twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အောက်စလွတ်နေသည့် တနင်္ဂနွေသတို့သမီး၏ အလိုမတူသော ကြယ်မှုန်ကြယ်မွှား ဆံပင်ဖားလျား

ညက ပါးစပ်ဖြဲ၍ ခြင်းလုံးခတ်နေလေသည်။ ကွေးကားနေသော လ၏ အင်္ကျီကော်လံသည် အိပ်မှုန်စုံမွှား နာရီ၏ မျက်လုံး တစုံကဲ့သလို့ မီးလျှံခိုးများကို ဖျော်သောက်နေ၏။ လမ်းမီးတိုင်များက တစ်ပိုင်းတစ်စ ဖာထေးထားသော ချုပ်ရိုးကြောင်း ကြီးလို ကပိုကရိုလမ်းမနှင့် မဒမ်ကျူရီ၏ မြို့ပြက ကော်ဖီခါးခါး တစ်ခွက်မှာပြီး ဆောင့်ကြောင့် ထိုင်နေသည်။ ထိုသို့ ဆောင့်ကြောင့် ထိုင်ကတည်းက ပင် ဘဝက အောက်စလွတ် ခဲ့ရခြင်း ဖြစ်လေသည်။ ဤသို့ ဒုက္ခဆူးခက်များ မိုးပျံပူဖောင်းကဲ့သို့ တထောင်လွှားလွှားရှိခဲ့ရသော အချိန်ကာလများကား အိပ်ဆေးပုလင်း သောက်ချင်လှပေတော့၏။ ဟစ်တလာ၏ အိပ်မပျော်သောညများ အတွက် ဂျနီဖာလိုပက်ဇ်၏ လေလည်ခြင်းကို လေလံတင်မည်ဟု မကြားခဲ့ရပါ။ သိန်းခိုမြို့ကြီး ပျောက်ဆုံး ပျက်ဆီးသွားခိုက် လီနင်၏ လှေတစ်စင်းက သိမ်းမြစ်ထဲ ပေါလော မျောပါ... အဲ့ဒိညက မိုနာလီဇာဟာ ရော့ခ်အင်ရိုးလ် တေးသွားနဲ့ ကနေ၏။ ထို့ကြောင့်ပင် နစ်ဆင်၏ ပြင်းစပ်ခါးသွေ့သော ခေါင်ရည်တစ်ခွက်သည် “အပျိုမ” ဆန်စွာ ရယ်သွေးသွမ်းနေတော့သည်။ ဒါလည်း တုပ်ကွေး တစ်မျိုးပါပဲ.. လေတိုက်တိုင်း လှုပ်ယိမ်းသော မယ်ကမ္ဘာ၏ ၂၃ ၁/၂ ဒီဂရီစောင်းနေသော မျက်လုံးရွဲရွဲကြီးများ အား အရည်ဖျော်ပစ်လိုက်ချင်သည်။ “ဂလိန်း...ဂလွမ်း” ဟု အသံမြည်ကာ ငုံ့၍ငိုလိုက်သော ပဲရစ်မျှော်စင်မှာ ကြယ်များ “ရှုး” ခနဲ ထိုးပျံခြင်းကို ခံလိုက်ရ၏။ တနင်္ဂနွေသတို့သမီးကတော့ ဂမ္ဘီရသစ်ငုတ်တို ပေါ်တွင် ထိုင်လျှက် “အရာအားလုံးကို သိမ်းပိုက် ပစ်လိုက်ပြီ”။ ထို့ကြောင့်ပင် ရှည်ရှည်မျောမျော ချစ်ခြင်းဇောဖြင့် ကသော ကမျော ကဗျာ တစ်ပုဒ်ကို ထုဆစ်လိုက်ရပေတော့သည်။

လူကူးမျဉ်းကြားက မကူးတဲ့
နေရောင်ခြည်တွေ
ဘဲဥခြင်းထဲ ကပ်ပါသွားတယ်
“ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်”
အမြစ်တွေ ညှပ်တဲ့ ဆံသဆရာအတွက်တော့
အဲ့ဒိလေပြေက နောက်မြှီးပြတ်နေလေရဲ့

ခုံဖိနပ်တစ်ရံ အတွက်
အခွင့်အရေးတိုက်ပွဲတွေနဲ့
ချာချီရဲ့ နားကပ်တစ်ဖက်မှာ
ရေတွင်းပျက်ကြီးတစ်လုံး....
ငတိမကြီးရေ....
သံသရာလည်ခြင်းနဲ့
လေလည်ခြင်းဟာ ထပ်တူကျခဲ့ပေါ့..

မထိတထိ ပစ်ပြသွားတဲ့
အပျိုမလေးရဲ့ မျက်ခုံးစ အဖျားအနားမှာ
ပင်လယ်နက်ကြီး တစ်စင်းရှိလေရဲ့
ကိုယ်ကတော့
စက်ြဝဠာကို ခေါင်းအုံးလုပ်ပြီး
လေဘောလုံးကြီး ကားယား စီးသွားချင်ခဲ့တယ်။

တကယ်တော့
ကောင်ဆိုးမကြီးရေ..
အတွင်းခံ မပါတဲ့ ရာသီဥတုဟာ
အမိန့်မချမှတ်ခင်မှာ
ကင်ဆာ.. ဖြစ်သွားခဲ့တော့တယ်။

(မှတ်ချက်။ ။ လူနားမလည်သော ဦးတည်ရာမဲ့ နမိတ်ပုံဆန်းများ ဖြင့် ရေးသား ထားသော စာများကို လှောင်ပြောင်လို၍ ကျွန်တော်၊ သူရဿဝါ၊ ဇာတိ၊ ရိုးရာ တို့မှ ဤ ပေါက်ပန်းလေးဆယ် ကဗျာအက်ဆေးကို ပူးပေါင်း လိုက်ကမြင်းလိုက်ရပါကြောင်း...ဒန့်...တန့်...တန့်)

Read Users' Comments (5)

စာမျက်နှာ ၁၃

သိုးတစ်ကောင်လို ရိုးသားခြင်းနဲ့
မဲမှောင်နေတဲ့ အဆုံးသတ် ပင်လယ်ပါ
ဇာဘုရင်လို ဇာတ်သိမ်းခန်းမှာ
တိတိပပ လိုက်ကာချသွားတယ်။
မိုးတွေ ရွာနေခဲ့တာတောင် မသိခဲ့ဘူးကွယ်
လှိုင်...နေတဲ့ ပန်းပွင့်တွေနဲ့
ညက ငါ့ကို အလိုက်သင့် ချော့မြူလို့
ရိုးဂုဏ်တွေ သိမ်းထုပ်ခဲ့ပြီး
ရာထောင်ချီတဲ့ မင်းအငွေ့အသက်တွေ ကျန်ရစ်
သူလိုငါလို....
ရယူခြင်း မဲ့ခဲ့ပြီး
ဿအက္ခရာလို
ဝါကျင် နေတဲ့ ထော်လော်ကန့်လန့် ကောင်
သောက တွေ ပေကျံချင်ပေကျံပါစေ တော့ကွယ်
တဘဝလုံး လောင်ကျွမ်း ပစ်လိုက်နိုင်ရဲ့
ရုပ်သေ ကားချပ် တစ်ခုလို ပါပဲ
သေးငယ်တဲ့ အိမ်ကလေးဟာ ဝေးရင်းဝေးသွားတယ်
လင်းလိုက် မှောင်လိုက်
ရမ်တစ်ခွက်နဲ့ တနင်္ဂနွေဟာ
မာကျော သေသပ်စွာ ငါ့ကိုထားရစ်ခဲ့တော့တယ်။
သိုး...သွားတဲ့ ဇာတ်လမ်းဟောင်း တစ်ပုဒ်
ထိန်းသိမ်းမှု မရှိတဲ့ ပြတိုက်တစ်ပုဒ် ဖြစ်သွား
မြေပြင် တစ်ခုလုံး ဥပက္ခာပြုပြီး
မှုန်ရီေ၀၀ါး နေတဲ့ တောလမ်းလေးကို ငါလျှောက်ရအုံးမယ်
လွင်ပြင် တစ်ခုလုံး မိုးကြိုးတွေ ထစ်ချုန်းပါစေကွယ်
မင်း တားမြစ်တယ် ဆိုရင်တောင်.. ငါဟာ
ယွန်းရလိမ့်အုံးမယ်....
သစ်လွင်မှု မရှိတော့တဲ့ ဂစ်တာလေးရေ...
ကြက်တွန်သံ မကြားရတဲ့ ဝေလီဝေလင်း တွေဟာ
သွန်ချ ပစ်ခဲ့တဲ့ ရက်သတ္တပတ်တွေနဲ့တူတယ်
.................တကယ်တော့ ကောင်မလေးရယ်....
ပိုးမျှင်တွေ ထိရှပြီးမှ... ငါဟာ
ဥဒါန်းတွေ ကျူးရင့်နေ မိတော့ တယ်။

(ကျွန်တော် ခင်မင်တဲ့ သူငယ်ချင်းတွေရဲ့ နာမည်ကို ကဗျာအဖြစ် ရေးဖွဲ့ပါသည်)

Read Users' Comments (1)comments

မထူးဇာတ်

ကျွန်တော်တို့ ညနေဟာ
ဗော့ဒ်ကာ တခွက်နဲ့ ပြည့်လျှမ်းလို့...
ဆာလောင် မွတ်သိပ်မှုကို မဖြည့်ဆည်းနိုင်ပေမယ့်
ကျွန်တော်တို့ဟာ အသိဉာဏ် မဲ့တုံးနေတဲ့ ကောင်တွေ မဟုတ်ဘူး
အိုင်ဒီယိုလိုဂျီတွေ မြင်မကောင်းအောင်
ရွတ်နေကြတဲ့ သေချင်းဆိုး ဖက်ရှင်သမားတွေထက်စာရင်
ကျွန်တော်တို့က သာတယ်...
မမှန်ဘူး ဒါပေမယ့် မှားတယ်
မမှားဘူး ဒါပေမယ့် မှန်တယ်
ကျွန်တော်တို့ဟာ ကိုယ့်သေတွင်း ကိုယ်တူးမယ့်
လူမိုက်စစ်စစ်တွေ ဖြစ်တယ်...
ခပ်ရိုင်းရိုင်း သမိုင်းတွေနဲ့
ကျွန်တော်တို့ ချစ်တဲ့မြေ
တနေကုန် တနေခန်း ခါးနေရင်တောင်
ကျွန်တော်တို့ဟာ မိုက်တွင်းနက်စွာ
ယုံကြည်ချက်ကို စွဲကိုင်တယ်....
ခင်ဗျား...
ကျုပ်တို့လောက် မမှောင်ရဲရင်
မရဲတရဲ အလင်းတွေနဲ့ လာမလင်းနဲ့
အိမ်ပြန်ချိန် ပျောက်တဲ့ လမ်းတစ်ခုကို
ကျွန်တော်တို့ လျှောက်တယ်
ကျရှုံးခန်းတွေ အထပ်ထပ် လွတ်ကျခဲ့ရင်တောင်
သဲတရှပ်ရှပ်.... ရာဇ၀င်တွေကို
ကောက်ယူရဲတယ်
ဂျီးအလိမ်းလိမ်း ထနေတဲ့ နံရံတွေ ပြိုကျ
တံခါးပေါက် မရှိတဲ့ ဟင်းလင်းပြင်ကို ငါတို့မက်တယ်...
ဟောဒီမှာ...
သေချင်းဆိုးတွေရေ...
ကျုပ်တို့ဟာ ခပ်ရဲရဲ ရှေ့ထွက် အော်ဆဲရဲတဲ့ ကောင်တွေ ဖြစ်တယ်...
ကဲ.... ခင်ဗျားနဲ့ ကျွန်တော် စီးချင်းထိုးမယ်....။

(မနေ့က ညနေက ကိုမြေမှုန်လွင်ကိုသိုးထိန်းကိုမိုးလှိုင်ည အပါအ၀င် အခြားသော ကျွန်တော့် သူငယ်ချင်း ကဗျာဆရာများ နှင့် စကားစမြည်ပြောရင်း တထိုင်တည်း ရေးဖြစ်ခဲ့တဲ့ ကဗျာလေး ဖြစ်ပါတယ်။)

မင်းယွန်းသစ်

Read Users' Comments (2)

ခေတ်မှီသွားပြီ

ကျွန်တော် တုပ်ကွေးဖြစ်နေပြီဗျို့.။ အဟဲ လူတုပ်ကွေးတော့ မဟုတ်ဘူး။ နတ်တုပ်ကွေး..အဲလေ. ရာသီတုပ်ကွေးပါ။ သူများတွေ မဖြစ်တော့တဲ့ အချိန်ကျမှ ကျွန်တော်က ထဖြစ်တယ်လေ။ ပြီးခဲ့တဲ့ ၂ရက်က ဖြစ်တာ။ အပူကြီးတာများ လူးလိမ့်နေတာပဲ။ ဆေးခန်းကို စိုးရိမ်တကြီး စဖြစ်တဲ့နေ့ကတည်းက သွားပြတာ “ဘုရား..ဘုရား.. ဝေဘာဂီကို လစ်ရပြီလားမသိ” ဆိုပြီးလေ။ ပြီးခဲ့တဲ့ တပတ် အတွင်းက နိုင်ဂျံကားက လာတဲ့လူနဲ့ တွေ့တယ်။ နာရည်တောက်တောက် ယိုတယ်။ အပူကြီးတယ်။ ခေါင်းအုံတယ်..။ အပူချိန် ၁၀၂။ တော်သေးတာပေါ့။ ဆရာဝန်က ဘာမှမပူနဲ့ ရာသီတုပ်ကွေးပါဆိုလို့။ ၂ရက်လောက် လှိမ့်နေအောင် ခံလိုက်ရပြီ အခုမှ နည်းနည်း သက်သာလာတယ်။ ခံတွင်းကလဲ ပျက်နေတယ်။ ဘာမှ မစားချင် မသောက်ချင်ပဲ။ (မှန်လဲ နေ့တိုင်းကြည့်တယ် ဖျားတာလေးနဲ့ရောပြီး ဗိုက်ကလေးများ ကျသွားမလားလို့.. ဟတ်ဟတ် လုံးဝပဲဗျာ)။ အခုလဲ မေးလ်ခဏလာစစ်ရင်းနဲ့ လက်ဆော့ပြီး ရေးလိုက်တာပါ။ ဂတ်...ဂတ်...ဂတ်.. အဲကွန်းက အေးတယ်ဗျာ..။ ပြန်လစ်တော့မယ်..။ အားလုံးတတာနော်...။

စာကြွင်း။ ။ ဟိုနေ့က ကမန်းကတန်း စာရိုက်လိုက်တာ ၁၂၀ ဖြစ်သွားတယ် ချောတီး..။ :P

Read Users' Comments (2)

စက္ကူနဲ့ လုပ်ထားတဲ့ကြယ်


(၁)


ထစ်ထစ်ချုန်းချုန်းရွာသည်။ သံယောဇဉ်မပြတ်သေးသော နေ့လေး တနေ့ဖြစ်၏။ စပျစ်ဝိုင်လေး တစ်ခွက် သည် ညှို့မှိုင်း နေလိမ့်မည်။ ထီးရိပ်ကလေး မိုးရင်း စောင့်နေမိ၏။ ထို့အတူ မှတ်တိုင်လေးသည် လေးသွဲ့လျက် တိတ်ဆိတ်မှုတွေ ပေကျံနေတော့၏။

(၂)

'........'
ချစ်စရာ နှုတ်ခမ်းလေးတွင် အဆိပ်တွေ ပြည့်နှက် နေသယောင်ရှိ၏။ ယန္တရား ဆန်သော လူတွေ နှလုံးသားမဲ့စွာဖြင့် ဥပက္ခာ ပြုသွားကြသည်။ ရင်ခုန်သံ အပိုင်းအစများကား လမ်းမပေါ်တွင် ပြန်ကျဲ့လျက် ရှိ၏။ ထို့နောက် ကျွန်တော့် ကမ်းပါး တစ်ခုလုံး ခမ်းခြောက်သွားတော့ သည်။ ညနေ သုံးနာရီ ထိုးလေပြီ။ ထိုနေ့သည် တနင်္ဂနွေမတိုင်ခင် နေ့ ဖြစ်သည်။

(၃)

ဇာတ်သိမ်းခန်း မရှိတဲ့ ပြဇာတ် တစ်ပုဒ်။ နံရံကပ် အချိန်များ ဝင်ရိုးစွန်း တစ်ခုစာမက အေးခဲ သွားကြ၏။ ပွင့်ဖတ် လေးတွေ လွင့်ကျ ပြီး ငါ့ကို သူများ ချနင်းသွားတာ ခံလိုက်ရသည်။ အဖြေမရှိတဲ့ မေးခွန်းပါ မေးခွန်းမရှိတော့တဲ့ အဖြေသက်သက်ပါ။ ဘယ်သူမှ မကြားနိုင်တော့ဘူး။ သော့ခတ်ထားတဲ့ ရာဇဝင် တစ်ပုဒ်လို ခြေလှမ်းတွေ ပိုးမျှင် တက် သွားခဲ့တော့သည်။

(၄)

အရှင်လတ်လတ် မြှုပ်နှံခံလိုက်ရသော ကျွန်တော်သည် အတီးအတ ညနေ တစ်ခု ဖြစ်၏။ သူမလေး မရှိသော တံခါးရွက်များတွင် ကန္တာရ ဆူးပင်များ ပေါက်ရောက် ကုန်တော့သည်။ အဝါရောင် ဘူတာလေး တွင် နှုတ်မဆက် မိသော ခရီးဆောင် ဂစ်တာ တစ်လုံး ရှိလိမ့်မည်။ ထို့နောက် ကြားဖူးနားဝ မရှိသော ဘာသာ ဗေဒဖြင့် တစ်ယောက် တစ်လေထဲ သူ ငိုကြွေး နေလိမ့်မည်။

(၅)

လွမ်းလဲ လွမ်းသည် လွမ်းလဲ မလွမ်းပါ။ တရက်ပြီး တရက် ဆုတ်ဖြဲ ခံလိုက်ရပြီးသောအခါ ပြက္ခဒိန်များကို ရွံ့ကြောက် လာမိသည်။ နာမဝိသေသန မရှိသော ကျွန်တော့်အား ဘာကြောင့် စိမ်းလန်း ခွင့် မပေးခဲ့မှန်း နားမလည်ခဲ့ပါ။ ကြယ်တွေ အစိမ်းလိုက် ကြွေသွား ခဲ့ပြီးပြီ။ တံတိုင်းတွေ အပြိုင်း အရိုင်း ဖြိုဖျက် ခဲ့ပြီးပြီ။ ကံကြမ္မာသည် ယူဇနာပေါင်း များစွာ ခြားနား ထားခဲ့သည်။

(၆)

ကျွန်တော်သည် ကျွန်တော့်ကိုယ် ကျွန်တော် မသိသေးသော အက္ခရာမဲ့ ကျောက်စာ တစ်ချပ် ဖြစ်သည်။ စကားဝါပန်းလေး များ ပွင့်အံနေကြသည်။ မုတ်သုံကုန်၍ နွေကို ကူးခဲ့တော့၏။ တယ်လီဖုန်းရုံလေးသည် ခေါ်ဆိုသူ မရှိပဲ ဧရိယာပြင်ပ ရောက်နေတော့၏။ ဝေရီ ဝိုးဝါး နေသော နံနက်ခင်းလောက် လတ်ဆတ်သော နံနက်ခင်း မရှိတော့ပေ။နေခြည်တွေ နွမ်းလျအောင် ပူလှသည်။ ထိုနေ့သည် သံယောဇဉ် မပြတ်သေးသော နေ့လေး တစ်နေ့ပင် ဖြစ်ပေလိမ့်မည်။ ထို့အတူ မှတ်တိုင် လေးသည် လဲ ယခင်အတိုင်း တိတ်ဆိတ် ငြိမ်သက်စွာ ရှိနေဆဲ....။

Read Users' Comments (2)

ညီစိမ်းမွေးနေ့

အမှန်တော့ ကျွန်တော် ပုံတွေ ခဏခဏ မတင်ချင်ပါဘူး။ အဟဲ တော်ကြာနေ စာဖတ်သူတွေက ဒီငတိတွေ အားအားရှိ ပျော်ပါး စားသောက် နေတာပဲလို့ ထင်နေပါအုံးမယ်။ ဒါပေမယ့် မနေ့ကတော့ ကျွန်တော်တို့ အဖွဲ့ထဲက ရေးဖော်ရေးဖက် ညီစိမ်း(သိုးမဲ) မွေးနေ့လေ။ မနေ့က သူ့မွေးနေ့မှာ ရိုက်ထားတဲ့ ပုံတွေ ကျွန်တော့် ဘလော့ဂ်မှာ တင်ဖြစ်အောင် တင်ပေးပါလို့ ပူဆာတာနဲ့ တင်ပေးလိုက်ရပါတယ်။ ခဏခဏ စားနေ သောက်နေတာကို မြင်လို့ ဘ၀င်မကျရင်လဲ မုဒိတာ ပွားပေးပါနော်.. အဟီး။ :D


မွေးနေ့ရှင် ညီစိမ်းနဲ့ ဇာတိ

ရိုးရာ၊ ညီစိမ်း နဲ့ ဇာတိ

လင်မယားလို တတွဲတွဲပေါင်းတဲ့ သူငယ်ချင်း နှစ်ယောက်လေ.. အဟတ်ဟတ် ညီစိမ်းနှင့် ရုပ်သေး

ရော့စား...ဒါက အကြိုကျွေးတာနော်

အဘရေ..စားစား.. :P (ကိုအောင်သန့်ကို ခွံ့ကျွေးနေတာ)

ဟဟ လုပ်ကြပါအုံး.. ဇွန်းပါကိုက်နေပြီ.. :P

ဘာတွေ ထိုင်ရေးနေမှန်း မသိတဲ့ လင်းရမ္မာ

စတိုင်ထုတ်နေတာလေ (လှလဲလှဘူးနော်..ဟတ်ဟတ်) :P

အတိုကြီးတို့ အမကြီးတို့ရယ် သားတို့ကို တနားပါ.. :P (ညီစိမ်းနဲ့ သူရဿဝါ)

အော် စားနေပုံက တနားချာ..:P

ရိုးရာကို ခွံ့ကျွေးနေတာ

အောင်သိန်း..ဟာ.. အောင်ငြိမ်းယောက္ခမပါ.. ဒူနန်နန်.. ဒူနန်နန်.. :D

လုပ်ပြီ ကျွန်တော် ဂစ်တာတီးပြီဆို.. မုန့်တွေ လာလာခွံ့ကြတယ်.. အဟဲ အဲ့လို အားပေးကြတာ... :P


ကိုမြေမှုန်လွင်လဲ မနေရဘူး လိုက်ခွံ့ကျွေးတာပဲ.. :)

ရော့ဗျာ.. ကိုအောင်သန့် စကားသိပ်ညားတယ်..။

လင်းနီညိုရေ.. အ၀သာစား.. :P

အား... ဖြေးဖြေးကျွေးပါဟ.. ပါးစပ်ပြဲတော့မယ်..။ :P

ဧည့်သည်လဲ မနေရဘူး.. ဇွတ်

ကန်တော်ကြီးမှာ ဒီလို တပျော်တပါး ၀ိုင်းလို့...

လာစမ်း .. သေပြီသာမှတ်.. ငှက်ငှက်.. (ကျွန်တော်၊ ရုပ်သေး၊ ဇာတိ၊ သူရဿဝါ၊ ကိုအောင်သန့်)

ရိုးရာလေ.. ချစ်လို့ ဖတ်ထားတာနဲ့ မတူဘူး.. ဟေ့လူကြီး မပြေးနဲ့... အကြွေးပေး ဆိုတဲ့ အထာနဲ့လေ.. ဟတ်ဟတ် (ကျွန်တော် ကောင်းနေပြီ... :P)

မင်းကြီးများ....(ဖလား........) :D

ဘယ်လိုပုံစံတွေနဲ့ ရိုက်ထားမှန်း မသိဘူး။ (ကျွန်တော် အဲ့ဒိအချိန် ဘာမှ တိတော့ဘူး ဟီးဟီး)

ဝေး..ဟေးဟေး.. (အောင်မယ်.. ဘာအခုမှရှက်နေမှန်း မသိ.. ကဗျာပေါ့.. :) )

ညီစိမ်းရေ.. ငါတင်ပြီးပြီနော်..။ ငါ့ဘလော့လာဖတ်ပြီး အဆဲခံရရင် မင်းတို့ပဲ... ဟတ်ဟတ်..။ ဘလော့ဖတ်သူများ ခင်ညာ.. လွန်တာရှိရင် ၀န္တာမိပါ ခင်ညာ..။ :D

Read Users' Comments (7)

ဂစ်တာ


တညလုံး.... ညှိလို့မရတဲ့
နှင်းဆီကြိုးတွေ ငါ့နံဘေးမှာ
တဖတ်ချင်း...တဖတ်ချင်း.. ကြွေကျ

မှောင်ဝင်တဲ့ ပင်လယ် တစ်ပုဒ်က
ငါ့ သံစဉ်ကို တိုးတိုက်သွားတယ်
တနင်္ဂနွေ ဗုံသံက
ငါ့ကို အက်ကြောင်းတွေ...ထပ်စေခဲ့
တနေကုန် တနေခန်းပါပဲ....
ကန္တာရ သွန်းတဲ့ ငါ့တောင်တန်းမှာ
ဆောင်းခတ်သံတွေ ခိုးဝှက်ခံလိုက်ရတော့တယ်..

ငါ့ကို နက္ခတ်လွဲစေခဲ့တဲ့....ကောင်မစုတ်လေးရယ်...
ခိုးကြောင်ခိုးဝှက်လေး ...........ချစ်တယ်........။

Read Users' Comments (1)comments

ဝေး.....ပြီ

မိုးထဲလေထဲ၊ စိုကာရွှဲလို့
ငမွဲဒီကောင်၊ လွမ်းရိပ်မှောင်သည်
ဘယ်ဆီသောင်ကမ်း၊ မျှော်ရမှန်းမသိ
ချစ်သူလည်းမရှိ၊ ငုံးတိတိနှင့်
မုတ်သုံ အဆက်ဆက် တိုင်ခဲ့ပြီ။

အရိပ်ညိုညို၊ ရှိုက်သံပိုလို့
ကွန်းခိုရာမဲ့၊ လေပြေသွဲ့တည့်
ကျွမ်းခဲ့သစ်ပင်၊ ဆွေးစိတ်ဝင်လည်း
မကြင်သနား၊ ထွက်ခွာသွားသည်
ကြယ်တွေ ကြွေခဲ့ ညအလီလီ။

ဂစ်တာအိုလေး၊ ဆိုကာတေးသီ
နွမ်းအီလှိုက်မော၊ ရင်ခုန်ဇောဖြင့်
ပင့်သက်လှိုင်ဝေ၊ စိုးစိတ်ပွေတယ်
ကယ်သူလဲမဲ့၊ ကျိုးကြေပဲ့၍
ဝေးခဲ့ လေပြီ အို....နှင်းဆီ။

++++++++++++

ဘာရယ်မဟုတ်ပါဘူး။ တနေ့ညက ကွန်ပြူတာရှေ့ထိုင်ရင်း လေးလုံးစပ်ကလေး
ရေးချင်လာတာနဲ့ မတတ်တခေါက်လေး ရေးဖွဲ့ထားတဲ့ ကာရံကဗျာလေးပါ။

Read Users' Comments (3)

နတ်သမီးမဖတ်ဖြစ်တဲ့ အစိမ်းရောင် ကဗျာ

ကြွေ....ကြွေ....ကြွေလွင့်သွားတယ်.....အိန်ဂျယ်လ်
ကစဉ့်ကလျား ရစ်သမ်တွေနဲ့ ငါဟာ သင်္ကေတမှားသွားတဲ့ကောင်
ချဉ်ချင်းတပ် ဆွတ်ပျံ့မှုတွေကို ဟိုးခပ်ဝေးဝေးက လှမ်းအော်
ဘယ်သူမှ မသိပဲ လင်းချင်းနေခဲ့မိတယ်
တကယ်တော့ လဲ....
အိန်ဂျယ်လ်ရယ် ....ငါတို့ဟာ ဝေးလွန်းမက ဝေးလွန်းပါတယ်
ဒါပေမယ့်....ငါက မက်မက်မောမော လှမ်းကြည့်နေမိတုန်းပါပဲ

အိန်ဂျယ်လ်ရယ်.....
မင်းရာသီဥတုမှာ သွန်းဖြိုက်ရွာလိုက်တိုင်း
ငါ့ဗဟိုပြုရာမှာ မုန်တိုင်းတွေ သဲထန်နေခဲ့တယ်
ဘယ်သူသိနိုင်မှာတဲ့လဲကွယ်
ပြောရေးဆိုခွင့် မရှိတဲ့ အလွမ်းတွေ
ငါ့အဟောင်း သေတ္တာလေးထဲ ထည့်သိမ်း..
မင်းနဲ့ငါနဲ့ တဖက်တချက်စီ စိမ်းလွန်းနေခဲ့တယ်

အိန်ဂျယ်လ်.....
ခပ်ဖွဖွလေး ရွတ်ဆိုရင်း ငါဟာ ခိုးကြောင်ခိုးဝှက် စက္ကူငှက်လေး တစ်ကောင်
ဒါမှမဟုတ် ကြိုးပြတ် သွားတဲ့ ခပ်အအ စွန် တစ်ခု ပေါ့....
ဘာပဲဖြစ်ဖြစ်....ဘာပဲဖြစ်ဖြစ်....ပေါ့ အိန်ဂျယ်လ်မလေးရယ်
ငါ့ဒိုင်ယာရီမှာတော့....
မင်းဟာ အက်ကြောင်းထပ် နေတဲ့ စကားလုံးမလေးပေါ့

ငါ့ကို ကယ်ပါ အိန်ဂျယ်လ်
ငါဟာ ခိုကိုးရာမဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ ရုပ်ကြွင်းတစ်ခုပါ
ဟောဒိရင်ဘတ် နှစ်ခြမ်း သမုဒ္ဒရာမက ခြားနားချင် ခြားနားပါစေကွယ်
ငါ့ကို ကယ်တင်ပါတော့ ကောင်မလေးရယ်

တစ်ကြိမ်တစ်ခါတော့ ငါ ချိုမြပါရစေ
တစ်ကြိမ်တစ်ခါတော့ ငါ မြူးတူးပါရစေ
တစ်ကြိမ်တစ်ခါတော့ကွယ် ငါ ကမ်းကပ်ရပ်နားပါရစေ....အိန်ဂျယ်လ်

အိန်ဂျယ်လ်ရယ်....
အိန်ဂျယ်လ်ရယ်....
အိန်ဂျယ်လ်ရယ်.....
ငါဟာ မင်း နာမ တော်လေးကို ရွတ်ဆိုရင်း
မိုး......စုန်း....စုန်းချုပ်သွားခဲ့တော့တယ်။

Read Users' Comments (3)

နတ်ဆိုးတစ်ကောင်ရဲ့ဖတ်စာ


ဒီလမ်းဟာ... ကိုက်လမ်း...
ဆိုးရွားပြင်းထန်မှုတွေ ဝက်ဝက်ကွဲ ဖောက်ခွဲပစ်နေကြ
ခပ်ပျစ်ပျစ် အနီရောင် မိုးစက်တွေ ငါ့ခေါင်းပေါ်သွန်အံတယ်
ငါ......က
သေဆုံးသွားချင်တာတောင် မသေဆုံးနိုင်သေးတဲ့ ဒုက္ခိတ သားကောင်သက်သက်
၁၅:၄၄ ၊ မိုက်မဲမှု တွေက အတိအကျ အကြွင်းပြတ်တယ်
ခင်ဗျားပဲ ဖြစ်ဖြစ် ကျွန်တော်ပဲ ဖြစ်ဖြစ်.....
ခပ်ကျဉ်းကျဉ်း အယူဝါဒ လည်ပင်းကို ကြိုးကွင်းစွပ်နိုင်တယ်
ဘယ်လိုပဲဖြစ်ဖြစ် ပင်လယ်ချင်း တူတာတောင်
လှိုင်းထန်တာချင်း တူချင်မှတူမယ်
နာရီမှာ လောင်ကျွမ်းနေတဲ့ မီးတောင်တစ်လုံး
ကျုပ်တို့ မိနစ်တွေကို ပိုးစိုး ပက်စက် စားသုံး သွားကြတယ်
သေတမ်းစာ အမှတ် (......)
ကိုယ်ပိုင် နံပါတ်မရှိတဲ့ နယ်နမိတ် သင်္ချိုင်းက
အရိုးပြိုင်းပြိုင်းထနေတဲ့ မကောင်းဆိုးဝါးတွေ
ငါ့ အိပ်ယာဘေးမှာ သွားရည်တွေ တမြှားမြှားကျလို့
သုည မရှိတဲ့ မြို့တော်ဟာ သမိုင်းခပ်ရိုင်းရိုင်းတွေနဲ့
လျှာအဖြတ်ခံလိုက်ရသလို
ဒါမှမဟုတ် ဖောက်ပြန် လွန်ကျူးထားတဲ့ မိန်းမပျက်လို....
သွေးပျက် အေးသွေ့ နေတယ်
တယ်လီဖုန်း ခေါ်ဆိုလို့မရတဲ့ ငရဲသံက ငါ့ရာဇဝင်ထဲကို
လှမ်းလှမ်း ခေါ်တယ်
...................................
မကြားချင်မှ အဆုံးပဲ..... မကြားချင်မှ အဆုံးပဲ
.............................
မကြားချင်..............မှ..................အဆုံးပဲ......။

Read Users' Comments (5)

ကျွန်တော် ဒီနေ့ ဒါတွေလုပ်တယ်

ဆားချက်တာ မဟုတ်ပါဘူး။ ကျွန်တော်အခုတလော ကဗျာဝါသနာပါတဲ့ သူငယ်ချင်းတွေနဲ့ မကြာခဏ ဆုံဖြစ်ကြတယ်။ ပြီးတော့ ကျွန်တော်တို့ ကဗျာချစ်သူတွေချည်းပဲ ကဗျာကလပ်လေး တစ်ခု တည်ထောင် ထားပါသေးတယ်။ ဒီနေ့တော့ ကဗျာဆရာ ဇာတိအိမ်မှာ စုဝေးကြပြီး ပျော်ပျော် ပါးပါး ချက်ပြုတ်စား သောက်ဖြစ်ကြတယ်ဗျ။ ပြီးတော့ ကဗျာဆရာသူရဿဝါရဲ့ အသံဖြင့် ရွတ်ဆိုထားတဲ့ ကဗျာရွတ်သံလေးတွေကိုလဲ ငြိမ့်ငြိမ့်ကလေး နားထောင် ဖြစ်ခဲ့တယ်။ အွန်လိုင်းမှာလဲ ပြန်မျှဝေပေးပါ့မယ်။ တေးသွား နောက်ခံလေးနဲ့ ရွတ်ဆိုထားတဲ့ ကဗျာလေးတွေက မူလကတည်းက ကောင်းပြီးသား ကဗျာလေးတွေကို အချိုသကာရေ ထပ်လောင်းလိုက်သလို တော်တော်လေး နားထောင်ရတာ အိစိမ့်နေတာပါပဲ။ ဒီထဲက ဆရာကြက်သွန်ရဲ့ ကဗျာလေးတစ်ပုဒ်ဆိုရင် ကြိုက်လွန်းလို့ ကျွန်တော်တို့ အဖွဲ့ documentary လေး တစ်ခုရိုက်ဖို့ပါ အိုင်ဒီယာ ရခဲ့တယ်။

အမှန်အကန် ပါးပါးလှီးနေတဲ့ ကျွန်တော်ပေါ့..အဟတ်

ငြုပ်သီးထောင်းနေတဲ့ ရိုးရာ

စားမယ် ၀ါးမယ်ဗျာ။

ဟိုင်းယား.. ( သိုင်းဆရာကြီး သောတ)

ကွန်စွန်းရွက်တွေ ဆေးနေတဲ့ ကိုအောင်သန့်နှင့် ရုပ်သေး

ကဗျာရွတ်သံ နားထောင်ရင်း မုဒ် ၀င်နေတဲ့ ကဗျာဆရာမလေး ပိုးဥ

ပဲများနေတဲ့ ဇာတိ

ဇာတ်ညွှန်းဆြာကြီး မောင်မင်းယွန်းနှင့် အနုပညာ အကြံပေး ဆရာမ ပိုးဥ :)(ကျွန်တော်တို့ အဖွဲ့တွေ ကြိုးစား အားထုတ်ထားတဲ့ ဇာတ်ကားကြီးကို youtube မှာ နောက်လ တင်ပေးပါမည်။ မကြာမှီမျှော်...)

ရိုးရာ၊ ရုပ်သေးနှင့် သောတ

ညနေကျတော့ ဘောလုံးကန်တယ်ခင်ဗျ။ ဒီပုံက သောတလေ MOWA F.C ရဲ့ တိုက်စစ်မှူးပေါ့။

ဒါက ပလာတာ ရုပ်သေး တကယ်ပါဗျာ သောက်ညင်ကပ်စရာ ကောင်းအောင် အလိမ်အခေါက် ကောင်းတယ်။ :)

ဒါက သူရဿဝါ (ပဲကလဲ များသေးတယ်။ သူ့ကိုယ်သူ ဒိုလေး ဆိုလား ဘာဆိုလား။ တူတာဆိုလို့ ယောက်ျားချင်း ဖြစ်နေတာပဲ ခွိခွိ)

ဗလကောင်းကောင်းနှင့် ရိုးရာ အဟိ

ခြေပစ်လက်ပစ်ပဲဗျာ ဘောလုံးနောက် လိုက်ရတာ မောသွားပြီ :P



Read Users' Comments (3)