ဝိညာဉ်နှုတ်လွင်ပြင် (၅)
ခြောက်သွေ့ညိုမှိုင်းနေသော တောအုပ်တခုထဲတွင် ဖြစ်၏။ ညအချိန်ခါဖြစ်၍ ပတ်ဝန်းကျင်တခုလုံး မဲမှောင်နေသည်။ သို့သော် သူကတော့ အမှောင်ထဲတွင် အသားကျနေသည့် ပုံဖြင့် တောထဲသို့ ဆက်တိုးသွားနေသည်။ ရှေ့ဆက်တိုးနေရသော်လည်း သူ့စိတ်ထဲတွင် ထင့်နေပြီး ရင်တွေ တလှပ်လှပ် ခုန်နေသည်။ တောအုပ်၏ တနေရာအရောက်တွင် ခြေသံနှင့် အသက်ရှူသံခပ်ပြင်းပြင်း ကြားလိုက်ရသဖြင့် နီးစပ်ရာ ခြုံတောထဲ တိုးဝင်လိုက်သည်။ သူသည် အကြောက်လွန်နေပြီး အသားများပင် တဆပ်ဆပ် တုန်နေသည်။ အရိပ်တခုက သူ့ပုန်းနေသော ခြုံအနီးသို့ ရောက်လာ၏။ ခြေဗလာတစုံသည် သူ့ပုန်းနေသည့် နေရာတည့်တည့်တွင် လာရပ်သည်။
“ဂရူး…”
တစုံတခု အနံ့ရသည့်ပုံဖြင့် ထိုအကောင်က လိုက်လံရှာဖွေနေလေသည်။ သူ့မှာ ကြောက်လန့်လွန်းပြီး အသက်ပင် ရဲရဲ မရှူရဲပေ။ စိတ်ကျေနပ်အောင် ရှာဖွေပြီးသွားတော့မှ ရှေ့သို့ ဆက်လျှောက်သွားသည်။ သူလဲ ထိုသတ္တ၀ါ နောက်မှ အသာအယာ သစ်ပင်များကို ကွယ်ပြီး လိုက်သွားသည်။ ထိုအကောင်သည် လူတစ်ဦးဖြစ်ပုံရ၏။ ကုဒ်အကျီအရှည်ကြီးအား ၀တ်ထားပြိး ဘောင်းဘီအောက်ခြေတွင်တော့ ပြဲဆုတ်နေသည်။ မြေကွက်လပ် တခုသို့ အရောက်တွင် ရပ်တန့်လိုက်ပြီး သစ်ကိုင်းသစ်ခက်များ ပုံထားသော နေရာသို့ အရောက်တွင် ထိုအမှိုက်သရိုက်များကို ဆွဲဖယ်နေ၏။ သစ်ကိုင်းသစ်ခက် များအား ဖယ်ရှားလိုက်သော အခါတွင်ကား ရုတ်တရက်ပင် ရေတွင်းပျက်ကြီး တစ်လုံး ပေါ်လာလေတော့၏။
“ကယ်ကြပါ… ကယ်ကြပါအုံး….အီးဟီးဟီး ကယ်ကြပါအုံး….”
ရေတွင်းထဲမှ ကြောက်အားလန့်အားဖြင့် အကူအညီ တောင်းခံသံများ စိတ်မချမ်းမြေ့ဖွယ် ထွက်ပေါ်လာ၏။ ထိုအကောင်၏ မျက်နှာကို အမှောင်ထဲတွင် သေချာ မမြင်ရသော်လည်း ရေတွင်းထဲသို့ တချက်ငုံ့ကြည့်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်ကို မြင်လိုက်ရသည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မြေကြီးကို လက်ဖ၀ါးကြီးဖြင့် တဘုတ်ဘုတ် ပုတ်လိုက်လေသည်။
ထိုသို့ ပုတ်လိုက်ပြီး များမကြာမှီမှာပင် မြေကြီးများ တွန့်လိပ်လာလေသည်။ တဝေါဝေါနှင့် တွန့်လိပ်လာသော မြေကြီးလိပ်ကြီးများသည် ထိုရေတွင်းနားသို့အရောက်တွင် မြေကြီးထဲမှ မီးခိုးရောင် အခိုးများ အူထွက်လာ၏။
“ပြေး…ပြေး…………”
ဘယ်က ထွက်ပေါ်လာမှန်းမသိသော ပဲ့တင်ထပ်သံကြီးသည် သူ့အား ဤနေရာမှ ထွက်ပြေးရန် သတိပေးနေသည်။ ထို့နောက် ရေတွင်းထဲတွင်တော့ ငရဲပွက်သံအလား အသံနက် ကြီးများ ဆူညံကုန်လေ တော့သည်။ မျက်နှာ မမြင်ရသော သတ္တ၀ါတစ်ကောင်သည် သူဆီကို တရွေ့ရွေ့…….။
“မလာ…နဲ့… မလာနဲ့…. အား…….”
“ဟေ့ကောင်… ထင်လင်း.. ထင်လင်း….”
“အင်…. ”
ထင်လင်းက သူ့ကို တစ်ယောက်ယောက် လှုပ်နှိုးနေသဖြင့် အိပ်နေရာမှ နိုးသွားသည်။ သူမျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အဂ္ဂ ဖြစ်နေသည်။
“မင်း နေကောင်းရဲ့လား၊ အိပ်မက်ဆိုးတွေ မက်နေတာလား သူငယ်ချင်း”
“အင်း ကောင်းပါတယ်။ ဟုတ်တယ် ငါအိပ်မက်မက်နေတာ ငါ… ငါ… ယောင်ပြီးအော်မိလို့လား”
“အော်တော့ မအော်ဘူးကွ ငါက ညက အစောကြီး အိပ်တော့ အိပ်ရေးဝ သွားလို့ အစောကြီး နိုးနေတာ၊ မင်းကုတင်ကို လှမ်းကြည့်တော့ မင်းက အိပ်နေရင်း မသက်မသာ လူးလှိမ့်နေတာ တွေ့လို့ ပြီးတော့ မင်းမျက်နှာက အိပ်နေရင်း ဝေဒနာ ခံစားနေရသလို ဖြစ်နေလို့… အေးအေး နေကောင်းရင် ပြီးရောလေ၊ ထတော့ ဇေယျတို့တောင် နိုးလို့ အောက်ဆင်းပြီး ရေသွားချိုးနေကြပြီ ငါတောင် သူတို့ ရေချိုးပြီးတာ စောင့်နေတာ။”
မကြာမှီမှာပင် ဇေယျတို့ အခန်းထဲ ဆူညံစွာ ၀င်လာပြီး
“ရေကတော့ အေးစိမ့်နေတာပဲကွာ တွင်းရေစစ်စစ်ပဲ.. မိုက်တယ်”
ထင်လင်းလဲ ရေမိုးချိုးရန် အောက်ထပ်သို့ ဆင်းသွားတော့သည်။
ရေတွင်းသည် ရဲတိုက်ကြီး၏ အနောက်ဘက်တွင်ရှိ၏။ ရဲတိုက်ကြီး၏ အနောက်ဘက်တွင် စပျစ်တော ကြီး ရှိသည်။ ထိုရေတွင်းသည် သူညက အိပ်မက်သော ရေတွင်းများလား လို့ တွေးမိသည်။ သို့သော် ပင်ပန်းလို့ မက်သော သာမန် အိပ်မက်နေမှာပါလို့ ဖြေသိမ့်လိုက်ပြီး တွင်းထဲမှာ ရေကို ရေပုံးဖြင့် ငင်၍ ချိုးလေသည်။ ရေချိုးနေရင်းနှင့် စပျစ်တောကို စူးစမ်းကြည့်တော့ စပျစ်ပင်များကို အများအပြား စနစ်တကျ စိုက်ထားသဖြင့် အတန်းလိုက်ညီညာစွာ ပေါက်နေ၏။
“ရှဲ…ရှဲ..ရှဲ..”
“ဟင်..”
ထင်လင်းက ရေချိုးနေရင်းနှင့် သူ့နောက်မှာ တစ်ကောင်ကောင် ရွေ့လျားလာနေသလို ခံစားရသဖြင့် အနောက်ကို လှည့်ကြည့်လိုက်သည်။ သို့သော် နွယ်မြက်ပင်များက လွဲ၍ သူ့နောက်တွင် ဘာမှ ရှိမနေချေ။ ထို့နောက် သူရေဆက်ချိုးနေ၏။ တရှဲရှဲနှင့် အသံသည် တိတ်မသွားပဲ သူ့အနား ကပ်လာသလို ဖြစ်နေ၏။ သူသိပ်မသင်္ကာတော့ ချေ..။ ထိုစဉ်
“ထင်လင်းဖယ်ဖယ်..”
ရုတ်တရက်မို့ ထင်လင်းလဲ အရှေ့သို့ ခုန်ရှောင်လိုက်သည်။ မြွေဟောက်ကြီးတစ်ကောင် ဖြစ်၏။ ဦးလူခန့်သည် မြွေကြီးအား တင်းပုတ် ဖြင့် ထုသတ်နေလေသည်။ ဦးလူခန့် မြွေသတ်ပုံက ထူးဆန်းသည် သာမန်ဆို သုံးလေးချက် ထုရုံဖြင့် မြွေသေလောက်ပြီ။ ခုတော့ ဦးလူခန့်က မြွေခေါင်းတခုလုံး ရစရာ မရှိအောင် တင်းပုတ်ဖြင့် အချက်ပေါင်းများစွာ ထုနှက်နေလေသည်။
“ရ… ရလောက်ပါပီ.. ကျေးဇူးပဲ ဦးလူခန့်..”
ဦးလူခန့်က ကြေမွနေသော မြွေကြီးကို ကိုင်၍ ထင်လင်းကို ပြုံးပြသည်။ ထင်လင်းလဲ ဦးလူခန့်ကို ကြည့်ရတာ တမျိုးပဲဟု တွေးထင်မိကာ ဤနေရာတွင် ကြာကြာမနေလိုတော့၍ သဘက်ပတ်ကာ အပေါ်ထပ်သို့ တက်သွားလေတော့သည်။
ဆက်ရန်.....



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "၀ိညာဉ်နှုတ်လွင်ပြင် (၅)"
Post a Comment