twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon
Showing posts with label တောင်ရောက်မြောက်ရောက်. Show all posts
Showing posts with label တောင်ရောက်မြောက်ရောက်. Show all posts

ပျိုတို့မောင်ကန်တဲ့ပွဲ၊ ခွက်ခွက်လန်ပဲ(၂)

ကွင်းထဲမှာ လေ့ကျင့်တော့လဲ အသေမောင်း။ လူလဲ ဖတ်ဖတ်မော ဟေ့လူ ခင်ဗျား ဖလား သိပ်လိုချင်ရင်လဲ ပြောဗျာ ကျွန်တော့်အိမ်က ပလပ်စတစ်ပစ္စည်းရောင်းတာဗျ။ ကော်ဖလားတွေ လိုသလောက် ပေးမယ်ဆိုတော့ ဆဲပါလေရော့။ :P ပြီးတော့ ကျွန်တော့်ကို ချော့မော့ပြီး “ကန်ပါ ဖက်ဖက်ရယ် အခုငါတို့ မေဂျာမှာ ကန်မယ့် သူက သိပ်မရှိဘူး မင်းကြည့်လိုက်လေ ကန်မယ့်ကောင်တွေကိုလဲ” သူပြတော့မှ ကျွန်တော် ကိုယ့်အသင်းကို ကိုယ်ပြန်သုံးသပ် ကြည့်လိုက်တော့ ရှုနာရှိုက်ကုန်း ပန်းနာသမား၊ ဆေးလိပ်သမား၊ ကွမ်းသမား၊ ဂလန်ဂလား (ကျွန်တော်တို့ မေဂျာမှာ သူ အရပ်အရှည်ဆုံးပဲ ၆ပေကျော်မယ်ထင်တယ် သူ့နာမည်ကို ပေးထားတာက ဓာတ်တိုင်တဲ့)၊ ဗိုက်ပူဗိုက်ရွှဲ အံမယ်လေး ဒါ Electronic မေဂျာက စလက်ရှင် တွေပေါ့။


အံမယ် အထင်တော့ မသေးနဲ့ ကျွန်တော်တို့ အသင်း ကန်တော့ ကွာတားအထိတက်ခဲ့တယ်။ ကြားပွဲတွေမှာ လူလောက်နေတော့ ကျွန်တော်က အေးဆေး ကွင်းဘေးမှာ နှပ်နေရုံပဲ။ ကောင်းလိုက်တာ သူများကန်တဲ့နေ့တွေ ကျရင် နိုင်ငံတကာပွဲတွေလို အဆင့်မှီမှီ ဘင်ခရာတီးပြီး အားပေးလိုက်သေးတယ်။ ဟီးဟီး ဘင်ခရာ အစစ်တော့ မဟုတ်ဘူး အဆောင်ပိုင်ရှင် အဖိုးကြီးဆီထည့်တဲ့ ငါးဂါလံကော်ပုံးကြီး မသိအောင် မလာပြီး ဒုတ်တချောင်းနဲ့ “အီးစီ..ဒုန်းဒုန်းဒုန်း.. အီးစီ..ဒုန်းဒုန်း” နဲ့ အားရပါးရ အားပေးတာပေါ့။:P ကွာတား ရောက်တဲ့နေ့ကျတော့ ဖာဂူဆန်ရူးကြီးအဲလေ ဟုတ်ကဲ့ရှင့်ကြီးက ကျွန်တော့်ကို ဒုတိယပိုင်းမှာပါဖို့ ပြောတယ်။ မြို့နယ်ကွင်းမှာ ကျောင်းက ကျွန်တော်တို့ မေဂျာက မမတွေလဲ တခဲနက် လာအားပေးကြသေးတယ်။ အဲ့ဒိနေ့က ကန်ရတာ Electrical Power (EP) အသင်းနဲ့ပေါ့။ ခြေရည်တူနေတော့ ပထမပိုင်း ပြီးခါနီးအထိ တဂိုးမှ မသွင်းနိုင်ကြသေးဘူး။ ခြေရည်တင်တူတာ မဟုတ်ဘူး တခြားသွားတူ နေတာက ဇိုးသမား တွေချည်းပဲ အားလုံး သောက်ဖော် သောက်ဖက်တွေ။ ဟီး။


အဲဒုတိယပိုင်းပွဲပြီးခါနီးတော့ EP က ထောင့်ကန်ဘော ကန်ခွင့်ရတယ်။ အဲ့ဒိမှာ အီးပီက ဒိုးကလေး ဆိုတဲ့ အကိုကြီး ကန်တယ်။ (ဒိုလေး မဟုတ်ပါ။ သူ့နာမည်က ဒိုးကလေးတဲ့လေ ဘောလုံး အခြေခံတော်တော်ကောင်းပါတယ်) ဘယ် အဲ့ဒိတုန်းက ရူနီ၊ ဒိုလေး တို့ ဘယ်နား ရောက်နေလဲ မသိဘူး။ EPL တောင် မရောက်သေးဘူး။ ကျွန်တော်တို့က မြို့နယ်ကွင်းကြီးမှာ ကျောင်းလက်ရွေးစင်အဖြစ်နဲ့ တောင် ကန်နေပြီလေ။ (ဟီးဟီး ကြံဖန် ကြွားရတာ) ။ ပြန်ဆက်အုံးရဲ့။ ဒိုးကလေး ကန်လိုက်တဲ့ ဘောလုံးဟာ တိကျစွာပဲ ဂိုးရှေ့လူအုပ်ကြားထဲ ကျပါတယ်။


အဲ့ဒိအချိန်မှာ လူအုပ်ကြားထဲက ဂလန်ဂလားကြီးနဲ့ အမြင့်ကို ခုန်ပြီး ဘောလုံးကို တိကျစွာ ခေါင်းတိုက်လိုက် သူကတော့ တခြား မဟုတ်ပါ ဘူး ကျွန်တော်တို့ အသင်း က ဓာတ်တိုင်လို့ ခေါ်တဲ့ တိုင်ကြီးပါ။
“ဂိုး.....”
“ဟာ...”
ဟိုက် သွားပြီ တိုင်ကြီး ဟုတ်တိပတ်တိ သွင်းလိုက်တာက ကိုယ့်ဂိုးကိုယ်။ ဒါမျိုးကျ တိကျလိုက်တာ တိုင်ကြီးရယ်လို့ ဟုတ်ကဲ့ရှင့်ကြီးက ငိုသံပါကြီးနဲ့ ကျွန်တော့်ဘေးမှာ ညည်းနေလေရဲ့။ ညည်းမှာပေါ့ သူရယ် အခန်းထဲက ကျွန်တော်တို့ မေဂျာက မမတွေရယ်က အီးပီက ဟာတွေနဲ့ လောင်းထားကြတာတဲ့။ ငါးပုလင်းဆိုလား ခြောက်ပုလင်းဆိုလား။ ဒါနဲ့ ပထမပိုင်းပြီး သွားရော။ အံမယ်လေး ပထမပိုင်းပြီးတော့ အီးစီက ကစားသမားတွေက အမောပြေ စီးကရက်တွေ တလှိုင်လှိုင် ထိုင်သောက် နေကြသေးတယ်။ အံ့ရော။ ဒါနဲ့ ဒုတိယပိုင်း ကျတော့ လူလဲ တယ် လူလဲတော့ ကျွန်တော် ၀င်ရတာပေါ့။ နောက်တန်း တောင်ပံနေရာ။ အဲ့ဒါမှ ကွိုင် ဒိုးကလေးဆိုတဲ့ အကိုကြီးကို မနည်းထိန်းရတယ်။ သူက ကျွန်တော် တောင်ပံနဲ့ ထိပ်တိုက်ကြီးမှာ ကစားတာ။


ဖြစ်ချင်တော့ မိုးက ရွာလာပါတယ်။ နောက်ထပ်လဲ ဂိုးမသွင်းနိုင်တော့ဘူး။ ကျွန်တော်တို့ တိုက်စစ်မှူးတွေကလဲ အားကိုး ရတယ် လျှာ တစ်တောင်လောက် ထွက်နေပြီ။ ခြေထောက်တွေက နောက်ပြန်လှည့်ချင်နေပုံနဲ့။ ဒါနဲ့ တချီတော့ အလယ်တန်းနဲ့ အရှေ့တန်းသမားတွေ တိုက်စစ်လိုက် သွားတော့ ဟိုဘက် အသင်းက လျှက်တပြတ် ကောင်တာ ထောင်ချောက် ဆင်ပြီး တရကြမ်း ဆွဲလာပါတယ်။ ဆွဲလာသူကတော့ တခြားလူ မဟုတ်ဘူး ဒိုးကလေးပါပဲ။ လှစ်လှစ် လှစ်လှစ်နဲ့ ပြေးလာလိုက်တာ။ အလယ်တန်းမှာ ဘယ်သူမှ မရှိတော့ဘူး။ နောက်တန်းမှာ သုံးယောက်ပဲ ရှိတော့တယ်။ ဒွတ်ခပဲ။ ဒါနဲ့ ကျွန်တော်လဲ ကွင်းလယ်ဘက်ကို ထွက်ပြီး ပိတ်မယ်လုပ်တော့ ဒိုးကလေးက ကျွန်တော်တချက်ခေါက်ပြီး လိမ်သွားတယ်။ (တင်းသွားပြီ) အလိမ်ခံလိုက်ရလို့ အတင်းအနောက်က ပြန်လိုက်သွားတယ်။ နောက်တန်းက နောက်တယောက်က ဒိုးကလေးကို ပိတ်တယ်။ ထပ်ခေါက်သွားပြန်တယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို ပြန်မှီသွားတယ်။ ကွင်းပြင်က အသံတွေက ညံနေတာပဲ။


“ဖက်တီးကလေးရေ ပြေးထားဟ၊ ဟဲ့ ပြေးဟဲ့ ကောင်လေးရဲ့”


ကြီးတော်မတွေပေါ့ သူတို့ လောင်းကြေး ရှုံးမှာစိုးလို့ စွတ်အော်ခိုင်းနေတယ်။ ဒီမှာ ပြေးရတာ သေတော့မယ်။ ဟင့် ။ ကျွန်တော့်မှာ ဗိုက်ကလေး ရှေ့ပစ်ကာ ပစ်ကာ ပြေးရတာပေါ့။ ကံကောင်းချင်တော့ ဒိုးကလေးနား မှီသွားတယ် ကံဆိုးချင်တော့ စလစ်ရိုက်ပြီး ချော်လဲသွားတယ် ။ ကံကောင်းချင်တော့ ဒိုးကလေး ခြေထောက်ထဲက ဘောလုံးကို သွားကန်မိတယ်။ အဲ ကံဆိုးချင်တော့ ဘောင်းဘီကွဲသွားတယ်။ “ဗြိ...ဗြန်း” အဲဗျ ပထမ ဗြိက အပေါ်ဘောင်းဘီ နောက် တဗြန်းက အောက်က အီလတ်စတစ်ဘောင်းဘီ သွားပြီ အခွက်ရှဲပါပြီ ။ ပွဲကြည့်စင်က ၀ါးလုံးကွဲ ရီကြတယ်။ ခဏနေတော့ကျွန်တော်လဲ ဟုတ်ကဲ့ရှင့်ကြီးကို ပြောပြီး ထွက်ရပါတယ်။ ဟုတ်ကဲ့ မထွက်ရင်လဲ မရတော့ပါဘူး။ ဟတ်တတ်ကြီးကွဲနေပါပြီ။ အဲလေ ဘောင်းဘီ။


ပွဲပြီးတော့ ကျွန်တော်တို့အသင်း လှလှပပကြီး ရှုံးပါတယ်။ နှစ်ဂိုး ဂိုးမရှိနဲ့ပါ။ ရှုံးတာကို အကြောင်းပြပြီး ခေါင်ရည်သွားသောက်ပါတယ်။ ကျွန်တော်တို့ တော်တော်လေးမူးသွား ကြပါတယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက် အဆောင်မှာ တသင်းလုံး အိပ်လိုက်ကြရပါတယ်။ တညလုံး တသင်းလုံး နီးပါး ဥသြတွေ “တဝေါ့ဝေါ့” ဆွဲကြပါတယ်။ ခေါ်သိပ်မိသော အဆောင်မှာနေတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ တညလုံး မအိပ်ရပဲ ကျွန်တော်တို့ အန်ဖတ်များကိုသာ ရေနဲ့ တညလုံး ဆေးကျောနေခဲ့ရပါတယ်။ ချစ်လွန်းလို့ ဒီကောင်နှစ်ကောင်ကို မူးမူးနဲ့ ၀ိုင်းနမ်းကြပါတယ်။


တကယ်တော့ ဘ၀မှာ အမှတ်အရဆုံး အချိန်တွေကို ပြောပါဆိုရင် လူတိုင်းက ကျောင်းသားဘ၀ ကိုပြောပြ ကြလိမ့်မယ်။ ကျောင်းသားဘ၀ ဆိုတာ ဖြတ်သန်းရတဲ့ အမှတ်တရ တွေထဲမှာ လွတ်လပ်မှု ရှိပြီး အမှတ်ရစရာ အကောင်းဆုံး အချိန်တွေပါပဲ။ ကျောင်းသားဘ၀ဆိုတာ လူငယ်ဆန်တယ်၊ လွတ်လပ်ပွင့်လင်းတယ်၊ အပူအပင်ကင်းပါတယ်။ ကျွန်တော့်ဟာ အမှတ်ရစရာ ကျောင်းပေါင်းစုံအောင်တက်ခဲ့ဖူးတော့ ကဲခဲ့ ဆိုးခဲ့၊ ကမြင်းခဲ့တဲ့ အကြောင်းတွေကို ရေးရင် ၀တ္တု ဇာတ်လမ်းလုပ် ရေးလို့ ရတာတွေ ရှိတယ်။ အလွမ်းပြေ အမှတ်တရလေးတွေပေါ့ဗျာ..။

Read Users' Comments (3)

ပျိုတို့မောင်ကန်တဲ့ပွဲ၊ ခွက်ခွက်လန်ပဲ(၁)

ကျွန်တော် နယ်မှာ ဂျီတီစီတက်တုန်းက ဘောလုံးခဏခဏ ကန်ကြတယ်။ ကျောင်းဆောင်တွေ အချင်းအချင်း ချိန်းပြီး ကန်ကြတာပေါ့။ ကျောင်းသားအချင်းအချင်း၊ သူငယ်ချင်းတွေ အချင်းချင်း အပျော်တမ်း လက်ဖက်ရည်တိုက်ကြေး ကန်ကြတာ။ အဲ့ဒိတုန်းက အဆောင်က သူငယ်ချင်းတွေဆို ညနေကျောင်းဆင်းတာနဲ့ ဘောလုံးကွင်း ဆီကို လွယ်အိတ်ပစ်ချပြီး တန်းပြေးတော့ တာပါပဲ။ အပြေးအလွှား ကြိုးစားကြတာ။ ကျွန်တော် မောင်မင်းယွန်းလဲ အပြေးအလွှား ကြိုးစားပါတယ်။ ကျောင်းကပြန်လာတော့ ဗိုက်ထဲက ဟာတာတာ ဖြစ်လာတာနဲ့ အ၀တ်အစားမြန်မြန်လဲ လွယ်အိတ်ကလေး ချပြီး အသည်းအသန်ပြေးတာပေါ့ ဘောလုံးကွင်းကိုတော့ မဟုတ်ဘူး လပေးစားတဲ့ ထမင်းဆိုင်ကို..။ ဟီးဟီး။


အဲ့ဒိတုန်းက ကျွန်တော်က ဘောလုံးလောကက ခေတ္တနားတဲ့ အချိန်ပေါ့။ (လူရှိန်အောင် ကြွားကြည့်တာ) တကယ်ပါ။ အထက်တန်းကျောင်းတုန်းက ကျောင်းမှာ ဆလပ်ရွက်ပါ။ အင်းစိန် အထက(၁) မှာမေးကြည့် မင်းယွန်းသစ်ကို သိလား မေးကြည့် ပြန်ဖြေကြလိမ့်မယ် “မသိဘူး” လို့။ ဟတ်ဟတ်။ စတာ။ ဘောလုံးနဲ့ ပတ်သက်ရင် ကျွန်တော်ကံမကောင်းတတ် ဘူးဗျ။ အဟုတ်တကယ်ပါပဲ။ ဘောလုံးကန်လို့ ကျွန်တော့် ညာဘက်လက် အဆစ်လွဲဖူး၊ တင်ပါးဆုံမှာ ဒဏ်ဖြစ်ဖူး၊ ဘယ်ခြေထောက် ခြေမျက်စိအောက် ဂျွိုင့် လည်သွားဖူး၊ ညခြေထောက် ခြေသန်းကြွယ်နဲ့ ခြေခလယ် တွင်တွင် ကျိုးဖူး စတဲ့ စတဲ့ ဒဏ်ရာတွေ မှတ်မှတ်ရရ ရဖူးတယ်ခင်ဗျ။


အဲ့လိုမှ မဖြစ်ဖူး ဆိုရင်တော့ အနည်းဆုံး မျက်နှာတော့ ဖူးရောင်ဖူးတယ်။ တခြားတော့ မဟုတ်ဘူး “W” လို့ခေါ်တဲ့ ဂိုးကျဉ်းကစားရင် (အုတ်ခဲလေး ၂လုံးကို ဂိုးလုပ်ပြီး ကစားရင်) ဂိုးတယ် မဂိုးဘူး ငြင်းကြရင်း ထိုးကြကြိတ်ကြရင်း ရတဲ့ ဒဏ်ရာတွေပေါ့ဗျာ။ :) ဂိုးကျယ်ကန်ရင်လဲ ကိုယ့်အသင်းရှုံးနေပလားဟေ့ဆို ဆလိုက်အတင်းလိုက်ထိုး၊ အတင်းဘော်ဒီခု၊ ခြေသလုံးဖြတ်ရိုက်၊ အင်္ကျီအတင်းဆွဲ... အဲလေ ပြောရင်း ကိုယ်ညစ်တာတွေ ပေါ်ကုန်ပါပြီ။ အဲသလိုကြောင့်ပေါ့လေ ကျွန်တော် ဘောလုံးနဲ့ ပတ်သက်ရင် ကံမကောင်းဘူးခင်ဗျ။


ကျွန်တော်တို့ ဂျီတီစီမှာ အစဉ်အလာအရ ဘောလုံးအသင်းကောင်းများကတော့ MC, MT စတဲ့ Mechnical အသင်းများဖြစ်ပြီး၊ အလယ်အလတ် အသင်းများကတော့ EP၊ EC နဲ့ စတဲ့ တခြားသော မေဂျာများ ဖြစ်ကြပါတယ်။ အဲဒိထဲမှာ ချာတူးအလန်ဆုံး အသင်းကိုပြောပါဆိုရင် Civil အသင်းပါပဲ။ ဟုတ်တယ် Civil မေဂျာမှာ ယောကျာ်းလေး ၅ယောက်လားပဲရှိတယ်။ Fustal အသင်းတစ်သင်းစာတောင် မပြည့်ရှာဖူး။ တနားချာပါပဲ။ ငှက်ငှက်။


တညနေတော့ ကျွန်တော့် အဆောင်ကို R ကြီး (Repeater) အကိုကြီး ဟုတ်ကဲ့ရှင် ရောက်လာတယ်။ အဟဲ အဲဒိသူကို ဘာကြောင့် ဟုတ်ကဲ့ရှင့်လို့ ခေါ်သလဲ ဆိုတော့ (လျှာနဲနဲ ရှည်လိုက်အုံးမယ်)။ ဒီလိုဗျ ကျောင်းမှာ ဆရာမက အတန်းထဲမှာ သူက EC ဆိုတော့ ဘာလုပ်ခိုင်းတာလဲ မသိဘူး။ သူက တရိုတသေ မတ်တပ်ရပ်ပြီး ဆရာမ ပြောတာကို နားထောင်နေတယ်။ အားလုံးလဲပြီးရော ဆရာမက သားသဘောပေါက်တယ်နော် ဆိုတော့ သူက အသံလွင်လွင်ကြီးနဲ့ “ဟုတ်ကဲ့ တီချယ်” လို့ ပြောတာပဲ။ ဒါပေမယ့် ဟုတ်ကဲ့ဆိုတာ ပီသပြီးအနောက်က တီချယ်ဆိုတဲ့ စကားလုံးကို နဲနဲအသံဖျော့ ချွဲသံလေးပါပြီး ပြောလိုက်တော့ အားလုံး ကြားလိုက်တာက “ဟုတ်ကဲ့ရှင့်” ဖြစ်သွားလေရဲ့။ လူကောင်က ခပ်ထွားထွား အသားက ငွား အဲလေ အသားက မဲ လေတော့ (အဟတ်ဟတ် မောင်မင်းယွန်းတို့ သူများ အတင်းကို အားမနာပ ပြောနေတာ :p ) အားလုံး ၀ါးကနဲပွဲကျသွားတာပေါ့။ ထိုထိုသော အကြောင်းကြောင့် ဟုတ်ကဲ့ရှင် ဖြစ်လာလေသတည်း။ ဟီးဟီး။


အဲလေ စကားပြန်ကောက်ရရင် ကျွန်တော်တို့ ကျောင်းက ဆရာတွေ ကမ္မကထ ဦးစီးပြီး မေဂျာလိုက် ဖလားပွဲ လုပ်မယ်တဲ့။ ဒီအတွက်ကြောင့် အီးစီကြီးက အားကစားဝတ်စုံဖိုးကို လိုက်ကောက်နေတာဗျ။ ပြီးတော့ ကန်မယ့်သူတွေ စာရင်း လိုက်ကောက်နေတာ။ ကျွန်တော်လဲ ၀တ်စုံလေးလဲ အမှတ်တရ လိုချင်တော့ fund ထည့်ဝင်လိုက်တယ်။ ကျောနံပါတ်ကိုတောင် ၁၈ ယူလိုက်တယ်။ ကိုးန၀င်းကျေအောင်လို့ :P။


ဒါနဲ့ ထရိန်နင်တွေ ဆင်းရတာပေါ့ တပတ်ကို နှစ်ရက် ကြီးများတောင် ဆင်းရတယ်။ ဒီကြားထဲ လူမရှိလို့ဆိုပြီး အနော့်ကို ဘောကန်မယ့် စာရင်းထဲ ထည့်ထားတယ်။ ဟင့်အင်း ဟင့်အင်းဆိုလဲ မရဘူး အင်္ကျီစာရင်းအတိုင်း စာရင်းထည့်လိုက်တာတဲ့။ တိန်.. သေပါပြီဂျာ..။ အဲ့ဒိတော့ ဖလားပွဲကြီး မတိုင်ခင် တပတ် နှစ်ပတ်လောက်ကို မြို့နယ်ကွင်းမှာ သွားသွားပြီး စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေ အိမ်မပြန်ရဘူး။ ထရိန်နင် ဆင်းနေရတယ်။ ကျွန်တော်က ကျွန်တော့်ကို အရံဘောကောက်လေးနေရာမှာ ထားလဲ ကျေနပ်ပါတယ်ဗျာ ဆိုတော့ မရဘူး ၀င်ကို ကန်ရမယ်တဲ့။ နေမကောင်းပါဘူး ဆို ဇွတ်ပဲ။


ကျွန်တော်ကန်ရမယ့် နေရာကို ချပေးတော့ နောက်တန်း ညာအလယ်နေရာ (Center Back Defender) နေရာရယ်၊ ညာတောင်ပံ (Right side Defender) နေရာရယ်၊ အလယ်တန်း ဗဟိုကွင်းလယ်သမား (Central Midfielder) နေရာရယ် ချပေးတယ်။ အံမယ်လေး ပင်ပန်းမယ့် နေရာတွေ ချည်းပဲ။ ဟုတ်ကဲ့ရှင့်ရယ် ဘီအီးတိုက်ပါမယ် ဆိုလဲ ရဘူုး တဲ့။ ဗြဲ။ ဒီလူကြီးက မန်ယူ အရူးကြီး။ သူ့ကိုယ်သူ ဖာဂူဆန်ကြီးများ မှတ်နေလား မသိဘူး။ ဟိုလူ့ဆရာလုပ် ဒီလူ့ဆရာလုပ်နဲ့။ သူကျတော့ မကန်ဘူးလား ဆိုတော့ သူ့မှာ နှလုံးရှိလို့တဲ့။ ဟွန်း အပြောကောင်းတယ် တကယ်ဆို လူတိုင်းမှာ နှလုံးရှိတာပဲ အဆန်းလုပ်လို့ နော့။

Read Users' Comments (0)

တောင်ရောက်မြောက်ရောက် (၅)


မှားသွားလို့ပါ..ဟင့်


ကျွန်တော် နယ်မှာ ကျောင်းတက်တုန်းက အဆောင်မှာနေတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူက ကျွန်တော်နဲ့ တခန်းတည်းဖော် ဆိုလဲ ဟုတ်တယ် ဒီကောင်က သူငယ်ချင်း အချင်းချင်းသာ ပွင့်ပွင့်လင်းလင်းနေတာ မိန်းကလေး ရှေ့မှာဆို တော်တော် အရှက်ကြီးတတ်တဲ့ကောင်ပဲ။ မိန်းကလေးတွေများ သူ့ကိုနောက်လိုက်ပြီလား ဟေ့ဆို အဲဒိမိန်းကလေးတွေ ရှေ့မှာ အလွဲအလွဲအချော်အချော်တွေ ဖြစ်တော့တာပဲ။ အဲ... အဲဒီလိုရှက်တတ် တတ်ကောင်ကျမှ တလွဲကြီးဖြစ်ပုံက ပြောပြမယ်။


ကျွန်တော်တို့ကျောင်းက ကျွန်တော်တို့ နေတဲ့မြို့လေးနားမှာဆိုပေမယ့် ၃မိုင်လောက် ကားစီးရတယ်။ စီးရတဲ့ကားက အဝေးပြေးကားတွေ။ သူတို့က နေ့တိုင်း အလှည့်ကျစီ ဖယ်ရီသဘောမျိုး သုံးလေးစီးဆွဲပေးတယ်။ ဆိုတော့ ကျွန်တော်တို့ ကျောင်းသားတွေက မနက်ဆို အဲဒိဖယ်ရီမှ မစီးရင် ဆိုက်ကားစီးရင် တမျှော်တခေါ်စီးရမယ့် အပြင် ဆိုက်ကားခကလဲ ကျောင်းအရောက်ဆို ၅၀၀ဗျာ။ အဲတော့ တတ်နိုင်ဘူးလေ တပတ်တခါ အိမ်ကပို့တာလေးနဲ့ ခြစ်ချုပ် နေရတာဆိုတော့။ မနက်တိုင်း ဒီဖယ်ရီကို အမှီစီးရတာပေါ့။ အဲဒါက ဖယ်ရီစီးရပုံ နိဒါန်းပျိုးပြောပြတာပါ။


ကျွန်တော့်သူငယ်ချင်းဖြစ်ပုံက တမနက် သူကျောင်းကားပေါ်တက်တော့ နောက်ဆုံးကားလဲဖြစ်နေပြီ ဆိုတော့ကားက လူအတော်ကျပ်ညပ်နေပြီလေ။ ဒါနဲ့သူလဲ ထမင်းချိုင့်လေးကိုင်ပြီး ကားပေါ်အတင်းတိုးတက်ခဲ့ရတယ်။ နောက်တန်းခုံနားမှာ ကပ်ပြီး သူမတ်တပ်ရပ် လိုက်ခဲ့တယ်ပေါ့။ သူက ချိုင့်တဖက်နဲ့မို့ ခုံပေါ်ထိုင်နေတဲ့ ကောင်မလေးက ကျောင်းသားအချင်းချင်းမို့ သူ့ချိုင့်ကို ကိုင်ပေးထားတယ်။ သူကတော့ အပေါ်တန်းကိုလဲ ကိုင်ဖို့ သိပ်မမှီတာကြောင့် ကိုယ်ကို ရှေ့ကိုင်းပြီး ကားပြတင်းပေါက် မှန်ကိုလက်နဲ့ထောက်ပြီး ကျန်တဖက်ကို ထိုင်ခုံတန်းကိုကိုင်လိုက်တယ်။ ထိုင်ခုံတန်းက ဖြစ်ချင်တော့ ဒီထိုင်ခုံမှာ လက်တန်း မပါဘူးထင်တယ်။ အဲဒါနဲ့သူလဲ မှီတဲ့ ထိုင်ခုံအောက်ဖက်ဆိုဖာကို လှမ်းကိုင်လိုက်တယ်။ ပြီးတော့ လမ်းတစ်လျှောက်လုံး သူလဲ လမ်းဘေးရှုခင်းတွေ ငေးကြည့်ရင်း တောင်တောင်အီအီ တွေးနေတာပေါ့။ ကျောင်းပေါက်ဝနားရောက်တော့မှ သတိပြန်ဝင်လာပြီး သူက ကောင်မလေး ဆီက သူ့ထမင်းချိုင့်ကို ကျေးဇူးပဲဆိုပြီး ယူလိုက်မယ် အလုပ်မှာ သူ့မျက်နှာ တခုလုံး ထူအမ်းသွားတယ်။ ပြီးတော့ တအားရှက်သွားတယ်လေ.။ ဘယ်လောက်ရှက်သွားသလဲဆို သူအဲဒိနေ့ တချိန်ပဲတက်ပြီး အဆောင်ကို တချိုးတည်းပြန်သွားလေရဲ့အကြောင်းက သူလမ်းတစ်လျှောက်လုံး ထိုင်ခုံဆိုဖာ အမှတ်နဲ့ ကိုင်ထားတာဟာ ဆိုဖာ မဟုတ်ပဲ ကောင်မလေးရဲ့ ပေါင်ဖြစ်နေလေရဲ့။ အဲကောင်မလေးက ဒီကောင့်ကို မျက်မှန်းတန်းမိ သိနေတဲ့သူ ဒီကောင် အူကြောင်ကြောင် ဆိုတာသိနေတဲ့သူ ဖြစ်လို့တော်သေးတယ်။ ပြီးတော့ ကောင်မလေးက ဒီကောင် တမင်ကိုင်တာ မဟုတ်မှန်းသိလို့ ၊ ပြီးတော့ ကျောင်းသားတွေ အများကြီးကြားထဲမှာ သူပြောလိုက်ရင် ဒီကောင် တအားရှက်သွားမှာစိုးလို့ မအော်ပဲနေတယ် ထင်ပါရဲ့။ ဒါပေမယ့် သူ့ခင်ဗျာ (ကျွန်တော့် သူငယ်ချင်း ခင်ဗျာ)မှာတော့ ချိုင့်တလုံးကြီးကို ကိုင်ထားခိုင်းပြီး မတော်တရော် သွားလုပ်မိလေခြင်း၊ သူ့ကို နှာဘူးကောင်ကြီးဟု ထင်သွားလေမလားဆိုတဲ့ သို့လော သို့လော အတွေးများနဲ့ ရှက်စိတ်တွေ မွှန်ထူပြီးတော့ဗျာ အခန်းအောင်းနေလိုက်တာ တပတ်လောက် ကို ကျောင်းမတက်တော့ဘူးလေ..။ အော် အံ့ရော.. အံ့ရော မှားသွားတာ ပြောပါတယ်။ ဟတ်ဟတ် :P

Read Users' Comments (0)

တောင်ရောက်မြောက်ရောက် (၄)

လမ်းလျှောက်ကြသူများ


ကျွန်တော် စက်မှုကျောင်းတက်တုန်းက တာမွေဗလီနားမှာ ကျူရှင်တတ်ရတယ်ခင်ဗျ။ ကျူရှင်ဆိုတာကလဲ သူ့ဟာသူ သတ်သတ်ပိတ်ရင် အရသာမရှိဘူး အဟီးနဲနဲလေးပြေးလိုက်ရမှာ.. အရသာရှိတယ်..။ ကျွန်တော့်တို့ပေါင်းတဲ့ သယ်ရင်းတွေကလဲ ပြေးမယ်ဟေ့ဆို နှစ်ခါ မဆွယ်ရဘူး။ အလုအယက်ကို ဖြစ်နေတော့တာပဲ။ ကြာတော့ ဆရာမကကျူရှင်မှာ ကျွန်တော်တို့တွေ တက်မှန်းတောင် မသိတော့ဘူး အဟဲ အဲ့လောက်ထိပြေးကြတာ..။ တာမွေဗလီနားဆိုပေမယ့် ကျွန်တော်တို့ ကျူရှင်အိမ်ဝိုင်းလေးက သရဲခြောက်တဲ့ (ရွဲ့ပြောတာ.. ဘာမှမရှိလို့) တာမွေပလာဇာနဲ့ မျက်နှာချင်းဆိုင်နားမှာ တာမွေကြီးလို့ခေါ်မယ်ထင်တယ်... အဲဒိနားမှာပါ..။ ကျွန်တော်တို့ သယ်ရင်းတွေ သွားနေကျ ဘိရှိတယ်။ အဲဒါကတော့ ကျွန်တော်တို့ ထဲက ချာကိုး(မီးသွေးဆိုမှတော့ ဖြူပါ့မလားနော့ ဟီး)ဆိုတဲ့ သယ်ရင်း ဦးလေးရဲ့ ဂိမ်းဆိုင်ပဲ။ အဲဒိတုန်းက ကွန်ပြူတာ ဂိမ်းဆိုင်တွေက ပေါ်ဦးစဗျ.။ Red Alert တို့ Counter Strike တို့စခေတ်စားတဲ့ချိန်ကိုး။ အားရင် ကောင်တာပစ်ကြ၊ Red Alert တိုက်ကြနဲ့ တနေကုန်တနေခန်း ဆော့ကြတာပေါ့..။

တဆိုင်လုံး ကြည့်ရင် ကျွန်တော်တို့ အဖွဲ့တွေချည်းပဲ။ အဲဒိမှာပဲ စား အဲဒိမှာပဲဆော့ကြတာလေ။ တခါတလေ အကြွေးတွေတောင် ကျန်နေသေး။ :P အဲတနေ့ပေါ့ဗျာ.. ကျွန်တော်တို့တွေ ဆော့လိုက်ကြတာ အဆော့ကောင်းပြီး အချိန်ပြန်ကြည့်တော့မှ မိုးချုပ်နေမှန်းသိတယ်။ ည၈ နာရီခွဲကျော်နေပြီလေ။ ဒွတ်ခပဲ ဆိုပြီး ကျွန်တော်က အဲဒိတုန်းက အင်းစိန်မှာနေတာ၊ နောက်သယ်ရင်းတွေက တယောက်က မြေနီကုန်စမ်းချောင်း၊ နောက်တယောက်က စိုက်ပျိုးရေး တလမ်းကျောထဲလူတွေချည်းပဲ။ ဘာလို့ ဒွတ်ခတာ ရလဲဆို ကိုယ့်အကြောင်းကိုယ်သိ။ ဒီချိန်ဆို တာမွေဗလီနားမှာ အဲဒိဘက်ပြန်တဲ့ကား က ရှားသွားပြီ။ ကဲကဲမြန်မြန်ပြန်မှပဲ ဆိုပြီး ပိုက်ဆံရှင်းလိုက်တော့ အဲဗျ. အဆော့ကောင်းသမျှ ပါလာတဲ့ မုန့်ဖိုးကုန်ရောပဲ။ အဲဒါနဲ့ ကျွန်တော်တို့ တွေ သုံးယောက်ပေါင်း ချမ်းသာတာကို တွက်ကြည့်တော့ အားပါး သုံးယောက်ပေါင်းမှ ၁၅၀ပဲရှိတယ်။ ဟီး အဖြစ်ဆိုးတယ်နော်။ အဲဒါနဲ့ တာမွေ အ၀ိုင်းထိပ်ကို ပြေးရတာပေါ့။ ၅၀ကားစီးရင် ကွက်တိပဲ တယောက်ငါးဆယ်ဆိုတော့ (အဲဒိတုန်းက ဟိုနားဒီနားမှ ၂၀ပဲရှိတာကိုး) လောက်တယ်။ ဒါပေမယ့် တကယ်လဲ ကားဂိတ်နားရောက်ရော စောင့်လိုက်ရတာ ၅၀ကားတွေ မလာတော့ဘူးလေ... ၉နာရီက ထိုးခါနီးနေပြီ။ အိမ်ပြန်နောက်ကျရင် ကွိုင်ခံရတော့မယ် ။ အဲဒိနားမှာ အင်းစိန်ဘက်သွားတဲ့ အောက်ဆိုက်ကားတွေတော့ ရှိပါရဲ့။ ဒါပေမယ့်ဗျာ။ ကျွန်တော်က အင်းစိန်ထိဆိုတော့ ၁၀၀ တောင်ပေးရမှာ။ ကျန်တဲ့ နှစ်ယောက် ဘယ်လိုပြန်ကြမလဲ။ ဒွတ်ခပဲ။ အဲဒါနဲ့ ဘယ်လိုလုပ်ကြမလဲဆိုပြီး အမြန်စဉ်းစားကြတော့ အဖြေတခု ထွက်လာတယ်။ ဘာတဲ့ လမ်းလျှောက်ကြမယ်တဲ့။ ဟီး။


ကဲဘယ်ထိလျှောက်ကြမလဲလို့ စဉ်းစားကြတော့ မြေနီကုန်းထိလျှောက်ကြမယ်လို့ သဘောတူကြတယ်။ ကျွန်တော်တို့ တွက်ပုံက မြေနီကုန်းက ကောင်တစ်ယောက်စာ သက်သာသွားရင် ကျန်တဲ့ နှစ်ကောင် ပြန်လို့ရပြီ။ ဟီး အဲဒါနဲ့ပဲ လမ်းလျှောက်ကြတယ်ပေါ့ဗျာ။ အီး ကားနဲ့သာ တာမွေဗလီနဲ့ နီးသလိုလို ထင်ရတာ.. လမ်းလျှောက်တော့ မလွယ်ပါဘူးဗျာ။ တာမွေ အ၀ိုင်းရောက်ဖို့ကို တောင်တော် လျှောက်ရတယ်။ နောက် အဲဒိက တည့်တည့် ရွှေဂုံတိုင်၊ ပြီးတော့ အုတ်လမ်း။ ဟင့်၊ ပြီးတော့ လင့်ခ်လမ်း၊ အီး ခြေထောက်တွေ တောင့်လာပြီဂျ။ (ဒီကြားထဲ အဲဒိနေ့မှ လျှာရှည်ပြီး shopping ထွက်ပြီး ၀ယ်လာတဲ့ ဂျင်းဘောင်းဘီ အထုပ်ကြီးကလဲ ပါသေး..။ လွှင့်တောင်ပစ်ချင်စိတ်ပေါက်လာတယ်။ ချွေးတွေလဲ ရွှဲ...။ အဲဒိကနေ တော်လှန်ရေးပန်းခြံနားကနေ.. ဒဂုံစင်တာနား ရောက်သည်ထိ လမ်းလျှောက်။ ကျွန်တော်က မြန်မြန်သာကျော်ပြောလို့။ လျှောက်ရတဲ့ ခရီးက မြန်မြန်လျှောက်တာတောင် ၁နာရီနီးပါးကြာတယ်။ အဲဒိတုန်းက လူတွေက ဘာအားကစားမှ လုပ်တဲ့ကောင်တွေလဲ မဟုတ်။ ဒီကြားထဲ ဆေးလိပ်ကလဲ ရှူသေးဆိုတော့ အားပါးပါး မြေနီကုန်းလဲ ရောက်ရော လျှာက ပါးစပ်ထဲကနေ တစ်တောင်လောက်ထွက်နေပြီ။ ဟောဟဲ ဟဲဟော။ အဲဗျ အောင်မြတ်လေး ကယ်တော်မူကြပါ။ စမ်းချောင်းကသယ်ရင်းကတော့ သူ့အိပ်ကပဲထဲက ၅၀ ပေးသွားတယ်။ ရှဲရှဲသယ်ရင်းရေ...။ အောက်ဆိုက်ကားလေးတွေနားသွားပြီး ကျွန်တော်တို့မှာ ရင်တထိတ်ထိတ်နဲ့ စပယ်ယာနားသွားပြီး မျက်လုံးလေး ကလယ်ကလယ်နဲ့ တစ်ယောက်ဘယ်လောက်လဲဟင်... အင်းစိန်တစ်ယောက်.... စိုက်ပျိုးရေးတစ်ယောက်.....။ ကိုရွှေစပယ်ယာ က စိုက်ပျိုးရေးဆို ၅၀ အင်းစိန်ဆို ၁၀၀ ဆိုတဲ့ အသံဟာလေး နားဝင်ကို ချိုသွားပါရောဗျာ။ ဟုတ်တယ်လေ.... ဒိထက်ပိုရင် (အန်တီညလေး ရဲ့ peek a boo စာသားလို) ချိတော့ဘူး ကုန်သွားပြီ လို့ပြောရမှာ.....။ အဲအိမ်လဲရောက်ရော ၁၁ နာရီကျော်သွားလို့ မောရတဲ့ ကြားထဲ မန်းမန်းတောင် မကျန်တော့လို့ ငှက်ပျောသီးတွေ ပေါင်မုန့်တွေ ကြောင်အိမ်ထဲက တွေ့တဲ့ဟာတွေ အကုန် ညစာဖြစ်သွားလေရဲ့....။ အောင်မယ်လေး ခုပြန်ပြောလို့သာ ရီလိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော ဆိုသလိုဖြစ်နေတာ.... တကယ်တမ်းလျှောက်ရတုန်းက မောလွန်းလို့ ခြေထောက်ကြီးတွေ ခဲဆွဲထားသလိုပဲ။ အီး..ခုပြန်တွေးရင်တောင် မောလာသလို ပဲ ဟောဟဲဟောဟဲ..... :P။

Read Users' Comments (0)

တောင်ရောက်မြောက်ရောက်(၃)

ဆောရီးပါခင်ဗျာ
နယ်က အဆောင်မှာနေတုန်းက လူက အတော်ပေါင်းစုံတယ်ဗျ။ ကျွန်တော့် အဆောင်မှာက တွံတေး၊ ကွမ်းခြံကုန်းက လူတွေ များတယ်။ ကျွန်တော်တို့ ကျောင်းသားအများစုကတော့ စားရေးသောက်ရေး အတွက်ကို ထမင်းဆိုင်မှာ လပေး ပေးစားတာများတယ်။ ဒါကိုလဲ အိမ်က တစ်လ တစ်ခါ ဆပလိုင်းချက်ဝင်ပြီး သူတို့ ကိုယ်တိုင် ထမင်းလခ ငွေသွင်းပေးသွားလို့ နို့မဟုတ်ရင်လား ကျွန်တော်တို့ သုံးတာနဲ့ တလလုံး ထမင်း ငတ်နေရမှာ။ အဲ ကျွန်တော့် အဆောင်မှာတော့ လပေးစားတဲ့သူတွေ ရှိပေမယ့် တချို့က ကိုယ့်ထမင်း ဟင်းကို ချက်စားကြတယ်လေ။




တခါတလေ ညသန်းခေါင်ယံ ဗိုက်ဆာရင် သူတို့ဆီက ပဲ ဂျီတိုက်ပြီး ကပ်စားရတယ်။ ဒါတောင် တချို့က သဒ္ဓါတရားခေါင်းပါးစွာနဲ့ ရှိတဲ့ ဟင်းတွေ ဖွက်ထားတတ်သေးတယ်။ အဆောင်က သူငယ်ချင်းတစ်ယောက်ဆို သိပ်ကပ်စေးနဲတာ သူအိမ်က ထည့်ပေးလိုက်တဲ့ ဟင်းတွေကလဲ ပုလင်းကြီး ပုလင်းငယ်တွေနဲ့ အခြောက်အခြမ်းတွေကို စုံနေတာပဲ။ တခါတလေ အဲဒိလို ညဘက်ဆာလာကြလို့ ထမင်း နဲ့ ဟင်းလိုက်ကပ်တောင်း တော့ တခြားသူငယ်ချင်းတွေက ရှိတဲ့ ဟင်းအကုန်ပေးကြပါတယ်။ အဲ ဒီကောင်ကျတော့ ကပ်စီးနဲပုံပြောပါတယ်။ သူရဲ့ ဟင်းတွေထည့် ထားတဲ့ ပုလင်းကြီး ပုလင်းငယ်တွေကို ခရီးဆောင် အိတ်ထဲမှ သော့ခတ်ထားတယ်လေ။ ဘယ်တော့မှ မကျွေးဘူး။ ဒါနဲ့ ဘယ်ရမလဲ အဆောင်ကလူတွေက လဲ သူလစ်တာနဲ့ သူသော့ကို ဖွင့်ပြီး ဟင်းတွေ နှိုက်နှိုက်စားကြတာပေါ့။ ဟီးဟီး ကျွန်တော်လဲ ပါတယ်။ တခါက ကျွန်တော်နဲ့ သူငယ်ချင်းတွေ နှိုက်စားတုန်း ကျွန်တော်က ပုစွန်ဆားသိပ်ထားတဲ့ အချဉ်ကို စားကောင်းကောင်းနဲ့ မသထာရေစာ စားလိုက်တာ။ အားပါးပါး လက်လွန်သွားလို့ သွေးတိုးရောဂါ ရှိတဲ့ ကျွန်တော် နားထင်တွေ တဒိန်းဒိန်းနဲ့ သွေးတွေတက်လာတယ်။ ဘုရား ဘုရား သေတော့မှာပဲဆိုပြီး ဆေးခန်းပြေးတာ စားရတာနဲ့ မတန်ဘူး ဆေးဖိုးဝါးခ သုံးထောင် ပေးလိုက်ရတယ်။ (အော် မင်းယွန်းသစ်တို့ ငတ်ကြီးကျပုံပြောပါတယ်။ :P)
အော်လိုရင်းတောင်ပျောက်သွားပြီ။ အော်အဲဒိလို အဆောင်မှာ ကိုယ့်ဟာကိုယ် ချက်စားတဲ့သူများတော့ ကျွန်တော်က ဦးဆောင်ပြီး (အမှန်က ကျွန်တော် ဘာမှ ချက်တတ်တာလဲ မဟုတ်ပဲနဲ့) အသုတ်စုံလုပ်စား ရအောင်ဆိုပြီး ၀ယ်ကြခြမ်းကြတယ်လေ။ ကျွန်တော်က ဘာမှ မချက်တတ်တော့ အ၀ယ်တော်လုပ်ရတာပေါ့။ သူတို့က လိုတဲ့ ပစ္စည်းစာရင်းပေးပြီးတော့ သွားဝယ်ရတာပေါ့။ အဲအားလုံးလဲ ၀ယ်ပြီးရော အသုပ်အတွက် ခေါက်ဆွဲကြာဇံ ပြုတ်သူပြုတ် အစုံ သုတ်အတွက် လိုမယ့် ထမင်းလားဘာလား မသိဘူး လုပ်ပေါ့။ အဲ ကျွန်တော်ကတော့ ရောင်ဝါးလေ။ ဟတ်ဟတ် ။ အဲ အဆောင်မှာ ကျွန်တော် ထမင်း တောင်းမစားတဲ့ အကောင် တစ်ကောင်ရှိတယ်။ ဒိကောင့်ဆီကဆို ဘယ်သူမှ ထမင်းဟင်း ကပ်မစားချင်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကောင်က တအားညစ်ပတ်လို့။ အဲအခု သူ့ကို တခြားဟာ တွေလုပ်ရင် ညစ်တီးညစ်ပတ်ကိုင်မှာစိုးလို့ ဟင်းခါးချက်ခိုင်းထားတာပေါ့။ ဟင်းခါးဆိုတော့ အထွေအထူးတော့ မဟုတ်ပါဘူး။ ဂေါ်ဖီထုပ်နဲ့ ငရုတ်ကောင်းလေးနဲ့ပါပဲ။
ကျွန်တော်က တခြားလူတွေ ကြာဇံ ခေါက်ဆွဲလုပ်တာတွေ ငေးနေတာနဲ့ အဲဒိကောင့်ဆီ မကြည့်ဖြစ်လိုက်ဘူး။ ဒီဘက်ကလူတွေ လဲပြီးရော ဟင်းခါးချက်နေတဲ့ ကောင်ကို ဟေ့ကောင် ပြီးပြီလားဆိုတော့ မပြီးသေးဘူး အခုမှ တည်တုန်းဆိုတော့ ပြီးမှ သတိသွားရပြီး။ အားလုံး သူ့ ချက်နေတဲ့ ဆီကိုသွားကြတယ်။ မနက်က အားလုံးသတိထားမိတာက ဒီကောင် လက်သည်းတွေ အရှည်ကြီး ပြီး တော့ လက်သည်းထဲမှာ ဂျီးတွေနဲ့ ။ ဝေါ့....။ ဟေ့ကောင် မင်းလက်သည်းပြစမ်း ဆိုတော့ ဒီကောင်က စပ်ဖြီးဖြီးလုပ်နေတယ်။ အားလုံးက ပြဆိုတော့မှာ သူ့လက်ကိုပြပြီး ဟဲဟဲ မညှပ်ရသေးဘူးကွာ မနက်က မအားတာနဲ့ အခု ဂေါ်ဖီ ရေဆေးပြီး နယ်လိုက်တာ လက်သည်းလဲ ပြောင်သွားတယ်။ အာဒီကောင်ဆိုပြီး အဲဒိညစ်တီးညစ်ပတ်ကောင်ကို ၀ိုင်းပြီး နရင်းတီးကြလေရဲ့။ အဲဒိအိုးကိုလဲ သွန်ပစ်လိုက်ကြဖို့ ပြောကြတယ်။
အဲဒိအချိန်မှာ အဆောင်က သူငယ်ချင်း က ကျောင်းက ဆရာ တစ်ယောက်ကိုခေါ်လာတယ်။ ဆရာက ကျွန်တော်တို့ ၀ိုင်းအုံနေတဲ့ နေရာကို ရောက်လာပြီး ဟ အရည်သောက်လဲ ပါတာလား။ ဂေါ်ဖီဟင်းခါးကိုး ကောင်းတယ် ကောင်းတယ်။ လာလာ ဆရာ ဆိုပြီး အဆောင်ပေါ်ခေါ်ပြီး အသုတ်ကို သပ်သပ်ရပ်ရပ် ထည့်ပေးတာပေါ့။ ဆရာကလဲ စားနေတုန်း ဟေ့ ဟင်းခါးရှိတယ်မှတ်လား ဟင်းခါးလေးနဲ့မှ ကောင်းတာကွ။ ထည့်ထည့်ဆိုပြီး ပြောတော့။ ကျွန်တော်တို့ မှာ ဆရာ စားနေတုန်းမို့ ဘယ်လို ပြောရမှန်းမသိဘူး။ ဆရာက တောင်းဆိုနေတော့ အားနာပါးနာ ပန်းကန်လုံးလေးနဲ့ ခပ်လာတယ်။ ဆရာက ဟေ့ မင်းတို့ လက်ရာဘယ်ဆိုးလို့လဲ။ ကောင်းတယ်ကွ ဆိုပြီး ချီးကျူးတော့။ ကျွန်တော်တို့က အသံတိတ်နဲ့ ဟိုကောင့်ကို ၀ိုင်းဆဲကြတာပေါ့။ ဆရာလဲ စကားစမြည်ပြောပြီး ပြန်သွားတော့မှ အားလုံး စိတ်ထဲက ကြိတ်ပြီး ပြောနေကြလေရဲ့။ ဆောရီးပါဆရာရယ် ဟုသာ...။ :)

Read Users' Comments (1)comments

တောင်ရောက်မြောက်ရောက်(၂)

အပြေးကောင်းတဲ့ကျွန်တော်

UFL တက်တုန်းကပေါ့ဗျာ။ ညနေခင်းတက်တာအဲဒီတုန်းက ခေတ်ကောင်းသေးတော့ free ပဲကြိုက်တာဝတ်ဆိုတော့ ၀တ်ကြတာပေါ့။ ကောင်မလေးတွေလဲ လှမှလှ။ ဟိဟိ။ ကျွန်တော်တက်ပြီး ဒုတိယနေ့မှာ ပေါ့။ ကျွန်တော်အရင် ၁၀တန်းတုန်းက ကောင်မလေးတစ်ယောက်ကိုတွေ့ရော။ သူကလဲဒီမှာတက်တာတဲ့။ ဒါပေမယ့်သူက ကျွန်တော်နဲ့မေဂျာမတူဘူးလေ။ အဲဒါနဲ့ပြန်ရင် အတူတူပြန်မယ်ဘာညာပြောပြီး ကျွန်တော်လဲ အတန်းတက်တာပေါ့။ ပြန်တော့လဲအတူတူပြန်မလို့ဘဲ။ ဖြစ်ချင်တော့ ကျွန်တော့်ဦးလေးက အဲဒီနေ့က လမ်းကြုံလို့ကျွန်တော့်ကို လာခေါ်ကော။
ကျွန်တော်ကလဲ ဘာလုပ်ရမှန်းမသိဘူး။ အစကတော့ လမ်းလျှောက်ပြီးလှည်းတန်းမှာ တစ်ခုခုသွားစားကြမယ်ပေါ့။ ည ၈ နာရီလောက်ရှိပြီလေ။
ဦးလေးလာကြိုတော့ ကျွန်တော်အူအူကြောင်ကြောင်နဲ့အဲဒီကောင်မလေးကို နှုတ်ဆက်လိုက်ပြီး ကားပေါ်တက်ရတော့တာပေါ့။ လူကတော့ အောင့်သက်သက်နဲ့ပေါ့။ ဒါကိုဦးလေးက ရိပ်မိသွားတယ်။ ဟေ့ကောင်ခုနက စကားပြောနေတာ မင်းကောင်မလေးလားတဲ့။ ဟုတ်တော့ဟုတ်တယ်
ဒါပေမယ့်မဟုတ်သေးဘူးလို့ပြောတော့ ဟာ့ငါ့ကောင်ညံ့လှချည်လား။ သူဘယ်ပြန်မှာလဲ ကားနဲ့လိုက်ပို့ပေးလိုက်ပေါ့ဟ။ ဟဲဟဲ အဲလောက်ထိသိတတ်
တဲ့ကျွန်တော်ဦးလေး။ ဒါနဲ့ သွားငါကားကိုမင်းနောက်က ဖြည်းဖြည်းမောင်းလာခဲ့မယ်ဆိုပြီး။ ကျွန်တော်လဲ ကောင်မလေးနောက်ပြေးလိုက်သွားတယ်။
ကောင်မလေးကလဲ ခြေလှမ်းက သွက်လိုက်တာ တော်တော်ဝေးသွားပြီ။ UFL က နေလျှောက်တာ ခဏလေးနဲ့ ရန်ကုန်တက္ကသိုလ်ကျော်သွားတယ်။
ဟောတွေ့ပြီဗျ။ ခပ်လှမ်းမှာခပ်သုတ်သုတ်လျှောက်နေတဲ့ကောင်မလေး။ လူတွေကလဲ ကျောင်းဆင်းချိန်ဆိုတော့ အများကြီးပဲ။ ပြေးပြေးကျွန်တော်ပြေး
လိုက်တာပေါ့။ အဟင့်ကံဆိုးချင်တော့ မြောင်းသေးသေးလေးကိုသတိမထားမိခဲ့ဘူး။ ဘောင်းဘီကြီးတကားကားနဲ့ကျွန်တော်လေ ကျွန်တော် မြောင်းထဲကို
ခြေထောက်ကျွံပြီး လားလား မှောက်ရက်ကြီး ဘိုင်းကနဲပဲဗျာ။ လူတွေဝိုင်းရီလိုက်ကြတာ။ ကောင်မလေးတွေက ဟေ့ဟေ့အဲဒါ ငါ့ပိုက်ဆံဆိုပြီးလှမ်းနောက် သေးတယ်။ အားကျွတ်ကျွတ်နာလိုက်တာ။ရှက်ရှက်နဲ့ကျွန်တော် နောက်ကြောင်းပြန်ပြေးတာပေါ့။ ပြေးထားဟေ့ပြေးထား။ကျွန်တော်ရှက်ရှက်နဲ့ပြန်ပြေးတာ။UFLနားထိပြန်ရောက်သွားတယ်။ ဟောဟဲဟောဟဲ။ကျွန်တော်ဘယ်တွေ လျှောက်ပြေးနေမှန်းမသိဘူး။ နောက်ဆုံးကျွန်တော့်ဦးလေးကားပြန်လှည့်လာပြီး
ဟေ့ကောင် ဘာလို့တစ်ယောက်ထဲစွတ်ပြေးနေတာလဲ။ မင်းပြေးတာ ငါ့ကားကိုတောင်ကျော်သွားလို့မနဲလိုက်ခေါ်ရတယ်။ လို့ပြောတော့မှကျွန်တော် ကားနောက်ခန်းမှာ ပက်လက်ကြီးလှန်ပြီး အာ ဦးအိမ်ကိုသာမြန်မြန်မောင်းတော့ဗျာဆိုပြီး။ လွယ်အိတ်ထဲခေါင်းကြီးသွင်းထားရင်းပြောလိုက်တယ်။အာဗျာ ခုပြန်တွေးတောင်ရှက်လာပြီ။ ဘယ်သူမှပြန်မပြောနဲ့နော်။











Read Users' Comments (0)

တောင်ရောက်မြောက်ရောက်

ဥာဏ်ကြီးရှင်များ
မှတ်မှတ်ရရ နယ်မှာကျောင်းတက်တုန်းက အဆောင်မှာနေရင်း ဂစ်တာတီးဖို့
သီချင်းစာအုပ်လိုလို့ သွားဝယ်တယ်။ သူငယ်ချင်းနှစ်ယောက် ပေါင်းမှ ၁၀၀ပဲ
ရှိတယ်။ အဖြစ်ဆိုးတယ်ဗျာ အိမ်ကလဲပိုက်ဆံမပို့ပေးသေးတော့ ငတ်နေရတဲ့
အချိန်ပေါ့။ အဲဒီမှာ သီချင်းစာအုပ်ကလဲဝယ်ချင်၊ ပိုက်ဆံကလဲမရှိတာနဲ့ ကျန်ရာ
မရတုန်းစက်ဘီးစီးရင်း သီချင်းစာအုပ်သည်ကိုတွေ့ရော။ အံမယ် ဒီစာအုပ်သည်
က လုပ်ငန်းခွဲနဲ့ဗျာ သူက စာအုပ်လဲရောင်းသလို ကြွေဗေဒင်လဲ တွက်သဗျ။
အဲဒါနဲ့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး တစ်ယောက်က ဗေဒင်မေးမယ်ပေါ့
ဗေဒင်က တစ်ခါဟော ၅၀ ခင်ဗျာ့။ စာအုပ်ကတစ်အုပ်ကို ၅၀။ ဒါပေမယ့်ဗျာ
ကျွန်တော်တို့ က စာအုပ်တစ်အုပ်လုံးမလိုချင်ဘူး။ ကြိုက်တဲ့သီချင်း လေးတွေ
ပဲရွေးယူချင်တာဆိုတော့ ကြိုက်တဲ့သီချင်းက တစ်အုပ်မှာ မှ သုံးလေးပုဒ်လောက်
ပဲပါတော့။ ၀ယ်ရင် လေးအုပ်လောက်ဝယ်မှ အကုန်ရမှာကိုး။ အဲဒီတော့ တွက်ခြေ
မကိုက်ဘူးလေ။ ဒါကြောင့် ကျွန်တော့်သူငယ်ချင်းကို ဗေဒင်မေးခိုင်းထားလိုက်တယ်။
ငနဲသားကလဲ မေးလိုက်တာ၅၀ဖိုး တောင်မကဖူး။ အပိုတွေလျှောက်မေးနေတာ။
အမှန်တော့ ကျွန်တော်တို့က အချိန်းအချက်လုပ်ထားတာလေ။ ကဲသူတို့နှစ်ယောက်
လေပစ်နေတုန်းကျွန်တော်က စာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်ပြီး ကြိုက်တဲ့ အပုဒ်
တွေကို ကျွန်တော်ဘာလုပ်တယ်ထင်လဲ။ အဟီး အလွတ် ထိုင်ကျက်ပစ်လိုက်တာ။
၅ပုဒ်လောက်ရသွားတယ်။ ပြီးပြီရသွားပြီဆိုတော့။ ဟဲဟဲ ဟေ့ကောင်ပြန်မယ်ကွာ။
သီချင်းတွေကလဲ အသစ်မရှိပါဘူးကွာ ငါတို့ဆီမှာရှိပြီးသားတွေကွ။ သြော် ဦးလေး
အသစ်ထွက်ရင် ချန်ထားပေးဦးနော်။ လို့ပြောပြီးခပ်တည်တည်နဲ့ ပြန်ပြေးခဲ့ကြရော။
ကဲတွေ့ပြီမဟုတ်လား ရွှေဥာဏ်တော်စူးရောက်ကြပုံကို။အ ဟီး။

Read Users' Comments (0)