twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကြေငြာအပ်ပါသည်

ကျွန်တော် အခုတလော မှာ စာမေးပွဲတွေ နဲ့ ရယ်ကလယ်လိုက်နေပါတယ် ခင်ဗျာ။ ကျွန်တော်ဆီ လာလည်တဲ့ သူတွေကို အားနာပါတယ်။ ကျွန်တော် နောက်လ ၁ ရက်နေ့ ပြန်လာပါမယ်ခင်ဗျာ။ အခု တော့ (အဟင့်) များပြားလှတဲ့ စာကြွေးများကို စာမေးပွဲနီးမှ ပြူးပြဲပြီး မဟားတယားလုပ်နေရပါသဖြင့် နားလည်ပေးကြပါခင်ဗျာ။ လာလည်တဲ့သူငယ်ချင်းများ ဆီဗုံးထဲမှာ လိပ်စာလေးများ ပါ ရိုက်ထားခဲ့ပါနော်။ ကျွန်တော် ပြန်လာရင် အကုန်လိုက်လည်ပြီး လိုက်အော်ပါ့မယ်။ (ဟီး) တာ့တာ့နော်။ ခဏလေးပါ ပြန်လာမှာပါဗျာ။ အများကြီး ပို့စ်တွေတင်ပါအုံးမယ်နော်။ တော်တေပြီ။

Read Users' Comments (1)comments

လက်ယားတဲ့ကျွန်တော်

ကျွန်တော်သည် အလွန်လက်ယားသူဖြစ်ပါသည်။ တိုလီမုတ်စ စာများမရေးရလျှင် မနေနိုင်ပါ။ ထိုယားခြင်းမှအစပြုပြီး ဘလော့ဂ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ မြင်းကို စကိတ်ပေးစီးလိုက်သလိုပေါ့။ ကောင်းသည်မကောင်းသည် တော့ ကျွန်တော်မပြောတတ် အိမ်မှာ ဆိုစာအုပ် စာရွက်များ ဗရပွနှင့် စာတွေရေးပါသည်။ အစတော့ သူငယ်ချင်းများကို ပြပါသည်။ အမယ်ဒင်းတို့က အစတုန်းကတော့ ကောင်းတယ်ဘာညာပေါ့ ကြာတော့ ဘယ်သူမှမဖတ်တော့ဘူး။ ဟင်း ဒင်းတို့မဖတ်လဲ နေပေါ့ဆိုပြီး ကိုယ့်ဖာသာကိုယ် သိမ်းထားဖြစ်တာပေါ့။ ဘလော့ဂ်ပေါ်လာခြင်းက ကျွန်တော့်လို အရူးကို ဘုံမြောက်ပေးခြင်း ဖြစ်၏။ အခုကျွန်တော်စာရေးနေတဲ့ အချိန်တောင် စာမေးပွဲအတွက် စာကျက်ရင်း ခဏနားနေခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည်မရေးရမနေနိုင်သူဖြစ်သည်။ (ကောင်းလဲကောင်းပဲနဲ့)။ ကျွန်တော်ဘလော့ဂ်လေးကို ကျွန်တော် ခင်တွယ်သလို ဘလော့ဂ်ပေါ်ရှိ သူငယ်ချင်းများကိုလည်း အလွန်ခင်မိပါသည်။ သူတို့ဘလော့ဂ်တွေကို လဲနေ့တိုင်းနီးပါးလိုက်ကြည့်ဖြစ်ပါသည်။ ကျွန်တော်မနက်တကြိမ် ညတကြိမ် တနေ့ ၂ ကြိမ် ကျွန်တော့် ဆီဗုံးလေးကို ဖွင့်ဖွင့်ကြည့်ပါသည်။ ကွန့်မက် တခုတလေလောက် ရောက်နေရင်ပဲ အလွန်ပျော်နေမိပြီး ကွန့်မက်ရှင်၏ ဘလော့ဂ်ကို ပြန်သွားလည်တတ်တာ ကျွန်တော့် အကျင့်ဖြစ်ပါသည်။ အဆုံးသတ်နေနဲ့ ဘာမှတော့မဟုတ်ပါဘူး။ စာမေးပွဲ အတွင်း ဘာမှမတင်ဖြစ်သေးလို့ လက်ယားလို့ ရေးလိုက်ခြင်းဖြစ်ပါသည်။ လက်ယားနိုင်ကြပါစေ။ :P

Read Users' Comments (0)

လည်လည်သွားခဲ့တယ်

ကျွန်တော်ဒီတပတ်ကို ဘလော့ဂ်တွေဆီ အလည်သွားခဲ့တယ်။ တကယ်အလည်ရောက်ဖြစ်တော့မှ အားပါး ကျွန်တော်က လွဲလို့ (အဟီး) အကုန်တော်ကြတယ်ဗျာ။ သူတို့ဘလော့ဂ်တွေကို ငေးမောရင်း ကျွန်တော်သူတို့လို မရေးနိုင်သေးတာ အားငယ်သလိုပဲ(အဟင့်)။ အတွေးဆန်းတဲ့ မနိုင်းနိုင်း၊ ပျော်တတ်တဲ့ မညလေး၊ တခါကြည့်တိုင်း ဗဟုသုတ တခုခုရတဲ့ ကိုရန်အောင်၊ တလောက ဒွေးသတင်းကြောင့် ဂျာနယ်တွေပေါ်ထိ နာမည်ကြီးသွားတဲ့ ကိုစိုးဇေယျ၊ ကိုဘလာဂေါက်(သူ့ရဲ့ ဘလော့ဂ်တိုင်းမ်ကတော့ ဖတ်ပြီး အူတက်နေရတယ် ရယ်ရလွန်းလို့)၊ စာတွေ အရေးကောင်းတဲ့ မအိမ့်ချမ်းမြေ့၊ ခုတလော ခရီးတွေကြီး လှိမ့်ထွက်နေတဲ့ ကိုမောင်လှ၊ သံလွင်အိပ်မက်လဲ ဖတ်ခဲ့သေးတယ်။ နောက်ဆုံးဖတ်ဖြစ်တာတော့ ကိုဖြိုးပဲ။ ဗေဒင်ဆရာလိုလို နာမည်နဲ့ ဆြာဘ (ဟိ)။ ရှယ်ပဲဗျာ ဘလော့ဂ်တွေက။ နောက်ရက်တွေ ထပ်ပြီးလည်လိုက် အုံးမယ်။ ဆီဗုံးတွေထဲလဲ ၀င်အော်ခဲ့တယ်။ အင်းခုတလော ဆီဗုံး ပြသနာကလဲ မသေးဘူး။ ခင်ခင်မင်မင် ဖြစ်အောင် ဆီဗုံးတပ်ထားပါတယ်။ တခါတလေ ပေါက်ကရတွေ (ဘလော့ဂ်ကာ အချင်းချင်း စနောက်ကြတာကို မဆိုလိုပါ) ဘယ်သူလာအော်မှန်း မသိ ကိုယ့်ပို့စ်တွေကို ဝေဖန်သလိုလို ဆရာကြီးလုပ်သလိုလို လာလုပ်သွားတာက ရှိသေးတယ်။ ထားပါတော့ ။ ဘယ်တတ်နိုင်မလဲ။ အဲ လိုရင်းတောင် ပျောက်သွားပြီ။ ဘလော့ဂ်ကာကိုကို မမများ ကျွန်တော်လာလည်ရင် မုန့်ကျွေးဖို့သာ ပြင်ထားနော်။ ကျွန်တော် ရွာပတ်နေတယ်။

Read Users' Comments (2)

ဘတ်ဆဲလား

စာရေးဆရာ ။ ။ ပြီးခဲ့တဲ့နှစ်က တစ်နှစ်လုံး စာတွေကြီးပဲ ရေးနေရတယ်ဗျ။
မိတ်ဆွေ ။ ။ ဟုတ်လား တော်တော်ရောင်းရလား။
စာရေးဆရာ ။ ။ တော်တော်ရောင်းရတယ်ခင်ဗျ။ ပထမ တီဗွီ ၊ ရေခဲ သေတ္တာ ၊ နောက် ပရိဘောဂတွေနောက်တော့ အိမ်နဲ့ခြံ။ နောက်ဆုံး ကျွန်တော့် ဆိုင်ကယ်စုတ်လေးတောင်ပါသေး။

Read Users' Comments (0)

တယ်လီဖုန်း

“လူကြီးမင်းခေါ်ဆိုလိုသော လူကြီးမင်း၏ ဒါလင်ဖုန်းသည် KTV ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်”

Read Users' Comments (1)comments

ဓမ္မစကား(ပါရဂူ)စာအုပ်မှကောက်နုတ်ချက်

လိုလားတောင့်တနေပါက ဘယ်တော့မှ ရရှိလိမ့်မည် မဟုတ်ပေ..အရာဝတ္တုတစ်ခုခုကို တောင့်တလေလေ ထိုအရာဝတ္တုနှင့်ဝေးလေလေ ဖြစ်မည်။ ကျွန်ုပ်တို့သည လိုချင်တောင့်တမှုကို အပြီးအပိုင် စွန့်လွှတ်ရမည်။ သို့မှသာ ထိုအရာဝတ္တုကို အပြည့်အ၀ရရှိပေလိမ့်မည်။

“ငါ” “ငါ့ဟာ” ဟူသော သက္ကာယစွဲကင်းခြင်းသည် သုညတ တရားကိုသိမြင်ခြင်းဖြစ်၏။ (သို့) သုညတရားပင်ဖြစ်၏။

“ကျွန်ုပ်တို့ ကိုးကွယ်ဆည်းကပ်ရာ ဖြစ်သော ဘုရား၊ တရား ၊ သံဃာတည်းဟူသော ရတနာသုံးပါးသည် အခြားတစ်ပါး၌ မရှိ ကျွန်ုပ်တို့၏ ကိုယ်တွင်း၌ ပင်ရှိလေသည်။”

Read Users' Comments (0)

ဒိုင်ယာလော့ခ်

ထိုအချိန်၌ပင် ယုတ်ညံ့၍
ထိုအချိန်၌ပင် မြင့်မြတ်၏။
ထိုအချိန်၌ပင် မုသားပြော၍
ထိုအချိန်၌ပင် အမှန်တရားကို ဆို၏။
ထိုအချိန်၌ပင် ရက်စက်
ထိုအချိန်၌ပင် ကြင်နာတတ်၏။
ကောင်းခြင်း သည် ဆိုးခြင်းပေါ်မူတည် သလို
ဆန့်ကျင်ဘက်များသည် ဆန့်ကျင်ဘက်များ ပေါ်တွင်သာ မူတည်နေကြ

ခွဲခြမ်းစိတ်ဖြာ ခြင်းထက် ပိုင်းခြား သိမြင်ခြင်းသည် ပိုကောင်း၏။

Read Users' Comments (0)

အဖြူအမည်း


ညို့အုံ့မှိုင်းနေတဲ့…

မီခိုးရောင် ကောင်းကင်ကြီးက

ပြိုတော့မလို နိမ့်အိဆင်းလာတယ်။

မှုန်ရီတဲ့ ကာလတစ်ခု

ခပ်ရေးရေး ပြန်တွေ့တွေ့ နေရတယ်။

အဲဒိ

ခုံတန်းရှည်လေးမှာ

ဒဏ်ရာတွေ တထပ်ချင်း

နာကျင်လာခဲ့…

ရယ်သံသဲ့သဲ့တွေ…

ဟိုးအဝေးဆီက ကြားရတယ်။

ကိုယ်ရယ်ခဲ့တဲ့ အသံက

ကိုယ့်အတွက် လှောင်ပြောင်မှု ပြန်ဖြစ်နေတယ်..

ဝါကျင်ကျင် စာမျက်နှာ ဟောင်းဆီက

သူမရဲ့ စူးရဲမှုတွေက

အခုထိ…ငါ့ကို…ထိတ်လန့်ဆဲ…

ကျွန်တော် ခင်းကျင်းတဲ့

လမ်းမပေါ်

သူမ ကျောခိုင်း နင်းလျှောက်သွားခဲ့..

လွင့်ပါးတဲ့

လေအေးတွေက ငါ့နာရီဟောင်းတွေကို

တလူးလူး ဖြတ်တိုက်…

ငါသိလိုက်တဲ့ အချိန်မှာ

မိုးက သည်းလွန်းနေခဲ့…

တမင်မယူခဲ့တဲ့ ထီးအတွက်

ငါနေ့တွေ…

စွတ်စိုခဲ့ရ..။

Read Users' Comments (0)

တစ္ဆေတစ်ကောင်ရဲ့တေးသီသံ-အပိုင်း(၂)

(၃)
“နေခန့်ရေ…နေခန့်ရေ….ငါ့ကို …….ကယ်…..ပါဦးကွာ…နေ……ခန့်ရေ”
အသံသည် အဝေးတစ်နေရာဆီမှ သူ့ကို အကူအညီတောင်းနေသည့် အသံဖြစ်သည်။
လှေကားရင်းတွင် သူသည် တက်မည့် ဆဲဆဲဖြစ်နေသည်။
“နေ……ခန့်ရေ..ငါ့……..ကို ကယ်ပါဦး…”
“မင်းဘယ်မှာလဲ… ဘယ်ကအော်နေတာလဲ…”
“…….ငါ……..မင်း…….အကူအညီ…….လိုနေတယ်ကွာ.. ငါ့…..ကို အမြန်လာကယ်ပါ။”
အသံက တိုးလိုက်ကျယ်လိုက် ပြတ်တောင်း ပြတ်တောင်းဖြစ်နေ၏။
“မင်းကို ငါဘာကူညီရမှာလဲ”
“………..ငါ……..အပေါ်….ထပ်မှာ ပါ မင်းတက်လာခဲ့ပါကွာ”
လှေကား၏ ဘယ်ဘက်ကပ်လျက် အခန်းမှ အော်နေခြင်းဖြစ်ရာ နေခန့်က တံခါးကို ဆွဲဖွင့် လိုက်သည်။ အခန်း၏ အလယ်၌ ရှိသော ကုတင်စောင်းတွင် သူ့ကိုကျောပေး၍ သူ့အရွယ်ခန့် ရှိသော လူငယ်တစ်ယောက် ထိုင်နေ၏။
ကုတင်နားသို့ တရွေ့ရွေ့နှင့်ထို လူငယ်နား တိုးကပ်သွား၏။ နေခန့်က သူ့ပုခုံးကို လှမ်းဆွဲလိုက်စဉ် “အား”
အမျိုးအမည်မသိသော နောက်ကျိ မူးမိုက်ခြင်းမျိုးဖြစ်သွား၏။ ခပ်မှောင်မှောင် အခန်းထဲတွင် သူ့ဘက်မှာ အလင်းရောင် မှိန်ဖျဖျရှိပြီး ထိုလူစိမ်းမှာ အမှောင်ဖက်ခြမ်းတွင် ရှိတယ်ဆိုရုံလောက် သာ မသဲမကွဲမြင်နေရသည်။ နောက်ထပ်နေရာသစ်တစ်ခု ကို ရောက်သွားခြင်းမျိုးဖြစ်နိုင်သည်။
သူတစုံတစ်ခု ပြောပြဖို့ အားယူနေသည်။ မဟုတ်ဘူး။ ပြောပြနေသည်ဟု ထင်ရသည်။ သို့သော် လက်တွေ့တွင် ဘာသံမှ ထပ်မထွက် လာတော့ပေ။ တစုံတခုကို သေချာရှင်းပြနေသည်။ သူ၏ ၀ိုးတ၀ါး ပုံရိပ်က တဖြည်းဖြည်း လှုပ်ရှားသလို ဖြစ်လာသည်။
“ငါဘာမှ မကြားရတော့ဘူးကွာ”
“……..”
သူအော်ပြောနေရှာပြန်သည်ဟုထင်သည်။
“၀မ်းနည်းပါတယ် ငါဘာမှ ထပ်မကြားရတော့ဘူးကွာ”
“…….”
သူ့ပုံရိပ်က ပုံစံပျက်လာသည် မီးခိုးငွေ့များ လွင့်ပျယ်သလို ဖြစ်လာသည်။ များမကြာမှီမှာပင် သူ့ကို လုံးဝ သေချာ မမြင်ရနိုင်တော့ သည့် အနေအထားမျိုးဖြစ်သွားသည်။ မကောင်းသော အနံ့အသက် တစ်မျိုးကို ရှုရှိုက်မိသလိုပဲ။ ခပ်မှိုင်းမှိုင်းဖြစ်နေသော အရာများသည် သူ့ပတ်ချာလည်တွင် ၀ိုင်းပတ်လာသည်။ နေခန့် ထိုအရာများကို ကြည့်ပြီး အန်ချင်သလိုလို ရင်ထဲမှာ မကောင်းသလို မျိုးကြီးဖြစ်လာ၏။ သူကို တယောက်ယောက် က လေဟာနယ်ထဲသို့ တွန်းလိုက်သလို ရုတ်ချည်း လွင့်စဉ်သွားပြီး ရင်ထဲမှာ ဟာကနဲ ဖြစ်သွားသည်။
“ဟား……”
ရုတ်တရက် အိပ်ယာမှ ငေါက်ကနဲ ထထိုင်မိလျက်သား ဖြစ်နေ၏်။ ပြတင်းပေါက်မှ အလင်းရောင်များသည် သူ့အခန်းထဲသို့ ဖျာကျနေသည်။ ပြတင်းပေါက် ၏ အပေါ်ဘက် ခေါင်မိုးစွန်း မှစာကလေးများ တကျိကျိနှင့် အော်မြည်နေကြသည်။ မိုးစင်စင်လင်း နေလေပြီ။
ထိုနေ့ တမနက် လုံး ဖေဖေနှင့် ပစ္စည်းပစ္စယာများ နေရာတကျ စီရီခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ဧည့်ခန်းကို အလှအပဆင်ယင်ခြင်းများဖြင့် အချိန်ကုန်လွန်ခဲ့သည်။ နေခင်းစာကို မေမေ ချက်ကျွေးသော မျှစ်ချဉ်နှင့် ၀က်သားဟင်းကို ဗိုက်ဆာဆာနှင့် စားပြီး အပေါ်ထပ်သို့တက်ကာ ထမင်းလုံးစီပြီး ဇိမ်ရစ်နေ၏။ အိပ်မလို့ လုပ်ပြီးကာမှ သူ့အခန်းဘေးမှ စတိုခန်းကို သွားမွှေချင်လာသည်။ စတိုခန်းထဲသို့ ဒုတိယအကြိမ် ၀င်ပြန်ပြီး အရင်ဆုံး ဗီဒိုကြီးကို ဖွင့်ကြည့် သည်။ ဗီဒိုထဲတွင် ဘာပစ္စည်းမှ မယ်မယ်ရရ မရှိတော့ပဲ ကင်းအိမ်မျှင်များ အတွင်းထောင့်များတွင် တွယ်ကပ်နေသည်။ ဗီဒိုထဲတွင် ဖြန့်ခင်းထားသော သတင်းစာ စက္ကူအစုတ်များ နှင့် ပွကျဲနေ၏။ ဗီဒိုထဲတွင် အံသုံးဆင့် ရှိသည်။ နေခန့်သည် ဘာရယ်မဟုတ်ဘဲ တဆင့်ချင်းလျှောက်ကြည့်နေ၏။ အောက်ဆုံးအဆင့်တွင် ကပ်ထူပုံး တစ်ခုကို တွေ့ရ၏။ ကပ်ထူပုံးကို ဆွဲထုတ်လိုက်သည်။ “ဂလုပ်” မာသော အရာဝတ္တုတစ်ခု ၏ အသံကိုကြားလိုက်ရသဖြင့် ကပ်ထူပုံးထဲတွင် တခုခုရှိမည်အထင်ဖြင့် ထိုပုံးကို ဖွင့်ကြည့်လိုက်ရာ ထူးဆန်းစွာပင် ထိုထဲတွင် မည်သည့် မာသော အရာတ္တုမှ ရှိမနေဘဲ စက္ကူစုတ်များသာ ရှိနေ၏။ သူနားနှင့်ဆပ်ဆပ် ကြားလိုက်ရသော ထိုအသံသည် ကပ်ထူပုံးထဲမှ မဟုတ်လျှင် ဗီဒိုထဲမှ ဖြစ်မည်ဟု သူတွက်ဆလိုက်သည်။ သူတွေးထင်သည့် အတိုင်းပင် ဗီဒိုအောက်ဆုံးအဆင့်တွင် အံဝှက်တခု ကို တွေ့ရ၏။ အံဝှက်ထဲတွင် ဆေးစာအုပ် (လူနာမှတ်တမ်း)စာအုပ်နှင့် ဗလာစာအုပ်လေးတစ်အုပ်ကို တွေ့ရသည်။ နေခန့်စိတ်ဝင်စားစွာဖြင့် လူနာမှတ်တမ်းစာအုပ်ကို ဖွင့်ကြည့်သော်လည်း သူနားမလည်သော ဆေးစာများဖြစ်နေသဖြင့် ဗလာစာအုပ်ကို လှန်လှောကြည့်ပြန်သည်။ စာအုပ်ထဲတွင်
“ညီလေး….
၂၃. ၅. … တွင် သေဆုံးသည်။” ဟုပထမဆုံးစာအုပ်တွင် ရေးထားသည်။ နောက်စာမျက်နှာ တွင်တော့ ညီအစ်ကို ၂ ဦးဟုထင်ရသော ဓာတ်ပုံ၂ပုံအား စာရွက်ပေါ်တွင် တိပ်နှင့် ကပ်ထား၏။ တဦးမှာ ၁၄ နှစ်ခန့်ရှိပြီး နောက်တဦးမှာ ၁၂ နှစ်ခန့် ရှိကာ ညီအစ်ကို ၂ ဦးဟု ပြောစရာမလိုအောင် ရုပ်ချင်း အနည်းငယ်ဆင်တူကြသည်။

ထိုစဉ် တစုံတခုက သူ့ခန္ဓာကိုယ် ဘေးမှဖြတ်တိုက်သွား သလိုခံစားရပြီး ကြက်သည်းမွှေးညှင်းများ ပင်ထသွား၏။ တစ်ယောက်ယောက်ရှိ နေသလိုလိုပင်။ တစုံတခုတော့ မှားယွင်းနေချေပြီ။ တစုံတယောက်က သူ့ကို ကြည့်နေသလို မလုံမလဲ ဖြစ်နေ၏်။ သရဲ တစ္ဆေ တစ်ကောင် ကောင် များရှိနေသလား။ နေ့ခင်းကြောင်တောင်ကြီးမို့ မဟုတ်လောက်ပါဘူးလေလို့ သူ့စိတ်ကို ပြန်ဖြေ လိုက်သည်။ သို့သော် သူ့စိတ်သူပြန်ဖြေသော်လည်း ကြာကြာမခံပါ။ မကောင်းသော အကောင်တစ်ကောင်ကောင် ရှိနေပြီဟု သူပို၍ထင်လာသည်။ ညက အိပ်မက်ထဲကလို သူ့ကို တစ်ယောက်ယောက်က ရှင်းပြချင်နေတာလား။ တွေးလေ စိတ်ရှုပ်လေ ဖြစ်လာသည်။ ရုတ်တရက် သူ့ပခုံးကို လက်တစ်ခုက လာကိုင်လိုက်၏။
“အား”
ဖေဖေ ဖြစ်သည်။ ဖေဖေက သူသွေးပျက်သွားပုံကို ကြည့်ပြီး အံ့အားသင့်သွား၏။
“သားဘာတွေ စဉ်းစားနေလို့ ဒီလောက်အထိတ်တလန့် ဖြစ်နေတာလဲ။”
“ဟိုဟို စတိုခန်းထဲ…”
ဖေဖေ့ကို သူပြောရင် ကောင်းမလား ဟု စဉ်းစား ပြီးကာမှ ဤသို့ အဓိပ္ပါယ်မရှိသော ကိစ္စကို ပြောပြ လျှင် ယုံလိမ့်မည် မဟုတ်မှန်းသိ၍
“ဘာမှ မဟုတ်ပါဘူးဖေဖေ… ဒီစတိုခန်းကို ဖေဖေ ဒီအတိုင်းထားမှာလား။”
“အေး ထားလိုက်ပါကွာ ဒီအတိုင်း ဖေဖေတို့ မသုံးတဲ့ပစ္စည်းတွေလဲ ဒီထဲပစ်ထည့်ထားလို့ ရတာပဲကွ။ သားဖေဖေ့ကို လမ်းထိပ်က သံဆိုင်မှာ အိမ်ရိုက်သံ နည်းနည်းသွားဝယ်ပေးပါအုံးကွာ”
“ဟုတ်ကဲ့ဖေဖေ”
----------------------
သူတို့ရပ်ကွက်ကို အခုမှ သေချာကြည့်မိသည်။ အတော်အတန် ဆိတ်ငြိမ်လှပြီး အိမ်ခြေအတော် ကျဲပါးသည်။ သူတို့ အိမ်ဘေး၂ဖက်လုံးတွင် လူမနေကြပေ။ ညာဘက်ခြံမှ ၂ထပ်တိုက်ကြီးသည် ဆောက်လက်စ တန်းလန်းကြီးဖြစ်ကာ သံချောင်းများထိုးထိုးထောင်ထောင်နှင့် လုံးဝ အကြမ်းထည်ကြီးဖြစ်သည်။ ဘယ်ဘက်ခြံသည် မြေကွက် သက်သက်သာဖြစ်ပြီး အုတ်တံတိုင်း ကာထားသော အတွင်းဘက်ခြံထဲတွင် ချုံနွယ်များ တောထနေ၏။ မျက်နှာချင်းဆိုင်တွင် အိမ်၂အိမ်သာ ရှိသည်။ ဒီလောက်ခေါင်သော နေရာကို ဖေဖေနှင့် မေမေဘာလို့ရွေးငှားကြတာ ပါလိမ့်။ သံဆိုင်က လမ်းထိပ်ဟုဆိုသော်လည်း လမ်းထိပ်ကား အတော်ခပ်ဝေးဝေးထိ လျှောက်ရအုံးမည် ထင်သည်။ သူ့နောက်မှ တဦးဦး လိုက်လာသလိုလိုရှိသဖြင့် လှည့်ကြည့်လိုက်သည်။ အာကာ…။ တနေ့ည က သူ့အိမ်ကို လာလည်တဲ့အာကာ။
“အာကာပါလား…မင်းဘယ်သွားမလို့လဲ”
အာကာသည် သာမန်ကလေးများနှင့် မတူဘဲ နဲနဲတော့ လူကြီးဆန်သလိုလိုပင်။
“ဘယ်မှမသွားပါဘူး.. အစ်ကို့နောက်ကို သက်သက်လိုက်လာတာ ပြောစရာရှိလို့”
“ပြောလေ ဘာပြောမလို့လဲ”
“အစ်ကို့ကို ကိုဒီရဲက တွေ့ချင်လို့တဲ့။ သူအစ်ကို့ကို တခုခုရှင်းပြချင်နေတယ်။ ပြီးတော့ သူ့ခင်မျာ အကူအညီလိုအပ်နေတယ်လို့ ကျွန်တော်ထင်တယ်။”
“အာကာ ရေမင်းပြောတာတွေ တခုမှငါမသိဘူး။ အဲဒီ ဒီရဲက ဘယ်မှာနေလို့လဲ။ ဒို့ရပ်ကွက်ထဲကလား”
“ဘယ်မှာမှ မနေဘူး၊ အစ်ကိုတို့ အိမ် အပေါ်ထပ်မှာနေတယ်လေ”
“ဘာ…”

(၄)
ညက တောင်တွေးမြောက်တွေးနှင့်မို့ အိပ်ရေးမ၀သလို ဖြစ်နေ၏။ ဟိုတနေ့က မက်သော အိပ်မက်မျိုး ညက ထပ်မက်သေးသည်။ Lecture ချိန်၌ ဘယ်လိုမှ ဟန်မဆောင်နိုင်တော့ဘဲ အိပ်ပျော်သွားသည်။ အတန်းချိန်ပြီး၍ သီဟနှိုးတော့မှ နိုးတော့၏။
“ဟေ့ကောင် မင်းညက ဘာတွေ လုပ်နေလို့ အိပ်ရေးတွေ ပျက်နေတာလဲ”
“အေးကွာ…. ညက ငါတော်တော်နဲ့ အိပ်လို့ မပျော်ဘူးကွ ငါမင်းကို တခုပြောပြစရာရှိတယ်”
နေခန့် သူအိမ်ပြောင်းလာသည့်နေ့က အကြောင်းမှအစ အာကာပြောပြသည်အထိ ရှင်းပြလိုက်သည်။
“မင်းပြဿနာက နဲနဲတော့ ထူးဆန်းနေတယ်ကွာ”
သီဟက စကားကို ဆက်မပြောဘဲ နေခန့် အခြေအနေကို အကဲခတ်သလို စိုက်ကြည့်နေ၏။

“ဟ..ဟ ဟေ့ကောင် ငါကို အဲဒီလိုမျိုးကြီး မကြည့်နဲ့ကွာ၊ မင်းကြည့်တဲ့အဓိပ္ပါယ်ကို ငါသိတယ်ကွ၊ ငါနေကောင်းတယ် ဘာမှမဖြစ်ဘူး။”

နေခန့်က သူ့ကို တမျိုးကြီးကြည့်နေသော သီဟကို အမြန်ဖြေရှင်းချက်ပေးလိုက်ရ၏။

“အေးပါကွာ ငါကစိတ်ပူလို့ပါ။ ဒါဆို မင်းဟိုကလေးပြောသလို အဲဒိ ဘာမှန်းမသိတဲ့ သူက မင်းကို တွေ့ချင်တယ်ဆိုတော့ မင်းတွေ့ လိုတွေ့ငြား ကြိုးစားကြည့်ပေါ့ ဟုတ်မဟုတ်ဆိုတာ”

“ပြောတော့သာ လွယ်တာကွာ အဲဒိကောင်က ငါ့ကို အန္တရာယ် တခုခုများ ပေးမလားလို့ပါ”
“မင်းသဘောက အဲဒိကောင် မင်းတို့ အိမ်မှာ ရှိတယ်လို့ တစ်ထစ်ချယုံနေတယ်ပေါ့ ဟုတ်လား”
သီဟက မယုံကြည်သေးသလိုနဲ့ ထပ်ဆင့်မေးပြန်သည်။

“အေးငါတော့ အဲလိုခံစားမိတာပဲကွာ၊ ဘာလဲ မင်းက အခုထိမယုံသေးဘူးလား၊ ငါတော့ တယောက်ယောက် အိမ်ထဲမှာ ရှိနေသလို တမျိုးကြီး ဖြစ်နေတယ်”

“ဒါမျိုးတခါမှ မကြားဘူးတော့ ငါလဲ ယုံရခက်ကြီး ဖြစ်နေလို့တယ်၊ ဒါပေမယ့် အခု အခြေအနေအရ ဆိုရင် အဲဒိအကောင်က မင်းအကူအညီလိုနေတယ်ဆိုတော့ မင်းကိုတော့ ဘာမှမလုပ်လောက်ပါဘူး။”

“အေးအေး မင်းပြောတော့ သာ လွယ်တာ ငါတွေ့ ရမှာ နာနာဘာဝတစ်ကောင်ဆိုတာလဲ မမေ့နဲ့ အုံး”
သီဟက သူ့ကို ပြုံးပြီး ကြည့်ရင်း(အမှန်တော့ ကလိလိုက်ခြင်းဖြစ်သည်)
“ဘာလဲ မင်းကသရဲ ကြောက်တတ်လို့လား”
အမှန်တကယ်ဆို ရင်ထဲ၌ ကြောက်ရွံ့စိတ်အနည်းငယ် ရှိသော်လည်း ထိုသို့ မခံချင်အောင်မေးလိုက် သဖြင့်
“လုံးဝပဲ” ဟု ညာပြောမိလိုက်သည်။



(၅)
ဒီနေ့ည အဖို့ သူလုံးဝ မအိပ်ပဲ စတိုခန်းထဲသို့ ၀င်ကာ တစ်ခုခုထူးခြားလာလို ငြား ထိုင်စောင့်နေ၏။ ရင်ထဲတွင် ကြောက်ရွံ့စိတ်ရှိနေသော်လည်း စူးစမ်းချင်စိတ်က ပိုများနေသည်။ နာရီမှ ၁ နာရီ ထိုးသော တီးလုံးသံစဉ်သည် တိတ်ဆိတ်သော ၀န်းကျင်ကို ပို၍ ခြောက်လှန့်နေသလိုပင်။
အခန်း၏ အလယ်နားရှိ သေတ္တာပေါ်တွင် ထိုင်နေရင်း သူ့၏ ရှေ့တူရူရှိ တံခါးကိုသာ စိုက်ကြည့်နေမိသည်။
မကြာမှီပင်
“နေခန့်ရေ…”
ခြောက်သွေ့တိုးညင်းသော အသံက သူ့ကျောပြင် တခုလုံးစိမ့်တက်သွား၏။ အသံသည် သူ့ကျောဘက်ဆီမှ လာခြင်းဖြစ်၏။
သူလှည့်ကြည့်တော့ အခန်း၏ ထောင့်စွန်း မှောင်ရိပ်ကျသော နေရာတွင် အရိပ်လိုလို၊ အငွေ့ လိုလို သဏ္ဌာန်တခုကို ၀ိုးတ၀ါး တွေ့ရသည်။ သူအံ့သြလွန်း၍ ကြက်သေသေနေမိသည်။
“နေခန့်ရေ…ငါ့ကို လာရှာလို့ ကျေးဇူးတင်တယ်ကွာ”
“ခင်..ခင်များ..ဘယ်သူလဲ”
“ငါဒီရဲ ပါကွာ… မကြောက်ပါနဲ့ ငါမင်းကို ဘာမှ မလုပ်ပါဘူး။ ငါကသာ မင်းအကူအညီလိုနေတာပါ။”
အမှန်တကယ်တောင်းပန်တိုးလျှိုးသော အသံဖြင့် ထိုသတ္တ၀ါမှာ အန္တရာယ်ပြုမည်ပုံ မပေါ်သဖြင့် အနည်းငယ် ကြောက်စိတ်ပြေသွား၏။
“ဆောရီးကွာ…ငါမင်းကို ဆက်သွယ်ဖို့ အတွက် မင်းကို အိပ်မက်ပေးဖို့ ကြိုးစားရတာပါ။”
“ခင်..ဗျား.. ရှိနေတာ အာကာ သိနေတယ်လား”
“ဒါက ဒီလိုပါ။ ငါတို့ death force တွေဟာ မိန်းမနဲ့ ကလေးတွေ။ အထူးသဖြင့် စိတ်နုတဲ့ သူတွေ ဆီကို အလွယ်တကူ ချဉ်းကပ်လို့ ရပါတယ်။”
“ဒါဖြင့်…ကျွန်တော်..ကကော”
“မင်းမြင်ဖို့ ကျတော့ ငါခုနက ပြောသလို ပထမအဆင့် ငါရှိနေတယ်ဆို တာ မင်းစိတ်ထဲမှာ ထင်မှတ်လာအောင် အိပ်မက်တွေပေး၊ အာကာလေးနဲ့ ဆက်သွယ်ပြီး ယုံကြည်စိတ်ရှိလာအောင် လုပ်ရတာပေါ့။ အဲဒါ တနည်းအားဖြင့် ခြောက်လှန့်ခြင်းလို့ ခေါ်မလားမသိဘူး။ ဒုတိယ အနေနဲ့ မင်းဒီအခန်းထဲ ရောက်လာတဲ့အခါ မြင်ရဖို့ ငါ့ အငွေ့(gas) တွေကို room temperature ငြိမ်တဲ့ အထိ တော်တော်ကြာကြာ စောင့်ဆိုင်းရတယ်လေ”
တော်တော်နားလည်ရခက်သော ကိစ္စဖြစ်သည်။ သူ့ အဖြစ်မှာ တစ္ဆေတစ်ကောင်နှင့် လည်း စကားပြောရပြီး သူတခါမှကြားဖူးသော ထူးထူးဆန်းဆန်း အရာများကို လဲသိလာရသည်။ ဘာပဲဖြစ်ဖြစ် ထိုတစ္ဆေသည် သူကြားသိဖူးသမျှထဲ တွင် စာတတ်ပေတတ် တစ္ဆေဖြစ်သည်ဟု အသာပြုံးလိုက်မိသည်။
“မင်းငါဒါတွေကို သိနေလို့ အထူးအဆန်းဖြစ်နေတာလား။ ဒီလိုပါ ငါဟာ ဒီဘ၀မရောက်ခင် လူ့ဘ၀မှာ တုန်းက သရဲတစ္ဆေအကြောင်းတွေကို အလွန်အကျွံစိတ်ဝင်စားတဲ့ လူငယ်တစ်ယောက် ဖြစ်ခဲ့တယ်လေ”
သူစိတ်ထဲ တွေးနေသော အရာများကို သိနေသဖြင့် နေခန့် အနည်းငယ်တော့ ဖြုံသွားသည်။
“ထားပါတော့…ငါ့အကြောင်းပြောပြရင် ငါတို့မိသားစုဟာ အရင်က ဒီအိမ်မှာ နေခဲ့ကြတာပေါ့။ ငါရယ်၊ မေမေရယ်၊ ငါ့ညီလေးရယ်ပေါ့။ ငါ့အဖေကတော့ ငါတို့ ငယ်ငယ်လေးတည်းက မရှိတော့တာလေ။ ဒီလိုနဲ့ အေးအေးဆေးဆေး နေလာကြရင်းက တနေ့ ငါ့အမေ က အိမ်မှာ ခိုင်းဖို့ ဆိုပြီး မိန်းမတစ်ယောက်ကို ခေါ်လာခဲ့တယ်။ ငါအဲဒိမိန်းမ ကို မြင်မြင်ချင်းပဲ ဘာကြောင့်မှန်းမသိဘူး။ မနှစ်မြို့ဘူး။ ငါသူ့ကို အမြဲတမ်းစောင့်ကြည့်နေခဲ့တယ်။ သူကလဲ ငါ့ကို ပြန်စောင့်ကြည့်နေတယ်လို့ ငါထင်တယ်။ အိမ်မှုကိစ္စနဲ့ ပတ်သက်လို့ ဘာမှပြောစရာမရှိပေမယ့် သူ့ ပုံစံက မသင်္ကာ စရာပဲ်။ မျက်လုံးတွေက မငြိမ်ဘူး။ ငါ..ငါ့အမေကို ပြောပြဖူးတယ်။ ဒါပေမယ့် အမေက ငါပြောတာကို လက်မခံခဲ့ဘူးကွ။ သူက ငါ့ညီလေးကို ဂရုစိုက်တဲ့ပုံစံ လုပ်ပြတယ်လေ။ ငါတနေ့မှာ ကျောင်းက လေ့လာရေး အဖွဲ့ နဲ့ ခရီးတခု ထွက်ခဲ့ပြီး နှစ်ပတ်လောက်ကြာလို့ ငါပြန်လာတော့ အိမ်မှာ ညီလေး အသည်းအသန်ဖျားနေလို့ ဆေးရုံတင်ထားရတယ်။ ထူးဆန်းတာက ငါ့ညီလေးမှာ ဘာရောဂါမှ မယ်မယ်ရရရှာမရ ဘဲ ဖြစ်နေတယ်ကွာ။ ဆရာဝန်တွေလုံးဝ အစွမ်းကုန်ကုနေတဲ့ကြား က ငါ့ညီလေး နှစ်ရက်တိတိ မျောသွားခဲ့တယ်။ ငါတို့ သေပြီလို့ သတ်မှတ်ပြီး ကာမှ မမျှော်လင့်ဘဲ ငါ့ညီပြန်သတိရလာတယ်။ ငါတို့ သားအမိမှာ ဆုံးပြီလို့ သတ်မှတ်ပြီးမှ ညီလေးမသေဘူး ဆိုတော့ ၀မ်းသာလို့ မဆုံးဘူးပေါ့ကွာ။ ဒါပေမယ့်…..ကွာ…ညီလေးဟာ ငါတို့ထင် သလို မဟုတ်ခဲ့ပါဘူး…….”
ထိုစဉ် အပေါ်ထပ်သို့ တက်လာသော ခြေသံတခုကို ကြားလိုက်ရသဖြင့် ဒီရဲ အသံလဲ ရုတ်တရက်တိတ်သွား၏။ နေခန့်လဲ ဗီဒိုနောက်သို့ အသာကပ်ပြီး ပုန်းနေလိုက်သည်။ အခန်းထဲသို့ ဓာတ်မီးရောင်များ ဖြာကျလာပြီး မီးရောင်က ဟိုဟိုဒီဒီ လျှောက်ထိုးနေ၏။ နေခန့် အဖေသည် စကားသံသဲ့သဲ့ကြား၍ အပေါ်တက်လာခြင်းဖြစ်သည်။ ပစ္စည်းများရှုပ်ပွနေသော စတိုခန်းထဲသို့ သူ့စိတ်ကြိုက် ဓာတ်မီးဖြင့် ထိုးကြည့်ပြီးမှ တံခါးကို ပြန်ဆွဲပိတ်သွား၏။ ယခုချိန်မှာ သူ့ကို တွေ့သွားလျှင် နေခန့် မရှင်းပြတတ်သောကြောင့် ပုန်းကွယ်နေတာ အကောင်းဆုံးဟု ယူဆပြီး သူပုန်းနေခဲ့ခြင်း ဖြစ်သည်။ သို့သော်ဖေဖေသည် စတိုခန်းပြီးနောက် သူ့ အခန်းတံခါးကို ဖွင့်သံကြား လိုက်ရသဖြင့် သူလန့် သွားသည်။ ဖေဖေက အခန်းထဲကို ခဏမျှတိတ်ဆိတ်စွာ ကြည့်ပြီးမှ လှေကားအောက်သို့ ဆင်းသွားသော ခြေသံများကြားလိုက်တော့မှ သူ့စတိုခန်းမှ ထွက်ခဲ့၏။ သူအခန်းထဲ သို့ မ၀င်မှီ ၀ရံတာနားက ပြတင်းပေါက်ဆီသို့ လှမ်းကြည့်လိုက်သည်။ ထူးဆန်းစွာပင် အိမ်ရှေ့အိမ်မှ အာကာသည် ပြတင်းပေါက်ဆီမှ သူတို့အိမ်ဘက်ကို လှမ်း၍ကြည့်နေလေသည်။

Read Users' Comments (1)comments

မှတ်မှတ်ရရ

ကျွန်တော်ဒီနေ့ မနက် ဗီဒိုရှင်းရင်းနဲ့ အယ်လ်ဘမ် အဟောင်းတစ်ခုကို သွားတွေ့ရင်း က ငယ်ငယ်က အပူမရှိတဲ့ဘ၀လေးကို ပြန်လွမ်းနေမိတယ်ဗျာ။ အခုတော့ တော်တော်ပူလာတယ်ဗျာ။ ဗိုက်က အရှေ့ကို :P။ ကျွန်တော့်ဖေဖေ က အစိုးရ၀န်ထမ်းဆိုတော့ နယ်တကာ ပြောင်းနေရတော့ ကျွန်တော်လဲ နယ်စုံမှာ နေခဲ့ဖူးတာ ပေါ့။ ငယ်ငယ်တုန်းက နေရာတွေကို ပြန်သွားချင်ပေမယ့် တခါမှ မရောက်ဖြစ်သေးပါဘူး။ သူငယ်ချင်းတွေလဲ ဘယ်တွေရောက်ကုန်ကြပြီလဲ သိဘူး။ တကယ်လို့ ဒီပုံတွေထဲ က သူငယ်ချင်းတစ်ယောက် တလေများ အွန်လိုင်းမှာ ရှိရင် လာဆက်သွယ်နော်။ (ငယ်ငယ်တုန်းက ဂေါ်လီကြွေး မတောင်းကြေးနော်) :)

ကျွန်တော့်ရဲ့ တစ်ဦးထဲသော ညီမလေးပါခင်ဗျာ။(ယောက်ဖ ခေါ်ခြင်းသည်းခံပါ) :P

သားဓာတ်ပုံရိုက်ချင်ပါဘူးဆို အတင်းရိုက်ခိုင်းတယ် ဟင့်


ကျွန်တော့်သူငယ်ချင်းမလေးပါ၊ ငယ်ငယ်တုန်းက ရော်နယ်ဆိုတဲ့ သူငယ်ချင်းရယ်၊ အဲဒီသူငယ်ချင်းမရယ်၊ ကျွန်တော်ရယ် ကျွန်တော်တို့ သုံးယောက်က အချစ်ဆုံးသူငယ်ချင်းတွေပါ။ ဒီပုံတွေက ကျွန်တော် သူငယ်တန်းလောက်ပဲ ရှိသေးတယ်ထင်တယ်(ကျူရှင်ဆရာမက ဦးဆောင်ပြီး ပျော်ပွဲစား ထွက်ကြတာလေ)။ သြော်မေ့လို့ အဲဒီသူငယ်ချင်းမလေး နဲ့အဆက်အသွယ်မရတာ နှစ်ပေါင်း အတော်ကြာနေပါပြီ။ သူ့နာမည်က အိသက်တဲ့။ ရှမ်းမလေးလို့ ထင်တာပဲ။

ကျွန်တော်တို့ ကျူရှင်က သူငယ်ချင်းတွေပါ။ ဒါပေမယ့် ဂျင်းစကပ်လေးနဲ့ ကလေးမလေး ကလွဲလို့ ဘယ်ဘက်အစွန်ဆုံးက မှုန်တေတေ ကြည့်နေတဲ့ တစ်ယောက်ရယ်၊ အလယ်က ကျွန်တော်ရယ်၊ ကျွန်တော့်ဘေးက ရွှေရောင် ဂါဝန်လေးနဲ့ကောင်မလေးရယ်ပဲ ရွယ်တူတွေပါ။ ကျန်တဲ့သူတွေက ကျွန်တော့်ထက် အတန်းကြီးတဲ့ သူတွေပါ။ ခုဆို အဲဒီအစ်ကို အစ်မတွေတောင် တော်တော်လူကြီးတွေ ဖြစ်နေကြရောပေါ့( အဟီး တော်လိုက်တာနော်)
ဒီထဲမှာ ကျွန်တော်ဘယ်မှာလဲသိလား၊ ကျွန်တော်ငယ်ငယ်က တက်ခဲ့တဲ့ လွိုင်ကော်မြို့ အ.လ.က(၆)ကျောင်းလေးပါ ဒီပုံလေးကတော့ ကျွန်တော် ရန်ကုန်ကို ပြန်ပြောင်းတော့မှာ မို့ ကျွန်တော်တို့ အတန်းထဲက သူငယ်ချင်းတွေကို ဖေဖေက ရိုက်ပေးခဲ့တဲ့ ပုံလေးပါ။ တွေ့ပြီလား ကျွန်တော့်ကို။ :)



ငယ်ငယ်တုန်းထဲက နဲနဲပဲများတတ်တယ် (အဟိ)

ငယ်ငယ်တုန်းက အင်းလေးမှာ အမှတ်တရ ရိုက်ခဲ့တဲ့ အင်းသားစတိုင်နဲ့ ကျွန်တော်

Read Users' Comments (0)

မိုးတွေရွာနေတယ်

တနေ့က ညပိုင်းကြီး မိုးတွေ တအားရွာတော့ ကျွန်တော် မိုးအေးအေးနဲ့ ကွေးလို့ ကောင်းလိုက်တာ။ မိုးက ရေပါပါတယ် ထင်တယ် တ၀ုန်းဝုန်းတဒိုင်းဒိုင်း နဲ့။ အိပ်လိုက်တာ ကျွန်တော် မိုးလင်းတဲ့ အထိ တစ်ရေးပဲ။ မနက်မိုးလင်း မှ ကြည့်လိုက်တော့ ဘယ်တုန်းက မှ ရေမတက်ဘူးတဲ့ ကျွန်တော့်တို့ ခြံစပ်ကို ရေတွေ ၀င်နေလေရဲ့။ အိမ်ရှေ့ ခြံကတော့ အိမ်ထဲထိရေ တွေဝင်နေပြီလေ။ ဒါနဲ့ ကျွန်တော် ရပ်ကွက် တလျှောက် လိုက်ကြည့်တော့ ဘောလုံးကွင်းကြီး လဲ ရေကန်ကြီး ဖြစ်လို့။ ရပ်ကွက် အစွန်နားက တချို့ ပျဉ်ထောင်အိမ်လေးတွေ ဆို ကြမ်းပြင် မြှပ်လောက်အောင် ရေတွေ ၀င်နေကြတယ်။ မိုးရွာရင် ပျော်တတ်တဲ့ ကျွန်တော်က တော့ အိမ်ပြင်ကို ခဏခဏထွက် ပြီး ရေတောထဲ လမ်းတွေလျှောက်နေမိတယ်။ အိမ်နားက ခလေးတွေ လဲ လက်ပစ်ကူးနေကြလေရဲ့ ။ ကျွန်တော်တို့ တွေက သာ ပျော်လို့ လူကြီး တွေက ဒီထက် ပိုပြီး ရေ့မတက်ဖို့ စိတ်ပူပန်နေကြတယ်လေ။ တကယ်ပျော်စရာကြီးဗျာ မိုးကတဖွဲဖွဲအောက်မှာ လမ်းမပေါ်ဖြတ်စီး တဲ့ ရေတွေ ကြားထဲ လမ်းလျှောက်ရတာ ပျော်လွန်းလို့ ငယ်ငယ်တုန်းက သီချင်းလေးကို တောင်ပြန်ညည်းမိတယ်။
“မိုးရွာရင် မိုးရေ ချိုးမယ်၊ မေမေလာရင် နို့စို့ မယ်။ ဖေဖေ လာရင် အုန်းသီးခွဲစားမယ်” ပေါ့။

Read Users' Comments (0)

ကျွန်တော်စိုက်ပျိုးဖြစ်တဲ့ မနက်ခင်း

ငါ့ရင်ခွင်ထဲမှာ
မိုးတွေ သွန်းရွာနေပြီ ကောင်မလေး...
ကြယ်တစ်ပွင့်နှင့် ဖန်ဆင်းခဲ့တဲ့ ရာသီမျိုး
ငါထုဆစ်နေတယ်...
အနည်းဆုံး မင်းပျော်စေဖို့...
ငါ့ကောင်းကင်တွေ ချိတ်ဆွဲထားခဲ့...
အဲဒီ အရောင်မဲ့တဲ့ သံစဉ်ကို
ငါမင်းအတွက်... တခုတ်တရ ထုပ်ပိုး
(ဖြစ်နိုင်မယ်ဆိုရင်)
လတ်ဆတ်ခြင်းတွေ..
ငါ့ဝန်းကျင်မှာ သုတ်လိမ်းထားပါရဲ့...
တကယ်ဆိုကောင်မလေးရယ်...
မင်းသတိထားမိသင့်တယ်.....။

Read Users' Comments (0)

တစ္ဆေတစ်ကောင်ရဲ့ တေးသီသံ(အပိုင်း-၁)

(၁)
စူးရှပြင်းထန်သော Marilyn Manson ၏ သီချင်းကို head phone ဖြင့်နားထောင်ကာ အိပ်ယာထက်တွင် တစ်ကိုယ်တည်း ပေါက်ကွဲခံစားနေ၏။ သီချင်းသံစဉ်၏ Tempo တွင် စီးမျောရင်း ပတ်ဝန်းကျင်ကို မေ့နေ၏။ ထိုစဉ် အိမ်ပေါ်ထက်ဆီသို့ အလောတကြီး လူငယ်တစ်ယောက် ပြေးတက်လာသည်။ တံခါးကို အသာဟပြီး အခန်းထဲသို့ ခေါင်းပြူပြီး ကြည့်လိုက်သည်။ အိပ်ယာပေါ်မှ လူငယ်က ဘာလဲဟုမေးငေါ့ပြီး မေး၏။ ထိုအခါ တံခါးဝမှ လူငယ်က ထူးထူးဆန်းဆန်း အပြုံးမျိုးကို ပြန်ပြုံးပြပြီး တံခါးကိုပြန်ဆွဲပိတ် သွားသည်။ အမှုမဲ့စွာပင် သီချင်းကို ပြန်လည်နားထောင်နေ၏။
အခန်းထဲတွင် မီးခိုးညှော်နံ့များ ခိုးဝေလာသည်။ သူ့ Mp3 ကိုပိတ်လိုက်ပြီး အခြေအနေကို စူးစမ်းကြည့်ရာ အခန်း၏ အပြင်ဘက်တွင် တဖျစ်ဖျစ်မြည်သံများ နှင့်အတူ အခန်းအတွင်းသို့ မီးခိုးလုံးများ စိမ့်ဝင်လာသည်။ သူအိမ်မီးလောင်နေပြီမှန်းသူ ခြောက်ခြားစွာ သိလိုက်ရသည်။ အနီးဆုံးပြတင်းပေါက်မှန်ကို ခုံဖြင့်ရိုက်ခွဲပြီး ပြတင်းပေါက်မှထွက်ရန် ကြိုးစားသော်လည်း အလွန် ခိုင်ခံ့နေသော ပြတင်းပေါက် သံတိုင်များက သူ့အား ဟန့်တားနေ၏။ အခန်းတွင်းသို့ မီးခိုးများ တစတစ ပိုမိုများပြားလာသည်။ အသက်ကို ပြင်းစွာရူရင်း မီးခိုးများ အူထွက်နေသော တံခါးဝဆီသို့ သွားပြီး တံခါးကို ဆွဲဖွင့်၏။ ကံမကောင်းစွာပင် တံခါးသည် အပြင်ဘက်တွင် တခုခုခံနေသဖြင့် တင်းကျပ်စွာပင် ဖွင့်၍မရဖြစ်နေပြန်သဖြင့် သူ့ကိုယ်လုံးဖြင့် ဆောင့်ဖွင့်ကြည့်သည်။ ခုံဖြင့်ရိုက်ဖွင့် ကြည့်သော်လည်း အချည်းအနှီးပင်။ အခန်းအပြင်ဘက် ရှိ မီးလျှံများသည် သူ့အခန်းထဲသို့ ၀င် ရောက်လာသည်။
“ဒုန်း..ဒုန်း..ဒုန်း”
“ကယ်ကြပါဦး… ဒီမှာဘယ်သူမှ မရှိကြတော့ဘူးလား။ မီးလောင်နေတယ်ဗျို့ ကယ်ကြပါဦး။ အဟွတ်..အဟွတ်”
စည်သူ…။ သူ့ကို ခုနက တံခါးဝမှာ စည်သူလာကြည့်သည်ကို မှတ်မိသွားသည်။ သူရုတ်တရက် သိသွားသည် စည်သူသူ့ကို ယုတ်မာသွားပြီ။ အခန်းအပြင်ဘက်တွင် တခုခုခံထားခဲ့ခြင်း ဖြစ်နိုင် သည်။
“စည်သူ..ရေ.. ငါ..ငါ့ကို တံခါးပြန်ဖွင့်ပေးပါကွာ… ဒုန်း..ဒုန်း…ဒုန်း ဟေ့ကောင် ငါ့ကို တံခါးပြန်ဖွင့်ပေး စည်သူ… ခွေးမသား စည်သူ ငါ့ကိုတံခါးပြန်ဖွင့် ပေးစမ်း ငါ့ကို တံခါးပြန်ဖွင့် ပေးပါကွာ ငါ့တောင်းပန်ပါတယ် တစ်ယောက်ယောက်များမရှိကြဘူးလား ဒုန်း…ဒုန်း..ဒုန်း…. အဟွတ်အဟွတ်.. ကယ်… ကယ်ကြပါဦးဗျို့…….”

တဖြည်းဖြည်း နှင့် သူအသက်ရူကျပ်လာသည်။ ခေါင်းတွေမူးနောက်လာပြီး မောဟိုက်လာ၏။ သူမျက်စိ တွေ ကျိန်းစပ်နေပြီး ဘာမှမမြင်ရတော့ချေ။ အခန်းတွင်းတွင် အောက်ဆီဂျင် အတော်နည်းနေပြီ ဖြစ်၏။ သူ့ရင်ဘတ် အစုံသည် မြင့်တက်ကာ ပြင်းစွာ အသက်ရူရိုက်ရင်း ….။
“မေမေရေ.. သားမေ့မေ့ဆီလာခဲ့ပြီ..”
သူ့မျက်စိထဲတွင် မေမေက သူ့ကိုထွေးပွေ့ထားပြီး သူ့ခေါင်းကို အသာအယာပွတ်သတ်ပေးနေ၏။ မေမေ့ရင်ခွင်ထဲတွင် မှီရင်း သူ့ဝန်းကျင်တစ်ခုလုံးသည် အမှောင်အတိဖုံးလွှမ်းသွားလေတော့သည်။
********************
(၂)
“ဟေ့ကောင် နေခန့် မင်းကိုငါမေးစရာရှိတယ်။”
“အင်း”
“မင်းဟို..ချိုယုယကို မင်းလိုက်မလို့လား”
“အေးလေ ဘာဖြစ်လို့လဲ”
“မင်းတော့ ပြဿနာ အိုးကို သွားစတာပဲ”
နေခန့်က သီဟကို နားမလည်စွာကြည့်ရင်း…
“ဘာဖြစ်လို့လဲကွ ငါအခုလဲ ချိုယုယနဲ့ အဆင်ပြေနေတာပဲ”
“အာ.. အဲဒီကောင်မလေးအကြောင်း မသိသေးဘူးလား။ တတိယနှစ်မှာ သူ့အစ်ကိုရှိတယ်ကွ။ သူ့အစ်ကို က လူမိုက်လိုလို ဘာလိုလိုနဲ့ အုပ်စုလိုက်နေကြတာ”
“ဟ…သူ့ဘာသာသူ လူမိုက်ဆိုတိုင်း ငါက ကြောက်ရမှာလား၊ ပြီးတော့ သူ့ညီမကိုငါက ရိုးရိုးသားသား လူငယ်ချင်း ချစ်တာပဲ ဘာအပြစ်ရှိလို့လဲ။”

သီဟက နေခန့်ကို အနည်းငယ်စိတ်တိုသွားသည်။
“ပြီးရောကွာ.. အဲဒါဆိုလဲ ငါမပြောတော့ဘူး”

သီဟစိတ်ဆိုးသွားမှန်းသိ၍..
“အလကားစတာပါကွာ သီဟကလဲ.. အေးပါကွာ ငါသတိထားပါ့မယ် ဒါပေမယ့် ချိုယုယနဲ့ က အဆင်ပြေကာနီးနေပြီကွ ပြီးတော့…”
“သောက်ရူး ရောဂါကျွမ်းနေပြီမှတ်လား”
“အဟေး… မဟုတ်ဘူးလားဆိုတော့… အင်းဟုတ်တယ်”

“မင်းအတွက် ချိုယုယဘေးက ဘေဘီဝတုတ်လေးနဲ့ မိတ်ဆက်ပေးပါ့မယ်ကွာ”
“တော်ပါပြီကွာ..ကျေးဇူးတင်ပါတယ်နေခန့်ရာ”

“အဟ.. ဟေ့ကောင်လူကြားကောင်းအောင် လျှောက်ညည်းမနေနဲ့ ကွန်ပြူတာကျောင်းက မင်းကောင်မလေး ဘယ်နားသွားထားမလဲ။ မင်းကဒီကျောင်းမှာလဲ နောက်ဇာတ်လမ်း ထွင်ချင်နေပြန်ပြီလား”
“အဟီး”
ကန်တင်း နားမှဖယ်ရီကားများ ထွက်တော့မည်ဖြစ်ရာ
“see you သီဟရေ.. အာနေဦး မနက်ဖြန်ငါမလာနိုင်ဘူး ဒီနေ့အိမ်ပြောင်းမှာမို့ မနက်ဖြန် ၀ိုင်းကူစရာတွေရှိလို့ မင်း roll sheet အခြေအနေကြည့်ပြီး လတ်မှတ်ထိုးထားပေးကွာ”
“အေးပါကွ ဒီတပတ်ကျောင်းပိတ်ရင်လဲ ငါလာလည်ဦးမယ် မင်းတို့အိမ်ကို”
“Ok bye bye”
**************
“နေခန့်ရေ.. မင်းကလဲကွာ ဒီနေ့ ပြန်လာတာနောက်ကျလှချည်လား။ မေမေတို့ ဒီမှာပစ္စည်းတွေ အကုန် ဟိုဘက်ရောက်သွားပြီ။ သားကို စောင့်နေတာ”
“ဟုတ်တယ်မေမေရေ.. ဒီနေ့ ဖယ်ရီက လမ်းမှာပျက်နေလို့ လိုင်းကားစီးပြန်လာတာ”
“ဟော သားဖေဖေတောင် မေမေတို့ကို လာကြိုနေပြီ.. သွားရအောင်သား”
--------------------------------
အခုကျွန်တော်အသစ်ပြောင်းသော နေရာသည် ခြံဝန်းက အရင်အိမ်ထက်ပိုကျယ်ဝန်းသည်။ အိမ်မှာ တိုက်ခံအိမ်၂ထပ်တိုက် လေးဖြစ်ပြီး ပြန်ပြင်ဆောက်ထားသည်မှာ မကြာသေးဟု သိရသည်။ သို့သော်အိမ်ရှင်က မဆီမဆိုင် အ၀ါနောက်နောက်ကြီး သုတ်ထားသည်။ အိမ်ထဲတွင် ပစ္စည်းများက နေရာချထားတုန်း ဖြစ်သဖြင့် ဟိုတစ်ပုံဒီတစ်ပုံ ဖြစ်နေ၏။
“သားရေ..မေမေတို့ ညနေစာစားဖို့ ထမင်းနဲ့ဟင်း သွားဝယ်လိုက်ဦးမယ်။ ပြီးတော့ လိုတဲ့ပစ္စည်းနဲနဲကို စတိုးဆိုင်မှာ သွားဝယ်လိုက်အုံးမယ်။ သားဗိုက်ဆာရင် ဆွဲခြင်းထဲမှာ ခေါက်ဆွဲခြောက်ထုပ်နဲ့ ရေနွေးနဲ့ ရှိတယ်။ အဆာပြေအရင်စားထားပေါ့။ မေမေတို့ သိပ်မကြာပါဘူး”
“ဟုတ်ကဲ့ပါမေမေ”
ဒီအိမ်ကြီးကို ကြည့်ရတာ နေရာသစ်ဖြစ်နေ၍လားမသိ တမျိုးကြီးဖြစ်နေသည်။ အပေါ်ထပ် တစ်ထပ်ပါသည့် အတွက်တော့ မိသားစုသုံးယောက်သာရှိသော နေခန့်တို့အတွက် အနည်းငယ် ကျယ်ဝန်းလှပါသည်။ နေခန့်က သူ့နေရမည့် အပေါ်ထပ်ရှိ အခန်းကို တက်ကြည့်၏။ အပေါ်ထပ် တွင် အခန်းသုံးခန်းရှိပြီး သူ့အခန်းနှင့် စတိုခန်းသည် ကပ်လျက်ဖြစ်သည်။ သူ့အတွက် အခန်းက အရင်အိမ်က အခန်းထက်ကျယ်ဝန်းပါသည်။ အခန်းထဲရှိ သူ့ပစ္စည်းများအား ဘယ်ကစရှင်းရမှန်း မသိဖြစ်နေ၍ အရင်ဇိမ်ယူဖို့ အိပ်ယာ အရင်ခင်းလိုက်သည်။
“အင်း..ဒီအခန်းလေးက ငါ့အရင်အခန်းထက်စာရင် မဆိုးပါဘူး။ ပြတင်းပေါက်နားမှာ ငါ့ကွန်ပြူတာ ထားမယ်။ စာကြည့်စားပွဲက ဒီဘက်ဘေးမှာ ထားရမယ်။”
“ဂျစ်..ဂျစ်..ဂျစ်”
ရုတ်တရက် သူ့ဘေးဘက် စတိုခန်းမှ တစုံတခုကုတ်ခြစ်သံကို ကြားလိုက်ရသည်။ သို့နှင့် စတိုခန်းဘက်သို့ ကူးခဲ့ပြီး တံခါးကို ဖွင့်လိုက်၏။ တံခါးဖွင့်ဖွင့်ချင်း အောက်သိုးသိုးအနံ့ ကြီးက နှာခေါင်းထဲ တိုးဝင်လာသည်။ ဒီအခန်းက ဒီအတိုင်းပစ်ထားတာ ကြာပြီထင်တယ်။ စတိုခန်းသည် သူ့အခန်းလောက် ကျယ်ပြီး အခန်းထဲမှာ ကလေးစက်ဘီးစုတ်တစ်စီး၊ သေတ္တာတလုံးနှင့် သစ်တိုသစ်စများ၊ ကပ်ထူပုံးကြီးများနှင့် တံခါးနှင့်ကပ်လျက် တွင် ဗီဒိုကြီးတစ်လုံးရှိသည်။ ထိုစဉ် သူ့နောက်မှာ တစ်ယောက်ယောက် ရောက်နေသလို ခံစားရသဖြင့် လှည့်ကြည့်လိုက်၏။ သို့သော် ဘယ်သူမှရှိ မနေပါ။ အခန်းထဲတွင် မီးလုံးလေးသာ တပ်ဆင်ထား သဖြင့် အလင်းရောင်မှာ မိန်ဖျော့နေ၏။ ခုနက အသံသည် ခဏတိတ်ဆိတ်သွားရာမှ သူ့ခြေသံကြားတော့မှ အသံက ပိုကျယ်လာသည်။ သူအနည်းငယ်တော့ ကျောချမ်းသလိုဖြစ်လာသည်။ ဘာကြောင့်မှန်းမသိ သူ့နားတွင် တစ်ယောက်ယောက်ရှိနေသလို ခံစားနေရသည်။ ဗီဒိုထဲမှ အသံသည် ပိုမိုဆူညံလာသဖြင့် အရဲစွန့် ပြီးဆွဲဖွင့်လိုက်သည်။ တစုံတခု သူ့အပေါ်သို့ ခုန်အုပ်လိုက်သည်။
“၀ုန်း”
“အား”
“အာ… တောက်ကြောင်စုတ်”
အနက်ရောင် မဲမှောင်နေသော ကြောင်တစ်ကောင်သာ ဖြစ်၏။ ဘယ်သူကများ ဒီကြောင်ကို ဗီဒိုထဲလာပိတ်ထား ပါလိမ့်။ ဒုတိယအကြိမ်မြောက် သူ့နောက်ကျောတွင် တစုံတယောက် မတ်တပ်လာရပ်နေသလို မသတီစွာ ခံစားရပြန်သည်။
“အာ.. ငါဘာတွေ ဖြစ်နေတာပါလိမ့် မဖြစ်ဘူး အောက်ဆင်းပြီး ရေချိုးအုံးမှပဲ”
သူလှေကားမှ အောက်ထပ်သို့ ဆင်းရန်ပြင်လိုက်စဉ် အောက်ဘက်လှေကားရင်းတွင် သူ့အားစိမ်းစိမ်းကြီး ကြည့်နေသော ကလေးငယ်တစ်ယောက် အားတွေ့လိုက် ရသည်။
“အောင်မယ်လေးဗျ”
သေချာကြည့်တော့မှ ၈နှစ်အရွယ် ခန့်ရှိသော ကလေးငယ်တစ်ယောက် သာဖြစ်နေသဖြင့် နေခန့် အိဒြေ္နပြန်ဆည် လိုက်ပြီး
“ဟေ့ ညီလေး..မင်း ဘာလာလုပ်တာလဲ”
“ကျွန်တော်အိမ်ရှေ့ အိမ်ကပါ.. လူသစ်တွေရောက်တယ်ဆိုလို့ လာကြည့်တာပါ။”
“အော်..အေး..ဟုတ်ဟုတ်လား…အင်းထိုင်လေကွာ”
ကလေးလေး တစ်ယောက်ကို တောင် အဓိပ္ပါယ်မဲ့စွာ ကြောက်ရွံ့နေ၍ သူ့ကိုယ်သူုစိတ်တို မိ၏။
“ကျွန်တော် မထိုင်တော့ပါဘူး”
“ဒါနဲ့ မင်းနာမည် ဘယ်လိုခေါ်လဲကွ”
“အာကာ..ပါ”
ထိုကလေးသည် နေခန့်နှင့် စကားပြောနေရင်းနှင့် နောက်ကျောကို လှမ်းလှမ်းကြည့်နေသဖြင့် နေခန့် ခင်မျာ မလုံမလဲဖြစ်နေသည်။
“သားရေ အာကာရေ”
“ဗျာ သားဒီမှာ လာပြီ ကျွန်တော်သွားပြီနော်”
“အော် အေးမင်း အမေခေါ်နေပြီထင်တယ် နောက်လဲ ငါ့တို့ဆီလာခဲ့လေ”
“ဟုတ် သွားပြီ”
အာကာက သူ့ကို နှုတ်ဆက်စကားဆိုသော်လည်း သူ့မျက်လုံးများက နေခန့် အနောက်ဘက်ဆီသို့ သာ တချက်တချက် ကြည့်နေရာ အနည်းငယ်ကျောချမ်းလာသည်။
မကြာမှီ မေမေတို့ ပြန်ရောက်လာကြသည်။
“သားဗိုက်ဆာနေပြီလား.. ထမင်း၊ ဟင်းတွေ ၀င်ဝယ်နေလို့ ကြာနေတာ ကဲလာမေမေတို့ စားကြရ့အောင်၊ ဖေကြီးရေ.. အဲဒီအထုပ်တွေ ဒီအတိုင်းထားလိုက်တော့လေ။ လာညစာစားကြမယ်။”
မေမေတို့ဝယ်လာသော ညစာကို စားပြီး ထိုညအဖို့ ရေပင်မချိုးတော့ပဲ.. စောစောအိပ်ယာဝင် ပစ်လိုက်တော့၏။ (ဆက်ရန်...)





Read Users' Comments (2)

သေလူ

အလင်းမိုက်သောည ညဥ့်လယ်
သေငယ်ဇောကပ်နေတဲ့...ဇီဝအသက်ရှူသံခပ်ပြင်းပြင်းတွေ
သွေးပျက်ခြောက်ကပ်လွန်းတဲ့ ရယ်သံတွေ
ငါ....စိတ်နားထဲမပီမပြင်...ခပ်သဲ့သဲ့ကြားရ...
အမှောင်ခြုံလွှာအောက် ရမ္မက်ညှီနံ့တစ်ချို့..
ခပ်လှမ်းလှမ်းမှ....လှမ်းတွေ့လိုက်ရတယ်။
အက်ကွဲဆူဝေနေတဲ့ ဟိန်းဟောက်သံတွေ
အဝေးတစ်နေရာဆီက.....ပြေးပြေးလာနေတယ်။
တဖြည်းဖြည်းနီးလာပြီ....
နာရီအော်သံတွေကြားနေရတယ်....
ငါ့ရင်ဘတ်ကြီး...တင်းကြပ်ဖိကပ်ပြီး
နှလုံးခုန်သံ တချက်တချက်ရပ်ရပ်သွားပေါ့
ငါ့အခန်း...၀န်းကျင်တစ်ခုလုံး
အဲဒီအနီရောင်မျက်လုံးဟောက်ပတ်တွေနဲ့
ပြည့်နှက်...
ငါ...လွင့်လွင့်သွားခဲ့...မဟုတ်သေးဘူ့း။
ငါ့ကိုယ်ငါတောင် မသိချင်တော့ဘူး။
ငါ့...နံဘေးက အလင်းတွေ
တဖြည်းဖြည်း..မှောင်မဲလာ..
ငါလွင့်လွင့်သွားခဲ့..
ခပ်ကြမ်းကြမ်း...အင်အားတစ်ခုက
ခန္ဓာဝန်ထဲက...ငါ့ကို ခပ်ကြမ်းကြမ်းဆွဲထုတ်သွား
ငါ..ငါလွင့်လွင့်သွားခဲ့.....။

Read Users' Comments (0)