Posted in
Labels:
Novel
|
Friday, May 01, 2009
အခန်း(၁၀)
“ဟေ့ယူဂျီး...ဟေ့ယူဂျီး...”
ကုလားထိုင်ပေါ်တွင် ဂိမ်းထိုင်ဆော့နေသော ကလေးသည် ဂိမ်းခလုတ်ကို ဘေးချ ထားပြီး သူ့အနားမှာ စောင့်နေတဲ့ လူဆိုးကို ခေါ်နေခြင်း ဖြစ်၏။
“ဘာလဲ.ကွ..”
လူဆိုးက မှုန်တေတေနှင့် ကလေး ကြောက်သွားရန် အသံခပ်မာမာ ပြောလိုက်သည်။ သို့သော် ကလေးက လုံးဝမှုပုံမပေါ်ပဲ..
“လေသံက မာ ရ ချီယား.. နာဂျင်ပီ ထင်တယ်.. ကောင်းကောင်း မွန်မွန် ချက်ချံနော်... မဟုတ်ရင် ခင်ညားကြီး နားကားသွားမယ်... ဘာမှတ်ယဲ..”
တိန်.. သူ့ကို ငတိလေးက ပြန်ဟောက်သွားပါလား..။ တယ်လေ.. လုပ်လိုက်ရ..။ အဲ ဒါပေမယ့် လုပ်ရဲဘူး ကီးစိန်ဆိုတဲ့ လူက ဘာကောင်လဲ တော့ မသိဘူး ဒါပေမယ့် သူ့ဆရာတောင် ကြောက်ရတဲ့သူ ဆိုတော့ နှယ်နှယ် ရရ လူတော့ မဟုတ်ဘူး။ သူခေါ်လာတဲ့ ကလေးလေးကလဲ ဒီလိုပဲ နေမှာ.။
“အဲ..ဟို ဟုတ်ပါဘူး...အင်း... ပြောလေ....ကလေးရဲ့...”
“ဝေါ့ထွီဗျာ.. အသံဂျီးက လင်ငယ်တုံးပိတဲ့ အသံနဲ့... ပုံမှန်ကျောလေ...”
“ခင်ညှာ.. အဲလေ... အင်း ပြော...”
ဟူး မလွယ်ပါလား.. ငတိလေးက..။
“အနော် ဗိုက်ချာနေပြီ... မုန့်သွားဝယ်ပေးချမ်းပါအုံး...”
“အင်..အဲ... ဒါတော့ မရဘူး.. ဆရာကြီးက မှာထားတယ်.. မင်းနားက လုံးဝ မခွာရဘူးတဲ့...။”
ပြောပြောဆိုဆိုနှင့် ကလေးနား ၀င်ထိုင်လိုက်သည်။
“ဟာဂျာ အနော်က ပြေးမှာမှ မဟုတ်တာ... ခညားကလဲ ဒီမှာ နေရတာ ပိုတောင် ဇိမ်ကျသေးတယ်..။ အိမ်မှာတောင် ဒီလောက် ဂရုစိုက် ခံရတာ ဟုတ်ဝူး..”
“ရဘူး..ကွာ..”
“ဟေ့ယူ.. ဗိုက်ချာနေလို့ပါချို.... အော်နိုလိုက် မှာနော်...”
ဗလကြီးလဲ ဖင်ကုတ် ခေါင်းကုတ်နှင့်...
“နိုပေါ့. အဲလေ.. ငိုပေါ့.. တတ်နိုင်ဘူး ဒီနေရာက တဖ၀ါးမှ မခွာဖို့ ဆရာကြီးက မှာထားတယ်..”
“ဗြဲ....ဗြဲ.....ဗြဲ...”
ဒွတ်ခပဲ.. သေချင်းဆိုးလေး အာဗြဲအောင် ငိုနေပါလား။
“ဟေ့..ဟေ့ ငိုနဲ့လေ.. ဘေးက လူတွေကြားကုန်မှဖြင့်.. တိတ်တိတ်.. စမ်း”
ခေါင်းဆောင်ဖြစ်သူက အခန်းထဲမှ အိပ်မှုံစုံမွှားဖြင့် ထွက်လာသည်။
“ဟေ့ကောင် ဗလကြီး မင်း ဒီကလေး တယောက်တောင် နိုင်အောင် မထိန်းနိုင်ဘူးလား။ ဘာတွေ သွားလုပ်လို့ ငိုနေတာလဲ။ ကီးစိန်က သေချာ ကြည့်ထားဖို့ မှာထားတယ်နော်..။ မင်းတော့လား..နားကားတော့မှာပဲ”
“ဟင့် ..ကျွန်တော်က လူဆိုးပဲ ဆရာ၊ ကလေးထိန်းမှ မဟုတ်တာပဲ..ဟာပဲ ဟာကို..။ တခြားသူတွေသာဆို ဒီလို လာရစ်ရင် နားရင်းချည်းပဲ သက်စေ့ တီးပြီးပြီ အခုဟာက ကလေးကလဲ ဖြစ်ပြန် ကီးစိန်က လက်ဖျားနဲ့တောင် မတို့ဖို့ မှာသွားလေတော့ ကျွန်တော် ဘာလုပ်ရမှန်း မသိအောင်ပါပဲဗျာ....ဗြဲ...”
ခေါင်းဆောင်က အလွန်စိတ်ညစ်သွားဟန်ဖြင့်...
“အာ.. ငါလခွေး မင်းကပါ လာငိုပြနေတယ်...ထွီရွံချာကြီး ရုပ်ကြမ်းကြီးနဲ့... တိတ်စမ်းကွာ ကျက်သရေ မရှိ..ကဲ ကလေး ဘာဖြစ်လို့လဲ”
“အနော်မုန့်စား ချင်တဲ့ဟာကို မ၀ယ်ကျွေးဘူး...”
“အေ.. ဟုတ်သလား.. ဟေ့ကောင် သွားစမ်း လမ်းထိပ်က ပေခရမ်းကွမ်းယာဆိုင်က ကွမ်းယာ သွားဝယ် ချေ.... ဂိုဒေါင်သော့ကို အပြင်ကနေ သေချာခတ်သွား.. ညက ဘောပွဲကြည့်ထားလို့ အိပ်ရေး ပျက်ရတဲ့ ကြားထဲ...”
ထို့နောက် ခေါင်းဆောင်လုပ်သူက ကလေးအား မျက်နှာချိုသွေးရင်း..
“ကဲ..သားသားရေ.. ခဏစောင့်နော်.. ဦးဦးဗလ ပြန်လာလိမ့်မယ်.. ဦးတော့ တအားအိပ်ချင်နေလို့ အိပ်လိုက်အုံးမယ်နော်..”
“ဟုတ်ကဲ့...”
ထို့နောက် ကလေးသည် အိပ်ခန်းထဲ ပြန်ဝင်သွားသော ခေါင်းဆောင်ကို ကြည့်ပြီး နှုတ်ခမ်း တွန့်၍ ပြုံးလိုက်သည်။ ဟွန်း တာတီး ကို ဒီလို လာချမ်း လို့ ဘယ်ရမယဲ..။ နာ့ ဘာကောင်မှတ်နေလဲ။ အဟိ..။
တာတီးလေးသည် ခုနက ဗလကြီး ဆီမှာ ဂျီကျရင်း ထိုဗလကြီးဆီမှ ဖုန်းကို အသာလေး နှိုက်ယူထားလိုက်သည်။ ဖုန်းဆက်လို့ကတော့ အခန်းထဲမှ ခေါင်းဆောင်ကြား လိမ့်မည်။ မက်စိပို့မယ်။ အင်း ဘယ်ကို မက်စိပို့ရမလဲ။ ဟုတ်ပြီ နာ့ယောက်ဖကြီးရဲ့ ဖုန်းကို လှမ်းပို့ရမယ်။ ဒါဆို သူကွန်ပြူတာနဲ့ ငါဘယ်မှာရှိနေတယ် ဆိုတာ သိသွားလိမ့်မယ်။
+++++++++++++++++
အခန်း(၁၁)
ဖုန်းထဲကို ၀င်လာသော မက်စိ ကို ဖတ်ကြည့်လိုက်တော့ “S.O.S yout pha gyi” ဟိုက် သေချင်းဆိုးလေး ဆီက မက်စိပါလား။ မဖြစ်ဘူး အခုပဲဌာနကို ဖုန်းဆက်ကြည့်မှ.။
“ဟဲလို ကျွန်တော် မင်းယွန်းပါ ၀န်ကြီးချုပ် နဲ့တွေ့ချင်လို့ပါ..”
“ဟုတ်ကဲ့.. ဂျိမ်းစ်ကျော်ကြီးပါ .. တိုလီ..၀န်ကြီးချုပ် .. မန်းလေးမှာ...ကိုမောင်လှတို့နဲ့... ဘီယာသွားသောက်..အဲလေ... မန်းလေးက ၀န်ကြီးတွေဆီ အထူးဆွေးနွေးပွဲ သွားတက်တယ်။”
“အော် ဟုတ်ကဲ့.. ကျွန်တော်ဖုန်းနံပါတ် နောက်ဆုံးဝင်လာတဲ့ မက်စိကို စတလိုက်ကနေ တချက် စစ်ပေးစမ်းပါဗျာ.. အရမ်းအရေးကြီးနေတယ်..ကီးစိန်ပြန်ပေးဆွဲထားတဲ့ ကလေး တည်နေရာပဲ”
ဂျိမ်းစ်ကျော်ကြီးက ခေတ္တစောင့်ဆိုင်းခိုင်းပြီး စတလိုက်ဖြင့် စစ်ဆေးနေပုံရသည်။ ၂စက္ကန့်ခန့် ကြာသော အခါ..
“တိုလီရေ... ဘယ်နေရာကလဲ ဆိုတာ သိပြီဗျ”
“ဟုတ်လား ၀မ်းသာစရာပဲ အခုပဲသွားမယ်ဗျာ ဘယ်နေရာလဲ..”
“အဲ့ဒိနေရာက လျှို့ဝှက်နေရာပဲ... အခုပဲ ကျွန်တော် မစ္စတာမိုးလှိုင်ညကို အကြောင်းကြားပြီး စုံစမ်း ခိုင်းထားတယ်... ဟောခဏလေးဗျ မက်စိပြန်ဝင်လာတယ်။”
ခဏကြာတော့ ဂျိမ်းစ်ကျော်ကြီးက
“အားပါး မလွယ်ဘူးဗျို့..အဲ့ဒိ နေရာက ဇင်ကာ သံရုံးတည်နေရာနားပဲဗျ.. အဲ့ဒိနောက်ဘက်မှာ သူတို့သံရုံးအိမ်ယာတွေနဲ့ သူတို့ ပတ်သက်ရာတွေသာ နေကြတာ။ အနည်းဆုံး ဂိတ်ပေါက်ဝတောင် ပတ်စ်ဝေါ့ မသိရင် ၀င်လို့မရဘူးတဲ့..”
“အရာရှိကဒ်နဲ့ ဖြဲခြောက်လိုက်လို့ မရဘူးလားဗျ..မဟုတ်လဲ..လာဘ်ထိုး လိုက်လို့မရဘူးလား..”
“အဲဒါတွေနဲ့ တခုမှ ရမှာ မဟုတ်ဘူး ဘာဖြစ်လို့လဲဆိုတော့ ဂိတ်ဝမှာ စောင့်နေတာ စက်ရုပ်တွေပဲဗျ.. အချက်အလက်..ပတ်စ်ဝေါ့ မမှန်ရင်လဲ ပေးမ၀င်ဘူး.. ပတ်စ်ဝေါ့အမှားကြီးနဲ့ ခဏခဏ ၀င်ဖို့ ကြိုးစားရင် မသင်္ကာမှုနဲ့ ခင်ဗျားကို ဆွဲစိထားလိမ့်မယ်..”
“ဒွတ်ခပဲ ဒီနေရာက နိုင်ငံတော်အာဏာနဲ့ လုပ်လို့မရဘူးလား..ခက်တော့ ခက်နေပြီ..”
“မရဘူးဗျ.. ကီးစိန်အမှုတွေက ခြေရာလက်ရာ သဲလွန်စပဲ ရသေးတာ..။ လုံလောက်တဲ့ သက်သေ မရသေးဘူး။ ဒါကြောင့် ဖမ်းဝရမ်းလဲ ထုတ်လို့ မရသေးဘူးဗျ..”
“ဒါဆို ..ဘယ်လိုလုပ်မလဲ..”
ဖုန်းလိုင်းထဲမှ ဂျိမ်းစ်ကျော်ကြိးလဲ ခေတ္တစဉ်းစား နေဟန်ဖြင့် အသံတိတ်သွား၏။ ကျွန်တော်လဲ စဉ်းစားရင်းက အကြံတခုရသွားသဖြင့်..
“ကျွန်တော် အကြံရပြီ.. မစ္စတာကျော်ကြီး ပေါ်တင်ဝင်လို့မရရင် ၀င်လို့ရတဲ့နည်းနဲ့ ၀င်မယ်ဗျာ...”
ဂျိမ်းစ်ကျော်ကြီးက စိတ်ဝင်စားသွားဟန်ဖြင့်.
“ဘယ်လိုဝင်မှာတုန်း.. မိုးပျံပြီးဝင်မှာလား.. မလွယ်ဘူးနော်..ရေဒါတွေနဲ့.. မတော်တရော် ...အောက်က အပစ်ချခံလိုက်ရလို့ ၂နိုင်ငံဆက်ဆံရေး ပိုဆိုးသွားမယ်..”
“အဟတ်.. ခင်ညားက မိုးပျံဖို့ပဲ စဉ်းစားနေတာကိုး. မြေလျှိုးလို့လဲ ရသေးတာပဲလေ..”
“ဘယ်လိုဗျ.. မြေ..မြေလျှိုးမယ် ဟုတ်စ..”
“ဟုတ်တယ်.. ကဲပြောနေကြာတယ်.. ကျွန်တော့်ကို မြေတွင်းတူး ပညာရှင် မီထရို ရှိမယ့်နေရာကို စတလိုက်က ရှာပေးပါအုံးဗျာ. သူက အ၀ိဇိတွင်းတွေလဲ လိုက်တူးနေတဲ့သူ မြေကြော တအားနပ်တာ...”
“အဟား ဟုတ်တယ် ဒီအကြံ မဆိုးဘူး ခဏလေး..တိုလီ..”
ဂျိမ်းစ်ကျော်ကြီးလဲ သူ့ကွန်ပြူတာမှ မီထရိုရှိမယ့် နေရာကို စုံစမ်းလိုက်ရာ..
“အင်းတွေ့ပြီ... ဟိုက်.. မင့်.လူက နေ့ခင်း ကြောင်တောင် ကာစီနိုကလပ်ထဲရောက်နေတယ်ဗျ.. ရွှင်ပျော်ပျော် ကလပ်မှာ..”
“ဟုတ်လား.. ကျေးဇူးပဲဗျာ..”
ထို့နောက် ကျွန်တော်က ကြောင်မျိုးဘက်သို့ လှည့်ကာ
“ကဲ မစ္စတာ ကြောင်ရေ.. ရွှင်ပျော်ပျော်ကို ယွန်းကြတာပေါ့..”
ဆက်ရန်
Posted in
Labels:
Novel
|
Friday, May 01, 2009
အခန်း(၈)
“အတုလ ကျောင်းတော်”
ကြီးမား ကျယ်ပြန့်လှသော ကျောင်းဝင်းနံရံကြီး ရှေ့သို့ အရောက်တွင် ကျွန်တော်တို့ နှစ်ယောက် ရပ်တန့်လိုက်ကြသည်။ ကျောင်းတော်ကြီး၏ ၀င်ပေါက်ဟု ထင်ရသော ဆိုင်းဘုတ်၏ အောက်တည့်တည့် တွင်ကား စာတမ်း တခု ချိတ်ဆွဲထား၏။
“ဤနေရာတွင် အစစ်ဆေးခံပါ”
ကြောင်မျိုးက အသံပြုလိုက်သည်။
“ဗျို့... အန်နီးဘတ်ဒီ ဟီးယား..”
ပြောင်ချောနေသော နံရံဆီမှ မိုက်ခရိုဖုန်း ၂ခု ထွက်လာပြန်သည်။
“အသံစစ်ဆေး ခံပါ..” (ကွန်ပြူတာမှ အသံ)
လုံခြုံရေး စနစ်မှာ အလွန် တင်းကျပ်လှပြီး စနစ်ကျလှသည်။ ၎င်း မိုက်ခရိုဖုန်းသည် ကျွန်တော်တို့၏ အသံကို စစ်ဆေးပြီးနောက် ကွန်ပြူတာထဲမှ စာရွက်၂ရွက် ထွက်လာသည်။
“စုံထောက် ကြောင်မျိုး နှင့် တန်ပြန်ထောက်လှမ်းရေး အရာရှိ မင်းယွန်းတို့ ခင်ဗျား.. သင်တို့ရှေ့မှ နံရံကို သုံးချက်ခေါက်လိုက်ပါ”
စာရွက်ထဲမှ ညွှန်ကြားသည့် အတိုင်း ကျွန်တော်တို့ ၂ယောက်စလုံး နံရံကို ခေါက်လိုက်ကြသည်။ ထို့နောက် အထဲမှာ ကပ္ပိယ တဦးမှ တံခါးဖွင့်ပေးလေသည်။ သေဟဲ့ နန္ဒိယ..။ ကြောင်မျိုးက မကျေမနပ်နှင့် တီးတိုးပြောလိုက်သည်။
“ဟွန်း .. အစောကတည်းက ဟေ့ ဘယ်က လူတွေလဲလို့ တခါတည်း မေးလိုက်ပြီးရော... အပိုတွေလျှောက်လုပ်နေတယ်..”
ကပ္ပိယက မှင်သေသေဖြင့် မေး၏။
“ဆရာတော်နဲ့တွေ့ချင်လို့လား..”
ဟုတ်မှန်ကြောင်း ပြောလိုက်သောခါ ၎င်းက ကျွန်တော်တို့အား အထပ် ၅၀ခန့်ရှိ သာသနာပိုင် ကျောင်းတော်ကြီးအား ခေါ်သွားလေတော့သည်။ ကျောင်းတော်ကြီး၏ တံစက်မြိတ်အောက်သို့ အရောက်တွင် ..ကပ္ပိယကြီးက နံရံမှ ခလုပ်တခု နှိပ်လိုက်ရာ မြေပြင်ပေါ်မှ လေးထောင့် သဏ္ဍာန် အပြားတခု ပေါ်လာလေသည်။
“တယောက် အရင်တက်ပါ..”
“ဒါက ..ဘာတုန်း.. တက်ပြီး ဘာလုပ်ရမှာလဲ..”
“စပရင်း တွန်းပြားပဲ သွားချင်တဲ့ အထပ်ကို ခလုတ်နှိပ်လိုက်တာနဲ့ ကိုယ့်လူတို့ကို စပရင်းနဲ့ အပေါ်ကို တွန်းမြှောက်လိုက်လိမ့်မယ်..”
အမယ်လေး အသဲယား စရာပါလား။ အသဲယားသော်လည်း မလုပ်လို့က မဖြစ် ဆရာတော်နှင့် တွေ့မှ ဖြစ်မည်မို့ အရဲကိုးပြီး စပရင်းအပြားပေါ်တက်လိုက်သည်။ နံပါတ် ၂၀ကို နှိပ်လိုက်သည်နှင့် တပြိုင် နက် ၀ှီးကနဲ အပေါ်သို့ အသဲအေးစွာ မြောက်တက်သွားသည်။ အထပ် ၂၀ ပြတင်းပေါက် တည့်တည့်သို့ ရောက်သည်နှင့် အတွင်းမှ ညှပ်ကြီးတခု က ရုတ်တရက် ဆွဲညှပ်ပြီး အတွင်းသို့ ဆွဲသွင်းသွား၏။ အောင်ညတ်လေး ညင်သာလိုက်တာနော်ဟင့်။ ကျွန်တော်နှင့် မရှေးမနှောင်းပင် ကြောင်မျိုးလဲ ထိုသို့ ရောက်လာ၏။
ထို့နောက် ညှပ်ကြီးက ထိုင်ခုံပေါ်သို့ အသာအယာ ပြန်ချပေး၏။ အခန်း၏ အနေအထားကို သေချာကြည့်လိုက်တော့မှ မျက်နှာကျက်ပေါ်တွင် ခေါင်းလောင်းများ တပ်ဆင်ထားသည် ကို တွေ့ရ၏။ လေတိုက်တိုင်း ထိုခေါင်းလောင်းလေးများ တညီတညာ တည်း မြည်နေကြသဖြင့် နားထောင်လို့ပင် ကောင်းနေသေးတော့သည်။ ခဏနေတော့ ရိပ်ခနဲ တွေ့လိုက်ပြီး ကျွန်တော် တို့ရှေ့တွင် ဆရာတော်ကြီး ဦးကုမာရ ရုတ်ခြည်း ပေါ်လာလေသည်။
“ကိုင်းဒကာတို့ ဘာကိစ္စရှိသလဲ ကျုပ်လောကီ ကိစ္စတွေ စွန့်ပယ်ထားတာ ကြာပြီ။ အခုတော့ ဒကာတို့က နိုင်ငံတော် တာဝန်နဲ့ လာပုံရတယ်။ အချိန် ၁၀မိနစ် ပေးနိုင်တယ်။”
ဆရာတော်ကြီးက ခပ်တိုတိုပင် မိန့်လေသည်။
“ဒီလိုပါ ကီးစိန် ဆိုတဲ့ သူက ဒီအတုလ ကျောင်းတော် က ထွက်တယ်လို့ သိရပါတယ်။ အဲ့ဒါ သူ့ကိုယ်ရေး အချက်အလက်လေးတွေ လိုချင်လို့ပါ ဘုရား”
ဆရာတော်ကြီး ဦးကုမာရက တစုံတခု အလေးအနက် စဉ်းစားနေပြီး..
“အိမ်း.. ကျုပ်လဲ ကြားတယ် ဒကာတို့ ကီးစိန် အတော် သောင်းကျန်းဆိုးသွမ်းနေတယ် ဆိုလားပဲ။ ဟုတ်တယ် ကီးစိန်က ဒီကျောင်းတော်က ထွက်သွားတဲ့ သူပဲ။ ဒါပေမယ့် သူ့နာမည် အရင်းက ကီးစိန် မဟုတ်ဘူး။ သူ့နာမည် အရင်းက ဖိုးသူတော်တဲ့။ ဒီကျောင်းမှာ လက်တိုလက်တောင်း ခိုင်းတာ ပေါ့ကွယ်။ အင်း.. အပေါင်းအသင်းပေါ့ .. အပေါင်းအသင်း မှားတာပေါ့။ ဦးဇင်း အတန်တန် ဆုံးမပါရက် ဟို ဗိုက်ပူပူ ကောင် လူမိုက်လိုလို ဥပဓိရုပ်နဲ့ ဗိုလ်ဝ ဆိုလား စိုးဇီယျ ဆိုလား အဲ့ဒိကောင်တွေနဲ့ သွားပေါင်းတာကိုး...။ ဒါနဲ့ သူက အဆွယ်ကောင်း ပြီး ဝေါ့ပရက်စ် နိုင်ငံမှာ ဂဟေ သွားဆော်မယ် ဆိုလား ပြောပြီး ဒီက ထွက်သွားတာပဲ။ ကြာပါပြီ ကြာလှပေါ့.. ၁၀နှစ်လောက်တောင် ရှိရော့မယ်.. ကဲကဲ.. တာဝန်ရှိသူတွေက တောင်းတယ် ဆိုတော့လဲ ပေးရတာပေါ့ ဘယ်သူမပြု မိမိမှု ပေါ့ ဒကာတို့ရယ် ခဏလေးစောင့် ဦးဇင်း ဒေတာဘေ့စ်ထဲက ရှာပေးမယ်။”
တရားဓမ္မနှင့် မွေ့လျော်သော ပုဂ္ဂိုလ်ပီပီ အရာရာ တရားဖြင့် သုံးသပ် ရှုမြင်လေ၏။ ထို့နောက် ဦးကုမာရသည် ကွန်ပြူတာထဲမှ ကီးစိန် ခေါ် ဖိုးသူတော်၏ အချက်အလက်များကို chip ထဲ ကော်ပီ ကူးပေးနေလေ၏။
“ကဲကဲ..ဒါ.. ဖိုးသူတော်ရဲ့ အချက်အလက်တွေပဲ... သူငယ်စဉ်က ကျောင်းကို ဘယ်လိုရောက်လာတယ်။ သူ့ပေါင်မှာ မှဲ့ဘယ်နှလုံးရှိတာက အစ မမြင်ကွယ်ရာမှာ ၀ဲတွေရှိတာ အဆုံး ကိုယ်ရေး အချက်အလက် အစုံအလင်ပါတယ်ကွယ့် သင့်တော် သလိုသာ သုံးလိုက်ကြပါ..”
၁၀ မိနစ်ပြည့်သွားပြီမို့ ကျွန်တော်တို့လဲ အလိုက်သိစွာနှင့် အောက်သို့ ဆင်းရန် ပြင်ကြသည်။
“အော်.. မင်းတို့ ဖိုးသူတော်ကို ဖမ်းဖို့ အခက်အခဲရှိရင် သူ့ဆရာ မယ်တော် န၀င်းစနေ ကိုသွားရှာပါ..”
ဦးကုမာရက ကျွန်တော်တို့ ဆင်းခါနီး လှမ်းသတိပေးလိုက်သည်။ အော်.. သိုင်းလောကတွင် လွန်စွာမှ နာမည် ကြီးလှသော သိုင်းမယ်တော်ကြီး န၀င်းစနေ က ကီးစိန်ရဲ့ ဆရာကိုး။ ထို့နောက် ကျွန်တော်တို့သည် ပြတင်းပေါက်နှင့် ကပ်လျှက် တိုင်ကို ဖက်၍ လျှောတိုက် ဆင်းလာကြလေ၏။ အော်.. အတော် ကပ်သီးကပ်သက် နိုင်တဲ့ ဗိသုကာပါလားနော်။ အတုလ ကျောင်းတော် အပြင်ဘက်သို့ ရောက်သော် ဖုန်းသံမြည်လာ၏။
“တွီ..တွီ..”
“ခင်ဗျာ.. ကျွန်တော် မင်းယွန်းပါ။ ဝေ... ဟုတ်လား..။ အင်းအင်း.. သိပ် စိတ်ပူ မနေပါနဲ့ ချစ်ရာ..။ အင်းအင်း . စိတ်ချ.. ကိုယ့်တာဝန်ထားပါ။ အင်း လျှောက်ဆော့ နေတာ ဖြစ်ပါလိမ့်မယ်။ အိုကေ လုံးဝ စိတ်ချ ... ဘာမှ မဖြစ်စေရဘူး တွေ့တာနဲ့ လာပို့ပေးမယ်..ကေကေ..ဘိုင့်”
ကျွန်တော့် အသဲယေးဆီမှ ဖုန်းဖြစ်သည်။ သူ့မောင်လေး အိမ်မှ ပျောက်သွားသည်ကို စိတ်ပူ၍ ဖုန်းဆက် ခြင်းဖြစ်သည်။ အင်တာနက် သုံးနေရင်းနှင့် uploader စက်နားက ပျောက်သွားသည်ဟု ယူဆရကြောင်း၊ စက်အနီးတွင် ဖိနပ် တဖက်ပင် ကျွတ်ကျန်ခဲ့သည်ဟု ပြောသည်။
ထို့နောက် မက်စိ တခု ထပ်ဝင်လာလေသည်။ ဌာနမှ ပေးပို့သော မက်စိဖြစ်သည်။ ကီးစိန် ကလေး တယောက်ကို ပြန်ပေးဆွဲသွားသည် ဆိုသော သတင်း ဖြစ်သည်။ ဌာန၏ မေးလ်ကို စာပို့ထားခြင်း ဖြစ်ပြီး ကျွန်တော့်အား ရည်ရွယ်၍ ထိုသို့ ပြုလုပ်ခြင်း ဖြစ်သည်ဟု ပြောလေသည်။ ဟင် ဒါဆို.. ယောက်ဖလေးကို ပြန်ပေးဆွဲသွားတာပါလား..။
+++++++++++
အခန်း(၉)
အတုလ ကျောင်းတော်မှ အပြန်တွင် ၀င်လာသော ဖုန်းကြောင့် လမ်းတလျှောက်လုံး အတွေးများဖြင့် နစ်မျော နေမိသည်။ မျောက်လောင်းလေးအား ဖမ်းခေါ်သွားသော ကီးစိန်ကို မည်သို့ သဲလွန်စ ရှာရမည်နည်း။ သို့သော် ကျွန်တော့် အထင်တော့ ကီးစိန် တကွက် မှားသွားပေပြီ။ မျောက်မူးလဲလေးအား ဓါးစာခံ အဖြစ် ခေါ်သွားခြင်းမှာ မဟာအမှား ဖြစ်ကြောင်း မကြာခင် သိလိမ့်မည်။
“ခန္ဓာကိုယ်ကို အသင့်ပြင်ထားဗျို့.. အိမ်ထဲရောက်တော့မယ်..”
ကြောင်မျိုး သတိပေးတော့မှ အသိဝင်လာသည်။ ဒီတခါတော့ ကျွန်တော်တို့ ဆက်သွယ်ရေးလမ်းကြောင်း လုံခြုံရေးကြောင့် ဆဲလ်များအား encrypt မလုပ်တော့ပဲ အကောင်အထည် လိုက်သွားခြင်း ဖြစ်သည်။ လမ်းကြောင်းတခု ပျက်စီးစေအုံးတော့ တကိုယ်ရေသုံး လမ်းကြောင်းကို ကိုယ်ပိုင် ရွေးချယ်ခွင့် ရှိသွားသည်။ မရှေးမနှောင်းမှာပင် ကြောင်မျိုးက downloder စက်မှ အရင်ကျပြီး ကျွန်တော်က နောက်မှ လိုက်ကျလေသည်။
“ဟင်ကြောင်မျိုး ချက်ချင်းကြီး ဘယ်ပျောက်သွားပါလိမ့်..”
“ငြိမ်ငြိမ်လေး နေလိုက်ပါ.. မစ္စတာ တိုလီ”
နားထင်ကို သေနတ်ဖြင့် အတေ့ခံရကာ ကီးစိန်၏ အသံထွက်ပေါ်လာခြင်း ဖြစ်သည်။ ကျွန်တော့် အိပ်ခန်း အခြေအနေကို ကြည့်လိုက်တော့ ကျွန်တော်တို့ မလာခင်ကတည်းက မွှေနှောက် ထား ဟန်ဖြင့် တခန်းလုံး ပွရှုပ်နေလေတော့သည်။ ကြောင်မျိုးမှာ မူ နဖူးကို သေနတ်ဖြင့် အထုခံရပုံရပြီး မှောက်နေလေသည်။ ထိုစဉ် အိပ်ခန်းထဲမှ နောက်တစ်ယောက် ထွက်လာ၏။ ထိုသူ၏ လက်တဘက်တွင် hard disk တလုံးနှင့် နောက်တဘက်တွင်ကား တုတ်ထိုး ထားသော အကင်တခုအား စားလျှက်
“ဒေတာတွေ ကူးနေရင် ကြာနေမှာစိုးလို့.. hard disk လိုက်ပါ ဖြုတ်လာတယ်... ဟဲဟဲ”
ကီးစိန်က
“အိုကေဗျာ.. အဆင်သင့်တယ်... ဒီမယ် တိုလီ ခင်ဗျား ကျုပ်အချက်အလက်တွေကို လိုက်စုဆောင်းနေတယ် ကြားတယ်.. အဟတ်ဟတ် ဘယ်လောက် စုံမစုံ သေချာကြည့်လိုက်အုံးမယ်...ဗျာ.. ဟင်းဟင်း..”
ကျွန်တော်လဲ ကီးစိန်ကို စူးစိုက်စွာ ကြည့်ရင်း
“ယူသွားပါဗျာ... အဲ့ဒိ hard disk ထဲက ဒေတာတွေက ဟဲဟဲ.. အတုလကျောင်းတော်ရဲ့ ဒေတာဘေ့စ်ထဲက အချက်အလက်တွေ လောက်မစွံပါဘူး..ဗျာ..”
အတုလဆိုသော စကားကို ကြားလိုက်ရသောအခါ ကီးစိန်၏ ယခင်ကတည်းက ဖြူဖတ် ဖြူရော် မျက်နှာသည် သွေးမရှိတော့ သကဲ့သို့ ဖြစ်သွား၏။ ကီးစိန် တွေဝေ သွားသော အခိုက်အတန့်အား ကျွန်တော်က ပိုင်နိုင် စွာ အသုံးချလိုက်သည်။ ကျွန်တော် ကျောဘက် မျက်စောင်းထိုးရှိ ကွန်ပြူတာကို လေသံဖြင့် တိုးတိုးလေး အမိန့်ပေးလိုက်သည်။
“လက်နက်တခု အမြန်ဒေါင်းလုပ်..ဆွဲ...”
“ဂလောက်..”
အသံကြောင့် ဒညင်းသီးစားနေသော ပုဂ္ဂိုလ်နှင့် ကီးစိန်တို့ ၂ဦးစလုံး ပြန်လည် သတိဝင်လာကြသည်။ သို့သော် သူတို့အနည်းငယ် နောက်ကျသွားလေပြီ။ downloader စက်မှ လက်နက်ဖြင့် သူတို့ကို ချိန်ထား လိုက်သည်။ ဟိုက်သေစမ်း. ကျွန်တော့်လက်ထဲမှ ဒေါင်းလုပ်ဆွဲလိုက်သော လက်နက်ကြောင့် စိတ်ညစ် သွားမိသည်။ လက်နက်က Y ပုံသဏ္ဍာန်ရှိသော လေးခွ ဖြစ်နေသော ကြောင့်ပင်။ ကျွန်တော် နောက်ကို လှည့်မကြည့်ပဲ ကွန်ပြူတာကို ကျိန်ဆဲလိုက်သည်။
“သေချင်းဆိုးကွန်ပြူတာ လက်နက်ဆွဲပါဆို.. လေးခွကြီးဆွဲတယ်..”
“ဆောရီးပါ.. မစ္စတာ အသံယူနီကုဒ်ကို ရုတ်တရက်ဆိုတော့ ဇော်ဂျီလား၊ မိုင်မြန်မာလား ဝေခွဲမရ ဖြစ်နေတာနဲ့ အမြန်ဆုံးစဉ်းစားမိတဲ့ ဟာ ဒေါင်းလုပ်ဆွဲလိုက်တာပါ.”
“တယ်လေ...”
ကျွန်တော်က ကွန်ပြူတာနှင့် အချေတင် ပြောနေရင်း လေးခွဖြင့် ကီးစိန်နှင့် ဒညင်းသီးပုဂ္ဂိုလ်အား တလှည့်စီ ချိန်ထားရ၏။ ၎င်းတို့ကလဲ ကျွန်တော့်ကို လေဆာသေနတ်များဖြင့် ၀ိုင်းချိန်ထားကြ၏။ အဲဒွတ်ခပဲ လေးခွဆိုမှ လောက်စာလုံး မရှိပဲ ဒီလေးခွကို ဘယ်လိုပစ်ရပ။ ကျွန်တော် ဘာတွေးလိုက်သည်ကို ၎င်းတို့ ၂ယောက်က ရိပ်မိဟန်ဖြင့် ပြိုင်တူ ပြုံးလိုက်ကြသည်။ ကျွန်တော့်အား ၀ိုင်းဗျင်းရင် အနီးသို့ ချဉ်းကပ်လာကြတော့သည်။ ညက်ချွာဖရား...။
“ခွ...အလယ်ကို... ဖိတွန်းလိုက်..”
ကြောင်မျိုးက လဲနေရာမှ ရုတ်တရက် သတိထပေးသည်။ ကျွန်တော်လဲ မဆိုင်းမတွပင် လေးခွအလယ်ကို ဖိတွန်းလိုက်ရာ လေးခွ၏ ဂွထိပ်များ ဆီမှ ကျည်ဆန်များ ထွက်လာလေတော့သည်။
ရမ်းသမ်းပြီး ပစ်လိုက်ရာ ခုန်ရှောင်လိုက်သော လက်မရွံမျက်စိ၏ ခေါင်းပေါ်မှ ကျော်ပြီး နံရံကို ပြန်ကန်ကာ ကီးစိန်၏ နားရွက်အဖျားနား ကပ်၍ သွားမှန်လေတော့သည်။
“ဟိုက် တေ့လွဲလေး မရှောင်ရင် လွတ်တာကိုး..”
ကီးစိန်က ရေရွှတ်လိုက်ပြီး သူ့ခါးကြားမှ တစုံတရာ ထုတ်လိုက်သည်။
“၀ုန်း... မလှုပ်နဲ့..”
ဆိုက်ဘာလုံခြုံရေး အဖွဲ့များ downloder စက်မှ တပြိုင်နက်တည်း ထွက်လာကြ၏။ ကီးစိန်တို့ ၂ယောက်အား ၀ိုင်းထားကာ လေဆာသေနတ်များဖြင့် ချိန်ထားကြသည်။ ကီးစိန်သည် ရုတ်တရက် ဆိုသလိုပင် အလုံးကလေး တခု ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်...ထို့နောက် အ၀ါရောင် သဏ္ဍာန်လေး တခုအား လှုပ်သွားသည်။
“ပလုပ်တုတ်..”
“ခွမ်း...ခွမ်း..”
ကျွန်တော်တို့အားလုံး နားထဲမှာ စီကနဲ အသံများ ပေါ်လာပြီး ကီးစိန်လက်ထဲက ပလုပ်တုတ်သည် အသံလှိုင်းနှင့် လျှပ်စစ် ကြိမ်နှုန်း ထုတ်သော စက်ဖြစ်ပုံရကာ ၎င်း လှုပ်ရမ်းလိုက်သော ပလုပ်တုပ် အသံကြောင့် အိမ်အခန်းထဲရှိ ကွဲစရာ များ ထပေါက်ကွဲကုန်တော့သည်။ ထို့နောက် ကီးစိန် နှင့် လက်မရွံ့မျက်စိတို့သည် လက်မတင်လေး လွတ်မြောက်သွားလေတော့သည်။ ဆိုက်ဘာလုံခြုံရေး အဖွဲ့ခေါင်းဆောင်က မကျေမချမ်းဖြင့် တိုင်းထွာရေရွတ်ကျန်ခဲ့လေ၏။
ဆက်ရန်...
Posted in
Labels:
Novel
|
Wednesday, February 25, 2009
အခန်း(၆)
လွန်စွာကြီးမားသော ဂိုဒေါင်ဟောင်းကြီး တလုံးထဲဝယ် ခပ်မှိန်မှိန် မီးချောင်းအောက်ရှိ ကုတင်လေးပေါ်တွင် လူအများ စုဝေးကာ ဖဲရိုက်နေကြလေ၏။ မည်မျှဝိုင်းကောင်းနေသည် မသိ ၎င်းတို့သည် ပတ်ဝန်းကျင်ကိုပင် မေ့လျော့နေဟန်ရှိ၏။ အပြင်ဘက်တွင်ကား မိုးများ သည်းထန်စွာ ရွာသွန်းနေသဖြင့် ထိုဂိုဒေါင်ကြီး၏ ခေါင်မိုး တခုလုံးသည် ပွက်လောညံနေလေတော့သည်။
“ကဲကဲ.. အကုန်ဖမ်းတယ်ကွာ...ဒိုင် ၈ရှိတယ်.. သုံးချပ်အိမ်တွေ အကုန်ချ...”
ဒိုင်နှင့် အနီးဆုံးတွင် ထိုင်နေသော ကိုးပွင့်သော အိမ်မှလွဲ၍ ကျန်သူများသည် ရှုံ့မဲ့စွာဖြင့် ဖဲချပ်များကို ၎င်းတို့ရှေ့သို့ ပစ်ချလိုက်ကြသည်။
“အောင်မယ်.. အေဘေးတွေ.. မင်းတို့စားကလှည့်တုန်းကတော့.. ပြုံးလို့. ပေးရမယ့် အလှည့်ကျတော့ မျက်နှာတွေက ရှစ်ခေါက်ချိုးနဲ့... ငါထပြီး..နားရင်းတီးလိုက်ရ...”
ဒိုင်ကိုင်သောသူက အားလုံး၏ ခေါင်းဆောင်ဖြစ်ဟန်ရှိကာ ထိုးသားများကို မာန်မဲနေ၏။
“ဂျိုင်း...”
“ဟဲ့...ပလုပ်တုပ်”
ရုတ်တရက်ဆိုသလို ဂိုဒေါင်တံခါးကြီးသည် ပွင့်အံလာ၏။ တံခါးတွင်တော့ အပြင်ဘက်က လျှပ်ပန်းများကြောင့် ကုဒ်အကျီရှည်နှင့် လူတစ်ယောက်အား တွေ့သော်လည်း မည်သူမည်ဝါဆိုသည်ကို မသဲကွဲပေ။ ဖဲဝိုင်းမှ လူတစုသည် ချက်ချင်းပင် ခါးကြားမှ လေဆာ သေနတ် များဖြင့် ထိုသူအား ၀ိုင်းဝန်းချိန်ထားလိုက်ကြလေသည်။
ခေါင်းဆောင်လုပ်သူက...
“ဟေ့ကောင် ရပ်လိုက်စမ်း... မင်းရှေ့မတိုးခင် ...မင်းဘယ်သူလဲအရင်ပြော.. မဟုတ်လို့ကတော့.. နောက်လှမ်းမယ့် ခြေတလှမ်းဟာ မင်းရဲ့ သေရွာကို သွားမယ့် ခြေလှမ်းဖြစ်သွားမယ်...”
သို့သော် ကုဒ်အင်္ကျီရှည်နှင့်လူက ဘာကိုမှ ဂရုမူပုံ မပေါ်ပဲ ဂိုဒေါင်ထဲသို့သာ အထုပ်တထုပ် ထမ်းကာ ၀င်လာ၏။ လွန်စွာမှ ရဲတင်းလွန်းလှသော ထိုသူ၏ အပြုအမူကြောင့် သေနတ်နှင့် ချိန်ထားသော လူတစုသည် မပစ်သေးပဲ အခြေအနေကို စောင့်ကြည့်နေကြသည်။ ထို့နောက် တံခါးအနီးတွင်ရှိသော ခြေတံရှည် စားပွဲပေါ်သို့ အထုပ်ကို တင်လိုက်ပြီး ဦးထုပ်ချွတ်လိုက်ရာ...
“ဟာ..ကီး..ကီးစိန်ပါလား..ခင်ဗျား..ကီးစိန်မှတ်လား...”
ကီးစိန်က ဘာမှပြန်မဖြေသေးဘဲ ခုံပေါ်က အထုပ်ကို ဖြေချလိုက်သည်။ ထိုအထုပ်ထဲတွင် အသက် ၆နှစ်ခန့်သာ ရှိသေးသော ကလေးငယ် တစ်ယောက်အား တွေ့ရလေသည်။ ကုဒ်အကျီ အိတ်ထဲရှိ စီးကရက်ဘူးကို ထုတ်ပြီး စီးကရက်တလိပ် မီးညှိလိုက်ပြီးမှ...
“ဟုတ်တယ် ကျုပ်ကီးစိန်ပဲ.. ဒီငတိလေးကို ခင်ဗျားတို့ ဆီမှာ ခဏထားခဲ့မယ်...”
နာမည်ကြီး လူဆိုးကြီး ကီးစိန်ကို အရှင်လတ်လတ်ကြီး တွေ့လိုက်ရသဖြင့် လူဆိုးခေါင်းဆောင်လဲ ယောင်နနဖြစ်နေ၏။
“အင်း..အဲ...ဟို..”
“ဘာလဲ.. လက်မခံချင်ဘူးလား...မင်းတို့ကို ငါ အလကား မခိုင်းပါဘူး.. ရော့ယူထား..”
ကီးစိန်က လူစု၏ ရှေ့သို့တိုးလာပြီး ခေါင်းဆောင်လုပ်သူ၏ လက်ထဲသို့ အထုပ်လေး တထုပ် ပေးလိုက်သည်။
ကီးစိန်ပေးသော အထုပ်ကို လှမ်းယူပြီး ဖြေလိုက်ရာ အထဲတွင် အရောင် တလက်လက် ထနေသော ဒင်္ဂါးပြားများကို တွေ့ရ၏။
“အဲ... ဒီကလေးက ဒီလောက်တောင် တန်ဖိုးရှိလား..ဒီငတိလေးက ဘယ်သူမို့လို့လဲ..”
“မမေးနဲ့.. ကောင်းကောင်းသာ စောင့်ရှောက်ထား.. နောက်၂ရက်နေရင် ငါပြန်လာခေါ်မယ်.. တခုခု လွဲချော်ခဲ့ရင်တော့...ဟင်းဟင်း.. အကုန် နားကားပြီသာမှတ်...”
“ခင်ညာ..ဟုတ်..ဟုတ်ကဲ့..”
သို့နှင့် ကီးစိန်သည် ဂိုဒေါင် တံခါးဝဆီမှ သည်းထန်နေသော မိုးပေါက်များ အတွင်း ၀င်ရောက် ပျောက်ကွယ်သွားလေတော့သည်။
“ဗြဲ..”
လူဆိုး တယောက်က ဆိုင်းမဆင့် ဗုံမဆင့် ထအော်ငိုလေ၏။
“ဟေ့ကောင် တာတီး. ဘာဖြစ်တာလဲဟ”
“အီးဟီးဟီး. ကီးစိန်ရဲ့ ဒင်္ဂါးတွေကို မြင်တော့ ဆုံးသွားတဲ့ ကျွန်တော့် ရည်းစားကို ၀ယ်ကျွေးဖူးတဲ့ ချောကလက်ပြားလေးတွေကို သွားသတိရလို့ပါ.. ဆရာရယ်..ဗြဲ..”
“အာ ..ငါလခွေး.. ကီးစိန်လာလို့ လန့်နေရတဲ့အထဲ.. အလန့်ထညက် ဖြစ်အောင် လုပ်တဲ့ကောင် ကိုင်းဟာ..”
“ဖုံး...”
ခေါင်းဆောင်လုပ်သူက သောက်ညင်ကပ်ကပ်ဖြင့် ဆောင့်ကန်လိုက်ရာ တာတီးဆိုသူသည် ကုတင်အောက်သို့ ခေါင်းနှင့် ပြုတ်ကျသွားလေတော့သည်။
+++++++++++++++++
အခန်း (၇)
မြေ၀ါကုန်း...။ ကျွန်တော်တို့ ရောက်ရှိသွားတော့ ရွှေမန်းရုံနှင့် မျက်စောင်းထိုးနားတွင် များပြားလှသော လူအုပ်ကြီးနှင့် ရဲယာဉ်ပျံများကို တွေ့ရ၏။ သတင်းဌာနများကလဲ ကင်မရာများ ပလူပျံနေအောင် ရိုက်ကူးနေ၏။ ကျွန်တော်နှင့် ကြောင်မျိုးသည် လူအုပ်ကြီးကို တိုးဝှေ့သွားတော့ လုံခြုံရေး စည်းများ တားထားသည်ကို တွေ့ရပြီး ရဲများ စောင့်ကြပ်နေကြ၏။
“ဒီနေရာက ကျော်ပြီး ၀င်လို့မရပါဘူး..”
ရဲသား တယောက်က ကျွန်တော်တို့ ရှေ့တိုးမည် အပြုတွင် လာရောက် တားမြစ်နေခြင်း ဖြစ်သည်။ ကျွန်တော်က 11G ဖုန်းထဲမှ အရာရှိ e card ကို ပြလိုက်သည်။
“လေးစားပါတယ်.. ၀င်လို့ရပါပြီ.. ဆရာ”
“ဒါနဲ့ ကျုပ်မိတ်ဆွေ ဘလာဂေါက်ကို တွေ့မိသေးလားဗျ..”
“ဟုတ်.. တွေ့ပါတယ်.. ဟိုဘက်မှာ ရပ်ထားတဲ့ ယာဉ်ပျံပေါ်မှာပါ..”
ဘာတွေများ ဖြစ်လို့ လူတွေ ဒီလောက် မိုးရွာထဲမှာ အုံခဲပြီး ကြည့်နေကြပါလိမ့်။
သို့နှင့် ကျွန်တော်တို့လည်း ရဲသား ညွှန်ပြသော ယာဉ်ပျံဆီသို့ လျှောက်သွားကြ၏။ ၎င်းယာဉ်ပျံဆီသို့ ရောက်လျှင် ယာဉ်ပျံပေါ်၌ ကျွန်တော့်စိတ်ထင် အလွန်အလုပ်များလျှက်ရှိမည် ထင်သော မိတ်ဆွေကြီး ဘလာဂေါက်သည် နှစ်ခြိုက်စွာ အိပ်မောကျနေသည်ကို တွေ့ရလေသည်။
“ဟေ့လူ...ဒီမှာ ..ဘာလို့အိပ်နေတာတုန်း..”
အံမယ် ကိုယ့်လူကို နှိုးလိုက်တော့ ၀ီစကီ အနံ့ခပ်လွင်လွင်ကို ရလိုက်၏။
“အင်း..အဲ.. အော်.. တိုလီတို့ရောက်လာပြီကိုး.. ကျုပ်လဲ ခင်ဗျားတို့ကို စောင့်ရင်း..မိုးကလဲရွာ... ရာသီဥတုကလဲ.. ကိုယ့်ဘက်ပါနဲ့ ... အဟတ်.. နှပ်နေတာလေ..”
“ဟဲဟဲ..ဖြစ်ရမယ်.. ဒါနဲ့...ဒီမှာ ဘာတွေဖြစ်နေတာတုန်းဗျ..”
“ဒီလိုလီလီရေ.. ဆက်သွယ်ရေး လမ်းကြောင်းကို ကြားဖြတ် နှောင့်ယှက်ခံရတယ် ထင်တယ်.. နှာခေါင်းတွေ၊ နားရွက်တွေ...၊ ခြေထောက်တွေ သက်သက် ကြားဖြတ် ဒီနားက ဆက်သွယ်ရေး ၀ိုင်ယာက နေ ရှော့ခ်ဖြစ်ပြီး ပြုတ်ကျလာတာ..”
“ဟင်ဟုတ်လား...ဒါမျိုးဖြစ်ခဲပါတယ်.. တော်တော်ဆိုးတာပဲ... အထိအခိုက် တော်တော်များလား.. လမ်းကြောင်း ဘယ်နှခု ထိသွားတယ်တဲ့လဲဗျ..”
“များတော့ များမယ်... အခုထိတော့ cyber security တွေက လိုက်လံစုံစမ်း နေတုန်းပဲ..လီလီရ.. အွန်လိုင်း ခရီးသွားနေတဲ့ သူတွေကိုတော့ သတိဝီရိယနဲ့ သွားဖို့ တပ်လှန်ထားတာပဲ..”
ကြောင်မျိုးက ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း...
“ခန္ဓာဗေဒ ပြန်လည် တည်ဆောက်ရေး ဌာနကတော့ အလုပ်တော်တော် များမှာပဲ.. အင်္ဂါတွေ မှားမတပ်မိဖို့ တော်တော် စီစစ်ရမယ်...”
ကျွန်တော်တို့ စကားပြောနေစဉ် အတွင်း နောက်ထပ် ခရီးသွားသူ တယောက် လမ်းကြောင်း ပြောင်းပြီး ရောက်လာပုံရ၏။ ဒီတခါ ရောက်လာသူမှာ လူတကိုယ်လုံး ဖြစ်သည်။ ထို့ပြင် အမျိုးသမီး တဦးဖြစ်ပြီး ည၀တ် ဂါဝန် ဖားယားကြီးနှင့် ဖြစ်သည်။
“ဟိုက်.ဒါ ကျုပ်တို့ ဘဏ္ဍာရေးမှူးကြီး ဒေါ်ပိန်ဂိုးလ်မှတ်လား..”
ဒေါ်ပိန်ဂိုးလ်မှာ သူလုံးဝ မထင်မှတ်ထားသော နေရာကို ရောက်လာသည့်အပြင် လူများအုံနေပြီး သတင်းသမားများ အလယ်တွင် ရောက်ရှိသွားရာ တောင်ပြေးရမလို မြောက်ပြေးရမလို ကြောင် အမ်းအမ်း ဖြစ်နေရှာသည်။ ကျွန်တော်လဲ ပိန်ဂိုးလ်ကို လူအုပ်ကြားထဲမှ ယာဉ်ပျံဆီသို့ ခေါ်လာခဲ့ရသည်။
“ဟဲ့..ဟဲ့..လုပ်ကြပါအုံးဟဲ့.. ဘာတွေဖြစ်ကုန် တာတုန်း...နားတောင် မလည်တော့ဘူး.. ငါက ပန်ပန်တို့ အိမ် ကိုးရီးယားကား သွားကြည့်မလို့..သွားတာ.. ဘယ်နှယ် ဖြစ်လို့ ဒီနေရာ ရောက် လာတာတုန်း.. အိအိ ငါ့ရဲ့ မိုးပျံပူဖောင်း အ၀တ်အစားကြီးနဲ့ မလှမပ သတင်းစာတွေမှာ ပါတော့မှာပဲ..”
အကျိုးအကြောင်းကို ရှင်းပြပြီးနောက် ကျွန်တော်တို့လဲ ဘဏ္ဍာရေးမှူး ပိန်ဂိုးလ်အား ယာဉ်ပျံထဲရှိ ၀ိုင်ယာလက်စ် လမ်းကြောင်းဖြင့် ပန်ပန်တို့ အိမ်ကို ပို့လွှတ်လိုက်ကြလေသည်။
“မင်းကို မစ္စတာ ညက်လီဆင်းက တာဝန်ပေးထားတယ် မှတ်လား၊ ဒီကိစ္စ မင်းဘယ်လို ထင်လဲ..”
မိတ်ဆွေကြီး ဘလာဂေါက်က မေးစေ့ကို ပွတ်ရင်း တွေးတွေးဆဆနှင့် ကျွန်တော့်ကို မေးလိုက်သည်။
“ဘယ်လို ထင်လဲဆိုတော့ နှောင့်ယှက်ခံရတဲ့ နည်းနာနိဿယ ပေါ်မှာ မူတည်နေတယ်ဗျ..။ ဒါဟာ သမာရိုးကျ ခရီးသွားကုမ္ပဏီရဲ့ နည်းပညာ အမှားလား၊ ဒါမှမဟုတ် ကြားဖြတ်မှာ တယောက်ယောက် ၀င်နှောက်သွားတာလား ဆိုတာ သိမှ ဆုံးဖြတ်လို့ရမယ်.ဗျ..”
“အင်း.. ဒါဆို.. အကယ်၍ ဒုတိယ အချက် ဖြစ်မယ် ဆိုရင်ကော..”
“ဒုတိယ အချက်ဆိုရင်တော့ ဖြစ်နိုင်တာ ကီးစိန်ပဲရှိမယ်..၊ ဘာလို့လဲဆိုတော့ ဘလော့ကာ နိုင်ငံထဲက လူတွေရဲ့ လက်စလက်နက ဒါမျိုး မဟုတ်ဘူး..၊ သူတို့က ပိုက်ဆံအတွက်လုပ်တာ၊ ကီးစိန်ကျတော့ ပိုက်ဆံ အတွက်တင် မဟုတ်ဘူးဗျ၊ သူက ၀င်ရိုးစွန်းမိစ္ဆာ ဘလော့နိုင်ငံတွေနဲ့လဲ အဆက်အသွယ်ရှိတော့ ဒါ တမင်သက်သက် အကြမ်းဖက်လုပ်တာပဲ..”
“အင်း ..ဖြစ်နိုင်တာပဲ”
“ဒါဖြင့် ကျွန်တော်တို့ ကီးစိန်ရှိတဲ့ နေရာကို ထောက်လှမ်းရအောင်..ပြီးရင် တည်ချက်တခုနဲ့ ထောင်ဖမ်းမယ်ဗျ..”
ကြောင်မျိုးက စုံထောက်ပီပီ ကီးစိန်ကို အမိဖမ်းရန် သူ့အကြံကို ပြော၏။
“အင်း ..ကောင်းတယ်ဗျ...ဒါပေမယ့် လောလောဆယ် ကျွန်တော်တို့ သက်သေ မရှိသေးတော့ ဖမ်းဖို့ မလွယ်သေးဘူးဗျ.. တခြား ပြဿနာတွေ မဖြစ်မှီတော့ ကီးစိန်ရှိတဲ့ နေရာကို ထောက်လှမ်းဖို့ လိုလိမ့်မယ်..”
“အင်း..အကူအညီလိုရင်ပြောလေ...အဲ.. အားလုံးကို အားနာတယ်..အဟီး ကျွန်တော့် မိန်းမပေါ့.. အခုပဲ မက်စိပို့တယ် ... ထမင်းစားဖို့ စောင့်နေတယ်တဲ့.. အခုလာမစားရင် သွန်ပစ်လိုက်မယ်တဲ့... ဟီး..အချိန်လဲ လင့်နေပြီဆိုတော့...”
မစ္စတာဂေါက်က မက်စိဝင်လာသော သူ့ဖုန်းကို ကြည့်ရင်း အားတုံ့အားနာနှင့် ပြော၏။
“ဟဲဟဲ.. သဘောပေါက်ပါတယ်ဗျာ.. ကဲကဲ..နောက်မှ တွေ့တာပေါ့.. ဆီးယူဘိုင့်ဘိုင်ဗျာ”
မိတ်ဆွေကြီး ဘလာဂေါက်အား နှုတ်ဆက်လိုက်ကြပြီး ကျွန်တော်တို့လဲ ထိုနေရာမှ ပြန်လည် ထွက်ခွာ လာခဲ့ကြလေတော့သည်။
+++++++++++++++++++++
ဆက်ရန်...
Posted in
Labels:
Novel
|
Saturday, February 21, 2009
အခန်း(၃)
“ကျွန်တော်တို့... ပြည်သူတွေကို အထိတ်တလန့် မဖြစ်စေချင်ဘူး.. ဒီကိးစိန်လွတ်လာတဲ့ အကြောင်းကို မီဒီယာတွေ ပေါ်မှာ တစွန်းတစတောင် မပေါ်အောင် ခင်ဗျားကို တာဝန်ပေးလိုက်မယ်..”
မီးများ ခပ်မှိန်မှိန်ထွန်းထားသော အခန်းထဲတွင် ၀န်ကြီးချုပ် ညက်လီဆင်း က ကျွန်ုပ်အား အထူးထိပ်တန်း လျှို့ဝှက် ဆွေးနွေးနေခြင်း ဖြစ်သည်။
“ဒါက တော်တော်တော့ ခက်မယ်ဗျ..၊ ဒီနေ့ညနေဖြစ်သွားတဲ့ ကိစ္စမှာ BLog Time သတင်းဌာနက စားပွဲထိုး တယောက်ကို ဒီသတင်းနဲ့ ပတ်သက်ပြီး လှမ်းမေးတယ် ပြောတယ်..၊ ကျွန်တော် သူတို့ CEO မစ္စတာပွတ် ကိုဆက်သွယ်ပြီး ဒီသတင်းကို မရေးဖို့ အသိပေးထားပါတယ်။ တခြား ဘယ်သတင်း ဌာနတွေ သိသေးလဲ တော့ မသိဘူး”
ဝန်ကြီးက စားပွဲခုံပေါ်မှ ကော်ဖီတခွက်ကို သောက်လိုက်ပြီး
“ပျောက်ဆုံးနေတဲ့ ပတ်စ်ဝေါ့တွေကို ကီးစိန် ယူသွားတယ်ဆိုတာ ထင်ရှားနေပေမယ့် ၊ ဒီပြဿနာက ဒီလောက် မရိုးရှင်းဘူး ထင်တာပဲ၊ ကီးစိန်ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်အဖွဲ့တဖွဲ့ ရှိအုံးမယ်။ ပြီးတော့ ဝေါ့ပရပ်စ်နိုင်ငံဘက်ခြမ်းက ကျွန်တော်တို့လူ သတင်းပို့ချက်အရ ကီးစိန်မှာ ထူးဆန်းတဲ့ ပစ္စည်းလေး တခုပါတယ်တဲ့။ ရော့ ဒီမှာ တချက်ကြည့်ကြည့်လိုက်”
ဝန်ကြီးချုပ်က ဒစ်ဂျစ်တယ် စားပွဲပေါ်မှာ ဓာတ်ပုံဖိုင်ကို လက်ဖြင့် အသာတို့ထိ၍ ကျွန်တော့်ဘက်သို့ တွန်းပေးလိုက်သည်။ ဓာတ်ပုံထဲတွင် ရှေးဟောင်း ကလေးကစား စရာ အရုပ်နှင့် တူသော ပစ္စည်း တခု၏ ပုံဖြစ်သည်။ ထိုပုံ၏ အောက်တွင် စာတန်းထိုးထားသည်ကို ဖတ်ကြည့်လိုက်တော့ “ပလုပ်တုတ်”။
“အ၀ိုင်းပြားလေးမှာ ကြိုး၂စနဲ့ဆွဲပြီး အသီးလေးတပ်ထားတဲ့ ပလုပ်တုတ်လား။ ကျွန်တော် တခါ သမိုင်းပြတိုက်မှာ တွေ့ဖူးတာတော့ သူက လှုပ်ရင် ပလုပ်တုတ်. ပလုပ်တုတ်လို့ မြည်တယ်ထင်တယ်”
“အမှန်ပဲဗျ..။ ဒီပလုပ်တုတ် ကီးစိန်ဆီမှာ ပါလာတာတော့ သေချာပြီ။ ဒါပေမယ့် ဒီပလုပ်တုတ်က ဘာအစွမ်းထက်လဲ တော့မသိဘူးဗျ.။ ဒါပေမယ့် အကယ်၍ စွမ်းအားမြှင့် အဖျက်လက်နက်ဆိုရင်တော့ ကီးစိန်ဆီမှာ ရှိနေတာ အန္တရာယ်များတယ်။ ကျွန်တော်တို့ စပိုင်က ပြောတာတော့ ဒီပစ္စည်းဟာ ဝေါ့ပရပ်စ်ရဲ့ သိပ္ပံသုတေသန ဌာနက ပျောက်ဆုံးသွားတဲ့ ပစ္စည်းလို့ ပြောတယ်ဗျ။ အဲ့တော့ ဒီကိစ္စကိုပါ ထောက်လှမ်းဖို့ ကျွန်တော် တိုလီကို တာဝန်ပေးမယ်။ စီးကရက်အေးဂျင့်တွေဆီ လိုက် စုံစမ်းဖို့ လိုမယ် ထင်တယ်”
ဝန်ကြီးချုပ်က ထိုင်ခုံမှထ၍ တိုက်အောက်ဘက်ကို လှမ်းမျှော်ကြည့်ရင်း ပြောလိုက်၏။
“မှန်တာပေါ့ သူတို့က ဝေါ့ပရက်စ်ဘက်က စီးကရက်တွေကို ဒီဘက်ကို ခိုးသယ်နေတဲ့ အေးဂျင့်တွေပဲ။ သူတို့ဆီက သတင်းသဲလွန်စ ရနိုင်တယ်။ အင်းဒါဆို ကျွန်တော့်အတွက် အကူတယောက်တော့ လိုမယ်ထင်တယ်။”
“အိုကေ တိုလီ ခဏစောင့် အဲ့ဒိအတွက် အခုပဲ attachment တွဲပြီးလာဖို့ ခေါ်လိုက်မယ်။ ကွန်နက်ရှင် ကောင်းရင်တော့ အခု ခဏနေ ရောက်လာလိမ့်မယ်”
တိုက်အောက်ဘက်ရှိ ကားလမ်းမဆီသို့ ကျွန်တော် ငုံ့ကြည့်လိုက်၏။ လမ်းမပေါ်တွင် လူများ ကျွန်တော်တို့ အဆောက်အအုံရှေ့တွင် စုရုံးနေသည်ကို တွေ့လိုက်ရသည်။ မစ္စတာ ညက်လီဆင်းနှင့် မျက်လုံးချင်း အဓိပ္ပါယ် ပါပါ ကြည့်လိုက်ကြသည်။ သတင်းသမားတွေ ဘယ်က အနံ့ရလို့ ရောက်လာ ကြသည် မသိ။ ကျွန်တော်သည် uploader စက်ထဲမှ online ပေါ်သို့ ၀င်ရောက်ခဲ့ရလေတော့သည်။
+++++++++++++
အခန်း(၄)
အမှောင်ထုကား အဆမတန် ကြီးစိုးလျှက်ရှိ၏။ အရပ်ရှည်ရှည် နှင့် လူ တယောက်သည် ဒယီးဒယိုင်ဖြင့် လမ်းလျှောက်လာ၏။ ထိုသူ၏ လက်ထဲတွင် ဒညင်းသီးလေးများကို တုတ်ချောင်းဖြင့် ထိုးထားသော အကင်ချောင်းကို ကိုင်ထားသည်။ တုတ်ချောင်းရှိ ဒညင်းသီးကို စားလိုက် လမ်းဆက် လျှောက်လိုက် လုပ်နေ၏။ လမ်းအချိုးကွေ့ တခု အရောက်တွင် ထိုသူ၏ ရှေ့မှ ရုတ်တရက် လူ၂ယောက် ပေါ်ထွက်လာသည်။
“ရပ်လိုက်စမ်း.. မင်းမှာရှိတဲ့ ဟာပေးစမ်း”
“ရှိတာက ဒညင်းသီးပဲ ရှိတယ်ဟ..”
အရပ်ရှည်ရှည်နှင့်လူက လုံးဝတုန်လှုပ်ပုံ မပြပဲ ခပ်တည်တည် ပြန်ကြည့်ကာ ပြောလိုက်သည်။
လူဆိုး၂ယောက်ထဲမှ ခပ်၀၀နှင့် လူဆိုးသည်
“ဟေ့ကောင် ယီးတီးယားတား မလုပ်နဲ့ သေသွားမယ် ဒီမှာတွေ့လား”
၎င်းက သူ့ခါးကြားက လေဆာသေနတ်အား ပြရင်း ဆက်ပြော၏။
“ပေးစမ်း ဒညင်းသီးရှိလဲ ၊ စားလို့ရတာပေါ့။ ပေးလိုက်စမ်း”
ခပ်၀၀ လူဆိုးက အရှေ့သို့ တိုးလာပြီး အရပ်ရှည်ရှည် လူ၏ လက်ထဲမှ ဒညင်းသီးကင်ကို လုမည့် ဟန်ပြုလိုက်သည်။
အရပ်ရှည်ရှည်လူသည် ထိုဝတုတ်၏ လက်ကို ဖြတ်ရိုက်လိုက်ကာ အလွန်လျင်မြန်စွာဖြင့် အရှိုက်ကို လက်ဖမိုးဖြင့် တွန်းလိုက်ပြီး ခါးကြားမှ လေဆာသေနတ်ကို လုယူလိုက်၏။ အဖြစ်အပျက်မှာ မြန်ဆန်လွန်း လှသဖြင့် နံဘေးမှ အခြားလူဆိုးပင်လျှင် ဘာလုပ်ရမည် မသိပဲ လေဆာသေနတ်ကြီး ချိန်ရက်သားနှင့် ကြောင်ကြည့်နေမိသည်။ အရပ်ရှည်ရှည်နှင့် လူကား ရသည့်အခွင့်အရေးကို လက်လွတ် မခံပဲ ထိုချိန်ထားသော သေနတ်ကို ခြေဖြင့် အားပြင်းပြင်း ခတ်လိုက်၏။ ထို့နောက် ၂ယောက် စလုံးကို လေဆာသေနတ်ဖြင့် ပြန်ချိန်လိုက်ကာ...
“ဟားဟားဟား.. မလောက်လေး မလောက်စားနဲ့ ငါ့ဒညင်းသီးကို လုစားဖို့ ကြံတာကိုး။ သေနတ်မှာ မျက်စိ မရှိဘူးကွ၊ အေး ငါ့မှာတော့ အလွန်မြန်တဲ့ မျက်စိရှိတယ်။ ငါ့နာမည် မသိရင်မှတ်ထား လက်မရွံ မျက်စိတဲ့..”
လူဆိုး ၂ဦးသည် မျက်စိဆိုသော နာမည်ကို ကြားသည်နှင့် ၎င်းတို့မျက်နှာမှာ ဇီးရွက်လောက်ပဲ ရှိတော့ကာ လက်မရွံ့မျက်စိဆိုသူအား ရှိခိုး မတတ် တောင်းပန်ကြပြီး တချိုးတည်း လစ်လေတော့သည်။ တိတ်ဆိတ်ငြိမ်သက်နေသော အမှောင်ထုဝယ် လက်မရွံ့မျက်စိ၏ ရယ်သံများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
“ဘူးထွားထွား....ဟားဟားဟား.....”
++++++++++++++++++++++
အခန်း(၅)
“၀ုန်း”
“အောင်မြတ်လေး... ”
စာအုပ်ထိုင်ဖတ်နေတုန်း ကျွန်တော့်အခန်းထဲရှိ downloader စက်မှ ရုတ်တရက် အသံထွက်လာသဖြင့် လန့်၍ အော်မိ၏။
ကျွန်တော်လဲ သတိကြီးစွာနှင့် လေဆာသေနတ်ကိုင်ကာ သွားလိုက်၏။ စက်အနီးတွင်ကား လူတယောက်သည် မှောက်လျက်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ဟေ့လူ. ထစမ်း ခင်ဗျား ဘယ်သူလဲ”
ကျွန်တော်က လေဆာသေနတ်ဖြင့် ချိန်ထားရင်း သူ့နား ဖြေးဖြေးချင်း ကပ်သွား၏။ ထို့နောက် မှောက်နေသော ကိုယ်လုံးကို ဆတ်ခနဲ တွန်းလှန်လိုက်ရာ နဖူးတွင် လွန်စွာမှကြီးသော အာလူးသီးကြီး ထနေသော နှုတ်ခမ်းမွှေးစစနှင့် လူတယောက်မှာ မေ့မျောနေသည်။
“ဟေ့လူ.. ဟေ့လူ..”
ကျွန်တော်လဲ အနီးအနားရှိ ရေဖန်ခွက်ဖြင့် လောင်းလိုက်သည်။
“အားဝူး...အဟွတ်အဟွတ်..”
“ခင်ဗျား သတိရပြီလား... ပြောစမ်း ခင်ဗျား ဘယ်သူလဲ..”
ထိုသူက မျက်လုံးကလေး ကလယ်ကလယ်နှင့် အမူးမပြေသေးသော အကြည့်ဖြင့် ကြည့်ကာ..
“ကျွန်တော်..ကျွန်တော်.. မစ္စတာ ညက်လီဆင်း လွှတ်လိုက်တဲ့ သူပါ..။ ကြောင်မျိုးပါ... အားကျွတ်ကျွတ်”
စကားပြောနေရင်းမှ သူ့ဒဏ်ရာက နာလာဟန်ဖြင့် ညည်းညူလိုက်သည်။
“အာ ဘယ်နှယ့် ဖြစ်လို့ ဗရုတ်သုတ်ခ ရောက်လာတာတုန်း”
“ဆောရီးဗျာ.၊ uploader စက်ကို အတက်မှာ ပြောင်းပြန် တက်မိလို့၊ downloader ထဲ ပြန်ဆင်းတော့ ဇောက်ထိုးပြုတ်ကျတာဗျ..။ ကြည့်ပါအုံးဗျာ.. နည်းတဲ့အားလူးကြီး မှုတ်ဘူး..ကျွတ်ကျွတ်”
ထိုအူကြောင်ကြောင်နှင့် သူအား မည်သည့် အတွက်ကြောင့် ကျွန်တော်နှင့် တွဲလုပ်ရန် မစ္စတာ ညက်လီဆင်း လွှတ်လိုက်မှန်း မသိ။ ဘာပဲဖြစ်ဖြစ် တယောက်တည်း လှုပ်ရှားရတာထက် စာရင်တော့ တော်သေးတာပေါ့။ ကြပ်ထုပ်ထိုးပေးဖို့ အ၀တ်ပေးရင်း၊ ကွန်ပြူတာမှ ကျွန်တော့်ဆီ voice mail တခု ၀င်လာကြောင်း အချက်ပြ၏။
“တွီတွီ.... မေးလ်၂စောင်ဝင်လာပါတယ်”
ဝင်လာသော မေးလ်တခုကို ဖတ်ကြည့်တော့...
“သားရေ... မင်းအဖေ.. စက်ရုပ်မလေးတွေရဲ့ မာဆရှ် သွားရင်းက အုံးလွဲသွားလို့ ဒီတပတ်တော့ မလာဖြစ်တော့ဘူး..။ မပြောချင်တော့ပါဘူး.. အသံရရင် အကြောင်းပြန်အုံးဟေ့..တွီ”
မာမီဆီမှ မေးလ်ဖြစ်၏။ နောက်မေးလ် တစောင်ကတော့
“လီလီ...ငါ ဂေါက်ဂေါက်ပါ... ဒီနေ့ည မြေ၀ါကုန်းကို လာခဲ့... အကြောင်းထူးတယ်”
မိတ်ဆွေကြီး ဘလာဂေါက်ဆီမှ ဖြစ်သည်။ အကြောင်းထူးသည်သာ ပြောပြီး ဘာအကြောင်းထူးသည်လဲ မသိ။ အင်း သွားရအုံးမှာပါလား။ တရက်တလေလေး နားရမည် မရှိ အလုပ်တွေက များလိုက်တာ ချစ်ချစ်နဲ့တောင် တွေ့ဖို့ အချိန်မရှိတော့ဘူး။ အခုမှ သတိရကာ ခရီးပန်းလာသော ကြောင်မျိုးအား နေရာ ချထားပေးမည်ဟု ကြံစည်တုန်း ဆရာသမားမှာ ကျွန်တော်၏ အိပ်ယာထက်၌ မိန့်မိန့်ကြီး စက်တော်ခေါ်နေလေတော့သည်။
“ခူး...ခလူး...ခေါ...”
++++++++++++++
ဆက်ရန်
Posted in
Labels:
Novel
|
Wednesday, February 18, 2009
အခန်း(၁)
ဒီနေ့ မနက်နိုးလာတော့ မနက်ခင်းတခုလုံးကိုက နေရောင်များဖြင့် လင်းချင်းလို့...။ ရှုပ်ထွေးနေသော သူ့အခန်းမှ ဟိုတစ ဒီတစ ပစ္စည်းပစ္စယာများကို ကျော်ခွပြီး ဧည့်ခန်းက နာရီကိုကြည့်လိုက်တော့ ၁၁နာရီတောင်ထိုးနေပြီ။ ကမန်းကတန်း ရေချိုးမျက်နှစ်သစ်ဖို့ ပြင်ဆင်ရတော့သည်။ ဒီနေ့ သူ့မေမေနဲ့ ဖေဖေရောက်လာမည်ပဲ။ မဖြစ်ဘူး ရေချိုးအုံးမှ၊ မဟုတ်သေးပါဘူး ငါ့အမှိုက်ပုံကြီးကို အရင်ရှင်းမှပဲ..၊ ဟင် အခန်းထဲမှာလဲရှင်းရမယ်၊ အီးဟီး ဧည့်ခန်းထဲက မလျှော်ရသေးသော အ၀တ်တွေကော၊ မီးဖိုချောင်ထဲက မဆေးရသေးတဲ့ ခွက်တွေပန်းကန်တွေ ဘယ်ဟာကနေ စရှင်းရမှန်းတောင် မသိတော့ဘူး။
“ဟူးးးးး..” သက်ပြင်းရှည်ကြီး မှုတ်လိုက်ပြီး လူမြင်သော ဧည့်ခန်းမှ စရှင်းရန် ဆုံးဖြတ်လိုက်သည်။ ညကူသူငယ်ချင်းဆီ အလည်လွန်သွားသည်။ သူဘယ်သွားခဲ့သည်ကို အဖေကို ပြောလျှင် အဖေက ကျိန်းသေပေါက် ဆူလိမ့်မည်။ သူညက အင်္ဂလန်ကို သွားခဲ့သည်။ သူငယ်ချင်းတွေနဲ့ ဘောလုံးပွဲအတူတူ သွားကြည့်ခဲ့ခြင်းဖြစ်သည်။ (ဘွတ်ကီဒိုင်တွင် သွားရောက်လောင်းခဲ့ရာ ခွက်ခွက်လန်အောင် ရှုံးခဲ့သည်။ ဖြစ်မှဖြစ်ရလေ အာကြီးအဲ့ဒိနေ့ညက သရေကျသွားလေရဲ့) အွန်လိုင်းမှ သူ့ကလပ်စည်းများကို encrypted လုပ်ပြီး သွားခဲ့ပြီး ဟိုရောက်မှ decrypted ပြန်လုပ်ပြီး သွားခြင်းဖြစ်သည်။ ဒါမျိုးဖြင့် ခရီးသွားခြင်းသည် အလွန်အန္တရာယ်များသော သွားခြင်းမျိုးဖြစ်သည်။
အကျိုးဆောင် အွန်လိုင်းကုမ္ပဏီများကတော့ လုံးဝလုံခြုံစိတ်ချရကြောင်း အထူးအာမခံကြသည်။ ဟုတ်တော့ ဟုတ်တယ် မတော်တဆဆိုတာ ဘယ်ဟာမှ မပြောနိုင် တော်ကြာနေ ကြားဖျက်ပြီး ကလပ်စည်း သွားသော လိုင်းကို hacker မှ hack လိုက်ရင်ဖြင့် ဟိုဘက်ရောက်သည့်အခါ လိုအပ်သော ကလပ်စည်းတချို့ ပျောက်ဆုံးသွားရင် ကိုယ်ကျိုးနဲစရာ မတော်တရော်တွေ ဖြစ်ကုန်မည် ထင်သည်။ နှာခေါင်းကြီးပျောက်သွားမလား၊ ပါးစပ်ကပဲ နဖူးပေါ်တက်ပေါက်နေမလား၊ နားရွက်ကြီးတွေကပဲ လက်မောင်းနှစ်ဖက်မှာ လာပေါက်နေမလား မသိ။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဒီလိုပဲ သွားလာနေကြပြီး ဖြစ်ပြီး အခုလဲ သူ့မိဘတွေလဲ မိုင်ပေါင်း ၃၀၀၀ ကျော်မှ ကလပ်စည်းများ ပို့လွှတ်သော ခရီးသွားနည်းဖြင့် နေ့ခင်းပိုင်းလောက် လာကြမည် ဖြစ်သည်။
တဂွီဂွီနဲ့ ဗိုက်ဆာလာတော့မှ အမှိုက်တွေကို အမြန်ဆုံး ရှင်းလိုက်ပြီး ကွန်ပြူတာရှေ့ထိုင်လိုက်သည်။ power on လိုက်သည်နှင့် ချက်ချင်းပင် Desktop တက်လာပြီး သူ့အား အသံလျှို့ဝှက်ကုဒ်နံပါတ် တောင်းလေသည်။ သူလုပ်ထားသော လျှို့ဝှက်ကုဒ်မှာ သီချင်းစာသားတခုဖြစ်သည်။ “အမဲလိုက်အက စင်မြင့်ထက်က ရှုံးနိမ့်သူ လဲကျပေး”..... ထို့နောက် AI browser တခုတက်လာသည်။
“အခုဘယ်ဆိုက်ကို ဖွင့်မှာလဲ” ကွန်ပြူတာ browser က မေးလိုက်၏။
“လောလောဆယ် အစားအသောက်ရောင်းတဲ့ အွန်လိုင်းဈေးဆိုင်ဆိုက်ကို အရင်ဖွင့်”
သူစကားပြော၍ မဆုံးမီမှာပင် ၀က်ဆိုက်ပွင့်သွား၏။
“မနက်စာ တွေ တန်းစီပြီးကြည့်မယ်ကွာ”
မနက်စာများကို ဒင်းမ်ဆန်းမှ အစ ပေါက်စီ၊ ခေါက်ဆွဲ၊ ပေါင်မုန့်ကင်၊ မုန့်ဟင်းခါး၊ ဟမ်ဘာဂါ၊ လစ်ပတန်၊ ချိုကျ၊ ပေါ့ဆိမ့် စသည်တို့သည် ဈေးနှုန်းနှင့်တကွ ကျလာလေသည်။
“တော်ပြီတခြားဟာတွေ မလိုချင်ဘူး မုန့်ဟင်းခါး ပြီးတော့ ပေါ့ဆိမ်တခွက်... ဒေါင်းလုပ်ဆွဲပေးတော့”
ထို့နောက် သူ၏ ဘဏ်ကဒ်နံပါတ်ကို အသံထွက်ရွတ်ပြပြီး
“ဘလာဘလာဘလာ”
မကြာမှီမှာပင် မုန့်ဟင်းခါးတပွဲနှင့် ပေါ့ဆိမ့်တခွက် download ဆွဲလိုက်ရာ ကွန်ပြူတာနှင့်တွဲစက်ထားသော downloader စက်မှ လိုချင်သော စားစရာများ ထွက်ကျလာလေတော့သည်။
“ဂလွပ်” (ဒေါင်းလုပ်ဆွဲပြီးသော အသံ)
“တီ...တီ.. အီးမေးလ်ဝင်ရောက်နေပါသည်။”
စောစောစီးစီး ဘယ်သူက ပို့လိုက်ပြန်ပြီလဲ..၊ ဟိုကောင်တွေပြောတဲ့ စပိန်နွားရိုင်းသတ်ပွဲ သွားကြည့်ဖို့များလား။ လက်က မုန့်ဟင်းခါးစားနေသဖြင့် အသံဖြင့် ဘရောင်ဇာကို အမိန့်ပေးပြီးဖွင့်လိုက်သည်။
“Inbox ထဲကို ၀င်လိုက်”
အီးမေးလ်သည် သူ့ယောက္ခမဆီကဖြစ်ပြီး မတော်ရသေးသော ယောက်ဖလောင်းလေးကို မနက်ဖြန် အီးမေးလ်နှင့် attachment တွဲပေးလိုက်မည် ဖြစ်ကြောင်း အသံဖြင့် မေးလ်ပို့လာခြင်းဖြစ်သည်။ ဟူး မျောက်လောင်းလေး လာအုံးမှာပါလား။ ဟိုတခါ ဒီမျောက်လောင်းလေး တခါလာတာ သူသုံးချင်သော ပစ္စည်းများကို အွန်လိုင်းမှ နင်းကန်အားမနာတမ်း ဒေါင်းလုပ်ဆွဲသွားရာ သူ့လစာ တလစာ နီးပါး ဘေလ်ရှင်းလိုက်ရသည်။ သေချင်းဆိုးလေး တစ်ကောင်သာ ဖြစ်သည်။
“ကလင်..ကလင်”
ဟော လုပ်ပြန်ပြီ အစားစားမယ်ဆို အနှောင့်အယှက် ထပ်ပေါ်လာပြန်ပြီ။ ခေါ်နေသော ဖုန်းကို accept လုပ်လိုက်သည်နှင့် ကွန်ပြူတာ မျက်နှာတခုလုံး နီးပါး ပြည့်နေသော မျက်နှာ တခုပေါ်လာသည်။
“ဘလော့အစည်းအဝေးရှိတယ်၊ ဒီနေ့ညနေ ဌာနချုပ် ချက်ရွမ်း (Chat Room) ထဲကို ၄နာရီနောက်ဆုံးထား လာခဲ့ပါ။ ဘလော့ကာများအသင်းချုပ်ရဲ့ နှစ်လယ်အစည်းအဝေး အကြို ဆွေးနွေးကြမှာဖြစ်လို့ မတက်မနေရ တက်ရောက်ရမည် ဖြစ်ပါတယ်”
“နေ....နေ..ပါအုံး.. ကျွန်တော်...ဒီနေ့ မအား........”
သူပြောချင်ရာ ပြောပြီး ဘလော့အသင်းချုပ် အတွင်းရေးမှူးသည် sign out လုပ်သွားလေတော့သည်။ တယ်လေ..။ ဟူး ညနေစာ အထူးတလည် ဒေါင်းလုပ်ဆွဲမယ် ကြံစည်ထားကာမှ ဘလော့အသင်းချုပ် ချက်ရွမ်း ကိုဝင်ရအုံးမယ်။ မသွားပြန်ရင်လဲ ဒဏ်ပေးတဲ့အနေနဲ့ တက်ခ်ဂိမ်းတွေ ဗရပွရေးခိုင်းအုံးမည်။ ဟူး ဘလော့ကာ ဖြစ်ရတာ မလွယ်ပါလား။
“ဟေ့ကောင်... ငယွန်း မင်းတော့ ပွနေပြီ..”
နောက်လိုင်းတခုက ၀င်လာပြန်သည်။
“ဘာလဲဟ မင်းကလဲ အရင်းမရှိအဖျားမရှိ”
“မင်းကို ကြိတ်ကြွေနေတဲ့ ကင်ညာသူလေးက မင်းအကြောင်း မျက်နှာစာအုပ်ဆိုက်မှာ လျှောက်ဖွထားတယ်ဟေ့”
“အေ..ထပ်ထရီး... ဆိုးပ.. ဘာတွေဖွထားတာလဲ...”
“သိချင်ရင် ၀င်ခဲ့လေကွာ...”
တိန်... ဒီကောင်ကလဲ လူကို ကလိခဲ့တယ်..။ ဘာတွေရေးထားလဲ ပြောခဲ့တာ မဟုတ်ဘူး..။
“အော်..ခြူသစ်ရေ....
ဘူဖြစ်တာတောင် ... မေ့မရဘူး..
တကယ်တော့လေ ဒို့ဘ၀ဟာ စပိတ်ဖဲပေမယ့်
နောက်ဆုံးတိန် ပြီးခဲ့မှန်းတောင် မသိခဲ့သူပါ...
ကုန်းမြှီးနဲ့ ပြုံးဖြီးနေရပေမယ့် ..ကတုံးကြီးကိုတောင်.
စိတ်မ၀င်စားခဲ့ဘူးဖူး။
ဘ၀မှာ အချစ်မရှိရင်... ဆားပေါ့တဲ့ ဒညင်းသီးလို ပါပဲ...
အော်.. ခြူသစ်ရယ်..
တကယ်တော့ လေ....ကျမဟာ ညိုပြာညက်သူမို့...
အကို လာအက်ဒ် (add) မှာကို စောင့်နေရသူပါ....။”
(မှတ်ချက်..။ ဤကဗျာလေးသည် ဟိုးမိုင်ပေါင်း၃၀၀၀ ကျော်က ကိုကို့အတွက်ဖြစ်ပါတယ်။ ဘယ်သူလဲလို့ မမေးနဲ့နော်..မြန်မာပြည်က ကိုကိုယွန်းလို့ ပြောဘူး)
ဟိုက် ....မပြောပေလို့ပဲ..။ အင်း မဖြစ်သေးဘူး..။ ပိုင်ရှင် မသိခင်မြန်မြန်ထွက်မှ..။ တော်ကြာ.. ကိုယ် သူ့ မျက်နှာစာအုပ်ကို ကြည့်နေတာ တွေ့သွားရင်ဖြင့်..သူ့ကိုယ်သူ file transfer လုပ်လာမှဖြင့်..ဒွတ်ခ။
+++++++
အခန်း(၂)
“ဟေ့ လီလီ မင်းလာတာ နောက်ကျလှချည်လား ဘိုဖစ်တာလဲ”
အစည်းအဝေး ခန်းမ အ၀တွင်စောင့်နေသော ဘလော့ကာများဌာနရဲ့ စာရင်းစစ်ချုပ် ဂေါက်ဂေါက် က ဆီးကြို၍ ပြစ်တင်လေသည်။
“ဆောရီးပါဗျာ လမ်းမှာ ကွန်နက်ရှင်ကျနေလို့ဗျ.. လူတွေစုံနေပြီလား”
“ပြတ်နာပဲ... အထဲမှာ..လူစုံသလောက်တော့ ရှိနေပြီ...”
အစည်းဝေးခန်းထဲဝင်လိုက်တော့ တက်စ်တက်စ်၊ မီထရို၊ ဂျိမ်းစ်ကျော်ကြီး၊ ပိန်ဂိုးလ်၊ ရေခဲညှပ်၊ မှီမှီ စုံသလောက်ရှိနေပြီမို့ ခပ်သုပ်သုပ်လေး ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။ ခဏကြာတော့ စတိတ်ပေါ်သို့ ဘဏ္ဍာရေးမှူးတက်လာပြီး
“ဟုတ်ကဲ့ ဘလော့ကာ လူကြီးမင်းများ မင်္ဂလာပါ.. ကျွန်မတို့ ဒီနေ့ပြုလုပ်အပ်တဲ့ နှစ်လယ် အစည်းအဝေးမှာ ကျွန်မက ဌာနချုပ်ရဲ့ ပြီးခဲ့တဲ့ နှစ်လယ်မတိုင်ခင်က ဘဏ္ဍာရေး အခြေအနေကို တင်ပြမှာ ဖြစ်ပါတယ်။ ပထမဦးစွာ တင်ပြလိုတာက ကျွန်မတို့ ဌာနခွဲ အသီးသီးရဲ့ အထွေထွေ ကုန်ကျစရိတ်ပဲဖြစ်ပါတယ်။”
ဘဏ္ဍာရေးမှူး ပိန်ဂိုးလ် က သူ့တကိုယ်ရေသုံး 11G (11th Generation) ဖုန်းကို နှိပ်လိုက်ရာ သူမ၏ အနောက်တွင် လေဆာပုံရိပ်တခု ပေါ်လာ၏။
“ရောင်စုံ တန်းပလိပ် ရောင်စုံတန်းပလိပ် တခုငါးပြား တခုငါးပြား ကြိုက်တဲ့ တန်းပလိပ်ရွေးပါ. ကြိုက်တဲ့ တန်းပလိပ်ရွေးပါ..တခုငါးပြား တခုငါးပြား..”
ဟိုက် ..ဘယ်သူမှ ထင်မှတ်မထားတဲ့ ကြော်ငြာတခု ပေါ်လာ၏။ ခပ်၀၀မင်းသမီးတစ်ယောက်က စကပ်တိုလေး ၀တ်ကာ တန်းပလိပ်နှစ်ခုကို လက်က ကိုင်ပြီး နှုတ်ခမ်းလေး တထော်ထော်နှင့် ကြော်ငြာပြနေသော ကြော်ငြာတခု ဖြစ်သည်။ အစည်းဝေး တက်လာသူများ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဘာလဲဟ...ဘာလဲဟ..။
“အဲ..သည်းခံပါရှင် ကျွန်မ ဖိုင်ဖွင့်တာ မွှားတွားလို့ပါ..”
ထို့နောက် ဂရပ်ဖ်များ ပိုင်ချက်များဖြင့်ဆွဲထားသော စာရင်းဇယားများဖြင့် ရှင်းပြလေ၏။ ခုနက ပြူးသွားသော မျက်လုံးမှာ ခဏကြာတော့ မှေးစင်းပြီး အိပ်ချင်လာတော့သည်။
“ဟိုစတင်နဲ့ပတ်သက်လို့ ပိုက်ပိုက်ပေးပြီး သုံးချင်တဲ့သူတွေနဲ့ အလကားပဲတင်းပဲကြိုက်တဲ့ သူတွေဆိုပြီး ကျွန်မတို့ ဌာနမှာ နှစ်စုကွဲနေတဲ့ ကိစ္စကို မဲခွဲဆုံးဖြတ်ကြဖို့ပါပဲ..”
ဘဏ္ဍာရေးမှူးရှင်းပြနေတာ ကြားတချက် မကြားတချက်နှင့် ထောက်ခံသလိုလို ခေါင်းလေးတဆတ်ဆတ် ငြိမ့်ရင်း အိပ်ငိုက်နေမိလေသည်။
“ဖျောင်းဖျောင်း.. ဖျောင်း...”
လက်ခုပ်သံများ ဆူညံနေတော့မှ ကျွန်တော်လန့်နိုးသွားသည်။ ထို့နောက်တွင်တော့ လှုမှုဆက်ဆံရေး ၀ံကြီးဌာနမှ ညွှန်မှူး မှီမှီမှ
“မမှီတို့ အနေနဲ့ပေါ့နော်... အဲ့လိုပေါ့နော်... အင်း ဘယ်လိုပြော ရမလဲပေါ့နော်... ဒါပေမယ့်ပေါ့နော်...”
ဟု ပြည့်ပြည့်စုံစုံ တင်ပြသွားလေသည်။
ယခုအလှည့်ကျသူကတော့ ဘလော့တဂွန် ဌာနချုပ်မှ ပြာတာ ပန်းဆိုးတန်းလန်း ဂျိမ်းကျော်ကြီး..
“ဟုတ်ကဲ့ ကြွားရောက်ဟောက်....လာဟာ.. ကြတဲ့...”
ဘာဖစ်တာလဲဟ..။
ဂျိမ်းစ်ကျော်ကြီး။ ။“ဆောရီး အက်ကိုး ခလုတ် သွားနှိပ်မိလို့..”
“ဟုတ်ကဲ့ အာနီးမက်စေ့ရော.. လေးဒီးစ် အန်န် ဂျမ်းတုန်း လူဂျီးမင်းများ ခင်ဗျာ..”
ဂျိမ်းစ် ကျော်ကြီး ။ ။“ကျွန်တော် အနေနဲ့ လက်ရှိ ဘလော့နိုင်ငံတော်ကြီးရဲ့ လုံခြုံရေးကို အဓိက ခြိမ်းချောက်နေတဲ့ ကိစ္စကို တင်ပြလိုပါတယ်”
ဘလော့ကာ နိုင်ငံတော်ကြီးနှင့် သက်ဆိုင်သော သတင်းမို့ ခေါင်းထောင် ထလာကြသည်။
နုပ်။ ။“ဟင် .. ဘူသူတွေက ခြိမ်းခြောက်နေတာလဲဟင်”
“အခုလောလောဆယ် ကျွန်တော်တို့ကို အဓိက ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေကတော့ Typad နိုင်ငံတော်နဲ့ ဂျွမ်းမလား ၊ ဇင်ကာ ဆိုတဲ့ ၀င်ရိုးစွန်း မဟာမိတ် နိုင်ငံတော်များ ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ တစတစ ကျွန်တော်တို့ ဘလော့စပေါ့ နိုင်ငံတော်ကြီးကို ဖက်ပြိုင်အံတု လာနိုင်တဲ့ ရန်ဘက် နိုင်ငံတော်တွေရဲ့ အင်အားကို ကြိုတင်ကာကွယ်ဖို့ အတွက် မဟာမိတ် နိုင်ငံဖြစ်တဲ့ ယူနိုက်တက်စ် ဝေါ့ပရက်စ် နိုင်ငံတော်နဲ့ ပူးပေါင်းသွား ဖို့ရှိပါတယ်။ ကျွန်တော်တို့ဟာ ဒီရန်ဘက် နိုင်ငံများကို တွန်းလှန်ပစ်ဖို့ မဟာ ဗျူဟာ တွေကို ချမှတ်ဖို့လိုပါတယ်။ အဲ့ဒိအတွက် စွမ်းအားမြှင့် widget များကို ထုတ်လုပ်သွားရမှာ ဖြစ်ပါတယ်...”
ထို့နောက် အသီးသီး တင်ပြကြပြီးသော အခါ အစည်းအဝေးကို အဆုံးသတ် လိုက်ကြ၏။
တက်စ်။ ။ ကဲ အစည်းအဝေး ပြီးပြီဆိုတော့ အခုအကောင်းဆုံးကတော့ ဘီယာဆိုင် သွားကြမယ်ဗျာ..။ ရွှေမန်းမှာ အသရေ လွှမ်းကြမယ်ဗျာ.။ ဒါဆို အကြံတွေ ထွက်လာနိုင်တယ်။
တချိန်လုံး ငြိမ်သက်နေသော ကြွက်တွင်းများ တူးဖော်ရေး ၀န်ကြီး မီထရိုက ...
“ဒီအစဉ်ကို အကြွင်းမဲ့ ထောက် ခံပါတယ်.. ဘရာဗို... ရွှီး.. ရွှီး”
ထိုစဉ်....
“ဟေ့... လောလောဆယ် အီးချော်နံတယ်.. ဘူသူပေါက်တာလဲကွ..”
ရေခဲညှပ်က နှာခေါင်းပိတ်ရင်း မေးလိုက်သည်။ အစည်းအဝေးခန်းထဲမှ လူများက အားလုံး ခေါင်းခါ၍ ငြင်းချက်ထုတ် ကြသည်။
ထို့နောက် ပိန်ဂိုးလ်က
“ဒါဆို ဒီလိုလုပ်မှ ပေါ်မယ် ထင်တယ်... အီးအီး ဘူသူပေါက် မောင်ပေါက်.. ပေါက်တဲ့ သူ မှန်မှန် ကျော အီးဘွတ် တရားဟော..”
အစည်းအဝေးခုံတန်းရှည်၏ အဆုံးဘက်တွင် ထိုင်နေသော စာရင်းစစ်ချုပ် ဂေါက်ဂေါက်က စပ်ဖြဲဖြဲနှင့်
“နာ ပေါက်တာကွ ဘာဖစ်လဲ.. ဂျကားတွေ ညားလို့ ပါးစပ်ပိတ်အောင် အီးထုလိုက်တာ ကဲကဲ အစည်းအဝေးပွဲ သိမ်းလိုက်တော့ဗျာ ပျင်းချာကြီး လိုအပ်သည်များကို မှာစားရအောင် ၀က်မှီးသွားမယ်”
ဂျိမ်းစ်ကျော်ကြီး။ ။ “ဟုတ်တယ် ဂေါက်ပြောသလိုပဲ ရွှေမန်း မသွားဘူး.. ၀က်မှီးပဲ ကောင်းတယ်”
တက်စ်။ ။ “ရဘူး.. ရဘူး.. ရွှေမန်းပဲ..”
ပိန်ဂိုးလ်။ ။ “ထောက်ခံပါတယ်... ထောက်ခံပါတယ်..”
ဂေါက်။ ။ “ဟဲ့ ယမ်းသန်းပြီး ထောက်ခံနေတယ်.. ဘာကိုထောက်ခံတာလဲ”
ပိန်ဂိုးလ် ။ ။ “ ဘာသိလို့လဲ အရာရှိကြီးကလဲ မထောက်ခံလဲ ထောက်ခံတယ် လုပ်မယ့် အတူတူ စောစောစီးစီး ထောက်ခံ လိုက်တာ ကောင်းပါတယ်။”
မှီ။ ။ “နာလဲ ပိန်ဂိုးလ် အတိုင်းပဲ ထောက်ခံပါတယ်... ထောက်ခံပါတယ်....”
နုပ်။ ။ “၀က်မှီးပဲ ကောင်းပါတယ်ဂျာ၊ တခွက်၊ တပြားလောက်ပေါ့ ငှက်ငှက်၊ ၀က်မှီးကင်လေးရယ်၊ ပြီးတော့ အမြည်းစုံလေး မရမ်းသီး ထောင်း စပ်စပ်လေး၊ လက်ဖက် ချဉ်စပ်လေး၊ ဟေးဟေး..”
ဂျိမ်းစ် ကျော်ကြီး။ ။ “ကဲကဲ... ဒါဆိုလဲ ၀က်မှီးကို သုံးမဲ ၊ ကျန်သူတွေက ၀က်မှီးဆိုရင် လက်ညှိုးထောင်”
ရေခဲညှပ်။ ။“သွားချင်တာသွား.. မြေနီကုန်း လမ်းကြားက ဖလန်း ဖလန်းလေးတွေ ထိုင်ငေးရတာပေါ့ ဟတ်ဟတ်”
ပိန်ဂိုးလ်။ ။ “အင်း..ဒါဆို မီးတို့ချည်းပဲ ပျင်းတယ်..၊ အမ ၀ါးဒီးကို ခေါ်လိုက်အုံးမယ်။ ပြီးတော့ ပန်ပန်လဲ ခေါ်မယ်..”
မှီ။ ။ “အင်းကောင်းတယ်.. ကောင်းတယ်..”
ဤသို့နှင့် အဆင့်မြင့် ဘလော့ကာအရာရှိ (ဘယ်နားရှိလဲတော့ မသိ) ဂျီးများ သည် အထူးထိပ်တန်း ဆုံးဖြတ်ချက်များကို ချမှတ်ရန် အလို့ငှာ ၀က်မှီးဆိုင်သို့ ချီတက်ကြလေသည် တမုံ့။
++++++++++++
ရေခဲညှပ်။ ။ “ဟေ့ဟေ့.. ပြောတော့ ၀က်မှီးဆို ဘယ်နှယ့် YKKO ကိုသွားနေကြတာလဲ”
တက်စ်တက်စ်က မချိုမချဉ် မျက်နှာဖြင့်..
တက်စ်။ ။ “ညှပ်ကြီးနှယ်.. ဒါက ထုံးစံလေကွာ... ပထမပိုင်းအစီအစဉ် အရ လေဒီဖက်တ် တွေ အတွက် လေဒီဖက်စ်၊ ကြေးအိုးစားကြမှာ၊ ဒုတိယ ပိုင်းကျတော့ ဟော.အီဖေကိုတို့ အထူးထိပ်တန်း ဆွေးနွေးပွဲလေ ငှက်ငှက်”
“အော် အဲ့ဂလိုလား..”
များမကြာမှီမှာပင် ပိန်ဂိုးလ်နှင့် မှီမှီ တို့၏ ပင့်ဖိတ်မှုအရ ဘလော့ကာမယ်တော်များ ဖြစ်သော ၀ါးဒီးအော့ခစ်၊ ပန်ပန်၊ တို့သည် ကိုယ်ပိုင် လက်ပ်တော့ ပျံကြီးများ စီးကာ အလျှိုလျှို ရောက်လာ ကြလေတော့သည်။
သို့နှင့် စားစရာများ အစုံအလင် မှာစားကြပြီးနောက် အရေးကြီးသော ထိပ်တန်း ဆွေးနွေးမှုများကို ပြုလုပ်ကြလေ၏။
မှီ။ ။ “ဟိုကိစ္စကြားပြီးပြီလား .. ”
ပိန်။ ။ “အေး ကြားပြီးပြီဟ အင်းနော် ..ဟုတ်သား အေး ဟုတ်ပါရဲ့အေ..”
မှီ။ ။ “ဟိုးထား.. ဘာမှ နာအကျောရသေးဝူးလေ..”
ပိန်။ ။“ဟုတ်ယား ချောတီး.. မှီမှီ”
ဝါးဒီး။ ။ “ဒီနေ့ တော်တော် လူစုံနေတာကိုး.. တို့လဲ တီကောင်တွေ အစာကျွေးနေတာနဲ့.. အစည်းအဝေးကို မလာဖြစ်တာ..”
ပန်ပန်။ ။ “ဝေါ့ထွီတွေ နကျောနဲ့လေဟာ...”
ဝါးဒီး။ ။ “ချောတီးဟာ..”
မှီ။ ။“ပြီးခဲ့တဲ့ တပတ်က နိုင်ငံတကာက အလိုရှိနေတဲ့ လူဆိုးဂျီး ကီးစိန် ဘလော့ကာ နိုင်ငံကို ရောက်နေ ပြီဆို.. အဲ့ဒါ ဟုတ်လား”
တက်စ် ။ ။“ကီးစိန်က သရဲတွေဘာတွေ မွေးတယ် ကြားထားတယ်.. အင်းဒီလိုဆို နာ ဖမ်းချင်နေတဲ့ သရဲတွေရဲ့ သဲလွန်စ ရနိုင်တယ်..”
တက်စ်တက်စ် ကတွေးတွေးစစနဲ့ ပြော၏။
“ဆရာတို့ ဘာသုံးဆောင်မလဲ မသိဘူးခင်ဗျ..”
“ကြေးအိုးအရောနှစ်ပွဲ ၀က်၊ ပြီးတော့ ကြက်တောင်ပံကင်၊ ကြေးအိုးဆီချက် ပွဲသေး”
သို့နှင့် တယောက်တပေါက် ၀ိုင်းမှာကြလေသည်။ ကျွနုပ်တို့ ၀ိုင်း၏ တ၀ိုင်းကျော်ရှိ အသားခပ်ညိုညို အင်္ကျီ အမဲရောင် ၀တ်ထားသော လူတယောက်သည် ဂဏ္ဍာမငြိမ်သော မျက်လုံးဖြင့် ကျွနုပ်တို့ ၀ိုင်းကို မကြာခဏ ကြည့်နေသည် ကို သတိထားမိလေသည်။ ထို့ကြောင့် ကျွနုပ်လဲ ခါးကြားမှ ရောင်ခြည် သေနတ်အား အသင့်အနေအထားဖြင့် ကိုင်ဆောင်ထားလိုက်လေသည်။ တယောက်တပေါက် မှာကြပြီးနောက် စားပွဲထိုးသည် မီနျူးမှတ်သော မှတ်စုတိုလေးပေါ်တွင် မှတ်နေရင်း ဘောပင်မင်ကုန်သွားပုံရကာ ထိုဘောပင်အား အိပ်ကပ်ထဲ ထည့်လိုက်ပြီး အခြားဘောပင် တချောင်းအား ဘောင်းဘီအိပ်ကပ်ထဲမှ နှိုက်လိုက်သည်။
“ဆောရီး ဘောပင်က မှင်ကုန်သွားပြန်ပြီ၊ နားကားတာပဲ..”
ထို့နောက် ၎င်းသည် ဘောပင်အား ကလစ်၂ချက်နှိပ်လိုက်၏။ ထိုစဉ်
“အားလုံး သတိ ..ရန်သူ....”
ကျွနုပ်ထင်ထားသည့် အတိုင်း မမျှော်လင့်သော အခြေအနေ တခု ဖြစ်ပေါ်လာ၏။ ကျွန်ုပ်တို့ ၀ိုင်းအား မကြာခဏ ကြည့်နေသော ပုဂ္ဂိုလ်သည် အသံနက်ကြီးဖြင့် သတိပေးကာ တမုဟုတ်ခြင်း ဂျွမ်းပစ်ကာ ကျွနုပ်တို့ ၀ိုင်းသို့ ရောက်လာလေသည်။ ထို့နောက် စားပွဲထိုးသည် ဘောပင်ထဲမှ အလုံးတခု ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ချလိုက်လေတော့သည်။
“ဖွတ်.....ရှူးးးးးးးး....”
မီးခိုးလုံးများ ကျွန်ုပ်တို့ ၀ိုင်းအနီးတွင် မွှန်ထူသွား၏။
“ဟဟ.. ဘာဖြစ်တာတုန်းဟ..အဟွတ်..အဟွတ်..”
“မလှုပ်နဲ့...”
ကျွန်ုပ်က အကျီအမဲနှင့် ဂျွမ်းပစ်လာသောသူကို လေဆာသေနတ်ဖြင့် ချိန်တွယ်ထားလိုက်သည်။ သို့သော် ထိုသူက ကျွန်ုပ်ချိန်ရွယ် ထားသည်ကို မမှုဟန်ဖြင့်
“တော်သေးတယ်ဗျာ.. ၀န်ကြီးတို့ ဘာမှမဖြစ်တာ... တော်တော်လဲ လျှင်တဲ့ ငနဲပဲ.. လက်မတင်လေး လွတ်သွားတယ်..”
မီနျူးမှတ်နေသော စားပွဲထိုးကား ရုတ်ခြည်းဆိုသလို ပျောက်သွား၏။
ကျွန်ုပ်က
“ခင်ဗျား ဘယ်သူလဲ...”
ဂျိမ်းကျော်ကြီး။ ။ “လီလီ မင်းသေနတ်ကို ချထားလိုက်ပါ..၊ သူက ငါတို့ လူပဲ”
“ဟုတ်ကဲ့. ကျွန်တော် အထူးစုံစမ်းရေး ဌာနက အကြီးတန်းစုံထောက် မိုးလှိုင်ညပါ.. ”
မှီမှီ။ ။ “အောင်ညတ်လေး အလန့်ထညက်ရှိလိုက်တာ.. ကံသီပေလို့...”
တက်စ်တက်စ်။ ။“ ကီးစိန်မှန်း မသိလိုက်ရတာ နာတယ်ဗျာ...နို့ ကိုမိုးလှိုင်ညက ကီးစိန်မှန်း ဘယ်လိုသိတာတုန်း”
မိုး။ ။ “ဒါကတော့ လွယ်ပါတယ်.. ကီးစိန်သုံးနေကျ စကားရှိတယ်လေ.. နားကားတယ် ဆိုတာပေါ့.. အဲ့ဒိအသံကြားလိုက်တော့ ကျွန်တော်လဲ မှတ်မိသွားပြီး သူ့ကို အပိုင်ဖမ်း မလို့ပဲဗျာ.. ကံဆိုးချင်တော့ ဒီလူက ကျွန်တော့် လှုပ်ရှားမှုကို မြင်သွားတယ်..”
ယနေ့တော့ ကျွန်ုပ်တို့ ၀န်ကြီးအားလုံး ဒူးတိုက်ဆွေးနွေးမည့် ဒုတိယပိုင်း အစီအစဉ်အား လုံခြုံရေး အခြေအနေ အရ လက်လျှော့လိုက်ရလေတော့သည်။ ဘာမှ မမှာစားလိုက်ရပဲ တကူးတက လက်ပ်တော့ပျံကြီးများ စီးလာကြသော ၀ါးဒီးနှင့် ပန်ပန်တို့ကတော့ မကျေမနပ်နှင့် ပြန်သွားကြသည်။
“ဟွန်း.. ကြေးအိုးလေးများ စားရမလား လာတယ်..၊ မသေတာ ကံကောင်း။ တော်ပြီ အိမ်မှာပဲ ဒေါင်းလုပ်ဆွဲပြီး စားတော့မယ်...” ဟုဆိုကာ လက်ပ်တော့များ အပြင်းနှင်၍ ပြန်သွားကြလေတော့သည်။
“ဘရွန်း... ဘရွန်း..”
+++++++++++++++
ဆက်ရန်.....