twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ပထမဦးဆုံးသော နိုင်ငံရေးအသားပေးဂျာနယ် ပြည်တွင်း၌ ထွက်ရှိ


မနေ့က မြန်မာပြည်ရဲ့ ပထမဦးဆုံး နိုင်ငံရေး အသားပေး Northern Star ဂျာနယ် ထွက်ရှိခဲ့ပါတယ်။ ခေတ်သစ် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်း၊ ကမ္ဘာ့နိုင်ငံရေး အကြောင်း တစေ့ တစောင်းတွေနဲ့၊ နိုင်ငံရေး အတွေးအမြင်ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေ ပါဝင်ပါတယ်။ တန်ဖိုးငွေ ၃၀၀ (အပြင်ဈေး ၅၀၀ကျပ်) နဲ့ ရောင်းချပါတယ်။ ဒီဂျာနယ်ဟာ မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အဦးအစမှာ ပထမဆုံး ထုတ်ဝေခွင့်ရတဲ့ ဂျာနယ် ဖြစ်ပါတယ်။ မည်ကဲ့သို့ အမြင်တွေပဲ ရှိနေပါစေ ထိုသို့သော နိုင်ငံရေး အသားပေး ဂျာနယ် ဖြစ်သောကြောင့် နိုင်ငံရေး အသိအမြင် နည်းပါးနေသော၊ နိုင်ငံရေး အဟာရချို့တဲ့ရှာသော ပြည်တွင်း စာဖတ်သူတွေ အတွက် အကျိုးတစုံတရာ ပေးလိမ့်မည့် ဂျာနယ်ဟု ထင်မြင် မိပါကြောင်း...။


Read Users' Comments (3)

အသိဉာဏ်ပညာကို မြတ်နိုးတတ်ကြပါစေ

ဖီလော်ဆော်ဖီဆိုတာ ဉာဏ်ပညာကို မြတ်နိုးခြင်းရယ်လို့ ကြားဖူးပါတယ်။ ဖလော်ဆော်ဖီဆိုတာနဲ့ ခပ်ကြောင်ကြောင် အတွေးမျိုးတွေလို့ မထင်လိုက်ပါနဲ့။ အဲ့ဒိလို ခပ်ကြောင်ကြောင် ဒဿနတွေ (၀ါ) ခပ်ကြောင်ကြောင် သမားတွေဟာ တွေးပုံစနစ်မကျ လမ်းချော်နေတဲ့သူတွေ (၀ါ) ဒဿန တတ်ယောင်ကား တွေသာ ဖြစ်ပါတယ်။ တကယ်တော့ အတွေးအခေါ် ဖလော်ဆော်ဖီဆိုတာ  လူတိုင်း တွေးသင့်တဲ့ အရာ ဖြစ်ပါတယ်။ တွေးခေါ်မျှော်မြင်မှု ရှိခြင်း၊ ကျိုးကြောင်း ဆက်စပ်တွေးခေါ် တတ်ခြင်းတွေဟာ တကယ့် လက်တွေ့ ဘ၀မှာ အလွန်အသုံးဝင်သော ပညာရပ်တွေ ဖြစ်ကြပါတယ်။ စနစ်တကျ တွေးခေါ်တတ်သူတွေဟာ ဘယ်တော့မှ ကြောင်မနေတဲ့ အပြင် သူများတွေထက် ရှေ့နှာတဖျား၊ ခေါင်းတလုံးလောက်ကို သာနေပါလိမ့်မယ်။

 

အသိဉာဏ်ပညာဆိုတာ ကျိုးကြောင်းဆက်စပ်တတ်မှု၊ ထိုးထွင်းသိမြင်မှု၊ ပိုင်းခြားဝေဖန်စီစစ်တတ်မှု၊ တီထွင်ကြံဆ တတ်မှုတွေ ပေါင်းစည်းထားတဲ့ အသိပညာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့် ကိုယ်ပိုင် အမြင်နဲ့ အဓိပ္ပါယ် ဖွင့်ဆိုတာပါ။ (ထပ်ပေါင်းထည့်စရာတွေ လဲ ရှိချင်ရှိမှာပါ)

 

ဆိုတော့ ကျွန်တော်တို့ အမြဲတွေးခေါ် နေဖို့ လိုပါတယ်။ ဒီလိုတွေးခေါ်တတ်ဖို့၊ အသိဉာဏ်ပညာကို ချစ်မြတ်နိုး တတ်ဖို့ဆိုရင် ၀မ်းစာ အဖြစ် ဗဟုသုတ လောင်စာတွေကို များများ ရှာဖွေ သိုမှီးဖို့ လိုပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ သမိုင်းဦး ခေတ်ကနေ စပြီး ဆင့်ကဲ ပြောင်းလဲ လာလိုက်ကြတာ တခြားသော သတ္တ၀ါများအားလုံးရဲ့ ခေါင်းဆောင်ဖြစ်လို့လာပါတယ်။ လူပဓာန၀ါဒ ဆိုတာတွေတောင် ဖြစ်လာကြပါတယ်။ ဒီလို ဘာလို့ ဖြစ်ရလဲ ဆိုတော့ လူဆိုတာ တွေးခေါ်မျှော်မြင်တတ်မှု စီမံခန့်ခွဲ တတ်မှု ဆိုတဲ့ အသိဉာဏ်တွေဟာ ဘယ်သတ္တ၀ါမှာမှ မရှိတဲ့ ၀ိသေသတွေ ပိုင်ဆိုင်နေလို့ပါပဲ။

 

တလောကပဲ ကျွန်တော် ရုပ်ရှင်တကား အိမ်မှာ ကြည့်ဖြစ်တယ်။ ၁၉၆၆ ခုနှစ်က ထုတ်တဲ့ One Million years B.C ဆိုတဲ့ ကားဟောင်း လေး ဖြစ်ပါတယ်။ ဇာတ်လမ်းက ဟိုးကျောက်ခေတ် သမိုင်းဦး ခေတ်ကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ကျွန်တော် ပြောချင်တာက ဇာတ်လမ်းသွားထဲက ရလိုက်တဲ့ အမြင်လေးပါ။ ဇာတ်လမ်း အစပိုင်းမှာ ကျောက်ခေတ်ဲဦး ရိုင်းစိုင်းသော လူမျိုးစု တစုရဲ့ ပြုမူနေထိုင်ပုံကို ပြပါတယ်။ အမဲလိုက်တဲ့အခါမှာ ခပ်မိုက်မိုက် လူကောင်ကြီးတဲ့ ခေါင်းဆောင် ဖြစ်သူက ကြွင်းထဲမှာ မိနေတဲ့ တောဝက်ကို ငယ်သား တယောက်ကို ဆင်းစေပြီး နပန်းလုံး သတ်ခိုင်းပါတယ်။ တောဝက်သေတော့ တောဝက် အစွယ်ကို သတ်သူက တောဝက်ဆီက နှုတ်ယူလိုက်ပါတယ်။ အပေါ် ပြန်တက်လာတဲ့အခါ ခေါင်းဆောင် လုပ်သူက အဲ့ဒိအစွယ်ကို အတင်းလုယူကာ သူပေးချင်တဲ့ သူကို ပေးလိုက်တယ်။ ကိုယ်တိုင် သတ်သူ (မင်းသား) က မကျေနပ်လို့ ရန်ရှာတော့ ခေါင်းဆောင်က ကာယအားကိုးဖြင့် အတင်း တွန်းထိုးပြီး အနိုင်ကျင့်ပါတယ်။

 

အုပ်စုတွေ နေထိုင်တဲ့ ဂူထဲရောက်တော့ တောဝက်သားကို မီးကင်စားကြတယ်။ မီးကင်ပြီးတဲ့အခါ ကျက်တော့ ရိုင်းစိုင်းပြီး အသိဉာဏ်နည်းသော ခေါင်းဆောင်က ၀က်ကင်နားမှာ စားချင်လို့ သွားရေကျပြီး ငေးနေတဲ့ သူတွေကို (ကလေးတွေ မိန်းမတွေပါမကျန်) အတင်းတွန်းထိုးပြီး သူလိုချင်တဲ့ စားချင်တဲ့ တောဝက်ရဲ့ ပေါင်ပိုင်းကို အတင်းဆွဲယူ ဖဲ့စားပြီး တခြားသူတွေ အနားမကပ်နိုင်အောင် မာန်ဖီတယ်။ ခေါင်းဆောင် စားပြီးတော့ တခြား လက်အောက် ငယ်သားထဲက ခွန်အားကြီးသူတွေဟာ သူ့ထက်ငါ နိုင်လို မင်းထက် လုယက်စားကြတယ်။ အကြွင်းအကျန်ကိုမှ မိန်းမတွေနဲ့ ကလေးတွေ စားကြရတယ်။ အလွန်ရိုင်းစိုင်းပြီး လူ့ယဉ်ကျေးမှု အဆင့်အတန်း နိမ့်သော သမိုင်းဦး ကျောက်ခေတ်ကို ပေါ်လွင်အောင် တင်ပြထားတာ ဖြစ်ပါတယ်။  သူတို့ အုပ်စုဟာ ပစ္စည်းတခု သူများ ဆီက  လိုချင်ပြီဆိုရင်တော့ အတင်းမရမက လုယူတယ်။ ဒါနဲ့ ငယ်သား ဖြစ်တဲ့ မင်းသားဟာ သူသတ်လို့ ရလာတဲ့ ၀က်စွယ်ကို  ပြန်လိုချင်လို့ အတင်းပြန်လုရင်းက ပဋိပက္ခဖြစ်ပြီး ကျောက်ဂူရဲ့ အောက်ဘက် ချောက်ထဲကို အတွန်းချခံလိုက်ရတယ်။ (သည်းခံ ပါခင်ဗျ.. ဇာတ်ကြောင်း ဇာတ်ရည်လည်မှ ပြောချင်တဲ့ အမြင်ပေါ်လွင်မှာမို့ ဆက်ပြောပါရစေ)

 

ဒါနဲ့ မင်းသားဖြစ်တဲ့ ကျောက်ခေတ်လူသား ဟာ ကံကောင်းထောက်မစွာ မသေပဲ ဒီအုပ်စုနဲ့ ဝေးရာဆီကို ခြေဦးတည့်ရာ လျှောက်သွားတယ်။ သွားရင်းနဲ့ တခြားသော အရပ်မှာ အသားဝါတဲ့ လူမျိုးစုတစုကို မထင်မှတ်ပဲ သွားတွေ့တယ်။ ဒီလူမျိုးစုတွေက ထူးဆန်းသဗျာ။ သူအရင်နေထိုင်ခဲ့တဲ့ လူမျိုးစုတွေနဲ့ မတူပဲ အတော်အတန် ယဉ်ကျေးတဲ့သူတွေ ဖြစ်နေတယ်။ အဲ့ဒိအသားဝါ လူမျိုးစုတွေဟာ အထူးပြုလုပ်ထားတဲ့ လှံတံတွေနဲ့ အမဲလိုက် တတ်တယ်။ ရေထဲက ငါးတွေကို လှံနဲ့ ဖမ်းတတ်တယ်။ သီးနှံတွေ စနစ်တကျ စိုက်ပျိုး တတ်တယ်။ ပြီးတော့ အတော်လေး စည်းလုံး ညီညွတ်ကြပြီး သင့်သင့် မြတ်မြတ် ရှိကြတယ်။ မိန်းမတွေ ကလေးတွေကို ဦးစားပေးတယ်။ ဒီလို ယဉ်ကျေးတဲ့ သူတွေကြားထဲ ရောက်သွားတော့ အရိုင်းအစိုင်းဖြစ်တဲ့ မင်းသားက အံမ၀င်ဘူး။ သူက ထိုလူတွေကို တအံ့တသြ ဖြစ်ရပြီး ထိုလူတွေကလဲ သူ့ကို တအံ့တသြ ဖြစ်ရတယ်။ အရိုင်းအစိုင်းကလာတဲ့ သူဖြစ်တဲ့ အတွက် လှံတံတွေကိုတွေ့တော့ သူလိုချင်တဲ့အတွက် အတင်းလုယူတယ်။ နောက် ဟိုက မပေးတော့ အကြမ်းဖက်နည်းနဲ့ တိုက်ခိုက်တယ်။ အသတ်ကိုတောင် သေအောင် ကြံစည်တဲ့ အထိ ဖြစ်တယ်။ နောက်ဆုံး ဒီလူရိုင်းဟာ ဒီအဖွဲ့မှာလဲ အံမ၀င်တော့ပဲ သူထပ်ထွက်သွားပြန်တယ်။ အတိုချုံး ပြောရရင် (အဲလေ..ကျွန်တော့် အတိုချုံးက အတော်ရှည်နေပြီ) နောက်ဆုံး မင်းသားဟာ အသားဝါ ယဉ်ကျေးသော အုပ်စုက ကောင်မလေးကြောင့် လူယဉ်ကျေးအဖွဲ့နဲ့ ပြန်ပူးပေါင်းမိပြီး သူ့ဌာနေက အရိုင်းကောင်တွေကို ပြန်တိုက်ကြတယ်။ လူယဉ်ကျေးတွေ အောင်ပွဲရသွားကြတယ်။

 

ဒီနေရာမှာ ကျွန်တော် ရလိုက်တာ ၂ချက်ရှိတယ်..။ (တခြားသူတွေကလဲ တခြား အချက်တွေ ကျွန်တော့် ထက် ပိုရချင်ရမှာပေါ့)။ တစ်ချက်က နိုင်လိုမင်းထက်၊ ခွန်အား အားကိုးဖြင့် မတရား အနိုင်ယူခြင်းဟာ ဉာဏ်ရည် နိမ့်ပါးသော ၊ လူ့ယဉ်ကျေးမှု နိမ့်ကျသော သူများရဲ့ လုပ်ရပ်ဖြစ်တယ်။ ဒုတိယ အချက်ကတော့ evolution ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်အရ ယဉ်ကျေးသော အသိဉာဏ်ရှိသော လူတွေကသာ လူ့ဘောင်အဖွဲ့အစည်းကို ဦးဆောင် အနိုင်ယူ ပဲ့ကိုင် နိုင်မှာ ဖြစ်တယ် ဆိုတာပါပဲ။

 

အဲ့ဒိတော့ ကျွန်တော်တို့ ယနေ့ ပြုမူ လုပ်ဆောင်နေမှု များသည် evolution ဆင့်ကဲ ပြောင်းလဲမှု ရှိရဲ့လား၊ ဉာဏ်ပညာအားဖြင့်၊ စာရိတ္တအားဖြင့် တိုးတက်သွားလား၊ ဒါမှမဟုတ် devolution ပြန်လည် ဆုတ်ယုတ် နိမ့်ကျ သွားလား ဆိုတာ ဆင်ခြင် ကြည့် ကြဖို့ ကောင်းပါတယ်။ ယနေ့ခေတ်လို အချိန်မျိုးမှာ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာတွေ တမုဟုတ်ချင်း တိုးတက် လျှက်ရှိနေပါတယ်။ ဒါပေမယ့် စိတ်ပိုင်း ဆိုင်ရာများတွင် (တချို့တွင်) ညစ်တွန်းတွန်း နေကြတာ၊ အချင်းချင်း ချောက်ချ နေကြတာ၊ လက်နက်အားကိုး၊ ခွန်အား အားကိုးဖြင့် နိုင်လိုမင်းထက် ပြုမူနေကြ တာတွေဟာ တိုးတက်သလား ဆုတ်ယုတ်သွားသလား ခင်ဗျာ။ ခေတ်နောက်ပြန်ပြီး လူ့အရိုင်းအစိုင်း ခေတ်ကို ပြန်လည် မဖော်ဆောင်မိဖို့ အရေးကြီးလှပါတယ်။

 

ယဉ်ကျေးမှု မြင့်မားခြင်းဟာ လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်ကျက်သရေ ပဲ ဖြစ်ပါတယ်။ တနည်း ဒီလူမျိုး နိုင်ငံတနိုင်ငံရဲ့ အဆင့်အတန်းပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှု မြင့်မား တယ်ဆိုတာ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တိုးတက် တာတွေ အပြင် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ပိုင်းဆိုင်ရာ မှာ တခြားလူမျိုးတွေထက် ခေါင်းတလုံး သာနေ တာမျိုးတွေ ဖြစ်ပါတယ်။

 

"ရှိပြီးသား အတွေး အမြင်တွေကို ပြန်လည်သုံးသပ်ပါ။ ခေတ်ကာလနှင့် မကိုက်ညီတော့သော အတွေးများကို လှီးဖယ် ထုတ်ပြီး စွန့်ပစ်ပါ။ အတွေးအမြင်သစ်တွေ တီထွင် ကြံဆပါ။ ပြီးတော့ လက်တွေ့ အကောင် အထည်ဖော်ပါ။"

 

မိမိကိုယ်ကို မိမိ တိုးတက်အောင် အမြဲတမ်း တွေးတော ဆင်ခြင်နေရပါမယ်။ ဉာဏ်ပညာ အတွေးအခေါ်တွေ မြင့်မား စေဖို့ များများ တွေးခေါ်ပေးဖို့ ဖတ်ရှုလေ့လာ ဆည်းပူး ဖို့၊ သင်ခန်းစာ ယူဖို့ အများကြီး လိုပါတယ်။ ကျွန်တော်တို့ ဦးနှောက်တွေကို တိုးတက်နေသော ရုပ်ဝတ္ထု ဇိမ်ခံပစ္စည်းများ ပေါ်မှာ တင် အလိုက်သင့် မျှောမနေပါနဲ့။ ကိုယ်တိုင် ကြံစည် တွေးတော ကြည့်ပါ။ လမ်းစ ထွင်ကြည့်ပါ။ သဘာဝရဲ့ လိုအပ်ချက်အရ ဦးနှောက်ဆိုတာ တွေးဖို့ အတွက် ဖြစ်လို့ အလကား မထားပါနဲ့။များများ တွေးပါ။ များများ အလုပ်ပေးပါ။ ဦးနှောက် အဟာရလဲ ပြည့်ဝနေပါစေ။ ဒါမှ အသုံးများလာတဲ့ အတွက် အမြဲ ထက်မြက် နေပြီး သူများထက် ရှေ့ကြိုမြင် နေမှာ ဖြစ်ပါတယ်။

"ဘယ်တော့မှ ခေတ်အခြေအနေ ကြောင့် ၊ လွတ်လပ်မှု မရှိတာကြောင့် အချိန်မရတာကြောင့် ဘာကြောင့် ညာကြောင့် ရယ်လိုပ ဆင်ခြေ မပေးပါနဲ့။ ဒါတွေဟာ ကိုယ့်ကိုကိုယ် သံချေးတက် စေမယ့် ခပ်ညံ့ညံ့ ဆင်ခြေတွေ ဖြစ်ပါတယ်"

 

ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲက အတွေးအမြင်တွေ၊ အသိဉာဏ်ပညာတွေကို ဘယသူမှ လာထိန်းချုပ်လို့ မရပါဘူး။ ဆိုတော့ မိမိ အသိဉာဏ်ပညာ တိုးတက်စေမှုသည် မိမိဘာသာ ရှာကြံဆည်းပူး ရမည်သာ ဖြစ်ပြီး အခြား မည်သည့် ဗဟိန္ဓ အနှောင့်အယှက်ကိုမှ အပြစ်ပုံချနေ စရာ မလိုပေ။ ခေတ်အခြေအနေ မကောင်းတာကြောင့် ဆိုကာ ထိုင်ပြီး စိတ်ပျက်အားလျော့နေလဲ ဒီခေတ်အခြေအနေကြီးက တိုးတက်လာမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်စရာ ရှိတာ ကိုယ်ဆည်းပူး စရာရှိတာတွေကို ဆက်လက် ပြုလုပ်နေရမှာပါ။ Globalization ခေတ်ကြီးထဲမှာ အမြဲတမ်း ပြေးမနေရင် နောက်ကောက် ကျသွားမှာပါပဲ။

 

လူတိုင်းဟာ ခေါင်းဆောင် ဖြစ်နိုင်ခွင့်ရှိတယ်။ အဲ့ဒိလို ခေါင်းဆောင် ဖြစ်နိုင်ဖို့ အတွက် ကိုယ့်ဘက်က ကြိုတင် အမြဲ ဖြည့်ယူထား ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က ခေါင်းဆောင် လုပ်နိုင်မယ့် အရည်သွေး ပြည့်ပြီးသား ဖြစ်နေရင် အခြေအနေ အချိန်အခါ မရွေး၊ ဘယ်နေရာ မရွေး မှန်ကန်တဲ့ ခေါင်းဆောင်မျိုး ဖြစ်လာပါလိမ့်မယ်။

 

နိဂုံးချုပ် အနေနဲ့ ပြောချင်တာက များများတွေးပါ။ များများ တီထွင်ကြံဆပါ။ လူမျိုးတမျိုး တိုးတက်စေတာဟာ အသိဉာဏ်ပညာ သာ ဖြစ်ပါတယ်။ ပညာရှိ ပညာတတ် လူတန်းစားများလေလေ တိုင်းပြည် တပြည်ဟာ အလျှင် အမြန် တိုးတက် လေလေပါပဲ။ လူငယ်များ စနစ်တကျ ဆည်းပူး လေ့လာ ကြပါ။ ဖောက်ထွက် တွေးကြပါ။ ရှေ့ကလဲ မဦးဆောင်နိုင်၊ လမ်းဟောင်းလဲ နောက်က မလိုက်၊ လမ်းသစ်လဲ မထွင်နိုင်ပဲ ဂဏန်းသွား သွားမနေ ကြပါနဲ့။ အကျိုးမဲ့ ငြင်းခုန်ခြင်းတွေ လျှော့ကြပါ။ မည်သည့် ဘက် အစွန်းဖြစ်စေ အန္တရာယ်များလှပါတယ်။ အစွန်းလွတ်အောင် ဉာဏ်ပညာဖြင့် ဆင်ခြင်နိုင်ကြပါစေ။ ဗဟုသုတကို အာသာငမ်းငမ်း လိုက်စား ကြပါ။ အနာဂတ် တိုးတက်သော ၊ လွတ်လပ်သော ၊ အင်အားကြီးသော လူ့ဘောင် အဖွဲ့အစည်းကြီး ပေါ်ထွန်းလာအောင် ပြုလုပ်ပေးနိုင်သည့် စွမ်းပကားမှာ အသိဉာဏ်ပညာမှ တပါး အခြား မရှိပါကြောင်း..။

 

(ရုပ်ဝတ္ထုပိုင်း ဆိုင်ရာများပေါ်တွင်သာ သာယာနေသော ညီငယ်၊ ညီမငယ်လေးများနှင့်၊ ခေတ်အခြေအနေ မကောင်းဘူးကွာ လို့ မကြာခဏ ညည်းညူလေ့ရှိသော ချစ်သူငယ်ချင်း တချို့အား ရည်ရွယ်၍ ရေးသား အပ်ပါတယ်…)

Read Users' Comments (2)

အဖိုးတန်ဆိုက်လေးတဆိုက်

မြန်မာစာအုပ်အညွှန်းဆိုက်ကို ကိုညီလင်းဆက် တည်ထောင်ထားတာပါ။ ဒီဆိုက်လေးကို ကျွန်တော်ဒီနေ့မှ သေချာ ရောက်ဖြစ်တယ်ဗျ။ ရောက်သွားတဲ့ အချိန်ကျမှ ကိုညီလင်းဆက်ရဲ့ စေတနာကို လေးစားမိတယ်။ ကျေးဇူးလဲ တင်မိတယ်။ Myanmarbooks ဆိုတော့ အော် တခြားဆိုက်တွေလိုပဲ ဖရီးဒေါင်းလုပ်ပေး အုံးမှာပဲ ဒေါင်းလုပ်ဆွဲစရာ ဆိုက်တခုတော့ တိုးပြီလို့ ထင်မိခဲ့တယ်။ဒါပေမယ့် သေချာသွားကြည့်တော့ သူက ဒေါင်းလုပ်ပေးဖို့ မဟုတ်ဘူး စာအုပ်လေးတွေကို catalouge ပုံစံနဲ့ညွှန်းပေးထားတာပါ။ သူညွှန်းပေးထားတဲ့ စာအုပ်တွေတော်တော်များများဟာ တကယ့်ရှားပါး အဖိုးတန်စာအုပ်တွေပါ။ ဒီလိုညွှန်းပေးလိုက်တဲ့ အတွက် ကျွန်တော်တို့ စာအုပ်လေးတွေ ၀ယ်စုတဲ့သူတွေ အဖို့ အများကြီး အထောက်အကူပြုပါတယ်။ တကယ် အသုံးဝင်ပါရဲ့။ ကျွန်တော်တို့က အခုမှ စာဖတ်သင်ခါစ လူတွေမို့ တခါတလေ ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာပါတဲ့ ဘယ်စာအုပ်ကို ရှာဖတ်ရမှန်း မသိဘူး။ ကိုယ်ဖတ်ချင်တဲ့ အမျိုးအစားကို ဘယ်စာရေးဆရာ က ဘယ်တုန်းက ထုတ်ထားခဲ့မှန်း ကိုယ့်ထက် စာဖတ်ရင့်သူတွေ မပြောရင် မသိပါဘူး။ ကိုညီလင်းဆက်က ဒီလိုလေး ညွှန်းပေးလိုက်တော့ အတော့်ကို အသုံးတည့်သွားတယ်ဗျာ။ သူညွှန်းတဲ့ စာအုပ်တွေထဲက ကိုယ်ဖတ်ချင်တဲ့ အကြောင်းအရာပါ စာအုပ်ဆိုရင် နာမည်နဲ့တကွ ဟော အပြင်မှာ သွားရှာလိုက်ရုံပဲ။ ကိုညီလင်းဆက် အနေနဲ့ ဒီလိုညွှန်းပေးနိုင်ဖို့ သူဘယ်လောက် ရင်းနှီးထားရတယ် ဆိုတာ သူညွှန်းထားတဲ့ စာအုပ်တွေကို ကြည့်ရင် သိနိုင်ပါမယ်။ အလွန် အဖိုးတန်တဲ့ ဆိုက်လေး တခုအဖြစ် ညွှန်းလိုက်ပါရစေ ခင်ဗျာ။ သူငယ်ချင်းတို့လဲ အဲ့ဒိဆိုက်မှာ ကိုယ့်ဆီမှာ ရှိတဲ့ စာအုပ်လေးတွေရဲ့ အဖုံးတွေကို စကန်ဖတ်ပြီး ညွှန်းပေးလို့ရပါတယ် ခင်ဗျာ။ Knowledge Sharing ပေါ့..။ အမြဲမပြတ် သွားလည်သင့်တဲ့ ဆိုက်လေး တခုပဲ ဖြစ်ပါတယ်။


Link : myanmarbooks.ning.com


Read Users' Comments (1)comments

ကျွန်တော့် အိပ်မက် အကောင်းစားတွေ

ကျွန်တော်လား သိပ်ပြီး ဖြစ်ချင်တဲ့ ဆန္ဒတွေ များနေတယ်ဗျာ။ ဖြစ်ချင်တာတွေ များနေ၊ အချိန်က မလောက် ဖြစ်နေရတယ်။ လောက်အောင် ဘာလို့ မလုပ်သလဲ ဆိုတော့ ဟုတ်ကဲ့ ဖြစ်ချင်တာက လက်ဆယ်ချောင်း မက ရှိနေတော့ ဘယ်လိုလုပ်ရပ။ အကယ်၍ ကျွန်တော်သာ ဟိုးအရင်တုန်းက ဖတ်လိုက်မိတဲ့ သက်တော်ရှည် ရှရှားအဖိုးကြီး တယောက်လို အသက်၂၀၀ ကျော်ရှည် ခဲ့ရင် ကောင်းမယ်လို့ စဉ်းစားမိတယ်။ ကျွန်တော် အသက်၂၀၀ ကျော်ရှည်ရင် ကျွန်တော် ဘာလုပ်မလဲ။ (အမှန်က ၂၀၀ကျော်တောင် မလောက်သေးဘူး လုပ်ချင်တာတွေက) ဟုတ်ကဲ့ လုပ်ချင်တာတွေ ပြောပြမယ်ဗျာ။

ကျွန်တော်များ အသက်၂၀၀ကျော်ရှည်ခဲ့ရင်ပေါ့လေ။ ကျွန်တော် သမိုင်းသုတေသီ တယောက် ဖြစ်ချင်တယ်။ သမိုင်းသုတေသီဆိုတော့ ရှေးဟောင်း သမိုင်းတွေရဲ့ တိမ်မြုပ်နေတဲ့ ဆန်းကြယ်မှုတွေ၊ လူမျိုးစုတွေ အကြောင်း က အစ ရုပ်ကြွင်းတွေ၊ ရှေးဟောင်း လက်ရာတွေအဆုံး ထဲထဲဝင်ဝင် လေ့လာ ချင်တယ်။ ကျွန်တော် ဆေးသိပ္ပံဆရာဝန် တယောက်လဲ ဖြစ်ချင်တယ်။ ဆရာဝန် ဖြစ်ချင်တာက လူနာကို ဆေးကုခြင်းထက် anatomy တွေကို လေ့လာချင်တယ်။ ကုရာနတ္ထိဆေးမရှိတဲ့ ရောဂါတွေကို ရှေးဟောင်း ထူးဆန်းအံ့ဖွယ် ကုထုံးတွေနဲ့ ခေတ်သစ်ကုထုံးတွေနဲ့ ပေါင်းစပ်ပြီး သုတေသန ပြုချင်တယ်။ အမြဲတမ်း နီးပါး ကျန်းမာကြံ့ခိုင်နိုင်မယ့် သီအိုရီတွေ ရှာဖွေချင်တယ်။ ဒါတင်ပဲလား မကသေးပါဘူး။ ကျွန်တော် အာကာသ ရူပဗေဒ ပညာရှင် ဖြစ်ချင်တယ်။ အဟဲ စာဖတ်တဲ့သူတွေ ရီကြမလားတော့ မသိဘူး။ ငယ်ငယ်တုန်းကတည်းက နာဆာရဲ့ သိပ္ပံသတင်း အတိုအထွာတွေ ဖတ်မိပြီး ကျွန်တော်က နာဆာလို နေရာမျိုးမှာ သိပ္ပံပညာရှင် ဖြစ်ချင်တယ်ဗျာ။ အာကာသ ဆိုင်ရာ သီအိုရီ အသစ်တွေကို ရှာဖွေချင်တယ်။ အာကာသထဲ သွားချင်တယ်။ ပြီးတော့ စကြာဝဠာအကြောင်း ပိုပြီး ပြည့်စုံစုံ လေ့လာချင်တယ်။ သိချင်တယ်။ ပြောလို့မရဘူးလေ အိုင်းစတိုင်းထုတ်ခဲ့တဲ့ သီအိုရီတွေလဲ အမြဲမှန်နေလိမ့်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေနော့။

အဲ. ကျန်သေးတယ်။ ကျွန်တော် ဂီတ ပညာရှင် တယောက် ဖြစ်ချင်တယ်။ ဂီတပညာရှင်တောင် ကမ္ဘာအရပ်ရပ်က တီးမှုတ်တဲ့ ဂီတတူရိယာတွေရဲ့ အတိမ်အနက် အသံလှိုင်းတွေကို သိမြင်တဲ့၊ တတ်ကျွမ်းတဲ့ ပေါင်းစပ်တတ်တဲ့ ဂီတ ပညာရှင် ဖြစ်ချင်တယ်။ အာဖရိက ကျွဲချိုတူရိယာတွေ၊ စပိန် လေမှုတ် ဘာဂျာတွေ၊ ပြီးတော့ မြန်မာ စောင်းတွေ၊ အိန္ဒိယ ဗုံတွေ ပေါင်းပြီး နတ်တေးသွားလို ဖန်တီးနိုင်ရင် ကောင်းမလား မသိဘူး။ အင်း ကြားဖူးတာတော့ ကမ္ဘာပေါ်က လူကြိုက်များတဲ့ အကောင်းဆုံး သီချင်းတွေဟာ အဲ့ဒိရုပ်နုအလွှာက အသံလှိုင်းတွေနဲ့ အနီးစပ်ဆုံး သွားကိုက်ညီတဲ့ အတွက် လူတွေ ဘ၀င်ခိုက် နှစ်သက် ကြတာ ဖြစ်ပါသတဲ့။ ကြားဖူးတာပဲ။

အဟဲ ဒါတွေက စိတ်ကူးအိပ်မက်တွေပေါ့။ အခုလတ်တလော ဖြစ်ချင်တာတွေကော ပြောပြရအုံးမလား။ အခုဖြစ်ချင်နေတာ စာရေးဆရာ ဖြစ်ချင်တယ်။(စာလေး စာခန့်ကြီးတွေ ရေးကြည့်ချင်တယ်) ရုပ်ရှင်ဒါရိုက်တာ ဖြစ်ချင်တယ်။ (ရာဇ၀င်ကားကို ကမ္ဘာ့ အဆင့်မှီရိုက်ပြီး ဟောလိဝုဒ်ကို ထိုးဖောက်ချင်တယ်)၊ နက်ဝေါ့အင်ဂျင်နီယာကြီး ဖြစ်ချင်တယ်။ (နက်ဝေါ့ စတန်းဒတ်တွေ ထပ်ထွင်မယ်၊ နည်းပညာတွေ ထပ်ဖော်ထုတ်မယ်)..။ (အဟဲ ဒါတောင် လျှိုထားတဲ့ ထူးဆန်း အံ့သြဖွယ် ဖြစ်ချင်တဲ့ ဆန္ဒတွေရှိသေးတယ် ခင်ဗျ ဟိဟိ)

ဟုတ်ကဲ့ ကျွန်တော်ရဲ့စာ အထက်ပါ အပိုဒ်ဖတ်ပြီးတဲ့ အခါမှာတော့ ကျွန်တော့်ကို စာဖတ်သူများ အရူး အဖြစ် သတ်မှတ်လိုက်ပါပြီ။ ဂုဏ်ယူပါတယ်။ ကျေးဇူးတင်ပါတယ်။ ဟုတ်ကဲ့... ကျေးဇူးပြုပြီး ဆေးရုံကားကို ကျွန်တော့် ဆီ လွှတ်လိုက်ကြပါ။

Read Users' Comments (3)

စာအုပ်ဖတ်ခြင်း


ကျွန်တော် အက်ဆေးလေးတွေ မရေးဖြစ်တာ ကြာပါပြီ။ မရေးဖြစ်တဲ့ အကြောင်းက ကျွန်တော် အခုတလော စာရေးခြင်းထက်၊ စာအုပ်တွေ ဖတ်ခြင်းကို ပိုအရသာတွေ့နေ မိတယ်ဗျ။ အခုရက်ပိုင်း အတွေးပိုင်းဆိုင်ရာ စာစုလေးတွေ ပိုဖတ်ဖြစ်နေတယ်။ တခါတလေ ကြုံဖူးလား မသိဘူး။ စာအုပ်တအုပ်ကို ပြီးအောင် ဖတ်ရင်း၊ အဲ့ဒိစာအုပ်နဲ့ ပုံစံတူ ရသပိုင်းပေးနိုင်တဲ့ စာအုပ်တွေကို ဆက်တိုက် ဖတ်ချင်နေတဲ့ အာသီသ မျိုးပေါ့။ စာအုပ်မျိုးကွဲတွေထဲမှာ ကျွန်တော် နှစ်ခြိုက်မိတဲ့ စာအုပ်အမျိုးအစား တွေကတော့ အတွေးအခေါ်ပိုင်းစာအုပ်တွေ၊ သမိုင်းကြောင်း ဆိုင်ရာ စာအုပ်တွေ( ဒီစာအုပ်တွေကို ဖတ်ရတာ ကြိုက်တယ်၊ ဒါပေမယ့် ကျွန်တော် ခုနှစ်တွေ မှတ်တဲ့ နေရာမှာ အပျင်းထူတယ်ဗျ)၊ အနောက်တိုင်း ဂမ္ဘီရ (occult ကိုပြောတာ၊ မြန်မာလို ဒီလိုပဲ ပြန်တယ် ထင်တယ်၊ ဂမ္ဘီရဆိုတာနဲ့ ဘိုးတော်တွေ၊ ၀ိဇ္ဇာတွေ အင်းအိုင်ခလဲ့တွေကို သွားပြေးမမြင်နဲ့အုံး၊ ဒါတွေက မြန်မာပြည်က စူဠတွေ မတူဘူး၊ ဟိုဟာက ကျိုးကြောင်းဆီလျှော် ဆက်စပ်မှုတွေလဲ ပါတယ်၊ ယုံကြည်မှု သက်သက် တင်မဟုတ်ဘူး၊ သချာင်္တွေ၊ တခြား သိပ္ပံနဲ့ နှီးနွယ်နေတဲ့ ထူးဆန်းအံ့သြဖွယ် ဘာသာရပ်တွေ ဖြစ်ပါတယ်။)၊ သိပ္ပံစာအုပ်တွေ၊ စိတ်ကူးယဉ်သိပ္ပံဝတ္ထုမျိုးတွေ၊ အသဲတယားယား ဖြစ်စေတဲ့ ခေတ်ပေါ်ကဗျာလေးတွေ စတာတွေ ဖြစ်ပါတယ်။

ကျွန်တော် စာဖတ်ရင် သက်တောင့် သက်သာရှိတဲ့ နေရာထိုင်ခင်းနဲ့ ဖတ်လေ့ရှိတယ်။ ကုလားထိုင်၊ ဒါမှမဟုတ် ခေါင်းအုံးလေး ခပ်မြင့်မြင့် ဆင့်ပြီး ခြေဆန့်လက်ဆန့် ဇိမ်နဲ့ ဖတ်တယ်။ သက်သောင့် သက်သာရှိတော့ ခန္ဓာကိုယ်အနေနဲ့လဲ ဇိမ်ရှိသလို၊ စာဖတ်ရတဲ့ အရသာဟာလဲ အတော်လေး ဇိမ်ရှိတာကို တွေ့ရတယ်။ အဟဲ ကျွန်တော်က အားယားနေတဲ့ကောင်မို့လဲ ဖြစ်မယ်။ :P စာတကယ် ဖတ်တဲ့အခါ ဖတ်ရင်း ဖတ်ရင်းနဲ့ ကိုယ်ညံ့နေသေးတာ ပိုပိုသိလာတယ်။ ဆိုလိုတာ စာတွေ ဖတ်ရင်းနဲ့ ကိုယ်မသိသေးတာ၊ နောက်ထပ် လေ့လာစရာတွေ ထပ်ထပ်တိုးလာတယ်ဗျာ။ စာအုပ်တွေကလဲ ကာလံဒေသံ ရှိသေးသဗျ။ အချိန်မတန်သေးပြန်ရင်လဲ ဖတ်လို့ မရပြန်ဘူး။ လိုအပ်တဲ့ အခြေခံ အချက်လေးတွေ မရှိပဲ ဖတ်ပြန်တော့လဲ မထိဘူး။ ခက်တယ်၊ ရှုပ်တယ်။ နားမလည် ဘူး ဖြစ်ရော။ ဆရာကိုတာ စာအုပ်လေးတွေဆို ကျွန်တော် ၁၀တန်း ဖြေပြီးလောက် ကတည်းက ၀ယ်ထားဖြစ်တယ်။ ဘာရယ် မဟုတ်ဘူး။ နည်းနည်း ဖတ်ကြည့်တော့ သဘောကျတယ်ပေါ့ဗျာ။ ဒါပေမယ့် အဲ့ဒိတုန်းက ငယ်သေးတော့ လုံးစေ့ပတ်စေ့ နားမလည်ဘူး။ တချို့ အချက်အလက်တွေ ဘာကို ဆိုလိုချင်မှန်း မသိဘူး။ ဒီတအုပ်ထဲကို ပြောတာ မဟုတ်ပါဘူး။ ဆရာ ဆန်းလွင် စာအုပ်တွေကော၊ တချို့စာအုပ်တွေကော ကျွန်တော် ငယ်စဉ်တုန်းက ကြိုးစား ဖတ်ကြည့်ပေမယ့် ဘယ်လိုမှ အကုန်မရ ဘူး ဖြစ်နေတယ်။ အဲ့ဒါဟာ ဘာလဲ ဆိုတော့ ကျွန်တော် အဲ့ဒိစာအုပ်တွေ ဖတ်ဖို့ အခြေခံ အုတ်မြစ် လေးတွေ လိုနေခဲ့တာပဲ။ အခုဖတ်နိုင်လောက်တဲ့ အခြေအနေမှ ..ဟား တကယ်ဂွတ်သကိုး ဖြစ်နေတာ။

ဒီအုတ်မြစ်လေးတွေကို ဘယ်လိုချရမလဲ ဆိုတော့ စာတွေ ဖတ်တတ်လာဖို့ စာတွေကို ဖတ်ဖို့ လိုတယ်။ ဟုတ်ပါတယ်။ စာတွေကို များများ နားလည်ချင်ရင် စာဖတ်ခြင်း အလေ့ကို များများ လုပ်မှရမှာပါ။ ဟိုးအရင်တုန်းက ကျွန်တော် ဘာမှန်း မသိ ၀ယ်ထားပြီး သိမ်းထားမိတဲ့ စာအုပ်တွေက အခုချိန် ပြန်ဖတ်တော့ တယ်ဟုတ်သဟ ဆိုတာမျိုးတွေပေါ့။ မှတ်မှတ်ရရတော့ ကျွန်တော် ကိုးတန်းလောက် တုန်းက ၀ယ်မိတဲ့ အမေရိကန် အခြေခံဥပဒေ စာအုပ်လေးကို အဲ့ဒိတုန်းက ဘာမှန်း မသိဘူး နားမလည်ဘူး တွေ့လို့ စိတ်ဝင်စား ပြီး ဖတ်ကြည့်တာပဲ။ အခြေခံလိုအပ်ချက်လေး ရှိနေတော့ ဖတ်မရဘူး။ အထက်လွှတ်တော်တွေ ၊ အောက်လွှတ်တော်တွေ တာဝန်ခွဲဝေယူမှု အပိုင်းတွေ၊ အခွင့်အာဏာတွေ၊ ဘာတွေ မှန်း မသိဘူး အဲ့ဒိစာအုပ်လေးကို ကျွန်တော် အိမ်တွေဘာတွေ ပြောင်းတော့ သူများကို ပေးပစ်ခဲ့မိတယ် ထင်တယ်။ အခု ကျွန်တော် သတိရလို့ ဖတ်ချင်လာတော့ ကိုယ်က နားလည်လာလို့ ဖတ်ချင်လာတော့ မရှိတော့ဘူး။ နှမြောလိုက်တာဗျာ။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုတာ စာအုပ်တွေကို အငမ်းမရ ဖတ်မိတဲ့ အခါမှ တန်ဖိုးကို ပိုသိလာတော့တယ်။

Read Users' Comments (0)

သူငယ်ချင်း

“နဲနဲ ငါ့အနားကပ်ထားပေးပါဟ”
သူငယ်ချင်းမ က ကျွန်တော့် လက်ကိုချိတ်ထားရင်း နောက်သို့ မသိမသာ လှည့်ကြည့်ရင်း ပြောသည်။ ဒီနေ့ ကျောင်းဆင်းချိန်တွင် ကျွန်တော်က သူ့ရည်းစား အယောင်ဆောင်ပေးရခြင်းဖြစ်သည်။ သူ့နောက်သို့ လိုက်နေသော ဆံပင်ရှည်နှင့် ငနဲတစ်ကောင်၏ ရန်ကို ကာကွယ် ရန်ဖြစ်သည်။ သူတော့ အန္တရာယ် ကင်းမကင်း မသိ ကျွန်တော်တော့ အခန့်မသင့်လျှင် ရန်ဖြစ်နိုင်သော တည်ချက် ဖြစ်သွားနိုင်သည်။

“နင်ဟာလေ...”
ကျွန်တော်က သူ့ကို ကျိတ်ပြီး ကျိန်ဆဲနေသည်။ သူကတော့ လျှာလေးထုတ်ပြရင်း
“ကူညီပါဟာ နင်ကလဲ သူငယ်ချင်း အချင်းချင်းပဲဟာ..နော်.. ငါမုန့်ကျွေးပါ့မယ်”
ကျွန်တော်က မျက်မှောင်ကြုတ်လိုက်ရင်း
“မုန့်ကျွေးမကျွေးက အရေးမကြီးဘူး .. နင့်ဆံရှည်ကောင်က ရူးများနေလား မသိဘူး ကျောင်းဆင်းကတည်းက လိုက်တာ .. အခုထိ လိုက်တုန်း”

“နင့်နဲ့ငါ ရည်းစား မဟုတ်မှန်း သိလို့ နေမှာပေါ့.. ကြောက်စရာကြီးဟာ အူကြောင်ကြောင်နဲ့ ဒီကောင့်ပုံက”
သံစဉ်သည် ကျွန်တော်တို့ သူငယ်ချင်းထဲတွင် (သို့မဟုတ်) ကျွန်တော်တို့ မေဂျာတခုလုံးတွင် အချောဆုံး ကောင်မလေး တစ်ယောက် ဖြစ်သည်။ သူ့ကို လိုက်နေသော ကောင်လေးများ တပုံတပင် ရှိ၏။ ကျွန်တော်နှင့်က ပထမနှစ်ကတည်းက အတန်းကော၊ ကျူရှင်မှာပါ တူတူတက်ဖြစ်ခဲ့ကြသူများ ဖြစ်သည်။ သံစဉ်သည် မျက်နှာ သွယ်သွယ်၊ မျက်လုံးဝိုင်းဝိုင်း၊ နှာတံပေါ်ပေါ်၊ နှုတ်ခမ်းပါးလေး နှင့် ဖြစ်ပြီး လှိုင်းတွန့်ကောက်ထားသော ဆံနွယ်လေးများနှင့် ဆိုတော့ ချောလဲချောသလို ချစ်စရာကောင်းသော ကောင်မလေး တစ်ယောက် ဖြစ်သည်။ သံစဉ်နှင့် ပေါင်းသင်းရတာ ပွင့်လင်းလွတ်လပ်မှု ရှိသည်။ သူက ချစ်သူရည်းစားများ အပေါ်တွင် အလေးအနက် မထားသော်လည်း သူငယ်ချင်းများ ပေါ်တွင်တော့ အမြဲအလေးအနက် ထားလေ့ရှိသည်။ ထိုအချက်ကပင်လျှင် သူငယ်ချင်းများက သူ့ကို ခင်မင်မိသော အချက်တချက် ဖြစ်သည်။

ထို့ပြင် ကျူရှင်တွင် ယောက်ျားလေး ၃ယောက်ရှိသည့် အနက် သူနှင့် ကျွန်တော်က အတူပေါင်းဖြစ်တာ က များသည်။ အကြောင်းမှာ ကျွန်တော်နေသော မြို့နယ်နှင့် သူ့မြို့နယ်သည် သိပ်မဝေး လှသည် က တစ်ကြောင်း၊ တခြားယောက်ျားလေးသူငယ်ချင်းများက ဂိမ်မာများ (Gamer)ဖြစ်ခြင်း၊ ကျူရှင်ရှိ တခြားမိန်းကလေးများကလည်း အမှန်အတိုင်းပြောရရင် သမာရိုးကျ ခေတ်နှင့်အနည်းငယ် အလှမ်းဝေးသော ကောင်မလေးများ ဖြစ်ကြခြင်းတို့ကြောင့် ပေါ့ပေါ့ပါးပါး နေတတ်သော ကျွန်တော်နှင့် ပို၍ ပေါင်းမိခြင်းဖြစ်သည်။ သံစဉ်နှင့် ပတ်သက်လာလျှင် ကျွန်တော် သူမကို မနှစ်သက်ဘူးလို့ ကျွန်တော် မလိမ်ချင်ပါ။ ကျွန်တော် သံစဉ်ကို နှစ်သက်ပါတယ်၊ မြတ်နိုးပါတယ်၊ ထို့ပြင် ချစ်တယ်ဆိုသော ခံစားမှုလေးပါ ပိုပါသည်။ ဒါပေမယ့် သူငယ်ချင်းဆိုသော တံတိုင်းကြီးကား ကျွန်တော်နှင့် သူမကြားတွင် ကာရံထားပါသည်။ ထိုချစ်စရာကောင်းသော ကောင်မလေး တစ်ယောက်နှင့် အတူတူသွားလာနေသော ယောက်ျားလေး တစ်ယောက်သည် ရင်မခုန်ဘူး ဆိုလျှင် ထိုသူသည် လိမ်ညာတတ်သူသာ ဖြစ်ပေလိမ့်မည်။

ကျွန်တော်နှင့် သံစဉ်၏ အပြင်ပိုင်း ဆက်ဆံရေးသည် အလွန်ပွင့်လင်းလွတ်လပ်ပါသည်။ သံစဉ်က အများအမြင်တွင် အနည်းငယ် ရည်းစားများသည် ဟုထင်နိုင်သော်လည်း အကြောင်းစုံ သိရလျှင် သူမကို နားလည် ပေးကြပါလိမ့်မည်။ သံစဉ်ကို ကြိုက်သော ကောင်လေးများ ကျောင်းတွင် အများအပြားရှိသည်။ တခါတရံတွင် သူ၏ အလှက သူ့ကို စိတ်ကသိကအောက် ဖြစ်စေသည်။ အတင်းလိုက်ကြိုက်သော စာလိုက်ပေးသော သူများကို သူခါးခါးသီသီး လုပ်၍ ရသော သူများအား သူ အပြတ်ပြော ပစ်လိုက်သည်။ အချို့ကတော့ မိုက်တိမိုက်ကန်းနှင့် အတင်းဇွတ်ချစ်မယ့် သူများကျတော့ သူမအနေနှင့် ရေလိုက်ငါးလိုက် အခြေအနေအရ မျှောထားလိုက်ရသည်။

ဒုတိယနှစ် ကျောင်းတက်စဉ် ဖိုင်နယ်ရီးယားမှ အကိုကြီး တယောက်နှင့် ကြိုက်ဖူးသည်။ သို့သော် ထိုလူသည် သံစဉ်နှင့် ကြိုက်သည် ဆိုခြင်းမှာ သူငယ်ချင်းများ ကြားတွင် ဂုဏ်ရှိစေရန် အတွက်သာ ဖြစ်ပြီး တကယ်ချစ်၍တော့ မဟုတ်။ ထို့ပြင် ထိုသူသည် သိရသလောက် အကျင့်ပျက်သော ဆေးသမား တယောက် ဖြစ်သည်ဟူ၍ပင်။ သို့သော် သံစဉ်က ဘယ်တော့မှ သူ့ကိုယ်သူ အညစ်အနွမ်း ခံသည့်သူ မဟုတ်။ အမှန်တော့ သံစဉ်သည်ပင် လူလည်မလေး တစ်ယောက် ဖြစ်သည်။

သူ့တွင် အချစ်ဦးတယောက် ရှိခဲ့သည်။ကိုကျော်မျိုး....။ ထိုသူက အခုတော့ နိုင်ငံရပ်ခြားသို့ ရောက်သွားပြီ ဖြစ်သည်။ ထိုသူကား သူမ၏ အကိုသူငယ်ချင်း ဖြစ်လေသည်။ သို့သော် အချစ်ကံခေရှာသော သံစဉ်မှာ စွန့်ပစ်သွားခြင်းကို ခံခဲ့ရသည်။ သံစဉ်အဖြစ်က ရည်းစားထားခြင်းသည် မိမိထံမှပျောက်ဆုံးသွားသော အရာကို လိုက်ရှာနေသည်နှင့် တူသည်။

သံစဉ်က သူ့ခံစားချက်များကို တခါတလေ ကျွန်တော့်ကို စိတ်လိုလက်ရ ပြောပြတတ်သည်။ ထိုသို့ ပြောပြတိုင်း ကျွန်တော်သည် သူ့မအပေါ်တွင် ထားသော တိတ်တခိုး အချစ်သည် လျှော့မသွားပဲ ပို၍ပင် တိုးလာသည် ဟု ထင်ရသည်။ တခါတလေ ကျတော့လဲ ကျောင်းက သူငယ်ချင်းများ က ကျွန်တော့်အား ဘုန်းမြတ် မင်းက သံစဥ့် အစေအပါးတယောက်လားကွ လို့ စကားနာထိုး တတ်သော်လည်း ကျွန်တော် ဘယ်သောအခါမှ စိတ်ဆိုးခဲ့သည် မရှိပေ။ ချစ်တတ်သော နှလုံးသား ရှိသော လူငယ်တယောက် ဖြစ်သော ကျွန်တော်သည် ချစ်စရာ ကောင်းသော ကောင်မလေး၏ အလိုလိုက်ခြင်းသည် အပြစ်ဟု ခေါ်နိုင်ပါ၏လော။

“ဘုန်း.. ငါမြို့ထဲသွားမလို့ဟာ နင်အားလား လိုက်ခဲ့ပေးပါလားဟာ”
ဒီနေ့တနေ့လုံး အိမ်ပြင်မထွက်တော့ဟု ဆုံးဖြတ်ပြီး အိပ်ယာထဲတွင် ခွေနေကာမှ သံစဉ်က ဖုန်းဆက်လာ ခြင်း ဖြစ်သည်။ ပျင်းရိတွဲ့နေသော ခြေလက်များသည် အနည်းငယ် ပေါ့ပါးချင်လာသည်။ ကျွန်တော်သည် သံစဉ်အတွက် သူငယ်ချင်းကောင်း တယောက် ဖြစ်သည်။ ထို့ပြင်. ချစ်သူကောင်း တယောက်အနေနဲ့ရော ဖြစ်ခွင့် မရှိဘူးတဲ့လား။ သံစဉ်ရယ် .... ငါလေ....။

သံစဉ်အပေါ်တွင် ကျွန်တော်က တိတ်တခိုးချစ်နေမိသော်လည်း သံစဉ်ကတော့ ထိုခံစားမှုမျိုး ကျွန်တော့် အပေါ်တွင် မရှိသေးသည် မှာ သေချာသည်။
“ဘုန်း.. နင့်ကြည့်ရတာလဲ ငေါင်တောင်တောင်နဲ့ နင်နေမကောင်းဘူးလား၊ မှန်း..”
သံစဉ်က စိုးရိမ်ကြီးစွာဖြင့် ကျွန်တော့် နဖူးကို သူ့လက်ဖ၀ါးနုနုလေးဖြင့် စမ်းလိုက်သည်။
“ငါ နေကောင်း ပါတယ်ဟ”
ဘာကြောင့်မှန်းမသိ သံစဉ်အဲ့လို ဂရုစိုက်လွန်းလျှင် ကျွန်တော် မနေတတ်တော့ပေ။ အမှန်တော့ ကျွန်တော်၏ အတွင်းစိတ်များက သူ့အပေါ် မရိုးသားတော့ ခြင်းကြောင့် ဖြစ်မည်ထင်သည်။
“ငါဒီနေ့ ပလာဇာသွားပြီး အကျီသွားဝယ်မလို့ဟ ၊ အစက ငါ့အမကို အဖော်ခေါ်တာ သူက မနက်ကတော့ လိုက်မယ်ဆိုပြီး နေ့ခင်းလဲ ကြရော ဘယ်ထွက်သွားတယ် မသိဘူး၊ ငါတယောက်ထဲ သွားရမှာလဲ မသွားချင်ဘူး၊ သဘက်ခါ ငါခရီးသွားမလို့ဟ”

ကျွန်တော်တို့ သူငယ်ချင်း၂ယောက် အတူတူသွားသော အခါ စကားဝိုင်းကို ဦးဆောင်သူက သံစဉ်ဖြစ်သည်။ သူမက အလွန်သွက်လက်သော ကောင်မလေး တစ်ယောက်လဲ ဖြစ်သည်။

ဈေးဝယ်တော့ သူက တဆိုင်ဝင် တဆိုင်ထွက်နှင့် စိတ်ကြိုက် လိုက်ရှာနေသေးသည်။ မိန်းကလေးများ ဈေးဝယ်ထွက်ခြင်းကို ပုံမှန်အားဖြင့် စိတ်မရှည်သော်လည်း သံစဉ်နှင့် နီးနီးကပ်ကပ် လိုက်ရသောအခါ ကျွန်တော်သည် ထူးဆန်းစွာ အလွန်စိတ်ရှည်နေ လေသည်။ အင်း .. မကောင်းပါဘူးလေ..။ အိမ်က အမများ ရှော့ပင်ထွက်လျှင် အမြဲတမ်း ငြင်းဆန်သော ကျွန်တော်သည် အခုတော့ သံစဉ်နောက် စိတ်ရှည်လက်ရှည် လိုက်ပေးနေသည်ကိုများ အမများ သိရှိသွားရင်ဖြင့် မည်သို့ပြောကြမည် မသိပေ။ သြော် အချစ်က အရာရာကို ပြောင်းလဲပစ်နိုင်တယ်တဲ့လား။

တခါတလေကျတော့လဲ ကျူရှင်က သူငယ်ချင်းတွေအားလုံးစုကာ ရုပ်ရှင်သွားကြည့်လေ့ရှိသည်။ ဘေးချင်းယှဉ်လျှက်ထိုင်ကာ ရုပ်ရှင်ကြည့်ဖြစ်တဲ့ အခါတိုင်း ကျန်သူငယ်ချင်းများက ကျွန်တော်တို့ ၂ယောက်အား ၀ိုင်းဝန်း နောက်ကြသော်လည်း သံစဉ်ကတော့ အေးဆေးပင်။ ကျွန်တော်ကသာ ရှက်ကိုး ရှက်ကန်း ဖြစ်ရသေးသည်။ အော် တယ်ခက်တဲ့ ငါပါလားနော်။

မိုးများအုံ့မှိုင်းနေသော နေ့တနေ့တွင် တက္ကစီကားစီးသွားမည့် သူက သူ့ထီးကို ထီးမပါသော ကျွန်တော့်ကို ပေးကာ
“ဟဲ့ ရော့ယူထား ငါက တက္ကစီကို အိမ်ရှေ့ထိငှားသွားမှာ၊ နင်က မြို့ထဲသွားအုံးမှာ မှတ်လား ယူသွားအဲ့ဒိထီးကို၊ နေမကောင်းဖြစ်နေအုံးမယ်။ မိုးရေထဲ လျှောက်သွားမနေနဲ့အုံး။ သွားစရာရှိတာ သွားပြီးရင် အိမ်ကို အမြန်ပြန်ဟ၊ ငါညကျ ဖုန်းဆက်လိုက်မယ်”

သံစဉ်က အဲ့ဒိလို ကျွန်တော့်ကို ဂရုတစိုက် ရှိလှသည်။ ကျွန်တော်တို့ ၂ယောက် ဆက်ဆံရေးက ထို့ထက်လဲ မပိုခဲ့။ သူ့မွေးနေ့ဆိုလျှင် ကျွန်တော်က လက်ဆောင်ပစ္စည်းဆိုင်လေးသို့ ၂ရက်လောက် ကြိုတင်သွားကာ ၀ယ်ထားတတ်သည်။ အများအားဖြင့် ကျွန်တော်ဝယ်ဖြစ်တာက ခွက်ကလေးတွေ၊ ချစ်စရာ ကာတွန်းရုပ်လေးတွေ၊ သူ့ဖုန်းမှာ ချိတ်ဖို့ အမွှေးပွ တွဲချိတ်လေးတွေ ဖြစ်သည်။ ပြီးတော့ ကျွန်တော်က ကဗျာဆန်ဆန်နှင့် ပစ္စည်းတခုပေးတိုင်း ထိုပစ္စည်း၏ အနက် အဓိပ္ပါယ်ကို ဖွင့်ဆိုထားတဲ့ စာရွက်ခေါက်ကလေး တခု မွေးနေ့ကဒ်နှင့် အတူပေးလေ့ရှိသည်။ ထိုသို့ ပေးသည့်အခါတိုင်း
“နင်ဟာလေ.. တော်တော်ရူးတယ် တော်တော်လဲ စိတ်ကူးယဉ်ဆန်တာပဲ...”
မည်သို့ပင် ပြောပါစေ ကျွန်တော်ပေးသော မွေးနေ့လက်ဆောင်များကို သူနှစ်သက် သဘောကျကြောင်း သူ့မျက်လုံးများက သက်သေခံနေသည်။

တခါတရံကျတော့ သူရဲ့ အချစ်ဒဿနများ ပွင့်အံလာတတ်သေးသည်။
“ရည်းစား ထားရတာ တကယ်တော့ ဘာမှ မကောင်းဘူးဟ၊ တယောက်နဲ့ တယောက် ညှိနှိုင်းနေရတာ ကြီးပဲ၊ သူ့အကြောင်းကို ခေါင်းထဲအာရုံအမြဲ ထားနေရတယ်၊ ကောင်းပါတယ် ဘုန်း..ရာ နင်ပဲကောင်းတယ်.. ဒီလိုပဲ အေးဆေးနေတာကောင်းတယ် သိလား”

ထိုအခါမျိုး၌ ကျွန်တော့်မှာ ပြောစရာ စကား မရှိ ဘာပြောရမှန်းတောင် မသိဘူး။ ရည်းစား မထားတာ မဟုတ်ဘူး ရည်းစားထားချင်တဲ့သူကို ပြောရမှာ မ၀ံ့မရဲ ဖြစ်နေလို့..။ ကျွန်တော့် ရင်ထဲ၌ လုံးဝမအောင့်အီး နိုင်လောက်အောင် ဖြစ်သော အချိန်များ၌ သံစဉ်ကို ဖွင့်ပြောဖို့ အရဲကိုး ကြိုးစား ကြည့်ဖူးသည်။
“သံစဉ်.. ငါလေ...”
“အင်းပြော...”
သံစဉ်က ကျွန်တော် ပြောမည့် အကြောင်းကို ပြူးကြောင်ကြောင် ရိုးသားစွာဖြင့် ကြည့်နေသော အခါ၌မူ ရင်ထဲက မရိုးမသား ချစ်စကားများ ပြန်လည် ငုပ်လျှိုးသွားရပြန်တော့သည်။
“အော်..အင်း ဟိုဟာ... ငါ့ဆီမှာ နင်မှာထားတဲ့ IELTS စာအုပ်နဲ့ခွေ ရပြီလို့.. ပြောမလို့..”
သေစမ်း ဘုန်းမြတ်ရာ ညံ့ပ။
“ဟင် ဟုတ်လား.. တော်သေးတယ် ငါက နင်မ၀ယ်ရသေးဘူး ထင်လို့ မနက်ဖြန်တောင် သွားဝယ် မလို့၊ ကျေးဇူးပဲဟ နက်ဖြန် ငါလာယူမယ်လေ..”
သံစဉ်နှင့် ကျွန်တော်တို့သည် ၂ဦး၂ဖက် အိမ်များသို့ သွားလည်ဖူးပြီး အိမ်ရှိ လူကြီးများကလဲ ကျွန်တော်တို့ ၂ဦးအား ငယ်သူငယ်ချင်း ၂ယောက် ပမာ မြင်ကြပြီး ဖော်ဖော်ရွှေရွှေ ရှိလှသည်။ သွက်လက်ချက်ချာသော သံစဉ်လာလည်လျှင် အိမ်က အမတွေနှင့် ဟိုဟာ လုပ်စား ဒီဟာ လုပ်စားနှင့် အလွန်ပွဲစည်လှသည်။ တခါတလေ သူငယ်ချင်း ဖြစ်တဲ့ ကျွန်တော့်ကိုတောင် မေ့လို့...။ တပတ်လောက် ကျွန်တော်နှင့် အဆက်အသွယ် ပြတ်သွားသော အခါ၌ သူဖုန်းဆက်လျှင် ကျွန်တော်က သူ့ကို စကားနာထိုးသည်။

“အေးပေါ့ဟာ နင်က ငါ့ကိုမေ့မှာပေါ့၊ နင့်မှာ တခြား သတိရစရာ လူရှိတာကိုး..”
ထိုအခါမျိုး၌ သံစဉ်က အသံခပ်လေးလေးဖြင့်
“ငါ..ဘယ်တော့မှ နင့်ကို မမေ့ပါဘူး .. ဘုန်း..ရယ်”
သူပြောသော စကားက ဘာအဓိပ္ပါယ်မှ မပါ ကျွန်တော်ပြောလိုက်သည့် စကားကို သူငယ်ချင်း တယောက် အနေနှင့် စိတ်မကောင်း ဖြစ်သွားသည့် လေသံမျိုး ဖြစ်သဖြင့် ကိုယ့်ဟာကိုယ် ပြောပြီးမှ နောင်တ ရမိပြန်ပြီး စကားလမ်းကြောင်းတွေ လျှောက်လွှဲပစ် ရပြန်သည်။ ဘုန်းမြတ် မင်းတော်တော် ရူးနှမ်းပါလားနော်။

သူက ချစ်သူရည်းစားများ တယောက်ပြီး တယောက်နှင့် ဇာတ်လမ်းပြီးသွား တတ်သော်လည်း ကျွန်တော့် အနားက ဘယ်တော့မှ ခွာသွားသည် မရှိ။ ပြီးတော့ ကျွန်တော့်အပေါ်တွင်လဲ သူငယ်ချင်း တယောက်ထက် ပိုပြီး အခွင့်အရေးတွေ ပေးတာ၊ မျှော်လင့်ချက် ပေးတာ မျိုးလဲ မရှိရိုး အမှန်ပါ။ သူက ကျွန်တော့်ကို တကယ့် ပကတိ အချစ်ဆုံး သူငယ်ချင်း တယောက် အဖြစ် ခံယူထားပုံရသည်။ အချစ်ကံမကောင်းသော သူ့ကို ကျွန်တော် စာနာမိသည်။ ဘယ်သောအခါမှ ကျွန်တော်သံစဉ်ကို နှိမ်ချသော အတွေးဖြင့် မမြင်ဖူးပါ။ သံစဥ့်ကို အနီးကပ်ပေါင်းကြည့်လျှင် သူမ၏ ရိုးသားမှု၊ မိမိကိုယ်ကို တန်ဖိုး ထားမှုများကို တွေ့နိုင်သည်။ ဒီလောက် ချစ်စရာကောင်းသော ဉာဏ်ထက်မြက်သော ကောင်မလေး တယောက်ကို ဘာကြောင့်များ ကြာကြာမချစ်နိုင်ကြရတာလဲ။ ကျွန်တော့် အထင်တော့ သံစဉ်၏ အတွေးအခေါ်ကို (အထူးသဖြင့် အချစ်နှင့် ပတ်သက်ပြီး ခံယူချက်ကို) တခြားသူများ လိုက်မမှီကြခြင်း ဖြစ်သည်ဟု ကျွန်တော် ထင်မြင်မိသည်။ ကျွန်တော့်အပေါ် အဖြူရောင်ခင်မင်မှုမျိုးကို ကျွန်တော်က တိတ်တခိုး အရောင်ဆိုးဖို့ ကြိုးစားခြင်းသည် မှားယွင်းမှု ကြီးတခု ဖြစ်နေမလား..။
တခြားသော သူငယ်ချင်းများနှင့် တွေ့လျှင် သူတို့က ကျွန်တော့်အား အမြဲတမ်း စစ်မေးလေ့ရှိသည်။

“ဘုန်းမြတ်.. မင်းအမှန်အတိုင်းဖြေကွာ... မင်းသံစဉ်ကို ချစ်နေမိပြီ မဟုတ်လား...လွတ်လပ်သော ယောက်ျားလေး တယောက်က လွတ်လပ်သော မိန်းကလေး တယောက်ကို ချစ်တာ ဘာဆန်းလဲကွာ၊ အနည်းဆုံး မင်းမြိုသိပ် ထားရတာထက် စာရင် ပိုကောင်းပါတယ်ကွာ..”

ငါ့အတွက် စာနာပေးတာ ကျေးဇူး တင်ပါတယ် သူငယ်ချင်းတို့ရယ် ငါသံစဉ်ကို ချစ်ပါတယ်။ ဒါပေမယ့် ငါ့အပေါ် ရိုးသားတဲ့ သူ့ကို ငါမရိုးသားခဲ့ဘူး ဆိုတာ သံစဉ်သိသွားရင် သူတလျှောက်လုံး ငါ့အပေါ် အဖြူစင်ဆုံး ဆက်ဆံခဲ့တာတွေကို ငါက သာယာနေတယ်လို့ သူသိသွားခဲ့ရင်....။ ထို့ကြောင့် သံစဉ်နှင့် ပတ်သက်သော မေးခွန်းများ တိုင်းတွင် ကျွန်တော်ကား ဘူးတလုံးဆောင် နေခဲ့သည်ချည်းပင်။ ဘုန်းမြတ်ရာ တကယ်တော့ မင်းဟာ ကိုယ့်ကို လိမ်နေတဲ့သူပါ...လို့ သူငယ်ချင်းက ပြောတဲ့အခါတိုင်း ပြောစရာ စကား မရှိခဲ့..။ ကျွန်တော် သံစဥ့်ကို တဘ၀လုံးစာလောက် ချစ်ပစ်ချင်ပါတယ်။ ဒါပေမယ့် သံစဉ်ရယ်.....။

++++++++++++++++++++
“ဟဲ့ ဘုန်း.. ဘာတွေ စဉ်းစားနေတာလဲ.. အဆင်သင့်လုပ်တော့လေ.. အပြင်ကို ထွက်ရတော့မယ်..”
သံစဉ်က စိတ်ပူစွာဖြင့် ကျွန်တော့်ကို လှမ်းသတိပေးလိုက်သည်။ ဟုတ်ပါရဲ့ ဒီနေ့တော့ သံစဉ်က ကျွန်တော် တွေ့ဖူးသမျှထဲမှာ အလှဆုံးဖြစ်မယ် ထင်တာပဲ။ သတိုးသား ကိုကျော်မျိုးကလဲ ခန့်တော့ သတိုးသမီး သံစဉ်နဲ့ဆို နေနဲ့လ ရွှေနဲ့မြပဲပေါ့။ သတိုးသမီးအရံလေးက စိတ်လှုပ်ရှားစွာဖြင့် ကျွန်တော့်ဘေးမှာ ချွေးတွေ အနည်းငယ် ပြန်နေသည်။ လိမ်းထားတဲ့ မိတ်ကပ်တွေ ကြောင့်လဲ ဖြစ်ချင်ဖြစ်မည်။ သတိုးသား အရံဖြစ်တဲ့ ကျွန်တော်ကတော့ အားလုံးထဲမှာ အငြိမ်သက်ဆုံး.....။
“မင်္ဂလာ..အ ချိန်..ကျရောက်လာပြီမို့...”
ခန်းမထဲမှ ဘိသိက်ဆရာ၏ အသံကို ကြားသည်နှင့် တန်းစီ၍ ခန်းမထဲသို့ ၀င်လိုက်ကြသည်။ ထို့နောက် မင်္ဂလာတေးသံသည် ခန်းမတခုလုံး မြည်ဟီးသွားလေတော့သည်။
“အခါတော်ပေး.. နတ်ရွေးငယ်ရွှေစာ...”

ပြီးပါပြီ

မင်းယွန်းသစ်

Read Users' Comments (1)comments

ထောင့်ချိုး

ဇာတ်သိမ်းခဲ့ပြီ...
ဘယ်သူက ဘယ်သူ့ကိုမှ မနိုင်လိုက်တဲ့ ဒီဇာတ်လမ်း..
မင်းတော်ပါတယ်...
ဒါပေမယ့် ငါတော်တော် ညံ့သွားလေရဲ့...
သစ်ရွက်တွေ ကြွေသွား...
ခပ်အေးအေး လေတွေ ဖြတ်တိုက်သွား...
အနမ်းတွေ... လွင့်ပါးသွား...
“ဆေးလိပ်တွေ အရမ်းမသောက်နဲ့နော်..”
ပြီးတော့ မဟော်ဂနီရောင် ဆံပင်ပျော့ပျော့လေးတွေ..
မဟာဗန္ဓုလလမ်း၊ Moon Bakery၊ သမ္မတရုပ်ရှင်ရုံ
ဆူးလေဘုရား..
“ကိုက လွဲလို့ ဘယ်သူ့ကိုမှ မချစ်နိုင်တော့ဘူး..”
ဟန်ကိုယ့်ခဲ့... တလောက လုံးမှာ ဘ၀င်အမြင့်ဆုံး ဖြစ်ခဲ့..
နှင်းဆီရဲရဲတွေ၊ ရေမွှေး အနံ့ပြင်းပြင်းတွေ...
“ကို မသိပါဘူးကွာ...”
ရန်ကုန်နေပူပူတွေ...၊ ကျားပေါက်သီချင်းတွေ၊
ထီးမရှိလို့ မိုးတွေစွတ်စိုခဲ့ရတာတွေ...
၎နာရီထိုးခဲ့တာတွေ…
ဝမ်းနည်းပါတယ်..
ဗေဒင်ဆရာကပြောတယ်..စိုင်းထီးဆိုင်သီချင်းက ပြောတယ်..
နှလုံးသားလမ်းကြောင်းမှာ ကျွန်းခံနေတယ်တဲ့....။


Read Users' Comments (3)

အားလုံးကောင်းကြပါတယ် ခင်ဗျားးးး

မနေ့ညကပေါ့ တထိုင်တည်း ကာတွန်းသုံးပုံ ဆွဲဖြစ်လိုက်တယ်။ အဟဲ ကာတွန်းတွေ အကုန်လုံးက အကြောင်းအရာတခုထဲကို ပြောချင်နေတာ..။ :P (အောက်ပါ ကာတွန်းများကို အသေးဆိုက်အနေနှင့် စာလုံးများ သေချာ မမြင်ရပါက ထိုပုံများပေါ်တွင် ကလစ်နှိပ်၍ အကြီးချဲ့ကြည့်နိုင်ပါကြောင်း...)





အဟဲ ဟုတ်ကဲ့ လူကြီးမင်းတို့ ကောင်းမယ် ထင်တာ လုပ်ကြတာပဲ... အားလုံးကောင်းကြပါတယ်ပေါ့.. ဒန့်တန့်တန့်..။ :P


Read Users' Comments (5)

ရပါတယ်.. ရပါတယ်..

ဘလော့ကို အတွင်းထဲဝင်ရေးလို့ မရဘူးဆိုပြီး အကိုတွေက ပြောလို့ ဟိဟိ ရပါတယ်။ ရပါတယ်။ ဒီလိုပဲပေါ့..ဟိဟိ။ :P ရပါတယ်..။ ရပါတယ်...။ စမ်းရေးကြည့်တာပေါ့လေ...။ ဘာမှမဟုတ်ပါဘူး။. ရေးလို့ မရဘူးဆိုလို့ လန့်သွားတာ...။ ရသေးတယ် တခြားနည်းနဲ့ ဟိဟိ။ အဲ ခုရက်ပိုင်း အားသေးဘူးနော်။ သယ်ရင်းတို့...နောက်မှ ပို့စ် အသစ်တင်ပေးမယ်.. :P

Read Users' Comments (0)

ရှိခြင်း၊ မရှိခြင်း

ချစ်သူမရှိဘူး
သေနတ်မရှိဘူး
နာရီမရှိဘူး..
ဖုန်းမရှိဘူး..
အယူဝါဒ မရှိဘူး..
စည်းကမ်းမရှိဘူး..
အသပြာမရှိဘူး..
ဘာမှမရှိဘူး..
ရှိသင့်တာ တချို့လဲ မရှိဘူး
မရှိသင့်တာလဲ မရှိဘူး..
ရှိခြင်းဟာ မရှိခြင်း ဖြစ်တယ်
ဒီလိုပဲ... မရှိခြင်းဟာ ရှိခြင်း ဖြစ်တယ်..။

Read Users' Comments (3)

ကျွန်တော်ပြောချင်တာက

စိတ်လိုလက်ရ ရှိတဲ့အခါ
သေမင်းနဲ့ ချက်တင်လုပ်ကြည့်ပါ.
သူ့ဆီမှာ ကျွန်တော်တို့အတွက်
အချိန်မှန်နာရီ တခုရှိလိမ့်မယ်...
ကမ္ဘာကြီးက ပြားသွားသလို
လူ့ဦးနှောက်တွေလဲ ပြားသွားကြရဲ့..
ဒီလိုပါပဲ... အခြောက်တိုက် ဘ၀င်မြင့်နေတဲ့ သူများဟာ
ကစားစရာအသစ်ရတဲ့ ကလေးတွေ (၀ါ) အင်္ကျီအသစ်ရတဲ့ သူရူးတွေနဲ့ တူတယ်..
ကျွန်တော့်နံရိုးတချောင်းကို ဖြုန်းတီးပစ်လိုက်တဲ့ အတွက်
ဘုရားသခင်ကို ကျေးဇူးမတင်ဘူး..
ပျင်းစရာ ကောင်းတဲ့ ခေတ်ပေါ်ကဗျာ ရှည်တွေဟာ
ခေတ်ဆန်တဲ့ နှုတ်ခမ်းနီရဲရဲ လေး တွေလောက် စိတ်ဝင်စားဖို့ မကောင်းဘူး..
ဟိုဈေးတက် ဒီဈေးတက်နဲ့ ဈေးမတက်တာဆိုလို့
ကျွန်တော်နဲ့ ကျွန်တော့် ကဗျာတွေပဲရှိတယ်...
(ကြုံရင် အားပေးကြအုံးနော့)
ကမ္ဘာကြီး အသက်ရှုကြပ်တဲ့အခါ...
ခင်ဗျားရဲ့ ဆေးလိပ်ကို မီးသတ်လိုက်ပါ
ခင်ဗျားရဲ့ ကားကိုရပ်ထားပါ
ရေခဲသေတ္တာကို လုံးဝမသုံးပါနဲ့...
လေထုညစ်ညမ်းမှာ စိုးတဲ့အတွက်
ခင်ဗျားရော ခင်ဗျား အပေါင်းအသင်းတွေရော
ကျေးဇူးပြု၍ ယောက်ျားကြီး တန်မဲ့ အတင်းမတုပ်မိပါစေနဲ့...။

Read Users' Comments (2)

ကဗျာများနှင့် ပဋိပက္ခဖြစ်ခြင်း

ညကြီးမင်းကြီး
ကျွန်တော့် ကဗျာတွေက ကျွန်တော့်ကို လှုပ်နှိုးခဲ့..
ခေါင်းစဉ်မရှိတဲ့ ကဗျာက မဲ့ရွဲ့ပြီး
ကျွန်တော့်ကို ဆဲရေးဆိုတယ်...
“ခွေးကောင်လေး ငါ့ကို အင်္ဂါစုံအောင် မလုပ်ပေးဘူး”
နောက်ကဗျာ တခုက မိန်းမလျှာလိုပဲ..
“မင်းကဗျာတွေက မပြည့်စုံဘူး.. ငါ့ကို လူညွန့် အဲ. ကဗျာ ညွန့်တုံးစေတာပဲ..”
ကျွန်တော် ပြာဝေသွားခဲ့...
တခြား ကဗျာတွေက တယောက် တပေါက်...
“မော်ဒန်မှ မဟုတ်တာ...
ပို့စ် လဲ မဟုတ်ဘူး....
နီယို မဟုတ်ဘူး...
free verse တောင် မဟုတ်ဘူးကွ”
“အားလုံး တိတ်ကြစမ်း..”
ကျွန်တော် ငေါက်ငမ်းလိုက်ရဲ့...
ပုခုံး၊ လည်ပင်း နဲ့ ဦးခေါင်းတခုလုံး အားယူပြီး ပြန်ပြောလိုက်တယ်..
“ကျွန်တော်ရေးတဲ့ ကဗျာ ခေါင်းစဉ်ဝါဒတွေ တခါမှ မတပ်ဖူးဘူး..
ကျွန်တော်ရေးတာ ကျွန်တော့်ဝါဒ ကဗျာပဲ.. ဘာနဲ့မှ လာမတိုင်းနဲ့..
ဘာနဲ့မှ လာမညှိနဲ့... ဘယ်ဘောင်ထဲမှ ဆွဲမသွင်းနဲ့.. ကိုယ့်ဟာကိုယ် ရေးချင်ရာရေးတယ်
ဘာဖြစ်လဲ.. ဒါဟာ ကျွန်တော့် ၀ါဒ ကဗျာပဲ...”
“..........”
(အားလုံး ထောပနာပြုကြ အော်ဟစ်ဆဲရေးလိုက်ကြ...)
ပြီးတော့ ဒင်းတို့ကို စည်းထုပ်ပြီး သေတ္တာထဲ ပစ်ထည့်ခဲ့..
(အဲ့ဒိသောက်ရူးတွေက အသံတွေ ထွက်နေတုန်း)
“အရူး ကဗျာတွေ.. ဘယ်တော့မှ ပြန်မသုံးဘူး မင်းတို့ကို..”
အားလုံးကို ကန်ထဲပစ်ချပစ်လိုက်ရဲ့...
“..”
(ဘိုင်ဘိုင်... အသိဉာဏ်မရှိတဲ့ ကဗျာစုတ်တွေရေ...)
ပြီးတော့ ခြေလက်ကြီး တခုလုံး ပေါ့ပါးလတ်ဆတ် သွားတယ်...
အော်ကြီးဟစ်ကျယ် ကျူးရင့်လိုက်တာ ၀န်းကျင်တခုလုံး ဆူဝေသွားရဲ့...
“ငါဟာ ကဗျာပဲ.... ငါဟာ ကျွန်တော့်ဝါဒကဗျာပဲ.. ကျွန်တော့်ဝါဒ ကဗျာဟာ ငါပဲ...
ကဗျာဟာ ကဗျာပဲ... ကဗျာဟာ ငါပဲ...ဒါ..ဒါ.. ဒီ..ဒီ.. ဒီ..ကဗျာဟာ ကဗျာပါပဲ..”

Read Users' Comments (2)

ပြတင်းတဘက်ခြားက ရပ်ဝန်း


(၁)
မိုးသက်လေပြင်းများ ကျတတ်သော ယခုလို ရာသီမျိုး တွင် အိမ်ရှေ့ရှိ မြေနီလမ်းလေး ဆီမှ မြေသင်းရနံ့ပါသော လေများသည် အိမ်လေးထဲသို့ တိုးဝှေ့တိုက်ခတ် လာတတ်သည်။ ဘာပဲဖြစ်ဖြစ် မိုးရနံ့ ပါသော လေကို ရှုရှိုက်လိုက်ရတော့ အနည်းငယ် လတ်ဆတ် သွားသလိုပင်။ ပြတင်းပေါက်ဘောင်များတွင် ချိတ်ဆွဲထားသော ကုလားကာများကို အသာလှစ်ဟလိုက်သည်။ အမြဲတမ်းကြည့်နေကျ ပြတင်းပေါက်၏ ဟိုမှာဘက်က ရှုခင်းများကို နေ့တိုင်းကြည့်သော်လည်း မရိုးနိုင်ပဲ ငေးကြည့်နေဆဲ။ သူငေးကြည့်သော နေရာမှာ တဘက်ခြံထဲသို့ ဖြစ်သည်။ ထိုအိမ်သည် သူတို့ ရပ်ကွက်ထဲသို့ ပြောင်းရွှေ့လာသည်မှာ တလပင် မပြည့်သေးပေ။ တဖွဲဖွဲကျနေသော မိုးစက်လေးများကြားထဲမှ တဖက်တိုက်ရဲ့ ပြတင်းတံခါးဆီကို လှမ်းကြည့်လိုက်သည်။ နံရံပေါ်ရှိ တိုင်ကပ်နာရီသည် ခြောက်နာရီ တိတိထိုးပြီဖြစ်ကြောင်း တေးသွားများ မြည်လာတော့၏။ သူစိတ်လှုပ်ရှား စွာဖြင့် အဲဒိ အပေါ်ထပ်ထို ပြတင်းပေါက်ကို…..။
+++++++++++++
(၂)
မှိန်ပြသော မီးအလင်းတခု ဖျတ်ကနဲ လင်းသွားသည်။ အိမ်ကြီးတခုလုံး မီးချောင်းများထွန်းပြီး ယခုအခန်းလေးမှာကျတော့ ဘာကြောင့် အ၀ါရောင်မီးလေးသာ ထွန်းထားကြမှန်းမသိ။ ထို့နောက် သူမြင်တွေ့ချင်သော အရိပ်လေးတခု ပြတင်းပေါက်ရဲ့ ခပ်လှမ်းလှမ်းဆီမှာ လှမ်းတွေ့နေရသည်။ ထိုအရိပ်လေးသည် မိန်းမပျိုလေး တစ်ယောက်၏ ပုံရိပ်ဖြစ်ပြီး သေချာမမြင်ရသော ပုံရိပ်ကလေးကပင် လှပ၍ နူးညံ့သိမ်မွေ့သူလေး ဖြစ် လိမ့်မည်ဟု ထင်ဟပ်မိသည်။

သူမ၏ မျက်ဝန်းလေးသည် ၀ိုင်းစက်ရွှန်းလဲ့ နေလိမ့်မည်။ သူမလေးတွင် အကြောစိမ်းလေးများပင် ပေါ်နေသော ချစ်စရာ ပါးရဲရဲ လေးရှိလိမ့်မည်။ နှုတ်ခမ်းသွယ်သွယ်လေးလဲ ပိုင်ဆိုင်သူဖြစ်လိမ့်မည်။ ပြီးတော့ ဒီချိန်တိုင်း ထိုကောင်မလေးကို ထိုအခန်းထဲ၌ မြင်တွေ့နေရတာ လွန်ခဲ့သော ၅ရက်ထဲကပင်။ ဒီချိန်ဆို အဲ့ဒိ ခပ်မှိန်မှိန် မီးလေးများ ထွန်းထားသော အခန်းထဲ၌ သူမလေး မလှုပ်မယှက် ဘာတွေ လုပ်နေပါလိမ့်။ ဒါပေမယ့် ကောင်မလေး ပုံစံက တခုခုကို စိတ်ဝင်စားစွာ ငေးစိုက်ကြည့်နေပုံ ပါပဲ။ မိုးတွေ ပိုသဲလာတော့ တဘက်တိုက် ကို မိုးပေါက်တွေ ကြားမှ မနည်း ကြည့်နေရသည်။ ညမှောင်ရီ ပျိုးတော့မည်။ ပြီးတော့ ထိုအခန်းလေးသည် မီးများ ပိတ်သွားသည်။ ဟင် ..။ သူ့ရင်ထဲဟာ ကနဲဖြစ်သွားသည်။ ကျေးဇူးပြုပြီး မသွားပါနဲ့အုံး ကောင်မလေးရယ်။
+++++++++++++++++++++++
(၃)
၆နာရီခွဲ…။ နာရီဝက်စာ အချိန်လေးသည် သူ့အတွက် ခံစားမှုတွေ အများကြီးပေးသွားသည်။ 12 girl band တေးသွားများကို ဖွင့်လိုက်သည်။ ငြိမ့်ညောင်းလှသော သံစဉ်များကို ညက်ညောစွာ စီးမျောလိုက်သည်။ ပြီးတော့ စိတ်ရှိလက်ရှိ လွမ်းပစ်လိုက်တော့သည်။ အချစ်ဆိုတာ ဘာလဲ သူမသိတော့ပေ။ သူအရင်က သိခဲ့တာ သူ့နေထိုင်သော တစ်ထပ်ပျဉ်ထောင်အိမ်လေးရယ်။ သူ့အချစ်တော် ခွေးလေးတစ်ကောင်ရယ် ဒါက သူ့ကမ္ဘာလေးပဲဖြစ်သည်။ သူအတွေးတခု ရသွားသဖြင့် အိပ်ခန်းကုတင်အောက်က ကင်းပတ်စ ဘောင် တခုကို ယူလိုက်သည်။ ပြီးတော့ ထောက်တိုင်ကို ကျနစွာ ထောင်လိုက်သည်။

ပြီးတော့ ကင်းပတ် ပေါ်က ဖုန်တွေကို သုတ်သင်လိုက်သည်။ ပန်းချီမဆွဲတာ ဘယ်လောက် ကြာနေပြီလဲ။ ဆေးခွက်ထဲသို့ ရောင်စုံဆေးများ ညှစ်ချပြီး အရောင်တွေ ဖျော်စပ်နေသည်။ သူပန်းချီဆွဲရန် အကြောင်းပေါ်လာပြီပေါ့။ ၀ါသနာအရ ပန်းချီဆွဲ သော်လည်း သူ့အလုပ်နှင့် တော့ ပတ်သက်သည် မဟုတ်ပေ။ သူဒီလို စိတ်ကူးပေါက်လာလျှင်တော့ ဆွဲလေ့ရှိသည်။ သူဘာဆွဲရမည်လဲ။ သူခဲဖြင့် ကောက်ကြောင်းတခု ဆွဲလိုက်သည်။ အင်း သူစိတ်ထဲကို စိုးမိုးနေသည့် ကောင်မလေး ပုံပဲ ဖြစ်သည်။ ဟုတ်တယ် သူကောင်မလေးကို မမြင်ရတဲ့ အချိန်မျိုးဆို ဒီပုံတူလေးနဲ့ အလွမ်းဖြေလို့ ရနိုင်တယ်။ ဒါပေမယ့် သူတကယ် ဆွဲမယ် ဆိုတော့ ကောင်မလေး၏ မျက်နှာကို အပြည့်အစုံဆွဲဖို့ ခက်ခဲနေသည်။ သူစိတ်ထဲေ၀၀ါးနေသည်။ ကောင်မလေး၏ ပုံရိပ်က မပြတ်မသား ဖြစ်နေပြန်သည်။

သူစိတ်ကူးဖြင့် မှန်း၍ ဘယ်လိုဆွဲဆွဲ သူဆွဲလိုက်သော ပုံတိုင်း ထိုကောင်မလေးနှင့် မတူဟု ခံစားမိသည်။ သူခပ်ဖွဖွ ဆွဲပြီးသား ပုံကြမ်းကို ပြန်ဖျက်ပစ်လိုက်သည်။ နောက်တော့ သူ့ပြတင်းပေါက်ဆီကနေ ဟိုဘက် တိုက်ရဲ့ ပြတင်းတံခါးလေးဆီ မြင်နေရသည့် မြင်ကွင်းလေး အတိုင်းပင် ရေးဆွဲလိုက်သည်။ သူအချောသတ်လိုက်သည်။ သူဆွဲသော ပုံက ရှင်းရှင်းလေး။ ပြတင်းပေါက် တခုကနေ တခြား ပြတင်းပေါက် တခုဆီက ၀ိုးတ၀ါး အရိပ်လေးကို မြင်နေရသည့် ပုံလေးပင်။ အင်း အခုမှ သူ့ခံစားချက်နှင့် တထပ်တည်းကျ သွားတော့သည်။ သူက ပန်းချီကားထဲက သေသေ ချာချာ မမြင်ရတဲ့ ကောင်မလေးကို ငေးကြည့်ရင်း သဘောကျစွာ ပြုံးလိုက်သည်။
+++++++++++++++++
(၄)
မိုးရာသီလေးသည် အုံမှိုင်းစွာ သည်းထန်နေ၏။ ယနေ့သည် စနေနေ့ဖြစ်ပြီး စနေ့မိုး မို့ တနေကုန် ဆွေနေလေတော့သည်။ ရုံးပိတ်ရက်မို့ သူအိမ်ရှေ့ တံစက်မြိတ်လေးမှ အိမ်ရှေ့လမ်းမပေါ်သို့ ကြည့်နေ၏။ လူမျိုးစုံ၊ ထီးမျိုးစုံသည် လမ်းမပေါ် ဖြတ်လျှောက်သွားကြ၏။ ငွေရောင် ထီးမိုးထားသော လူသည် သူ့အိမ်ရှေ့တွင် လာရပ်ပြီး လူခေါ်ခေါင်းလောင်းထိုးနေသည်။ မိုးပေါက်များ ကြားမှာ ထီးဆောင်းရင်း ထိုသူကို ခြံတံခါးဖွင့်ပေးလိုက်သည်။
“ကျွန်တော်က ဟိုဘက်ခြံကပါ.. အကို့ဆီမှာ မီးစမ်းတဲ့ တက်စတာ ရှိလား”
“ဟုတ် ရှိတယ်ဗျ..။ ခဏလေး ကျွန်တော်ယူပေးမယ်။”
ထို့နောက် တက်စတာကို ထိုလူအား ကမ်းပေးရင်း ဘာဖြစ်လို့လဲလို့ အနည်းငယ် မေးမြန်းကြည့်တော့
“မီးအားမြှင့်စက်က ညှော်နံ့ထွက်လာလို့ စမ်းမလို့… အကိုကော နည်းနည်းပါးပါး ကြည့်တတ်လား..”
“ကြည့်တတ်ပါတယ်…”
အမှန်တော့ လျှပ်စစ်အင်ဂျင်နီယာ တစ်ယောက်ဖြစ်ကြောင်း မပြောပြဖြစ်လိုက်ပါ။
စိတ်လှုပ်ရှားမှု အပြည့်နှင့် ၀န်းခြံထဲကို လိုက်သွားသည်။ သူမမြင်ဖူးသေးသော သူမရောက်ဖူးသေး သော ဟိုဘက်ခြံသို့…။
မီးအားမြင့်စက်ကို အဖုံးဖွင့်ပြီး ကြည့်တော့ ဒါးမိန်းဆီကို သွယ်ထားသော ၀ါယာသည် ပူပြီး ရှော့ခ်ဖြစ်သွားပုံရသည်။ လောင်သွားသော ဒါးမိန်းနေရာတွင် သူ့အိမ်တွင် အပိုဆောင်ထားသော ဒါးမိန်းဖြင့် လဲလှယ် တပ်ဆင်ပေးလိုက်လေသည်။ ကျေးဇူး တင်စွာဖြင့် သူတို့က ဧည့်ဝတ်ပြုကြသည်။ သူတို့ အိမ်၏ ဧည့်ခန်းတွင် ရှေးဟောင်း အနုပညာ ပစ္စည်းအများ အပြား တွေ့ရသည်။ စိတ်ဝင်စား စွာနှင့် ငေးမော ကြည့်နေရင်း
“ရှေးဟောင်း ပစ္စည်းတွေ စုဆောင်း တတ်ပုံရတယ်..”
အိမ်ရှင်က သဘောကျစွာ ပြုံးလိုက်ပြီး
“ဒီလို…ကိုမင်းဆက်…. ကျွန်တော်တို့ လုပ်တဲ့လုပ်ငန်းက ရှေးဟောင်း ပစ္စည်းတွေကို ရောင်းတဲ့ အလုပ်လေ ဒါကြောင့်ပါ.. အင်း ဒီလုပ်ငန်းကလဲ ၀ါသနာ လဲပါတယ်ဆိုတော့ စုဆောင်းမိသွားတာလေ”
ဖိနပ်ချွတ်တွင် ငွေရောင် ဒေါက်ဖိနပ်ကလေး တရံတွေ့ရသည်။ ချစ်စရာကောင်းသော ဖိနပ်ကလေး၏ ပိုင်ရှင်သည် ဘယ်သူဖြစ်မလဲ။ သိချင်တာက ဤအိမ်၌ မိသားစုဝင် ဘယ်နှစ်ယောက် ရှိတယ်ဆိုတာကိုပင်။ ဒီလိုမေးရင် ပထမဆုံး အကြိမ်မှာပင် သူ့ကို စပ်စုသူဟု ထင်သွားမည် စိုးသောကြောင့် မမေးမိလိုက်ပေ။
+++++++++++++
(၅)
တ၀က်တပျက်ပါပဲ....
မပြီးဆုံးသေးတဲ့ သက်ရှိပန်းချီကားဟာ...
အဝေးက မျှော်ကြည့်သူ တစ်ယောက်အတွက် မှုံတိမှုံဝါးနေတုန်းပဲ
အလင်းနှစ်တခုစာ မခြားပေမယ့် အလင်းနှစ်တခုစာ ခြားနေတယ်....
ခပ်ဖွဖွ ရွတ်ဆိုတတ်တဲ့ ကဗျာဟာ အမည်မသိနှုတ်ခမ်းထက်မှာ..
လှပစွာ သီကုံးဖွဲ့နေလေရဲ့....
ဟိုမှာဘက်ဆီက သိုဝှက်တတ်တဲ့ ကောင်မလေးရယ်...
လူမသိသူမသိ........ချစ်တယ်....။

++++++++
(၇)
အလှူပွဲ....။ တဖွဲဖွဲရောက်လာနေသော ဧည်သည်များကား အရောင်သွေးစုံလင်လှသည်။ ခြံဝင်းထဲနှင့် ခြံရှေ့တွင်တော့ ကားမျိုးပေါင်းစုံ ရပ်ထားကြသည်။ ကိုမျိုးမြင့်တို့ အိမ်က စီးပွားရေးလုပ်ငန်းပိုင်ရှင် ပီပီ အသိမိတ်ဆွေ ပေါပုံရသည်။
မနက်ဦးပိုင်း ဘုန်းကြီးများနှင့် အာရုံဆွမ်းကို သူတို့ မိသားစုနှင့်ပင် ကပ်လိုက်ကြပုံရသည်။ ဧည့်ခန်းထဲတွင် စားပွဲဝိုင်းများပေါ်၌ ဧည့်သည်များ ပြည့်နေ၏။
“အော်.. ကိုမင်းဆက် လာ ကြွပါ အပေါ်ထပ်ကို.”
“ညီမလေးရေ.. အပေါ်ထပ်အတွက် မုန့်တပွဲယူခဲ့ပါအုံး”
မင်းဆက် စိတ်လှုပ်ရှားစွာ ဖြင့် မီးဖိုဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။
“ဟုတ်ကဲ့ ကိုကြီးရေ…”
ဟင်း.. သက်ပြင်းပြန်ချလိုက်ပြန်သည်။ သူထင်ထားသော ကောင်မလေး မဟုတ်သေးပေ။ အသက် ၁၅နှစ်ခန့်သာ ရှိသေးသော ကလေးမလေး တယောက်သာ ဖြစ်သည်။ ကိုမျိုးမြင့်မှာ မွေးချင်း ဘယ်နှစ်ယောက်များ ရှိသေးပါလိမ့်။ ကိုမျိုးမြင့် က ဦးဆောင်၍ သူ့ကို အပေါ်ထပ်ကို ခေါ်သွား၏။ အပေါ်ထပ်မှာတော့ ရပ်ကွက်လူကြီးတွေနှင့် တခြား ရင်းနှီးသော မိတ်ဆွေများ...။ အပေါ်ထပ် ဧည့်ခန်း၏ နံရံများဆီတွင်လဲ ပန်းချီကားများ ချိတ်ဆွဲထားသေး၏။ ပြီးတော့ ကနုတ်ပန်းများ အနုစိတ်ခြယ်ထားသော ပန်းချီကားဘောင်များ၊ စောင်းကောက်များ၊ ငွေဓားများဖြင့် ရှေးဟောင်း ပစ္စည်းအများအပြားကို ထပ်မံတွေ့ရလေသည်။

စားသောက်ပြီးတော့ သူက အခန်းထဲရှိ ရှေးဟောင်း ပစ္စည်းများကို လိုက်လံကြည့်နေမိသည်။ ခဏနေတော့
“ကိုမင်းဆက်..လဲ ဒီလို ပစ္စည်းတွေကို ၀ါသနာပါပုံရတယ်..”
မင်းဆက်ကြည့်နေသော ပန်းချီကားကို ကြည့်ရင်း ကိုမျိုးမြင့်က နှုတ်ဆက်လိုက်၏။
“ဟုတ် ကျွန်တော်လဲ ပန်းချီဝါသနာပါတယ်ဗျ... ဒီပန်းချီကားထဲက မိန်းကလေးပုံက တော်တော် အသက်ဝင်ပြီး မြန်မာဆန်တယ်နော်.. ဒီလက်ရာမျိုးတော်တော် ရှားမှာပဲ”

“ဟုတ်တယ်ဗျ.. သေချာကြည့်ရင် ပန်းချီကားထဲက အမျိုးသမီးက လှလဲလှတယ်ဗျ လက်ရာမြောက်လို့လား မသိဘူး ဒီပုံက ဗမာပုံ မဟုတ်ဘူး....”
ကိုမျိုးမြင့်က မင်းဆက်ရဲ့ ကောက်ချက်ကို ကြားချင်၍ လားမသိ ပြောမည့် စကားကို ခဏရပ်ထားလိုက်သည်။

“အင်း ကျွန်တော်လဲ အဲ့လိုမြင်ပါတယ်။ ဒီပုံကို ကြည့်ရတာ နန်းဆန်တယ်ဗျ..။ ပြီးတော့ တော်တော်လေး ရုပ်ကြွတယ်ဗျ။ ဒါရှေးမြန်မာ ပန်းချီလက်ရာစစ်စစ်ပဲဗျ..။ဆွဲထားတဲ့ ကောက်ကြောင်းတွေ ရိုးရှင်းတယ် ကိုယ်ပိုင် ဟန်အပြည့် ရှိတယ်၊ ကျွန်တော် ထင်တာ မမှားဘူး ဆိုရင် ရှမ်းလူမျိုးဖြစ်မယ်”

“အဟား.. ကိုမင်းဆက် ပန်းချီကို ၀ါသနာထုံတယ် ဆိုတာ ယုံသွားပြီဗျာ..။ မြင်လဲမြင်တတ်တယ်ဗျာ.၊ အမှန်ပဲဗျ ဒီပန်းချီကားကို ရှမ်းပြည်ဘက်ကနေ ကျွန်တော် ရလာတာ၊ ဒီတချက်တော့ ကျွန်တော်နဲ့ ၀ါသနာ တူသွားပြီဗျာ”

ကိုမျိုးမြင့်က အလွန်သဘောကျစွာနှင့်
“ကျွန်တော်လဲ ပန်းချီဝါသနာပါတယ်ဗျ.. လာ ကျွန်တော်ပြမယ်..”
ကိုမျိုးမြင့်က ပြောပြောဆိုဆိုနှင့် သူ့ကို အပေါ်ထပ် တနေရာကို ဦးဆောင်ခေါ်သွား၏။ ထို့နောက် အခန်းလေး တခန်းထဲကို ခေါ်သွားသည်။

“ဒါ ကျွန်တော့် အလုပ်ခန်းဗျ၊ ၀ါသနာ အရလေး တွေ လုပ်တယ်ပေါ့ဗျာ..၊ ဒီအခန်းထဲက လက်ရာတွေက ကျွန်တော် ဆွဲထားတာတွေချည်းပဲ..”

ကိုမျိုးမြင့်ရဲ့ ပန်းချီလက်ရာများက တကယ်တန်းဝင်သော ပန်းချီလက်ရာများ ဖြစ်သည်။ အများစုမှာ သရုပ်မှန်များ ဖြစ်သည်။ အခန်းပတ်ပတ် လည် တွင် ပန်းချီကား ၂၀ ခန့်ရှိသည်။
“အဲ.. ဒါကတော့ ကျွန်တော် လတ်တလောဆွဲနေတဲ့ ပန်းချီပဲဗျ....”
ထောက်တိုင်မှာ ထောက်ထားသော ကင်းပတ်စပေါ်ရှိ လိပ်ပြာတကောင်၏ ပုံကို ကြည့်ရင်းပြောသည်။ လိပ်ပြာအကြီးတကောင်၏ပုံ ဖြစ်သည့် အပြင် နောက်ခံတွင်လည်း လိပ်ပြာငယ်လေးများနှင့် ပန်းပွင့်များ ရောစပ်ထားပုံက အစပ်အဟပ် တည့်လှသည်။

မင်းဆက်သည် အမှတ်တမဲ့ သူ့အိမ်ဘက်ဆီကို ပြတင်းပေါက်မှ လှမ်းကြည့်လိုက်၏။ သူစိတ်လှုပ်ရှားသွားသည်။ အကြောင်းမှာ ဒီအခန်းလေးသည် သူ့အိမ်ဘက်ဆီမှ မြင်ရသော အခန်းလေး ဖြစ်သည်။ ဒီဘက်ပြတင်းပေါက်ကနေ သူ့အိမ်ဘက်ကို ကြည့်ရင်း ၆နာရီတိုင်း တိတ်တခိုးကြည့်လေ့ရှိသော သူ့ပုံရိပ်ကို သူပြန်မြင်ရသလိုပင်။

“ကျွန်တော် အမြဲတမ်း ညနေ၆နာရီဆို ပန်းချီဆွဲတယ်ဗျ...”

ဒါဆို ကိုမျိုးမြင့် တယောက် ပန်းချီဆွဲရန် မော်ဒယ်ငှား၍ ဆွဲခြင်းများလား။ ဒါပေမယ့် အခုထိ အခန်းထဲမှာတော့ မိန်းကလေးနှင့် ပတ်သက်သော ပုံမတွေ့မိသေး။

အင်း ဟုတ်နေပြီ။ သူသိချင်သော ကောင်မလေး အကြောင်း ပြောတော့မလားဟု ကိုမျိုးမြင့်၏ စကားကို နားစိုက်နေသည်။

“ကားတွေက များနေတော့ ကျွန်တော်ကား တချို့ကို အခန်းအနောက်ဘက်ကို ရွှေ့ပြီး ထပ်ထားရတယ်လေ။ ညနေစောင်းဆို ဒီနေရာကနေ..”

ကိုမျိုးမြင့်ကား တကယ့်ကို အနုပညာကို ဈာန်ဝင်စား တတ်သော သူဖြစ်မည် ထင်သည်။ ပုံမှန်ဆိုလျှင်လဲ သူပြောတာကို သေချာ နားထောင် နိုင်ပေလိမ့်မယ် ယခုမူကား သူအရမ်းဆန္ဒပြင်းပြစွာ သိချင် နေသော အမည်မသိ ကောင်မလေး အကြောင်းကို ဖြစ်၍ ကိုမျိုးမြင့် စကားပြောနေသည်ကို ပင် စိတ်မရှည်ချင်သလို ဖြစ်လာသည်။

နံရပ်၌ ကပ်ထောင်ထားသော ပန်းချီကား ချပ်ကြီးတခုကို သူရွှေ့လိုက်သည်။ ပြီးတော့ ဘီးတပ်ထားသော ခုံတခုကို ပြတင်းပေါက်နားသို့ တွန်းရွှေ့လိုက်သည်။

“ကျွန်တော် ပန်းချီဆွဲရင် မိုးဇက်ရဲ့ တေးသွားတွေ ဖွင့်ထား တတ်တယ်ဗျ.. ဒါမှ စိတ်တွေ ကြည်လင်လာတယ်လေ။ ဒီခုံကို ကျွန်တော်နဲ့ အနီးဆုံးကိုရွှေ့ပြီး သီချင်း.....”

မင်းဆက်ကား ကိုမျိုးမြင့်ပြောနေသော စကားများကို လုံးဝ မကြားတော့ပဲ ကြက်သေသာ သေ နေမိသွားတော့သည်။ ပြီးတော့ သူ့ရင် တခုလုံး ဗြောင်းဆန်သွားတော့သည်။ ၀မ်းနည်းသလိုလို၊ ၀မ်းသာသလိုလိုနှင့် အမည်မဖော်နိုင်သော ရင်ခုန်လှုပ်ရှားမှုကြီးက သူ့ခန္ဓာ တခုလုံးကို တုန်ဟီးသွားစေတော့သည်။ အကြောင်းမှာ ကိုမျိုးမြင့် ရွှေ့လိုက်သော ခုံ၏ အနောက်တွင် ထုဆစ်ထားသော သက်မဲ့ ရှေးဟောင်း ရုပ်ထုတခုကို မြင်တွေ့သွားခြင်း ဖြစ်သည်။ သူအလွန်တရာမှ စွဲလမ်းနေသော အမည် မသိကောင်မလေးသည် အမှန်တကယ်တော့ သစ်သားရုပ်ထု (သို့မဟုတ်) သက်မဲ့ ပစ္စည်းသက်သက်ပါလား။ ဘုရား...ရေ... သူနှစ်နှစ်ကာကာ ချစ်ရသော၊ သူ မြတ်နိုးမိသော စွဲလမ်းမိသော ၆နာရီ အချိန်က နတ်သမီးလေးသည် ရှေးဟောင်း ရုပ်ထု တခုသာ ဖြစ်တော့သည်။ ရှေးဟောင်း ရုပ်ထု တခုသာ ဖြစ်၏။ ရှေးဟောင်း ရုပ်ထုသာ ဖြစ်၏။ ရုပ်ထု တခုသာ......။
“ကိုမင်းဆက်.. ကိုမင်းဆက်..”
“ဟားဟား..ဟား.. ဟားဟားဟား... ကျွန်တော်...ကျွန်တော် ဒီရုပ်ထုလေး.....”

++++++++++++++

မိုးတွေ တဖြိုက်ဖြိုက် ရွာသွန်းနေ၏။ ပြတင်းပေါက် မှ လှမ်းကြည့်လိုက်လျှင် အိမ်ထဲတွင် တယောထိုးနေသော သူတယောက်ကို မြင်နိုင်သည်။ ထိုသူသည် ပန်းချီကား တချပ်ကို သူ့ရှေ့တည့်တည့်တွင် ထောင်ထားရင်း ဘယ်ချိန် အဆုံးသတ်မည် မသိသော တယောကို အဆက်မပြတ် တီးနေ၏။ သူ၏ နံဘေးဘက်ရှိ စားပွဲခုံပေါ်တွင်ကား ထက်ပိုင်းကျိုးနေသော သစ်သားရုပ်ထု တခုကို တွေ့ရလေသည်။ အိမ်အပြင်ဘက်ဆီမှ မြေသင်းနံ့များ ပျံလွင့်လာ၏။ မိုးကား အဆက်မပြတ်သည်းထန် နေဆဲ...။

ပြီးပါပြီ..။

++++++++++++++++++++++++++++++++++++
ဒီဝတ္တုတိုလေးကို ကျွန်တော်ရေးထားတာ ၂နှစ်ခန့်ရှိနေပါပြီ။ လက်ရာဟောင်းလေး ဆိုပါတော့ဗျာ။ ကောင်းချင်မှလဲ ကောင်းပါလိ့မ်မယ်။ ဆက်လက်ကြိုးစားပါအုံးမည်။
မင်းယွန်းသစ်





Read Users' Comments (4)

စစ်ကိုင်းပညာဒါနသင်တန်း အတွက် အလှူရှင်များ လိုအပ်

စစ်ကိုင်းမြို့ ၊စစ်ကိုင်းတောင်ရိုး၊ သာသနဝေပုလ္လကျောင်းတိုက်တွင် စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံး နေထိုင်သော၊ ရဟန်း၊ သာမဏေ ၊ သီလရှင်များနှင့် ၊ငွေကြေးချို့ တဲ့သော လူပုဂ္ဂိုလ်များ အား ကွန်ပျူတာနည်းပညာနှင့်ပတ်သက်၍ ဦးဇင်းဦးကောဝိဒမှ အခမဲ့ သင်တန်းများပို့ ချပေးလျှက်ရှိပါတယ်။ အဲဒီလိုပို့ ချပေးတဲ့နေရာမှာ နောက်ပိုင်း သံဃာအင်အား လူအင်အားများပြားလာတာနဲ့ အမျှ စက်အင်အား၊ အဆောက်အဦးတွေ လိုအပ်လာပါတယ်။

အခုလောလောဆယ် သင်တန်းကျောင်း အတွက် လိုအပ်နေတာက ကွန်ပြူတာများပဲ ဖြစ်ပါတယ်။ ဦးဇင်းဦးကောဝိဒ အနေနဲ့ တတ်နိုင်တဲ့ အင်အားနဲ့ ကြိုးစားပြီး ဖွင့်ထားရပေမယ့် စက်အင်အားက လောလောဆယ် ၆လုံးပဲ ရှိပါသေးတယ်။ (အခုလက်ရှိ ပညာဒါန သင်တန်းကို လျှောက်လွှာတင်သူ သင်တန်းသား ဦးရေက ၅၀ လောက်ရှိနေပြီလို့ ကြားသိရပါတယ်)။ ထို့ကြောင့် လိုအပ်သော ကွန်ပြူတာများ အတွက် အလှူရှင်များလိုအပ်နေပါတယ် ခင်ဗျာ။

နောက်တခု လိုအပ်ချက်ကတော့ စစ်ကိုင်းမှာ လျှပ်စစ်မီး ပုံမှန် မရရှာပါဘူး။ ဒါကြောင့် သင်တန်းပုံမှန် လည်ပတ်နိုင်ရေး အတွက် မီးစက်လဲ အရေးတကြီး လိုအပ်နေပါတယ်။ မီးစက်ရဲ့ တန်ဖိုးကတော့ မြန်မာကျပ်ငွေ ၁၇၀၀၀၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ သို့ပါ၍့ ရပ်ဝေး ရပ်နီးမှ အလှူရှင်များ အနေနဲ့ ပညာဒါန အလှူ အတွက် လှူဒါန်းပေးစေလိုပါတယ် ခင်ဗျာ။

ပြည်တွင်းမှ လှူဒါန်းလိုသူများ အနေနဲ့
မန္တလေး ရိုးမဘဏ် (ရတနာပုံ)၊
ဦးကောဝိဒ -၉/ပဥလ(သ)၀၀၀၅၂၆
ဦးရဲဝင်းနောင် 09-2028917 ကိုဆက်သွယ်လှူဒါန်းနိုင်ပါတယ် ခင်ဗျာ။

ပြည်ပမှ လှူဒါန်းလိုသူများ အနေနဲ့တော့.. ကျွန်တော့် အီးမေးလ်
minnyoonthit@gmail.com ကို ဆက်သွယ်ပြီး လွှဲရမယ့် နာမည်နဲ့ မှတ်ပုံတင် ပေးပါ့မယ်။




Read Users' Comments (0)

ကန်တော်ကြီး စာအုပ်ဈေးပွဲတော်


မနေ့က ကျွန်တော်ရယ် သူငယ်ချင်း ၂ယောက်ရယ်နဲ့ မျှော်စင်ကျွန်းက စာအုပ်ဈေးပွဲတော်ကို သွားခဲ့တယ်ဗျ။ တချို့စာအုပ်တွေက အမှန်တကယ် ဈေးချိုသလို၊ တချို့စာအုပ်တွေ ကတော့ ဈေးပွဲတော်မှာမှ ပိုဈေးကြီးတယ်။ အစားအသောက်ကလည်း ဈေးကြီးပ။ ကျွန်တော်ဆို ရေသောက်မလို့ ရေဘူးဝယ်မယ်ဆိုတော့ ရေဘူးဖိုးက ၄၀၀တဲ့၊ ဒါဆို အအေးပဲ သောက်တော့မယ် ဗျာ ဆိုပြီး စပါကလင်ထည့်ခိုင်းလိုက်တယ်။ အိတ်ထဲလဲထည့်ပြီးရော ကဲဘယ်လောက်လဲ ဆိုတော့ ပြုံးစိစိနဲ့ ၄၀၀ပဲတဲ့။ ဟိုက်သေရော ခံလိုက်ရပြီ။ စာအုပ်ဆိုင်တွေကတော့ စာအုပ်ဆိုင်ကြီးတွေ အပြင် ပန်းဆိုးတန်း အဟောင်းဆိုင်တွေပါ ဒီမှာ လာရောင်းကြတာ တွေ့တယ်ဗျ။ ကျွန်တော်က စာအုပ်ချစ်တဲ့သူ ဆိုတော့ ၀ယ်ချင်စရာ တွေ တပုံတပင်ပဲ။ ပိုက်ဆံက မပါလို့ အဟောင်းတန်းက အသိတွေဆီမှာ စာအုပ်ကောင်းလေးတွေ တွေ့ပေမယ့် မချိတင်ကဲ ဖြစ်ခဲ့ရတယ်(လိုချင်တဲ့ စာအုပ်လေးတွေ ၁၀အုပ်စာလောက်တော့ အသိဆိုင်တွေမှာ ချန်ထားပေးဖို့ မှာခဲ့သေးတယ်)။ ကျွန်တော့ အသုံးစရိတ်ရဲ့ လေးပုံသုံးပုံလောက်က စာအုပ်တွေ ၀ယ်ဖြစ်တာပဲ။ ကျွန်တော် ၀ယ်တာကို ပြောတာပါ လူအထင်ကြီးအောင် ပြောတာ မဟုတ်ပါဘူး။ မနေ့ကတော့ စာအုပ်ကြီးတွေ တော်တော်များများတွေ့တယ်။ Bible စာအုပ်ကြီးတအုပ်လဲ ၀ယ်ဖို့တေးထားတယ်။ ဒါပေမယ့် ပါတာက ပိုက်ဆံလေး ထောင်ဂဏန်းရယ်ဆိုတော့ စောင့်ဆိုင်းခြင်း အတတ်ပညာနဲ့ သည်းခံချုပ်တီးလိုက်ပြီး တတ်နိုင်တဲ့ အသစ်ထွက်ထဲက ဆရာသစ္စာနီစာအုပ်လေးရယ်၊ ဆရာဇော်ဇော်အောင် စာအုပ်ရယ် ၂အုပ်ပဲ ရသေ့စိတ်ဖြေ ၀ယ်လာခဲ့တော့တယ်။

ကျွန်တော့်အိမ်က စာအုပ်စင်လေးလဲ တဖြည်းဖြည်းနဲ့ နဲ့နေပြီ သံစင်နဲ့ တင်ထားတော့ ၀ိတ်ကများများလာတော့ ခုဆို ခနော်ခနဲ့လေး ဖြစ်နေပြီ။ သစ်သားစင်လေး ပြန်ရိုက်ရင် ကောင်းမလားလို့။ တချို့တွေဆို ကျွန်တော် သေတ္တာတွေထဲခွဲထည့်ထားသေးတယ်။ တချို့စာအုပ်တွေကတော့ ကျွန်တော် လျှာရှည်ပြီး နယ်မှာ အဆောင်သွားနေ တုန်းက အိတ်လိုက်ကြီး ယူသွားမိတာ အခန်းထဲကို တံခါးမရှိ ဓားမရှိဝင်တဲ့ ကောင်တွေထဲက ဘယ်သူတွေ မသွားမှန်း မသိဘူး အဖိုးတန် ရှားပါး စာအုပ်တွေ ပျောက်ကုန်တယ်လေ။ နှမြောလိုက်တာဗျာ။ အခုနောက်ပိုင်း ကျွန်တော် တော်ရုံစာအုပ် မငှားတော့ဘူး။ တချို့က စာအုပ်ကလေး မြင်ရင် ကျွန်တော်လဲ ဒီစာအုပ်မျိုးကြိုက်တယ်ဗျာ ခဏငှားဆိုပြီး အလွယ်တကူ ငှားတတ်ကြတယ်။ ပြီးရင် သူတို့ တကယ်တမ်း ငှားပြီး ဖတ်သလား ဆိုတော့ မဟုတ်ဘူး ခဏလောက်ဖတ်ပြီး စာအုပ်တန်ဖိုးလဲ မသိ ပစ်ထားလိုက်ပြီး အချိန်ကြာတော့ ပြန်တောင်းတဲ့အခါ ပျောက်သွားပြီဗျာ ဆောရီးဆိုတာမျိုးတွေ များနေလို့။ အဲ့ဒိတော့ ကျွန်တော့်ကို ကပ်စီးနည်းတယ်ပဲ ပြောပြော ကျွန်တော် ဘယ်သူ့ကိုမှ စာအုပ်မငှားဖြစ်တော့ဘူး။

ဒီနေရာမှာ ကျွန်တော် ပြောချင်တာက စာအုပ်ချစ်တဲ့သူနဲ့ စာအုပ်ချစ်ချင်ယောင်ဆောင်တဲ့သူ က မတူဘူးဗျ။ ဒီလိုဗျ. စာအုပ်ချစ်တယ်ဆိုတာ တကယ့်ကို စာအုပ်ကောင်းရင် အဟောင်းဖြစ်စေ၊ အသစ် ဖြစ်စေ ကောင်းတာလေး ရှိရင် ၀ယ်စုတတ်တာ။ ပြီးတော့ အဟောင်းထဲက ကိုယ်ဖတ်ချင်တဲ့ စာအုပ်မျိုးကို မရမက လိုက်ဝယ်ပြီး စုတာ။ နေအုံး ဒါတင် မပြီးသေးဘူး။ ၀ယ်ထားတဲ့ စာအုပ်လေးတွေကို တကယ့်ကို စိတ်ဝင်တစား ပြန်ဖတ်တာ။ လိုတာလေးတွေ မှတ်ထားတာ၊ မှတ်စုပြန်ထုတ် တာ၊ ဖတ်ထားပြီးသားလေးတွေကို ပြန်လည် တွေးတောသုံးသပ် ကြည့်တာ .. ဒါမျိုးကို တကယ့် စာအုပ်ချစ်သူလို့ ခေါ်တာဗျ။

အဲ... စာအုပ်ချစ်ချင်ယောင်ဆောင်သူကျတော့ မတူပြန်ဘူး။ သူက အပေါ်ယံတော့ စာအုပ်တွေကို ချစ်တတ်သလိုလိုနဲ့ အမှန်က မချစ်ဘူး မမြတ်နိုးဘူး။ သူ့အတွက်စာအုပ် ၀ယ်တယ်ဆိုတာ လူအထင်ကြီးအောင် ဖက်ရှင်သက်သက်ပဲ။ တခြားတော့ မဟုတ်ဘူး ကျွန်တော့်အဒေါ် ကိုယ်တိုင် ဒီလို ချစ်ချင်ယောင်ဆောင်တဲ့ သူတွေထဲမှာပါတယ်။ (အဟဲ ကျွန်တော်နဲ့က အမြဲမတည့်ဘူးလေ။ :) ) သူအမြဲတမ်း အပြင်ထွက်လို့ ကြုံရင် စာအုပ်တွေ ၀ယ်ဝယ်လာ တတ်တယ်။ ဒါပေမယ့် ၀ယ်တဲ့စာအုပ်တွေက အခုအသစ်ထွက်တဲ့ စာအုပ်တွေများတယ်၊ ဗေဒင်လိုလို စာအုပ်မျိုး၊ မင်းသိင်္ခလို စာအုပ်မျိုးကို ဘာမှန်းမသိ အကုန်ဝယ်တယ်၊ (ပြီးတော့ ပြီးဆုံးအောင် တခုမှ မဖတ်ဘူး)။ တခါတလေတော့လဲ မောင်ထွန်းသူ ဘာသာပြန်တွေ၊ ရွှေဥဒေါင်းတွေ ၀ယ်လာပြန်ရော။ ဒါပေမယ့် ကျွန်တော် သူ့စာအုပ်စင်ကို ကြည့်လိုက်တိုင်း အဲ့ဒိဝယ်ထားတဲ့ စာအုပ်တွေကို ၀ယ်ပြီး တို့ထိပုံတောင် မရတာ တွေ့ရတယ်။ ပြီးရင် သူက လူရှေ့မှာ ထုတ်ပြောတတ်တာက သူက စာအုပ်စာပေ ဖတ်တဲ့သူ ဖြစ်တယ် ဆိုတဲ့ အကြောင်း စာအုပ်တွေဆို အမြဲတမ်း ၀ယ်တယ် ဆိုတဲ့အကြောင်း ပနာလုပ်ပြီး အမြဲပြောလေ့ရှိတယ်။ ဒါမျိုးလူတွေ ရှိပါတယ်။ အများကြီးပါ ကျွန်တော့် ပြောချင်တာက ဒါမျိုးက စာအုပ်ချစ်တာ မဟုတ်ဘူးဗျ။ ချစ်ချင်ယောင်ဆောင်တာ သူတကယ်မှ မဖတ်တာ စာအုပ်ဖတ်တယ်၊ ၀ယ်တယ်ဆိုတာလဲ ဂုဏ်တခု အတွက်သက်သက် ရယ်ပဲ ဖြစ်နေတာကိုး။

စာအုပ်နဲ့ပတ်သက်လို့ ဆရာကြီးမောင်ကျောက်တိုင်က ဒီလိုမိန့်ဖူးတယ်။ “စာအုပ်တအုပ်ကို ဖတ်ရင် တတ်နိုင်သလောက် မြန်မြန်ဆန်ဆန် ဖတ်” တဲ့။ ဟုတ်ပါတယ်။ ကျွန်တော်တို့ စာအုပ်တအုပ်ဖတ်မယ် ဆိုပါတော့ စဖတ်တော့ နဲနဲ အရှိန်လေးရလို့ စာမျက်နှာ ၁၀ကျော်လောက်ထိ ဖတ်၊ ပြီးရင် မအားလို့ ဒီစာအုပ်ကို ခေါက်ထားမိမယ်။ တရက်၊ နှစ်ရက်လောက် ကြာမယ်။ နောက်ရက်မှ ပြန်ဖတ်မယ်။ သေချာတာက အပျော်ဖတ် ၀တ္တုမျိုးကလွဲလို့ တခြား အတွေးအခေါ် စာအုပ်မျိုးတွေဆို အဆက်အစပ် ပြန်ပျောက်သွားပါလိမ့်မယ်။ ဒီလို စာအုပ်တအုပ်ထဲကိုပဲ ဖတ်လိုက် မဖတ်လိုက်နဲ့ ပြတ်တောင်း ပြတ်တောင်း ဖတ်ရင် အရှေ့က အဆက်အစပ် ပျောက် အလယ်မေ့ အဆုံးသတ်က ရေးတေးတေး ဆိုတာမျိုး ဖြစ်ကုန်ရော။ လုံးဝ မချိတ်မိတော့ဘူး။ ဒါကြောင့် ဆရာကြီးက မြန်မြန်ဆန်ဆန် ဖတ်ဖို့ လမ်းညွှန်တာပေါ့။

ဟုတ်ကဲ့ စာအုပ်ဈေးပွဲတော်ဆိုတော့ စာအုပ်စာပေနဲ့ ပတ်သက်တဲ့ အကြောင်းလေး တိုက်ဆိုင်လို့ ပြောတာပါ။ လေရှည်တယ် ထင်ရင်တော့ ဆောရီးပါ။ ကျွန်တော် စာအုပ်ပွဲတော် သွားရင်း ရိုက်ကူးခဲ့တဲ့ပုံလေးတွေကိုလဲ ရှုစားပေးကြပါအုံး။

ကရ၀ိတ်ကို လှမ်းရိုက်တာပဲ ကောင်မလေး၂ယောက်က ဘယ်လိုပါသွားလဲ မသိဘူးပေါ့ဗျာ။ အဟတ်


ပြည့်စုံစာအုပ်တိုက်မှာပေါ့


မသိသူကျော်သွား၊ သိသူဖော်စားပဲ ဒီလိုအပုံတွေကြားမှက (ဒါပေမယ့် အများအားဖြင့် အလယ်အလတ်တန်းတွေသာ ပုံထားတာပါ၊ တခါတလေတော့လဲ ဒါမျိုးထဲက အကောင်းလေးတွေ ရတတ်တယ်ခင်ဗျ)


Ben 10 ကိုသိတယ်မှတ်လား၊ မြန်မာဘာသာပြန် ရုပ်ပြထွက်နေပြီခင်ဗျ။


စာအုပ်ရွေးချင်ယောင်ဆောင်နေတာ မဟုတ်ဘူးခင်ဗျ။ သူငယ်ချင်းက ဘယ်ချိန်ရိုက်လိုက်မှန်း မသိတာ :)


ပုဂံစာအုပ်တိုက်တို့ဘာတို့က ဒီဘက်ခြမ်းမှာခင်ဗျ။ ကျွန်တော် ဟိုတလော ၀ယ်လိုက်တဲ့ ဆရာဦးဖေအောင်ရဲ့ စိတ်ညှို့ပညာ စာအုပ်ကို အလောကြီးပြီး စာပေဗိမာန်က ၀ယ်လိုက်တာ။ အခုပုဂံတိုက်မှာ ၅၀၀တောင် သက်သာနေတယ်။

ကဲ.. နောက်နေ့တော့ ကျွန်တော် အသုံးစရိတ်ထဲက ချွေတာစုဆောင်းပြီး ၀ယ်ချင်တဲ့ စာအုပ်လေးတွေ အသိဆိုင်တွေဆီက ပြန်သွားယူလိုက်အုံးမယ်ဗျာ။

Read Users' Comments (4)

လွတ်လပ်ရေးနေ့အထိမ်းအမှတ်





လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကို အခန်းဆက် ဆောင်းပါးအဖြစ် နောက်နေ့များမှာ ဖတ်မှတ်ဖူးသော စာအုပ်မှ ထုတ်နှုတ် တင်ပြသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဟာ မြန်မာ တမျိုးသားလုံးနဲ့ သက်ဆိုင်ပါတယ်။ လွတ်လပ်ရေး အတွက် တဘ၀လုံးမြှုပ်နှံသွားတဲ့ သခင်အောင်ဆန်း (ခ) ဗိုလ်တေဇ(ခ) ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကျေးဇူးကို အောက်မေ့လွမ်းဆွတ်စွာဖြင့်.....။

Read Users' Comments (0)

Freegate Proxy တွေသုံး၍မရတော့

တနေ့က ကျွန်တော် အင်တာနက်ကို freegate နဲ့ ကျော်ခွသုံးနေတုန်း ပြဿနာ တခုတက်တယ်။ တက်တဲ့ ဥစ္စာက သုံးနေရင်းနဲ့ ကျွန်တော့် ဒိုမိန်းကော၊ တခြားဒိုမိန်းတွေတွေကော ခေါ်ထားရင်းနဲ့ ဒိုမိန်းတွေရဲ့ လိပ်စာ နောက်မှာ ဘာမှန်းမသိတဲ့ prompt link ကြီးတခု ပိုပါလာတာပဲ။ ဒီလိုဗျာ.. ကျွန်တော်က www.blogger.com လို့ခေါ်လိုက်ရင် အဲ့ဒိအတိုင်း မတက်လာပဲနဲ့ သူ့နောက်က ဒါမျိုး အပိုပါလာတယ်။ www.blogger.com/dmirror/http/www-dit-inc.us/swprompt.php ဆိုပြီး bold ပြထားတဲ့အပိုင်းကြီးက ဘယ်ဆိုက်ကို ခေါ်ခေါ် ပိုပိုပါလာတယ်။ ဘယ်လိုမှခေါ်လို့လဲ မရဘူး။ ဒါနဲ့ ကျွန်တော် ကြည့်နေကျတခြားဆိုက်တွေ ခေါ်တော့လဲ ဒီလိုပဲ နောက်က နောက်တွဲလင့်ခ်ကြီး ဘယ်က ပေါ်လာမှန်း မသိဘူး။ သုံးနေရင်းနဲ့ freegate ရဲ့ ဆိုက် dynaweb ဆိုက်ကို ရောက်သွားတယ်ဗျာ။ ကျွန်တော်လဲ ကျွန်တော် များမှား နှိပ်မိလား ဆိုပြီး freegate ထဲဝင် setting တွေလိုက်ပြင်ကြည့်တယ်။ ပြန်ဖွင့်ကြည့်လဲ ဒီနောက်တွဲ prompt ကြီးက ပေါ်နေတုန်းပဲ။ ဒါနဲ့ ထားတော့ ဆိုပြီး ရှိတဲ့ freegate ကို delete လုပ်လိုက်တယ်။ ပြီးတော့ ဒေါင်းလုပ် ပြန်ဆွဲ ပြီးတော့ ပြန် run ကြည့်တယ် ဟာ ဒါလဲ မရပြန်ဘူး။ နောက်တွဲကြီးနဲ့ error တက်နေပြန်ရော။ ဒါနဲ့ ဒီစက်ရဲ့ အိုင်ပီကိုများ မှတ်ပြီး setting ကိုပြန်ပြန်ပြောင်းနေလား လို့ အတွေးခေါင်မိသေးတယ်။ ဒါနဲ့ ကျွန်တော် နောက်တစက်ပြောင်းတယ် ပြန်လုပ်ကြည့်တယ် မရဘူး ဒါလဲ။ ဒီတဆိုင်ထဲမို့ ဖြစ်တာများလား ဆိုပြီး နောက်တနေ့တော့ ဆိုင်ပြောင်းသုံးကြည့်တယ်။ နောက်တဆိုင် ပြောင်းတော့လဲ မရပြန်ပါဘူး။ ခုနကလိုမျိုးပဲ ဘယ်ဆိုက် ခေါ်ခေါ် ခေါ်မရပြန်ဘူး။ တခုခုတော့ လွဲနေပါပြီ ဆိုပြီး ကျွန်တော်လဲ problemclean.ning.com ကိုသွား ဖိုရမ်မှာ ကျွန်တော့် အခက်အခဲကို တင်ပြတယ်။ ကူညီပေးဖို့ အကူအညီတောင်းရတယ်။

ဒါနဲ့ *0* ဆိုတဲ့ သူငယ်ချင်းက ဖိုရမ်မှာ ကျွန်တော့်ကို freegate error လိုက်ရှာပေးတယ်။ နောက်တနေ့တော့ သူရှာတွေ့တာ က error မဟုတ်ပါဘူးတဲ့။ ကျွန်တော် တို့ မြန်မာပြည် တွင်းက လူတွေအတွက် စိတ်မကောင်း စရာပါ။ freegate က တရုတ်ပြည်တွင်းကိုပဲ support လုပ်ပေးတော့မယ် ဆိုတဲ့ အကြောင်း တရုတ်ပြည် ပြင်ပတွေ အနေနဲ့ freegate ကိုသုံးလို့ရတော့မှာ မဟုတ်ဘူးတဲ့။ ပြင်ပက လူတွေသုံးနိုင်အောင် နောက်များမှ freegate shareware ထပ်ထုပ်ပေးအုံးပါမယ်ဆိုပြီး ပြောသွားပါတယ်။ freegate လေးမြန်လှ ပါချည်ရဲ့ သုံးလို့ကောင်းတုန်း ကိုရွှေပေါက်ဖော်တွေက ဘာကပ်စီးနည်း ပြန်တာလဲ မသိပါဘူးဗျာ။ အဲ့ဒိတော့ အရင်အဆက်ဟောင်းလေး တွေ ဖြစ်တဲ့ u နဲ့ freedom လေးတွေနဲ့ပဲ ပြန်နှစ်ပါးသွားရမှာပေါ့ဗျာ။ ဟွန်းးးးး။

freegate ရဲ့ မူရင်းစာကို ဖော်ပြလိုက်ပါတယ်။


"Shareware version Freegate

Thank you for using DynaWeb, the gateway to uncensored Internet.

Starting from Januarary 1, 2009, we only provide fee based or limit services to users not from China. Users fron China will still be able to use DynaWeb free of charge. For non-China users, we will release shareware version of Freegate soon. There are also free softwares that help users to gain anonomity like Tor. These softwares may help to achieve your purpose as well. Various entities expressed their interests in paying for group license for certain countries. You may check back for opportunities like this. Wish you a wonderful and uncensored day."


Read Users' Comments (0)

မနက်စာ

မနက်စာ အဖြစ် သတင်းတွေကို ကြည့်လိုက်ရင်...
ဂါဇာကမ်းမြောင်တိုက်ပွဲမှာ အရပ်သားတွေ သေကြတယ်တဲ့...
ကမ္ဘာ့စီးပွားရေး ကပ်ကြောင့် ကုမ္ပဏီတချို့မှာ ၀န်ထမ်းတွေ လျှော့ချလို့
ထမင်းအိုးစားကွဲ ကုန်ကြသတဲ့..
မတရားသိမ်းပိုက်ခံထားရသော ဘဂ္ဂဒက်မြို့မှာ အသေခံဗုံးကြောင့်
ကန်တပ်ဖွဲ့ဝင်တွေ ကျဆုံးကုန်သတဲ့...
စစ်ဒဏ်ကို ညက်ညက် ကြေအောင် ခံနေရတဲ့ နေရာတွေမှာ
ကလေးတွေဟာ မနက်စာတောင် မစားရပဲ ကျည်ဆန်ထိမှန် အနိစ္စရောက်ကြရတယ်..
အကျိုးမရှိတဲ့ အထိကရုဏ်းတွေကြားမှာ ဆားညပ်နေတဲ့ သူတွေလဲ
မျက်ကန်း ယုံကြည်ချက် အတွက် မနက်စာကို ၀အောင် မစားနိုင်ကြရှာဘူး..
မနက်စာကို ကျွန်တော်တို့က အေးချမ်းစွာ စားနေတဲ့ အချိန်မှာ..
တခြားသော နေရာမှာ အငတ်ဘေးတွေ ဆိုက်နေကြတယ်..
မနက်စာကို အပြေးအလွှားစားနေကြတဲ့သူတွေလဲ ရှိသလို..
မနက်စာကို တခမ်းတနားစားတဲ့ သူတွေလဲ ရှိတယ်...
မနက်စာအတွက် တောင်းရမ်းစားတဲ့ သူတွေရှိသလို...
မနက်စာအတွက် ခပ်တည်တည်နဲ့ လုစားတဲ့သူတွေလဲရှိတယ်...
တချို့ကတော့ ချို့တဲ့ရှာလို့ မနက်စာကို မစားတဲ့သူတွေလဲရှိရဲ့...
တချို့ကတော့ မနက်စာကို နာနာကျည်းကျည်းနဲ့ စားတဲ့သူရှိသလို..
တချို့ကတော့ မနက်စာကို မခွံ့ကျွေးရုံတမယ် ဇိမ်လုပ်စားကြသတဲ့..
ဘာပဲဖြစ်ဖြစ်ပေါ့...
လူကြီးမင်းတို့ရေ..
၂၀၀၉ခုနှစ်ရဲ့ မနက်စာကို ကမ္ဘာသူ ကမ္ဘာသားတွေ
ငြိမ်းငြိမ်းချမ်းချမ်း စားကြပါစေဗျာ။

Read Users' Comments (2)

နှစ်သစ်ကူးတဲ့ည

သူငယ်ချင်းတို့ရေ.. မနေ့က ကျွန်တော် အိပ်ယာကို နေမြင့်မှထ တယ်။ :) ပြီးတော့ ကျွန်တော် စက်မှုဇုံကို ပြေးရသေးတယ်။ အဲပြန်လာတော့ နက်ခဏတော့ သုံးရပါတယ်။ ဒါပေမယ့် အိမ်မှာ မီးလိုင်းတွေ ပြန်ဆင်မှာမို့ အိမ်ကိုပြန်ပြေးရပြန်တယ်။ ဒီလိုနဲ့ မီးလိုက်တွေ မီးသမားနဲ့ လိုက်ကူ လိုက်ဆင်ပေးလိုက်တာ ကျွန်တော့်ပို့စ်လေးတောင် မတင်နိုင်ခဲ့ဘူး ညမိုးချုပ်သွားတယ်။ ကဲ သူငယ်ချင်းတွေကို ဒီနေ့တော့ ကျွန်တော်တို့ အိမ်ရဲ့ နယူးရီးယားပါတီပွဲလေးကို ပြန်လည် ဝေမျှလိုက်ပြီနော်။
++++++++++++++++++++++++++++++++++++++++++
အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ရဲ့ မနက်ခင်းလေး ဖြစ်ပါစေ။ သူငယ်ချင်းတို့ မနေ့က ဟက်ပီးနယူးရီးယား အော်ခဲ့ကြသေးလားဗျ။ ကျွန်တော်တို့ အိမ်မှာတော့ လူနဲနဲနဲ့ ပွဲစည်ခဲ့တယ်ခင်ဗျ။ ကျွန်တော်တို့ရဲ့ ပါတီလေးကို ည ၁၀နာရီလောက်မှာ ခြံထဲမှာ စတင် ပြင်ဆင်ကြပါတယ်။ ပြင်ဆင်တယ်ဆိုတော့ အကြီးအကျယ်တော့ မဟုတ်ဘူး လူက နည်းနည်းပဲ ရှိတာကိုး။ ကိုယ်စားပြီး ကိုယ်တွေပဲ ပြန်သိမ်းရမှာဆိုတော့ စားပွဲဝိုင်းလေး တခုခင်း၊ ပြီးတော့ မီးဖို နှစ်ဖို တည်။ တစ်ဖိုက အသားချောင်းလေးတွေ ကြော်စားဖို့၊ နောက်တဖိုက ဟော့ပေါ့ လုပ်စားဖို့ ဖြစ်ပါတယ်။


တယောက်တလှည့် ၀ိုင်းလို့ချက် (ဒီနှစ်တော့ ကျွန်တော့် အန်တီလေးက စာဖိုမှူးတာဝန်ယူ တယ် ) :)


ညီမလေးကတော့ အသားချောင်းတွေညှပ်၊ ဟော့ပေါ့လုပ်ဖို့ စီစဉ်နေတာပေါ့။


မကျက်သေးဘူးလား မသိဘူး စားချင်လိုက်တာဗျာ..။ :P (ဒီကောင်ရယ် ကျွန်တော်ရယ်ကတော့ ယောင်ဝါးပဲ ဟီး)


ဟိုလိုဒီလို ညွှန်ကြားဖို့ဆိုတာ လက်ညှိုးတချောင်းရှိရုံနဲ့ လုံလောက်တယ်။ ဘာမှ ပင်ပန်းစရာ မလိုဘူး ဟိဟိ။



မီးဖိုတဲ့သူ ဖို၊ အသားညှပ်တဲ့သူ ညှပ်၊ ကြော်တဲ့သူကကြော်၊ ဟိုလိုလို ဒီလိုလိုနဲ့ စားစရာတွေကို သာ ချောင်းနေတဲ့သူ (ဟီး ကျွန်တော်နဲ့ ကျွန်တော့် ညီပေါ့) စသည်ဖြင့် ကိုယ်စီ အလုပ်တွေ ရှုပ်နေကြရင်း နာရီဝက်လောက် ချက်ပြုတ်ပြီးတော့ အားလုံး အပြီးအစီး ၀ိုင်ပုလင်းတွေဖောက်၊ မြန်မာတပုလင်းဖောက် အားလုံး ချီးယားစ်..။ အသားချောင်းကြော်တွေကလဲ စားလို့ ကောင်းမှကောင်း၊ ကျွန်တော်တို့ ၀ိုင်းကောင်းနေတုန်း အဘွားက သူဘယ်ချိန်တုန်းက ဖွက်ထားတဲ့ ၀ိုင်ပုလင်းမှန်းမသိ ကျွန်တော်တို့ကို လာပေးသွားတယ်။ ပုလင်းပုံစံကို ကြည့်ရတာ တော်တော်လေး နှစ်ချို့နေပြီ။ သူလဲ ဂွတ်ပဲ။ ဟီး။ ဟော့ပေါ့ကိုလဲ တယောက်တလှည့်ဝိုင်းချက်လိုက်တာ အရသာ တော်တော် စုံသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အိမ်ရဲ့ အဓိက စာဖိုမှူးဖြစ်တဲ့ အန်တီတယောက်က တိုက်ကြီးမှာ နယူးရီးယား သွားလုပ်တာကိုး။ အဲ့တော့ ကျွန်တော်တို့ ကျန်တဲ့ လူငယ်တွေပဲ တတ်သလောက် မှတ် သလောက် ချက်ကြရတာပေါ့။


အငွေ့တလှိုင်းလှိုင်းနဲ့ မွှေးနေတာပဲ။ ဒါတောင် အစာပလာ တွေစုံအောင် မထည့်ရသေးဘူး။ :)


ကဲကျက်ပြီ ဂလု.. ဂလု..


သဘောင်္သီးထောင်း



မြန်မာဘီယာနဲ့ ၀ိုင် ဘာသောက်ရင်ကောင်းမလဲဟင်။


နောက်ကျတဲ့ လက် ငတ်မယ်တဲ့...


ဝူတယ်..ဂျ.. ၀ူတယ်.. (အမှန်အကန် ဟော့ပေါ့ သောက်နေတဲ့ ကျွန်တော့်ညီလေး :D)

ဒီကြားထဲ စားလို့သောက်လို့ ကောင်းတုန်း ဖုန်းမက်စိတွေ ၀င်၊ ကြိုးဖုန်းကို တဂွမ်ဂွမ်လာနဲ့ အလုပ်ကို ရှုပ်နေတာပဲ။ ဒါပေမယ့် ဘယ်ရမလဲ ဒီအချိန်ဖုန်းလာတယ် ဆိုကတည်းက ကိုယ်က ဦးအောင် ဟက်ပီးနယူး ရီးယား အော်လိုက်တယ် ဟတ်ဟတ်။ အစားနှုန်းက မြန်နေတော့ ၁၁နာရီခွဲလောက်မှာတင် အကုန်ကုန် ကုန်နေပြီ။ ဒါနဲ့ မထူးပါဘူး ဆိုပြီး အကုန်လုံး တယောက် တလှည့် ပြန်သိမ်း၊ ဂီတာတီး သီချင်းဆို ပြီးတော့ ဓာတ်ပုံတွေ တဖျတ်ဖျတ်ရိုက်နဲ့ ၁၂နာရီ အထိုးကို စောင့်နေရတယ်။ မီးကလဲ တချိန်လုံး ပျက်လိုက် လာလိုက် ဆပ်စလူးထနေသေးတယ်လေ။


ဒီ၂ယောက်ကလဲ ပုလင်းလုလို့..ဟေ့ဟေ့ လုပ်ရ၀ူးလေ...

ဒီဂျင်ဘာည အချူရောင် ညူနှင်းဂျားမှာ...:P

သားလဲ တီးအုံးမှာပေါ့...;)

ဝိုင်းတော်သားတွေ အစုံအလင်နဲ့ :D

ကဲ အားလုံးလဲ အပြီး အော်ခါနီးကျတော့ မူးနေတဲ့ ကလေးမလေးက ဟက်ပီးနယားအူးရီးလို့ အော်မယ်ဆိုတော့ တ၀ါးဝါး ရီလိုက်ရတာ။ သူ့ကို ၁၂နာရီ မထိုးခင် အသံထွက် မှန်အောင် တော်တော် နှုတ်တိုက် သင်ပေးလိုက်ရသေးတယ်။ :) ကဲ ၁၂နာရီ ထိုးပြီ.... 5, 4, 3, 2, 1 “Happy New Year...rrrrrrrrrrrrrrr” ဆိုပြီး အော်လိုက်တယ်။ အဟတ် ကျွန်တော်တို့ အိမ်က နာရီပဲ မြန်နေလို့လားတော့ မသိဘူး ကျွန်တော်တို့ အော်ပြီး မိနစ်ပိုင်းလောက်မှ တရပ်ကွက်လုံး နယူးရီးယား အော်သံတွေက အုန်းကနဲကို ညံနေတာပဲ။ အားလုံးလဲ ပြီးရော အဘွားအိမ်ရဲ့ အနောက်လမ်းက ကျွန်တော့် အိမ်ကို ဗိုက်လေးလေးနဲ့ ပြန်ခဲ့ပြီး အိမ်ရောက်တာနဲ့ တုန်းကနဲ အိပ်ပျော်သွားလေတော့ သတည်း။ ကဲ အားလုံးပဲ ၂၀၀၉ ခုနှစ်မှာ လိုအင် ဆန္ဒတလုံးတ၀ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။ Happy New Year ပေါ့။ :D


Happy 2009!!!

Read Users' Comments (10)