twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

My Blog Story

ဘလော့ဂ်ဆိုတဲ့ စကားလုံးကို စတင်ရင်းနှီးခဲ့တာ ၂၀၀၆ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပါ။ blog ဆိုတဲ့စကားလုံးကို ဟိုနားလဲတွေ့၊ ဒီနားလဲတွေ့ ဘာကြီးမှန်းမသိခဲ့ပါဘူး။ အီရတ်သတင်းနှင့် သက်ဆိုင်သော blog အားစာအုပ်အဖြစ် ထုတ်ဝေလိုက်သည်ဆိုသော သတင်းများ ဂျာနယ်တွေမှာ ပါလာသောအခါ၊ မြန်မာဘလော့ဂ် တချို့အကြောင်း နားစွံနားဖျားကြားလာသောအခါ ဘာမှန်းသိအောင် ရှာဖွေဖို့ဖြစ်လာခဲ့ပါတယ်။ ဟိုးအရင် ဘလော့ဂ်မရေးခင်တုန်းက ကျွန်တော်က ဖိုရမ်တစ်ချို့မှာ ဟိုရေးဒီရေးနဲ့ ၀င်ဝင်လက်ဆော့ နေတဲ့ကောင်ပေါ့။ :) ဒီလိုနဲ့ google မှာရှာရင်းဖွေရင်းနဲ့ မအိမ့်ချမ်းမြေ့ဘလော့ဂ် ကိုစတွေ့ခဲ့ပါတယ်။ အဲဒိတုန်းက ကျွန်တော်စဖတ်မိတဲ့ ဘလော့ဂ်သတင်းလေး တစ်ပုဒ်က အမေရိကန်ဟောလိဝုဒ် အော်စကာပေးပွဲ သတင်းဖြစ်ပါတယ်။ ပြီးတော့ နောက်ထပ်ရှာဖွေတွေ့ခဲ့တဲ့ ဘလော့ဂ်ကတော့ ကိုမောင်လှ ဘလော့ဂ်ကိုပါ။ ကိုမောင်လှရဲ့ ဘလော့ဂ်က ဘလော့ဂ်လုပ်နည်း၊ ဘလော့ဂ်ပေါ်မှာ မြန်မာလိုရေးနည်း လမ်းညွှန်ဖတ်ရင်းနဲ့မှ ကျွန်တော်ဆိုတဲ့ အူကြောင်ကျားဟာ blogger ကို google၏ ဆားဗစ်တစ်ခု ဖြစ်ကြောင်းသိပါတော့တယ်။ :P အဲဒိတော့မှ ဘလော့ဂ်လုပ်ဖို့ Register စမ်းလုပ်ကြည့်မိတော့တာပါပဲ။


ဘလော့ဂ်စလုပ်တုန်းက ကျွန်တော်အတုယူပြီး လုပ်ခဲ့တဲ့ ဘလော့ဂ်ဟာလဲ ကိုမောင်လှ ဘလော့ဂ်ပါပဲ။ ကိုမောင်လှ ဘလော့ဂ်ပေါ်မှာ တင်ထားတဲ့ အထူးသဖြင့် side bar ပေါ်မှာတင်ထားတဲ့ widgets တွေကို လိုက်ထည့်မိတာပါပဲ။ ပထမဆုံး cbox ထည့်တုန်းကဆို ကျွန်တော်ဆိုတဲ့ကောင်ဟာ cbox ကုဒ်တွေကို side bar မှာ ဘယ်လိုထည့်ရမှန်းမသိလို့ Edit Html ထဲမှာ သွားထည့်ခဲ့တယ်လေ။ ထားတဲ့နေရာ မမှန်တော့ တလွဲတွေ ဖြစ်နေတော့တာပါပဲ။ လုံးလည်ချာလည်လိုက်နေတာ cbox ကိုထည့်တာ တစ်ရက်လောက်ကြာသွားပါတယ်။ အဲဒိတုန်းက ဘလော့ဂ်လုပ်နည်းကို ဖော်ပြတဲ့ ဘလော့ဂ်ဆိုလို့ (ကျွန်တော်သိတာ) ကိုမောင်လှရယ်၊ နောက်တစ်ဦးက အင်္ဂလိပ်လိုရေးတဲ့ (ဘယ်သူမှန်းမမှတ်မိတော့) မြန်မာပရိုဂရမ်မာတစ်ယောက်ရဲ့ ဘလော့ဂ်ရယ် ဒီလောက်ပဲ သိတယ်။ မြန်မာလိုရေးချင်ရင် ပေါ်ချင်ရင် setting ထဲက formatting ထဲမှာ font tab တွေထည့်ရတယ်ဆိုလို့ ထည့်ပြီးစာရေးကြည့်ပါတယ်။ ပထမဆုံးစမ်းရေးတဲ့စာက ပထမအခေါက်နဲ့တင် အဆင်မပြေသေးလို့ ကိုမောင်လှကြီးဆီသွားပြီး ကောမန့်ထဲမှာ သွားသွားပြီး နားပူနားဆာ လုပ်ရတာပါပဲ။ နောက်ဆုံးမြန်မာလို ရေးဖို့ Text Editor လေး ရတော့မှ ကျွန်တော် မြန်မာလို ရေးရတာ အဆင်ပြေလာပါတော့တယ်။ (အဲဒိတုန်းက keyboard installer လဲမသိသေးဘူး) ။ အမှန်တော့ အဲဒိကတည်းက ကိုစေတန်ဂေါ့တ်လဲ ဘလော့ဂ်ရေးနေပါပြီ။ ဘာလို့လဲ ဆိုတော့ အဲဒိText Editor လေးဟာ ကိုစေတန်ဂေါ့တ် ရေးထားတာလေးပါ။


ကျွန်တော်စရေးတုန်းကဆို Text Editor ထဲမှာ အရင်ရေးပြီးမှ postingနေရာမှာ paste လုပ်ပါတယ်။ ပထမဆုံးရေးလို့ အဆင်ပြေတဲ့ ပို့စ်ကိုကိုယ်ဟာကိုယ်ပြန်ဖတ်ရင်း ပီတိတွေဖြစ်နေတာပေါ့။ ဒါပေမယ့် ခေါင်းစဉ်တွေက အဆင်မပြေသေးပါဘူး။ အဲဒါ eot ဆိုတာကြီး လိုက်လုပ်ကြည့်ပါသေးတယ်။ အဆင်မပြေပါဘူးဗျာ။ စားလုံးတွေ ကိုးယိုးကားယားနဲ့ Firefox မှာကြည့်ရင် အဆင်ပြေသလိုလိုနဲ့ IE မှာကျတော့ အဆင်မပြေပြန်ဘူး။ eot ကို ကလိရင်း ကလိရင်း အကြိမ်ကြိမ်ပြန်လုပ်ရင်းနဲ့ တစ်ပတ်လောက်ကြာတယ်။ လုံးဝအဆင်မပြေလို့ ပြန်ဖြုတ်လိုက်ရတယ်။ နောက်တော့မှ eot မထည့်ပဲ ရိုးရိုးလေး font variable တွေကို ကြေငြာပြီးပဲ ထည့်လိုက်တော့တယ်။ အဲဒိနောက်တော့ ကိုညီလင်းဆက်ဘလော့ဂ်၊ သူ့ရဲ့ မြန်မာဘလော့ဂ်လမ်းညွှန် ဘလော့ဂ် ကနေတဆင့် မနိုင်းနိုင်းဘလော့ဂ်ကို တွေ့ပါတယ်။ မနိုင်းရဲ့စာတွေကို အဲဒိထဲက ဖတ်မိရင်း သဘောကျမိတာပါ။ အဲ..အစတုန်းက ကျွန်တော်က မနိုင်းကို အကိုကြီးတစ်ယောက်ထင်ပြီး အကိုတွေ ဘာတွေ ဆီဗုံးမှာ သွားအော်ပါသေးတယ်။ :)
ဘလော့ဂ်စလုပ်ကတည်းက ရည်ရွယ်ချက်က ဘလော့ဂ်ကိုကလိဖို့နဲ့ ကျွန်တော့်ကတောက်တစ်ခေါက် ရေးထားတဲ့ စာတွေကိုတင်ချင်လို့ပါပဲ။ အိမ်မှာဆို စာအုပ်ထဲရေး၊ ဟိုစာရွက်ထဲရေးထားတဲ့ ပရမ်းပတာ ပြန့်ကျဲနေတဲ့ စာတွေ၊ကဗျာတွေကို တစုတစည်းထဲဖြစ်အောင် စတင်ဖြစ်ခဲ့ပါတယ်။ ကိုယ့်ဟာကိုယ်ရေး ကိုယ့်ဟာကိုယ်ဖတ် သဘောတွေစွတ်ကျနေတော့တာပါပဲ။ တနေ့တနေ့ဘလော့ဂ်လေးပေါ်မှာ ဘာတင်ရမလဲလို့ စဉ်းစားနေမိတာကို အရသာတွေ့မိပါတယ်။ အဲဒီမှာ ဘလော့ဂ်စွဲခြင်းရောဂါ စပါတော့တယ်။:)
အဲဒီတုန်းက ဘလော့ဂ်တွေလဲ ဒီလောက်မပေါများသေးပါဘူး။ နောက်တော့ကျွန်တော်လဲ လက်လှမ်းမှီရာ ဘလော့ဂ်တစ်ခုမှတစ်ခု လိုက်ဖတ်ရင်း ဘလော့ဂ်ရီဒါတစ်ပိုင်းလည်းလုပ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့ဘလော့ဂ်တွေကို ပင်တိုင်လိုက်ဖတ်လေ့ရှိတဲ့ ဘလော့ဂ်ရီဒါစစ်စစ်ကြီးကတော့ ကျွန်တော့်အစ်မ ဒီမိုပါပဲ။ နောက်တော့ လည်ရင်းပတ်ရင်း ကိုရန်အောင်၊ မမီ၊ လွတ်ကျခဲ့သူကြီး၊ မမဘာညာ၊ ကိုဂေါက်တို့ ဘလော့ဂ်တွေကို ရောက်ဖြစ်လာပါတယ်။ အရင် အစပိုင်းကတည်းက သူတို့တွေက online ရော offline ပါ တွေ့နေကြပြီလေ။


ကျွန်တော်ဘလော့လေးကို စပြီးလုပ်တုန်းက ဖေဖော်ဝါရီလက စပေမယ့် ပို့စ်တင်တော့ မတ်လလောက်မှတင်ဖြစ်ပါတယ်။ ပြီးတော့ hit counter လဲ တော်တော်လေးနောက်ကျမှတပ်ဖြစ်ခဲ့တယ်။ မှတ်မိသလောက်ဆို သြဂုတ်လဆန်းလောက်မှ တပ်ဖြစ်ခဲ့တာပါ။ ကျွန်တော့် အယူအဆက အရေအတွက်ထက် ကျွန်တော့်ဆီကို ခင်လို့ မင်လို့၊ ကျွန်တော့်စာ၊ ကဗျာတွေကို တမင်သက်သက်ဖြစ်ဖြစ် လမ်းကြုံလို့ပဲဖြစ်ဖြစ် လာဖတ်တဲ့သူတိုင်းဟာ ကျွန်တော့်အတွက် ခွန်အားတွေပါပဲ။ အရေအတွက်ဆိုတာ လုပ်ယူလို့ရပါတယ်။ ဒါပေမယ့် ခင်မင်မှုနဲ့ တန်ဖိုးထားမှုတွေဟာ တော့ လုပ်ယူလို့ မရပါဘူးဆိုတာပါပဲ။ ကျွန်တော်အရင်က တစ်ယောက်ထဲ အထီးကျန်စွာ ရေးနေရင်းက ဟိုလည်ဒီလည်နဲ့ အပေါင်းအသင်းတွေ ရလာတော့ ကျွန်တော်ဒီရပ်ဝန်းလေးမှာနေထိုင်ရတာ ပျော်လာတယ်။ ကျွန်တော့်အတွက် ပိုကောင်းခဲ့တဲ့ အခွင့်အရေးတစ်ခုက ဘလော့ဂ်ဆီမီနာ လုပ်ဖြစ်လိုက်ကြတာဟာ ကျွန်တော်ခင်တဲ့၊ ကျွန်တော် ဖတ်လေ့ရှိတဲ့ ဘလော့ဂ်တွေရဲ့ ပိုင်ရှင် ဘလော့ဂ်ကာတွေကို အပြင်မှာ မျက်ဝါးထင်ထင်တွေ့ခွင့်ရခဲ့သလို၊ ခင်မင်ခွင့်ရခဲ့တာပါပဲ။ တကယ်ပေါင်းကြည့်တော့မှ တကယ့်ကို စိတ်တူကိုယ်တူဖြစ်ပြီး Level အဆင့်အတန်း မခွဲတဲ့ ၊ အသက်အရွယ်မခွဲတတ်တဲ့ သူငယ်ချင်းကောင်းများကို ရလိုက်တာပါပဲ။ တကယ်ပါ ကျွန်တော် ဒီဘလော့ရပ်ဝန်းလေးမှာနေရတာ သက်သောင့်သက်သာရှိပြီး နွေးထွေးမှုရှိပါတယ်။ လွတ်လပ်မှုလဲရှိပါတယ်။ ကျွန်တော့် ဘလော့ဂ်လေးကို စွဲလမ်းလမ်းဖြစ်သလို မြန်မာဘလော့ဂ်လောကလေးကိုလဲ စွဲလမ်းနှစ်ခြိုက်ခုံမင် နေမိပါပြီ။ ကဲ..သယ်ရင်းတို့ရော….

(အဟဲ ကိုပီကေ တက်ထားတဲ့ ပို့စ်လေး အပျင်းကြီးပြီးခုမှ ရေးဖြစ်ပါတယ်…:P)

Read Users' Comments (6)

6 Response to "My Blog Story"

  1. မေပျို says:
    December 21, 2007 at 10:09 PM

    ကိုမင်းယွန်းရေ
    ဘလော့ဂ်လေးကို ပင်ပန်းခံပီး လုပ်ခဲ့တာပဲနော်။ ဂုဏ်ယူပါတယ်။ ဆက်လက်ပြီးလည်း ဘလော့ဂ်လေး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်နော်။

  2. ပီကေ says:
    December 21, 2007 at 11:38 PM

    အတော်လေးကို ရုန်းကန်ခဲ့ရတာပဲဗျ။ လေးစားတယ်ဗျာ။ အကိုတို့က မမီတို့ မျက်လုံးတို့ကို အပူကပ်လို့ ရတော့ အတော်လေးကို ပေါ့ပေါ့ပါးပါးနဲ့ ဒီအခြေအနေ ရောက်လာတာပါ။ အဲဒီလို လုံ့လမလျှော့ဘဲ အပတ်တကုတ် ကြိုးစားကြတဲ့ ဘလော့ဂါတွေရဲ့ သမိုင်းကြောင်းကို ဖတ်ပြီး အခုမှ စလုပ်မယ်လို့ စိတ်ကူးတဲ့ လူတွေကိုလည်း အားတက်စေချင်လို့ပါ။ ဒီပို့စ်တွေကို ဖတ်ပြီး သူတို့လည်း ဒီလို စရတာပါလားလို့ သိစေချင်တယ်။ ငါတို့လို အခက်အခဲတွေနဲ့ ကြုံကြရတာပါလား လို့ မြင်စေချင်တယ်။ အဲဒီလို မြင်နိုင် သိနိုင်အောင် ကိုယ်ပိုင် ခံစားချက် အပြည့်နဲ့ ရေးပေးတဲ့ ညီလေးကိုလေး ကျေးဇူးတင်ပါတယ်။

  3. Winkabar says:
    December 22, 2007 at 5:37 AM

    ဟုတ်တယ်နော်။ ဘလော့လောကကတော်တော်ပျော်ဖို့ကောင်းတာပဲ။

    ကြိုစားပြီးတစ်ဆင့်ချင်းတည်ဆောက်ခဲ့ရတဲ့ဘလော
့လေးရေရှည်တည်တံ့ပါစေကိုမင်းယွန်းသစ်ရေ။

  4. Anonymous Says:
    December 22, 2007 at 8:23 PM

    မင်းယွန်းရေ့ ဘလော့အပေါ်ခံစားချက်ချင်းကတော့ အတူတူပဲ ..မင်းကတော်တာပေါ့ ကိုယ့်အားကိုယ်ကိုး ပြီး ဘလော့ရေးနိုင်းတာ ငါဆိုသူများ လုပ်ပေးတာကြီးပဲ..ပို့ စ်တင်တာတစ်ခုပဲ...လေးစားပါတယ် ဆက်လက်ပြီး ဘလော့ခြင်းဖြစ် ပျော်ရွှင်နိုင်ပါစေဗျာ..

  5. Red's Rose Dream says:
    December 24, 2007 at 8:20 AM

    အတော်ကြိုးစားထားတာကို ဒါကြောင့်မနာလိုစရာကို တန်းပလိပ်ကလှနေတာ။ အခုလဲ သပ်သပ်ရပ်ရပ်နဲ့ လှနေတာပါဘဲ။ အရင်တန်းပလိပ်ကတော့ ကလေးဆန်ပြီး ခုက အရင်ထက်ပိုပြီးလူကြီးဆန်သွားသလိုဘဲ။ ဟတ်ဟတ်ဟတ် အသက်ကလည်း ကြီးသွားတာကိုနော်။

  6. Khin says:
    March 15, 2008 at 8:04 AM

    congrats