twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

နဲနဲ၊ ကျဲကျဲ နယူးရီးယားပါတီလုပ်မည်

ဒီနေ့ဟာ နှစ်သစ် တနှစ်ကို ကူးတော့မယ် နေ့လေးပေါ့။ ကျွန်တော်တို့ အိမ်ထုံးစံအတိုင်း ပါတီလုပ်ကြမယ်။ ပါတီဆိုတော့ တခြားသူတွေမပါပါဘူး ကိုယ့်လူနဲ့ကိုယ်ပါပဲ။ ကျွန်တော့် အဖွားအိမ်က big family လို့ပြောလို့ရတယ် ခါတိုင်းဆို တအိမ်လုံး လူဦးရေပေါင်းရင် ၁၉ ယောက်လောက်ကို ရှိတယ် အဟတ်။ ခါတိုင်းနှစ်တွေဆိုရင်တော့ ကျွန်တော့်အဖွားခြံက နယူးရီးယားဆို အဆူညံဆုံး :D။ ဒီနှစ်တော့ အိမ်က ညီလေးတွေမိသားစုက သူတို့အဖေ လာခေါ်လို့ တိုက်ကြီး ဥတိုဘက်မှာ နယူးရီးယား သွားလုပ်ဖို့ လွန်ခဲ့တဲ့ ၂ရက်လောက်ထဲက လစ်သွားကြပြီလေ။(ချိတ်ချိုးဖို့ကောင်းတယ်)။ တခြားသူတွေလဲ ခရီးထွက်နေတဲ့သူတွေနဲ့ အဖွားအိမ်က ခါတိုင်းလောက် မစုံတော့ဘူး။ ဒီနှစ်နယူးရီးယားမှာတော့ မနှစ်ကလို ကျွန်တော့်ဖေဖေကော၊မေမေကော အလုပ်ကိတ်စနဲ့ ခရီးသွားနေကြလို့ ကျွန်တော်တို့ အိမ်မှာလဲ လူမရှိတော့ဘူး။ ဒါပေမယ့် ရိုးရာတော့ အပျက်မခံဘူးလေ ဟဲဟဲ။ ဒီနေ့ညတော့ ကျွန်တော်ရယ် ဘိုးဘိုးရယ်၊ ဘွားဘွားရယ်၊ အန်တီလေးရယ်၊ ညီမလေးရယ်၊ ကျွန်တော့်ညီလေးရယ်၊ အိမ်က အကူအကိုကြီးရယ်၊ အိမ်က ကောင်မလေး၂ယောက်ရယ် ပေါင်း ၉ယောက်ထဲနဲ့ ပါတီလုပ်ကြမယ်ဗျာ။ ဒီနေ့ညနေ တော့ အန်တီလေးက ဝေဇယန္တာ Oceanကနေ စားစရာ သောက်စရာတွေ ၀ယ်လာမယ်တဲ့။ ယနေ့ ကျွန်တော်တို့ စီစဉ်ထားတဲ့ အစားအသောက်များကတော့ ယိုးဒယား အသားအစုံကင်၊ ဟော့ပေါ့၊ စပျစ်ဝိုင်၊ ယိုးဒယားသင်္ဘေားသီးထောင်း စသည်တို့ ဖြစ်ပါကြောင်း သွားရေယိုစရာ အသိပေးအပ်ပါတယ် ဟိဟိ။ မနှစ်ကလိုပဲ ဒီနေ့လုပ်တဲ့ ပါတီပွဲလေးအကြောင်းကို နှစ်သစ်မှာ သူငယ်ချင်းတွေကို ပြန်လည် ဝေမျှပေးပါအုံးမယ်။ ဒီနှစ်လူမစုံပေမယ့် နည်းနည်းကျဲကျဲလေးပေါ့ဗျာ။ နှစ်သစ်တခုကူးပြောင်းတော့မယ်ဆိုတော့ နှစ်ဟောင်းက သင်ခန်းစာယူသင့်ယူ၊ မလိုအပ်တော့သော အရာများကို နှစ်ဟောင်းမှာပဲ ထားခဲ့ပြီး ကျွန်တော်တို့ ပျော်ရွှင်စွာနဲ့ နှစ်သစ် တနှစ်ကို ကြိုဆိုလိုက်ကြရအောင်ဗျာ။ အားလုံး Happy New Year!!!

Read Users' Comments (5)

အဲ့ဒိညက ၁၉လမ်း

ရယ်သံတွေ ၀ါးလုံးကွဲလိုက်ကြ...
တစားပွဲလုံး လူငယ်ဆန်မှုတွေ လိမ်းကျံနေတယ်..
အမြှုပ်စီထနေတဲ့ အ၀ါရောင် အရည်များကို ညှော်နံ့များနဲ့ မြည်းစား..
ညခင်းကြီး တခုလုံးကိုက ကိုယ့်ဘက်ပါနေခဲ့တာပေါ့...
လေးပင်တွဲ့နေတဲ့ စကားလုံးတွေက ၀င်ရိုးစွန်း ၂ဖက်ကို ချဲ့ကား ပစ်လိုက်ရဲ့...
ဂျေလိုရဲ့ နောက်ပိုင်း အလှ၊ တာရာမင်းဝေကဗျာ၊ အီရတ်စစ်နဲ့ သမ္မတဘုရှ်၊
ပဲရစ်ဟီလ်တန်၊ နန္ဒာလှိုင်၊ ကင်ဂျုံအီနဲ့ ဟိုလူကြီးတို့ဟာ...
ဟောဒိ မယ်လ်မင်း ပန်းကန်ထဲမှာ ထွေးရော ယှက်တင်လို့...
အဲဒိညကပေါ့..
ကျွန်တော်တို့ တသိုက် ဂဏန်းတွေနဲ့ ကခုန်လိုက်ကြတာများ..
မြို့တော်ကြီးတခုလုံးကို... ယိမ်းထိုးလို့.....။

(မြို့စားကြီး၊ ကိုတက်စ်တို့နှင့် အတူ ၂၀၀၇ခုနှစ် တရုတ်တန်းညများကို လွမ်းဆွတ်စွာဖြင့်)

မင်းယွန်းသစ်

Read Users' Comments (1)comments

မင်းယွန်းသစ်ကိုသိလား

ကျွန်တော် ဘလော့ရေးတဲ့သက်တမ်းဟာ တနှစ်နဲ့ ၉လ သက်တမ်းရှိလာခဲ့ပါပြီ။ ဒီသက်တမ်း အတွင်း ကျွန်တော်နဲ့ အတူတူ ဘလော့စဦး ထဲက တူတူရေးခဲ့ကြတဲ့ သူတွေလဲ ရှိကြသလို ကျောခိုင်းနှုတ်ဆက်သွား သူတွေလဲ ရှိကြပါတယ်။ ကျွန်တော်တို့ကတော့ အခုထိ လိမ်ဖယ်ဖယ် ကိုယ်ယုံကြည်ရာ ရေးနေဆဲ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့်ဘလော့က ဇော်ကန့်လန့် ဘလော့တခု လို့ ပြောရမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ဖီလင်လာရင် ၀တ္ထုတွေ ထရေး၊ ကဗျာတွေ ထရေး ပြီးရင်၊ ခရီးသွားရင်လဲ ခရီးသွားမှတ်တမ်း၊ ဒါမှမဟုတ် ပြုလုပ်ဖြစ်တဲ့ ပွဲတွေ အကြောင်း သတင်းမှတ်တမ်း ရေးရင်ရေး၊ ကိုယ်တွေ့အကြောင်း နည်းနည်းပါးပါးရေး၊ စိတ်ကူးပေါက်ရင် ဆောင်းပါးတွေထရေး စသည်ဖြင့် ကျွန်တော်က ကျွန်တော်စိတ်ထင်ရာတွေသာ ရေးနေခြင်းသာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့် ဘလော့ဟာ အနုပညာ သီးသန့်တင်ပြတဲ့ ဘလော့လဲ မဟုတ်၊ သတင်းမှတ်တမ်း ဘလော့လဲ မဟုတ်၊ ကိုယ်ပိုင်ဒိုင်ယာရီ ဘလော့လဲ မကျ၊ ဖျော်ဖြေရေး ဘလော့လဲ မဟုတ်နဲ့ စုံစီနဖာ တိုလီမုတ်စ ဘလော့တခု သာ ဖြစ်ပါတယ်။

ပြီးတော့ ကျွန်တော့ ဘလော့ဟာ pop ဘလော့တခုလဲ မဟုတ်ပါဘူး။ ကျွန်တော့်ဘလော့ဟာ ပုံမှန်အားဖြင့် တနေ့ပျှမ်းမျှ လူ၅၀ လောက်သာ ၀င်တဲ့ သာမန် ဘလော့တခု သာဖြစ်ပါတယ်။ ဒါက ကိန်းဂဏန်းအရ ပြောတာဖြစ်ပြီး ဒီ၅၀ လောက်ဟာ ပုံမှန်အမြဲလာဖတ်တယ်လို့ ယူဆရပါတယ်။ ဒါကြောင့် ကျွန်တော်ဘလော့ရဲ့ Hit counter ဟာ ပုံမှန် တည်တည်ငြိမ်ငြိမ် အနေထားမှာ ရှိပါတယ်။ ၀ုန်းကနဲ တက်သွားခြင်း ကျသွားခြင်းတော့ မရှိဘူးလို့ ပြောနိုင်ပါတယ်။ နောက်တခု ကျွန်တော် မတတ်နိုင်တာ တခုက ကျွန်တော် ဘလော့တွေ အများကြီးကို လိုက်မလည်နိုင်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်တွင်းအနေအထားနဲ့ blogspot နဲ့ဆုံးတဲ့ ဘလော့တွေကို ဖတ်ရတာ မလွယ်ကူဘူး ဆိုတာ အားလုံးလဲ သိကြမှာပါ။ blogspot နဲ့ဆုံးပေမယ့် တကူးတက ကြီးကို သွားကောမန့်ပေးဖြစ်တဲ့ ဘ လော့ဆိုလို့ မနိုင်းနိုင်း ဘလော့တခုပဲ ရှိပါတယ်။ အများအားဖြင့် ကျွန်တော်ကတော့ ကြိုက်နှစ်သက်တဲ့ ဘလော့လေးတွေကို google reader မှာသာ ဖတ်လေ့ရှိပါတယ်။

တကယ်လို့ ကျွန်တော် လည်ဖြစ်ရင်လဲ အများအားဖြင့် လည်ဖြစ်တဲ့ ကောမန့်လဲ ပေးဖြစ်တဲ့ ဘလော့တွေကတော့ ကိုညီလင်းဆက်၊ မနိုင်းနိုင်း၊ မအိမ့်ချမ်းမြေ့၊ ကိုဂေါက်၊ မခွန်မြလှိုင်၊ မပန်၊ ကိုမိုးလှိုင်ည၊ ကိုရန်အောင်၊ ကိုမျက်လုံး၊ မောင်မျိုး စတဲ့ ဘလော့များပဲ ဖြစ်ကြပါတယ်။ သူတို့ကိုတော့ အပြင်မှာကော အွန်လိုင်းမှာလဲ ခင်နေလို့ သွားလည်ဖြစ်တာအပြင် သူတို့ ရေးတဲ့စာတွေကို သဘောကျလို့ သွားဖြစ်တာလဲ ပါပါတယ်။ ဒါဖြင့် ကျန်ဘလော့များက မကောင်းလို့လား ဆိုတော့ မဟုတ်ပါဘူး ကျွန်တော် အနေနဲ့ အဆက်အစပ် မဖြစ်တာပါ။ အများသော အားဖြင့် ကျွန်တော် အင်တာနက်သုံးရင် သတင်းတွေလိုက်ဖတ်၊ ၀ီကီတွေလိုက်ဖတ်၊ အလကားပဲတင်း ဆော့ဖ်ဝဲလေး တွေ ဒေါင်းလု ဆွဲရင်း (အရမ်းခင်တဲ့) သူငယ်ချင်းများနဲ့ ချက်လေ့ရှိပါတယ်။ ဒါကြောင့် သီးသန့်ကြီး လိုက် မလည် ဖြစ်တာပါ။ ကျွန်တော်သိသလောက် ကျွန်တော်တို့ဘလော့ စရေးတဲ့ အချိန် ၂၀၀၇ တုန်းကထက် အခုချိန်မှာ မြန်မာဘလော့ပေါင်းဟာ ထောင်ဂဏန်း ကျော်ခန့် ရှိနေပါပြီ။ ဒါတွေ အကုန်လုံးကို ကျွန်တော် မသိနိုင်ပါဘူး။ ကျွန်တော့်ဆီဗုံးမှာ လာအော်လို့ လင့်ခ်ချန်ထားခဲ့တယ် ဆိုရင်တော့ ကျွန်တော် သွားဖတ်ကြည့်တယ်။ ကြိုက်တယ်ဆိုရင်တော့ ကျွန်တော် google reader ထဲ ထည့်ထားလိုက်ပါတော့တယ်။

ကျွန်တော့် အကြောင်းလဲ အားလုံးသိတဲ့ အတိုင်း ကျွန်တော်ဟာ ခပ်ပျော်ပျော်သာ နေတတ်တဲ့ အတွက် ကျွန်တော့်မှာ ရန်သူ မရှိပါဘူး။ ကျွန်တော်အားလုံးကို ခင်တတ်ပါတယ် ခင်ဗျာ။ အွန်လိုင်းမှာကော အပြင်မှာ အခြေအနေပေးလို့ ဆုံတွေ့မိရင်ရော ကျွန်တော့် အကြောင်း သိသွားကြသူတွေချည်းပါပဲ။ ကျွန်တော့်ဘလော့ပို့စ်တွေမှာဆို ဘလော့ပေါ်မှ ရန်ဖြစ်ခြင်း၊ လျှောက်ဖွခြင်း စတဲ့ ပို့စ်များ ရှိမှာ မဟုတ်ပါဘူး။ ကျွန်တော် အားလုံးကို ခင်မင် လေးစားပါတယ်။ ကျွန်တော်ဟာ ဘလော့တခုပိုင်ဆိုင်လို့ ဘလော့ကာလို့ ပြောနိုင်ပေမယ့် ကျွန်တော် ဘာကောင်မှ မဟုတ်ပါဘူး။ ကျွန်တော် စာရေးဆရာလဲ မဟုတ်ပါဘူး၊ ကျွန်တော် သတင်းသမားလဲ မဟုတ်ပါဘူး၊ ကျွန်တော် ပါတီနိုင်ငံရေးသားကောင်လဲ မဟုတ်ပါဘူး၊ ကျွန်တော်ဟာ ဘယ်သူ့ရဲ့ ကျောထောက် နောက်ခံမှလဲ မဟုတ်ပါဘူး၊ ကျွန်တော်ဟာ သာမန် အိုင်တီပညာရပ်ကို လေ့လာလိုက်စားနေတဲ့ ၀ါသနာအရသာ စာရေးနေတဲ့ အညတရ လူငယ်တဦး သာဖြစ်ကြောင်း အသိပေးပါရစေ။

ပြီးတော့ ကျွန်တော့်ရဲ့ Hit counter ဟာ ယခုစာရေးတဲ့အချိန်အထိ 15455 ရှိပါပြီ။ ဒီ counter ကိုတပ်တာ ဘလော့လုပ်ပြီး ၇လအကြာမှ တပ်တာ ဖြစ်ပါတယ်။ တိတိပပ ပြောရရင် 2007 September မှ စတပ်တာပါ။ ကျွန်တော့် ခံယူချက်တခုကတော့ လူအရေအတွက် ထက် ကျွန်တော့်ဆီကို ခင်လို့မင်လို့ပဲဖြစ်ဖြစ် တခုတ်တရပဲ ဖြစ်ဖြစ် လာဖတ်တဲ့ စာရှုသူများကို တန်ဖိုးထားပါတယ်။ ဒီနှစ်တော့ နှစ်ချုပ်လူဝင်စာရင်းလေး လုပ်ကြည့်မယ် ဆိုပြီး စိတ်ကူးရတာနဲ့ google analytics စာရင်းလေးနဲ့ စစ်တမ်း ကောက်ကြည့်တဲ့ အခါ အောက်ပါအတိုင်း စာရင်းတွေ တွေ့ရတယ် ခင်ဗျ။


Download Link

Map Overlay
All Traffic Sources

တခုချင်းတင်ပြချင်ပေမယ့် စာရင်းဇယားတွေက များတော့ PDF နဲ့ ပဲ လင့်ခ်ချိတ်ထားတယ် ခင်ဗျ။ စိတ်ပါဝင်စား တယ်ဆိုရင်တော့ ဒေါင်းလုပ်ကာ ကြည့်ရှုသွားနိုင်ပါတယ် ခင်ဗျာ။ တနှစ်တာ အတွင်း ကျွန်တော့် ဘလော့ကို လူအ၀င်အထွက် စာရင်းများ၊ ဘယ်စာမျက်နှာများဆီကနေ ရောက်လာကြတယ်၊ google ကနေ ရှာဖွေပြီး ဘယ်နှယောက် ရောက်လာကြတယ်။ ဘယ်နိုင်ငံတွေက ကျွန်တော့်ဘလော့ကို အများဆုံး ကြည့်ကြတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ စာရင်းဇယားများ အရတော့ တကမ္ဘာလုံးက ကြည့်ကြတယ်လို့ ပြောတာပဲ။ ကြားဖူးသလိုလိုပဲ ဆိုတဲ့သူတွေလဲ ရှိမှာပါ။ လုံးဝမသိဘူးကွာ ဆိုသူတွေ ဒီကောင်က ဘာကောင်လဲ ဆိုတဲ့ သူတွေလဲ ရှိမှာပါ။ ဟားသိပ်သိတာပေါ့ ဒီကောင် သောက်ရူး ဆိုတဲ့ လူတွေလဲ ရှိမှာပါ။ လူအမျိုးမျိုးပေါ့ဗျာ ကျွန်တော့် ဘလော့က နာမည်ကြီးလား မကြီးဘူးလား ကျွန်တော် ကိုယ်တိုင်တောင် သေချာ မသိပါဘူး ခင်ဗျာ။ ဟုတ်ကဲ့ မင်းယွန်းသစ်ကို သိကြသလား ခင်ဗျာ။

Read Users' Comments (6)

စိတ်ကူးလေးယဉ်ကြည့်လိုက်ပါတယ်



“တင်း…တင်း..တောင်”
လေဟာနယ်ထဲမှာ အိပ်မောကျနေသည်ကို ကိုယ်ရံတော် ရိုဘော့က … တေးသံသာဖြင့် လာနှိုးနေခြင်းဖြစ်၏။
“ဟေ့ ဘယ်ချိန်ရှိပြီလဲ…”
“အလင်းနှစ် ..100,000,2548,32385,1214.18442 ရှိပါပြီ”
“အင်း ငါအိပ်နေတာ နဲနဲကြာပြီပဲ။ ဆောရီးကွာ ညက ညနက်မှ အိပ်လို့။ အေး ဒီနေ့ လုပ်ရမယ့် လုပ်ငန်း ပရိုဂရမ်တွေ ရေးပေးပြီးပြီလား”
“ဟုတ်ကဲ့ ကျွန်တော် သမ္မတကြီးရဲ့ မှတ်ဥာဏ် ဦးထုပ်ထဲ ထည့်သွင်းထားပြီးပါပြီ။”
“အေး ကောင်းတယ်”
အိပ်ယာမှ အညောင်းအညာ ဖြေရင်း ထလိုက်ပြီး လေဆာသန့်စင်ခန်းသို့ ၀င်လိုက်သည်။ (လေဆာ သန့်စင်ခန်းဆိုတာ သူတို့ ရွှေ့လျား အာကာသ နိုင်ငံတော်တွင် ရေသည် သောက်သုံးရန် အတွက်သာ ဖြစ်ပြီး ချိုးရေ အတွက်ကိုတော့ လေဆာဖြင့်သာ ချိုးပြီး ပိုးမွှားများကိုပါ သန့်စင်စေသော အခန်းဖြစ်သည်)။
“ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူ ရယ် တူတူပါပဲကွယ်… အယ်အယ်…”
ရောင်ခြည်တွေ ပက်ဖျန်းနေရင်း နွေးနွေးလေးနှင့် သီချင်းလေး ငြိမ့်နေရတာ တနေ့တာလုံး အတွက် ဇိမ် အကျဆုံး အချိန်ဖြစ်သည်။ သိပ်လဲ ဇိမ်လုပ်လို့မရ ဒီနေ့ ဆောင်းရာသီအခန်းထဲကို လူတွေ ရွှေ့ပြောင်း ကြမည်ကို သွားရောက် ကြီးကြပ်ပေးရမည်။ ၎င်းတို့သည် နေစင်္ကြ၀ဠာ ပျက်သုန်းပြီးနောက် နေရပ်မှ စွန့်ခွာ လာခဲ့ကြသော လူမျိုးစုများဖြစ်ကြရာ ကမ္ဘာကို သတိရစေခြင်းအားဖြင့် ရာသီဥတုအတုများ ဧရာမ ယာဉ်ကြီးပေါ်တွင် တည်ဆောက်ထား၏။ အ၀တ်အစား များကို ဒီဇိုင်းနာ ရိုဘော့များက ၀ိုင်းဝန်း ဆင်ပေးကြပြီးသည်နှင့် ဆွဲအားမဲ့ အခန်းထဲမှ ထွက်လိုက်သည်။

“ကျွီ..”
သမ္မတစီးနင်းသော ရှည်လျားသည့် ယာဉ်ပျံတခုသည် အခန်းအ၀တွင် လာရပ်လေသည်။ ထို့နောက် မောင်းသူမဲ့ ယာဉ်မှ တံခါးပွင့်လာပြီး စီးနင်းလိုက်ပါသွားလေတော့သည်။

ဆောင်းရာသီ ခန်းမရောက်တော့ လူတွေက တဖွဲဖွဲရောက်နေပြီ။ အခန်းထဲရောက်တော့ တရားဟော ခန်းမ ခေါင်မိုးပေါ်က နှင်းတုတွေက တဖြိုက်ဖြို့က်ကျလို့…။
“သမ္မတကြီး မင်းယွန်း ရောက်လာပြီကိုး.. ဒီနေ့ အစီအစဉ်တွေကများတယ်ခင်ဗျ၊ အရင်ထိုင်ပါအုံး ကျွန်တော် တင်ပြပါ့မယ်။”
ဝန်ကြီးတဦးက သူ့ကို အရှေ့က ဦးဆောင်ပြီး သဘာပတိများ ထိုင်တော့ VIP ခုံတန်းမှ ဆွဲအားမဲ့ (ကြမ်းပြင်နှင့် လွတ်နေသော) ခုံပေါ်မှာ နေရာပေးလေသည်။ သမ္မတအပါအ၀င် ၀န်ကြီးများ အဖွဲ့ရဲ့ အားလုံး အသက်ပျမ်းမျှဟာ ၂၅နှစ်သာ ရှိသေးသည်။ အားလုံးက သွက်သွက်လက်လက်၊

“မနေ့က ကျွန်တော်တို့ အာကာသ နိုင်ငံရဲ့ ဆက်သွယ်ရေး လမ်းကြောင်း ၁ စက္ကန့်မျှ နှေးသွားတယ် ခင်ဗျ..။ ဘာကြောင့်လဲ ဆိုတာ အခုထိ အဖြေရှာလို့ မရသေးဘူး ဗျာ..”

အခုတလော သူတို့ ယာဉ်ပျံအနီး ကို ကပ်ကပ်လာသော အာကာသ သောင်းကျန်းသူများကလဲ ရှိသေးသည်။ လေဆာ ဒုံးခွင်းစနစ်ကလဲ အခုချိန်ထိ စမ်းသပ်မှု မအောင်မြင်သေးတာကြောင့် ကျူးကျော် လာမည့် အန္တရာယ်ကို စိုးရိမ်နေရသည်။ ထိုစိုးရိမ်သည့် အတိုင်းသာ ဖြစ်လာခဲ့လျှင်..။

“ပိုက်လိုင်း တလျှောက် လိုက်စစ်ပြီးပြီလား…”
“လိုက်စစ်ပြီးပါပြီ… ကျွန်တော်တို့လဲ တောင်ပိုင်းက ဆန့်ကျင်ဆန္ဒပြနေတဲ့ အဖွဲ့တွေ လက်ချက်လားလို့ စုံစမ်းကြည့်တော့ မဟုတ်ဘူး ဖြစ်နေတယ်..”

အင်း သောင်းကျန်းသူတွေ အန္တရာယ်ကလဲ စိုးရိမ်စရာပဲ။ ဒါကြောင့် ဗျူဟာ အရ အာကာသ ယာဉ် အလယ်ပိုင်း မြို့ကို ပြောင်းဖို့လုပ်နေတာ။

ယာဉ်ရဲ့ မြောက်ဝင်ရိုးစွန်းဘက်က အက်တမ်ဗုံး ထုတ်နေတဲ့ ကာရီးယိုး နိုင်ငံကိုလဲ ကြောက်ရသေးတယ်။ ဒီလူတွေက အက်တမ်ဗုံးကြီး တကားကားနဲ့ ဆီလေး ပဲလေး ပေးဖို့ ခြိမ်းခြောက်နေတာကိုး။

“ဒါနဲ့ နေပါအုံးဗျ…။ အာကာသ ယာဉ်တွေ ကို ဓါးပြထွက်ထွက် တိုက်နေတဲ့… ဆီမာလို နိုင်ငံကို အပြည်အပြည်ဆိုင်ရာ အာကာသ နိုင်ငံတွေ ပေါင်းပြီး တိုက်နေပြီဆို.. အဲ့ဒိ ကိတ်စ ကာကွယ်ရေး ၀န်ကြီးက ဘာပြောလဲ..”

အီမိုကေနှင့် ၀န်ကြီးက
“ဟုတ်ကဲ့ သမ္မတကြီး ကာကွယ်ရေး ၀န်ကြီး ဒိုးနတ်ဆိုင်ကို ခဏသွားပါတယ်.. ”

“အာ အရေးအကြောင်းဆို ဒီဝန်ကြီးက ဒိုးနတ်စားနိုင်သေးတယ်.. ဒါဆို ဒုဝန်ကြီး ခေါ်ခဲ့..”
“ဟုတ်ကဲ့..”
အီမိုဝန်ကြီးက မဆိုင်းမတွပင် ထသွားပြီး များမကြာမှီမှာပင် ဒုဝန်ကြီးကို ခေါ်လာခဲ့လေသည်။

“ဟေ့ မင်းတို့ ဌာနက လူကြီးက ဘယ်လိုဖြစ်တာတုန်း ဒီလောက် တိုက်ခိုက်ရေးလုပ်နေတဲ့ ကြားမှာ ဒိုးနတ် ဆိုင်ကို ဘာသွားလုပ်တာတုန်း”

ဒုဝန်ကြီးက မျက်နှာငယ်လေးနှင့်…
“ဟုတ်…ဟို.. သတင်းသွားယူတယ် ပြောတာပဲ..ခင်ဗျ…”
“ဘာကွ… မင်းတို့တွေ လုပ်လိုက်ရင် ဒီအတိုင်းကြီးပဲ.. ပြောတော့ အကောင်းစားဥပဒေတွေနဲ့ လုပ်တော့ သောက်တလွဲ…”
သမ္မတလဲ ဆူပူကြိမ်းမောင်းလိုက်ရာ ဒုဝန်ကြီးလဲ ဇတ် ကလေး ပုကာ ထွက်သွားလေ၏။
ထိုစဉ် ရုတ်တရက် သူအနောက်မှ လည်ပင်းကို သိုင်း၍ သေနတ်ဖြင့် ထောက်ထားလိုက်လေသည်။

“ဟာ… ရန်သူ…..”
“ဖုံး….”
အားလားလား ကြယ်တွေလတွေ မြင်သွားတာပဲ.. နောက်ကနေ ဘယ်သူမှန်း မသိဘူး.. နားရင်းအုပ်လိုက်သည်။ ၀န်ကြီးတွေ အကုန်လုံး ပြာပြာသလဲ ဖြစ်သွားကြ၏။ ဘာကြောင့်မှန်းမသိ တခန်းလုံး ပို.. ပိုအေးလာသည်။ ပြီးတော့ မြင်ကွင်းတွေက တဖြည်းဖြည်း မှုန်ဝါးလာ၏။

“ဟေ့ . အအေး လျှော့လိုက်…. ဂတ်ဂတ် ချမ်းလာပြီ…. အစ်အစ်..အား မလုပ်ပါနဲ့.. အစ်အစ်”
လည်ပင်းက အစ်သထက် အစ်လာသည်…။
ထိုစဉ်…
“၀ုန်းးးးးးးးးးးးးးးးးး”
“အောင်မြတ်လေး…ဗျ…”

အားရပါးရ ထအော်မိတော့မှ ကျွန်တော် ကွန်ပြူတာ ရှေ့မှာ အိပ်ပျော်သွားမှန်း သိတော့သည်။ ကွန်ပြူတာထဲမှ ဂိမ်းကတော့ ဖွင့်လျက်သား။ ဘယ်ချိန်ထဲက အိပ်ပျော်နေမိမှန်း မသိ။ အရေးထဲ အိပ်မက်ကောင်းတုန်း ကြောင်ရွှေဝါက ကုတ်ပေါ်တက်ဆော့ရင်း အရှိန်လွန်ကာ စီဒီစင်ကို ၀င်တိုက်မိပြီး ပြုတ်ကျသွားခြင်း ဖြစ်၏။ ကွန်ပြူတာသုံးရင်း ဖတ်ထားသော နိုင်ငံတကာ ဂျာနယ်များကလဲ ပြန့်ကျဲနေသည်။ ဟူးးး တော်ပါသေးရဲ့ အိပ်မက် ထဲမှာ မို့လို့…။ သို့နှင့် သန်းဝေနေသော မျက်လုံးများနှင့် အိပ်ယာပေါ် ခြေပစ်လက်ပစ် ၀င်အိပ် လိုက် တော့သည်။ ဒီဇင်ဘာဉာဥ့်တခုလုံးကတော့ တိတ်ဆိတ် အေးစက်လို့…။ ၀ှားးးးးးးးး။ ဆိတ်ငြိမ် နေသော ကြောင့် တိုင်ကပ်နာရီမှ အသံသည် အခန်းတခုလုံး မြည်ဟိန်း သွားလေတော့သည်။
“တင်း..တင်း..တောင်”

@@@@@@@@@@@@@@@@@@

အဟတ် ဒီဝတ္တုလေးက ဘာရယ် မဟုတ်ပါဘူး။ နေ့အိပ်မက်က ကျွန်တော့်ကို စိတ်ကူးလေး ယဉ်ကြည့်လိုက်ပါတယ် ဆိုပြီး တက်ဂ်တော့ ကျွန်တော်လဲ ပျင်းတာနဲ့ တထိုင်တည်း ထိုင်ရေးလိုက်တာ..။ ဟတ်ဟတ် ဒီဝတ္တုလေးကို ဟိုဝင်ဒီထွက် လုပ်ရင်း၊ သယ်ရင်းတွေနဲ့ စကား စမြည်ပြော ရင်းနဲ့ ရေးတာ ကြာချိန်က ၂နာရီ ဖြစ်ပါတယ်။ ကောင်းချင်မှ ကောင်းလိမ့်မယ်ဗျာ။ ဒါပေမယ့် တဂ်ကြွေးလေး တခုရှင်းသွားတာပေါ့ ဟတ်ဟတ်။ ကျွန်တော် ထပ်တဂ်ချင်သူတွေကတော့ ကိုရန်၊ ဗေဒါ၊ မီးလေးဇာ၊ မောင်မျိုးတို့ပဲ ဖြစ်ပါတယ်။ ကဲ စိတ်ကူးလေး ယဉ်ကြည့်လိုက်ပါတယ် ဆိုတဲ့ တက်ဂ်ကလေးနဲ့ ကိုယ့်စိတ်ကူးလေးတွေ ရေးပေးကြအုံးနော့။

ခင်မင်စွာဖြင့်
မင်းယွန်းသစ်


Read Users' Comments (4)

Happy Karen New Year!!!


Happy Karen New Year!!! Actually, I'm not a real Karen boy. But my grandmom is a Karen. Although I'm a 25% Karen. :) When I young age, I went Karen New Year Celebration at Ah Lane Ngar Sint Pagoda every year. I'm very happy to wear Karen National suite. I love Karen Nation. One of the famous person in history who I like is Pha Htee Saw San Phoe Thin. His stanza is 'Om... phit chin Yar Phit' (ဥုံ.. ဖြစ်ချင်ရာဖြစ်). Cool! And do you know that Karen and Mon are the Oldest Nation Of Myanmar.The nature of the Karen are simple, quiet, unassuming and peace loving people, who uphold the high moral qualities of honesty, purity, brotherly love, co-operative living and loyalty, and are devout in their religious beliefs. They established their nation in Myanmar since 739 BC. There are over 7 million Karen people around the Myanmar. Whatever we are the nation of Union of Myanmar.Today I have to do somethings, so I can't go Ah lane Ngar Sint and can't share photo for you. Sorry! Well, May all your dreams come true in New Year. Happy Karen New Year!


Saw Minnyoon :)

Read Users' Comments (2)

မနေ့ကပွဲ The Web Show 2008

မနေ့က ကိုဇော်လုပ်တဲ့ တကိုယ်တော်အင်တာနက် စာမျက်နှာ ပြပွဲကြီး အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲ မတိုင်ခင် တရက်ကတော့ ကိုဇော်(ကိုဂေါက်)၊ ကိုထွန်းထွန်းကျော်၊ ကိုမျက်လုံးတို့ လေးယောက် ပြပွဲလုပ်ဖို့ အတွက် စက်တွေကို Creative ကနေ conference hall ထဲထိရောက်အောင် အကဲစမ်း ပွဲကြမ်းခဲ့တာပေါ့။ ပထမ ၂ခေါက်လောက် ကိုမျက်လုံးတို့၊ ကိုဂေါက်တို့ လက်အံသေအောင် သုံးယောက်သား မခဲ့ကြပြီး ကျွန်တော်ကတော့ hall ထဲမှာ ကိုဂေါက်ပြောတဲ့ အတိုင်း နေရာတွေချပေးခဲ့တာပေါ့။ နောက်ဆုံး တခေါက်တော့ ကျွန်တော်လဲ ၀င်ရောက် လုပ်အားပေးရင်း အောင်ညက်လေး CRT မော်နီတာကို တခေါက်ထဲမလိုက်ရပေမယ့် လက်အံသေသွားတော့ လက်တောင် မမြှောက်ချင်တော့ဘူး ဆိုတဲ့ ကိုဂေါက်တို့ကို တော်တော်လေး ကိုယ်ချင်းစာ သွားတယ်။ (ဟူး.. မောလိုက်တာဂျာ)။

မနေ့ကတော့ ကိုဂေါက်က မနက် ၈နာရီအရောက် လာခဲ့ဖို့ ပြောထားပေမယ့် မနက် အိပ်ပျော်သွားလိုက်တာ နိုးလို့ နာရီကြည့်တော့မှ ၈နာရီခွဲနေပြီ။ အဲ့ဒိကျမှ အသည်းအသန် ရေမိုးချိုးပြီး တက္ကစီငှားပြီး အင်ဖိုတက်ခ်ကို ပြေးရတော့တယ်။ ဟိုရောက်တော့ ၉နာရီခွဲခါနီးနေပြီ။ စက်တွေကတော့ ဆင်ပြီးသားဖြစ်နေပြီ။ ဒါပေမယ့် ပြပွဲ၊ ပြိုင်ပွဲလုပ်မယ့် စက်တွေမှာ ပြဖို့ ဆိုက်တွေကို တေဇာနဲ့ အတူတူ ၀ိုင်းတင်ပေးလိုက်ရတယ်။ ( အမှန်တော့ ကျွန်တော်က နှမ်းဖြူးရုံပါ :) )


ကြိုးစားပမ်းစား စက်တွေပေါ်မှာ ပြိုင်ပွဲဝင် ဆိုက်များကို လိုက်တင်ပေးနေတဲ့ တေဇာ

ဒါနဲ့ အားလုံး အပြီးအစီး ၁၀နာရီ ထိုးခါနီးလောက်ကျတော့ အခမ်းအနား ဖွင့်လှစ်ကြောင်း ကိုဂေါက်က ကြေငြာပါတယ်။ လာရောက် လေ့လာသူများကလဲ အဲ့ဒိနောက်မှာ တဖွဲဖွဲ ရောက်လာကြပါတယ်။ ဟောလ်ထဲကို မ၀င်ခင်မှာဆို အပြင်ဘက်မှာ ဆားဗစ်ပလစ်၊ imcs ၊ မြန်မာတိုင်းမ်၊ Creative တို့ဟာ အပြင်ဘက်မှာ ပြသထားပြီး conference hall ထဲကို ၀င်လိုက်မယ်ဆိုရင် ဘယ်ဘက်ခြမ်းမှာ ခုံတန်းရှည် တခုရှိပြီး ဆားဗေးဖောင်တွေကို အဲ့ဒိနေရာကနေ ပြပွဲကို မ၀င်ခင် ရယူရပါတယ်။ အခန်းရဲ့ ညာဘက် ထောင့်မှာတော့ လာရောက် ကြည့်ရှုသူများ လွတ်လပ်စွာ အမှတ်တရ လက်မှတ်ထိုးနိုင်ရန် အဖြူရောင် ဗီနိုင်းရွက်ကြီးတခုကို နံရံမှာ ကပ်ထားပါတယ်။ (ကြွရောက်လာသူများက တခဲနက် လက်မှတ်ထိုး သွားကြပါတယ်)။


ကိုဇော်(ကိုဂေါက်)

conference hall အပြင်ဘက် မြင်ကွင်း

တဖွဲဖွဲ လာရောက်အားပေးကြတဲ့ ပရိသတ်တွေ


Happy X'Mas and Congratulation Ko Zaw (by Minnyoon)
ကျန်သော အခန်းရဲ့ ထောင့်များမှာတော့ အ၀င်ဝရဲ့ ဘယ်ဘက်မှာဆို Creative Web Studio ၊ ၎င်းနဲ့ တူရူရာ အခြားထောင့်မှာတော့ Mysteryzillion အဖွဲ့၊ အခြားတဘက်မှာတော့ IMCS စသည်ဖြင့် နေရာယူ ထားကြပြီး အခန်းရဲ့ အလယ်မှာတော့ စားပွဲခုံများ ပေါ်၌ ပြိုင်ပွဲဝင် ၀က်ဘ်ဆိုက်များကို ခင်းကျင်း ပြသထားပါတယ်။ ပြပွဲကို အများစု လာရောက်ကြည့်ရှု သူများကတော့ လူငယ်များ ဖြစ်ပြီး အသက်ကြီးပိုင်း လူကြီးများလဲ လာရောက်ကြည့်ရှု ကြကာ အများအားဖြင့် ဒီပြပွဲအကြောင်းကို ကျွန်တော်တို့ ကိုယ်ပိုင် ဆိုက်များမှာ ကြေငြာထားတဲ့အတွက် လာရောက် လေ့လာသူ အများစုဟာ online user များပဲဖြစ်ပါတယ်။









ကျွန်တော့်ဘလော့ကို ဒီလို ပြထားတာ ခင်ဗျ

ကျွန်တော့် ဘလော့ကို အားပေးနေတဲ့ အန်ကယ်လ် တဦး
ပြပွဲမှာ ပိုမြိုင်ဆိုင်သွားတာက IMCS ရဲ့ ကွန်ပြူတာနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ ဖြေကြရင်း ခရစ်စမတ် လက်ဆောင် ရယူကြတဲ့ အစီအစဉ်ဖြစ်ပါတယ်။

မေးကြည့် ဖြေကြည့် ပဟေဠိ လုပ်နေတဲ့ IMCS မှ ကိုပိုင်
ပြပွဲကို လာရောက် လေ့လာသူများအပြင် ကျွန်တော်တို့ရဲ့ ဘလော့ဂ်သူငယ်ချင်း ရောင်းရင်းများလဲ လာရောက်ခဲ့ကြပါတယ်။ ကျွန်တော် မှတ်မိသလောက်တော့ ကိုကျော်ဇေယျ၊ ကိုမိုးလှိုင်ည၊ မဆုဝေ(ဆုသက်လင်း)၊ ဇော်မျိုး၊ သဇင်ဏီ တို့ ဧည့်သည်တော်များ အဖြစ် လာရောက် အားပေး ခဲ့ကြပါတယ်။ ပြိုင်ပွဲမှာ လူကြိုက်အများဆုံး ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဆု ကိုတော့ ကိုမျက်လုံးက ရရှိသွားပြီး၊ ဒုတိယဆုကို ရွှေမန်းက ကျွန်တော်တို့ အကိုတော်ကြီး ကိုမောင်လှ၊ တတိယဆုကိုတော့ ကျွန်တော် (ဟင့် ရလိုက်ဘူး ကပ်လွဲသွားတယ်) တတိယကို မောင်ခ က ရရှိသွားပါတယ်။

မသူတော် အဲလေ ဖိုးသူတော် .. :P

မောသွားပြီဂျာ

တေဇာနှင့် ကျွန်တော် (Organizer တွေကွ ဘာမှတ်လဲ ငှက်ငှက် :P )

ကျွန်တော်နှင့် ဘကြီးမိုးလှိုင်ည :P (ကျွန်တော့်ကို သူရို့ဂျာနယ်က ရှယ်ဗျူးသွားတယ်ဗျ။ ဟတ်ဟတ် ဒီတပတ်ထုတ်လား နောက်တပတ် ထုတ်လား မသိဘူး ecovision မှာ ပါမယ်ဗျာ။ စောင့်ဖတ်တော် မူကြပါကုန် :P)

သူပဲ..သူပဲ ဂျစ်ပဆီဆိုတာ (ကျေးဇူးပြု၍ အကြွေးဝိုင်းတောင်းကြပါ) :P

ညကတည်းက သေချာမအိပ်ရသေးဘူးဆိုပြီး အမှန်အကန် အိပ်မောကျနေတဲ့ တေဇာ :P

မန္တလေးက ပညာဒါန သင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးနေတဲ့ ဘုန်းဘုန်း ဦးကောဝိဒနဲ့ စကားလက်ဆုံကျနေတဲ့ ကိုပီကေ

ကျွန်တော် နာမည် မသိတဲ့ အမတယောက်နဲ့ ဘလော့ကာ မဆုဝေ (မဆုသက်လင်း)

ပြပွဲပြိုင်ပွဲကို ၄နာရီခွဲလောက်မှာ ရုပ်သိမ်းခဲ့ပြီး အမှတ်တရ ဓာတ်ပုံများ တဖျတ်ဖျတ် ရိုက်ခဲ့ကြပါတယ်။ ထို့အပြင်အထူးခြားဆုံးကတော့ Mysteryzillion မှာ ကိုစေတန်ဂေါ့တ်မှ ပိတ်ပွဲ အဖြစ် ဟစ်ဟော့ပ် သီချင်း တပုဒ်ကို လက်တန်း သီဆိုသွားခဲ့ပါတယ်။ (ရွှီး..ရွှီး ဗရာဗို တကယ်ကောင်းပါတယ် :P ) ဟိဟိ

The Web Show 2008 ရဲ့ လူကြိုက်အများဆုံး ၀က်ဘ်ဆိုက်ကိုတော့ ကိုမျက်လုံးမှ ဆွတ်ခူးရရှိသွားပါတယ်။

ဝဲယာမှ ဂိုဏ်းချုပ်၊ နန္ဒ၊ ကိုဂေါက်၊ မောင်ခ၊ တေဇာ
The Web Show 2008 အဖွဲ့သားများ စုရိုက်ထားသော ပုံတွေ စိုးဇေယျဆီမှ ရရှိပါက တင်ပေးသွားပါအုံးမယ်။
အဲ့ဒိနောက်မှာတော့ မနေ့ကအတိုင်းပဲ လူတွေစုံစုံလင်လင်နဲ့ စက်များကို ပြန်လည် ဖြုတ်ပြီး ပြန်မ ကြရပြန်ပါတယ်။ :)

ကိုစေတန်ဂေါ့တ်တို့ ဆိုင်ကို ပြန်သယ်ဖို့ ကားပေါ် စက်တွေ ဒီလို တတပ်တအား ၀ိုင်းတင်ပေးနေကြစဉ်

အားလုံးလဲ ပြီးရော ကျွန်တော်တို့ထုံးစံ အတိုင်းပေါ့ဗျာ။ တတိယပိုင်း အစီအစဉ်ပေါ့ ဒါတော့ ပြောပြဘူးနော်... သတ်ချင်သတ်လိုက် ခွိခွိ :P ။ ပုံများကို စိုးဇေယျ ၊ ကိုမိုးလှိုင်ည တို့ဆီမှ ရရှိပါက နောက်ဆက်တွဲ ထပ်မံတင်ဆက်သွားပါအုံးမယ်ခင်ဗျာ။ :)

အားလုံးတတာ

Read Users' Comments (4)

သရဲတွေ ၀င်ငွေကောင်း..

ဒီတခါတော့ ကျွန်တော် လက်နဲ့ဆွဲထားတဲ့ ကာတွန်းလေး တင်ခွင့်ပြုပါ။

ရယ်မောခြင်းဖြင့် ဘ၀အမောပြေနိုင်ပါစေ...။ :)

Read Users' Comments (3)

ကြွက်နှိမ်နှင်းရေး



ပြီးခဲ့တဲ့ တပတ်လောက်က စပြီး အိမ်မှာ ဘယ်ကရောက်လာမှန်း မသိတဲ့ ကြွက်တွေ တော်တော် သောင်းကျန်းနေတယ်ဗျာ။ အိမ်ကလဲ ကြွက်တွေပျော်လောက်အောင်လဲ ညစ်ပတ်မနေပဲနဲ့ ထူးဆန်းတယ်။ ခါးပန်းပေါ်တွေရော၊ မီးဖိုချောင်မှာရော၊ ရေခဲသေတ္တာပေါ်တွေမှာရော နေရာအနှံ့ကို ကြွက်တွေ ပျော်မြူးနေကြလေရဲ့။ အစပိုင်းတော့ ကျွန်တော်က သူတို့ကို ခြောက်ရုံခြောက်ပါတယ်။ ဒါပေမယ့် ဒင်းတို့က ဖုတ်လေတဲ့ ငပိ ရှိတယ်တောင် မထင်လေတော့ တင်းလာတယ်။ ပထမတော့ သူ့ဟာသူ လျှောက်သွားနေတာ အိုကေ ရတယ် သွားပါစေ ဆိုပြီး လွှတ်ထားတာ။ အံမယ် တစတစ အတင့်ရဲလာပုံက လူခြေထောက်နားထိတောင် အေးဆေးဖြတ်လျှောက်တဲ့ အထိပဲ။

ဒါတင်ပဲလားဆိုတော့ မကသေးဘူး။ ဆပ်ပြာခွက်ထဲက ဆပ်ပြာကိုတောင် အဖုံးဖွင့်ပြီး ကိုက်တတ်သေးတယ်။ ဘုရားစင်ပေါ်က ရေခွက်တွေကိုလဲ တွန်းလှဲသေးတယ်။ ပြီးတော့ ပြီးခဲ့တဲ့ ရက်ကလဲ ဟင်းအိုးအဖုံးကို လှန်စားတယ် ။ နည်းနည်းတော့ များနေပြီ ဒီကောင်တွေ။ နောက်ဆုံးတော့ အိမ်က ဆောင်းဘောက်စ် အနောက်ဘက်က အ၀ကို ကိုက်ဖြတ်တယ်ဗျာ။ ရဲတင်းလာပုံက ကျက်ပြီးသားဆီတွေကို ထည့်ထားတဲ့ ခွက်ရဲ့ အဖုံးကိုတော့ ကိုက်ပြီး ဂွေလှိမ့် သလိုဆော့နေတာ။


ဒီတခါတော့ မောင်မင်းယွန်းရဲ့ သည်းခံနိုင်စွမ်း ကုန်သွားပြီမို့ လာစမ်း ကိုယ့်ကိုကိုယ် ကြွက်အထူးနှိမ်နှင်းရေး အရာရှိ ခန့်လိုက်ပြီး အိမ်နားက ဈေးက ထောင်ချောက် သုံးခုဝယ်လိုက်တယ်။ :) (ကဲ လာလေရော့...) အမှန်တော့ ကျွန်တော် ဒိအရင်က ကြွက်ထောင်ချောက်ကို မကိုင်တတ်ဘူးဗျ။ ဒါပေမယ့် ထောင်ချောက် ၀ယ်လာတဲ့နေ့ကမှ ကိုင်ပုံ ကိုင်နည်း သိသွားတာ။ အစာကို အရင်ညှပ်၊ ပြီးတော့ မောင်းတံကို ကိုယ့်ဘက်(မောင်းပြုတ်မယ့် ဘက်ရဲ့ ဆန့်ကျင်ဘက်)ကို လှန်ထားရင်း လက်နဲ့ ဖိထိန်းထား (မဟုတ်ရင် ကိုယ့်လက် ပါသွားမယ်)၊ ပြီးရင် မောင်းတံကို အစာညှပ်ထားတဲ့ ထောင်ချောက်ခွင်ရဲ့ အပေါက်လေးထဲကို အသာလေး ထောက် တယ်ဆိုရုံထည့်၊ ပြီးရင် လက်နဲ့ ဖိထားတဲ့ မောင်းကို အသာလေး လွှတ်ကြည့်၊ အကုန်မလွှတ်ရသေးဘူး၊ ခဏစမ်းတာ။ ပြီးလို့ မောင်းတံ ပြန်မပြုတ်တော့ဘူး ဆိုမှ အသာလေး ဖွဖွလေး ကိုင်ပြီး ထောင်ချင်တဲ့ နေရာမှာ ထောင်လိုက်ရုံပဲ။ အဲလေ ဆောရီး ကျွန်တော် ကြွက်ထောင်ချောက် ထောင်နည်း သင်ကြားပေး နေတာ မဟုတ်ပါဘူး။ အဟတ် ကျွန်တော့် အတွေ့အကြုံကို ပြောပြနေတာပါ။

ပထမ နှစ်ရက် သုံးရက်တော့ တော်လိုက်တဲ့ ကျွန်တော် များ ကြွက်ထောင်ချောက်မှာ ကြွက်တွေတော့ မမိဘူး ဒါပေမယ့် အစာတွေတော့ ကုန်သွားတယ်လေ။ အံမယ် ဒင်းတို့ကို တကူးတက ကျွေးနေတယ်များ ထင်နေလား မသိဘူး။ ဒါနဲ့ ထောင်ချောက်မှာ အပြစ်ရှာလိုက်တော့ မောင်းတံထောက်တဲ့ အ၀မှာ မောင်းတံထုတ်တာ ရှည်လွန်းနေရင် မောင်းမပြုတ်ဘူး ဆိုတာပဲ။ ဒါနဲ့ ထောက်တယ် ဆိုရုံလေး အသာ ထောက်ပြီး နောက်နေ့တွေ ပြန်ထောင် လိုက်တယ်။ ရက်စက်မှ ကြွေကွဲ... သုံးခုထောင်တာ သုံးကောင် စလုံး မာလကီးယားကြွရော။ အမျိုးပြုတ်ပြီးလားဆိုတော့ မပြုတ်သေးဘူး နောက်ထပ် ၂ကောင်လောက် ကျန်သေးတယ်။ မနေ့ကတော့ အလုံးစုံ မျိုးပြုတ်ရေး (လမ်းကြောင်း တလျှောက် နေရာလပ် မကျန်) စစ်ဆင်ရေး ဆင်လိုက်တာ အကုန် တိုက်ပွဲကျသွားကြလေရဲ့။ ဟူးးး ခုမှပဲ ညည ကောင်းကောင်း အိပ်ရတော့တယ်။ မဟုတ်ရင် ဘယ်ချက်များ ကြွက်တွေ ခြင်ထောင်ထဲ ၀င်လာမလဲလို့သာ အသဲယားနေရတယ်။ ကြောင်ကျတော့လဲ မချစ်တော့ မမွေးချင်ဘူး။ အသံကိုက မယားငယ်သံ တညှောင်ညှောင်နဲ့ ကြည့်မရဘူး ကြောင်တွေကို။ :P အခုတော့ စစ်ဆင်ရေး အောင်မြင်တဲ့ အတွက် ကိုယ့်ဟာကိုယ် ရာထူး တိုးပေးလိုက်ပြီဗျို့ ဘာတဲ့ ကြွက်အန္တရာယ် ငြိမ်းချမ်းသာယာရေး ကောင်စီ ဘိုကြက်ချီး မင်းယွန်းလို့ ခွိခွိ..။ :P

Read Users' Comments (1)comments

Happy Birthday Dodi



ဒီနေ့ ၂၂ ရက်နေ့ဟာ ကျွန်တော် သယ်ရင်း ဒိုဒီ မွေးနေ့ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ပေါဖော် ပေါဖက် သယ်ရင်း ဒိုဒီ ယနေ့မှစ၍ နှစ်ပေါင်း တထောင်ကျော် အသက်ထောင်ကျော် ရှည်ပါစေသောဝ်။ ဥစ္စာဓန ပေါများပါစေ။ ဂုဏ်ဒြပ်တွေ ပေါများပါစေ။ ဟိဟိ ရည်းစားလဲ ပေါများပါစေ။ (နောက်တာ) သယ်ရင်းရေ ငါ့ကို မွေးနေ့ မုန့်လေးဘာလေး တောင်ကြီးကနေ ပို့လိုက်ဟာ.. :D။ ပျော်ရွှင်သော မွေးနေ့ လေး ဖြစ်ပါစေ ....ချစ်သယ်ရင်းရေ။ ဟီး သူ့မွေးနေ့က အမှန်တော့ ၂၃ရက်နေ့မှတဲ့ ကျွန်တော် မှတ်ထားတာ တရက်စောသွားတယ်။ ချောတီး :D

Read Users' Comments (0)

The Web Show 2008


အားလုံးလဲ သိကြပြီးမှာပါ။ မသိသေးတဲ့သူများလဲ သိသွားအောင် ကြော်ငြာပါရစေ။ လာမယ့် 25 ခရစ်စမတ်နေ့မှာ ကိုဇော်ဇော် ကြီးမှူးကျင်းပ တဲ့ My Web My Style (The Web Show 2008) ကို မြန်မာအင်ဖိုတက်ခ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဲ့ဒိပြပွဲမှာဆိုရင် တကိုယ်ရေသုံး စာမျက်နှာများကို ပြပွဲ အနေနဲ့ရော၊ ပြိုင်ပွဲတရပ် အနေနဲ့ပါ ထည့်သွင်း ပြသ သွားမှာဖြစ်ပါတယ်။ ပရိသတ်တွေ အကြိုက်ဆုံး အင်တာနက်စာမျက်နှာဒီဇိုင်း ကိုလဲ ရွေးချယ်သွားမှာ ဖြစ်ပြီး ပထမဆုအတွက် ကျပ်တစ်သိန်း ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ တကိုယ်ရေသုံး စာမျက်နှာများကိုလဲ ဈေးနှုန်းချိုသာစွာနဲ့ ၀န်ဆောင်မှု ပေးသွားအုံးမှာ ဖြစ်ပြီး၊ ဆန်းသစ်လှပသော အင်တာနက် စာမျက်နှာများကို လဲ အကဲဖြတ်ရင်း လာရောက် ကြည့်ရှုကြပါအုံးလို့ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။




Read Users' Comments (0)

အယူသီးကောင်

တင်ခဲ့ပြီးသော ကဗျာလေး တပုဒ် ပြန်တင်ခွင့်ပြုပါ


အယူသီးကောင်


မိုးခေါင်လွန်းတဲ့ ရင်ဘတ်ကြီးကို
ရွာသွန်းစေဖို့ မျှော်လင့်ချက်နဲ့
ရင်ခုန်သံတွေလွန်ဆွဲဖြစ်ခဲ့တယ်။

ဘာမှမထူးဆန်းပါဘူး။
ရိုးရာတွေယုံကိုးလွန်းတဲ့
ခပ်တုံးတုံးငါ့အဖြစ်က
ဗိုက်ပူနံကား ဖားတစ်ကောင်ပေါ့။


Read Users' Comments (1)comments

ဆွေးနွေးခန်း

ဟောဒိအခန်းပေါ် တက်မလာခင်မှာ
ကျွန်တော်တို့ ရှိသမျှ
အပေါ်ရုံတွေ ချိတ်ဆွဲထားခဲ့ဖို့ လိုတယ်..
ဝတ်လစ် စလစ်တွေနဲ့ လှေကားထစ်ပေါ်တက်ရင်း
လွတ်လပ်ခြင်း အရသာတွေကို
မိန့်မိန့်ကြီး သိရှိလာလိမ့်မယ်...
ဝါဒတွေ ခ၀ါချရင်း ဘာမှ သိပ်သည်းမှု မရှိတဲ့
အခန်းထဲ စနစ်တကျ တစ်ယောက်စီ တိုးဝင်ပါ..
တံခါး တချပ်စာသာ လှပ်ထားတဲ့
အပေါက်ထဲ ၀င်မိတာနဲ့
နံရံဆီက နမိတ်ပုံ တခုနှင့် စာသား
“စွန့်လွှတ်သမျှ အရာအားလုံး အသစ်ရဖို့နေရာ ပေးတာ”
ကို မြင်အောင် ကြည့်ပါ...

ပြီးတဲ့အခါ ရေတခွက်သောက်...
ထို့နောက်.. ကိုယ့်နေရာ ထိုင်ခင်း ကိုယ်ခင်းရင်း...
ခေါင်းကို မိုးကြိုးပစ်သလို အဆန်းအပြား စကားတွေ ကြားရလိမ့်မယ်..
အရောင်တွေ တဖျတ်ဖျတ် လူးနေတဲ့
ဝတ်လစ်စလစ် အဟောင်းတွေက..
ဝတ်လစ်စလစ် လူသစ်တွေကို ကြိုဆိုကြ..
ဓမ္မသံတွေ ရွတ်ဆို ပြရင်း.. ကျွန်တော်တို့တွေက
အထက်မှာကဲ့သို့ အောက်မှာလဲ ဖြစ်ကြ*...
အနန္တ၀ိဉာဉ်တော်များရဲ့ လွင်ပြင်ကျယ်ကို ရောက်လိုရောက်သွားကြရဲ့...
ဘာအရောင်မှ မရှိတဲ့ အခန်းငယ်ထဲကို
ရွှေရောင် နေခြည်တွေ သွန်းလောင်းပြီးတဲ့အခါ
တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်လိုက်ကြ...
အဲ့ဒိနောက်... ကိုယ့် အရောင်တွေ ကိုယ်ပြန်သိမ်းရင်း
လှေကားထစ်များ အတိုင်း တနိမ့်နိမ့် ပြန်ဆင်းခဲ့..
တံခါးဝက အပေါ်ရုံတွေ ပြန်ဝတ်...
အလင်းမှိန်သွားတဲ့ လမ်းမများ ပေါ် ပြန်လျှောက်သွားကြရင်း...
'There is no religion is higher than the truth' လို့ တီးတိုး ရွတ်ဆိုလိုက်ကြပြီး
(ကိုယ်စီ) လမ်းခွဲလိုက်ကြ....။

********************************
*AS ABOVE SO BELOW


Read Users' Comments (1)comments

သြော်.. မမြဲခြင်းပါတကား...


Read Users' Comments (2)

အစ္စလာမ်များရဲ့ အိဒ်ဒီလ်အသွဟာပွဲ

ကျွန်တော် မနေ့က တောင်ဒဂုံ စက်ရုံကို သွားတော့ လမ်းမှာ လွန်စွာ ၀ဖြိုး၍ လှပသော နွားအများ အပြားကို တွေ့ခဲ့ရပါတယ်။ ဒရိုင်ဘာ ပြောမှ သိရတာက အိဒ်နေ့ရောက် တော့မည် ဟုသိရပါတယ်။ ထိုချောပေ့ ကောင်းပေ့ နွားများ (သို့မဟုတ်) လှူဒါန်းခြင်းခံရမည့် (သို့မဟုတ်) အသတ်ဖြတ်ခံရမည့် နွားများအား ကြာကြာ မကြည့်ရက်တော့ပဲ အဲဒိလမ်းတလျှောက် မျက်နှာသာ လွှဲထားမိပါတော့သည်။ ဒီနေရာမှာ ဘာသာတရားနှင့် ပတ်သက်၍ အတိုက်အခံ ကျွန်တော် မဆွေးနွေးလိုပါ။ ဘာသာတရားကို ၀ါဒတခု အဖြစ် မြဲမြဲဆုပ်ကိုင် ထားသူများ အဖို့ စစ်ပွဲများ ဆင်နွှဲရန်သာ ရှိပါတော့သည်။ ဒီနေ့ဟာ အိဒ်ဒီလ်အသွဟာနေ့ ဖြစ်ပါတယ်။ ကျွန်တော် ဖတ်ရှုမိသမျှထဲက မွတ်စလင်တွေ ဘာကြောင့် အိဒ် လုပ်ကြတယ်ဆိုတာ အနည်းငယ် တင်ပြလိုပါတယ်။

Idd ဟုပေါင်းပါသည်။ မွတ်စလင်တွေမှာ အိဒ်၂မျိုး ရှိပါတယ်။ အာရဗီ ဘာသာစကား “အိဒ်” ၏ အဓိပ္ပါယ်မှာ “ပျော်ရွှင်မှု ပြန်လည်ရောက်ရှိခြင်း” ဖြစ်သည်။ ပထမ အိဒ်ပွဲတော်ကို “အိဒ်ဒိလ်ဖိတရ်” ဟု ခေါ်ပါသည်။ “ဖိတရ်” ဆိုသည်မှာ “အစပြုသည်” ဟူသော အနက် ဖြစ်ပြီး အိဒ်ဒိလ်ဖိတရ် ဆိုသည်မှာ “ ဥပုသ်မှ ထွက်ခြင်း” လို့ အဓိပ္ပါယ် ပြန်ဆို နိုင်ပါတယ်။ ဆိုလိုသည်မှာ ပထမ အိဒ်သည် မွတ်စလင် ဥပုသ်လ ထွက်ပြီးစတွင် ပြုလုပ်ပြီး ယခင်အတိုင်း ပြန်လည် နေထိုင်စပြုခြင်းကို ဆိုလိုပါသည်။

ဒုတိယအိဒ်ကို အိဒ်ဒီလ်အသွဟာ ပွဲတော်ဟု ခေါ်ပါတယ်။ ဘုရားသခင် အတွက် စွန့်လွှတ်လှူဒါန်းသော ပွဲတော်ဟု သတ်မှတ်ကြလေသည်။ ထို့အပြင် မွတ်စလင် ဘာသာဝင်များ သည် ဒုတိယ အိဒ်တွင် အလ္လာရှင်အတွက် စွန့်လွှတ် လှူဒါန်းခြင်းဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း ဖြစ်သည်ဟု အယူရှိလေသည်။ မွတ်စလင်များသည် တိရိစ္ဆာန်များကို သတ်ခြင်း (၀ါ) စွန့်လွှတ်ခြင်းကို Sacrifice လို့အနက်ဖွင့်၏။ တိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းဖြင့် စွန့်လွှတ်သူ၏ အပြစ်များကို ထိုတိရိစ္ဆာန်က ယူဆောင်သွားသည်ဟု အယူရှိကြသည်။

၎င်းတို့၏ Qur’an ကျမ်းတွင်တော့ ဤသို့ဖော်ပြပါရှိသည်။
“စွန့်လွှတ်သော (တိရစ္ဆာန်) ၏ အသွေးသည် ၎င်း၊ အသားသည် ၎င်း၊ ဘုရားသခင်ထံသို့ ရောက်ရှိကြသည် မဟုတ်၊ သင်တို့၏ ကောင်းမြတ် မှန်ကန်သော သဒ္ဓါတရားသည် သာလျှင် ဘုရားသခင် ထံတော်သို့ ရောက်ရှိလေသည်။”
(၂၂း ၃၈)

ကျမ်းဂန်လာ နောက်ထပ် မူကွဲ တမျိုးကတော့ “တစ်ဦး တစ်ယောက်သည် မိမိထက် နိမ့်ကျသော တိရိစ္ဆာန် တကောင်ကို စွန့်လွှတ်ရာတွင် ထို တိရိစ္ဆာန် သည် မိမိအတွက် စွန့်လွှတ် ခံရသကဲ့သို့၊ အကယ်၍ ထိုသူသည် (အလ္လာ အရှင်မြတ်) ၏ လမ်းတော်ဝယ် မိမိအသက်ကိုပင် စွန့်လွှတ်ရမည်ဟု အမိန့်တော် ကျရောက်လျှင် တွေဝေခြင်း မရှိပဲ သူ၏ အသက်ရှင်နေခြင်းထက် အသျှင့် အတွက် စွန့်လွှတ် ခြင်းက ပို၍ မြတ်သည်ဟု သဘောပိုက်ကာ မိမိ၏ အသက်ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဖော်ပြသော လက္ခဏာ ဖြစ်သည်” ဟု ဖွင့်ဆိုလေသည်။

ယနေ့ကဲ့သို့ အိဒ်နေ့ကို ကမ္ဘာတ၀ှမ်းလုံးမှ မွတ်စလင် ဘာသာဝင်တို့က ကျင်းပကြလေသည်။ ထိုသို့ တိရိစ္ဆာန်သတ်ခြင်းကို အိဒ်နေ့၏ နောက်၂ရက်၊ ၃ရက် အတွင်း ပြုလုပ်ကြသည်။ ရွေးချယ်ခြင်း ခံရသော တိရိစ္ဆာန်သည် ပြင်ပအင်္ဂါအစိတ်အပိုင်း များ ချွတ်ယွင်း ကျိုးပဲ့ခြင်း မရှိစေရ၊ အရွယ်ရောက်သော တိရိစ္ဆာန် ဖြစ်ရမည် ဖြစ်ပြီး ဆိတ် (သို့မဟုတ်) သိုးဖြစ်ပါက တနှစ်သား၊ နွားဆိုလျှင် နှစ်နှစ်၊ ကုလားအုပ်ဖြစ်ပါက ငါးနှစ် ဖြစ်ရမည်ဟု သတ်မှတ်ချက် ရှိလေသည်။

ထိုသို့ (Sacrifice) စွန့်လွှတ်ခြင်း ပြုလုပ်ချိန်၌ ထိုသူသည် စွန့်လွှတ်ခြင်း၏ ရည်ရွယ်ချက် အနက်အဓိပ္ပါယ်ကို နက်နဲစွာ နားလည်၍ ထိတွေ့ခံစားရမည်ဟု ညွှန်ပြထားသေးသည်။

(စကားချပ်။ ။ “တိရစ္ဆာန်ဆိုတာ လူချွတ်မှ ကျွတ်ရတာ” ဆိုတဲ့ အရပ်သုံးစကား တခုသည် ထို အယူမှ လာဖွယ်ရှိသည်ဟု ယူဆရပါသည်။)

အထက်ဖော်ပြပါများကတော့ ကျွန်တော် လေ့လာ မိသလောက်ထဲက အိဒ်ပွဲတော် အကြောင်း ကောက်နှုတ်တင်ပြ ခြင်းဖြစ်ပါတယ်။

ပြုလုပ်လှူဒါန်းသူက အသျှင်အတွက် သဒ္ဓါတရား ထက်သန်၍ အသက်ကို ပင် လိုလိုချင်ချင် စွန့်ရဲသည် ဆိုပါအုံးစို့။ သို့ပေမယ့် အသိဉာဏ် မရှိရှာသော (လူပြုသမျှ နုရမည် ဖြစ်သော) အဟိတ်တိရိစ္ဆာန် ကကော ထိုလှူဒါန်းသူ အတွက် လိုလိုချင်ချင် သူ၏ အသက်ကို စွန့်လွှတ်ချင်ပါ၏လော။ မိမိတင်ရှိသော အပြစ်များ ကြေအေးစေရန် မိမိထက် နိမ့်ကျသည်ဆိုသော သတ္တ၀ါများအား သတ်ဖြတ်၍ အသျှင်မြတ် ကြည်ဖြူ စေရန် လှူဒါန်းသည်ဆိုခြင်းမှာ ထိုသတ္တ၀ါ အတွက် တရားပါ၏လော။ ထိုသို့ဆိုလျှင် မိမိယူထားသော အကြွေးအား သူတပါးအားဖြင့် ဆပ်ခိုင်းသည်နှင့် တူမနေပေ သလော။ ကျွန်တော်၏ ခေါင်းထဲသို့ လော .. ပေါင်းများစွာ ၀င်ရောက်လာပါသည်။ ကျွန်တော်ဟာ ဘာသာတရားတခု ကို ချဉ်းကပ်ရာမှာ ရဲဝံ့စွာတွေးတောခြင်းကို နှစ်သက်ပါသည်။ အကြောက်တရားတို့နှင့် ဖုံးကွယ်နေသည်ကို မနှစ်သက်ပါ။ ၀ါဒတခု အဖြစ် ကျွန်တော် ဘာသာတရားများကို မချဉ်းကပ်ပါ။ ကျွန်တော် အနေနဲ့ လက်လှမ်းမှီသလောက်သာ လေ့လာလျှက်ရှိပြီး ကျွန်တော် ဉာဏ်မမှီသေး၍ လည်း ဖြစ်ချင် ဖြစ်ပါမည်။ ကိုယ်မစား ဖူးသေးသော စပျစ်သီးကို အားလုံးချဉ်သည်ဟု မပြောလိုပါ။ သို့သော်လည်း ယနေ့ အတွက် မူကား (ထိုမြင်ကွင်းများ တစိတ် တဒေသ အားဖြင့် မြင်ရနိုင်သော) တောင်ဒဂုံစက်မှုဇုံဘက်သို့ မသွားတော့ဟုသာ ဆုံးဖြတ်ချက် ချမိပါတော့သည်။

Read Users' Comments (9)

မြန်မာ၊ စင်ကာပူနှင့် ဗီယက်နမ်ဒိုင်

တနေ့က စူဇူကီးဖလားပွဲကို ကျွန်တော်ကြည့်ချင်လျှက်နဲ့ အလုပ်တွေများနေတာကြောင့် သေချာ ထိုင် မကြည့်ဖြစ်ခဲ့ဘူး။ သွားရင်းလာရင်း လဘက်ရည်ဆိုင်တွင်းက တီဗီလေးတွေဆီကိုသာ လှမ်းကြည့်ခဲ့ရပါတယ်။ အခြေအနေကို မေးကြည့်တော့ ဒုတိယပိုင်းရောက်နေပြီ ၂-၁ နဲ့ရှုံးနေတယ်။ အင်း ပြန်သွင်းရင်တော့ ရသေးတယ် သိပ်အခြေအနေ မဆိုးသေးဘူးပေါ့။ ဒါနဲ့ ကျွန်တော်လဲ ဆိုင်သိမ်းပြီး အိမ်ကို အပြေးနှင်ရတာပေါ့။ ဖြစ်ချင်တော့ ပွဲပြီးခါနီးလောက်မှ အိမ်ကို ပြန်ရောက်တယ်။ ပြီးတော့ အိမ်ရောက်တာနဲ့ ဘောလုံးပွဲပြတဲ့ဆီကို အူယားဖားလျား ပြေးရတာပေါ့။ ကံဆိုးချင်တော့ ကျွန်တော်လဲ ရောက်သွားရော ပွဲကပြီးနေပြီး မကျေနပ်သံ တောက်ခေါက်သံများနှင့် လူတွေ ပြန်ထွက်လာကြတော့သည်။ ဒါနဲ့ အသိတစ်ယောက်ကို တွေ့လို့ မေးကြည့်တော့
“အေးဗျာ.. ဒီလိုဗျ..စင်ကာပူဘက်က ကစားသမား တစ်ယောက် ဘီးကုတ်စက်ဝိုင်း အလွန်မှာ မြန်မာနဲ့ ထိခိုက်မိရင်း လဲသွားတယ်ဗျ...။ ဒါကို မြန်မာ ကစားသမားတွေက ၀ိုင်းပြီး သွားကြည့်ကြတာ။ ဒါကို အခွင့်ကောင်းယူပြီး စင်ကာပူ ကစားသမားက ချက်ချင်း ဘောလုံးတည်၊ နောက်တယောက်ကို ထိုးပေးပြီး ကန်သွင်းသွားတယ်။ ဒါကို ကွင်းလယ်ဒိုင်က ဂိုးအဖြစ်ပေးလိုက်တယ်။ အမှန်ဆို ဖြစ်သင့်တာက ဒိုင်လူကြီးက လဲနေတဲ့ သူကို အရင် ကွင်းပြင်ကို ထုတ်ပေးသင့်တယ်။ သူတို့လူက ဂိုးသွင်းပြီးတာတောင် ထနိုင်သေးတာ မဟုတ်ဘူး။ ပြီးတော့ ဘီးကုတ်နားမှာဆို ဖြစ်ရမှာက တံတိုင်းကာခိုင်း၊ ၀ီစီမှုတ်ပြီးမှ ကန်ရမှာ။ အခုတော့ဗျာ... ဂိုးလဲ ပေးသေးတယ်.. ကွန်ပလိန်း တက်တဲ့ အောင်အောင်ဦးကိုလဲ ထုတ်တယ်ဗျာ.. ညစ်ပတ်လွန်းအားကြီးတယ်..”ဟု မိတ်ဆွေက မကျေမနပ် ရှင်းပြသွားသည်။

ဖြစ်ပြန်ပါပြီ။ လွန်ခဲ့သော တိုက်ဂါးဖလားဟု နာမည် မပြောင်းခင် ကာလတုန်းကလဲ ဒီစင်ကာပူနဲ့ တွေ့တုန်းမှာ ဂျပန်ဒိုင်ရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်ကြောင့် ပွဲကို အကျည်းတန်စေခဲ့ပါတယ်။ တက်သစ်စ ဂိုးသမား ထွန်းထွန်းလင်းမှာလဲ ရာသက်ပန် ပွဲပယ်ခံခဲ့ရပါတယ်။ နောက်နေ့တော့ ကျွန်တော်လဲ နက်ဆိုင်ကို ခပ်စောစော ပြေးပြီး ညက ပွဲပြန်လည် ရှာဖွေကြည့်ရှုခဲ့ပါတယ်။ ကျွန်တော့် မိတ်ဆွေပြောတဲ့ အတိုင်းပါပဲ။ အောင်အောင်ဦးဟာ ကွန်ပလိန်းတက်လို့ မရတဲ့အခါ ဒေါသအလျှောက် ဗီယက်နမ် ဒိုင်ကို တွန်းထိုးမိပါတော့တယ်။ ပြောရမယ်ဆို ကစားသမား သက်တမ်းတလျှောက် အောင်အောင်ဦးဟာ သန့်ရှင်းသော ကစားသမား ပီသသော ကစားသမား တဦးဖြစ်ပါတယ်။ ဘယ်ကစား သမားမဆို ဒီလိုဖြစ်ချင်လှတယ်တော့ မဟုတ်ပါဘူး။ ဒါဟာ သက်သက် ညစ်ပြီး တဖက်သတ် ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အောင်အောင်ဦး အနီကဒ်အပြခံရပါတယ်။ ပြီးတော့ ပွဲကစားချိန် ၁၀မိနစ်ခန့် ရပ်ဆိုင်းထားလိုက်ပါတယ်။ ဗီယက်နမ်ဒိုင်ရဲ့ မျက်နှာဟာ ကြောက်ရွံ့စိုးရိမ်နေပုံ ပေါ်ပါတယ်။ သူဘာလုပ်ခဲ့တယ် သူအသိဆုံး ဖြစ်ပါလိမ့်မယ်။ အာရှဒိုင် တချို့နှင့် ဒေသတွင်း ထိုင်း၊ ဗီယက်နမ်နိုင်ငံများက ဒိုင်လူကြီးတွေရဲ့ မြန်မာ အပေါ် အညှိုးအတေးထား မညီမျှသော ဆုံးဖြတ်ချက်တွေဟာ မေးခွန်းထုတ်စရာ တွေဖြစ်လာပါပြီ။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် မည်သူမဆို မကျေနပ် ပေါက်ကွဲ မိမှာပါပဲ။ ကျွန်တော်လဲ ထိုနေရာမှာဆိုလဲ ထို့ထက်ဆိုးအောင် ပြုလုပ်မိမည် မှာ မလွဲပါဘူး။

ခြေစွမ်းအရ စစ်မှန်စွာ ရှုံးနိမ့်ခြင်းကို လက်ခံနိုင်ပေမယ့် ဒီလို ညစ်ပတ်သော ဆုံးဖြတ်ချက်များ ကြောင့် အနိုင်ယူသွားခြင်းကို လက်မခံနိုင်ပါ။ ဗီယက်နမ် ဒိုင်ရဲ့ မတရားသဖြင့် ဆုံးဖြတ်ချက်များကို ဖီဖာသို့ တိုင်ကြားသင့်ပါတယ်။ ပြီးတော့ အရှေ့အတောင် အာရှ အသင်းများတွင် မြန်မာ၏ ရပ်တည်ချက်သည် ပြတ်သားကြောင်း ပြသဖို့ လိုပါတယ်။ နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ လိုပါလိမ့်မယ်။ ဆက်လက်၍သာ ဒီအတိုင်း နောက်ပြိုင်ပွဲများတွင် ကျွန်တော်တို့ မြန်မာ အသင်းအား တဖက်သက် နှိမ်ချမှု များ ပြုလုပ်လာခဲ့ပါလျှင် ကျွန်တော်တို့ အနေနဲ့ သြစတြေးလျ လမ်းစဉ်ကို လိုက်ဖို့ ဆုံးဖြတ်သင့်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဇုံပြောင်းရွှေ့ ကစားသင့် ကစားရပါလိမ့်မယ်။ ဖြစ်နိုင် မဖြစ်နိုင်တော့ ကျွန်တော် မသိပါဘူး။ ဆက်လက်၍ မတရား သဖြင့် ဆက်ဆံနေမည်ဆိုပါက တိကျပြတ်သားသော ရပ်တည်ချက် တခုကို လုပ်ပြသင့် ပါကြောင်း .....။

Read Users' Comments (1)comments

အန္တရာယ်ကင်းဘေးရှင်း

wallpaper ထဲက ဒီပုံလေးတွေ့ပြီး တွေးစရာလေး ဖြစ်လာတယ်။ အဟတ် ပေါက်ကြတယ်နော်။


Read Users' Comments (2)

တောင်ကြီးမြို့နှင့်တန်ဆောင်တိုင်

တောင်ကြီးတန်ဆောင်တိုင်က ပြီးသွားတာ ကြာပါပြီ။ ကျွန်တော်ခပ်ငယ်ငယ် ၆နှစ်သားတုန်းက တောင်ကြီးကို တန်ဆောင်တိုင်မှာ ရောက်ဖူးပေမယ့် တော်တော်လေး ကြာနေပြီဆိုတော့ သိပ်မမှတ်မိတော့ပါဘူး။ တောင်ကြီးတန်ဆောင်တိုင်ကို သွားချင်ပေမယ့် အခြေအနေ မပေးသေးတာကြောင့် မသွားဖြစ်သေးဘူး။ ဒါပေမယ့် တချိန်ချိန်တော့ သွားမယ်လို့တော့ ဆုံးဖြတ်ထားတယ်။ မြန်မာပြည်အနှံ့မှာလဲ ကျွန်တော် သွားချင်တဲ့ နေရာတွေ အများကြီး ကော့သောင်းအငူကနေ ဟိုးထိပ် နာဂတောင်တန်းတွေထိ သွားချင်စရာ နေရာတွေ အများကြီး။ တောင်ကြီးကို ကျွန်တော် မသွားဖြစ်ပေမယ့် ကျွန်တော့်ညီမလေး တစ်ယောက်က တောင်ကြီးသွားရင် ဓာတ်ပုံလေးတွေ ရိုက်ခဲ့မယ်ဆိုပြီး ရိုက်လာပါတယ်။ ဒါပေမယ့် သူက တောင်ကြီးတန်ဆောင်တိုင် အပြင် အင်းလေးတို့ပါ သွားတယ်ဆိုတော့ မကြာသေးခင်ကမှ ပြန်ရောက်ကြတယ်။ သူရိုက်ခဲ့တဲ့ပုံတွေက အများကြီးပဲ။ ကျွန်တော်နဲ့အတူတူ တောင်ကြီးမြို့ကို မရောက်ဖူးသေးတဲ့ သူငယ်ချင်းတွေ ကြည့်ရှုဖို့ ဝေမျှပေးလိုက်ပါတယ်။ ဓာတ်ပုံများကို ပေးပို့ပေးခဲ့သော ညီမလေး ပန်းမြတ်ရေ ကျေးဇူးနော်။


ရှမ်းတောင်တန်းတွေကြားက ခရီးလမ်းလေးတခု (ကျွန်တော်အရမ်းကြိုက်တဲ့ လမ်းလေးတွေက အဲ့ဒိလို တောင်တန်းတွေ ကြားက လမ်းလေးတွေပါပဲ)


ရှမ်းတောင်တန်းတွေဟာ ရှမ်းလူမျိုးတွေရဲ့ သဘာဝပြယုဂ်တခုလဲ ဖြစ်ပါတယ်။


တောင်ပတ်လည်ဝိုင်းနေတဲ့ ကြားက မြို့။ (ဓာတ်ပုံကြည့်တာနဲ့ကို တကယ်သွားချင်နေပြီ)


အစိမ်းရောင်တခင်းလုံး လတ်ဆတ်ကြည်စင်လို့...။


ပွဲဈေးတန်းမြင်ကွင်း


ဘုံကထိန်ပွဲ ဆင်ယင်နွှဲ


နေ့လွှတ်မီးပုံးအတွက် အောက်ဆွဲ (ဟုတ်ကဲ့ အမှန်ကို ပြန်ပြင်ပေးသွားတဲ့ anonymous နဲ့ ညီမလေး ပန်းမြတ် ကိုကျေးဇူးတင်ပါတယ်)


မီးပုံးလွှတ်ဖို့ ပြင်နေကြပြီ..


ငြိမ်းချမ်းရေး ချိုးဖြူငှက်တွေ...


ဆင်ဖြူတော်ပျံ...


ရွှေပွဲလာ ပရိသတ်တွေပေါ့..


ငှက်တော့ငှက်ပဲ ဘာငှက်လေးလဲ မသိဘူး .. အပြာရောင်ငှက်....:)


ရွှေငါးလေးတွေ...


ကောင်းကင်မှာ ပျံဝဲ မီးပုံးလေးတွေ လွှတ်တဲ့ပွဲ..


ရောင်စုံမီးပန်းတွေနဲ့ ညပိုင်းလွှတ်တဲ့ မီးပုံး


တောင်ကြီးမြို့ တန်ဆောင်တိုင်ကို ကိုယ်ကိုတိုင် မသွားပေမယ့် ညီမလေး ပန်းမြတ် ပေးပို့ပေးတဲ့ ပုံတွေကြည့်ပြီး တကယ်သွားလိုက်ရသလိုပါပဲ။ ရှဲရှဲ...။ နောင်နှစ်များမှာတော့ ကျွန်တော်လဲ ကိုယ်တိုင် သွားဖို့ ပိုပြီး အာသီသ ပြင်းပြသွားပြီဗျာ။ ကဲဘယ်လိုလဲ တောင်ကြီးက အန်တီနိုင်းနိုင်းတို့၊ အမခေးအော့စ်တို့၊ ဒိုဒီတို့ရေ.. နောင်နှစ် လည်လည် လာမယ်နော့။ :)


Read Users' Comments (2)