twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကျွန်တော်၏ ပညာရေးစိတ်ကူး

ကျွန်တော့်မှာ အိပ်မက်တွေ အများအပြားရှိပါတယ်။ အဲ့ဒိထဲက အများစုဟာ ကျွန်တော် ချစ်တဲ့၊ ကျွန်တော် တန်ဖိုးထားရတဲ့ ကျွန်တော်တို့ နိုင်ငံအတွက်ပါပဲ။ ကျွန်တော်တို့ လူ့ဘ၀မှာ နေထိုင် အသက်ရှင်ရတာဟာ တိုတောင်းလွန်းပါတယ်။ ဒီလို တိုတောင်း လှတဲ့အချိန်တိုလေး အတွင်းမှာ ကိုယ့်အတွက်နဲနဲ ကိုယ့်လူပတ်ဝန်းကျင် အတွက် ကျွန်တော်တို့ လုပ်ဆောင်နိုင်မယ့် အရာတွေက တပုံတပင်ရှိပါတယ်။

ကျွန်တော်တို့ စိတ်ကူးရည်မှန်းတာတွေ မဖြစ်လာနိုင်သေးရင်တောင် ဒီအရာတွေကို မျိုးဆက်သစ်တွေ အတွက် လက်ဆင့်ကမ်း လမ်းစဉ် ချပြပေးရမယ့် တာဝန်ရှိပါတယ်။ ဒါဟာ အနာဂတ် မျိုးဆက်အတွက် လူတိုင်း နိုင်ငံသား တိုင်း လုပ်သင့်လုပ်ထိုက် တာတွေ ဖြစ်ပါတယ်။

အခြေအနေ အကြောင်းအမျိုးရယ်ကြောင့် ကျွန်တော်တို့ နိုင်ငံဟာ တခြားသော နိုင်ငံများထက် ရှေ့မရောက် ဖြစ်နေတာတွေ ရှိပါတယ်။ ဒါတွေကို ရှောင်လွှဲလို့ မရပေမယ့် မနက်ဖြန် အတွက် ဘာတွေ လုပ်သင့်သလဲ ဆိုတာကို ကြိုတင် ချမှတ်ထား သင့်ပါတယ်။ အကောင်းဆုံး နည်းလမ်းတွေ ရှာကြံစဉ်းစား နေတာဟာ ဘာမှမလုပ်ပဲ ထိုင်ပြိး အားလျှော့နေတာထက် အများကြီး အကျိုးရှိပါလိမ့်မယ်။ ကျွန်တော့် ကတော့ ကျွန်တော်တို့ နိုင်ငံကြီိး သူများ တကာထက် ချွန်နေအောင် ၊ တန်းတူ ရင်ဘောင် တန်းနိုင်အောင် အဓိက အကျဆုံး ပြုပြင် ပြောင်းလဲ ရမှာက နိုင်ငံရဲ့ ပညာရေး မဏ္ဍိုင် လို့ မြင်ပါတယ်။ အသိပညာခေတ် (Knowledge Age) မှာ သူတကာတွေထက် နောက်ကျ မကျန်ရစ်အောင် အရင်ဆုံး ပညာရေး စနစ်ကို ပြောင်းလဲ ပစ်ရပါလိမ့်မယ်။

ကျွန်တော် ပြောပြမယ့် အကြောင်းအရာတွေဟာ ကျွန်တော့် စိတ်ကူး ဆန္ဒတွေသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို တချိန်ချိန်မှာ လုပ်နိုင်ကောင်းမယ် ထင်ပါတယ်။ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ရင်တောင် နောင်မျိုးဆက် လုပ်နိုင်အောင် လက်ဆင့်ကမ်း ပေးခဲ့ရပါလိမ့်မယ်။

အရင်ဆုံး ပညာရေးမှာ ပြောင်းလဲရမှာက အခြေခံ ဖြစ်တဲ့ ပညာရေးပြဌာန်းချက်တွေကို ရေတိုမဟုတ်ပဲ ရေရှည် ခိုင်မာတဲ့ ပြဌာန်းချက် တွေအဖြစ် ရေးဆွဲရပါမယ်။ ပညာရေး ပြဌာန်းချက်တွေကို မြန်မာပြည်က ပညာရှင်တွေနဲ့ နိုင်ငံရပ်ခြားက အထူးသဖြင့် ဒေသတွင်းက ပညာရေးနဲ့ ထိပ်တန်း ရောက်နေတဲ့ နိုင်ငံတွေက ပညာရှင်တွေ ဖိတ်ခေါ်ပြီး အတူ ပူးပေါင်းကာ တိကျခိုင်မာတဲ့ ပညာရေး ပြဌာန်းချက်တွေကို စနစ်တကျ ရေးဆွဲ ကြဖို့ လိုပါမယ်။ အခြေခံ ပညာရေးမှ အစ တက္ကသိုလ် ပညာရေး အထိ ရေးဆွဲကြရပါမယ်။

စနစ်ကျပြီး ခိုင်မာတဲ့ ပြဌာန်းချက် ပေါ်ထွန်းလာပြီဆိုရင် ပြည်တွင်းက ဆရာဆရာမတွေ အရည်သွေး အဆင့်မြင့်အောင် အဖွဲ့လိုက်၊ ကဏ္ဍလိုက် နိုင်ငံရပ်ခြားကို ပညာတော်သင် လွှတ်ရပါမယ်။ ဒီအဖွဲ့တွေ နိုင်ငံခြား ပညာတော်သင် လွှတ်ထားရတဲ့ အချိန်မှာ ပြည်တွင်းမှာလဲ နိုင်ငံရပ်ခြားမှ ဆရာ ဆရာမတွေ ငှားရမ်းပြီး ပညာရေး ကဏ္ဍမှာ ပြည်တွင်းက ဆရာ၊ ဆရာမတွေနဲ့ ပူတွဲ သင်ကြား ရပါမယ်။ ဒီအခါ ယှဉ်ပြိုင်မှု တွေ ရှိလာမှာ ဖြစ်လာတဲ့အတွက် မဖြစ်မနေ တိုးတက်အောင် လုပ်ဆောင် လာကြမှာ ဖြစ်ပါတယ်။ အနာဂတ် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေး အဆင့်အတန်း မြင့်မားမှုဟာ ဆရာ၊ ဆရာမတွေရဲ့ သင်ကြား ပြသမှုက အက္ခရာ ကျပါတယ်။ ဒါကြောင့် ဆရာ၊ ဆရာမတွေ အရည်အသွေး မြင့်မား လာခြင်းဟာ အနာဂတ် အဆင့်မြင့်တဲ့ မျိုးဆက်တွေ ပေါ်ထွန်းလာရေးနဲ့ ဆက်နွယ်နေပါတယ်။

အခြေခံ ပညာကနေ အထက်တန်း ပညာရေးအထိ သင်ကြား ပြီးတဲ့ ကျောင်းသား ကျောင်းသူတွေဟာ ဒေသတွင်း မည်သည့်နိုင်ငံရပ်ခြားမှာ မဆို ဆက်လက် ပညာသင်လိုလျှင် တန်းတူ ရည်တူ အဆင့်အတန်းမျိုးနဲ့ ဆက်လက် သင်ကြားနိုင်အောင် အာမခံချက် ပေးရပါမယ်။ ဒေသတွင်း နိုင်ငံတိုင်းရဲ့ ပညာရေးနဲ့ တန်းတူညီကြောင်းကို ခိုင်မာတဲ့ ပြဌာန်းချက်တွေက ထိုနိုင်ငံများ လက်ခံနိုင်အောင် သက်သေ ပြနိုင်မှာ ဖြစ်ပါတယ်။

တက္ကသိုလ် ပညာရေး စနစ်အနေနဲ့လည်း တက္ကသိုလ်များ များပြားနေခြင်းထက် ပြည်နယ်နှင့် တိုင်း မြို့ကြီးတွေ မှာသာ အဓိက တက္ကသိုလ်ကြီးတွေ ထားရှိ ရပါမယ်။ သက်ဆိုင်ရာ ဒေသတွေမှာတော့ ကောလိပ်ကျောင်းများ အဖြစ် ဖွင့်လှစ် သင်ကြား ပေးရပါမယ်။ တက္ကသိုလ် ၀င်တန်း ပြီးဆုံးတာနဲ့ ကောလိပ်မှတဆင့်သာ တက္ကသိုလ် သို့ တက်ရောက် သင်ကြား နိုင်ပါမယ်။ တက္ကသိုလ်ကြီးများ စံညွှန်းများ အတိုင်း လက်တွေ့ဓာတ်ခွဲခန်းများ (laboratories)၊ စာကြည့်တိုက် (library) တွေကို အဆင့်မှီအောင် ထားရှိရပါမယ်။ ကျောင်းသား ကျောင်းသူများ အဆင့်မှီစွာ ဘွဲ့ရရှိလာကြမှာ ဖြစ်ပြီး အရေအတွက်ထက် အရည်အချင်း ရှိသူတွေ ပိုမို ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ အရည်သွေးမှီ တက္ကသိုလ်ဘွဲ့ရ သူများအနေနှင့်လည်း မိမိတို့ သင်ကြားလေ့လာခဲ့သော ပညာရပ်တွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုလာနိုင်မှာ ဖြစ်ပါတယ်။ ထူးချွန်သော ကျောင်းသား ကျောင်းသူများကိုလဲ နိုင်ငံတော်မှ ပညာတော်သင် စေလွှတ် ရွေးချယ်ပေးရပါမယ်။

ထို့ပြင် ပုဂ္ဂလိက တက္ကသိုလ် (Private University) များကိုလဲ စည်းကမ်း နည်းဥပဒေနဲ့ အညီ လွတ်လပ်စွာ ထူထောင်ခွင့် ပေးရပါမယ်။ “ပညာမြင့်မှာ တိုင်းပြည်မြင့်မည်” ဆိုသော စကား အရ တိုင်းပြည်ကို တိုးတက်စေချင်ရင် ပညာတတ် လူငယ်လေးများ ပိုမိုများပြား လာအောင် လုပ်ဆောင် ပေးရမှာ ဖြစ်ပါတယ်။ ယနေ့လူငယ် နောင်ဝယ် လူကြီး ဆိုတဲ့အတိုင်း ကျွန်တော်တို့ နောင် မျိုးဆက်တွေ မျက်နှာမငယ် ရအောင် ကျွန်တော်တို့ အနေနဲ့ အုတ်မြစ်ချပေး ခဲ့ဖို့ လိုပါလိမ့်မယ်။ တော်တည့် မှန်ကန်တဲ့ ခေါင်းဆောင် ကောင်းတွေ ပေါ်ထွန်း လာအောင် လုပ်ဆောင်ပေးဖို့ လိုပါမယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ခေတ်စနစ်တွေ ဆီကနေ ပိုမို ကောင်းမွန်ပြီး ၀န်းကျင်တခု ပြန်လည် ထူထောင်ပြီး အဆင့်မြင့်သော မျိုးဆက်များကို မွေးထုတ်ပေး ရပါမယ်။ ဒါဟာ ဘယ်သူကမှ ခိုင်းစေတာ မဟုတ်ပဲ သမိုင်းပေး တာဝန်အရ၊ နိုင်ငံသား တစ်ယောက်ရဲ့ မွေးရာပါ တာဝန် အရ မိမိ ၀န်းကျင် တိုးတက်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်ခု တိုးတက်အောင် လုပ်တယ်ဆိုတာ တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ မရပါဘူး နိုင်ငံဆိုတာ အပေါင်းစု သဘော တညီတညွှတ်တည်း ကြိုးစား ပါမှ တိုးတက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်ကြပါတယ်။ ကျွန်တော်တို့ ရဲ့ မျှော်မှန်းချက်တွေဟာ နောင်လာမယ့် မျိုးဆက်တွေပေါ်မှာ လုံးဝတည်မှီနေပြီး ကောင်းမွန်တဲ့ လမ်းစဉ်များကို ချပြပေးခဲ့ရမည်မှာ ကျွန်တော်တို့ အားလုံး ဖော်ဆောင်ရမယ့် လုပ်ငန်းစဉ်များသာ ဖြစ်ပါကြောင်း ကျွန်တော်၏ ကိုယ်ပိုင် စိတ်ကူးအား တင်ပြ လိုက်ရပါတယ်။

Read Users' Comments (2)

နာဂစ်အမှတ်တရ ကဗျာရွတ်ပွဲ အသံဖိုင်များ

ဒီအသံဖိုင်တွေကို တင်ချင်နေတာ ကြာပြီဗျ။ အစကတော့ ဗီဒီယိုတွေပါ တင်မလို့ ဘယ်လိုမှ တင်လို့မရဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ ဒီဗီဒီယိုထဲက အသံတွေကိုပဲ Xilisoft,Sony songforge,Virtual Dj တို့ကို အသုံးပြုပြီး အသံဖိုင်ပြောင်းလိုက်ရတယ်။ noise တွေ တော်တော် များတဲ့အတွက် ကျွန်တော်လဲ တတ်သလောက် ပညာလေးနဲ့ တော်တော် ပြင်ယူရပါတယ်။ အသံဖိုင်တွေ ရလာတော့လဲ host ပေါ်တင်ဖို့ ၃ရက်ခန့် ကြိုးစား ရပြန်ပါတယ်။ editing လုပ်တာ မခက်ပဲ အင်တာနက်ပေါ် တင်ရတာ ပိုခက်နေပါတယ်။ အသံဖိုင်များ နားဆင်ပြီး အကြံပြုချက်များကိုလည်း အထူး လက်ခံပါတယ်။
း)









































နာဂစ်အမှတ်တရ ကဗျာရွတ်ပွဲ အသံဖိုင်များ
ကဗျာရွတ်သူအမည်ကဗျာအမည်Download
မင်းယွန်းသစ်နာဂစ်ရေ မင်းလာလို့ မဖြစ်ဘူး (ကိုဖြိုး)
သူရဿဝါအနီရောင်လှိုင်းက အစွယ်ရိုင်းတွေနဲ့(သူရဿဝါ)
ဗညားရှိန်အရိုင်းဆန်တဲ့ လှိုင်းထန်ည(ဗညားရှိန်)
ညီမင်းခန့်(ရိုးရာ)ကခြေသည်မလေးရဲ့ခရာသံ(ရိုးရာ)
ဘုန်းသန့်ခန့်လေတွေ ၀ုန်းဟုန်းရဲရိုင်းတိုက်တုန်းက ... ဖိနပ်ပေါက်သွားတဲ့ အခန်းငယ်(ဘုန်းသန့်ခန့်)
မိုးလှိုင်ညနာဂစ်အလွန် ၃၆၅ (မိုးလှိုင်ည)
မိုးလှိုင်ညလပွတ်တာလုပ်(သူရနီ)
နေနှင်းစက်unknown title (နေနှင်းစက်)
အားလုံးက နားဆင်ချင်ပေမယ့် အကြောင်းကြောင်းကြောင့် အခုမှ အသံဖိုင်များ တင်ပေးနိုင်ခြင်းကို ခွင့်လွှတ်ပေးကြပါ။ ညီမလေး အဆိပ်ရဲ့ အသံဖိုင်ဟာ အလွန်တိုးလွန်းနေပြီး လေသံ (noise) များ များပြားနေသည့်အတွက် ချန်လှပ်ထားခဲ့ရပါတယ်။ ပြီးတော့ ယနေ့တိုင် ဆက်သွယ်၍ မရသေးတဲ့ နေနှင်းစက်၏ ကဗျာ ခေါင်းစဉ် မသိခြင်းအတွက်လဲ နားလည်ပေးကြပါ။


Read Users' Comments (0)

မိုးလေးတဖွဲဖွဲ

အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ မိုးတွေ သည်းသည်းမည်းမည်းကို ရွာနေတယ်ဗျ။ မိုးတွင်း မိုးအုံ့နေတဲ့ အေးချမ်းမှုလေး ကို ကြိုက်ပေမယ့် တအားကြီး စိုစွတ်စွတ်ကြီး ကျတော့ သွားရလာရတာ အဆင်မပြေဘူး။ ဘတ်စ်ကား စီးရင် လူကြပ်တယ်၊ ခြေထောက်ကို ရွှံ့တွေနဲ့ တက်နင်း ခံရတယ်။ ဘယ်သွားသွား ရေတွေ လျှံနေတယ်။ မိုးတအား ရွာရင် ကျွန်တော် မကြိုက်တော့ဘူး။ မိုးလေး နည်းနည်း ရွာပြီဆို အမြဲတမ်း ရေလျှံနေကျ နေရာတွေ ဖြစ်တဲ့ ကန်တော်ကလေး၊ မင်္ဂလာဈေး၊ ယုဇနပလာဇာဘက်၊ ကမ္ဘာအေး ဘုရားလမ်း၊ ဝေဇယန္တာ၊ သင်္ကန်းကျွန်းဘက်တွေ ကို သွားလာရတာ အဆင်မပြေဘူး။ ဘတ်စ်ကား ကျပ်လို့ ကားငှားပြန်ရင်လဲ မလိုက်တာက များတယ်။ လိုက်ပြန်ရင်လဲ ဈေးက ၁၅၀၀ လောက် ခရီးကို ၃၀၀၀ လောက် တောင်းတယ်။ အမှန်တော့ သူတို့ဘက်က ကြည့်တော့လဲ ဟုတ်တယ်လေ။ ဒီရေတောထဲကို စွန့်စားပြီး သွားရမှာ ကားသေးလေး တွေဆိုတော့ မတော် ရေ၀င်ကုန်ရင် ဆင်းတွန်း၊ ဒါမှမဟုတ် ကားနဲ့ ဆွဲခိုင်းရမှာ။ အဲ့ဒိကျရင် ရှာထား သမျှ ပိုက်ဆံလေးတွေ ဘော်ဒါကြေး ပေးရတာနဲ့ ကုန်ပြီ။ အခုရက်ပိုင်း မုန်တိုင်း ရှိတယ်ဆိုလား၊ မုတ်သုံရှိတယ်ဆိုလား မိုးလေ၀သမှာ ကြေငြာနေတာပါပဲ။ ကျွန်တော်ကတော့ နေ့တိုင်းလိုလို အပြင်ထွက်နေရတဲ့သူ ဆိုတော့ သိပ်တောင် မထွက်ချင်ဘူး။ တကယ်ဆို ဒီလို ရာသီဥတုမျိုးက အိမ်မှာ စောင်ခြုံကွေး နေလိုက်ရရင် ဇိမ်ပဲ အဟတ်။ ဒီလိုရာသီဥတုမျိုးက ရည်းစားတွေ ဘာတွေနဲ့ လျှောက်လည်လို့ ကောင်းတဲ့ ရာသီမဟုတ်ဘူး။ အဟဲ ဒီရာသီက ကိုကိုတွေအတွက် ရာသီဥတုက ကိုယ့်ဘက်ပါတယ် ဆိုတဲ့ ရာသီမျိုးပေါ့ဗျာ။ မနေ့ညကတောင် ကျွန်တော်ရယ် ကျွန်တော့်ညီရယ် အိမ်မှာ လွတ်လပ်ရေးရတုန်း ဂရမ်း တပြားနဲ့ အလန်းစား လုပ်လိုက်သေးတယ် :P ။ မိုးကလဲ အေးတယ်ဗျာ အခုရက်ပိုင်း သိပ်တောင် အပြင်မထွက်ချင်ဘူး။ ဘလော့ဂ်ရေးချင်စိတ်လဲ သိပ်မရှိသေးဘူး။ အဟဲ ဒီနေ့တော့ အိမ်မှာ မီးပျက်လို့ ပျင်းနေတာနဲ့ နက်ဆိုင် ထွက်လာရင်း ဒီပို့စ်ကို ရေးတယ်ပေါ့ဗျာ။ ကဲကဲ အိမ်ပြန်တော့မယ်ဗျာ ဒီနေ့ တနင်္ဂနွေ နေ့လေ အားနေတယ်ဗျ။ အင်း အိမ်ပြန်ပြီး သီချင်းလေးဖွင့် စောင်လေးခြုံပြီး ကွေးနေလိုက်အုံးမယ်ဗျာ။ အဟဲ ဆီးယူပေါ့။

Read Users' Comments (0)

အဲဒိဗိုင်းရပ်စ်တွေကို ပြောပြလိုက်ပါ

ငါတို့မနက်ဖြန်ကို
(သူတို့)သိုဝှက်ပစ်လိုက်ကြတယ်..
မြို့ကြီးမှာ တိတ်ဆိတ်နေပေမယ့်
အတွင်းဘက်မှာ ပွက်လောညံလို့..
ပါးစပ်တွေ ပိတ်ထားရပေမယ့်
လက်သီးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ကြ…
အကြောင်းမဲ့ အာဃာတ တရားတွေနဲ့
မိုက်ရူးရဲနေတဲ့ ကောင်တွေ
ကိုယ့်လိပ်ပြာကိုယ် မလုံစွာနဲ့
စည်းတွေ အထပ်ထပ် ခြားနားထားကြရဲ့..
ငါတို့ ပြက်ရယ်ပြုလိုက်ကြတယ်..
ပြီးတော့ မျက်ကွယ်ပြုလိုက်ကြတယ်
အဲ့ဒိတံတိုင်းတွေက..
ငါတို့ ခြေလှမ်းတွေကို မဆုတ်တွန့်သွား စေဘူး..
(၀မ်းနည်းပါတယ်….)
ဒါဟာ မင်းတို့ ထင်သလို ဇာတ်သိမ်းခန်း မဟုတ်သေးဘူး
အခုမှ… ငါတို့ အာသီသတွေ ပိုပြီး နီစွေးလာတယ်
အခုမှ.. ငါတို့ ပို နိုးကြားလာကြတယ်..
အခုမှ.. ငါတို့တွေ အင်အားဖြစ်လာကြတယ်..
ညက မှောင်ပိန်းနေတာတောင်
ငါတို့ ခရီးဆက်ရဲကြပြီ…
ငါတို့အတွက် အလင်းတွေ ပြန်ရရှိဖို့
နီးကပ်လာပြီမှန်း ငါတို့ သိလိုက်ကြပြီ
ပြတင်းတံခါးတိုင်းဆီမှာ.. ငါတို့ခွန်အားတွေ အပြည့် ရှိလာခဲ့ကြပြီ
ငါတို့ ညှပ်ဖိနပ်သံတွေဟာ…
မင်းတို့ ရှူးဖိနပ်သံတွေကို ဖုံးလွှမ်းသွားကြတော့မယ်..
ခွေးလေခွေးလွင့်တွေရေ..
ဒါမှမဟုတ် ရူးနှမ်းနေတဲ့… သေချင်းဆိုး ဗိုင်းရပ်စ်တွေရေ..
ငါတို့ .. မင်းတို့ဆီ.. ရဲရဲကြီး လျှောက်လာခဲ့ပါပြီ….။

Read Users' Comments (2)

ရန်ကုန်အသင်း နိုင်ပွဲစတင်ရ


Yangon United F.Cphoto source:www.soccermyanmar.com
ပြီးခဲ့တဲ့ အပတ်က သုဝဏကွင်းထဲက MNL ဖွင့်ပွဲကို ကြည့်ဖို့ အားခဲထားပေမယ့် အကြောင်းကြောင်း ကြောင့် မကြည့်ဖြစ်လိုက်ဘူး။ ဒါပေမယ့် MRTV က ဒီပွဲကို လွှင့်မယ်ဆိုလို့ ကျွန်တော် တစ်ယောက် တောင်ဒဂုံစက်ရုံ ကနေ အပြေးအလွှား ၃နာရီလောက် ပြန်လာခဲ့တယ်။ တောင်ဒဂုံကနေ မြောက်ဒဂုံဘက်ကို လာတာ မိနစ် ၄၀ လောက် ကြာတော့ အိမ်လဲ ပြန်ရောက်ကော ဖွင့်ပွဲတွေတောင် မကြည့်လိုက်ရဘူး။ ဘောလုံးပွဲတောင် စတော့မယ်။ တီဗီထဲမှာ ကြည့်ရတာတော့ ဘောလုံးပွဲ ကြည့်ပရိသတ် တွေဟာ သုဝဏကွင်း လေးဘက်လေးတန် အကုန်လုံး ပြည့်နှက်နေ တာပါပဲ။ “ရန်ကုန်.. ရန်ကုန်..” ဆိုပြီး အားပေးနေတာ အားရစရာပါပဲ။

ဒီနေ့ ကန်မှာက စီးပွားကူးသန်းကို အခြေပြုထားတဲ့ ဇေယျာရွှေမြေ အသင်းကို ဆိုတော့ ခြေစွမ်း လျှော့တွက် ထားလို့ မရတဲ့ အသင်းတစ် သင်းဖြစ်ပြီး ရန်ကုန် အသင်းရဲ့ လူထုတ်ပုံကို ကျွန်တော် စိတ်ဝင်တစား ကြည့်မိပါတယ်။ ပွဲစတော့ ဘောလုံး ပိုင်ဆိုင်မှုကို ဇေယျာရွှေမြေက ပိုများနေပြီး ရန်ကုန်ဘက်ကို မကြာခဏ ထိုးဖောက်ပါတယ်။ ရန်ကုန် အသင်းဟာ ပထမပိုင်းရဲ့ အဦးပိုင်း မိနစ်တွေမှာ ဇေယျာရွှေမြေရဲ့ ဖိအားပေးခြင်းကို ခံနေရပါတယ်။ ဇေယျာရွှေမြေ အသင်းက ညာတောင်ပံ ဘက်က ကျော်ကိုကို ကို အထူး အားပြု ကစားတာကို တွေ့ရပါတယ်။ ရန်ကုန်ဘက်ကတော့ မျိုးမင်းထွန်းက တောင်ပံဘက်ကနေ တော်တော် လေး ထိုးဖောက်ပါတယ်။ ပထမပိုင်းမှာ သူတင် ကိုယ်တင် ကစား ကြပေမယ့် ဘောလုံးတွေက ကွင်းလယ်မှာတင် တ၀ဲလည်နေတာ များပြီး ဂိုးပေါက် ဆီကိုတော့ ဘယ်သူမှ သွင်းယူနိုင်ခြင်း မရှိခဲ့ဘူး။

ဒုတိယပိုင်း ကျတော့ ရန်ကုန်အသင်းဟာ တိုက်စစ်ကို အနည်းငယ် မြှင့်ကစား ပါတယ်။ ကျော်သူရ နည်းနည်း ပိုလှုပ်လာပြီး ဘယ်ညာ တောင်ပံတွေကို ဖြန့်ကစား ခဲ့ပါတယ်။ ဒုတိယပိုင်း ကစားပြီး သိပ်မကြာခင် မှာပဲ ရန်ကုန် ယူနိုက်တက် အသင်း ထောင့်ကန်ဘော ရတာကနေ တဆင့် မျိုးမင်းထွန်းက ဇေယျာရွှေမြေဘက်ကို ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ဒီနောက်ပိုင်းတော့ ဇေယျာရွှေမြေဟာ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် ရာဇာဝင်းသိန်းနဲ့ ရှေ့တန်း တိုက်စစ်မှူးများက ဂိုး အဖြစ် ပြောင်းလဲ နိုင်ခြင်း မရှိခဲ့ကြပါဘူး။ ဒုတိယပိုင်း ပွဲတ၀က်လောက်မှာ ရန်ကုန် ယူနိုက်တက် အသင်းမှာ နိုင်ငံခြားသား တိုက်စစ်မှူး မက်ဆပို ကို ရှေ့တန်းမှာ ထည့်သွင်း ကစားခဲ့ပြီး ၄-၄-၂ ကနေ ၄-၃-၂-၁ ကို ပြောင်းကစားခဲ့ပါတယ်။ နိုင်ငံခြားသား တိုက်စစ်မှူးကို အရှေ့မှာ အထောင် ကစား စေပါတယ်။ အဲ့ဒိနောက်တော့ ရန်ကုန်ယူနိုက်တက် အသင်းဟာ ဇေယျာရွှေမြေ အသင်းကို ဖိကစား နေပြီး ဇေယျာ ရွှေမြေ အသင်းမှာ တချက်တချက်မှသာ ကောင်တာ ပြန်ကစား ခဲ့ပါတယ်။ ဒီလို ကစားနေရင်းက (ဆောရီးပါ မိနစ်တွေကို ကျွန်တော် မမှတ်မိပါဘူး :) ) ရန်ကုန် အသင်းဟာ ဇေယျာရွှေမြေရဲ့ ဘီကုတ် စက်ဝိုင်း နားကနေ တဆင့် လွတ်ထွက်လာတဲ့ ဘောလုံးကို အလယ်တန်း ကစားသမား ကြည်လင်းက ဇေယျာရွှေမြေ နောက်တန်းကို လိမ်ခေါက်ကာ အပြင်းကန် သွင်းခဲ့ပြီး ဂိုးဘားတန်းအောက် အနည်းငယ်အကွာ ကို ၀င်သွားပါတယ်။ ဒီတစ်လုံးဟာ တော်တော်လဲ ကစ်ပြင်း ပြီး လှပတဲ့ ဂိုးတစ်ဂိုး ဖြစ်ပါတယ်။ ရန်ကုန် အသင်းဂိုး သွားတော့ ပွဲအေးနေလို့ ငြိမ်နေတဲ့ ပရိသတ်ဟာ တဖြည်းဖြည်းနဲ့ ပြန်ဆူလာပြီး ရန်ကုန် ရန်ကုန် ဆိုတဲ့ အသံတွေ ကွင်းလုံးပြည့် ပြန်ညံလာပါတော့တယ်။ အဲ့ဒိနောက် ဇေယျာရွှေမြေအသင်းက ချေပဂိုး ပြန်လည် ရဖို့ တစ်သင်းလုံး နီးပါး ဖိကစား လာပြန်ပါတယ်။ သို့သော်လည်း ရှေ့တန်း တောင်ပံမှာ ကျော်ကိုကို၏ ဖန်တီးပေးသော ဘောလုံးများကို တိုက်စစ်မှူးများက ဖြုန်းတီး ပစ်နေတဲ့အတွက် ဂိုးမရရှိပဲ ဖြစ်နေခဲ့ပါတယ်။

ဒိနောက်မှာတော့ ရန်ကုန်အသင်းက ဘောလုံး ပိုင်ဆိုင်မှု ခပ်များများ ရရှိပြီး ကောင်တာ ကနေ တဆင့် ဘယ်တောင်ပံမှ မျိုးမင်းထွန်းမှာ နောက်တန်း ကစားသမားတွေကို ကျော်လွှားကာ ရှေ့တန်းမှာ မက်ဆီပို ကို ထိုးပေးလိုက်ရာ အပြင်းပိတ်ကာ ဂိုးအဖြစ် သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးတော့ ကြည်လင်းကပဲ ဘီးကုတ် စက်ဝိုင်း ၁၇ကိုက် စည်း နောက်တန်းလူတွေ ရှုပ်ထွေးနေတဲ့ ကြားကနေ ကန်ချက်ပြင်းပြင်းနဲ့ ကန်တာ ဘားရှော့ လို့ ခေါ်တဲ့ ခုနက သူသွင်းယူခဲ့တဲ့ အလုံးလိုပဲ ဂိုးဘားတန်း အောက်ဘက်သို့ ခပ်ပြင်းပြင်း ၀င်သွားပြီး ဂိုးသွားပြန်ပါတယ်။ ပွဲပြီးတော့ ရန်ကုန်ယူနိုက်တက် အသင်းက ဇေယျာရွှေမြေအသင်းကို လေးဂိုး ဂိုးမရှိ ဖြင့် အနိုင်ရသွားပါတယ်။ ကွင်းလုံးကျွတ် အားပေးကြတဲ့ ပရိသတ် နည်းတူ ကျွန်တော်လဲ ရန်ကုန်အသင်းနိုင်တဲ့အတွက် ပျော်ရွှင်ခဲ့ပါတယ်။ (မသွားလိုက်ရ တာတောင် နှမြောမိတယ်။)

ဒီနေ့ ကျွန်တော် သတိထားမိတာတော့ ပရိသတ်များ တခဲနက် အားပေးကြသော်လည်း စည်းကမ်းတကျ အားပေးတာကို တွေ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဘောလုံး အသင်းတွေကို ပရိုအဖြစ် ပြောင်းလဲ သလို ပရိသတ်များကလဲ ပရိုဆန်ဆန် အားပေး ကြဖို့ မျှော်လင့်ပါတယ်။ ဒီလို စည်းကမ်းရှိတာလေး တွေ့တော့ ကျွန်တော်တို့တွေ တဖြည်းဖြည်း ဖြစ်လာကြတော့မှာပါလို့ ၀မ်းသာ ပီတိဖြစ်မိပါတယ်။ ဖွင့်ပွဲကို မကြည့်ဖြစ်လိုက် ရပေမယ့် ရန်ကုန်ယူနိုက်တက် အသင်း ကန်မယ့် နောက်ပွဲတွေကိုတော့ တတ်နိုင်သလောက် သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ အဟဲ ကင်မရာ တဖျတ်ဖျတ်နဲ့ ဓာတ်ပုံတွေလဲ နောက်ဆို ဘလော့ဂ်မှာ တင်ပေးမယ်နော်။ အခုတော့ ဘုန်းဘုန်းဦးကု ရပ်ဝေး ခရီးကြွသွားတာကို ကူညီပေးလိုက်လို့ လောလောဆယ် ဘယ်ပွဲမှ ဓာတ်ပုံ မရိုက် ပေးနိုင်တာ နားလည်ပေးကြပါနော်။ ကဲကဲ မောင်မင်းယွန်းရဲ့ တီဗီကြည့်ပြီး ရေးတဲ့ ဘောလုံး ဆောင်းပါး ဒီမှာတင် နိတ္ထိတံပါကြောင်း..။ :P

Read Users' Comments (2)

I'll come back!

Hi Dears,



I've no idea to blog these days and I'm busy with my house-chores. Starting of next month, I'll be working as a teaching staff in a Learning School, so I would not be able to blog frequently by myself anymore. Due to that,I've requested one of my friends to do the update for me as I'll write post in my comp at home and give to him with a flash drive or a CD.Does it sound crazy? Yah, maybe..I did that because my blog is like my sweet home and I don't want readers to turn back without any updates.
But don’t worry! I believe that I can be share more experiences from new society, especially from kids. I’ll try to use internet after next month and I promise to you that I’ll try to do up to date my site. You can not be bore. My working time is 9am to 4pm. After my duty, I’ll try to touch with you (readers) by giving reply back in comment box or cbox. I can't live without you.:) Thanks for visiting my blog. I’ll come back and I love you all. ;P please visit to my blog often. See ya!

Read Users' Comments (3)

ဆေးလိပ်မသောက်ဖြစ်ခဲ့တဲ့နေ့


တနေ့က လဖက်ရည်ဆိုင်ထိုင်ရင်း
သူငယ်ချင်းတစ်ယောက်က
ဆေးလိပ်တစ်ပွဲ မှာပြီး ပလိန်းတခွက်နဲ့ ဇိမ်ယစ်နေလေရဲ့..
ကျွန်တော် ဆေးလိပ်ဖြတ်ထားတာ
တစ်ပတ်ကျော်ပြီ...
နီကိုတင်းတွေ ဖြည့်တင်းလာခဲ့တာ ၁၀နှစ်မကတော့ဘူး
"ရှူး"ကနဲ ရှိုက်သွားတဲ့ ဆေးလိပ်ခိုးတွေ
ကြည့်ရင်းနဲ့ ကိုယ်တောင် ရီဝေလာသလိုလို..
မှုတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့တွေ
ကျွန်တော့် နှာခေါင်းဖျားနားမှာ
ကလူကျီစယ်နေကြတယ်...
ခံတွင်းချဉ်လာသလိုလို..
လက်တွေက.. လှုပ်ရှားလာသလိုလိုပဲ..
ထုလုံးရှည် ခွက်ထဲက စီးကရက်၃လိပ်
စီစီရီရီနဲ့ ကျွန်တော့်ကို မြှူဆွယ်နေကြ..
"ကဗျာစာအုပ်ထုတ်ဖို့ ကိစ္စလုပ်ကြရအောင်"
"မင်းဘယ်နေ့အားလဲ"
နောက်တစ်ပတ် အင်္ဂါနေ့ သွားကြတာပေါ့ဗျာ..

ဘာကိုမှ အာရုံမရဘူး..
ဘာကိုမှ အာရုံမရဘူးဗျာ..

မျက်လုံးတွေက .. စီးကရက်တွေဆီက
မနည်းမနော ဆွဲဖယ်ခွာလို့...
အမှောင်တွေ လွှမ်းခြုံလာတယ်..
စပါကလင် ပုလင်းကို လက်လှမ်းရမလား..
စီးကရက်ပွဲဆီ လက်လှမ်းရမလား
အင်္ဂါနေ့ ၉နာရီလောက်တွေ့မယ်လေ...
.............
အင်တာနက်ဆိုင်ထဲကပဲ စောင့်နေမယ်...
...............
ကျွန်တော်....ကျွန်တော်...

ဆေးလိပ်တွေ.. စားပွဲပေါ်မှာ
ခုနှစ်လွှာအကနဲ့ ဖျော်ဖြေလို့...

သွားတော့မယ်ဗျာ...
ကမန်းကတန်း ကားဂိတ်ဘက်ကို ထွက်ခဲ့ရတယ်...

၃၆ဗိုက်ပူကား ပေါ်မှာ ထိုင်ခုံတစ်နေရာ ရတယ်..
ဈေးသည်တွေ ..အလုအယက် တက်လာကြရဲ့

"ကွမ်းယာ... ဆေးလိပ်...ကွမ်းယာ..ဆေးလိပ်"

နားကြပ်ကိုတပ်...
volume 20 ထိတင်ပြီး..
"ဘင်္ဂလားပင်လယ်အော်"ထဲ မသိလိုက်ဖာသာ စီးမျော ၀င်နေလိုက်တယ်...

ကိုလေးဖြူရေ..
အထူးကျေးဇူး တင်ရှိပါရဲ့....။


Read Users' Comments (2)

ကဆုန်ညောင်ရေသွန်းခဲ့တယ်

မနေ့ မနက်က အွန်လိုင်းမှာ မမဘာညာနဲ့တွေ့တော့ ဒီနေ့ ဘုန်းဘုန်း ဦးကောတို့ ကျောင်းကို သွားမယ်တဲ့။ ဘုန်းဘုန်း မြိတ်ကနေ ရောက်နေ ဆိုတာ ပြီးခဲ့တဲ့ ၃ရက်လောက် ကတည်းက သိတယ်။ မနေ့ကမှ ထပ်သိရတာက ဘုန်းဘုန်း ဦးကော အပြင် ၊ သိရိလင်္ကာကနေ ခဏပြန်လာတဲ့ ဘုန်းဘုန်း ဦးကုပါ ရောက်နေတယ်ဆိုတော့ တအား ၀မ်းသာသွားတယ်။ ဘုန်းဘုန်း ၂ပါးနဲ့ မတွေ့ရတာ ၂နှစ် နီးပါးလောက်ရှိပြီ။ အွန်လိုင်းမှာတော့ အမြဲတွေ့ပေမယ့် ဘုန်းဘုန်းတွေ ကလဲ အလုပ်များ နေဆိုတော့ ကောင်းကောင်း စကား မပြောဖြစ်ဘူး။ ဒါနဲ့ ကျွန်တော်၊ မပင့်ဂိုးလ်၊မဘာညာတို့ နဲ့ အတူ အိမ်တော်ရာ ဘုရားဝင်းထဲက ဘုန်းဘုန်းတို့ ကျောင်းတော်ကို သွားခဲ့ပါတယ်။ မတွေ့တာ ကြာပြီဖြစ်တဲ့ ဘုန်းဘုန်း ဦးကောက အရင်အတိုင်းပေမယ့်၊ ဘုန်းဘုန်း ဦးကုကတော့ အသားတွေ ပိုဖြူလာပါတယ်။ မတွေ့တာ ကြာတော့ စကားတွေ တ၀ကြီး ပြောခဲ့ကြပြီး ဘုန်းဘုန်းရဲ့ iPhone ကို ထိုင်ကလိကြသေးတယ်။ ပြီးတော့ ဘုန်းဘုန်းဦးကုနဲ့ အအေး သွားသောက်ကြပြီး အိမ်တော်ရာ ဘုရားပေါ်မှာ နားနားနေနေ ထိုင်ဖြစ်ကြတယ်။ ကြုံကြိုက်ချင်တော့ ညောင်ရေသွန်းပွဲ တွေ့တာနဲ့ လပြည့်နေ့မှာ ညောင်ရေသွန်းနိုင်ခဲ့တယ်ဗျာ။ပြီးတော့ ဘုန်းဘုန်းက ကျွန်တော်တို့ အတွက် သြ၀ါဒ စကားတွေနဲ့ Knowledge Sharing တွေ ဟောပြောပေးခဲ့ပါတယ်။ ဘုန်းဘုန်း ပြောတာတွေ နားထောင်ခဲ့ပြီး အပြန်မှာတော့ ကျွန်တော်တို့မှာ အတွေးတွေ ကိုယ်စီနဲ့ပေါ့။ ကျွန်တော် အကြံတခု ရတယ်ဗျာ ဖြစ်နိုင်ရင်ပေါ့ ဘုန်းဘုန်း ပြန်မကြွခင် ကျွန်တော့်သူငယ်ချင်းတွေ နဲ့ စကားဝိုင်းလေး တခု လုပ်ပေးချင်တယ်။ ဖြစ်နိုင်မယ်ဆိုရင်ပေါ့။ မနေ့က ရိုက်ခဲ့တဲ့ပုံတွေပေါ့ ရှုစား ပေးကြပါအုံး။



မမဘာညာလေ (ရီတန်းအော့ဖ် ဘာညာ) :P

ညောင်ရေအိုးရွေးချင်ယောင် အဲလေ..ရွေးနေတဲ့ ကျွန်တော်

ညောင်ရေသွန်းနေတာပါ ခင်ဗျာ

ကျွန်တော်၊ ဘုန်းဘုန်း ဦးကုမာရ၊ မပင့်၊ နန္ဒ၊ မဘာညာ (စံပယ်ပန်း ရောင်းတဲ့ ဈေးသည်လေးကို ရိုက်ခိုင်းတာ တော်တော် လှမ်းပြီး ၀ါးသွားတယ်)

မဘာညာလဲ ညောင်ရေသွန်း

ညောင်ရေအိုးလေးတွေ

အိမ်တော်ရာ ဘုရား

နန္ဒနှင့် ညောင်ရေအိုး ကိုင်ပြီး ပဲများနေတဲ့ မပင့် :P

ညောင်ရေသွန်းပဲ

ဘုန်းဘုန်း ဦးကုနဲ့ ကျွန်တော်တို့ရဲ့ စကားဝိုင်းလေး

ဘုန်းဘုန်း ဦးကု

စိတ်ဝင်တစား နားထောင်နေတဲ့ မဘာညာနဲ့ မပင့်

ဘုန်းဘုန်းနဲ့ ကပ္ပိယကြီး မင်းယွန်း တို့ပေါ့။


ဘုန်းဘုန်း ဦးကော နဲ့ ဘုန်းဘုန်း ဦးကုတို့ ဒီလကုန်လောက် ဘန်ကောက် သွားလည်ဖြစ်မယ် ပြောတယ်။ ဘုန်းဘုန်းတို့ ကျောင်းကို ဒီတခေါက်ရောက်တော့ ဟိုတုန်းက ကိုဇော်တို့ မမီ တို့နဲ့ ဘုန်းဘုန်း ကျောင်းမှာ ချက်ပြုတ်စား ခဲ့တဲ့ အချိန်တွေကို လွမ်းလိုက်တာဗျာ..။


Read Users' Comments (3)

ကျွန်တော်တို့ နောက်ကျကျန်နေလို့ မဖြစ်ဘူး

လောင်းကြေး ထပ်ရဲလားလို့ သူငယ်ချင်း တစ်ယောက်လာ မေးတယ်
ကိုယ့်အသင်းကိုယ် သိပ်မယုံပါဘူးဗျာ လို့ ပြန်ဖြေလိုက်ရတယ်

အဲ့ဒီညက မန်ယူ-အာဆင်နယ်ပွဲကြည့်ဖို့ ကိုယ့်လူတွေကို
အိမ်ကို ဖိတ်လိုက်တယ်…

ဦးလေးမိုးလို့ ချစ်စနိုးခေါ်တဲ့ ကိုမိုးလှိုင်က
နောက် အကျဆုံးပဲ
(သူက.. လီဗာပူးလ် ဖန်ဆိုလား..)

ဂန်းနားလား အမြှောက်တွေကို အရည်ဖျော်ပစ်မယ်လို့ ညီမင်းခန့်ကြီးက
ဝံ့ဝံ့ကြွားကြွား ကြွေးကြော်လို့..

ကျွန်တော်တို့ထဲမှာ သူက ဟင်းချက် အကောင်းဆုံး
တရုတ်ထမင်းကြော်ဆိုလား၊
အသားတုကြော်ဆိုလား
လက်စွမ်းတွေ ပြနေလိုက်တာ..
ကျွန်တော်တို့ တတွေကတော့
ပါးစပ် အစွမ်းပြလိုက်ကြ…

ဒီဇာတ်လမ်းကို ဦးလေးမိုးက စတယ်
သူရဿဝါက ဂစ်တာတီးတယ်
သူ့ထုံးစံအတိုင်း ပေါ့ပ် ချိုချိုတွေပေါ့..

သောတနဲ့ဇာတိတို့ ၂ယောက်ကတော့
အီမိုလိုလို၊ ပန့်ခ်လိုလိုပဲ..
(အမှန်တော့ ဘာမှမဟုတ်ကြဘူး)

ကျွန်တော်က ရော့ခ်သီချင်း ခပ်ပြင်းပြင်းတွေ
သိပ်ကြိုက်တယ်..
လွယ်အိတ်ကြီးနဲ့ ပုရွက်ဆိတ်တွေရဲ့
သီချင်းတွေက ကျွန်တော့် ဖေးဘရိတ်တွေပါပဲ..

ဒါပေမယ့် ကျွန်တော် ဂစ်တာ ကောင်းကောင်း မတီးတတ်သေးဘူးဗျ..

စကားကိုပြန်ဆက်ရရင်..
ဒီဇာတ်လမ်းကို ဦးလေးမိုးက စတယ်..
လူတွေစုံပြီတဲ့..
အပျင်းပြေဆိုလား၊ ရာသီဥတု ကိုယ့်ဘက်ပါတယ် ဆိုလား

ညကြီးမင်းကြီး ၀ီစကီရှာပုံတော်
သူရဿဝါနဲ့ ကိုပေါက်စီ(ညိုမင်းနိုင်) တို့ အရှာထွက်ခဲ့တယ်..
ပိုက်ဆံ ၅၀၀၀
ပြီးတော့.. ည ၁၀နာရီ ၁၅

‘တော်ပါပြီ စိတ်ကုန်တယ်’ ဆိုပြီး
သောတက အော်ကြီးဟစ်ကျယ် ဆိုလို့..

ကံဆိုးချင်တော့ မီးပျက်နေတယ်..
ကံမကောင်းချင်တော့ စလောင်းစက်ပါ ပျက်သွားပြန်တယ်..

(ဒါပေမယ့် ကိစ္စမရှိဘူး)
(ဒါပေမယ့် ကိစ္စရှိတယ်)

Grand ၀ီစကီ တတောင့်နဲ့ ဟို၂ယောက် ပြန်ရောက်လာတယ်..

ညက တော်တော်မိုးချုပ်နေပြီ..

ဟင်းတွေကျက်နေပြီတဲ့..
ကျွန်တော်တို့ စားဖိုမှူးကြီး တယောက်
ချွေးတလုံးလုံးနဲ့
“အသားတု ကြော်က ဆားပေါ့တယ်ဟေ့”
ဆေးဘဲဥသုတ်လဲပါတယ်.
ငါးနီတူ ကြော်လဲပါတယ်…
“လျှောက်သီး ဒီထဲ ညှစ်ထည့်လိုက်ရင် ပိုကောင်းမယ်ကွ”

“ချီးယားစ်”
“အောင်မြင်ပါစေ”
ဘာတွေကို အောင်မြင်ခိုင်းမှန်း မသိပဲ
ဖန်ခွက် နှုတ်ခမ်းချင်းတွေ ထိခတ်သွားကြ..

အင်း.. ညက တော်တော် မိုးချုပ်နေကြပြီ..
အွန်လိုင်းက ပို့စ်မော်ဒန်ကဗျာတွေ တော်တော် ခေတ်နောက်ကျနေကြပြီ
မဂ္ဂဇင်းတွေမှာ LP တွေတောင် တော်တော် ရှေ့သွားနေကြပြီတဲ့..
ဝါ၀ါ့ကဗျာတွေ ဆရာ တာရာ့ အရိပ်ငွေ့တွေ လွတ်အောင် လုပ်ရမယ်.
ဇာတိရေးတဲ့ အက်ဆေးတွေ ကျွန်တော် သိပ်မကြိုက်ဘူး..
ကျွန်တော်တို့ နောက်ကျကျန်နေလို့ မဖြစ်ဘူး..
ဦးလေးမိုး ပါလာတဲ့ “မောင်ယုပိုင်” စာအုပ်ကို
အတူတူ ဝေမျှ ဖတ်ကြတယ်..

ဇွန်းသံ၊ ခွက်သံတွေ
“နဲနဲ ထပ်ထည့်ပါအုံး”

အရိုးထဲက ၊ အသားထဲက
အသွေးထဲက ရန်ကုန်ကို ချစ်တာတွေ..
လူဦးရေ ၁၃ ကျော်ရှိတာတွေ..
ကျွန်တော်တို့ မြန်မာတွေ မညံ့ဘူး ဆိုတာတွေ..
ကွန်ဒိုလီဇာရွိုက် ပြောတဲ့ အာရှရဲ့ ဒီမိုကရေစီ မကောင်းကြောင်း
ဒီမိုကရေစီ အစ… အာရှ ဝေသာလီ ပြည်က ဆိုတာတွေ..
Brain drain ဆိုတာတွေ..
ဒစ်ဂျစ်တယ် မျိုးဆက်သစ်နဲ့
Publishing ပဋိပက္ခတွေ..
“ဇာတိရေ.. အမြည်းတွေ ချည်း နှိုက်စားမနေနဲ့..”

အကျီင်္ချွတ်တွေနဲ့ ထိုင်ပြောဖြစ်ကြတယ်
မီးကပျက်နေတုန်းပဲ..
ပြီးတော့ ရာသီဥတုက ပူတယ်..

၂အိမ်ကျော်က လက်ဘက်ရည်ဆိုင်ဆီ သွားကြရုံပေါ့.
ပထမပိုင်းမှာတင် အာကြီး ၂လုံး ရှုံးနေပြီ…
မန်ယူတွေ ကျွန်တော့်ကို ၀ိုင်းလှောင်ကြ..
အိမ်ကွင်းတဲ့..
အာစင်ဝင်းဂါးနဲ့ ကျွန်တော့်မျက်နှာ .. နီလို့..
သောက်သုံးမကျပုံက..
ဒုတိယပိုင်းတောင် မကြည့်ချင်တော့ဘူး.

ကိုပေါက်စီ(ညိုမင်းနိုင်) ၊ ကျွန်တော်နဲ့ ဦးလေးမိုးတို့
ရုံပြင်ဘက် ညရိပ်အောက်မှာ ထွက်ထိုင်ခဲ့ကြတယ်..
လူ့မျက်စိ အာရုံသိနဲ့က မြင်နိုင်တာ
ဒုတိယတာ (2 Dimension) ထပ်မပိုဘူး..
စတုတ္ထတာ (4 Dimensions) ကို မြင်နိုင်ရင်
အချိန်တွေ သုံးစား လို့ရတော့မှာ မဟုတ်ဘူး ဆိုတာတွေ..
အိုင်စတိုင်းရဲ့ ရီလေတီပတီ အကြောင်း
ဗုဒ္ဓရဲ့ စကြ၀ဠာ သီအိုရီ…
တိတ်ဆိတ်တဲ့ အသံကို ရုပ်နဲ့ နားမထောင်ပဲ
နာမ်နဲ့ နားထောင်ရမယ် ဆိုတာတွေ..
ထိုင်ပြောဖြစ်ခဲ့…..

“ဂိုး”တဲ့ ၃ဂိုး ထပ်ရသွားပြန်ပြီ
“ဂိုး”တဲ့ အာဆင်နယ် တစ်ဂိုးပြန်ရတယ်တဲ့..
ပွဲကပြီးသွားပြီ..
သူရဿဝါက ကျွန်တော့်ကို
စိတ်မကောင်းပါဘူးတဲ့ ရယ်ကျဲကျဲနဲ့ ပြောတယ်..

ဦးလေးက စတုတ္ထတာသို့ သွားကြရအောင်နဲ့ မဟာဂန္ဓာရီနိဒါန်းစာအုပ်၊
ဇာတိက Rock CD ၃ချပ်ငှားသွားကြတယ်..

ခွေထိုင်ကြည့်ပြီး…ခဏနေတော့..
ကိုယ့်လူတွေ အကုန် တိုက်ပွဲကြလို့..

ဝါ၀ါ တစ်ယောက်.. ဂိမ်းဆော့လို့…
ကျွန်တော် တစ်ယောက် မျက်စိတွေကြောင်လို့..

သိပ်မကြာလိုက်ကြဘူး..
အားလုံး.. ခြေပစ်လက်ပစ် အိပ်မောကျသွားကြရဲ့..

မနက်၇နာရီခွဲ..
ကိုယ့်လူတွေ ဧည့်ခန်းထဲမှာ အတုံးအရုံးအိပ်နေပုံက
စစ်ပွဲပြီးလို့.. ခြေကုန်လက်ပန်းကျ နေတဲ့သူတွေ အတိုင်းပဲ..

၈နာရီခွဲမှာ အိပ်မှုန်စုံမွှား ထလာကြပြီး..
မျက်တွင်းဟောက်ပက် ကိုယ်စီနဲ့..
လဘက်ရည်ဆိုင်ကို ချီတက်…
ပေါ့စိမ့် ၂ခွက်၊ Ruby တပွဲ
“ဆေးလိပ်ဖြတ်တော့မယ်”လို့
ကျွန်တော် အားလုံးကို ပြောလိုက်တယ်..
ခရီးထွက်နေတဲ့ ကောင်မလေးကို လွမ်းလိုက်တာ..
ဦးလေးမိုးက စီးကရက်ကို ခဲပြီး…
ပြုံးစိစိနဲ့..

အားလုံးကို နှုတ်ဆက်တယ်ဗျာ..
ကားဂိတ်ထိတောင် လိုက်မပို့ပေးခဲ့ရဘူး…

တောင်ဒဂုံကို သွားရအုံးမယ်..

၁၀နာရီပဲရှိသေးတာတောင် နေတွေက ခြစ်ခြစ်တောက် ပူနေလိုက်တာ..

ခေါင်းထဲမှာ မူးနောက်နောက်နဲ့ဗျာ..
အင်း.. နေ့လည်တော့ တရေးတမောလောက် အိပ်အုံးမှပါပဲ။

Read Users' Comments (2)

မေ့မရတဲ့လှိုင်းထန်ည ကဗျာရွတ်ပွဲ အောင်မြင်စွာ ကျင်းပ ပြီးစီး

မနေ့က တနင်္ဂနွေနေ့မှာ နာဂစ် တစ်နှစ်ပြည့် အောက်မေ့ဖွယ် ကဗျာရွတ်ပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။ စိမ်းလန်းစိုပြေ ဥယျာဉ်မှာ ကျင်းပခဲ့ပြီး ဒီပွဲကိုတော့ လူစုံတက်စုံ တက်ရောက်ခဲ့ကြပါတယ်။ ပထမ ကဗျာရွတ်ပွဲ ထက်စာရင် လူတွေ ပိုစုံလို့ အလွန်အားရ စရာ ကောင်းပါတယ်။
အဲဒိပွဲကို တက်ရောက် ပေးခဲ့ကြတဲ့ လူစာရင်းကတော့
တက်ေ၇ာက်သူများ

1 .. ဇီးရိုး
2 ။ မိုးလှိုင်ည
3။ ကိုပီကေ
4 ။ idulize ( အရုပ်ကလေး )
5 ။ ဗလာဘွိင်း ( နေနှင်းစက် )
6 ။ ဘုန်းသန့်ခန့်
7 ။ ညီမင်းခန့် (ရိုးရာ )
8 ။ အဆိပ်
9 ။ အသဲကွဲ နှင်းဆီနက်
10 ။ သမီးငယ်လေး
11 ။ ကဗျာ
12 ။ လင်းရမ္မာ
13 ။ရန်နိုင်ဇော်ဦး
14 ။ မောင်မောင်လင်းနိုင်
15 ။ မောင်ရဲဟိန်း
16 ။ ပျိုခေတ်
17 ။ မှော်ဝင်ပျို
18 ။ ဆူးလင်းသစ်
19 ။ ဇာတိ
20 ။ သူရဿဝါ
21 ။ မင်းယွန်းသစ်
22 ။ ထူးလင်း
23 ။ အိမ်မက်ဖြူ
24 ။ သောတ
25 ။ iceage
26 ။ ကလျာ
27 ။ထားထားရီ
28 ။ ဗညားရှိန်
29 ။ ညီလင်းဆက်
30 ။ စိုးဇေယျာထွန်း
31 ။ ဆုဝေ
32 ။ ဖိုးသူတော်
33 ။ j9 တို့ဖြစ်ကြပြီး

ကဗျာရွတ်သွားကြတဲ့ သူတွေကတော့
မင်းယွန်းသစ် ...... နာဂစ်ရေ မင်းလာလို့မဖြစ်ဘူး(ကိုဖြိုး)
သူရဿဝါ ............ အနီရောင်လှိုင်းက အစွယ်ရိုင်းတွေနဲ့
ဗညားရှိန် ............. အရိုင်းဆန်တဲ့ လှိုင်းထန်ည
အဆိပ် .................ရာဇ၀င်တွင်တဲ့ည
ညီမင်းခန့် ........... ကခြေသည်မလေးရဲ့ ခရာသံ
ဘုန်းသန့်ခန့် .........လေတွေ ၀ုန်းဟုန်းရဲရိုင်းတိုက်တုန်းက ... ဖိနပ်ပေါက်သွားတဲ့ အခန်းငယ်
မိုးလှိုင်ည .............နာဂစ်အလွန် ၃၆၅ ။ လပ္ပတ်တာလုပ်( သူရနီ )
နေနှင်းစက် ........... မသိ
တို့ ဖြစ်ပါတယ်။



ဗညားရှိန်၊ ကိုညီလင်းဆက်၊ စိုးဇေယျ

မဆုဝေ၊ ဖိုးသူတော်နှင့်.....


ကိုပီကေ၊idulize

မြက်ခင်းသစ်နှင့် မိုင်စုဗူးမှ အဖွဲ့ဝင်များ

ညီမင်းခန့်၊ ဝေဖြိုးမင်း၊ ဗလာဆုံမှတ်

အမှတ်တရ ဓာတ်ပုံရိုက်ကြခြင်း၊ (အဖွဲ့လိုက်ပုံကို စိုးဇေယျ ကင်မရာနဲ့ ရိုက်သွားပါတယ်။ ခုထိပုံပေးသေးဘူး :( )

သူရဿဝါ

စကားစမြည် ပြောနေကြတာပေါ့။


ပွဲဖြစ်မြောက်အောင် ၀ိုင်းဝန်း ကူညီပေးကြသော မြက်ခင်းသစ် အဖွဲ့သားများနှင့် ကိုဗညား၊ သူရဿဝါ၊ MOWA အဖွဲ့သားများ၊ ကိုမိုးလှိုင်ည တို့နှင့် တက် ရောက် အားပေးခဲ့ကြတဲ့ သူငယ်ချင်းများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ နောင်များမှာလဲ ကျွန်တော်တို့ အဖွဲ့တွေ ကဗျာရွတ်ပွဲလေးများကို အလျင်းသင့်သလို ပြုလုပ်သွား အုံးမှာ ဖြစ်လို့ မတက်ရောက် ဖြစ်ကြတဲ့ သူငယ်ချင်းများ အားလုံး နောက်တခါ လုပ်ရင် လာအားပေး ကြအုံးနော်။



Read Users' Comments (4)

Yangon United FC မိတ်ဆက်ပွဲ

စနေနေ့က ကျွန်တော် ရန်ကုန် ယူနိုက်တက် အသင်း မိတ်ဆက်ပွဲကို သွားကြည့်တယ်ဗျ။ အဲ့ဒိနေ့က မကလျာတို့ သူငယ်ချင်းတွေလဲ ပါတယ်။ မြက်ခင်းသစ်က ကိုဗညားကို ချိန်းတာ လွဲသွားတယ်။ အလကားပဲတင်းပွဲဆိုတော့ လူတွေ ကြိတ်ကြိတ်တိုးပဲ။ အောင်ဆန်းကွင်းထဲရောက်တော့ လက်မှတ်ထိုးရသေးတယ် အမှတ်တရဆိုလား။ ကွင်းထဲမှာ လူတွေက အပြည့်။ စတိတ်ရှိုးတော့ သိပ်မမှီလိုက်ဘူး။ ဇော်ဝင်းထွဋ်ပဲ ကောင်းကောင်းမှီလိုက်တယ်။ သူချည်းပဲ ၅ပုဒ်လောက် ဖျော်ဖြေသွားတယ်။ ပြီးတော့ ရန်ကုန်ယူနိုက်တက် အသင်းကစား သမားတွေ ထွက်လာပြီး ပရိသတ်နဲ့ မိတ်ဆက်ပေးကြတယ်။ ရန်ကုန်.. ရန်ကုန် ဆိုတဲ့ အသံတွေ ကွင်းလုံးပြည့် ညံနေတာပဲ။ တခြား အသင်းတွေနဲ့ ကန်ရင် ဘယ်လိုအားပေး ကြမလဲ မသိဘူး။ ရန်ကုန်ယူနိုက်တက် အသင်းမှာ ကင်မရွန်း ကစားသမား ၄ယောက်၊ အိုင်ဗရီကို့စ် ကစားသမား ၁ ယောက် ပါတယ်။ အသင်းနည်းပြ ကတော့ မျိုးလှိုင်ဝင်း ဖြစ်ပါတယ်။ အသင်းကို ၂ဖက်ခွဲပြီး ကန်ကြတယ်။ A အသင်းနဲ့ B အသင်းဆိုပြီး။ A အသင်းမှာ နိုင်ငံခြားသား ကစားသမားတွေ ပါပြီး ၊ ဘီအသင်းမှာတော့ မြန်မာတွေချည်းပါ ပါတယ်။ ဘီအသင်း ဂိုးသမားက အောင်အောင်ဦးပါ။ ကန်ကြတော့ မှန်းချက်နဲ့ နှမ်းချက် လွဲတယ်ခင်ဗျ။ မြန်မာတွေချည်းပါတဲ့ ဘီအသင်းက ချည်း ဖိကစား ပါတယ်။ နိုင်ငံခြားကစားသမားတွေနဲ့ မြန်မာ ကစားသမားတွေ အကြား အေ အသင်းမှာ လွဲနေကြပုံပါပဲ။ ပထမပိုင်းမှာတင် ၂ဂိုး သွင်းခံရပါတယ်။ ပထမပိုင်းပြီးတော့ ကွင်းထဲကို ခေမီကိုနဲ့ အဖွဲ့က ကပြဖျော်ဖြေတော့ ပွဲအတော် စည်သွားတယ် ခင်ဗျ။ (ကျွန်တော်တောင် ဗီဒီယို ရိုက်ထားသေးတယ်၊ ကွန်နက်ရှင် ကောင်းရင် တင်ပေးမယ်)။ ပြီးတော့ ဒုတိယပိုင်း ဆက်ကစားတော့ ဘီအသင်းကပဲ ကောင်တာနဲ့ ကစားသွားတာ နောက်ထပ် ၂ဂိုးထပ်ရသွားတယ်။ ၅နာရီခန့်မှာ ပွဲပြီး ပါတယ်။ ဒီနေ့ ရန်ကုန် အသင်းကို အားပေးကြတဲ့ ရန်ကုန် ပရိသတ်တွေကတော့ အားရပါးရပါပဲ။ ကျွန်တော်တို့ ၁၆ ရက်နေ့မှာ စကန်မယ့် ပွဲတွေကို အားပေးရအုံးမှာပေါ့။

ရှေ့ဆုံးမှ တက်တက်ကြွကြွ ချီတက်နေတဲ့ ကျွန်တော်


ကြိတ်ကြိတ်တိုး

Yagon United FC ပိုင်ရှင် ဦးတေဇ၏ ကား

Yagon United FC၏ ကား

တာဝန်..တာဝန် :)

အမှတ်တရ လက်မှတ်ထိုးကြတယ်

ကျွန်တော်လဲ အမှတ်တရ ထိုးခဲ့တယ်။ :)

လုံခြုံရေးကလဲ အပြည့်



တခဲနက် အားပေးနေတဲ့ ရန်ကုန်ယူနိုက်တက် ပရိသတ်တွေ

လူကြီးမင်းများ

ရန်ကုန်ယူနိုက်တက် အသင်း အလံ (လိုဂိုက အေစီမီလန်တံဆိပ်ကို ခြသေ့င်္တပ်ထားပြီးအရောင် ပြောင်းထားပုံပါပဲ) :)

တာဝန်ရှိသူများက ကစားသမားများကို လိုက်လံနှုတ်ဆက်

နာဂစ်တနှစ်ပြည့် ၀မ်းနည်းခြင်း တမိနစ် ငြိမ်သက်

ကန်ကြပြီ

ကွင်းထဲမှာလဲ လုံခြုံရေး အပြည့်

စတိတ်စင်ပေါ်မှာ လူတွေ ပြည့်လို့

R ဇာနည်ရဲ့ ဘေးမှာ ဘူလဲ သိဘူး YU FC ပိုင်ရှင်ကြီး ထင်တာပဲ။ :)

ဓာတ်ပုံတွေကတော့ ဒီမျှပါပဲ။ ခေမီကို ဒန့်စ်..ကိုတော့ နက်ကောင်းရင် တင်ပေးမယ်နော့။ ဓာတ်ပုံများကို ရိုက်ကူး ဝေမျှ ပေးခဲ့သော မကလျာ ကို အထူး ကျေးဇူး တင်ရှိပါတယ်။

Read Users' Comments (1)comments