Posted in
Labels:
အတိုအထွာ
|
Friday, May 30, 2008
ဟုတ်ကဲ့ မြန်မာ့ဆက်သွယ်ရေး (mpt) မှ ကျေးဇူးတော်ရှင် များက ပရောက်စီများကို ဘန်းလိုက်ပါတယ်။ ၄င်းတို့ရဲ့ ကြေငြာချက်မှာတော့ အောက်ပါအတိုင်းကြေငြာ ထားပါတယ်ခင်ဗျ။
`မြန်မာတယ်လီပို့မှ Proxy Server များ ပြောင်းလဲခြင်းကြေငြာချက်
လေးစားရပါသော Internet သုံးစွဲသူများခင်ဗျား-
မြန်မာတယ်လီပို့ အနေဖြင့် ပိုမို၍အဆင့်အတန်း ကောင်းမွန်သော Internet ၀န်ဆောင်မှုများကို ပေးနိုင်ရန် အတွက်လိုအပ်သော စက်ကိရိယာများ အဆင့်မြှင့်ခြင်းကို ဆောင်ရွက်လျှက်ရှိပါတယ်။ ယခုအခါ Internet သုံးစွဲရန်အတွက် Proxy Server Setting များကို ဖြုတ်၍ Internet သုံးစွဲပါရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ လူကြီးမင်းတို့ အနေဖြင့် ပိုမို၍ မြန်ဆန်ကောင်းမွန်သော Internet ၀န်ဆောင်မှုကို ရရှိရန် ရည်ရွယ်ပါတယ်။ အကယ်၍ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုအကူအညီများ လိုအပ်ပါက Myanmar Teleport ၏ HelpDesk ဖုန်းနံပါတ် ၄၄၂ ၁၁၁၁ သို့ခေါ်ဆို၍ လည်းကောင်း၊ helpdesk@myantel.net.mm သို့ E-mail ပို့၍ လည်းကောင်း ဆယ်သွယ် အကူအညီတောင်းနိုင်ပါတယ်။
အဆင်မပြေမှုများရှိခဲ့ပါက အနူးအညွတ်တောင်းပန်ပါတယ်။
လေးစားစွာဖြင့်
အင်ဂျင်နီယာအဖွဲ့
ကွန်ယက်လည်ပတ်ရေးဌာန
မြန်မာတယ်လီပို့´
လို့ ကြေငြာထားပါတယ်ခင်ဗျ။ ဟုတ်ကဲ့ လူကြီးမင်းတို့ အနေဖြင့် ပိုမို၍ မြန်ဆန်ကောင်းမွန်သော Internet ၀န်ဆောင်မှုကို ရရှိရန် ရည်ရွယ်ပါတယ်။ ဆိုတဲ့ စာသားကြီးက ရီချင်စရာ ကောင်းလှပါတယ်ခင်ဗျ။ အဆင်မပြေမှုများရှိခဲ့ပါက အနူးအညွတ်တောင်းပန်ပါတယ်။ အဲဒီစာသားကတော့ ပျားရည်နဲ့ ၀မ်းချတာပေါ့လေ။ ခုတော့ ဘာပရောက်စီမှသုံးလို့ မရပါဘူး ဖွင့်လိုက်တိုင်း မြင်ဖူးနေကြ အနီရောင် လိုင်းကြီးနဲ့ Access has been Denied ဆိုတာပဲ ပေါ်လာပါတော့တယ်။ အဟဲ ဒီတခါလဲ ဘလော့စပေါ့မှန်သမျှ ဘန်းတုန်းကလိုပဲ ဟိုရေးဒီရေး ဘလော့ဂ်ရန်ကို ကြောက်တာကြောင့် ၀ါးလုံးနဲ့ ရမ်းလိုက်ပုံပါပဲခင်ဗျ။ ဤသို့ ပိတ်ခြင်း အကျိုးအားကြောင့် ကျေးဇူးတော်ရှင် တယ်လီပို့မှ အာစရိများ အနေဖြင့် နောင်ဖြစ်လေ ရာ ဘ၀များမှာ မျက်စိလေးမပါ၊ နားပေါက်လေးပိတ်၊ ပါးစပ် ပေါက်မပါ၊ ယုတ်စွ အဆုံး ဟိုဒင်းပါတဲ့ အပေါက်တောင် မပါလို့ ပြန်ဖောက်နေရမယ့် ဘ၀လေးများ မဖြစ်ပါစေနဲ့လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျ။ ဟုတ်ကဲ့ ကျွန်တော့် ဒီလို ပြောလို့ ကျွန်တော့် www.minnyoonthit.net ကြီးကို ဘန်းချင်သပ ဆိုရင် ဘန်းနိုင်ပါတယ်ခင်ဗျ။ ကျွန်တော်လဲ မျက်စိအညောင်းသက်သာ၊ လက်ညောင်းသက်သာ၊ ဇတ်ကြောလဲ မတက်နိုင်တော့တဲ့ အတွက် ကျေးဇူး အထူးတင်ရှိမှာ ဖြစ်ပါတယ်ခင်ဗျ။ နောက်ဆုံး မြန်မာတယ်လီပို့ ကြီးပါ ပိတ်ပစ်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။
ဟုတ်ကဲ့ အထူးဂွတ်ရှယ်လေးစားစွာဖြင့်
မင်းယွန်းသစ်
Posted in
Labels:
အတိုအထွာ
|
Friday, May 30, 2008
ဘလော့ဂ်ကာ လောကမှာ နာမည်ကြီးစေတဲ့ နည်းလမ်း(၂) ချက်ရှိပါတယ်။ ကဲနာမည်ကြီးချင်သူများ သေချာစွာ လေ့လာ မှတ်သားကြကုန်လော့။
လုပ်ဆောင်ချက် (၁)
ဘလော့ဂ်တိုင်းရဲ့ ဆီဗုံးများတွင် အောက်ပါ စာသားများထဲမှ တခုခုရိုက်ထည့်ခြင်းဖြင့် လည်းကောင်း
"လာလည်တယ်ဗျ စာလေးတွေက ဖတ်လို့ကောင်းတယ် အနော့ဆီလဲ လာလည်အုံးနော်။ ဟတ်ဟတ်"
"ဟုတ်ကဲ့ ကျွန်တော့် ဘလော့မှာ ဘလာဘလာတွေ တင်ထားပါတယ် လာကြည့်နိုင်ပါတယ်။ မြန်မြန်လာ ကြည့်နော့"
"အနော့ဘလော့မှာ ဟိုလူကြီး ဖင်ပြောင်နေတဲ့ပုံ တင်ထားတယ်ဗျ လာလည်ဖြစ်အောင် လာလည်နော်…"
"မပြောမရှိနဲ့ သဘောအဟိ တွေ့မယ့် စာတွေ တင်ထားတယ်… လာဖတ်အုံး.."
"စာလေးတွေ လာဖတ်သွားတယ်။ အနော့လိပ်စာက
xxxx.blogspot.com ပါ..။ လာခဲ့နော် ဒါပဲ"
လုပ်ဆောင်ချက်(၂)
ဘလော့ဂ်ပို့စ်များတွင် ဟိုလူကြီး မာလကီယားကြွ သွားပြီတဲ့၊ ဒီမြို့က လူတွေ ငတ်လို့ထမင်းရည် သောက်နေရပြီဆိုပဲ၊ ဒီလူ ကြီးက ဟိုဘက်က သူလျှိုလူကြီးပါလို့ တိကျတဲ့ ကုန်စိမ်းတန်း ပါးစပ်သတင်းမှ ရရှိ၊ ဟိုနိုင်ငံက လေယာဉ်တွေ ဟိုမြို့ကို ဗုံးသွားကြဲနေပြီတဲ့၊ ဟိုလူတစုဟာ အခုဟိုမြို့မှာ မရှိတော့ပဲ အိမ်နီးချင်း ဟိုနိုင်ငံဆီမှာ ခိုလှုံခွင့်တောင်းခံတယ်တဲ့၊ ဟိုလူကြီးဟာ တနေ့ကို အီးအီး လေးခါပါကြောင်း အတွင်းလူများက ပြောကြားပါတယ်တဲ့… စသည်ဖြင့် စသည်ဖြင့် လူတကာ မျက်လုံးပြူး ပေါ်ပြူလာ သတင်းထူး များကို တင်ခြင်းအားဖြင့် လည်းကောင်း အထူး နာမည် ကြီးအောင် လုပ်ဆောင်နိုင်ကြမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား။
ပုံ
အမိန့်မရ
မင်းယွန်းသစ်(အွန်လိုင်းဂျလေဘီ)
Posted in
Labels:
Technology
|
Wednesday, May 28, 2008
ဘလော့မှာ ဓာတ်ပုံထည့်တာများ လွယ်ပါတယ်လို့ ပြောလိမ့်မယ်။ ဟုတ်ကဲ့ လွယ်ပါတယ်။ upload တင်လိုက်ရုံပါပဲ။ ဒါပေမယ့် ပြည်ပက လူတွေ အတွက် လွယ်ပေမယ့် ကျွန်တော်တို့ ပြည်တွင်းက အသုံးပြုသူတွေ အတွက်တော့ မလွယ်ဘူးလို့ ပြောရပါလိမ့်မယ်ဗျ။ ကျွန်တော်တို့ အများဆုံးအသုံးပြုနေတဲ့ ပုဂံနက်က ဘလော့စပေါ့ မှန်ရင် ဘန်းထားပါတယ်။ အဲ့ဒိတော့ ပရောက်စီ ဆော့ဖ်ဝဲ၊ ဒါမှ မဟုတ် ပရောက်စီ ၀က်ဘ်ဆိုက်တွေနဲ့ ကျော်ခွရတာပေါ့။ ပရောက်စီ ဆော့ဖ်ဝဲတွေကလဲ ကွန်နက်ရှင် မကောင်းရင် သိတဲ့အတိုင်းပဲ တက်ကိုမလာဘူးလေ အဲ့ဒိတော့ ဓာတ်ပုံလေးများ တင်ချင်ရင် ခက်ပြီပေါ့။
အခုပြောမယ့် အကြောင်းအရာက အဓိက ဘလော့ဂ်ကို အခုမှ လုပ်သူတွေနဲ့ html နဲ့ နဲနဲ ဝေးတဲ့ ဘလော့ဂ် အသုံးပြုသူတွေကို ရည်ရွယ်ပါတယ်။ အရင်ဆုံး ဘလော့ဂ်မှာ ပုံတင်ဖို့ ဆိုရင် သိတဲ့အတိုင်း upload တင်ဖို့ ဖရီးပေးတဲ့ ဓာတ်ပုံဆိုက်တခု လိုပါတယ်။ ကျွန်တော့် အကြိုက်ကတော့ photobucket ပါပဲ။ သူက ဓာတ်ပုံတင်ပြီးရင် html code နဲ့ direct link တခါထဲ ထွက်ပါတယ်။ အရင်ဆုံး ဘလော့ပို့စ်မှာ ကုဒ်နဲ့ ဘယ်လို ထည့်ရေးမလဲ ဆိုတာ ပြောပြပါမယ်။
<img src='link'>
ဆိုတဲ့ ကုဒ်လေးကို ဘလော့ဂ်ပို့စ်ရေးမယ့် နေရာ ကိုယ်ပေါ်စေချင်တဲ့ နေရာမှာ ထည့်လိုက်ပါ။ စာရဲ့ အပေါ်ဆုံးမှာထည့်မှာလား။ ဒါမှ မဟုတ် စာတွေရဲ့ အလယ်မှာ ထည့်မှာလား။ မိမိ စိတ်ကြိုက် ထည့်လို့ ရပါတယ်။ အပေါ်က ပြထားတဲ့ ကုဒ်ဒင်လေးကို လိုချင်တဲ့ နေရာမှာ ချရေးလိုက်ရုံပါပဲ။ ပြီးတော့ ခုနက image hosting site ကနေ ကော်ပီကူးလာတဲ့ direct link ကို src='link' နေရာမှာ ဓာတ်ပုံlink ထည့်လိုက်ပါ။ ကဲရပါပြီ ပို့စ်တင်လိုက်တဲ့အခါမှာတော့ ပို့စ်ထဲက ဓာတ်ပုံဟာ ပြည်တွင်းကရော ပြည်ပက ပါ ကောင်းကောင်းပေါ်ပါလိမ့်မယ်။
နောက်ဆက်တွဲ အနေနဲ့ ကိုယ့်ဓာတ်ပုံဟာ 1024 ဆိုက်လောက်ကြီးဖြစ်နေတယ်ဆိုရင် အပေါ်က ကုဒ်ဒင်ထဲမှာပဲ ချုံ့ပစ်လိုက်လို့ ရပါတယ်။ ချုံ့ချင်ရင်တော့
<img src='link' width="448" height="336">
ဆိုပြီး ရေးလို့ရပါတယ်။ 448 x 336 ဟာ ပုံမှန်ဘလော့တွေအတွက် ထင်ထင်ရှားရှား မြင်နိုင်တဲ့ ဆိုဒ်ပါ။ ကိုယ့်စိတ်ကြိုက် ချိန်ညှိလဲ ရပါတယ်။ freedom တို့ ultrasurf တို့ကို ကွန်နက်ရှင်မကောင်းလို့ ဓာတ်ပုံတွေ upload မတင်နိုင်တဲ့ ဒုက္ခက ကင်းဝေးပြီပေါ့ဗျာ။
ပျော်ရွှင်စွာ ဘလော့ဂ်ရေးနိုင်ကြပါစေ
မင်းယွန်းသစ်
Posted in
Labels:
poem
|
Monday, May 26, 2008
ဟောဒိ အခန်းပြင်ရဲ့ ထောင့်စွန်းမှာ
ဇောက်တိ ဇောက်ထိုး တွဲကျနေရုံပါပဲ…
သူ့ခန္ဓာဝန်ထဲက ညှစ်ထုတ်လိုက်တဲ့
အလင်း တောက်တွေ နံဘေးဘက်ကို
ပြန့်ကားသွားတယ်…
ခပ်ဆန်းဆန်း ညည်းညူသံတချို့
ဝီခေါ်နေအောင် ပတ်ပတ်လည်မှာ
ကျိန်းဝါးနေလေရဲ့..
မထိခတ်မိပေမယ့် တချက်ချက်
လွတ်ထွက်သွားဖို့ အတင်း ရုန်းနေသေးတယ်…
ဉာဉ်ဆိုးတွေ မြှိုက်ပြစ်ဖို့ တ၀ကြီး ရှိုက်ထားရတယ်…
အချိန်မစေ့သေးပေမယ့် နီးနီးဝေးဝေး အသံတွေ
ကြားရတယ်။
ခပ်တောင့်တောင့် အရိပ်တခု ကိုယ့်နောက်မှာ
လာရပ်နေမှန်း သိတော့
မနည်းပဲ မသိချင်ယောင်ဆောင်နေခဲ့…။
ဒါပေမယ့် …
အဲဒိ အလင်းတွေက သိုင်းခြုံလာတယ်..
ရိပ်ခနဲ တွေ့လိုက်တယ်…..
အဲဒါ အပြာရောင် အလင်းပဲ…
ဟုတ်တယ် အဲဒါ အပြာရောင် အလင်းပါပဲ….။
Posted in
Labels:
Birthday Wish
|
Saturday, May 24, 2008

ကျွန်တော့်ရဲ့ ချစ်စွာသော တစ်ဦးတည်းသော ညီမလေးနှင်းယွန်းစစ်ဟာ မနက်ဖြန်ဆို ၁၈နှစ်တင်းတင်းပြည့် ပါပြီ။ (မဲဆန္ဒတောင် သီသီလေး မမှီလိုက်ဘူးလေ:D ) ချစ်ညီမလေးရဲ့ မနက်ဖြန် ၂၅ရက်နေ့မှာ ကျရောက်မယ့် ၁၈ နှစ်မြောက် မွေးနေ့မှသည် နောင်နှစ်ပေါင်း ၁၂၀ တိုင်အောင် ပျော်ရွှင်စွာနဲ့ ဘ၀နဲ့ ဆန္ဒ ထပ်တူညီတဲ့ သူဖြစ်ပါစေ ညီမလေးရေ။ ညီမလေးဖြစ်ချင်တဲ့ ပညာတတ်ကြီး ဖြစ်ပါစေ။ ဒိထက်လဲ ပိုဝပါစေ အဲလေ ပိုလှပါစေလို့ ....။ :P
ကိုကြီး မင်းယွန်းသစ်
Posted in
Labels:
Nargis,
Record
|
Saturday, May 24, 2008
မနက် ၃နာရီ-......
မနက်မိုးလင်းခါနီးတော့ လေအပြင် မိုးတွေပါသည်းလာပါတယ်။ လေရောမိုးပါ ပါလာတဲ့အတွက် ညဦးပိုင်းကထက် ပတ်ဝန်းကျင် တခုလုံး ပွက်လောပိုညံလာတော့ တာပေါ့...။ မိုးပါလာတော့ လေနဲ့အတူ အရှိန်ပြင်းပြင်း ပါလာတာမို့ တချက်တချက် ပြတင်းတံခါး ဆီ ဖြတ်ဖြတ်ရိုက်တဲ့ အသံဟာ ပြတင်းတံခါးတွေတောင် ပြုတ်ထွက်မလားပါပဲ။ အိမ်ခေါင်မိုးပေါ်က စလောင်းကြီးလဲ မနက် ၂နာရီကျော် လောက်ကတည်းက ကျိုးကျသွားတဲ့ အသံကို အတိုင်းသားကြား လိုက်ရပါတယ်။ စလောင်းကျိုးသွားတော့ စလောင်းနဲ့တွဲ ဆက်ထားတဲ့ သွပ်တွေ တချို့ဟ သွားပြီး အပေါ်ထပ် အခန်းထဲကို ရေတွေ တရဟော မျက်နှာကျက်ကနေ စီးကျလာပါတော့တယ်။ ယိုတဲ့နေရာတွေကို ပုံးတွေနဲ့ လိုက်ခံလို့တောင် မလောက်တော့ဘူး။ တ၀ုန်းဝုန်း တဒိုင်းဒိုင်း မိုးသံလေသံတွေက နားထောင်ရတာ ကြာလာတော့ ပျင်းရိလာတယ်။ စိုးရိမ် ပူပန်မှု၊ စိတ်လှုပ်ရှား လွန်းလို့လား တော့ မသိဘူး တညလုံး အိပ်မရတဲ့ ကျွန်တော် နုံးချိလာတယ်။ လေးနာရီခွဲလောက်ကျတော့ ကျွန်တော် အိပ်ခန်းထဲ ခဏ၀င်ပြီး ဘယ်လို အိပ်ပျော်သွားမှန်း မသိဘူး။ ဒါပေမယ့် တရှိုက်လောက်ပါပဲ။ ခဏနေတော့
“ကိုကြီးရေ...ကိုကြီးရေ...”
ခပ်လှမ်းလှမ်းက အသံလိုနဲ့..ကျွန်တော့်ကို ခေါ်နေတာကို ကြားရတယ်။ အမှန်တော့ ကျွန်တော့် ညီမလေးက ကျွန်တော့်ကို အတင်းလှုပ်နှိုးနေတာကိုး။ သူပုံစံက ကြောက်လန့်တကြား ပုံစံနဲ့ပေါ့။ ဘာဖြစ်တာလဲလို့ မေးတော့ စကားသံ ဗလုံးဗထွေးနဲ့ အောက်ထပ်ကို အမြန်ဆင်းပါ ဆိုတဲ့ အသံပဲ ကြားလိုက်ရတယ်။ ကျွန်တော်လဲ အောက်ထပ်ကို ၀ရုန်းသုန်းကား ပြေးဆင်းရတယ်။ အောက်ထပ်ရောက်တဲ့ အချိန်မှာ အိမ်အောက်ထပ်မှာ အေးမြ ပြင်းထန်တဲ့ လေတွေ တဝေါဝေါ ၀င်နေပြီ။ ဘယ်က ၀င်သလဲ ဆိုတော့ အိမ်နဲ့ကပ်ရပ် ဂိုဒေါင် ရဲ့ ခေါက်ဘာဂျာ တံခါးကြီး ပွင့်ထွက်ပြီး လေတွေ ၀င်နေတာပေါ့။ ကျွန်တော့် မေမေနဲ့ အန်တီတို့က (အိမ်မှာ ယောက်ျားသား ဆိုလို့ ကျွန်တော်ရယ်၊ အသက် ၈၀ကျော် အဖိုးရယ်ပဲ အဲဒိနေ့က ရှိတာလေ) သူတို့ ရှိသမျှ အင်အားနဲ့ တံခါးကို တွန်းထားပေမယ့် အပြင်က တိုက်တဲ့ လေအားကို အံမတု နိုင်တာကြောင့် အပြင်က အမှိုက်တွေနဲ့ လေတွေ မိုးတွေ ဂိုဒေါင်နဲ့ အိမ်ထဲကို ဒလဟော ၀င်နေပါတော့တယ်။ ကျွန်တော်က ဂိုဒေါင် အပြင်ဘက်ကို တံခါးပေါက်က ၀င်နေတဲ့ လေကို ဆန်ရင်း အပြင်ဘက်ကို ထွက်လိုက်ရတယ်။
“အားလုံး တွန်းထား...”
ကျွန်တော်က ကျယ်လောင် စွာ ညာသံပေးလိုက်တော့ အတွင်းဘက်က မေမေရယ်၊ ကျွန်တော့် အန်တီ ၂ယောက်ရယ်က ရှိသမျှ သူတို့ အားနဲ့ တွန်း သလို ကျွန်တော်ကလဲ အပြင်ဘက်နေ အတင်း ဆွဲပြီး ပြုတ်ထွက်သွားသော သော့ကွင်းထဲကို သော့တံပြန်ထည့်ပြီး သော့ပြန်ခတ်လိုက်ပါတယ်။ ကျွန်တော် ခြံပြင်ကို ရောက်တော့မှ ကျွန်တော့်ခြံထဲက အဖြစ်အပျက်ကို ကြည့်လိုက်တော့ အိမ်ရှေ့ခြံတံခါး ပေါ်ကို သရက်ကိုင်းကြီး ကျိုးကျနေပြီး ရေသရောက် တွေလဲ ပြုတ်ကျနေပါတယ်။ ပတ်ဝန်းကျင်တခုလုံး မဲမှောင်နေပြီး မတရား တိုက်ခတ်နေသော မုန်တိုင်း လေပြင်းများက တံစက်မြိတ်အောက် ရောက်နေတဲ့ ကျွန်တော့်ကိုတောင် လေအားနဲ့ တွန်းနေပါတယ်။
“သား... မြန်မြန်လာ....”
မေမေက စိုးရိမ်ကြီးစွာဖြင့် ကျွန်တော့်ကို အိမ်ရှေ့တံခါးမ အသာလှပ်ပြီး အထဲမြန်မြန် ၀င်ဖို့ခေါ်နေပါတယ်။ ပတ်ဝန်းကျင်တခုလုံးကတော့ သစ်ကိုင်းတွေ တဖြုန်းဖြုန်း ကျိုးကျသံတွေနဲ့ ညံနေပါတော့တယ်။
“မပူပါနဲ့ သားကိုယ်လုံးကို မုန်တိုင်း မသယ်သွားနိုင်ပါဘူး ဟီးဟီး..”
ဟု ကျွန်တော်က စိတ်ပူနေသော မေမေ့ကို နောက်ဖြစ်အောင် နောက်လိုက်သေးတယ်။
မုန်တိုင်းက မနက်မိုးလင်းလာလေ လေပိုကြမ်းလာပြီး မိုးပါ ပါလာတဲ့အတွက် ၀ုန်းဒိုင်းကြဲနေတော့တာပါပဲ။ နောက်ထပ်လဲ ဘယ်သူမှ အိပ်မပျော်တော့ပဲ အောက်ထပ်က ဧည့်ခန်းနေရာမှာ တမိသားစုလုံး စုဝေး ထိုင်နေကြရတာပေါ့။ ခေါင်မိုးပေါ်က သွပ်တွေကလဲ တဂျုန်းဂျုန်းနဲ့ ညာသံတွေ ပေးလို့ပေါ့။ ကျွန်တော့် အဒေါ်ကတော့ ခရီးက ပြန်လာမယ့် အဒေါ်ရဲ့မိသားစုကို ဖုန်း တချိန်လုံး ခေါ်နေတော့တာပါပဲ။ လေတွေ မိုးတွေ အကြမ်းဆုံး အချိန်က ၄နာရီကျော်လို့ ၅နာရီနား ကပ်လာတော့ မဟားတရား ပိုကြမ်းလာတယ်။ သစ်ပင် သစ်ကိုင်းတွေ ယိမ်းထိုး ရမ်းခါတဲ့ အသံတွေက ၀န်းကျင်တခုလုံး ဆူညံနေရဲ့။ လေတိုက်ပုံကလဲ ထူးဆန်းတယ် တနေရာထဲက ပုံသေမတိုက်ပဲ အရှေ့က တိုက်လိုက်၊ အိမ်ဘေးက တိုက်လိုက် အိမ်နောက်က တိုက်လိုက်နဲ့ တအိမ်လုံး လှည့်ပတ် တိုက်နေတော့တာပေါ့။ အဲ့လိုတိုက်တော့ ခြံထဲက အပင်တွေရဲ့ သစ်ကိုင်းတွေကလဲ တဖျောင်းဖျောင်း ကျိုးကုန်တော့တာပဲ။ ကျွန်တော့် အဖိုးဆို သူအနှစ်နှစ် အလလ က စိုက်ထားတဲ့ သရက်ပင်လေးတွေ ကျိုးကုန်ပါပြီ ဆိုပြီး နှမြောတသ နေလေရဲ့။
၎နာရီကျော်တော့ ကံကောင်းစွာပဲ အဒေါ်တို့ဆီက ဖုန်းအဆက် အသွယ်ရတယ်။ သူတို့လဲ တလမ်းလုံး မုန်တိုင်း မမိပဲ ပဲခူးကျော်ပြီး ရန်ကုန်တိုင်းထဲ ချဉ်းကပ်လာမှ မုန်တိုင်းနဲ့ ထိပ်တိုက် တွေ့တော့တယ်တဲ့။ သူတို့ ဖုန်းလှမ်းဆက်တော့ မင်္ဂလာဒုံနားမှာ မုန်တိုင်းကြမ်းလွန်းလို့ ကားခဏရပ်ထားရတယ်တဲ့လေ။ ၅နာရီကျော် မိုးလင်းလာတော့ (မိုးလင်းတယ် ဆိုတာ ပတ်ဝန်းကျင်ကို မှုံပြပြ မြင်ရုံလောက်ပါပဲ) အိမ်ဘေး ပတ်ဝန်းကျင်ကို နဲနဲ မြင်လာရတယ်။ ကျွန်တော့်အဒေါ် အခန်းပြတင်း တံခါးကနေ အိမ်ဘေးခြံကို လှမ်းကြည့်တော့ ဘေးအိမ်က သွပ်တွေ က လန်စပြုနေပြီလေ။
နောက်ဖေးခြံထဲက ဂိုဒေါင် အဖီမိုးထားတဲ့ ဖျင်စဆို လေထဲမှာ တလွင့်လွင့် ၀ဲနေတယ်။ သွပ်တွေလဲ နောက်ဖေးဘက်ခြမ်းက သုံးချပ်လောက် လွင့်သွားတယ် ထင်တယ်။ အောက်ဖက် မျက်နှာကျက်တွေကို တောင် မြင်နေရတယ်။ ၅နာရီ ၄၅မိနစ်လောက် ကျတော့ အဒေါ်က ဖုန်းထပ်ဆက်တယ် ကျွန်တော်တို့ လမ်းထိပ်နဲ့ တမှတ်တိုင် အကွာမှာ ရောက်နေပြီတဲ့။ အောင်မင်္ဂလာကနေ တက္ကစီငှား လာတာလို့ပြောတယ်။ ဒါနဲ့ ကျွန်တော်ရယ် ကျွန်တော့် အန်တီလေးရယ် အဒေါ်ရဲ့ မိသားစုကို မုန်တိုင်း ကြားထဲ ထွက်ကြိုဖို့ ပြင်ဆင်ရတာပေါ့။ မိသားစု သုံးယောက်ထဲမှာ သူတို့လူကြီးတွေ ထက် ၆နှစ်ကျော် အရွယ် ကလေးကို ပိုပူမိလို့ ကျွန်တော်တို့ အပြင်ဘက် ထွက် အရဲစွန့်ပြီး သွားကြိုဖို့ လုပ်ကြတယ်။
ပထမဆုံး အိမ်တံခါးကို ဖွင့်တော့ သစ်ရွက်အမှိုက်တွေ က အိမ်ထဲ ဝေ့၀ဲပြီး ၀င်လာတော့တယ်။ ကျွန်တော်တို့ နှစ်ယောက် အပြင်ထွက်ပြီးတာနဲ့ တံခါးတွေ ရှိတဲ့လူတွေနဲ့ အတင်းဆွဲပြန်ပိတ်ပြီး အိမ်ထဲပြန်ဝင်သွားကြတယ်။ အိမ်ပြင်က အဖြစ်အပျက်ကတော့ အသဲယားစရာ အပြည့်ပါပဲ။ မိုးက လင်းနေပြီဆိုတော့ အပျက်အစီး တွေကို မျက်ဝါးထင်ထင် မြင်နေရပြီလေ။ အရင်ဆုံး ကျွန်တော့် အိမ်နဲ့ ခပ်လှမ်းလှမ်းက ဓာတ်တိုင်က ကြိုတွေက လမ်းမပေါ်ကို တွဲလောင်း ကျနေတယ်။ ကြိုးတွေ ရှုပ်ယှက် ခတ်နေတဲ့ အပြင် လမ်းမပေါ် သစ်ကိုင်းတွေလဲ ကျိုးကျနေတယ်။ ကျွန်တော်တို့ နှစ်ယောက် သတိကြီးစွာနဲ့ ကြိုးတွေကို မနည်းရှောင်ပြီး လမ်းထိပ် ဘက်ကို ခပ်သွက်သွက် ပြေးရတယ်။ ပြီးတော့ နောက်တမှတ်တိုင်လောက်က အဒေါ်တို့ မိသားစုကို ခေါ်ဖို့ ခပ်သုတ်သုတ်လေး ပြေးရတယ်။ ပြေးရင်းနဲ့ပဲ ကျွန်တော့် ထုံးစံအတိုင်း ကင်မရာကို ပြေးရင်းနဲ့ လိုက်ရိုက် လိုက်သေးတယ်။ လမ်းထိပ်က ဆိုင်ခန်းတွေက သွပ်တွေက တ၀ုန်းဝုန်း လန်နေပြီး ဘယ်ချိန် လေထဲ လွင့်လာမလဲဆိုတာ လဲ ကြည့်ရင်း ပြေးရသေးတယ်။ မဟုတ်ရင် ခေါင်းပျောက်လူသား ဖြစ်နေမှာစိုးရတယ်လေ။ :P လမ်းဘေးတဘက် တချက်က ဓာတ်တိုင်တွေကလဲ ကျိုးကျပြီး ဓာတ်ကျိုးတွေကို မနည်းရှောင်နေရတယ်။ လေတိုက်တော့ ဓာတ်ကြိုးတွေက တဖျောင်းဖျောင်းနဲ့ ဝေ့၀ဲနေလို့ ခြေထောက်နဲ့ မငြိမိအောင် ကွေကွင်းပြီး ပြေးရတာပေါ့။ ဒီကြားထဲ ကျွန်တော်တို့ ပြေးတဲ့ ဘက်က လေဆန်ကြီး ဖြစ်နေသေးတော့ ခြေကို ကန်ပြီး ရှေ့ကို ရောက်အောင် မနည်းပြေးရတယ်။ တမှတ်တိုင်သာသာလောက် ရောက်တော့ ခါတိုင်း ကဗျာ ဆန်ဆန် သစ်ပင် အုပ်အုပ်လေးနဲ့ လမ်းလေးဟာ ခုတော့ လမ်းမပေါ် အပင်တွေ လဲကျပြီး တောကြီးမျက်မည်းကြီးလား မှတ်ရတယ်။ မြင်မြင်သမျှ အပင်တွေ လဲပြိုလို့ပေါ့။
တမှတ်တိုင်လောက် ပြေးပြီးတော့ သူတို့မိသားစု သုံးယောက်သား လက်တွေတွဲပြီး ခရီးဆောင် အိတ်တလုံးနဲ့ ပြေးလာတာကို တွေ့ရတယ်။ ဒါနဲ့ ကျွန်တော် အန်တီလေးက ကလေးကို အမိအရဆွဲချီပြီး နောက်ကြောင်း ပြန်ပြေးရပြန်တယ်။ ကျွန်တော်လဲ ပြေးရင်းလွှားရင်း ဗီဒီယိုလဲ ရိုက်ရင်းပေါ့။ ပြေးရင်းနဲ့ ခုနက ကျွန်တော်တို့ နောက်ကြောင်းက တိုက်တဲ့လေဟာ အရှေ့ဘက်ဆီက နေ ပြန်ပြောင်းတိုက်ပြန်တော့ ခရီးရောက်အောင် မနည်း ခြေကန်နေရတယ်။ ကျွန်တော်တို့လဲ လမ်းက ဓာတ်ကြိုးတွေ၊ သစ်ကိုင်းကျိုးတွေကို ဟိုခုန် ဒီရှောင်လုပ်ရင်း နောက်ဆုံးတော့ အိမ်ကို ပြန်ရောက်တော့မှ ဟင်း ချနိုင်တော့တယ်။
Posted in
Labels:
News,
Today Yangon
|
Friday, May 23, 2008
ရန်ကုန်မှာ လုံခြုံရေးတွေ ချထားတာ နှစ်ရက်လောက် ရှိပါပြီ။ လေဘေးသင့် ကယ်ဆယ်ရေး စခန်းများကို လူကြီးများ သွားရောက်စစ်ဆေးရန် အတွက်ကြောင့်လား၊ ဆန္ဒခံယူပွဲကြောင့်လား၊ မစ္စတာ ဘန်ကီမွန်းကြောင့်လား တော့ မသိပေမယ့် နေရာ အနှံ့နီးပါး မှာ ရဲတွေ ၀တ်စုံပြည့် လက်နက်များဖြင့် တနေရာလျှင် နှစ်ယောက်ကျစီ စောင့်ကြပ်လျှက်ရှိနေကြပါတယ်။ ယာဉ်ထိန်းရဲများလဲ ယူနီဖောင်း အပြည့်အစုံနဲ့ မီးပွိုင့်တိုင်းမှာ တွေ့ရပါတယ်။



Posted in
Labels:
Nargis,
News,
Record,
Today Yangon
|
Friday, May 23, 2008
မနေ့က ဒဂုံအရှေ့ပိုင်း ရပ်ကွက် ကို လှူဒါန်းခဲ့ပြီးပါပြီ။ ကျွန်တော်တို့ လှူဒါန်းပေးတဲ့ (စင်ကာပူက အလှူရှင်တွေရဲ့) အ၀တ်တွေကို ကျွန်တော်တို့ လှူမယ်လို့ သတင်းပို့လိုက်တယ် ဆိုရင်ပဲ ယောက်ျား၊ မိန်းမတွေ ထွက်လာကြပြီး တက်ညီလက်ညီ လာရောက် သယ်ပိုးပေးကြပါတယ်။ ကျွန်တော် မနေ့က အဲ့ဒိဒေသခံ ဓမ္မာရုံလူကြီး(ပြီးခဲ့တဲ့ပို့စ်မှာ ကျွန်တော်ရေးခဲ့တဲ့ သူ့ရပ်ကွက်ကို ကိုယ်တိုင် ထမင်းချက်လှူဒန်းခဲ့တဲ့ ဒေသခံလူကြီး) ကို ပေးအပ်ခဲ့ပါတယ်။ (ပေးအပ်ခဲ့ရတယ်ဆိုတာ ကျွန်တော်တို့ အချိန်အခက်အခဲအရ နဲ့ တန်းစီးပြီး လှူဒါန်းပြန် ရင်လဲ ကျွန်တော်တို့မှာ လူအင်အား မလုံလောက်ခြင်း တို့ကြောင့် ရပ်ကွက်က ဒေသခံ လူကြီးကို စနစ်တကျ စာရင်းနဲ့ ပေးအပ်ခဲ့ပါတယ်။) ရပ်ကွက်က လူတွေကလဲ ၀မ်းသာ အယ်လဲနဲ့ ဖြစ်နေတာကို ပီတိဖြစ်ဖွယ် တွေ့ရပါတယ်။ အမှန်တော့ ကျွန်တော်ဆန္ဒ အရဆိုရင် အ၀တ်အစားတွေ အပြင် စားစရာ တွေပါ လှူဒါန်းချင်တာပါ။ ပြီးတော့ ကျန်းမာရေး အတွက် ယင်လုံအိမ်သာ ၂လုံး၊ ၃လုံးလောက် တတ်နိုင်သလောက် ဆောက်ပေးချင်ပါတယ်။ ဒါပေမယ့် ရပ်ကွက်က ဒေသခံလူကြီးပြောတာက ဒီလူတွေဟာ ယာယီနေထိုင်ရတာ ဖြစ်ပြီး နောက်ပိုင်းမှာ အလုပ်ပြန်လုပ်ပြီး သူ့တို့ယခင် နေထိုင်ရာ မြေကွက်လေးများကို ကိုယ့်အားကိုယ် ကိုးပြီး ပြန်ဆောက်လုပ် နေထိုင်ကြမယ်လို့ ပြောပါတယ်။ ဘာပဲဖြစ်ဖြစ် လိုအပ်နေတဲ့ နေရာကို လှူဒါန်းလိုက်နိုင်လို့ ပျော်ရွှင်ပီတိ ဖြစ်မိပါတယ်။ စင်ကာပူမှ လှူဒါန်းသူများလဲ သာဓု ခေါ်နိုင်ကြပါစေ ခင်ဗျာ။

တစ်ယောက်တလက် ၀ိုင်းဝန်း သယ်နေကြတဲ့ ဒေသခံ လေဘေးသင့်သူတွေ



ဒီလို ပေးအပ် လှူဒါန်းခဲ့ပါတယ်။
(အမှန် အဲ့ဒိနေ့က ကျွန်တော်တို့ သတင်းမှတ်တမ်းအဖြစ် ကင်မရာ ငါးလုံးနှင့် မှတ်တမ်းတင် ခဲ့သော်လည်း တခြားသူများ တင်သေးခြင်း မရှိသေးပါ။ အကြောင်းမှာ ကျန်သူများသည် ဘိုကလေးမြို့မှ တဆင့် ဂဒုံကနိ ထိ သွားရောက်လှူဒါန်းရန် ယနေ့မနက် ၃နာရီတွင် ထွက်ခွာ သွားကြခြင်းကြောင့် ဖြစ်ပါသည်။)
Posted in
Labels:
Fun,
miscellaneous,
Today Yangon
|
Thursday, May 22, 2008
အဟမ်း ရည်းစားဟောင်း ပြန်လာပြီဆိုတော့ ကျွန်တော့် ကောင်မလေး ဖတ်မိရင် လန့်ဖျန့်သွားမလားပဲ ဟတ်ဟတ်။ ရည်းစားလိုပဲ တမျှော်မျှော် မျှော်လိုက်ရတဲ့ …၊ သူမလာတာ နှစ်ပတ်ကျော် ကြာလို့ သတိတရ နေ့နေ့ညည တမ်းတနေရ တဲ့ ချစ်စွာသော လျှပ်စစ်မီး မနေ့က ပြန်လာတယ်လေ။ :P မနေ့က အပြင်က ပြန်လာပြီး ခြံဝကနေ အိမ်ထဲကို လှမ်းကြည့်လိုက်တော့ အိမ်ထဲက မီးချောင်းလေးတွေ ၀င်းပလို့ဗျာ။ ဘယ်လောက် ကျက်သရေ ရှိလိုက်သလဲနော်။ ကျွန်တော့်မှာ ၀မ်းသာလုံးဆို့ပြီး ခြံဝကနေတောင် “ဝေး.. ဟေး..” ဆိုပြီး အသဲဗြဲနဲ့ ၀မ်းသာအယ်လဲ အော်ပြစ်လိုက်သေးတယ်လေ။ လူသာဆို ပျော်ပြီး ၀မ်းသာလွန်းလို့ ဖက်နမ်းပစ်တယ်။ ခုတော့ ဓာတ်လိုက် မှာ ဆိုးလို့ ငှက်ငှက်။ ဟဲဟဲ မီးလာဖို့အတွက် ရပ်ကွက်ထဲမှာ တအိမ် နှစ်ထောင် ပေးလိုက်ရသေးတယ် ဆိုတာ မပြောတော့ပါဘူး။ အဲလေ ပြောမိသွားပြန်ပြီ။ :P အဟမ်းဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ မီးလာတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ အရင်မှန်းထားတာထက် ပိုစောပြီး လာလို့ ကျေးဇူး ခဏတင်ပါတယ်။ (အဟဲ အမြဲတော့ မတင်နိုင်ဘူး တော်ကြာ လာပြီးရင် ပျက်အုံးမှာလေ..) ။ မောင်မင်းကြီးသားများ မီးလာနေတုန်းမှာ ကျန်းမာကြပါစေ ဗျာ။ :P
Posted in
Labels:
Nargis,
News,
Today Yangon
|
Tuesday, May 20, 2008
မနေ့က စင်ကာပူကနေ လေဘေးသင့်သူတွေ အတွက်လှူတဲ့ အ၀တ်ထုပ်တွေကို ဖိုးသူတော် ရုံးကို ကိုဂေါက်နဲ့ ကျွန်တော်တို့ သွားကြည့်ကြတယ်။ ဖိုးသူတော် ရဲ့ အကူအညီကြောင့် အခက်အခဲ မရှိသယ်ယူ လာနိုင်ပြီး သယ်ဖို့ကား အဆင်မပြေသေးတော့ အဲ့ဒိမှာ တရက်ထားခဲ့ရသေးတယ်။ ဒီနေ့ မနက်တော့ ကျွန်တော်လဲ ကားကြုံရှိတာနဲ့ လေဆိပ်နားက ဖိုးသူတော်ရဲ့ ရုံးကို ကိုယ်တိုင်မောင်းပြီး အထုပ်တွေ သွားယူခဲ့ရတယ်။

Singapore က လှူတဲ့ အ၀တ်အိတ်တွေ
နေ့ခင်းကျတော့ ကိုဂေါက်၊ မမဘာညာ၊ ကိုကြီးကျော်၊ နန္ဒနဲ့ အခြား အသိနှစ်ယောက်ပါ ကျွန်တော့် အိမ်ကို ရောက်လာကြတယ်။ ရောက်လာတာနဲ့ မမဘာညာက ဗိုက်ဆာတယ် ဆိုတာနဲ့ (အိမ်မှာလဲ မန်းမန်း ကျန်တော့တာနဲ့ :P) ရပ်ကွက်ထဲက စားသောက်ဆိုင် တခုကို ခေါ်သွားရတယ်လေ။ ကျွန်တော့် စပွန်တော့ ဟုတ်ဖူးပေါ့ ဟတ်ဟတ်။ စားသောက်ပြီး တာနဲ့ ကျွန်တော်အိမ်က ဂိုဒေါင်ထဲမှာ အ၀တ် ထုပ်တွေ ဖြေကြပြီး ကလေးဝတ်၊ ယောကျာ်းဝတ်၊ မိန်းမ၀တ် ဆိုပြီး ခွဲကြရတယ်။

ဒီလို တက်ညီလက်ညီ လုပ်အားပေးနေသော ကျွန်တော်တို့ အဖွဲ့
ဒီလို ခွဲလိုက်မှ လှူတဲ့အခါ မြန်ဆန် ထိရောက် အောင်လို့ပေါ့။ အထုပ်တွေက အားလုံးပေါင်း ၁၅ထုပ်ရှိပြီး အထည်တွေကလဲ အမျိုးစုံပါပဲ။ ဘယ်လောက် စုံလဲဆို တချို့ မိန်းမ၀တ်တွေမှာ စကပ်တိုလေးတွေ၊ ချက်ပေါ် ရင်စီးလေးတွေ တောင်ပါတယ်။ လန်ထွက်နေတာပဲ။ ဟိဟိ :P အားလုံး ကလေးဝတ် ယောက်ျားဝတ် မိန်းမ၀တ်ဆိုပြီး အထုပ်တွေနဲ့ ပြန်ခွဲထည့် ပြီး တက်ညီလက်ညီ လုပ်လိုက်ကြတာ တနာရီကျော်လောက် ကြာသွားတယ်။ အားလုံးလဲ ချွေးတလုံးလုံးနဲ့ ပင်ပန်းသွားပေမယ့် လုပ်အားဒါနလေး လုပ်လိုက်ရတော့ ပီတိလေးတွေ ကိုယ်စီနဲ့ပေါ့။ အထုပ်တွေ ကို သေချာပြန်စီပြီး သဘက်ခါ သွားလှူကြမယ်လို့ စီစဉ်လိုက်ကြတယ်။ တနိုင်တပိုင် ကုသိုလ်ရေး လေးပေါ့လေ။ :)

ဒါကတော့ လူချောလေးများ အဖွဲ့ပေါ့လေ ဟတ်ဟတ် :P
Posted in
Labels:
Article,
Nargis
|
Tuesday, May 20, 2008
အလှူဒါနဆိုတာ မွန်မြတ်တဲ့ အကျိုးဆောင်ပေး မှုတရပ်ဖြစ်ပါတယ်။ ဒုက္ခရောက်နေသူကို နေရာ၊ ဒေသ လူမျိုးမရွေး ကူညီရိုင်းပင်းခြင်း ဟာလည်း လူသားဆန်တဲ့ စာနာမှုဖြစ်ပါတယ်။ မနေ့က ကျွန်တော်နဲ့ ကိုဂေါက်တို့ နှစ်ယောက် ဒဂုံအရှေ့ပိုင်း ၁၃၃ ရပ်ကွက်မှာ ရှိတဲ့ လေဘေးသင့်သူတွေကို လှူဒါန်းဖို့ သွားရောက် စုံစမ်းခဲ့ပါတယ်။ ပြောရမယ်ဆို ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်တဲ့ အခြေခံလူတန်းစား တွေ မုန်တိုင်းဒဏ်သင့်ခံရသူ တွေ ရဲ့ ဘေးဒုက္ခ တချို့ဟာ လူသိပ်မသိကြရှာပါဘူး။ ကျွန်တော်တို့ ၂ယောက် မ၀တ လမ်းဆုံကနေ ၃၆ ဘတ်စ်ကားကို နာရီဝက်လောက် စောင့်ဆိုင်းပြီး စီးခဲ့ရပါတယ်။ မြောက်ဒဂုံဘက်ကနေ ၁၃၃ ရပ်ကွက်ဘက်ကို ရောက်တာ ဘတ်စ်ကားလိုင်း ၃ စီးအပြင် ပိုမရှိပါဘူး။ မြောက်ဒဂုံဘက်ကဆို ၃၆ အဖြူနံပါတ် ဗိုက်ပူလို့ ခေါ်တဲ့ ဘတ်စ်ကား အိုကြီးတွေပဲ ရောက်ပါတယ်။ ၁၃၃ ရပ်ကွက်ဆိုတာ ဒဂုံမြို့သစ်ထဲမှာ ရှိပေမယ့် ဒဂုံတက္ကသိုလ်ကိုတောင် တော်တော် ကျော်သွားပါသေးတယ်။ ၁၃၃ ကိုရောက်ဖို့ ကျွန်တော်တို့ နှစ်ယောက်ဟာ ဘတ်စ်ကားကြီးကို ပျင်းလောက်အောင် စီးခဲ့ရပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းကြီး ကျော်လွန်သွားတာနဲ့ ကားလမ်းဘေး တဘက်တချက် ဆီက လယ်ကွင်းတွေကို စိမ်းစိုစို လှမ်းမြင်ရပါတယ်။ ကျေးလက်တောရွာလေးကို သွားနေရတာနဲ့တောင် အလားသဏ္ဍာန်တူပါတယ်။
နာရီဝက်ကျော်ကျော်လောက် ကြာတော့ မြို့စွန် ရပ်ကွက်လေး ဖြစ်တဲ့ ၁၃၃ ရပ်ကွက်လေးကို ဘတ်စ်ကားကြီး ချဉ်းနင်း ၀င်ရောက်လာပါတော့တယ်။ ၁၃၃ ရပ်ကွက်လေးသည် အခြေခံလူတန်းစား များ အများအပြား နေထိုင်သော ရပ်ကွက် ဖြစ်သည်နှင့် အညီ ပျဉ်ထောင်အိမ်များ၊ ဓနိမိုး ထရံကာ အိမ်များ အများအပြားတွေ့ရသည်။ ကားပေါ်မှ ဆင်းလိုက်ပြီးတော့ ကျွန်တော်နဲ့ ကိုဂေါက်တို့ဟာ အနီးအနား ပတ်ဝန်းကျင်မှာ ယာယီရွက်ဖျင်တဲ လေးများ တွေ့ရလေမလား လိုက်ကြည့်ကြသေးသည်။ နောက်ဆုံး မတွေ့တာနဲ့ ကွမ်းယာဆိုင်လေးမှာ ဒီမှာ လေဘေး ကယ်ဆယ်ရေး စခန်း မရှိဘူးလား လို့မေးကြည့်တော့
`ဒီမှာ ကယ်ဆယ်ရေး စခန်းရယ်လို့ သီးသန့် မရှိဘူးဗျ။ ခုဓမ္မာရုံတွေ၊ ကျောင်းတွေကနေ ပြန်နှင်ထုတ် ထားတော့ နီးစပ်ရာ ဓနိ၊ ၀ါးလေးတွေနဲ့ ၁၀ ပေပတ်လည်လောက် ရှိတဲ့ တဲအိမ်လေးတွေ ကိုယ့်ဟာ ကိုယ် ထိုးပြီး နှစ် မိသားစု လောက် ပေါင်းနေကြတယ်။ ဟိုးကန်ဘောင်ဘက် တဲတွေက လေဘေးသင့်သူတွေရဲ့ တဲပဲ´

သူပြတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ ကန်သင်းရိုး ကန်ဘောင် ပေါ်တွင် ဆောက် လုပ်ထားသော တဲအိမ်လေးများ ကို အစီအရီတွေ့ရသည်။ ဤနေရာမှာ ကယ်ဆယ်ရေး စခန်း မရှိပေမယ့် တိတ်တိတ် ပုန်း ဒုက္ခရောက် နေသူများ နေထိုင်ကြသည်။ သူတို့သည် ဘယ်ဂျာနယ်၊ ဘယ်တီဗီမှာမှ မပါသော လူမသိသူမသိ ဒုက္ခရောက် နေကြသူများပင်။ ရန်ကုန် ဧရိယာ အတွင်းတွင်ပင် ထိုကဲ့သို့ အကူအညီမဲ့ နေသော လေဘေးသင့် ပြည်သူများ အများအပြား ကျန်နေသေးပါတယ်။

ယာယီတဲလေးတွေ
ပြိုပျက်သွားသော အသိုက်အမြုံလေးတခု
ကျွန်တော်တို့ နှစ်ယောက် တဲအိမ်လေးများ ရှိရာ လယ်ကန်သင်းရိုး ပေါ်သို့ လျှောက် လာကြတော့ ထိုတဲအိမ်လေးများ အလွန်တွင် အလှူမဏ္ဍပ် ထိုးထားသည်ကို တွေ့ရ၏။ ထိုမဏ္ဍပ်ရှေ့တွင် ကလေးငယ်များနှင့် လူကြီးတချို့ မဏ္ဍပ်တွင်းသို့ ၀င်ရောက် စားသောက်ရန် စောင့်ဆိုင်း တန်းစီနေကြသည်။ ထို မဏ္ဍပ်ထိုးသော အလှူရှင်မှာ ရပ်ကွက် လူကြီးတစ်ဦး ဖြစ်သည်ဟု သိရပြီး ဒုက္ခရောက်နေ သူများ အခြေအနေကို မေးကြည့်တော့
`ကျွန်တော်တို့ ဆီမှာ ပျက်စီးသွားတဲ့ အိမ်ခြေပေါင်း ၅၀၀ ကျော်ရှိတယ်ဗျ။ အများစုကတော့ ကလေးတွေ ပိုများတယ်။ တစ်အိမ်ထောင်ကို ကလေးပျမ်းမျှ လေးငါး ယောက်လောက်ကို ရှိတယ်။ ဒီမှာ ကယ်ဆယ်ရေး စခန်း မရှိတော့ ဒီရပ်ကွက်ထဲက တတ်နိုင်တဲ့ အလှူရှင်တွေက တလှည့်စီ ကျွေးမွေးနေကြရတယ်။ အလှူရှင် တဦးစ နှစ်ဦးစတော့ လာလှူကြပေမယ့် ဒီဘက်ပိုင်းက လူသိပ်မသိတာ များတယ်။ ဒီလိုပဲ တတ်နိုင်တဲ့သူတွေက ဝေမျှပေးနေရတယ်။ ကျွန်တော်ကတော့ ဒီနေ့ ကဆုန်လပြည့် နေ့လဲ ဖြစ်လို့ လှူနေတာပါ။´


ထမင်းစားဖို့ ဒီလို တန်းစီတိုးနေကြရှာတဲ့ ကလေးငယ်တွေ

အားပါးတရ စားနေရှာသော ကလေးငယ်လေးများ
ကျွန်တော်တို့လဲ လှူဒါန်းချင်လို့ လာမေးတာဖြစ်ကြောင်း ရှင်းပြလို့ ကျေးဇူးတင်ပါတယ် ပြောပြီး သူလှူနေတဲ့ မဏ္ဍပ်မှာ အားရပါးရ စားနေရှာသော ကလေးတွေရဲ့ ထမင်းဝိုင်း တခုကို ဓာတ်ပုံရိုက်လိုက်သည်။ တချို့က ဖိနပ် မပါ တချို့က ခါးအောက်ပိုင်း အ၀တ်မပါ ရှာသော ကလေးငယ်များ ထမင်းတနပ် အတွက် တန်းစီနေကြပုံကို ၀မ်းနည်းစွာ ကြည့်ပြီး ကန်သင်းရိုးဘောင်ပေါ်မှ ကျောခိုင်း ပြန်လာခဲ့ကြသည်။ ဤနေရာလေးအတွက် အ၀တ် အစား၊ အစားအစာ၊ ယင်လုံအိမ်သာ၊ နှင့် ပြန်လည် ထူထောင်ရေးအတွက် ရွက်ဖျင်၊ ယင်းလိပ်များ လိုအပ်နေသေးသည်။ လိုအပ်တဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် နီးစပ်ရာ လှူဒါန်းနေသူများထံ အကြောင်းကြားပေးရမည်။ ထို့အတူ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်းက အမှန်တကယ် ဘေးဒုက္ခရောက်နေပြီး အကူအညီ လိုအပ်နေတဲ့ ဒေသများကို ရှာဖွေ ဖော်ထုတ် လှူဒါန်းပေးရပေမည်။ သို့မှသာ လှူရသူနှင့် လှူဒါန်းခံရသူ နှစ်ဦးနှစ်ဘက် လဲအကျိုးရှိပေလိမ့်မည် ဟု ထင်မြင်မိပါတော့သည်။
Posted in
Labels:
Article,
Essay,
Nargis
|
Saturday, May 17, 2008
မေ ၂ ရက်
ည ၁၁ နာရီ- ၁၂နာရီ
ကောင်းကင်တခုလုံး အုပ်မှိုင်းညိုမဲကာ လေများ ဟူးဟူးရားရား တိုက်ခတ်လာသည်။ လေသည် “ရွှီး….” ဟူ၍ ကြောက်မက်ဖွယ် အသံရှည်ကြီး မြည်ဟီးကာ တိုးဝှေ့ တိုက်ခတ်လာသည်။ ကျွန်တော်သည် တအိမ်လုံးရှိ ပြတင်းတံခါးများကို လိုက်လံစစ်ဆေးပြီး အိပ်ယာဝင်ရန် ပြင်ဆင်၏။ သို့သော် ထူးဆန်းသော လေချွန်သံကဲ့သို့ လေတိုးသံကြီးကြောင့် အိပ်၍ မပျော်ဘဲ ဖြစ်နေ၏။ ကျွန်တော့်နည်းတူ ကျွန်တော်တို့ အိမ်သားများလည်း အိပ်၍ မပျော်သေးပဲ အိပ်ခန်းများထဲမှထွက်၍ ဤမျှထူးဆန်းသော လေတိုးသံကြီးကို နားစွင့်နေကြသည်။ လေသည် နားထောင်နေရင်းနှင့်ပင် တိုက်ခတ်နှုန်း တိုးလာဟန်ရှိပြီး ကျွန်တော်တို့ ခြံထဲရှိ သစ်ပင်များ ယိမ်းထိုး လှုပ်ရမ်းသံများကို ကြားလာရသည်။ တဖြည်းဖြည်းနှင့် ကြမ်းတမ်းလာသော တိုက်ခတ်မှုကြောင့် ည ၁၂နာရီ ခန့်တွင်တော့ ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်ရှိ ၈ပေ စလောင်းရွက်ကြီးမှ တဂျွမ်းဂျွမ်း လှုပ်ရမ်းသံကို အသဲယားဖွယ်ကြား လာရတော့၏။ ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသော စလောင်းသည် ကျွန်တော်၏ အိပ်ခန်း ခေါင်မိုးနားမှ ဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် လုံးဝ စိတ်ချစွာ အိပ်မပျော်နိုင်ပဲ မျက်နှာကျက် လေ၀င်ပေါက်မှ ဓာတ်မီးဖြင့် ခေါင်မိုးပေါ်သို့ ထိုးထိုး ကြည့်ရသည်မှာ လည်း အမောပင်ဖြစ်သည်။ ကျွန်တော် ပူပန်မိသည်မှာ ဤမျှကြမ်းတမ်းသော လေကြောင့် စလောင်းရွက်ပြုတ်ကျသွားမည် ထက် စလောင်းရွက်နှင့် တွဲဆက် ရိုက်ထားသော အမိုးသွပ်ပြားများ လန်ကုန်မည်ကို ပူပန်နေမိသည်။ တညလုံး တိုက်ခတ်သော လေတိုးသံကြီးက တဖြည်းဖြည်းနှင့် ပိုကြမ်းလာပြီး ပတ်ဝန်း ကျင်တခုလုံး ငရဲပွက်သံအလား ၀ုန်းဒိုင်းကြဲနေတော့၏။ ကျွန်တော့်အိမ်ခေါင်မိုးက သွပ်တွေ တဗြုန်းဗြုန်းနဲ့ ရုန်းကန် လှုပ်ရှားမှုက အိပ်စက်ခြင်းတွေကို ခြောက်လှန့်နေ၏။
”သား ..ခေါင်မိုးက သွပ်သံတွေကြားလား”
မေမေ က စိုးရိမ်တကြီး သူ့အခန်းထဲမှ ထွက်လာပြီး မေးသည်။ ထို့အတူ ကျန်တဲ့ အိမ်သားများလဲ အပေါ်ထပ်ကို ဓာတ်မီးကိုယ်စီနှင့်တက် လာကြပါတယ်။ အိမ်အပေါ်ထပ် ဘုရားစင်တွင် ထွန်းထားသော ဖယောင်းတိုင်မီး ညွှန့်လေးသည် လေလုံနေသော အခန်းထဲ၌ ပင် ဘယ်ညာယိမ်းထိုးနေသည်။
ည ၁နာရီ- ၃နာရီ
လေပြင်းတိုးသော အသံ သို့မဟုတ် လေတွန်သံကြီးက မဟားတရား ပိုမိုကျယ်လောင်လာပါတယ်။ ကျွန်တော့် အိမ်က ညီမငယ်လေးဆို အောက်ထပ်မှာ အိပ်ရင်း အဲ့ဒိလေသံကြီး ကြားပြီး အပေါ်ထပ်ရှိ သူ့အမ အခန်းကို ပြေးတက်လာပါတယ်။ အပေါ်ရောက်တော့ အိမ်ခေါင်မိုး သွပ်သံတ၀ုန်းဝုန်း သံက ပိုဆိုးနေသဖြင့် အောက်ကိုပြန်ပြေးဆင်းသွား ပြန်ပါတယ်။ ကလေးတွေ ခင်မျာ တခါမှ မကြုံဖူးသော လေမုန်တိုင်းကို ခြေမကိုင်မိ လက်မကိုင်မိ ကြောက် လန့်နေကြပါတယ်။ ကျွန်တော်တို့ မပြောနဲ့ ကျွန်တော့်အဖိုး အသက် ၈၀ အရွယ်တောင် ဒီလောက် ပြင်းတဲ့ လေမုန်တိုင်း မတွေ့ဘူးဖူး လို့ ပြောတယ်။ ပိုကြမ်းလာသော လေကြောင့် ခေါင်မိုးက သွပ်တွေ လန်မှာ စိုးနေရတဲ့ အထဲ ကျွန်တော့် အခန်းခေါင်းရင်းက သရက်ပင်က နံရံကို တဒုန်းဒုန်း လာရိုက်နေပါသေးတယ်။ ကျွန်တော်တို့ တမိသားစုလုံး ဘယ်လိုမှ အိပ်လို့မပျော်နိုင်တော့ပဲ အိမ်အပေါ်ထပ်ရဲ့ အလယ်နေရာ တည့်တည့်မှာ အားလုံးစုဝေး ထိုင်နေရင်း မုန်တိုင်းတိုက်သံကို နားစွင့်ကာ တိတ်ဆိတ်နေကြ၏။ ထိုသို့ထိုင်နေရင်းမှ ကျွန်တော့် အဒေါ်တစ်ယောက် အခန်းထဲမှ မျက်စိမျက်နှာ ပျက် နဲ့ ထွက်လာပါတယ်။ သူ့လက်ထဲမှာ ဟန်းဖုန်းနဲ့...။
“(...)တို့ဒီနေ့ ရန်ကုန်ဆင်းလာတယ်... ခုထိ ဖုန်းခေါ်လို့ မရသေးဘူး ညက တော့ ဖုန်းဆက်ထားတယ်...”
“ဟင်....”
အားလုံး တညီ တည်း အာမေဋိတ် တလိုက်ကြသည်။ ဒီလောက် ကြမ်းနေသော မုန်တိုင်းကြားမှာ ပြန်လာမည် ဖြစ်သော ကျွန်တော့် အဒေါ်မိသားစုရဲ့ ဖြစ်အင်ကို တွေးပြီး အားလုံး ပူပန်သွားကြပြန်ပါတယ်။ မုန်တိုင်း ကြားမှာ... ရန်ကုန်ကို... ဘုရား..ဘုရား..။
ပြတင်းတံခါးကြားမှ တိုးဝှေ့လာသော လေသည်ပင် ဟူးဟူးရားရား ဖြစ်နေရာ အပြင်ထွက်လိုက်ရင် လွင့်သွားမလားပင်။ နံရံတဖက်ဆီကို လာရိုက်နေသော သရက်ကိုင်း ကြောင့် တချက်ချက် အိမ်တုန်တုန် သွားပြီး နံရံပြိုမှာကိုလဲ စိတ်ပူနေရသေးပါတယ်။
Posted in
Labels:
Nargis,
ဟာသ
|
Saturday, May 17, 2008

ရန်ကုန်ညအလှ ရှုခင်းပါခင်ဗျာ။ :P
Posted in |
Thursday, May 15, 2008
ပွက်လောညံနေလိုက်တာ
ရင်နဲ့ မဆံ့အောင်ပဲ...
ဆိုနင့်လွန်းလို့
အသံထွက်ငိုဖို့ ဆွံ့သွားခဲ့
နာကျင်မှုနဲ့ နာကြည်းမှုရဲ့
အသံတွေက မေတ္တာတရား
ခေါင်းပါးသူတွေရဲ့ ခြေအောက်
ပျတ်ဝတ် ဆင်းခဲ့ရ....
နားစွင့်ကြစမ်းပါအုံးဗျာ...
ဟောဒီမှာ ငိုနေကြတယ်..
ဟောဒီမှာ မျက်ရည် အလိမ်းလိမ်းနဲ့ပေါ့....
ဟောဒီမှာ သေလုမျောပါးဖြစ်နေတယ်လေ...
ဟောဒီမှာ ခိုကိုးရာမဲ့နေကြတယ်လေ...
ခဏလောက်... မျက်စိဖွင့်ပြီး နားစွင့်ပေးကြပါအုံးဗျာ...
ဟောဒီမှာ ကူညီရာမဲ့နေကြတယ်...
ဟောဒီမှာ တိုးလျှိုးတောင်းပန်နေကြတယ်...
ဟောဒီမှာ ဆာလောင် မွတ်သိပ်နေကြတယ်...လေ
ဟောဒီမှာ...လေ.... ဟောဒီမှာပေါ့......။ :'(
Posted in
Labels:
Nargis
|
Sunday, May 11, 2008

ဤကာတွန်းအား မောင်ခဘလော့မှ ပြန်လည်ကူးယူဖော်ပြပါသည်။
Posted in
Labels:
Nargis,
News
|
Sunday, May 11, 2008
Posted in |
Saturday, May 10, 2008
ရန်ကုန် မေ ၁၀ရက်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရှိ ၃၆ ရပ်ကွက်တွင် မ.ယ.ကသို့ လေဘေးသင့် အိမ်ခြေများ စာရင်း တင်ပြ ရာတွင် ထိမ်ချန်တင်ပြမှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားပုံမှာ ဒဂုံမြို့သစ်မြောက်ပိုင်း ၃၆ ရပ်ကွက်တွင်နေထိုင်သော ကြံ့ခိုင်ရေး မှူး တစ်ဦး သည် သက်ဆိုင်ရာ မြို့နယ်ရုံးမှ ပေးအပ်မည့် ထောက်ပံ့ရေး သွပ်ချပ်များအတွက် ပျက်စီးသွားသော အိမ်ခြေ အရေအတွက်အား တင်ပြရာတွင် လျှော့ပေါ့ တင်ပြခဲ့ပါတယ်။ ၃၆ရပ်ကွက်တွင်းတွင် ပျက်စီး ဆုံးရှုံးသွားသော အိမ်အလုံးရေ ခန့်မှန်းခြေအားဖြင့် ၈၀ ကျော်ခန့်ရှိသော်လည်း ၄င်း ကြံ့ခိုင်ရေးမှူး ဆိုသူ အမျိုးသမီးသည် ရပ်ကွက်ရုံးမှ ကောက်ခံထားသော စာရင်းများကို စိုးစဉ်းမျှ မစုံစမ်းပဲ မိမိတဦးတည်း ၏ သဘောဆန္ဒဖြင့် မြို့နယ်ရုံးသို့ တင်ပြခဲ့ကြောင့် ရပ်ကွက်ရုံးမှ တာဝန်ရှိသူ တဥိးက ယခုလိုပြောကြားခဲ့ပါတယ်။
`၃၆ ရပ်ကွက်မှာ ပျက်စီးသွားတဲ့ အိမ်ခြေအရေအတွက် ၈၀ကျော်ရှိပါတယ်။ အဲ့ဒိ စာရင်းအတိအကျကိုလဲ ရပ်ကွက်ရုံးက လိုက်လံ ကောက်ယူထားပါတယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးမှူးကတော့ ကျွန်တော်တို့ ရပ်ကွက်ရုံးနဲ့ ညှိနိုင်းမှုမရှိပဲ တင်လိုက်တယ်ဗျ။ အဲ့ဒါကို ကျွန်တော်တို့ ဥက္ကဌ မြို့နယ်မှာ အစည်းအဝေးတက်တော့မှ အိမ်ခြေ ၄၀ကျော် စာရင်း ကြိုတင်တင်ထားတာကို သိရတာပါ။ ခုတော့ ကြိုတင် စာရင်း အရပဲ မြို့နယ်က သွပ်အချပ်ရေ ၁၂၀ ချပေးတယ်ဆိုတော့ ကျွန်တော်တို့ မှာ ဝေပုံကျ ချပေးဖို့ အခက်အခဲဖြစ်နေရပါတယ်´
လို့ ဒဂုံမြို့သစ် ၃၆ ရပ်ကွက်က ၁၀ အိမ်မှူးတဥိးက ပြောပြသွားပါတယ်။
Posted in
Labels:
Nargis,
News,
Today Yangon
|
Friday, May 09, 2008
မြောက်ဒဂုံမြို့သစ် တွင် မုန်တိုင်းဒဏ်ထိသော ရပ်ကွက်များ အများအပြားရှိပြီး လေဘေးသင့်သူများ၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား ထိရောက်သော ထောက်ပံ့ကူညီမှု ပေးအပ်ရန် အရေးပေါ်လိုအပ်နေပါတယ်။အထူးသဖြင့် မြောက်ဒဂုံမြို့နယ် ၁၃၃ ရပ်ကွက်သည် အခြေခံလူတန်းစားများ အများဆုံးနေထိုင်သော ရပ်ကွက်ဖြစ်ပါတယ်။ မုန်တိုင်းဖြစ်စဉ်တွင် ၄င်းတို့၏ တဲအိမ်များ ရပ်ကွက်လုံးကျွတ် လွင့်ပါ ပျက်စီးကုန်ပြီး လေဘေးသင့်သူများသည် နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများတွင် သွားရောက် ခိုလှုံနေကြပါတယ်။ ရပ်ကွက် ကောင်စီကို လေဘေးသင့်သူများက အထောက်အပံ့ပေးရန် အကူအညီတောင်းခံ သော်လည်း ရပ်ကွက် ကောင်စီ လူကြီးများက ၄င်းတို့ကိုယ်တိုင် အထောက်အပံ့ အထက်မှ မရသေးပါ ဟုဆိုကာ ကူညီပေးရန် ငြင်းဆန်နေပါတယ်။ ထို့အတွက်ကြောင့် မုန်တိုင်းဒဏ်သင့် တဲ့ သူတွေဟာ ပြိုလဲသွားတဲ့ အိမ်များမှ သစ်တို သစ်စ ဓနိများကို လိုက်လံ ကောက်ယူကာ တချို့လဲ ပြန်လည် ဆောက်လုပ်၍ မိသားစု သုံးလေးစု ဆင်းရဲစွာ ကပ်၍ နေထိုင်နေကြရပါတယ်။ ယခုလက်ရှိ အချိန်အထိ စားစရာ မရှိဖြစ်နေရာ နီးစပ်ရာ ဘုန်းကြီးကျောင်းများ တွင် အစားအသောက် များကို တောင်းရမ်းစားသောက် နေကြရပါတယ်။ ထိုသို့ ဆင်းရဲဒုက္ခရောက်နေကြသော လေဘေးသင့်သူများရဲ့ စကားသံများကို ဤသို့ကြားရပါတယ်။
“ကျွန်မတော့ တောင်ဥက္ကလာက ဘုန်းကြီးကျောင်းကနေ ခုပဲပြန်လာတာ၊ ကျွန်မတို့မှာ နေစရာ အိမ်မရှိတော့လို့ အခု ဘုန်းကြီးကျောင်းမှာ ခိုကပ်နေရပါတယ်။ လူပေါင်းများစွာရဲ့ စားရေးကို ဘုန်းကြီးကျောင်းက ဘယ်ကြာကြာ ကျွေးထားနိုင်မလဲရှင်။ အဲဒါကြောင့် ကျွန်မလဲ တောင်ဥက္ကလာ ဘုန်းကြီးကျောင်း တွေဆီမှာ ဆွမ်းကျန်လေးတွေ လိုက်တောင်းစားပြီး ပြန်လာတာပါ။ အခုဒီမှာ ပါလာတဲ့ အိတ်ထဲက အစားအသောက်တွေက ကျွန်မ ကလေး ၂ယောက် အတွက်ပါ..။”
လေဘေးသင့် ၁၃၃ မှ ဒုက္ခသည် တစ်ဦး
“တနေ့လုပ်မှ တနေ့စားရတဲ့ ကျွန်တော်တို့မှာ ခုဘာမှလဲ လုပ်လို့မရ၊ ကုန်ပြီ ကျွန်တော့်အိမ်လဲ ပါသွားပီ ဘာမှ ကို မကျန်တော့ဘူး ကျွန်တော်တို့ မုန်တိုင်းစထိတဲ့ နေ့က စပြီး ကနေ့ထိ သက်ဆိုင်ရာက အထောက်အပံ့ မရသေးပါဘူး။ မုန်တိုင်းကျပြီး နောက်တနေ့တော့ လူကြီးတွေ လာစစ်ပါတယ်။ ဒါပေမယ့် လာပဲစစ်တာပါ ဘာမှ မပေးပါဘူး။ အခုတော့ ကျွန်တော်ကလေးတွေ နဲ့ ကျွန်တော်တို့ ထမင်းတောင် နပ်မှန်အောင် မစားရပါဘူး။ ကြာရင် မုန်တိုင်းဒဏ်ကြောင့် မသေပဲ ငတ်လို့ သေတော့မယ် ထင်ပါတယ်ဗျာ..။”
၁၃၃ ရပ်ကွက်မှ လက်လုပ်လက်စားတစ်ဦး
“ကျွန်တော်တို့ ထောက်ပံ့ရေး ပစ္စည်းတွေ ရမလား ဆိုပြီး ရပ်ကွက်ရုံးကို သွားမေးကြပါသေးတယ်။ ဒါပေမယ့် သူတို့ကလဲ သူတို့ ကိုယ်တိုင် အထက်က ဘာမှ မပေးသေးလို့ ရုန်းကန်နေရတယ်ဆိုပြီး ငြင်းဆို လွှတ်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲဗျာ...။ ထိုင်ငတ်နေရုံပဲ ရှိပါတော့တယ်..”
ရပ်ကွက်သား တစ်ဦး
ဒဂုံမြို့သစ်တွင် ၁၃၃ ရပ်ကွက် အပါအ၀င် အခြားသော ရပ်ကွက်များတွင်လဲ ထိရောက်သော အထောက်အပံ့များ အရေးတကြီး လိုအပ်နေပါတယ်။ အလှူရှင်များ အနေနဲ့ အမြန်ဆုံး ဆက်သွယ်လှူဒါန်းပေးကြပါခင်ဗျာ။ လိုအပ်ရင် ဆက်သွယ်ရမယ့် လိပ်စာ များကို ထပ်မံဖော်ပြပေးပါမယ်။
Posted in
Labels:
Nargis,
News,
Today Yangon
|
Friday, May 09, 2008
Yangon, May 3,
တောင်ဥက္ကလာ

လေဒဏ်ကြောင့် ကြော်ငြာ ဆိုင်းဘုတ်တွေလဲ ကျိုးကျ


ဆန္ဒမဲ လှုံဆော်ရေး ဆိုင်းဘုတ်လဲ မခံနိုင်
ကမ္ဘာအေး


ကမ္ဘာအေး ဂန္ဓာမာလမ်းလဲ ဓာတ်တိုင်များ သစ်ပင်များ လဲကျမှုကြောင့် လမ်းများပိတ်ဆို့ကုန်


ကြော်ငြာဆိုင်းဘုတ်တွေလဲ စုတ်ပြဲ

ချော်တွင်းကုန်း မီးပွိုင့်နားမှ အပျက်အစီးများ
Posted in
Labels:
Nargis,
News
|
Thursday, May 08, 2008
Credit Card သို့မဟုတ် Debit Card ရှိတယ်ဆိုရင် အွန်လိုင်းကနေပြီး နိုင်ငံတကာ အဖွဲ့အစည်းများထံ လှုဒါန်းနိုင်ပါသည်။
(နိုင်ငံတကာ အဖွဲ့အစည်းတွေ)
UNICEF (UN) -> Donation Link
International Committee of the Red Cross (ICRC) -> Donation Link
World Food Programme (UN) -> Donation Link
World Vision Organization -> Donation Link
Save The Children Foundation (US) -> Donation Link
CARE Organization -> Donation Link
Adventist Development and Relife Agency -> Donation Link
OCHA (office for the Coordination of Humanitarian Affairs, UN) -> Donation Link
International Federation of Red Cross and Red Crescent Societies -> Donation Link
(အမေရိကားမှာဆို)
*
အမေရိကန်-မြန်မာ ဗုဒ္ဓဘာသာအသင်း
619 Bergen Street Brooklyn NY
Tel: 718-622-8019, http://www.mahasiusa.org/
Online Donation Link
*
US Campaign for Burma
http://uscampaignforburma.org/index.php
*
Better Burmese Health Care
c/o PO Box 631
Leeds, NY 12451
(518) 947-6249
http://oniongirl.fatcow.com/index.html
ဆက်သွယ်လှုဒါန်းရန် အီးမေးလ်များ
*
myintw@greenmtn.edu
*
burmagirl@gmail.com
*
cyclamen.Mom@gmail.com
(စင်္ကာပူဆိုရင်)
အလှူကောက်ခံနေသော နေရာများမှာ
*
လင်းလက်၊ ဒုတိယထပ် Peninsula Plaza
*
Sin Myanmar တတိယထပ် Peninsula Plaza
*
သပြေနု (ဒေါ်သန်းသန်းနု) နှင့်
*
လမ်းပြကြယ် စာကြည့်တိုက်
(လမ်းပြကြယ် စာကြည့်တိုက်တွင် အင်္ကျီအဟောင်းများနှင့် အသုံးအဆောင်များလဲ အလှုလက်ခံပါတယ်။)
*
ဓာတ်တော်တိုက် (Eunos)
ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှ
*
ကိုအေးကိုကို - ၉၆၃၅ ၂၀၆၄
*
ကိုဝင်းကျော် - ၈၁၈၉ ၈၄၂၀
*
ကိုစိုးထွန်း - ၉၄၈၇ ၄၄၁၃
*
ကိုမင်းသိန်း - ၈၁၈၆ ၀၀၄၂
*
ကိုညီ - ၉၇၄၂ ၀၉၀၅
*
ကိုသူရိန်ဝင်း - ၈၁၈၆ ၈၁၅၆
*
မလဲ့လဲ့ - ၉၂၇၂ ၆၇၄၄ တို့ကိုလည်း ဆက်သွယ်ကာလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
RIT-Alumni Singapore, jointly with Myanmar Club and BBT, will organize a prayer service and donation drive for our people who have suffered from Cyclone Nargis.
Venue - Burmese Buddhist Temple (BBT)
Time - 11th May (Sunday) 9:30 am
Please forward this massage to reach the whole Myanmar community in Singapore.
“Give a helping hand, Save our people’s lives”
Please see the following link for more information.
http://www.rit-alumni-singapore.org/
ဆက်သွယ်လှုဒါန်းရန် အီးမေးလ်များ
*
Daw Soe Soe Aung @ Catherine - 92986743
*
Se Thu Aung @ Chris - 81681121
*
YeThway @ Danny – 91084611
ရာဇာကျော် (ဒဏ္ဍာရီစာအုပ်ဆိုင်) - ၉၁၈၆၇၃၇၅၆, ၆၃၃၆၁၁၀၇
(မေလကုန် ပိုလီစာမေးပွဲများအပြီးတွင် ရန်ကုန်ပြန်၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်မည့် ပိုလီကျောင်းသားများထံသို့ အလှုငွေများ ပေးအပ်မည် ဖြစ်သည်။ အင်္ကျီအဟောင်းများ အသုံးအဆောင်အဟောင်းများလည်း ပေးနိုင်သည်။)
Myanmar Cyclone Relief Donations - (65) 9060 9453
*
Tun Thura Thet
*
Chit Htun Pe
*
Ye Thura Thet
*
Tin Khaing Linn
http://cyclonerelief.wordpress.com/
(သြစတေးလျ ဆိုရင်)
*
Dr. Soe Htet
69 Glendale Road
Springvale VIC 3171
Melbourne, Australia
Mobile: +61 424 836 727
Email: dr.htet@gmail.com
http://www.soehtet.blogspot.com/
*
Australia Red Cross က မြန်မာပြည်အတွက် အလှူငွေလက်ခံပေးနေပြီ
Phone No: 1800 811 700
Online Donation Link
(အင်္ဂလန်မှာ ဆိုရင်)
*
Sayardaw U San Naw Bar Tha
Bank Name: Barclays
Account Holder Name: Mr A Candobhasa
Sortcode: 20-80-71
AccountNo: 9000 2836
Contact Info: 0787 7297 205,
email: ucandobhasa@googlemail.com
*
Burmese Student Organisation UK
Bank Name: HSBC
Account Holder Name: Burmese Student Organisation UK
Sortcode: 40-01-13
AccountNo: 4154 6694
Ref: CDA-[your mobile number]
Last Day: 10th May, 2008
Contact Info: Ko Win T - 0785 2175 467,
Ko Chan N - 0780 4725 077
More info: http://www.bsouk.org/
* Miss Tharaphi Than
Bank Name: Barclays
Account Holder Name: Miss M T Than
Sortcode: 20-89-15
AccountNo: 6055 2232
OR please send a check to
Miss Tharaphi Than
SEAsia Department
SOAS, University of London
London WC1H 0XG
Last Day: She is going to Burma for providing First Aid Support in next three or four days
* Unity To Victory (U2V) Organization
u2v@u2v.org.uk
tzhtike2004@gmail.com
ဆက်သွယ်လှုဒါန်းရန် ဖုံးနံပါတ်များ
*
ကိုကျော်စွာ (+44) 7828 890 224
*
ကိုသန့်ဇင် (+44) 7727 248 755
*
ကိုမိုးဆွေ (+44) 7773 325 635
*
ကိုမြတ်စိုးခိုင် (+44) 7939 222 932
*
ကိုထိုက် (+44) 7974 817 387
(ထိုင်းနိုင်ငံမှာ ဆိုရင်)
Ko Kyaw Naing Win (http://www.ait.ac.th/)
AITMF@ait.ac.th
st105800@ait.ac.th
(ရုရှမှာ ဆိုရင်)
နတ်သျှင်နောင်ဆီမှ ကူးယူပါသည်
Bauman State University BMSTU
Me: Room no( 607) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094)
Ph: +7- 909 -157 -11- 74
Naung Naung :Room no: (508) building 3A . str. Gloylanovskyar . Hostel of B.M.S.T.U index ( 105094) .
MIET
MIET မှ ကျောင်းသားများ မြန်မာပြည် မုန်တိုင်းဒဏ်ခံနေရသော ပြည်သူများ အတွက် အလှူငွေများကို အောင်စိုးလွင် (၄၄၂၃) တွင် ထည့်ဝင် လှူဒါန်းနိုင်ပါသည်။
ရုရှားနိုင်ငံရောက် ကျောင်းသားများ အနေနဲ့ မုန်တိုင်းဒဏ်ကယ်ဆယ်ရေး အတွက် အလှူငွေများကို မိမိကျောင်း မှ ကျောင်းသား ခေါင်းဆောင်များနဲ့ အတူ မော်စကိုမြို့ Mephi ကျောင်းမှ ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များ အသင်း (YMBA) ymba.mephi@gmail.com Ph:897420905,894874413,81898420 ကို ဆက်သွယ် လှူဒါန်းနိုင်ပါသည်။
(ဂျပန်မှာ ဆိုရင်)
*
UNICEF
http://www.unicef.or.jp phone 0120-88-1052
(မလေးရှားမှာ ဆိုရင်)
*
Blank Paper ဖုန်း-0173109722 ဖုန်း-0162645761
blankpaperofme@gmail.com ordinaryguyz@gmail.com
http://www.spreadingsoul.blogspot.com/
(မြန်မာပြည်တွင်းမှာဆိုရင်)
*
ဒေါ်သန်းမြင့်အောင် (ကလျာမဂ္ဂဇင်း) - 579920
*
ဒေါက်တာတင်တင်ဝင်း (ဆရာမဂျူး) 09-5009600, 01-704656
*
နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း ဆက်သွယ်နိုင်ပါသည်။
*
yangonthiha@gmail.com - ကိုသီဟဟာ ရန်ကုန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေပါတယ်။ သူ့ဆီကို အီးမေးလ်ပို့ ဆက်သွယ်လှုဒါန်းနိုင်ပါတယ်။
ဤပို့စ်အား ကိုကဒေါင်းညင်သာblogမှ ပြန်လည်ကူးယူဖော်ပြပါတယ်။
Posted in
Labels:
Nargis,
News,
Photo,
Today Yangon
|
Thursday, May 08, 2008
Yangon, May 3 : North Dagon Region
မုန်တိုင်းကျပြီးနောက် ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၏ အပျက်အစီး သတင်းမှတ်တမ်း ဓာတ်ပုံများ

ဆိုင်ခန်းများ ၏ ခေါင်မိုးများလဲ လန်ထွက်

အိမ်အမိုးပေါ်ကို ဤသို့ လဲပြို
လမ်းမပေါ်သို့ သစ်ပင်များ အတုံးအရုံး လဲကျနေစဉ်
လေဒဏ်ကြောင့် တွန့်လိပ်ကုန်သော အမိုးသွပ်များ
ခေါင်မိုးပေါ်မှ လွင့်ကျကုန်သော သွပ်ချပ်များလဲ တောင်ပုံရာပုံ
လေဒဏ်ကြောင့် အပင်ကိုင်းတွေလဲ ကျိုးပဲ့ကုန်

စလောင်းရွက်တွေလဲ လေရော မိုးရောကြောင့် ကျိုးကျကုန်သည်။
မလုံတလုံ အခြေခံလူတန်းစားရဲ့ တဲအိမ်လေးလဲ မုန်တိုင်းဒဏ်ကြောင့် ပြိုလဲ...


တောကြီးမျက်မည်းဖြစ်သွားတဲ့ လမ်းမကြီးများ
မုန်တိုင်းမွှေလို့ ကားမှတ်တိုင်နဲ့ အများသုံး ဖုံးရုံလေးလဲ ပိုးလိုးပက်လက်


ဒဂုံမြို့သစ် အ.ထ.က (၃)ကျောင်းလဲ မုန်တိုင်းသင့်၍ မုန့်ဈေးတန်း တခုလုံး ပြိုပျက်ခဲ့သည့်အပြင် ကျောင်းခေါင်မိုးသွပ်ပြားများလဲ လန်ထွက်ကုန်ပါတော့တယ်။ ကျောင်းခြံစည်းရိုး အုတ်နံရံများလဲ အပင်များပိမှုကြောင့် လဲပြိုကုန်၏။
ယခုဖော်ပြပါ ဓာတ်ပုံများသည် မေလ ၃ရက်နေ့ မုန်တိုင်း တိုက်ခတ် ပြီးပြီးချင်း လိုက်လံ ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်ပြီး ဆက်လက်၍ တောင်ဒဂုံ၊ ကမ္ဘာအေး၊ ရှစ်မိုင် ခုနစ်မိုင်၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ အစရှိသည့် မြို့နယ်များမှ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှု မှတ်တမ်း ဓာတ်ပုံများကို ထပ်မံ တင်ဆက်ပေးသွားပါအုံးမယ်။
Posted in
Labels:
Nargis,
News,
Today Yangon
|
Thursday, May 08, 2008
ရန်ကုန် မေလ ၈ ရက်

မေလ ၂ ရက်နေ့နှင့် ၃ရက်နေ့များတွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီ တိုင်း တို့တွင် အိုးအိမ်များ ပျက်စီးခြင်း၊ လူများ သေကြေ ပျောက်ဆုံးခြင်းများ ဖြစ်ပွားခဲ့ပါသည်။ မုန်တိုင်းပြီးနောက်ပိုင်းတွင် အစိုးရမှ ဧရာဝတီ တိုင်းအား အဓိက ထား၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိပါတယ်။ သို့သော့်  ရန်ကုန်မြို့နေ လေဘေး ဒုက္ခသည် ပြည်သူများ အား အထူးသဖြင့် မြို့သစ်များနေ လေဘေး ဒဏ်သင့် သူများအား ထိရောက်သော အထောက်အပံ့များ ယနေ့ထိ လိုအပ်နေဆဲဖြစ်ပါတယ်။ ရန်ကုန်မြို့ မြို့သစ်များတွင် နေထိုင်သော လေဘေးဒဏ်သင့်ခံရတဲ့ ပြည်သူများအား နီးစပ်ရာ ဒေသတွင်းရှိ ရပ်ကွက်နေပြည်သူအချင်းချင်းမှ မျှဝေ ကူညီပေးလျှက်ရှိပါတယ်။ ၄င်းတို့ အနေဖြင့် အစားအစာများနှင့် ရေသန့်များ အထူးလိုအပ်နေပြီး သက်ဆိုင်ရာမှ ယခုချိန်ထိ ထိရောက်စွာ လာရောက် မပံ့ပိုးနိုင်သေးပဲ ရှိနေကြောင်း သတင်းရရှိပါတယ်။