ခေတ္တအနားယူခြင်း
စာအုပ်နဲ့ မျက်နှာ မခွာတမ်း ကြည့်နေပုံ(:P)Posted in Labels: အတိုအထွာ | Thursday, September 20, 2007
စာအုပ်နဲ့ မျက်နှာ မခွာတမ်း ကြည့်နေပုံ(:P)Posted in Labels: အတိုအထွာ | Thursday, September 20, 2007
လိုင်စင်ဓာတ်ပုံ ၁၅ မိနစ်အမြန်၊
မိတ္တူအမြန်ကူးပေးသည်။
ပလပ်စတစ် အမြန်လောင်းသည်။
သင့်ဘ၀တစ်သက်တာ ကံကြမ္မာ အား အမြန်တွက်ပေးသည်။
နိုင်ငံခြားသွား အမြန် အင်္ဂလိပ်စကားပြော သင်တန်း။
.......
ကောင်မလေးရေ....
မြန်မြန်ပြော....... မချစ်ဖူးဆိုရင်...မုန်းတယ်ပေါ့
မမုန်းဘူး ဆိုရင် လက်ထပ်မယ်.....
........
ဟေ့.... မြန်မြန်လုပ်ပါကွ....
ကလေးတွေ ကျောင်းနောက်ကျနေပြီ။
.....................
ငါတို့ တွေ အသက်ကြီးလာတာကလဲ မြန်လိုက်တာ...။
.......
သားသမီးတွေကို အမြန် နေရာချ ထားပေးချင်ပြီ။
မြန်မြန်လဲ မြေးချီချင်နေပြီလေ....
...............
ပြီးရင်...မြန်မြန်လဲ တရားနာအုံး...မေကြီးရေ...။
.............
အငယ်ဆုံးမြေးက ပြောတယ်..
အဖိုးတို့ မြန်မြန်သေ မှ နားအေးမယ်တဲ့....။
....................
။
Posted in Labels: Guide, Technology | Tuesday, September 18, 2007
ကိုယ့်ဘလော့လေးကို blogspot.com ဆိုတဲ့ ဒိုမိန်းနာမည်က ဘလော့တိုင်းမှာ သုံးနေလို့ တမျိုးတမည် ပြောင်းသုံးချင်ရင်ဖြစ်ဖြစ်။ လူရှိန်အောင် ဘလော့လိပ်စာပြောင်း ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ်။ http://co.cc ကနေ free domain ယူလို့ရပါတယ်။ ဥပမာ ကျွန်တော်ဆိုရင် www.minnyoonthit.blogspot.com ကနေကျွန်တော့် ဘလော့ကို ကြည့်နိုင်သလို www.minnyoonthit.co.cc ဆိုပြီးလည်း ကြည့်နိုင်ပါတယ်။ သူက beta for blog ပါတဲ့ ဘလော့လိပ်စာတွေအတွက် အလကားပဲတင်း ဒိုမိန်းပါတဲ့ခင်ဗျာ။ သူ့ဒိုမိန်းကနေ report တွေကို real time ထုတ်ပေးနိုင်ပါတယ်။ ပြီးတော့ သင့်ဘလော့ကို လာရောက်လည်ပတ် သူတွေရဲ့ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ အလိုက် chart ဇယားတွေနဲ့ ကြည့်နိုင်ပါတယ်။ ဘယ်ဆိုက်တွေကနေ ကိုယ့်ဆီကို လာလည်တယ်ဆိုတာလဲ ကြည့်လို့ရပါတယ်။ blogspot.com ဒိုမိန်လေးနဲ့ သူငယ်ချင်းတွေကို ကိုယ့်ဘလော့ လိပ်စာမပေးပဲ စတန့်ထွင်ချင်တဲ့ သူများအတွက် co.ccကနေ အလကားပဲတင်း ဒိုမိန်းအကောင့်ဟာ သုံးပျော်ပါတယ်။ sign up လုပ်တာလဲ ၅ မိနစ်ထက်ပို မကြာပါဘူး။ အပျင်းပြေစမ်းသုံးကြည့်ကြပေါ့ခင်ဗျာ :D။
Posted in Labels: Thought | Tuesday, September 18, 2007
လောကမှာ လူဆိုတာ တစ်ယောက်ထဲ နေလို့မရပါဘူး။ အပေါင်းအသင်းနဲ့ နေကြတာပါ။ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းဆိုတာ နေရာတိုင်းမှာ လိုအပ်ပါတယ်။ ကျွန်တော့်ကို အသိတစ်ယောက်က မေးဖူးပါတယ်။ နင်က လူဝင်ဆံ့တယ်တဲ့။ လူတိုင်းနဲ့ ပေါင်းနိုင်တယ်။တဲ့ အဲဒါဘာဖြစ်လို့လဲ မေးတော့ ကျွန်တော်က လိုက်လျောညီထွေ နေတတ်ဖို့ပဲ လို့ပြန်ဖြေလိုက်တယ်။ အမှန်ပါပဲ လိုက်လျောညီထွေ နေတတ်တဲ့ လူတစ်ယောက် အဖို့ ဘယ်နေရာမဆို ၊ ဘယ်သူနဲ့ မဆို အဆင်ပြေပါလိမ့်မယ်။ ရောမရောက်ရောမလို ကျင့်ဆိုတဲ့ စကားတောင်ရှိသေးတယ်မဟုတ်လား။
အပေါင်အသင်းရွေး မပေါင်းပါနှင့်
ကျွန်တော်က အပေါင်းအသင်း မိတ်ဆွေကို ဘယ်အချက်တွေနဲ့ ပြည့်စုံမှ ပေါင်းမယ်လို့ မသတ်မှတ်ပါဘူး။ လူတိုင်းကို အဆင်ပြေအောင်ပေါင်းပါတယ်။ ကျွန်တော့် အပေါင်းအသင်းထဲမှာ ဆိုက်ကားသမား၊ ဈေးသည်၊ အလုပ်ကြမ်းသမားက အစ ပညာရှင်၊ လူကြီးလူကောင်းတွေ အထိရှိပါတယ်။ ဆိုလိုတာက ကျွန်တော်က လူကိုရွေးမပေါင်းပါဘူး။ အကုန်လုံးကို အဆင်သင့်သလို အဆင်ပြေအောင်ပေါင်းပါတယ်။ လူတစ်ယောက်က ဘာကို သူကြိုက်သလဲ သူအမူအကျင့်က ဘာလဲ၊ ဆိုတာ သိအောင်လုပ်ပြီး သူနဲ့ ကိုယ်အနီးစပ်ဆုံးဖြစ်အောင် ညှိယူလိုက်တယ်။ကိုယ်က သူ့ အကျင့်တချို့ကို မကြိုက်ဘူးဆိုရင် ကိုယ်ပေါင်းစိတ်ခွာလုပ်လို့ရတာပဲ။ ဘယ်တော့မှ အပေါင်းအသင်းရွေးပေါင်းမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးမထားပါနဲ့။ တကယ်လို့ အဲဒါဟာ လူဝင်ဆံ့ချင်ရင် လူတိုင်းနဲ့ အဆင်ပြေအောင် ပေါင်းချင်ရင် ဆင်ခြင်ရမယ့် အချက်ဖြစ်ပါတယ်။
နားထောင်သူလုပ်ပေးပါ
ကိုယ့် အပေါင်းအသင်း မိတ်ဆွေတွေရဲ့ ပြောစကားကို နားထောင်ပေးပါ။ လုမပြောပါနဲ့။ မလိုအပ်ပဲ အငြင်းအခုန်တွေ မလုပ်ပါနဲ့။ ငြင်းတိုင်းကောင်းတာမဟုတ် ပါဘူး။ အငြင်းအခုန်ဖြစ်လို့ စိတ်အခန့်မသင့် ရင် မိတ်ပျက်နိုင်ပါတယ်။ သူ့ခံစားချက်၊ သူ့ အခက်အခဲလေးတွေ ကို ပြောပြတဲ့ အခါ ကိုယ်ကနားထောင်သူ လုပ်ပေးပါ။ စိတ်ရှည်လက်ရှည်နားထောင်ပေးလိုက်ပါ။ ကိုယ့်ဖြေရှင်းပေးနိုင်တာ ရှိရင် ဖြေရှင်းပေးလိုက်ပါ။ လမ်းညွန်စရာရှိရင် ညွန်ပေးလိုက်ပါ။ ကိုယ်က နားထောင်ဖြေရှင်းပေးလိုက်ရင် နောင်အခါ ကိုယ့်မှာ အခက်အခဲ ရှိရင် လဲ သူက ဖြေရှင်းပေးပါလိမ့်မယ်။ သူ့ယူဆချက်တခုခု များမှားနေတယ်ဆိုရင် တော့ အတင်းအကြပ် ထောက်ပြီး မပြောပါနဲ့။ ခင်များ ပြောတာ ဟုတ်တော့ဟုတ်သလိုပဲ ဒါပေမယ့် ကျွန်တော်ကတော့ ဒီလိုမြင်တယ်ဗျာ။ ဆိုပြီး ပြောလို့ရပါတယ်။ နှုတ်ချိုလျှိုတစ်ပါးပေါ့။
ပွင့်လင်းမှုရှိပါ၊ ရိုးသားပါ။
မိတ်ဆွေ အပေါင်းအသင်းပေါင်းရင် မကွယ်မ၀ှက်ပါနဲ့ ကိုယ့်မှာ မရှိတာကို အရှိလုပ်ပြီး ကိုယ့်ကို လူအထင်ကြီးအောင် မလုပ်ပါနဲ့။ ကိုယ့် သိတာတတ်တာကို ပဲ ရိုးသားစွာပြောပြပါ။ ရိုးသားမှုရှိရင် မိတ်ဆွေတွေက သင့်ကို ယုံကြည်လာပြီး။ သူတို့က လဲ သင့်အပေါ်ရိုးသားလာကြလိမ့်မယ်။ အကယ်၍ မသိတာ မတတ်တာ ရှိရင် ကျွန်တော်တော့ မသိဘူးဗျာ။ လုပ်ပါအုံး ကျွန်တော့်ကို သင်ပေးပါအုံးဘာညာပေါ့။ ရိုးသားစွာ ၀န်ချခြင်းဟာ ရှက်စရာမဟုတ်ပါဘူး။ လိမ်ညာဖုံးကွယ်ခြင်းက သာရှက်စရာပါ။ သင့် အခက်အခဲများကိုလည်း ရိုးရိုးသားသား ပြောပြပေးပါ။ ဒါမှ သင်တစ်ယောက်ထဲ ဖြေရှင်းနေရတာထက်စာရင် အကြံဥာဏ်အသစ်တွေ ရလာနိုင်ပါတယ်။
မငြင်းဆန်ပါနဲ့
ဥပမာ ကိုယ်မကြည့်ချင်တဲ့ ရုပ်ရှင်ကို သူတို့က ကြည့်ချင်တယ်ဆိုရင် တခါ နှစ်ခါထက် ပိုမငြင်းပါနဲ့ သူတို့က အတင်းခေါ်နေတယ် ဆိုရင် ကိုယ့်ကို သူတို့က ခင်လို့ လိုက်စေချင်ရင် လိုက်သွားလိုက်ပါ။ ဒါမှ မဟုတ် ကိုယ့်မှာ လိုက်ဖို့ အခက်အခဲ ရှိရင်တော့ သေသေချာချာ နားလည်အောင် ရှင်းပြပေးပါ။ ဒါမှ မဟုတ်ရင်တော့ နေရာတိုင်း အဖော်အပေါင်းနဲ့ သွားတိုင်း ငြင်းနေမယ်ဆိုရင် သင်ဟာ အချိန်ကြာလာတာနဲ့ အမျှ သူငယ်ချင်းတွေရဲ့ ဘေးကို ရောက်သွားလိမ့်မယ်။
ဂရုတစိုက်လုပ်ပေးပါ
အလုပ်ကိစ္စတစ်ခုကို သူမနိုင်လို့ ကိုယ့်ကို အကူအညီတောင်းရင် ကိုယ်တကယ်လို့ လုပ်ပေးဖို့ အဆင်ပြေနေရင် လိုက်လုပ်ပေးလိုက်ပါ။ ဂရုတစိုက်လိုက်လုပ်ပေးခြင်းအားဖြင့် သူငယ်ချင်းမိတ်ဆွေက သင့်ကို အားကိုးလာပြီး သူကလဲ သင့်မှာ အကူအညီလိုရင် လိုက်လုပ်ပေးပါလိမ့်မယ်။
အပေါင်းအသင်း ၀င်ဆံ့ဖို့ ဆိုတာ တကယ်မခက်ပါဘူး။ ကျွန်တော်ပြောသွားတဲ့ အချက်တွေ ထက်တောင် ပိုတဲ့ အချက်တွေရှိပါအုံးမယ်။ တကယ် မိတ်ဆွေကောင်းရင် ဆွေမျိုးတွေထက် ကောင်းပါတယ်။ ကျွန်တော့်မှာ အဲလို ဆွေမျိုးထက် ချစ်ခင်တဲ့ အနစ်နာခံတဲ့ မိတ်ဆွေတွေ ရှိပါတယ်။ သူတို့ ကလဲ ကျွန်တော့်ကို ယုံကြည်သလို။ ကျွန်တော်ကလဲ သူတို့ အပေါ် ယုံကြည်ပြီး ရိုးသားလို့ပါ။ တကယ့် အဓိကက လိုက်လျောညီထွေ နေတတ်ဖို့ပဲလိုပါတယ်။
Posted in Labels: poem | Monday, September 17, 2007
ဝှား...
ဘာမှမလုပ်ချင်ဘူး....
လက်၂ဖက်နဲ့ ခြေ၂ဖက်
အလျားလိုက် ကြီးလေးတွဲ...
ဘာမှ မကြားချင်ဘူး..။
နား၂ဖက်ကို ပိတ်ထားတယ်။
ကျေးဇူးပြုပြီး
တိတ်တိတ်လေးနေပေးပါ။
လျော့တိလျော့တွဲ ကြောရိုးဆစ်တွေနဲ့
မှီတင်းနေထိုင်ရတဲ့...
ငါ့ခန္ဓာ ကြီးထဲက...
လေးပင်ခြင်းတွေ စိမ့်ထွက်...
စကားလုံးတွေ ဖိညှပ်နေတဲ့
စာအုပ်ထူထူကြီးပေါ်...
ခေါင်းအုံး...
ငါ့အတွေးတွေ... အ၀တ်တုံးလုံးဖြစ်သွားတယ်...။
...........
(ဆဲဆိုသံများ...)
ဘာမှ လာမရှင်းပါနဲ့
ငါ့အလေးဆုံး မျက်ခွံ.. တံခါးပိတ်
ငါဟာငါ...မှောင်ပိန်းပစ်လိုက်တော့မယ်...
ဝှား.......
ဘာမှ မလုပ်ချင်ဘူး.......။
Posted in Labels: Article | Sunday, September 16, 2007
မနေ့က မြန်မာနိုင်ပါတယ်။ အရှေ့တောင် အာရှ အမျိုးသမီး ချန်ပီယံဆုဖလားကြီးကို ထိုက်ထိုက်တန်တန် ရသွားခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ခြေစွမ်းတွင် ထိုင်းက မြန်မာထက် အနည်းငယ်သာပါတယ်။ သို့သော် မြန်မာက ထိုင်းကို သာသွားတာက စိတ်ဓာတ်မှာဖြစ်ပါသည်။ ကျွန်တော် ကွင်းထဲကို မနေ့က သွားဖို့စီစဉ်ပြီးကာမှ အကြောင်းကြောင်းကြောင့် မသွားဖြစ်တော့ဘဲ တီဗွီက ထိုင်ကြည့်ဖြစ်ပါတယ်။ ကွင်းလုံးပြည့်လျှံ တခဲနက် အားပေးနေသော မြန်မာဘောလုံးချစ် ပရိသတ်များကို ကြည့်ပြီး ကြက်သည်းမွှေးညင်းတောင် ထမိပါတယ်။ တကယ်ရင်ဘတ် အစစ်အမှန်နဲ့ အားပေးကြတာပါ။
ပြီးတော့ ကျွန်တော်တို့ မြန်မာဘောလုံးချစ်ပရိသတ်များ မျှော်လင့်တောင့်တ နေတဲ့ ဆုဖလားကြီးအား မြန်မာအမျိုးသမီးအသင်းမှ ပရိသတ်ရှေ့မှောက်မှာ ထိုက်တန်စွာ ရရှိသွားပါတယ်။ ကျွန်တော်တို့ မြန်မာဘောလုံးချစ်ပရိတ်သတ်များ ရင်ထဲမှာ ပီတိတွေ ပြည့်လျှမ်းနေမယ် ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ဘူး။
ဒါပေမယ့်ဗျာ ကျွန်တော်စိတ်မကောင်းတာ တခုရှိပါသည်။ အဲဒါက ဘာလဲဆိုတော့ ပရိသတ်တချို့၏ စည်းကမ်းမဲ့စွာ အားပေးမှုပဲဖြစ်ပါတယ်။ ကျွန်တော်တီဗွီကနေ ကွင်းထဲကို ရေသန့်ဗူးများ ပစ်ပေါက်နေကြတာကို မြင်လိုက်ရပါတယ်။ ကျွန်တော် အမှန်အတိုင်းပြောရလျှင် ထိုကဲ့သို့သော ပရိသတ်မျိုးကို အလွန်မုန်းပါတယ်။ အလွန်အောက်တမ်းကျပြီး မရင့်ကျက်သော အပြုအမူဖြစ်ပါတယ်။ မကျေနပ်၍ ကိုယ့်ဟာကိုယ် အော်ဆဲချင်ဆဲပါ။ ကိစ္စမရှိပါဘူး။ ထိုကဲ့သို့ ကွင်းထဲကို အရာဝတ္တုပစ္စည်းများ ပစ်ပေါက်ခြင်းသည် နိုင်ငံတကာနှင့် ယှဉ်လျှင် အလွန်ရှက်ဖွယ်လိလိ နိုင်ငံကြီးသား မပီသသော လုပ်ရပ်ဖြစ်ပါတယ်။ ဒါပထမဦးဆုံးအကြိမ်လဲ မဟုတ်တော့ပါဘူး။ ဒီအပြုအမူမျိုး မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ နိုင်ငံတကာပွဲ တချို့မှာလဲ အဲလိုမျိုး မကြာခဏတွေ့ဖူးပါတယ်။ ကျွန်တော်သာ ကွင်းထဲမှာ ရှိပြီး ထိုသို့သော လူမျိုး ကျွန်တော့်အနားမှာ ရှိလျှင် အမှန်တကယ် ဆွဲထိုးမိပါလိမ့်မည်။
အသင်းကိုချစ်တာက ချစ်တာပဲဖြစ်၏။ ကိုယ့်အသင်းမနိုင်လို့ မျက်နှာသာ အပေးမခံရလို့ ထိုသို့ ပြုလုပ်ခြင်းသည် စော်ကားသော အပြုအမူဖြစ်ပါသည်။ ဘယ်သူ့ကိုစော်ကား လဲဆိုတော့ ပထမ ကိုယ့်မြန်မာအသင်း၏ ဂုဏ်သိက္ခာကို စော်ကားခြင်းဖြစ်သည်။ ဒုတိယ မြန်မာတမျိုးသားလုံး၏ ဂုဏ်သိက္ခာကို စော်ကားလိုက်ခြင်းဖြစ်သည်။ ဒီလိုဆို နောက်နောင် နိုင်ငံတကာပွဲတွေ ဘယ်လို ကျင်းပကြမှာလဲ။ ဒီလိုသေးသိမ်တဲ့ စိတ်ဓာတ်တွေ ရှိရင် ဘယ်လိုနိုင်ငံတကာမှာ မျက်နှာပန်းလှမှာလဲ။ စဉ်းစားကြည့်ဖို့ကောင်းပြီဗျာ။ ကိုယ့်အပြုအမူ ကိုယ်ထိန်းသိမ်းပါ။ ကိုယ့်ရဲ့ ဘာမှ မဟုတ်တဲ့ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ အပြုအမူကြောင့် တနိုင်ငံလုံး အရှက်ရမယ့် အဖြစ်မျိုးဖြစ်နေနိုင်တာကို ချင့်ချိန်ကြည့်ကြပါ။ ငခုံးမတစ်ကောင်ကြောင့် တလှေလုံးမပုပ် လိုပါဘူး။
ဆိုးသွမ်းပရိသတ်တချို့ကြောင့် တခြားပြိုင်ဘက်အသင်းများက မြန်မာပရိသတ် ဆိုတာ ဒီလိုပဲ စည်းကမ်းမဲ့တာပဲလို့ အပြောခံရမှာ အလွန်စိုးကြောက်ပါတယ်။ အရှိုက်ထိပါတယ်။ အလွန်ရှက်စရာလဲ ကောင်းပါလိမ့်မယ်။ မြန်မာအသင်းကို နှလုံးသားနဲ့ ချစ်ပြီး စည်းကမ်းရှိစွာ အားပေးတဲ့ ပရိသတ်ထုကြီးကို အားနာကြပါ။ အသင်းကို ချစ်တာက ချစ်တာပါပဲ။ တဇွတ်ထိုး ကိုယ်ထင်ရာစိုင်းတတ်တဲ့ အပြုအမူမျိုးဟာ ချစ်တာမဟုတ်ပါဘူး။ တိုင်းပြည်နဲ့ လူမျိုးမျက်နှာကို ကြည့်ကြပါခင်ဗျာ။ စည်းကမ်းရှိစွာအားပေးကြပါ။ သန့်ရှင်းစွာ အားပေးကြပါ။
Posted in Labels: poem | Saturday, September 15, 2007
ငါတို့ တွေလှော်ခတ်
နေကြတယ်..........။
လှော်တက်မရှိဘူး....။
ပင်လယ်၊ မြစ်ချောင်းမရှိဘူး...။
ခရီးလဲ မရှိဘူး.......။
ဘာမှ မရှိဘူး..။
ဘာမှမရှိတာလဲ....ဘာမှမရှိဘူး။
ဒါပေမယ့်...
ငါတို့ တွေ...လှော်ခတ်နေကြရဲ့....။
Posted in Labels: poem | Saturday, September 15, 2007
အမည်= မင်းယွန်းသစ်
အသက်= ၂၁ နှစ်
အလုပ်အကိုင်= -
နေရပ်= ခေတ္တ ကမ္ဘာမြေ
Posted in | Friday, September 14, 2007
ကျွန်တော့် ကိုမမီက ဘလော့ဂ်ဆီမီနာ မလုပ်ခင်ထဲက တက်ထားတာ ကြာပါပြီ ။ အခုမှရေးဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပို့စ်တွေကတော့ ကျွန်တော့်အကြိုက်လို့ ပြောလို့ ရမယ်ထင်ပါတယ်။ ဒါပေမယ့် တကယ်တော့ ကျွန်တော်က ကျွန်တော့် စာတွေကို စိတ်တိုင်းမကျသေးပါဘူး။
၁။အမည်မသိတဲ့ ကောင်းကင်
၂။ထွက်သက်ဝဠာ
၃။လူမထွက်ဘူး
၎။ကျွန်တော်နှင့် အ၀ါရောင်ကောင်မလေး
၅။လူပျင်းပုံပြင်
Posted in Labels: poem | Friday, September 14, 2007
တကယ်တော့...တကယ်မဟုတ်ပါဘူး
ပြင်းပြလွန်းတဲ့ ဆန္ဒကြောင့်သာ...
ရှင်သန်လာရတယ်...။
၂ခါပြန်ချိုးလို့ မရတဲ့ မြစ်မျိုး
ငါ...ဘယ်တော့မှ မချိုးဘူး...။
ဝါဒတွေ လက်ကိုင်မပြုချင်လို့...
(ငါ့) လက်နှစ်ဖက်ကို ရိုက်ချိုးပြစ်လိုက်တယ်...။
တော်ပြီ...ခပ်ထန်ထန်..
ကျဲတောက်တောက်...
လက်ဖက်ရည်မျိုးပဲ....မွတ်သိပ်ပစ်လိုက်မယ်...
ဂဏန်းတွေနဲ့ ရေတွက်ထားတဲ့ လောက ကြီးထဲ..
ဂဏန်းတွေက ထိန်ချုပ်ရခက်စွာပဲ..
ဂဏန်းတွေ...မွန်းကျပ်နေတယ်...။
လျှောက်ခဲ့ဖူးတဲ့ မှတ်တိုင်တွေဆီ
ပြန်ငေးကြည့်ရင်း....
မနည်းတော့ဘူး....လေ။
ညစ်ထေးစွန်းပေနေတဲ့...
ငါ့အ၀တ်ဟောင်းတွေ ...
ပုံလျက်သားတွေ ကျန်ခဲ့လေရဲ့။
.........
ရှေ့ဆက်ရမှာလား...။
ခုန်ချရမှာလား...။
အော်ဂလီဆန်စရာ ခေတ်စရိုက်တွေထဲ...
ငါ့ကိုယ်ငါ... ချွေးစော်ပြန်နံနေတယ်...။
.......
တကယ်တော့... တကယ်မဟုတ်ပါဘူး...။
ဒါပေမယ့်.....။
Posted in Labels: poem | Friday, September 14, 2007
Posted in Labels: poem | Thursday, September 13, 2007
ချောက်ချက်...ချောက်ချက်
ဆိတ်ညံနေတဲ့ ညအချိန်ရဲ့ လမွန်းတည့်ချိန်....
နရီသံ စည်းချက်မှန်မှန်နဲ့
စက္ကန့်တွေက ခေါက်တုန့် ခေါက်ပြန်...
ကြံဖန်တဲ့ အတွေး တစ္ဆေက
ဝင်သက်နဲ့ ထွက်သက်ပြောင်းပြန်ဖြစ်နေ...
အခန်းပြင်ရဲ့ ဒေါင့်က မျက်လုံးတွေက
မသိမသာ ခိုးခိုးကြည့်နေကြ...
အငွေ့ အခိုးတွေ အခန်းထဲ ကျပ်သိပ်
ဝိဥာဉ်တစ်ကောင်ရဲ့ ကိုယ်တစ်ပိုင်းပုံရိပ်...က...
ဖြတ်ကနဲတွေ့လိုက်ရဲ့...
တဒိတ်ဒိတ်နဲ့ ခုန်နေတဲ့ နှလုံး နှင့်
သွေးစွန်းမယ့် မျက်နှာကြက်စွန်းတွေ ပြိုးပြိုးပျက်ပျက်နေရဲ့
ဝါဒက ငါ့ကို လက်ကိုင်ပြုတယ်၊ ကဗျာက ငါ့ကိုပြန်ရေးတယ်
အိပ်မက်က ငါ့ပြန်မက်တယ်။
အတိုဆုံးအပြုံးတွေ ကုပ်ကပ်ပြီး ထွက်လာတဲ့
သူ့မျက်နှာကြီးက ညှီစော်နံနေတယ်။
ကဲ...ရေးထားတဲ့...စာသားကလဲပျောက်
(ငါ့) စကားလုံးတွေ ကြောက်ကြောက်နေတယ်။
ဖိနပ်မစီးတတ်တဲ့ ကံကြမ္မာကြီးက
ငါ့နေ့တွေကို ဆွဲ....ဆွဲဆန့်တယ်..။
Posted in Labels: Fun, Music | Thursday, September 13, 2007
အမူးကိုကို သီချင်းကို
V2: မသောက်ရင်မနေနိုင်တာကကို... တစ်မျိုးပဲစိတ်မှာဆို
ဒဂုံမှ တုံတုံက လသာမှ ဂွစာအတွက်၊ ဥရုဂွေးရောက် ချစ်ညီမ ပုတုလေးရဲ့ ဗုစုခရုလေးများက တောင်တွင်းကြီးက မောင်ပျင်းကြီး အတွက်၊ တာမွေကြီး က လက်ခ်ျမီးက ကမာရွတ်က မာမွတ်အတွက်၊ ဘားလမ်းက အဖွားသန်းက ကျုံးကြီးက ချစ်ဦးသူ ဦးကတုံးကြီးအတွက် သုဝဏ္ဏက ပုကွက တောင်ကြီးက မောင်ကီးအတွက်၊ မန္တလေးက ရှမ်းမလေးက ဘီလူးကျွန်းက ဦးထွန်းအတွက်၊ အမည်မဖော်လိုသူ လမ်းဆုံက ဂျမ်းပုံက ဘိုကလေးက တိုလေးအတွက် တောင်းဆိုထားကြပါတယ်။အမူးကိုကို
(အောင်ရင်၏ နွဲ့ဆိုးသံစဉ်)
V1 : အသဲစွဲတဲ့ ခွက်ပုံး အစ်ကို ချစ်အားပိုလို့ နေသူသူ့ကို ကြည့်လိုက်တော့ရေခဲလို လူလစ်တဲ့ခါ မြန်မြန်မျို
ဟပ်ထိုး..ဟပ်ထိုး.မော့ရှာသူကိုး ကျွန်တော့်လိုပါပဲ သူမော့ရှာသကိုး ၀ီစကီ ဘီယာ ဆော်ဒါ တကယ်မလို
အနီပေါ်မှာသာ အကြင်နာတွေပို အမြည်းအတွက်ဆို ဘယ်အရာမဆို စား...လို့ ဖြစ်သတဲ့ဗျိုး...
အမှန်အကန်သောက်တဲ့ အမူးကိုကို မူးလို့ ချစ်အားပို မသိသလိုသာ ကြည့်မယ်ဆို မော့မော့ မော့ကာသောက်တော့... သူ့ အပေါ်မှာ သွားရေက ယို.....
cho: (ခွက်ပုန်းကို...ခွက်ပုန်းကို မြင်ယောင်နေတယ် အချိန်တိုင်းကို ..
ခွက်ပုန်းကို...ခွက်ပုန်းကို အမြဲပဲမော့မယ် သူ့မှာဆို)
တနေကုန်သောက်တဲ့ အမူးကိုကို မူးလို့ချစ်အားပို မသိသလိုသာ ကြည့်မယ်ဆို မော့မော့ မော့ကာ သောက်တော့
သူ့မှာလေ သွားရေက ယို...
Posted in Labels: အတိုအထွာ | Wednesday, September 12, 2007
ကျွန်တော် အခုတလော ပို့ တင်တာနဲ ရခြင်းမှာ စာမေးပွဲနီးနေတာက တစ်ကြောင်း၊ မအားတာက တစ်ကြောင်းကြောင့် ပို့စ် အသစ်မတင်ဖြစ်ပါ။ လာရောက်လည်ပတ်တဲ့သူတွေကို အားနာပါတယ်။ ကျွန်တော့် စာမေးပွဲက နောက်လ ၅ရက်နေ့ မှာ စဖြေရမှာပါဖြစ်ပါတယ်။ အဲဒိတော့ ဒီကြားထဲမှာ တော့ အားရင်အားသလိုတင်သွားမှာပါ။ ဒါပေမယ့် စာမေးပွဲ အရမ်းနီးကပ်လာတဲ့ ရက်များကျရင် ကျွန်တော် ကြိုတင်ကြေငြာပေးပါ့မယ်။ ဘယ်နေ့ ဘယ်နေ့ပြန် ပြီး blogging လုပ်မယ်ဆိုတာ ပေါ့။ ကျွန်တော့်ဆီမှာ တိုးလို့ တန်းလန်း ၀တ္တုတိုလေးတွေ စာမေးပွဲ ပြီးရင် အဆုံးသတ်ရမယ့် တာဝန်တွေရှိပါသေးတယ်။ ဒါတွေ စာမေးပွဲပြီးရင် တင်မှာပါ။ ကျွန်တော့်ကို အခုမှ သိပြီး လာရောက်လည်ပတ်သူများကတော့ ကျွန်တော့်ကို ခုတလော ဘောလုံးအကြောင်းတွေချည်းပဲ တင်နေလို့ ဘောလုံးဘလော့ဂ် လို့ ထင်နေပြီလားမသိဘူး။ ဟိဟိ။ ကျွန်တော် က စာတိုပေစ တွေ လျှောက်ရေးတတ်တဲ့ ဘလော့ဂ်ဂါလဲ ဖြစ်ပါတယ်။ စာမေးပွဲကြီးပြီးရင် တော်တော်လေးကို အားယားသွားမှာသေချာပါတယ်။ အဲဒိတော့ ကျွန်တော် တင်မယ့် ၀တ္တုတိုလေးတွေ မတောက်တခေါက် ကဗျာလေးတွေလဲ လာအားပေးပါအုံးလို့....
Posted in | Tuesday, September 11, 2007


MBS ကိုယ်စား မြန်မာအမျိုးသမီးအသင်းကို သွားအားပေးကြတဲ့ ဘလော့ဂါမောင်နှမများ ( ကိုကျော်ဇေယျ၊ ကိုဘလာဂေါက်၊ ကျွန်တော်၊ အမ ဘာညာ၊ ကိုစိုးဇေယျ)



တစ်ယောက်ထဲ သရေကျအဲလေ....အမှန်အကန်အားပေးနေတဲ့ ဂျာနယ်ရှော်ကြီး ကိုစိုးဇီယျ


တာ့တာ နော်.....(ကိုကဇယ၊ ကိုစိုးဇီယျ၊ကိုဂေါက်၊ အာ..ရိုက်တုန်းက လေးယောက်ပါ.....အော်...မဘာညာ ကင်မရာ မဆံ့လို့ ကျန်ခဲ့တာကိုး ခွိခွိ :P)

ပရိသတ်တွေကို လိုက်လံနှုတ်ဆက် အောင်ပွဲခံနေတဲ့ မြန်မာ အမျိုးသမီး အသင်း

Posted in Labels: News | Monday, September 10, 2007
ဒီနေ့ကျွန်တော်ရယ်၊ ကိုဂေါက်ရယ်၊ ကိုကျော်ဇေယျရယ်၊ မဘာညာရယ် ဘုရားသွားပါမယ်။ ပြီးရင် မြန်မာ အမျိုးသမီးဘောလုံးအသင်းနှင့် ထိုင်းအမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်မည့် ပွဲအား မျိုးချစ်စိတ်ဓာတ် အပြည့်ဖြင့် အားပါးတရသွားအားပေးကြပါမယ်။ မနက်ဖြန် ဘောလုံးပွဲသတင်းတင်ပေးပါမည်။ စောင့်မျှော်တော်မူကြပါ။
Posted in Labels: ဟာသ | Sunday, September 09, 2007
“ဟ....ဟ...လုပ်ကြပါအုံး”
“ဦးဘာဖြစ်ပြန်တာလဲ”
“အား....ခွေး..ခွေး...အီးတွေ တက်...တက်နင်းမိလို့....ဝေါ့”
“ထွီ...အားဒါဆိုဒီနားမလာခဲ့နဲ့လေဗျာ...”
သူ့ခင်မျာ မိုင်းဗုံးနင်းမိထားတဲ့ စစ်သားလို ရှေ့တိုးရခက် နောက်ဆုတ်ရ ခက်ကြီးဖြစ်နေတယ်။ ဘယ်ကလေက၀ ခွေးကလဲ ဘယ်လောက်တောင် ပါထားတာလဲ မသိဘူး။ နည်းတဲ့ အပုံကြီးမဟုတ်ဘူး။ ထွီ...။ သူ့ခြေထောက်တစ်ခုလုံး ပေကျံလို့။ အဲဒါနဲ့ သူမှာဖိနပ်ကြီး ဒီအတိုင်းချွတ်ပစ်ပြီး ကွမ်းယာဆိုင်က ရေပုံးယူပြီး တဗွမ်းဗွမ်းနဲ့ အထပ်ထပ် ဆေးနေလေရဲ့ ။ ဆေးလို့ကို မဆုံးတော့ဘူးဗျာ။ ဒါနဲ့ ကျွန်တော်တို့ သူငယ်တွေလဲ တခွိခွိနဲ့ ကြိတ်ရယ်ပြီး သူရဲ့ နာမည်ကို အတည်ပြုပေးလိုက်တယ်။ ဘာတဲ့။ အီးလူသားတဲ့လေ။
Posted in Labels: miscellaneous, Thought | Saturday, September 08, 2007
Posted in Labels: News | Friday, September 07, 2007
Posted in Labels: Article | Thursday, September 06, 2007
အဲဒါနဲ့ လာကွာ မင်းနဲ့ငါ လက်ဖက်ရည်ဆိုင် သွားပြီး ရပ်ကွက်ထဲမှာ ဘယ်သူသွားမလဲ အဖော်ညှိပြီး သွားတာပေါ့ ဆိုပြီး လက်ဖက်ရည်ဆိုင် ကို သွားကြတာပေါ့။ တိုက်ဆိုင် ချင်တော့ လက်ဖက်ရည်ဆိုင်မှာပဲ သူတို့ ရပ်ကွက် က အကိုကြီးက မြန်မာ အသင်း အင်္ကျီအနီကြီး ၀တ်ပြီး တက်ကြွနေလေရဲ့။ ဒါနဲ့စကားစပ်မိတော့ ငါခဏနေသွားမလို့ကွ ဆိုပြီး ပြောတော့ ကျွန်တော်တို့လဲ ၀မ်းသာသွားတယ်။ ဘာလို့လဲ ဆိုတော့ သူက ပါပလေကာကား လေးနဲ့သွားမှာလေ။ အဲဒါနဲ့ အသိအသုပ်ဆိုင်က အကိုကြီးကလဲ သွားရင် သူလဲ လိုက်မယ်ဆိုပြောတယ်။ နောက်ထပ် အကိုကြီးတွေ ကလဲ လိုက်ကြမယ်တဲ့။ ပျော်လိုက်တာဗျာ။ လူအတော်စုံသွားပြီလေ။
ကျွန်တော်လဲ အမေ့ဆိုင်ကို ဖုန်းဆက် လိုက်တယ်။ ဒါပေမယ့် ဗျာ အမေက ပေးမသွားဘူး။ (လူကြီးဆိုတော့ စိတ်ပူတာနေမှာပေါ့) လုံးဝမသွားရဘူးတဲ့။ မရဘူး ကျွန်တော် ကလဲ ဇွတ်ပဲလေ။ အမေ ပြီးမှ ဆူချင်ဆူတော့ ဆိုပြီး သူပြောလို့ မပြီးခင် ဖုန်းချလိုက်ပြီး ပြင်ဆင်ပြီး သွားကြတာပေါ့။ အော် ဒီနေရာမှာ ဘာတွေ ပြင်ဆင်တယ်ထင်လဲ။ ကျွန်တော်တို့ ထက် အကိုကြီးတွေက ပိုတက်ကြွနေတယ်ဗျာ။ လားလား ကျွန်တော် ကားကို ကြည့်လိုက်တော့မှ ကားပေါ်မှာ အကုန်လုံး မြန်မာအသင်း ၀တ်စုံ တွေနဲ့ နီရဲလို့ မြန်မာ အလံခေါင်းစီးတွေနဲ့။ ဟဒါက ဘယ်တုန်းက ၀ယ်ထားတာလဲ။ ဆိုတော့ တနေ့က သွားကြည့်တုန်းက ၀ယ်လာတာကွ ဆိုပြီးပြောတယ်။ ပြီးတော့လဲ ကြည့်အုံး ပါပလေကာ အမိုးဖွင့်ကား ရဲ့ ထိပ်မှာ မြန်မာ အလံကြီးကို ၀ါးလုံးနဲ့ ချည်လို့ ကားမောင်းတော့ တလူလူ တလွင့်လွင့် နဲ့ဗျာ။ တကယ့်ကို ကျွန်တော် တမျိုးကြီးဖြစ်သွားတယ် ၀မ်းသာလွန်းလို့ ။ တလမ်းလုံး ကျွန်တော် တို့ ချည်းပဲလား ဆိုတော့ မဟုတ်ဘူး။ ကားတိုင်းက ဒီလိုဖက်ရှင်တွေနဲ့ ဗျာ။ နိုင်ငံတော် အလံတွေ လွင့်နေတာများဗျာ ရဲရဲ နီစွေးလို့။ ကျွန်တော်တို့ သုဝဏရောက်တော့ လူတွေ တိုးမပေါက်ဘူး။ လက်မှတ်ဝယ်။ ပြီးတော့ ကျွန်တော် အင်္ကျီဝယ်ပြီး ကွင်းထဲရောက်တော့ လူတွေလူတွေ များဗျာ တကွင်းလုံးပြည့်လျှံလို့။ ပွဲက ၃ နာရီမှ စမှာ လူတွေက ကျွန်တော် ရောက်တဲ့ ၂နာရီလောက်မှာတောင် ပြည့် နေတော့ ဘယ်ချိန်ထဲက လာကြလဲ မသိဘူးဗျာ။ တကွင်းလုံး တိုးမပေါက်ဘူး။ မကန်ခင် မြန်မာတွေ မြန်မာတွေများ (ကျွန်တော် အပါအ၀င်) နိုင်ငံတော် သီချင်းကို ကွင်းလုံးပြည့်ဆိုလိုက်ကြတာ။ တခါမှ ဒီလောက် လူအများကြီးနဲ့ နိုင်ငံတော် သီချင်းကို တပြိုင်တည်း မဆိုဘူးတော့ ကျွန်တော် ကြက်သီးမွှေညှင်းတွေတောင် ထပြီး အားနဲ့မာန်နဲ့ ဆိုနေမိတယ်။
ဒီကြားထဲ ရယ်စရာ ကလဲ ရှိသေးတယ်။ ပရိသတ်ထဲက ကုလားတစ်ယောက်ကလဲ မလေးတွေ မူနေလို့ `သောက်ကုလား… သောက်ကုလားတွေ´ ဆိုပြီး အော်နေလို့ ကျွန်တော်က ဟေ့လူခင်များက ကော ကုလားမဟုတ်ဘူးလားလို့ လှမ်းနောက်လိုက်တော့ အမယ် ဒင်းကဘာပြောတယ် မှတ်လဲ ဟေ့လူ ကျွန်တော် က မြန်မာမှာ မွေးတဲ့ မြန်မာ ဗျ။ ဒီချိန်မှာ ကျွန်တော် မြန်မာပဲ။ ကျွန်တော် သွေးထဲမှာ မြန်မာကို ချစ်တဲ့စိတ် အပြည့်ရှိတယ်ဗျ။တဲ့ ။ လေးစားလောက်တဲ့ ကိုရွှေကုလားပါပဲ။ မှန်တာပေါ့ မြန်မာ ပြည်မှာမွေးသူတိုင်း မြန်မာကို ချစ်ရမှာပေါ့။ ကျွန်တော်တို့ အားလုံး မြန်မာပြည်သား စစ်စစ်တွေပဲလေ။ နောက်ဆုံး မြန်မာ အသင်း ထိုက်ထိုက်တန်တန် ရွှေဖလားကြီး ရသွားတယ်လေ။ ဘယ်လောက်တောင် ကြာပြီလဲ နိုင်ငံ အဆင့်မှာ ဆုဖလားရဖို့ နှစ်တွေခြားနေလိုက်တာ…။
`မြန်မာနိုင်ပြီ…. ဒို့ မြန်မာနိုင်ပြီ ´ ဆိုပြီး…..တော့….ပေါ့….။
Posted in Labels: အတိုအထွာ | Thursday, September 06, 2007
Posted in Labels: Postmodern | Thursday, September 06, 2007
တစ်ရံရောအခါ..
“ဘာ” မြို့လေးမှာ…ဘာမှန်းမသိတဲ့ ကောင်မလေး တစ်ယောက်ရှိသတဲ့…
ဘာလိုလိုနဲ့….မထင်မှတ်ဘဲ…
အဲဒိကောင်မလေးကို…ဘာဘာညာညာမသိဘဲ ကောင်လေးတစ်ယောက်က အလွန်စိတ်ဝင်စားသွားသတဲ့။
ဘာမှနားမလည်တဲ့ ဘာမှန်းမသိတဲ့ ကောင်မလေးကို ကောင်လေးက ရည်းစားစကားလိုမျိုး ဘာစကား သွားပြောလဲမသိ။
ကောင်မလေးက ဘာမှန်းမသိတဲ့ အကြည့်မျိုး ပြန်ကြည့်လိုက်တယ်။
ကောင်လေးက ကောင်မလေးကို ကြည့်ပြီး သူ့ရင်ထဲ ရှာနေတာ “ဘာ”ဆိုတာ သိပ်နားလည်သွားတယ်။
ကောင်မလေးက..သူ့ကို စိုက်ကြည့်နေတဲ့ ကောင်လေးကို “ဘာလဲ”ဟု ရှက်စနိုးမေးလိုက်သည်။
ကောင်လေးက ဘာမှမဟုတ်ပါဘူး လို့ဆိုကာ ဘာမှမသိကျိုးကျွံပုံစံမျိုးနဲ့ ကောင်မလေးရဲ့ လက်ကို ဖမ်းဆုပ်လိုက်တယ်။
ကောင်လေးရဲ့ ကြင်နာမှုလှိုင်းတွေက လက်ချင်းထိစပ်နေတဲ့ နေရာကနေ ကောင်မလေးဆီကူးစက်သွား၏။
သူတို့ ၂ယောက် ၁ယောက်ကို ၁ယောက် အချိန်ကြာကြာ စိုက်ကြည့်နေကြသည်။ အခုတော့ လဲလောကကြီးတစ်ခုလုံးက သူတို့နှစ်ယောက်ကြားကို ဘာဆိုဘာမှ ၀င်ရောက်နှောက်ယှက်ခြင်းမပြုနိုင်ကြတော့…။
Posted in Labels: News | Wednesday, September 05, 2007
မနက်ဖြန်ကျရင် အာဆီယံအမျိုးသမီး ချန်ပီယံရှစ် ဘောလုံး ပွဲကို သုဝဏကွင်းမှာ ကျင်းပမှာဖြစ်လို့ နိုင်ငံတကာ ဘောပွဲများ ငတ်နေတဲ့ မြန်မာဘောလုံး ပရိတ်သတ်အတွက် သတင်းကောင်း ဖြစ်ပါတယ်။ ကဲ မနက်ဖြန် ၃း၃၀ မှာ မြန်မာနဲ့ စင်္ကာပူ တို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်လို့ ရှားရှားပါးပါး နိုင်ငံတကာပွဲကို သွားကြည့်ကြရအောင်ဗျာ။
Posted in Labels: အတိုအထွာ | Wednesday, September 05, 2007
ကျွန်တော်တို့ ရပ်ကွက်က ပထမ မိန်းလမ်းကြီး ပြီးတော့ အတွင်းဘက်လမ်းနားမှာပါ။ ကျွန်တော်နေတဲ့ လမ်းက နေ အပြင်ဘက်လမ်းကားဂိတ်ကို နဲနဲလေးလမ်းလျှောက်ရပါတယ်။ ဒါပေမယ့် အဲဒိကားဂိတ်က ထူးဆန်းစွာပဲ ကားတွေ ရပ်ခဲပါတယ်။ ကပ်ကျော်မှတ်တိုင် ပေါ့ဗျာ။ အဲဒိတော့ မဖြစ်မနေ ဆိုက်ကားစီးပြီး တမှတ်တိုင် ကျော်ကို စီးရတယ်။ ကျွန်တော်တို့ ရပ်ကွက် လမ်းထိပ်လေးမှာ ဆိုရင် တရားဝင်တော့ မဟုတ်ပေမယ့် ဆိုက်ကားဂိတ်လေးရှိပါတယ်။ တရားဝင်မဟုတ်ဘူးဆိုတာ ဆိုက်ကားတွေက ဂိတ်တွေမှာဆိုရင် တန်းစီနေရတာနဲ့ဆိုတော့ အလွယ်တကူ ကိုယ့်ရပ်ကွက်နားက ကိုယ့်ဖောက်သည် လေးတွေကို လိုက်ပို့ လိုက်ကြိုလေးတွေပဲ လုပ်ကြရင်း ဆိုက်ကားဂိတ်လေးဖြစ်နေတာပေါ့ဗျာ။
Posted in Labels: poem, Reference | Wednesday, September 05, 2007
ကျွန်တော်ကြိုက်တဲ့ ဆရာသိန်းဇော်ရဲ့ ကဗျာလေးပါ။ ဒီကဗျာလေးကို ဆရာတာရာမင်းဝေ “ကပ်ကြေးတစ်လက်နှင့် ကောင်းကင်တစ်ထည်” စာအုပ်မှ ကူးယူထားလိုက်ခြင်းဖြစ်ပါတယ်။ ခေါင်းစဉ်လေး မပါပါဘူး။ ဒါပေမယ့် ဖတ်ကြည့်ရင် တခုခု ခံစားမိပါလိမ့်မယ်။ ကျွန်တော်ကြိုက်တဲ့ ကဗျာတွေထဲက တစ်ပုဒ်ပေါ့။
မျက်မြင်သက်သေ မရှိတဲ့အတွက်
ပင်လယ်က
လှိုင်းကို ငြိမ်းလိုက်ပြီ။
ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။
ဆူးပြွန်း အတွေးတွေ
ဆွေးမြေ့မှုကိုသာ ဆန့်ထုတ်လို့
ငါကိုယ်တိုင်လည်း
ငါ့အသံထဲ
လွမ်းလွင့်မျောပါချိန်ပေါ့
ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။
မိုင်ထောင်သောင်း ဝေးလံ အရပ်က
ရေနံတွင်း၊ ရွှေနဲ့ စိန်ထွက်ရာ မြေကြီးတွေ…
ငါ့သီချင်းကို စုတ်ယူကြ
အဲဒိရနံ့တွေ
လှိုင်းလိုတလိပ်လိပ်တက်လာ…။
အဲဒိရနံ့တွေ
ငါ…. ရိုက်ခွဲ ပစ်လိုက်တယ်။
ဒိထက်ပိုဝေးလည်း ဒိထက်ပိုမဝေးတော့ပါဘူး
နှင်းဆီကို ချစ်တတ်အောင် သင်ကြားဖို့
စောင်းတွေက
ဆူးကို ကြိုးညှိပေးခဲ့ရတာပေါ့
တစ်ညနေခင်းလုံး
ငါ့ဆီ မှိုင်ငေးနေတဲ့ တိမ်တွေ
အလွမ်းက ကျွတ်လွတ်ဖို့
မြူဆွယ်အား ကောင်းကောင်း
ကံတရား လှပတာ လိုချင်ရဲ့။
ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။
ကိုယ့်အရိပ်တောင် မရိပ်မိနိုင်တော့တဲ့
နှင်းနဲ့ လောင်ကျွမ်းနေသူ
ဆောင်းလေ
ငါ့….ကို…ရှာ…ဆဲ။
မောင်သိန်းဇော်
Posted in Labels: အတိုအထွာ | Tuesday, September 04, 2007
အလင်းတွေကို အလွဲသုံးစားလုပ်ပစ်တဲ့
နေတစ်စင်းကို သဂြိုလ်ပစ်ဖို့
မီးပုဆိန် တစ်လက်ကို ထမ်းပြီး
ငါလာပြီ....
.........ငါလာပြီ.......
...................ငါလာပြီ။
Posted in Labels: poem | Tuesday, September 04, 2007

အလင်းမြစ်တွေ….
ဟိုမှာဘက်ဆီက စီးဆင်းလာကြရဲ့..
စိမ်းလန်းမှုတွေ ခင်းကျင်းပြထားတဲ့
နဖူးကမ်းပါးတွေက တိုက်စားမှုရဲ့
ခံနိုင်ရည်စွမ်းတွေ လျော့သွားတယ် မရှိဘူး။
နိမ့်ပါးတဲ့ ကျွန်တော့် ရင်ဘတ် မြေပြင်ဟာ
လှံစိုက်ရာ နေရာတစ်ခုပေါ့။
ဗလုံးဗထွေး ဒုက္ခတွေက ၀န်မပိပိအောင်
ကျွန်တော့် ပခုံးပေါ်ထမ်းပိုးထားကြတယ်။
ပြုတ်ထွက်မတတ် ဇီးကွက်မျက်လုံးတွေက
သရော်တော်တော် ပြူးပြူးပြကြတယ်
မယဉ်ကျေးသူ ကျွန်တော်က
သွေးစုပ်ကောင်ဆန်ဆန်
ရယ်ကျဲကျဲ မနေတတ်တော့ ခက်တယ်။
ဆာလောင်မှု ညှီနံ့ တွေကို ဖုံးကွယ်ထားတဲ့
ဝန်းကျင်ဆိုတာလဲ
တကယ်တော့ စက်ဆုပ်စရာပဲ…။
ဘယ်သူ့မှ ဘာမှလာပြီး
မဖေးမပါဘူး
သနားတယ် ဆိုတဲ့ စကားလုံးမျိုး
ပြောတတ်တဲ့
အဲဒိ ပါးစပ်တွေက တုံးအလွန်းတယ်။
တိုးတက်မှု မရှိတဲ့ အပြုအမူ၊
အတွေးအခေါ်၊ လမ်းဟောင်းတွေနဲ့
စကားလုံးအဟောင်းတွေ ထဲမှာပဲ..
စီးမျောနစ်ဝင် နေကြပေါ့
နှုတ်မဆက်ပဲ
ဟောဒိ လောကကြီးထဲ
ရှင်လျှက်နဲ့… (သူတို့)
သေနေကြတယ်….။
Posted in Labels: memories, Record | Sunday, September 02, 2007
နောက်ဆက်တွဲ များ ထပ်ဖြည့်ထားပါသည်။ တနေ့ကထဲက ကျွန်တော်တို့ ဘလော့ဂ်ဂါတွေ မြေနီကုန်း Service + မှာ စုပြီး နောက်တနေ့ အတွက် စီစဉ်စရာ ရှိတာ စီစဉ်ကြတယ်။ ဟောပြော မယ့် သူတွေက လဲ presentation အတွက် ပြင်ဆင်ကြတာပေါ့။ အားလုံး ရှိတဲ့ လူလေးနဲ့ တစ်ယောက် တစ်လက် ၀ိုင်းလုပ်ကြပြီး မနက်ဖြန် ကို ၈ နာရီ အရောက် မြေနီကုန်းမှာ ဆုံဖို့ ပြောပြီး ၇ နာရီလောက်မှာ ပဲ တချို့ လူစုခွဲကြတယ်။ ကျွန်တော် မနက်ဖြန်ပွဲ အတွက် ရင်ခုန်တာ များ အိပ်မက် ထဲမှာ တောင် ဆီမီနာ လုပ်နေတယ်ဗျာ။
ပြီးတော့ ကိုကျော်ဇေယျတို့က နိုင်ငံတကာ က ဘလော့ဂ်ဂါ ရောင်းရင်း ညီအကို မောင်နှမ များ အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်ရန် အွန်လိုင်းပေါ်တင် ပေးနေကြပါတယ်။ ကျွန်တော်တို့ ဘလော့ဂ်ဂါတွေ အားလုံးလဲ သူ့ အလုပ်နဲ့ သူဇယ်ဆက်နေကြပါတယ်။ ဒုတိယ ပိုင်းမှာ ကိုစိုးဇေယျကြီးက ပရိသတ် အမြင်ကို အင်တာဗျူးပါတယ်။ ပရိသတ်ရဲ့ တုံ့ ပြန်သံတွေကလဲ အနာဂတ် မြန်မာ ဘလော့ဂ်ဂါ လောက အတွက် အားတွေပါပဲ။ ဒုတိယပိုင်းမှာ မမီ( မမယ်လိုဒီမောင်)၊ ကိုမျက်လုံး၊ ကိုစေတန်ဂေါ့တ် တို့က ဆက်လက်ဟောပြောကြပြီး ပရိသတ်များမှ မေးသော မေးခွန်းစာရွက်လေးများအား ကိုနေဘုန်းလတ်၊ ကိုစေတန်ဂေါ့တ်၊ ကိုညီလင်းဆက်၊ တို့မှ ပြန်လည်ဖြေကြား ပေးသွားပါတယ်။ အခမ်းအနား အစီအစဉ် နောက်ဆုံး မှာ survey form လေးတွေကို ပြန်လိုက်ကောက်ပြီး ကံစမ်းမဲ အစီအစဉ်ကျင်းပပါတယ်။ စိတ်လှုပ်ရှားစရာ အပြည့် နဲ့ ကံစမ်းမဲ ဖောက်ကြပါတယ်။ အင်္ကျီများ၊ ဆိုက်ဘာကဖေး ဆိုင်များ တွင် အင်တာနက် အသုံးပြုခွင့် ၁၀နာရီစာ ကဒ်လေးများ၊ Memory Stick များကို ပျော်ရွှင် စွာ မဲဖောက်ပေးကြပါတယ်။ ကံစမ်းမဲများဖောက်ပေးလို့ အပြီးမှာ အခမ်းအနားကို ရုတ်သိမ်းပါတယ်။ ဒီနေရာမှာ ထူးခြားစွာပဲ ကျွန်တော်တို့ အစီအစဉ်က ၄နာရီ တော်တော် ကျော်သွားတာတောင် ပရိသတ်တွေ လုံးဝ ထမပြန်ကြပါဘူး။ ကျွန်တော်တို့ ပြုလုပ်တဲ့ ဆီမီနာကြီး အမှန်တကယ် အောင်မြင် မှုရတယ်လို့ ပြောနိုင်ပါတယ်။ ကဲအားလုံးလဲ ပြီးပြီ ဆိုတော့မှ ကျွန်တော်တို့ အားလုံး ပီတိအပြုံးလေးတွေ ကိုယ်စီနဲ့ပေါ့။ ကျွန်တော်တို့ အားစိုက်လုပ်ထားသမျှ တကယ်အောင်မြင်မှုရလိုက်တဲ့ အတွက် မဖော်ပြနိုင်အောင် ၀မ်းသာမိပါတယ်။ နိုင်ငံတကာက ဘလော့ဂ်ကာ သူငယ်ချင်းများရဲ့ ကူညီဖေးမ မှုကြောင့်လဲ ပါပါတယ်။ သူတို့လဲ ၀မ်းသာပီတိဖြစ်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
အစီအစဉ် ၁၅ အခမ်းအနားပြီးကြောင်းကြေငြာပြီး ပွဲပြီးတော့ ကျွန်တော်တို့ တွေ အစီအစဉ် ၁၆ ကို ကမ်းနားလမ်းက ရွှေဘဲ စားသောက်ဆိုင်ကို ဦးရဲမြတ်သူတို့ အပါအ၀င် ချီတက်ကြပါတယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော်များ တပျော်တပါး မှာစားကြပြီး ဘလော့ဂ်ဂါ အချို့မှ လွဲပြီး ကျန်သော ဘလော့ဂ်ဂါများ ဘီယာ သောက်ပြိုင်ပွဲ ကျင်းပကြပါတယ်။ (မှတ်ချက်။ ။ မသောက်သော ဘလော့ဂ်ဂါထဲတွင် ကျွန်တော် မပါတာတော့ အထူးပြောစရာ လိုမည် မထင် :D ) ဘလော့ဂ်ဂါမမ တွေက အအေး သောက်ကြပြီး အအေး သောက်တဲ့ သူတို့က ကျွန်တော်တို့ကို ပြန်ရစ်နေပါတယ်။ ဟီးဟီး။ ခုံတန်းရှည်ကြီးမှာ တဆက်တည်းထိုင်ပေမယ့် ကိုဘလာဂေါက်၊ ကိုမျက်စိ၊ ကိုညီလင်းဆက်နဲ့ ဦးရဲမြတ်သူတို့က ရောက်တတ်ရာရာ ပြောနေကြတဲ့ အဖွဲ့က တပိုင်း၊ ကျွန်တော်တို့ ၀ါးတီးစား ဘီယာသောက်ကြတဲ့ ဘလော့ဂ်ဂါတွေ အများစုက တပိုင်းဖြစ်နေတယ်။ ပြီးတော့ ကိုနေဘုန်းလတ်လား ကိုစိုးဇေယျလား မသိ ဇာတ်လမ်းစ လိုက်တာ သီချင်းတွေ ထဆိုကြတယ်။ ဆိုတဲ့ သီချင်းကလဲ ကြည့်အုံး နဂါးနီသီချင်း။ ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြစောင်ပါမည်။ ရတနာ ခုနှစ်သွယ် တကယ်ပင် စုံညီ တို့ အမျိုးသားတိုင်းပြည် ….အိုဘာတဲ့ (ဆိုရုံတင်မက ဘူး ကျွန်တော်တို့တွေက လက်ခုပ်ပါတီးကြသေးတယ်။) တဆိုင်လုံးဆူညံနေအောင် ကျွန်တော်တို့ သီဆိုကြပါတယ်။ ကျွန်တော်တို့ ဒီတခါဆီမီနာ လုပ်တာ ပိုပြီး unite ပိုဖြစ်လာသလိုပဲ။ တကယ့် ကို မိသားစုကြီးနဲ့ ပိုတူလာတယ်။ တကယ်ပါ ကျွန်တော် ဒီအသိုက်အ၀န်းလေးကို ပိုချစ်သထက် ချစ်သွားပြီဗျာ။ ကျွန်တော် ရင်ထဲမှာ မဖော်ပြနိုင်လောက်အောင် ကို ၀မ်းသာလွန်းပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ အစီအစဉ် ၁၆ ကို ည ၈ နာရီ ကျော်လောက်မှာ အဆုံးသတ်ပြီး လူစုခွဲကြပါတယ်။ ဒါပေမယ့် ကိုဘလာဂေါက် ဦးဆောင်တဲ့ ကျွန်တော်တို့ ဘလော့ဂ်ဂါ တချို့ကတော့ အစီအစဉ် ၁၇ ကို ဘောလုံးပွဲပြတဲ့ စားသောက်ဆိုင်ဆီသို့ ချီတက်ကြပါတယ်။ ဘောပွဲကြည့်ပြီး ပြန်လာတော့ ည ၁၂ နာရီတော်တော်ကျော်နေပြီ ဒါနဲ့ ကျွန်တော်တို့ အကုန်လုံး ကိုနေဘုန်းလတ် ဆိုင်မှာ ပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဆိုင်ရောက်တော့ နေ့ခင်းက ရိုက်လာတဲ့ ပုံလေးတွေကို ဘလော့ဂ်ပေါ်တင် ကြတယ်။ ကိုဘလာဂေါက်ကြီး နဲ့ ဘလော့ဂ်ဂါ တချို့ က အစီအစဉ် ၁၈လုပ်ဖို့ ကျွန်တော်တို့ ပို့စ်တင်တာတွေကို စောင့်ကြပါတယ်။ ကျွန်တော်တို့လဲ ဈာန်ဝင်သွားတာနဲ့ သတိထားမိတော့ အားလုံး အပေါ်ထပ်တက်အိပ်ကုန်ကြပြီ။ နာရီပြန်ကြည့်တော့မှ ၃း ၃၀တော့မယ်။ ပို့စ်တွေ အကုန် တင်ပြီး တော့မှ နဲနဲ အိပ်ချင်လာသလို ဖြစ်လာတယ်။ အဲဒီမှာ ကိုချစ်စမ်းတို့က ဘာတွေ နောက်ကြောင်းမအေး စရာတွေ ရှိလဲမသိ မနက် ၃ နာရီကျော်လောက်ကျမှ အိမ်ပြန်မယ်ဆိုပြီး ပြန်သွားလေရဲ့။ :D အိပ်ချင်လာပြီဆိုပြီး ကျွန်တော်လဲ အပေါ်ထပ်တက်တော့ လားလား ရဲဘော်တွေ အတုံးအရုန်း အိပ်မောကျနေကြပြီ။ တရှုးရှုးနဲ့တောင် မြည်နေသေးဗျ။ ဒါနဲ့ကျွန်တော်လဲ တစ်နေရာစာ ရှာပြီး အိပ်လိုက်တာ မနက် ၈ နာရီ ခွဲမှ နိုးတော့တယ်။ အဲဒိကျမှ ကမန်းကတန်း ထပြီး ဗိုက်ဟောင်းလောင်းနဲ့ အိမ်ကို Taxi ငှားပြီး ပြန်ခဲ့ရတယ်။ ကိုစိုးဇီယျနဲ့ ကိုကျော်ဇေယျတို့ တော့ အိပ်လို့ ကောင်းတုန်းထင်ပါရဲ့။

ဒီပုံကို တေဇာ့ဆီမှ ကူးယူပါတယ်။
နောက်ဆက်တွဲ။ ။ ညစာစားပွဲတက်ရောက်ကြတဲ့ ဘလော့ဂ်ဂါများထဲမှ မှတ်မိသလောက်ပြောပြရရင်ကိုဘလာဂေါက်၊ ကိုစစ်အိမ်၊ ကိုမျက်လုံး၊ ကိုဝေယံလင်း၊ ကျွန်တော်၊ ကိုတက်စလာ၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ဆူးရဲ၊ ကိုသန့်ဇော်မင်း၊ တေဇာ၊ ကိုဖြိုး၊ ကိုချစ်စမ်း၊ ကိုကျော်ဇေယျ၊ မပင့်ဂိုး၊ မစိတ်ကူး၊ မမယ်လိုဒီမောင်၊ မနှင်း(ကောင်မလေး)၊ မမေဒီဇွန်၊ မဘာညာ တို့ဖြစ်ကြပါတယ်။ အခြားကျွန်တော် မေ့ကျန်ခဲ့သော၊ နာမည် မေ့နေသော ဘလော့ဂ်ဂါများ တစ်ယောက် ၂ ယောက်ရှိအုံးမလား မသိဘူး။ ကျွန်တော် မှတ်မိသလောက် ရေးရလို့ ခွင့်လွှတ်ပေးပါ။ တကယ်လို့ သိရင် ထပ်ဖြည့်ပေးပါ့မယ်။
Posted in Labels: News | Sunday, September 02, 2007
ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။

My TLMS by minnyoonthit is licensed under a Creative Commons Attribution 3.0 United States License.
My TLMS All Rights Reserved. Blogger Template created by Deluxe Templates
Free Blogger Templates andWordpress Theme by Skinpress

