့ သိပ်ပြီး ကလားသေ ကလားမော အိပ်လို့မရ (အမှန်တော့ ခိုးအိပ်တာ) လာစစ်တဲ့အချိန်ကျ ရွတ်ရမယ့် ဦးရေ၊ ဘာတွေကို စာရွက် ကြည့်ရသေးတယ်။ ပုံမှန်တော့ ကင်းက မျှော်စင်ပေါ် ၂ယောက် စောင့်ရတာ။ ဒီနေ့ သူနဲ့ စောင့်ရမယ့်သူက ၀ဲကျော်အဲလေ ရဲကျော်.. ဒီကောင့်ကို တပ်ကြပ်ကြီးက စိုက်ခင်းဘက် တပ်သား တယောက် ဖျားလို့ဆေးရုံတင်ထားတော့ စိုက်ခင်းဘက်ကို အစားထိုး လွှတ်လိုက်တယ်။ ဟင့် သူနဲ့ စောင့်ဖို့ အတွက်တော့ ဒီည အင်အား မလောက်လို့ အစား မထိုးပေးဘူး။ သူများမျှော်စင်တွေက ၂ယောက်စီ။ သူ့ မျှော်စင် အီးဟီး သရဲခြောက်တဲ့ မျှော်စင်ကျမှ သူ တယောက်တည်း။

ညကား တဖြည်းဖြည်း တိတ်ဆိတ်လာ၏။ အချိန်သည် ၁၂နာရီစွန်းခဲ့လေပြီ။ လှထွန်းသည် မျှော်စင်ပေါ်မှ ၁၂ချက် သံချောင်းကို ခေါက်လိုက်ပြီး ပါးစပ်မှ ပွစိပွစိ ဘုရားစာ ရွတ်နေ၏။ လေတိုးသံများကြောင့် သူပိုလန့်နေ၏။ သူ့မျက်လုံးများက မျှော်စင်နဲ့ ကပ်လျှက်ရှိ ကုက္ကိုပင်ကြီးဆိုသို့။ ဟင်…။

အ..အပင်ပေါ်မှာ လှုပ်လှုပ်နဲ့ ဘာပါလိမ့်..။ သစ်ကိုင်းဖျားပေါ်သို့ တက်နေသော အရိပ်တခု..။ တရွေ့ရွေ့ ….။ လှထွန်း ခေါင်းနပန်းကြီးသွားသည်။ သူ့မျှော်စင်နဲ့ အနီးဆုံး ကိုင်းပေါ်သို့ တက်လာသည်တွင် ထိုအရိပ်၏ ခေါင်းကြီး သည် လှုပ်လှုပ် လှုပ်လှုပ် ဖြစ်လာကာ…နောက်ဆုံး..လေထဲသို့ လွင့်သွားလေသည်။ ဟင်…ဒါ..ဒါ.. သရဲကြီးရဲ့.. ခေါင်း..ခေါင်း လွင့်..လွင့်.. လာတာ ဖြစ်မယ်…။ လုပ်ကြပါအုံး။ လေတိုးလေလေ ထိုလွင့်နေသော ခေါင်းကြီးသည် သူ့မျှော်စင်ဘက်ဆီသို့ ကပ်လာလေလေဖြစ်သည်။ နောက်ဆုံး…။
'ဖလပ်…ဖလပ်'
ဒီတခါတော့.. လှထွန်း ချုပ်တည်းနိုင်စွမ်းကုန်သွားပြီမို့…
'အောင်မြတ်ဟတ်လေး….. အမေဂျီးရေ….ခေါင်း….ခေါင်း…..ခေါင်းကျပ်ကြီး….. ခေါင်းကျပ်ကြီး…."

'ကယ်တော်မူကြပါ……'
တိုက်ဆိုင်ချင်တော့ … တောင်ဘက် မျှော်စင်အောက်ကို မင်းမင်းအရောက် အသံနက်ကြီး ကြားလိုက်ရသဖြင့် မင်းမင်းလဲ ခြေဦးတည့်ရာ ပြေးလေတော့သည်။
'အောင်မြတ်လေး…. ၀ုန်း….အား……'
'ဟေ့ကောင်တွေ ဘာတွေဖြစ်နေတာလဲ.. မျှော်စင်ပေါ် အမြန်တက်စမ်း… ဟိုကောင် မင်းမင်း ဘာဖြစ်လဲ မသိဘူး.. အရှေ့ဘက်မှာ အသံကြားတယ်ဟ…'
အနောက်မှ လိုက်လာသော တပ်ကြပ်ကြီးတို့ အဖွဲ့လဲ ပြာပြာသလဲ ဖြစ်ကုန်၏။ ထို့နောက် အသံပျောက်သွားသော မင်းမင်းကို လိုက်ရှာကြရ၏။
'ဟေ့ကောင်… မင်းမင်း…မင်းဘယ်မှာလဲ အဆင်ပြေလား…မင်းမင်း..'
'အီးဟီး….ကျွန်တော် ဒီမှာ ဆရာကြီး…. ဝေါ့…..မြန်မြန်.. လာဆယ်ကြပါ…'
ဟိုက်…။ မင်းမင်း တယောက် ကံဆိုးချင်တော့ တလောက ပိတ်ပစ်တဲ့ အိမ်သာကြွင်းထဲ ကျသွားတာကိုး။ ၀ါးလုံးတလုံး ရှာပြီး အမြန်ဆယ်ကြရတယ်။ နံစော် နေတာပဲ… ဝေါ့….။

ထို့နောက် တပ်သား တယောက်လာ သတင်းပို့၏။
"ဟေ့ကောင် ဟိုကောင် ဘာဖြစ်တာလဲ.."
"ဟုတ်..ဟဲ.. ဒီကောင် အကြောက်လွန်ပြီး တက်သွားတယ် ဆရာကြီး အခု နှာနှပ်လိုက်တာ.. ပြန်သတိရနေပါပြီ..။ အဟဲ ဘာမှ မဟုတ်ဘူး.. ကလေးတွေ ဆော့တဲ့ စွန်က သစ်ပင်မှာ ညိနေတာ.. လေတိုက်ပြီး မျှော်စင်ဘက် လွင့်လာတာကို ကြောက်ပြီး တက်သွားတာ…ဟီးဟီး"
လာသတင်းပို့တဲ့ တပ်သားက စပ်ဖြီးဖြီး ရယ်ချင်ပက်ကျိနဲ့ တင်ပြ၏။ တပ်ကြပ်ကြီးလဲ ထိုသတ္တိခဲ ၂ကောင်ကို တော်တော် လက်လန်သွား၏။ မင်းမင်းကတော့ ညကြီးမင်းကြီး ပေကျံနေတဲ့ သူ့အကျီအ၀တ်အစားတွေ အကုန်ချွတ်ပြီး မိမွေးတိုင်းဖမွေးတိုင်း ရေကန်ဆီသို့ ပြေးလေသည်။ ထို့နောက် သူ့သူငယ်ချင်းများက အ၀တ်အစား သွားပေး ရလေသည်။ ရေကို တညလုံး ချိုးနေတာ.. မနက် ၄နာရီလောက်မှ အချိုး ရပ်တော့သည်။ လှထွန်းကိုတော့ အိမ်ပြန်ခိုင်းလိုက်ပြီး တောင်ဘက်မျှော်စင်ကို ပတ်ကင်းထဲမှ နောက်တယောက်ဖြင့် အစားထိုး လိုက်သည်။ မနက်ကျတော့ မင်းမင်းမှာ အအေးမိကာ ဖျားလေတော့သည်။ (လှထွန်းညဘက်က မြင်သော လှုပ်လှုပ်နှင့် သတ္တ၀ါသည် ကုက္ကိုသီးများ တက်စားလေ့ရှိသော ရှဥ့်တကောင်သာ ဖြစ်ကြောင်း နောင်တွင် သိရလေသည်)ဤသို့ဤနှယ် လွန်စွာမှ သတ္တိကောင်းသော လှထွန်းနှင့် မင်းမင်း တို့၏ ပြောင်မြောက်သော သတ္တိတို့အား အစွဲပြှုလျှက် ကျန် ၀န်ထမ်းများက ခေါင်းကျပ်ကြီးနှင့် အီးလူးမင်းဟု မော်ကွန်း တင်လိုက်ကြလေတော့သည် တမုံ့။

(ဟိဟိ ၀န်ထမ်းလောက မှ တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းအား ဆီလျှော်အောင် ဇာတ်လမ်းရေးဖွဲ့ပါသည်)

Read Users' Comments (3)