Posted in Labels: ဟာသ | Wednesday, October 29, 2008
Posted in Labels: ဟာသ | Saturday, October 25, 2008
မနှစ်က အဖြစ်အပျက်လေးပေါ့။ ကျွန်တော်နဲ့ သယ်ရင်းနှစ်ယောက်သား ကျောင်းက အပြန်ပေါ့။ ၄၆ လမ်းနားက စီးတီးမတ်ကို ဒိုင်ယာရီ စာအုပ်ဝင်ဝယ်တာ။ ကျွန်တော်တို့ ၂ယောက်ကလဲ တွေ့ကြပြီဆို စကား အမျှင်မပြတ်တော့ဘူး။ အိမ်ပြန်တဲ့ လမ်းကြောင်းကလဲ တူဆိုတော့ပေါ့..။ ဒါနဲ့ ကျွန်တော်တို့ ၂ယောက် စီးတီးမတ်ထဲမှာ စာအုပ်ဝင်မွှေပြီးတော့ ကျွန်တော်က ခွေဆိုင်မှာ ၀င်မွှေ မွှေချင်တိုင်းမွှေပြီး ပစ္စည်းလေးတွေ အတိုအထွာတွေ မနည်းဘူး။ ၀ယ်လို့ ပြီးပြီဆိုတော့ ငွေရှင်းမယ့်ကောင်တာမှာ လူတွေက အတော်များနေတယ်။ အော် အဲ့ဒိနေ့က စနေနေ့ထင်တယ်။ အဲ့ဒိတော့ လူတွေက ကောင်တာ သုံးလေးခု မလောက်ဘူး။ အားလုံး တန်းစီနေရတယ်။ ဒါနဲ့ ကျွန်တော်လဲ ကျွန်တော့် သူငယ်ချင်းနဲ့ နှစ်ယောက် စကားပြောရင်း ဘယ်လိုကနေ ဘယ်လိုရောက်သွားလဲ မသိဘူး ယူနီကုဒ် သုတေသနမှာ ပါတဲ့ နိုင်ငံခြားသား အကြောင်းကနေ စလိုက်တာ၊ နိုင်ငံခြားသားတွေ မြန်မာစကား တတ်ရင် မွှတ်နေတာပဲလို့ ပြောဖြစ်ကြတယ်ဗျ။ အဟတ် တိုက်ဆိုင်ချင်တော့ ကျွန်တော်တို့ တန်းစီနေတဲ့ ကောင်တာရဲ့ ကောင်တာ တခုကျော်က နိုင်ငံခြားသား ဆီကို ကျွန်တော်တို့ ၂ယောက် ပြောနေရင်း မျက်စိရောက်ရောက်သွားတယ်။ ဒါပေမယ့် ကိုယ့်ဟာကိုယ် ဆက်ပြောနေတာပါ။
ဖြစ်ချင်တော့ ကျွန်တော်တို့ ၂ယောက်စကား ဆက်ပြောနေတုန်း..။ အနောက်ကနေ
`ဟေ့ ကောင်လေးတွေ မင်းတို့ ငါ့အတင်းတွေ တုတ်နေတာမှတ်လား´
ဘုရားရေ မြန်မာသံပီပီသသကြီးနဲ့ ဘယ်သူမှတ်တယ် တခုကျော်ကောင်တာက နိုင်ငံခြားသား ဘိုးတော်ကြီးက ကျွန်တော်တို့ နှစ်ယောက်နောက်ကို ရောက်နေပါလေရော။ (အဲ့ နိုင်ငံခြားသား အဖိုးကြီးက ၀တ်ထားတာ ပလေကပ်နဲ့ အပေါ်က လည်ကတုံး အံမယ် သူ့ပုံက ဆရာလိုလို ဘာလိုလိုနဲ့ ကချင်လွယ်အိတ်ကလဲ လွယ်ထားသေး။) ပထမတော့ ကျွန်တော်တို့ ကြောင်သွားတယ်။ ပြီးမှ `အာ မဟုတ်ပါဘူးဗျ..။…´ လို့ ကပျာကယာ ငြင်းလိုက်ရတယ်။
အံမယ် ဘိုးတော်က ဒါနဲ့တင် မရပ်သေးဘူး ကျွန်တော်တို့ နားကပ်လာပြီး ဘာလုပ်တယ်မှတ်လဲ။ အံမယ်လေး ကျွန်တော်တို့ ၂ယောက်လုံးကို သူက လက်တဖက်ဆီနဲ့ ဗိုက်ခေါက်ကျောကို လိမ်ဆွဲပြီး ကလေးတွေ မုန့်ခိုးစားသလား စစ်သလို။
`မလိမ်နဲ့ မှန်မှန်ပြော…၊ ငါ့အကြောင်း အတင်းပြောနေတာ မှတ်လား´
ရော် ဒွတ်ခပါလားနော်။ အားကျွတ်ကျွတ်..
`ဟာဗျာ.. ဘာလို့ အန်ကယ့်အကြောင်း ပြောရမှာလဲဗျ.. မပြောပါဘူးဗျာ…´
အံမယ်လေး သေချာလား ထပ်မေးပြီး ထပ်ဆွဲနေသေးတယ်။ ဟင့်…။
ပြီးတော့မှ ဗိုက်ကျောကို လျော့ပေးလိုက်ပြီး မျက်မှန်ပေါ်က ကျော်ကြည့်ပြီး
`အင်း မပြောဘူးသေချာတယ်နော်..။ နောက် အတင်းမတုပ်နဲ့…´
ဗျာ……။ ကျွန်တော်တို့ ၂ယောက်စလုံး အဲ့ဒိဘိုးတော်ကို ဘာပြန်ပြောရမှန်းမသိအောင် ယောင်နနနဲ့။ ပြီးတော့ ဘိုးတော်က သွားလိုက်အုံးမယ်တဲ့….။ တဖက်ကျော်ကောင်တာကနေ ပြန်ရီပြနေလေရဲ့…။ ကျွန်တော်တို့ နှစ်ယောက်မှာ ရီရမလို ငိုရမလို အူကြောင်ကြောင်နဲ့ မအီမလည်ဖြစ်ကျန်ခဲ့လို့….။ ဟင်းနော် ..။ ငါနော်…။ ဟင်းဟင်း လူကြီးဖြစ်နေလို့…..။ ဟင်းးးးးးးးးးးးးးး။ :P
Posted in Labels: Essay, Postmodern | Thursday, October 23, 2008
ခပ်တိုးတိုး လျှောက်နေတာတောင် တရှပ်ရှပ် မြည်သေးတယ်။ "ဘယ်သူမှ မဟုတ်ဘူးကွ၊ ငါနားကြားလွဲတာဖြစ်မယ်။" ညနေက သူငယ်ချင်းတစ်ယောက်ရဲ့ဇဝေဇ၀ါသံ။ "နင်က တော်တော်အူကြောင်ကျား နိုင်တယ်နော်" ခင်တာ သိပ်မကြာသေးပဲ သူ့စိတ်ထင်ရာ အလွယ်တကူ မှတ်ချက်ချတတ်သော သင်တန်းက ကောင်မလေးတစ်ယောက်ရဲ့အသံ။ ခေါင်မိုးစွန်းနားကပ်နေတဲ့ သရက်ပင်ကိုင်းက လေတိုက်တိုင်း မြည်နေ၏။
အိပ်မောကျသံများ ...။
တချက်တချက် ခွေးဟောင်သံများ လမ်းထိပ်နားဆီက လွင့်လွင့်လာတယ်။ ခုထိအိပ်လို့ မပျော်သေးဘူး။ ခြင်ကောင်တွေက နားဝမှာ ၀ီခေါ်အောင် လာအော်နေကြတယ်။ လူနာဆောင် အမှတ်ခြောက်စာအုပ်ထဲက ညည်းညူသံများ။
"မအိပ်သေးဘူးလား"...။ သွားရင်းလာရင်း ဘယ်သူနှုတ်ဆက် သွားမှန်းမသိတဲ့ အသံ။ ရေးတော့ရေးနေပေမယ့် ခုထိ စိတ်တိုင်းမကျသေးလို့ စက္ကူလုံးခြေ သံများ ...။ အေးစိမ့်စိမ့်နဲ့ ဆောင်းညပီပီ အနွေးထည် ခပ်ထူထူ ၀တ်ပြီး Fly leaf ရဲ့I'm so sick သီချင်း ခပ်တိုးတိုးညည်းနေမိသည်။ မျက်လုံးတွေက တဖြည်းဖြည်းလေးလာပြီး သန်းဝေတဲ့အသံ ထွက်သွားမိတယ်။
"ငါ...ဆက်မနေချင်တော့ဘူး..."။ အသက်ရှူကြပ်စရာ ကောင်းတဲ့ စိတ်ကျနေတဲ့ သူငယ်ချင်းရဲ့ အလျော့ပေးသံ..။ ပြီးတော့ ကောင်မလေးတယောက်ရဲ့ ရူးမိုက်မိုက် ငိုယိုသံ။ ခေါင်းကိုက်လိုက်တာ...။
သေချာနားစိုက်ကြည့်လိုက်မှ ပတ်ဝန်းကျင်က တိတ်ဆိတ်မနေပဲ ပုစဉ်းရင်ကွဲအသံများ ဆူညံနေတယ်။ ညဟာ ညနဲ့တူသွားတော့တယ်။ ဒါပေမယ့် လတော့မသာခဲ့ဘူး။ နားသိပ်ညည်းတာပဲ။
လေလည်သံများ။ ဖောင်းပွနေတဲ့ လေတလုံးမိုးတလုံး အသံများ။ "တိတ်တိတ်နေပေးကြပါ.. ဘာမှ ထပ်မကြားချင်တော့ဘူး..."။ ခပ်ကြမ်းကြမ်း သက်ပြင်းချလိုက်ပြန်သည်။ ခရမ်းရောင်တွေက အသံမြည်နေသည်။ အနည်းငယ် မာဆတ်ဆတ် နိုင်သော တောင်းပန်သံများ။ ရူးကြောင်ကြောင်နိုင်သော တွေးခေါ်မှု ပြီးတော့ ဦးနှောက်ထဲက ထွက်လာတဲ့ အသံ။
ကြိုးတချောင်းရဲ့ ခေါ်သံ...။ "@x$%...#**" ဆဲရေးတိုင်းထွာနေတဲ့ ညစ်ညမ်းမှု ဆိုးဆိုးဝါးဝါး အသံများ။ လူကျင့်ဝတ် ဖောက်ပြန်နေတဲ့ အသံ။ ဘယ်ဟာမှ မတည်မြဲသေးဘူး...။
မျက်နှာကျက်နားက ခိုညည်းသံများ ကြားရပြန်တယ်။ စက္ကူတွေ ဝှေ့နေသော ပန်ကာအောက်မှာ ဖရိုဖရဲ ပြန့်ကျဲလို့...။ ပြီးတော့ ကြိုးပြတ်နေတဲ့ အနက်ရောင် ဂစ်တာဟောင်းတလက်..။ ကြမ်းပြင်ပေါ် ခုံတလုံး ထိခတ်မိသွားတဲ့ အသံ။
ဘာမှအဓိပ္ပါယ်မရှိဘူး။ ပြီးတော့ ဘာမှမဟုတ်ဘူး။ မောဟိုက်နေတယ်။ တကိုယ်ကောင်းဆန်လွန်းတယ်။ စိတ်ပျက်ဖို့ကောင်းတယ်။ တဂျစ်ဂျစ်နဲ့ နံရံကိုတိုးနေတဲ့ ကြွက်တကောင်ရဲ့ အသံ။
အခုထိ တယောက်တည်းရှိနေတုန်းပဲ။
ဟားတိုက်နေတဲ့ အပေါစားလူတွေရဲ့ အသံ...။ ကိုယ်ဟာ့ကိုယ် မသိတဲ့ ဟိတ်ကြီးဟန်ကြီး အဆိုအမိန့်များ။ ၀ှား... ပျင်းဖို့ကောင်းလိုက်တာ။ မျက်နှာကျက်ပေါ်က အိမ်မြောင် စုတ်ထိုးလိုက်တဲ့ အသံ။
ကြိုးတွေရဲ့ ဖြစ်ညှစ်သံ...။ ဘာမှထပ်မကြားတော့ဘူး။ နှုတ်ခမ်းရဲ့ တွန့်ခေါက်တဲ့ နောက်ဆုံးအပြုံးတွေထဲက ထွက်လာတဲ့ ခပ်သဲ့သဲ့အသံ..။ ငိုသံများ၊ ခွေးဟောင်သံများ၊ အိပ်မောကျသံများ၊ နှုတ်ဆက်သံများ၊ လေတိုးသံများ...။ ပြီးတော့... ပြီးတော့.....။ စာရွက်တွေ လွင့်လွင့်နေတဲ့ အသံ..။ တောင်းပန်ပါတယ်ဗျာ။ အားလုံး မဆိတ်ငြိမ်သေးဘူး..။ ဘွန်န္တောအသံ..။ နာရီလက်တံတွေက မြည်တဲ့ ခြောက်ကပ်ကပ် တီးလုံးသံ။ အလ္လာပသလ္လာပ အသံ။အခုထိ ခြောက်ခြားစရာ ကောင်းလောက်အောင် ကိုယ့်ဟာကိုယ် မြည်နေတဲ့ အသံ.................။ နောက်ထပ် သိပ်မကြားရတော့ဘူး...။ ဘာမှ ထပ်မကြားရတော့ဘူး..။ မကြားရတော့ဘူး..။
"........................."
တိတ်ဆိတ်လွန်းနေတဲ့...........အသံ။
Posted in Labels: poem | Saturday, October 18, 2008
Posted in Labels: Guide | Thursday, October 16, 2008

မနေ့က မောင်ခအိမ်ကို လိုက်လည်ရင်း ကျွန်တော့်ကို ရုပ်ရှင်ခွေ တခွေ ငှားလိုက်သည်။ ထိုခွေနာမည်က လန်ဒန်ပုံပြင်...။ ဒီခွေထွက်တာ လွန်ခဲ့သော ၂လ ကျွန်တော် ခရီးမထွက်ခင်ကတည်းက ဖြစ်သည်။ ကျွန်တော်ရန်ကုန်ကို ပြန်ရောက်ပြီးချင်း ထိုခွေကို ကျွန်တော်တို့ ရပ်ကွက်က အခွေဆိုင်မှာ မေးကြည့်သော်လည်း ငှားရမည် မထင်၍ မ၀ယ်ထားဟုသိရသည်။ ဟုတ်တော့ဟုတ်တယ် ဇာတ်လမ်းမှာက နာမည်ကြီးမင်းသား မင်းသမီး တယောက်မှမပါ။ မျက်နှာသစ်များသာ။ ထိုကားကို ရိုက်သူက ဇာတ်ကားထဲမှာ မင်းသားအဖြစ်ပါ ပါဝင်သရုပ်ဆောင်ထားသော ဒါရိုက်တာအသစ် ဏကြီး...။
ဇာတ်လမ်းအစက လန်ဒန်ကို ကျောင်းလာတက်သော လဂွန်းဆိုသော ကျောင်းသားတယောက်...။ သူ့မှာ ကျောင်းတက်ဖို့ အပြင် တခြားသော ရည်ရွယ်ချက်တခုမှာ သူကျောင်းသားဘ၀က တိတ်တိတ်လေး ချစ်နေမိသော ကောင်မလေး တယောက်ကို ရှာဖို့....။ ပြီးတော့ သူနံဘေးမှာ အမြဲကူညီပေးတတ်တဲ့ သူငယ်ချင်းမလေး တစ်ယောက်။ သူရှာဖွေချင်သောကောင်မလေးကို ကံကောင်းစွာ ရှာဖွေတွေ့ခဲ့သည်။ ဒါပေမယ့် ကံကြမ္မာ ကျီစယ်သည်ဟု ပြောရမလား ထိုကောင်မလေးတွင် ချစ်သူရှိနှင့်နေခဲ့ပြီ။ သူကောင်မလေးနှင့် ရင်းနှီးသော အခြေအနေရောက်သည့်တိုင် သူသိမ်းထုပ်ထားသော စကားလုံးတွေကို မဖွင့်ဟခဲ့ချေ။ ထို့နောက် သူတိတ်တိတ်လေး ချစ်နေမိတဲ့ အကြောင်း မထင်မှတ်ပဲ ကောင်မလေးသိသွားသောအခါ.....။ ပြီးတော့ သူ့ချစ်သူ စပိန်ကောင်လေး…ထိုသုံးဦးရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်း…. ဘာတွေဆက်ဖြစ်ကြမလဲ….။
ဇာတ်လမ်းလေးက ရိုးစင်းပေမယ့် ရိုမန်တစ်ဖြစ်သော ဇာတ်လမ်းကောင်းလေးတခု ဖြစ်သည်။ (နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရတဲ့ မြန်မာ ကျောင်းသားတွေရဲ့ဘ၀ တစိတ်တပိုင်းကို ခြယ်မှုန်းပြထားသည်။) ပြီးတော့ နောက်ထပ် သတိထားမိတဲ့အချက်က ကင်မရာအယူအဆ..။ ကျွန်တော်တို့ မြန်မာပြည်မှာ ကြည့်ဖူးနေကျ အချစ်ကားများနှင့် ဒီနေရာမှာ အနည်းငယ် ကွာခြားသွားသည်ဟု ကျွန်တော်မြင်ပါတယ်။ လန်ဒန်မှာရိုက်လို့ဆန်းတာတော့ မဟုတ်ပါ။ အသေးစိတ်သော ရိုက်ချက်များကို ဆိုလိုပါသည်။ အခန်းအချိန်းအပြောင်းလှသည်။ အသံပိုင်းဆိုင်ရာ အားနည်းချက်တချို့မှ လွဲ၍ (home studio သဘောမျိုးနှင့် edit လုပ်ထားသောကြောင့်ဖြစ်မည်။)။ ဇာတ်ကောင်များရဲ့ emotion ကို အသေးစိတ်ပေါ်လွင်အောင် ရိုက်ပြနိုင်သည်။ အားလုံးခြုံကြည့်ရင် ဇာတ်ကားကောင်းလေးတခုဖြစ်သည်။ ကြည့်သင့်သော quality ဇာတ်ကားကောင်းလေး တခုဟု ညွှန်းလိုက်ချင်ပါသည်။
Posted in Labels: Article, Fun, Photo, Today Yangon | Wednesday, October 15, 2008
ဗျောက်အိုးအဖောက်ကောင်းလို့ ငယ်ငယ်တုန်းက လိုင်းခန်းထဲက နွဲ့တဲ့တဲ့ကောင် တကောင်ကို ကြောက်မှန်းသိလို့ ဗျောက်အိုးနဲ့လိုက်စမိတော့ ငိုယိုသွားလို့ အဲ့ကောင်အမေက ကတ်ကတ်လန်အောင် ရန်တွေ့တာ ခံလိုက်ရဖူးတယ်။ မောင်မင်းယွန်းတို့ ငယ်ငယ်တုန်းက ညစ်ကျယ်ကျယ်နိုင်ပုံက ကျွန်တော်နှင့် အပေါင်းအပါ သူငယ်ချင်းတစုဟာ သူတို့အိမ်နားမှာ ချိန်ကိုက်ဗျောက် သွားထောင်တာပေါ့။ ချိန်ကိုက်ဗျောက်ဆိုတာ တခြားတော့ မဟုတ်ဘူးဗျ။ ဆော့ဖူးတဲ့သူလဲ သိမှာပါ။
ဗျောက်အိုးကို အမွှေးတိုင်မှာ ကပ်ချည်ပြီးရင် အမွှေးတိုင်ကို မီးညှိပြီး ထောင်ထားခဲ့တာ။ ဗျောက်အိုးစနက်တံနား အမွှေးတိုင်မီးအရောက် ဗျောက်အိုးလဲ ပေါက်ပဲ။ ဟဲဟဲ ပြီးတော့ တနေရာက စောင့်ကြည့်..။ အိမ်ပတ်ပတ်လည်မှာ ဗျောက် ၁၀လုံးလောက် ထောင်ထားလိုက်တော့ အချိန်လဲ ကျရော တဗောင်းဗောင်းနဲ့ ဆူညံနေတော့တာပေါ့။ အိမ်ထဲကနေ ယောင်ယမ်းပြီး ထအော်နေတာ ပြီးတော့ ဘယ်သူလုပ်မှန်း ရမယ်ရှာလို့ မရ.. ဒေါသတွေထွက်နေတာကို ကြည့်ပြီး ကျွန်တော်တို့ ကလေးတသိုက် တနေရာကနေ တခွိခွိနဲ့ ပီတိကိုဖြစ်လို့။ အဟီး အဲ့လို ကမြင်းကျောထခဲ့တာ။
ဒီလိုသီတင်းကျွတ်လပြည့်နေ့ဆိုရင်လဲ လိုင်းထဲမှာ အားလုံးစုပြီး ညဘက် တခုခုလုပ်စားကြသေးတယ်။ ပြီးတော့ တလမ်းလုံး ဖယောင်းတိုင်အလင်းတွေနဲ့ လင်းထိန်လို့။ စားလိုက်ဆော့လိုက်နဲ့ တကယ့်ကို ပျော်စရာကြီးဗျာ။ အခုခေတ်ခါမှာတော့ ဗျောက်အိုးတွေကလဲ ဖောက်ချင်တိုင်းဖောက်လို့ မရတော့ အိမ်က ညီလေးတွေကို သနားလိုက်တာ။ သူတို့ခင်ဗျာ အခု ရှူးဒိုင်းလောက်လေးနဲ့ပဲ ရသေ့စိတ်ဖြေနေရတာ။ အဟဲ ဒါတောင် တနေ့က အာလူးဗျောက်တွေ (စက္ကူလုံးလေးတွေ ကတ္တရာပေါ် ပစ်ပေါက်ရင် ပေါက်တဲ့ဟာ) လေးတွေ ဒါဇင်လိုက် ကို အန်တီက ၀ယ်လာတော့ ကလေးတွေနဲ့ ရောဆော့လိုက်သေးတယ်။ (ကျွန်တော်အပါအ၀င် ၀မ်းကွဲလေးတွေ အားလုံး ၇ယေက်ရှိသဗျ။ မိန်းကလေး ၂ယောက်ပဲပါပြီး ကျန်တဲ့၅ယောက်ကတော့ စံချိန်လွန် မျောက်မူးလဲတွေချည်းပဲ။ :D ) သူတို့နဲ့ ရှူးဒိုင်းတွေ ဆော့လိုက်တာ ကိုယ့်ဟာကိုယ် ကလေးပြန်ဖြစ်သွားသလိုပဲ။ (ခုလဲ ကယေးပဲရှိသေးတာကိုနော့) အဟီး ကျွန်တော်ကြီးပဲ ဆော့နေလို့ ဟဲ့ ကလေးတွေကိုလဲ ပေးလိုက်အုံးလေလို့ ပြောရတဲ့ အထိပဲ ဟီးဟီး။
မနေ့ကတော့ ကျွန်တော့်အိမ်က အဖိုးနဲ့အဖွားကို ကန်တော့ဖြစ်တယ်ဗျ။ ကျွန်တော်က တနေ့က ကျောင်းကပြန်လာရင်း ရိုးရာလဲမပျက် ဈေးလဲသက်သာ အဟတ်ဟတ် မုန့်ထုပ်လေးတစ်ထုပ် ၀ယ်လာတယ်ဗျ။ ကန်တော့ဖို့လေ။ အင်း မနေ့က ညက တကယ်လဲကန်တော့တော့မယ် ဆိုတော့မှ ကျွန်တော်ဝယ်ထားတဲ့ ပစ္စည်းက အသေးဆုံးဖြစ်နေတယ်။ မျက်နှာငယ်လိုက်တာ။:P ကျန်တဲ့ညီလေးတွေကတောင် အဖိုးအတွက် ရှပ်အင်္ကျီ၊ ပုဆိုး၊ အဖွားအတွက် ထမီ၊ မုန့်ဆိုရင်လဲ အထုပ်ကြီး ယိုးဒယားဖြစ်တွေ။ အဟဲ ပြီးတော့ ကျွန်တော်က မြေးကြီးဆိုတော့ မုန့်ဖိုးလေး လောက်လောက်လားလား ရလိုက်တယ်ဗျ။ အဟဲ ကျွန်တော်ညီတွေ ညီမလေးတွေကတော့ ကျွန်တော့်ကို မုန့်ထုပ်သေးလေးနဲ့ ကန်တော့ပြီး မုန့်ဖိုးကျတော့ သူတို့ထက်ပိုရတယ်ဆိုပြီး ၀ိုင်းဝန်းထောပနာ ပြုနေကြလေရဲ့။ :P
မနေ့ ညက တအိမ်လုံးမီးထွန်းပြီး သီတင်းကျွတ်ညလေးနဲ့ တူအောင် အားလုံးဗျောက်တွေ၊ မီးရှူးမီးပန်းတွေ၊ ရှူးဒိုင်းလေးတွေ၊ မီးပန်းလေးတွေ၊ ကြိုးဗျောက်တွေ ဖောက်လိုက်သေးတယ်ဗျ။ ကိုယ့်လူနဲ့ကိုယ်ဆော့လိုက်တာ အိမ်ရှေ့တခုလုံး မီးခိုး ရမ်းညှော်နံ့တွေ နံနေတော့တာပါပဲ။ ကလေးခေါင်းဆောင်ကြီး ကျွန်တော်ပေါ့လေ။ :)


ဆီမီးဝါ၀ါညီညီစီ ထားပါ :)

ဆီမီးတွေ ထိန်နေတဲ့ ရပ်ကွက်လမ်းကလေး

ကြိုးဗျောက်အိုး လေး ပေါက်နေတဲ့ပုံပါ။

ဒါက သားဆော့နေတာပေါ့ အဟတ်ဟတ်....။
သူငယ်ချင်းတို့ရော ပျော်ရွှင်သော သီတင်းကျွတ်ညလေး ဖြစ်ခဲ့တယ်မှတ်လား။ ၀ါလကင်းလွတ် သီတင်းကျွတ်မှာ ကိုကိုမမများလဲ ဂေါ်မစွံဘ၀များမှ အမြန်ဆုံး လွတ်ကျွတ်ကြပါစေဗျား။
Posted in Labels: ဟာသ, အတိုအထွာ | Monday, October 13, 2008
သီတင်းကျွတ်တော့မယ်ဗျို့ မနက်ဖြန်ဆို။ ငွေရပေါက်လမ်းလေး အဖြစ် ဟီး
မုန့်ထုပ်လေးတွေ အရင်းပြုပြီး လိုက်ကန်တော့လိုက်အုံးမယ်။ ဘလော့ကာထဲက
ကျနော့်ထက် အသက်ကြီးသူများလဲ ကန်တော့အုံးမယ်နော်။ အနော့ကို ပိုက်ပိုက်
ဒေါ်လာ ၁၀၀၊ ၂၀၀ လောက်ပို့လိုက်လဲ စိတ်ဆိုးဘူးနော်။ အဟီး။ ကန်တော့
ခံလူများ စာရင်းကို နောက်နေ့မှာ ဒီပို့စ်ကို ပြန်ပြင်ပြီးတင်မယ်နော်။ ဟီး
အခုတော့ နက်မကောင်းလို့ မေးလ်ထဲကနေ လှမ်းတင်တာ။ ကဲသီတင်းလဲကျွတ်ပြီဗျို့
ဂေါ်မစွံသေးသော အကိုအမများ စွံကြပါစေသောဝ်။ :)
ကန်တော့ခံ ဘလော့ကာ ဘိုးဘိုးဘွားဘွားများကတော့...
ဘွားဘွားနိုင်းနိုင်း
ဘွားဘွားအိမ့်
ဘိုးဘိုးရန်အောင်
ဘိုးဘိုးဂေါက်
ဘွားဘွားပန်ဒိုရာ
ဘွားဘွားခွန်မြလှိုင်
ဘိုးဘိုးတက်စ်
တို့ပဲဖြစ်ကြပါတယ်။ ဦးတော့...ဦးတော့....။ မုန့်ဖိုးလေးတွေလဲ ပေးဖို့ မမေ့နဲ့အုံးနော် ဟီးဟီး။ :P
Posted in Labels: poem | Friday, October 10, 2008

Posted in Labels: memories, Photo, Record | Thursday, October 09, 2008

We blog We Unite
အမှတ်တရ ကျွန်တော်တို့ အဖွဲ့
အမှတ်တမဲ့မှ အမှတ်တရပေါ့ဗျာ။

ကျွန်တော်တို့ဒီလို live blog လုပ်ပါတယ်။း)
အမှတ်တရ ဆိုင်းထိုးကြတယ်။
ကျွန်တော့် ဘလော့လဲ ကြော်ငြာကြည့်တာပေါ့။း)
အဲဒါ ၀ါးတီးဆွဲနေတာ
ဝါးတီကုတ်နဲ့ ၀ါးတီးဆွဲနေတဲ့ ကျွန်တော်တို့ မြို့စားကြီး ကိုနေဘုန်းလတ်
ဂေါက်ဂေါက်
ကိုကြီးကျော်
ဘကြီးမိုးခေါ် ကိုမိုးလှိုင်ည
ကိုတက်စ်လာ
ကိုညီလင်းဆက်
ကိုသန့်
စိုးဇီယ်
မပင့်နဲ့ မနှင်း
သယ်ရင်း တေဇာ

ညစာစားပွဲမှာဗျ
ချီးယားစ်
အင်း ပုံလေးတွေ ကြည့်ပြီးတော့ တအားလွမ်းသွားပြီဗျာ။း)
Posted in Labels: Article, critic | Wednesday, October 08, 2008
ကျွန်တော်အဖြစ်က နှစ်တိုင်းဝါ၀င်မှာကို ကြောက်နေတယ်။ ၀ါဝင်မှာကို ဘာလို့ကြောက်ရလဲ ဆိုတာရှင်းပြရရင် ကျွန်တော်တို့ ရပ်ကွက်ဓမ္မာရုံဟာ ကျွန်တော့်အိမ်နဲ့ သုံးခြံကျော် မျက်စောင်းထိုးမှာ ရှိပါတယ်။ အဲ..အခုပြောမယ့် ပြဿနာက အဲဒိဓမ္မာရုံပါပဲ။ ပြီးခဲ့တဲ့နှစ် ၀ါတွင်းမှာမှ ရပ်ကွက်ဓမ္မာရုံ လူကြီး အသစ်ပြောင်းတယ်။ ပြောင်းရတဲ့ အကြောင်းအရင်းက လူကြီးအဟောင်းက စာရင်းတွေနှစ်ချုပ်တော့ သိန်းနဲ့ချီငွေတွေ ကွာနေလို့။ ခပ်ရှင်းရှင်း ပြောရရင် ရပ်ကွက်က ဓမ္မာရုံအတွက် သဒ္ဓါလို့ လှူထားတဲ့ ငွေတွေကို ဘုံးလိုက်တယ်ပေါ့ဗျာ။ (အင်း..ပြောတော့ ဘုရားဘုရား.. လုပ်တော့...... ဆိုတာပေါ့)
အဲ့ဒိလူကြီးဟောင်းတုန်းကဆို သူက မိုက်ခဲဗျ။ အဟတ် မိုက်ခဲဆိုတာ မိုက်ကို ခဲတာ။ ဥပုသ်နေ့ ရောက်ပဟေ့ဆို ဇာတ်တော်ကြီးတွေ၊ ဘုရား ဇာတ်ထုပ်တွေ ဌာန်ကရိုဏ်းနဲ့ကို ဟောနေတာ။ တခါတလေ ဥပုသ်နေ့ ဘုန်းကြီးတောင် မပင့်ပဲ ယောဂီတွေကို သူကိုယ်တိုင် တက်ဟောနေတာ..။ တောဘုန်းကြီးကျောင်းထွက် ပင်စင်စား ဆိုပါတော့။ ဒီလိုဟောလို့ ပြီးပြီလားဟေ့ဆို မပြီးသေးဘူး။ အမေနဲ့ ရွာကို လွမ်းတယ်တို့၊ မွေးမေ ကျေးဇူးဆပ်ဖူးချင်တယ်တို့၊ ဟင်္သာတထွန်းရင် သီချင်း၊ တွံတေးသိန်းတန် သီချင်းတွေ ဖွင့်တော့တာပါပဲ။ သူ့ဟာသူ ပြောဟော ဖွင့်တာ မပြောလိုပါဘူး။ ဒါပေမယ့် ကိစ္စရှိတာက လော်စပီကာကို နင်းကန်အသံအဆုံးထိ ချဲ့ပြီး ဖွင့်ထားတာပါပဲ။
အဲ ..နောက်ကိစ္စတခုကတော့ အဲဒိဓမ္မာရုံက လော်စပီကာကြီးရဲ့ ဦးတည်ရာဟာ ကျွန်တော့် အပေါ်ထပ် အိပ်ခန်းတည့်တည့်ကြီးဖြစ်နေလို့ပါပဲ။ ဘုန်းကြီးတရားဟောတဲ့ အချိန်ဆို မပြောပါဘူး တရားဓမ္မသံဆိုတာ အဲလောက်ကြီး ကျယ်လောင်နေတာ မဟုတ်ဘူး။ ကိုယ်တောင် အိမ်မှာနေရင်း တရားနာလို့ ရသေးတယ်။ ဒါပေမယ့် သူ့ဟာက အလိုက်ကန်းဆိုးမသိ မနက်လင်းအားကြီး ၄နာရီလောက်ထဲက ထဖွင့်တော့တာပါပဲ။ ပြီးတော့ အသံအဆုံးဖွင့်ထားတော့ တဂြီဂြီ တဂေါ်ဂေါ်နဲ့။ လော်စပီကာက တေးသံတွေဟာ ခေါမတပ်ကြီး ချီတက်လာသလို တဝေါဝေါ တသောသောနဲ့ အသံဗလံတွေ စုပြုံပြီး ထွက်နေတာပါပဲ။
သူအလုပ်ပြုတ်သွားတော့ နောက်အသစ်ပြောင်းလာတော့ ၀မ်းသာရမလား အောက်မေ့တယ်။ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်နေတယ်။ဒီဘိုးတော်က ပိုဆိုး။ မနက် ၃နာရီလောက်ကြီး “ဘွန်န္တော...” ကနေ အစချီပြီး သီချင်းတွေ လျှောက်ဖွင့်တော့တာပဲ။ ဆွမ်းထချက်မယ့်သူတွေကို နှိုးဆော်တာတဲ့။ ကျွန်တော့် အမြင်ပြောရရင် တကယ်ကိုယ်လှူချင်တန်းချင်လို့ သဒ္ဓါလို့ ဆွမ်းထချက်မယ့် မည်သူမဆို နှိုးစရာတောင် မလိုပါဘူး။ သူ့ဟာသူ ၀ီရိယရှိပြီးသား။ သူက အဲ့လိုဖွင့်တော့ မနက်လင်းအားကြီးကြီးမှာ လန့်ဖျတ်နိုးလာပြီး ကျီးကျီးကြောင်ကြောင် ဖြစ်ကုန်ရော။ ကိုယ်က သွားပြောပြန်ရင်လဲ ကုသိုလ်ရေး ဆိုတာကြီးနဲ့ ကိုင်ပေါက်အုံးမယ်။ ဒါတင်ပဲလား ဆိုတော့ နေ့ခင်းနေ့လည်လဲ ကျွန်တော်အိမ်အပါအ၀င်၊ အိမ်နားက လူကြီးသူမတွေလဲ အိပ်မရပါဘူး။ သီချင်းသံတွေ ဆူညံနေအောင် ဖွင့်တော့တာပဲ။
ဆိုလိုတာ ကုသိုလ်ရေး ဓမ္မလုပ်နေတာ မဟုတ်တော့ဘူး လို့မြင်တယ်။ အဓမ္မဖြစ်နေပြီ။ ၀ါတွင်း ဥပုသ်နဲ့ ဥပုသ်အကြို ရက်တွေဆို မနက်တည်းက ဖွင့်လိုက်တာ ညနေစောင်းမှပဲ တိတ်တော့တယ်။ မနက်လင်းအားကြီး ဘုရားတောင် ၀တ်ပြုဖို့ အာရုံမရပါဘူး။ တော်ရုံမဟုတ်ဘူး။ ပြီးတော့ တခြား ရပ်ကွက် ဓမ္မာရုံတွေ မဖွင့်ဘူး မဟုတ်ဘူး ဖွင့်ကြပါတယ်။ ဒါပေမယ့် ရပ်ကွက် ကြားရုံလောက်ဆိုတော်ပြီပေါ့။ နင်းကန် အသံဆုံး ဖွင့်စရာ မလိုပါဘူး။ အော် ဓမ္မတေးသံလေး ဘာလေးကြားတော့ ကုသိုလ်စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာရမယ့်ဟာ။ ခုတော့ စိတ်အနှောင့်အယှက်ဖြစ်လို့ အကုသိုလ်ဖြစ်နေရပြီ ပေါ့ဗျာ။ တခါလေတော့ စဉ်းစားတယ် ဒီလော်စပီကာ ကြီး အစား ဆောင်းဘောက်စ် သွားလှူရင်ကောင်းမလားလို့။ ဒါပေမယ့် စဉ်းစားကြည့်တော့ ဒီလို လော်စပီကာနဲ့တောင် ဒီလောက်ဖွင့်နေတာ ဘောက်စ်နဲ့ဆို တမြို့နယ်လုံးကြားအောင် ဖွင့်မလားပဲ။ ပြီးတော့ ဓမ္မာရုံက ဓမ္မာရုံနဲ့ မတူဘူး။ သူကလွဲလို့ တခြားလူတွေ ဓမ္မာရုံ ကိစ္စ ကြီးကြပ်တာလဲ မကြိုက်ဘူး။ ဘယ်လောက်တောင်လဲ ဆိုတော့ ဥပုသ်နေ့ကလွဲလို့ တခြားရက်တွေဆို ဓမ္မာရုံကို သော့ခတ် ထားသဗျ။ ဒါက ထားပါတော့ အခုဟာက လော်စပီကာသံကြောင့် ဓမ္မာရုံ အနီးအနားက အိမ်တွေဟာ ဥပုသ်နေ့နား ရောက်မှာကို ကြောက်နေရတယ်။ ရပ်ကွက်ဆိုတာ လူအများနဲ့နေတာ။ သင့်တော် မလား မသင့်တော်ဘူးလား မစဉ်းစားဘူး။ ဟူး မကျေနပ်တာ ပြောရရင်တော့ တပုံကြီးပဲ။ လောလောဆယ် ၀ါမြန်မြန်ထွက်ပါစေလို့သာ....ဆုတောင်းနေမိပါတော့တယ်ဗျာ။
Posted in Labels: poem | Monday, October 06, 2008
Posted in Labels: Minnyoonthit, Thought | Monday, October 06, 2008
ကျွန်တော်က မွေးဖွားပြီး သိပ်မကြာခင်ကတည်းက အေးချမ်းတဲ့ မြို့လေးတမြို့မှာ ကြီးပြင်းလာခဲ့ရသူဆိုတော့ အဲ့ဒိလို အေးချမ်းတဲ့ မြို့လေးမျိုးတွေမှာ နေထိုင်ရတာကို နှစ်ခြိုက်တယ်။ နောင်တချိန်ဖြစ်နိုင်ခဲ့ရင် ရှမ်းပြည်နယ်မှာ အခြေချချင်တယ်။ ရှမ်းပြည်နယ်ကို ချစ်တယ် ဆိုပါတော့။ တောင်တန်းစိမ်းစိမ်းတွေပေါ်က လှေကားထစ်ပုံ တောင်ယာစိုက်ခင်းတွေကို သဘောကျတယ်။ မနက်စောစော မြူနှင်းလေးတွေ ရီခိုးဝေ နေတာကို နှစ်သက်တယ်။ မနက်လင်းအားကြီး တောင်ယာ သွားမယ့် ရှမ်းလူမျိုးတို့ရဲ့ ရှမ်းသံဝဲ၀ဲနဲ့ နှုတ်ခွန်းဆက်သံကို နှစ်လိုဖွယ်ကြားချင်တယ်။
ကျွန်တော့် စိတ်ကူးထဲက အိမ်ကလေးဟာ တောင်စောင်းလေးပေါ်မှာရှိတယ်။ ဟိုးအပေါ်ဘက် တောင်ထိပ်ပိုင်းကိုကြည့်လိုက်ရင် တိမ်တောင်တွေကို လှမ်းမြင်နိုင်လိမ့်မယ်။ အိမ်ရဲ့ ပြတင်းတံခါးဆီက လှမ်းမျှော်ကြည့်လိုက်ရင်တော့ လှေကားထစ် တောင်ယာလေးတွေကို တွေ့နိုင်လိမ့်မယ်။ အေးစိမ့်စွတ်စိုတဲ့ လေပြေလေးတွေ ပတ်ဝန်းကျင်တခုလုံး တိုက်ခတ်နေလိမ့်မယ်။ မနက်စာကတော့ ကောက်ညှင်းပေါင်းလေးနဲ့ ရှမ်းပဲပုပ် ထောင်း...့။ ပြီးတော့ လက်ဖက်ခြောက် မွှေးမွှေးလေး ခတ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ပေါ့။
နောက်ပြီး လူသိပ်မသိသေးတဲ့ ကျွန်တော့် ၀ါသနာတခုက ပန်းချီဆွဲခြင်း....။ ဒီလို ရှုခင်းသာယာပုံနဲ့ဆို ကင်းပတ်စပေါ်က ပုံရိပ်တွေက အေးမြစွတ်စိုနေမှာပေါ့။ အဲဒိလို ဆိတ်ငြိမ်လှတဲ့ နေရာမှာဆို တော်စတွိုင်းဝတ္တုတွေ ဖတ်မယ်။ တဂိုးလ်ရဲ့ အနုအရွ ကဗျာတွေ ဖတ်မယ်။ ဆရာဆန်းလွင်ရဲ့ စာအုပ်တွေဖတ်မယ်။ ဆရာသက်လုံရဲ့ စိတ်သဘာဝ စာအုပ်တွေ ဖတ်မယ်။ Theology အကြောင်းတွေထဲက တကယ့် ဓမ္မအစစ်တွေအကြောင်း ဖတ်ရှုလေ့လာမယ်။ ဆရာမင်းသိင်္ခရဲ့ စနေမောင်မောင်ရဲ့ စွန့်စားခန်းတွေ ဖတ်မယ်။ ဆာအာသာကိုနင်ဒွိုင်းရဲ့ ဇာတ်လိုက်ကြော်ကြီး အကြောင်း ဖတ်မယ်။ ယောနသံဇင်ယော်ကို ညက်ညက်ကြေအောင် ဖတ်မယ်။ ဆရာကျောက်တိုင်ရဲ့ စာအုပ်တွေကို ဖတ်မယ်။ ကွန်ဖြူးရှပ် ဓမ္မတွေကို ဖတ်ရှုလေ့လာမယ်။ တောက်ဝါဒ (Tao) ၀ါဒတွေ မြည်းစမ်းကြည့်မယ်။ မယ်တော်ကြီး ဗလာဗက်စကီးရဲ့ စာအုပ်ကို သေချာဖတ်မှတ်မယ်။
အိမ်ဦးခန်းမှာ ဖွင့်ထားတဲ့ Kitaro ရဲ့ Heaven and Earth တီးလုံးသံစဉ်တွေက ပျဉ်ထောင်အိမ်ငယ်လေး တခုလုံးကို ညက်ညောစွာ ပျံ့လွင့်နေလိမ့်မယ်။ အဲ့ဒိအခါကျရင် ပတ်ဝန်းကျင် တခုလုံး ငြိမ့်ညောင်း သာယာနေတဲ့အတွက် ကျွန်တော်ဟာ စာကြည့်ခန်းထဲက ပက်လက် ကုလားထိုင်လေးမှာ သက်သောင့်သက်သာ နဲ့ Meditation လုပ်နေလိမ့်မယ်။ ကျွန်တော့်စိတ်ဟာ ဂီတနဲ့ အတူ မျောပါသွားပြီး အလွန်သိမ်မွေ့စွာဖြင့် နောက်ဆုံး တသားတည်းဖြစ်သွားလိမ့်မယ်။ စိတ်အလျဉ်ဟာ ပီတိလှိုင်းတွေ တဖွားဖွား ဖြစ်ပေါ်လာလိမ့်မယ်။ ကျွန်တော်ဟာ ၀န်းကျင်တခုလုံးကို မေ့သွားလိမ့်မယ်။ နောက်တော့ ကျွန်တော့်ကိုယ် ကျွန်တော် မေ့သွားလိမ့်မယ်။ အရာရာ ငြိမ်သက်သွားပါမယ်။ အသံတွေ တိတ်ဆိတ်သွားပါမယ်။ ကျွန်တော် မသိတဲ့ အထက်အောက် ဘေးဘီမရှိတဲ့ အရပ်ကို ရောက်သွားပါလိမ့်မယ်။
ကျွန်တော် သတိပြန်လည် လာတဲ့အချိန်မှာ နေမွန်းတည့်ချိန် ခပ်စွန်းစွန်းဖြစ်နေ လိမ့်မယ်။ အဲ့ဒိအခါ မြေအိုးထဲ ထည့်ချက်ထားတဲ့ ရှမ်းဆန်ဟာ ကျက်နေပြီး မွှေးနေလိမ့်မယ်။ တို့ဟူးကြော် စိမ့်စိမ့်လေးရယ်၊ ကိုက်လန်ကြော်လေးရယ်က ကျွန်တော့် အတွက်အထူးနေ့လည်စာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ နေ့လည်စာစားပြီးတော့ တောင်ယာထဲဆင်းမယ် နေ့ခင်းချိန် ခေတ္တနားနေတဲ့ သူရင်းငှားတွေနဲ့ စကားစမြည် သွားပြောမယ်။ ပြီးတော့ တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ အပြစ်ကင်းစင်နေတဲ့ ၀န်းကျင်တခုလုံးကို တ၀ကြီး ကြည့်ရင်း ကဗျာတွေ အားမနာပ ထိုင်ရေးပစ်မယ်။ ဘယ်လောက် ချမ်းမြေ့လိုက်သလဲ....။ :)
ဒါက ကျွန်တော့် စိတ်ကူးသက်သက် ရယ်ပေါ့။ ဘ၀ဆိုတာ တခါတလေတော့လဲ စိတ်ကူးတဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်တာလေ။ ကျွန်တော့် ဘ၀ကို အတတ်နိုင်ဆုံး အပြစ်ကင်းစင်တဲ့ ပျော်ရွှင်မှုမျိုးနဲ့ ထိန်းထားချင်တယ်။ ဆိုလိုတာ ပေါ့ပေါ့နေ ပေါ့ပေါ့စား သဘောမျိုး မဟုတ်ဘူး။ ဘ၀ကို လေးနက်စွာ ဖြတ်သန်းမယ်။ ဒါပေမယ့် ဘယ်တော့မှ မတည်မြဲတဲ့ အရာတွေပေါ်မှာ နက်နက်ရှိုင်းရှိုင်း မခံစားတော့ဘူး ဇာတ်လမ်းတိုလေးတွေ အဖြစ်သဘောထားကြည့်လိုက်မယ်။ ဇာတ်လမ်းတပုဒ်လို အခုရီလိုက်၊ နောက်ငိုလိုက် ပြီးတော့ မေ့သွားသလိုမျိုး..။ ဆရာမင်းသိင်္ခ ၀တ္တုထဲကလို “ပြီးတော့လဲ ပြီးတာပါပဲ” ပေါ့။ ကျွန်တော့် အသက်အခု နှစ်ဆယ်၊ နောင် ၄၀လောက် အလွန်ဆုံး နေရမယ်(အဲ့ဒိတော့ ဒီလောက်ကာလတိုလေးမှာ စိတ်ညစ်ညမ်းစေမယ့် ဟာတွေ ဘာမှ မစွန်းပေချင်တော့ဘူး)။ (ကျွန်တော် အိုမင်းချိနဲ့ပြီး သူတပါး အလုပ်ပိုစေမယ့် အရွယ်ထိ မနေချင်ဘူး)။
ကံကောင်းစွာပဲ ကျွန်တော့်စိတ်ကူးတွေထဲမှာ ကျော်ကြားလိုမှုတွေ၊ ငွေကြေးဂုဏ်ဓနတွေ မပါဘူး။ ကျွန်တော် အမြဲတမ်း ရွတ်ဆိုတတ်တဲ့ ဆောင်ပုဒ်လို ကျွန်တော် ဘာကောင်မှ မဖြစ်ချင်ဘူး။ ကျွန်တော် ဘယ်ဝါဒီ (-ism) ကိုမှ လက်ကိုင်မပြုချင်ဘူး။ ရှင်ဥက္ကဌက အစွဲပြုတ်ရင် တဲကုတ်တောင် ပျော်စရာတည်းတဲ့။ တဲကုတ်နဲ့ နေစရာ မလိုပေမယ့် အစွဲတွေ (တောင်လိုပုံနေတဲ့ ဆန္ဒတွေ) ကိုလွှတ်ချပစ်ဖို့ လိုတယ်။ စွန့်လွှတ်သမျှ အရာအားလုံးဟာ အသစ်ရဖို့ နေရာပေးတာတဲ့။
ကျွန်တော် အတတ်နိုင်ဆုံး ကျွန်တော့် concious mind နဲ့ unconcious mind တွေ ညစ်ညူးစေမယ့် အရာတွေကို ရှောင်ကြဉ်ချင်တယ်။ ဒါပေမယ့် အဲ့ဒါဟာ ချုပ်တည်းခြင်း မဟုတ်ဘူးနော်။ ဆန္ဒတွေကို ပယ်သတ်ခြင်း သက်သက်ကိုပြောတာပါ။ ဖြစ်နိုင်ခဲ့ရင်ပေါ့ ကျွန်တော့် ဘ၀လက်တွဲဖော် မရှာချင်ဘူး။ ကျွန်တော် ထပ်မံဖြစ်ပေါ်လာမယ့် ပူလောင်ခြင်းတွေကို မလိုချင်ဘူး။ ပြီးတော့ ကိုယ့်ကြောင့် ဖြစ်ပေါ်လာမယ့် သားသမီးတွေဟာ၊ နောင်တချိန် လောကရဲ့ ပူလောင်မှုတွေ၊ လူ့လောကရဲ့ အညစ်အကြေးတွေ ကြားမှာ သူတို့ လေးတွေ ရုန်းကန်နေရမှာစိုးတယ်။ အမှန်တော့ ကျွန်တော့်အသက်နဲ့ ဒါတွေပြောတာ သိပ်စောလွန်းနေမလားပဲ။ လူကောင် လက်တောက်လောက်နဲ့ စကားကြီးစကားကျယ်ပြောတယ် ထင်ရင်တော့ ခွင့်လွှတ်ပေးပါ။ ဒါက ကျွန်တော့် စိတ်ကူး၊ ကျွန်တော့် အတွေးစစ်စစ်ပါ။ အကယ်၍ ဖြစ်နိုင်ခဲ့ရင် ကျွန်တော့် အသက် ၃၅နှစ်ရောက်တဲ့အခါ သာသနာ့ဘောင် ၀င်ချင်တယ်။ ဂိုဏ်းဂဏ စွဲကင်းတဲ့ အဖဂေါတမရဲ့ ဓမ္မစစ်စစ်ကို ဆည်းပူး ကျင့်ကြံချင်တယ်။ ဖြစ်နိုင်ခဲ့ရင် ကျွန်တော် ဘ၀ကြီးကို အေးချမ်းစွာ ဖြတ်သန်းချင်တယ်။ ဘ၀ရဲ့ အစစ်အမှန်တရားကို မျက်မြင် ဒိဌ သိမြင်ချင်တယ်။ ပူလောင် ညစ်ထေးနေတဲ့ ငွေကြေးဂုဏ်ဒြပ်တွေကို (လုံးဝဥဿုံ )စွန့်ခွာ ချင်တယ်။ အကယ်၍ ဖြစ်နိုင်ခဲ့ရင်ပေါ့ဗျာ....။
Posted in Labels: Essay, Minnyoonthit | Friday, October 03, 2008
Posted in Labels: Article | Friday, October 03, 2008
ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။

My TLMS by minnyoonthit is licensed under a Creative Commons Attribution 3.0 United States License.
My TLMS All Rights Reserved. Blogger Template created by Deluxe Templates
Free Blogger Templates andWordpress Theme by Skinpress

