သူငယ်ချင်းတစ်ယောက်အကြောင်း
ကျွန်တော့် ဘ၀မှာ အခင်ရဆုံး အခုထိလဲခင်တုန်းခင်ဆဲ သူငယ်ချင်းတစ်ယောက်ရှိပါတယ်..။ အမှန်တော့ သူငယ်ချင်းဆိုတာထက် ညီအကိုလို မိတ်ဆွေကောင်းတစ်ယောက်လို ဆိုပိုမှန်လိမ့်မယ်ထင်ပါတယ်..။ ကျွန်တော်သူ့ကို ဒီပလိုမာသင်တန်း တစ်ခုမှာသိခဲ့တာပါ..။ ပေါင်းမိပုံကလဲ ရီရတယ် ကျွန်တော့်လို အူကြောင်ကြောင် ပေါက်ကရလုပ်တဲ့လူမျိုးမို့ ပေါင်းမိတာပါ..။ မိန်းထဲမှာတက်ရတဲ့ ဒီပလိုမာသင်တန်းမှာတုန်းက ဘယ်လောက်ထိ ပေါက်ကရနိုင်လဲဆိုရင် ဇင်ယော်မောင်မောင်က နိုင်ငံတော်ကားတစ်ခုကို လာရိုက်တယ်..။ မင်းသမီးက သက်မွန်မြင့်ထင်တယ်.။ မင်းသားတွေက လူမင်း ထင်တယ်..။ အဲဒိမှာ ကျွန်တော်တို့ ၂ယောက်က ဇာတ်ကားရိုက်နေတဲ့ နားမှာ သွားအုံကြည့်နေတဲ့ အတန်းလစ်လာတဲ့ PhD ကျောင်းသား ဆရာမ ပေါက်စတွေနားကို သွားပြီး PhD ကျောင်းသားများ ရုပ်ရှင်အကြောင်း စာတမ်းတင်ပါမယ် ဘာညာဆိုပြီး ပေါက်ကရသွားအော်တယ်..။ ဟီး။ အတန်းထဲမှာလဲ နှစ်ယောက်သား နပန်းလုံးလိုလုံး မကြီးမငယ်နဲ့ အတန်းထဲမှာ ရုပ်ရှင် ဖွက်တိုင်းဆော့လိုဆော့။ ပေါက်ကရလုပ်တဲ့ နေရာမှာ အတွဲတော်တော်ညီတယ်..။ အဲသူက ပေါက်ကရသာလုပ်နေပေမယ့် တကယ့်လူတော် တစ်ယောက်ဖြစ်ပါတယ်။ (ကျွန်တော့်လို ငပျင်းတော့ မဟုတ်ဘူး :P) သူတော်တာက ပေါင်းသင်းဆက်ဆံရေးရယ်၊ ပြီးတော့ သိုင်းပေါင်းစုံကစားတတ်တယ်..။ တကယ်ပြောတာပါ..။ သူက ကရာတေး ခါးပတ်နက်၊ အာခိဒို ခါးပတ်နက်(နည်းပြ)၊ မြန်မာ့လက်ဝှေ့၊ အားပါးအကုန်တတ်တယ်။ တတ်တဲ့ဟာတိုင်း ပါချီပါချက် မဟုတ်ဘူး။ တကယ်ကို ကျွမ်းကျင်တာ..။ တကယ်တမ်း အတွင်းသိမှ သူ့ကောင်းကွက်တွေသိတာ.. မသိတဲ့လူဆိုရင် ခပ်ကြောင်ကြောင်ကောင်ပဲ။ စာအုပ်စာပေနှံ့စပ်တာလဲ စာအုပ်တွေကို ၀ါးစားသလား မှတ်ရတယ်။ စာမျက်နှာက အစ အကုန် အလွတ်ရနေတယ်..။
ကျွန်တော်တို့ သင်တန်းပြီးသွားပေမယ့် ဆက်ပေါင်းဖြစ်ခဲ့တယ်..။ ကျွန်တော့် စိတ်လေ ဂလေရိုက်တဲ့ ချိန်တွေမှာဆို သူက အမြဲအားပေးတယ်..။ သူနဲ့စကားတခါ ပြောလိုက်ရရင် တက်ကြွလာတယ်..။ ကျွန်တော့်ထက် အသက် ပိုကြီးပေမယ့် လူငယ်ဆိုရင် လူငယ်လိုပေါင်းတတ်ပြီး လူကြီးဆိုရင်လဲ တကယ့်ဒိတ်ဒိတ်ကြဲ အဖိုးကြီးများကိုလဲ ပေါင်းပါတယ်။ (သူပေါင်းတဲ့ အဖိုးကြီးများထဲမှာ စာရေးဆရာ ကြီးတွေလဲပါပါတယ်။) ကျွန်တော်သူနဲ့ ပတ်သက်လို့ မှတ်မှတ်ရရ အရှိဆုံးက သူလက်ဝှေ့ ပွဲမှာ လက်ဝှေ့ထိုးပြီး ပွဲပြီးတဲ့ချိန်မှာ သူပွဲကြည့်စင်ပေါ်မှာ တင်းထားသမျှ ကျွန်တော့် ကိုလဲတွေ့ကော တကိုယ်လုံး ပစ်လှဲပြီးဟိုက်သွားတယ်။ နောက်တကြိမ်က သူထောင်ကျလောက်တဲ့ ငွေကြေးကိစ္စဖြစ်တော့ ကျွန်တော့်လက်ကို ဆုပ်ပြီးပြောတဲ့ စကား ကျွန်တော်ခုထိ မမေ့သေးဘူး။ ဟေ့ရောင် ငါတခုခုဖြစ်သွားရင် ငါ့အမေနဲ့ ငါ့ညီလေးကို မင်းကိုစောင့်ရှောက်ပေးဖို့ အပ်ခဲ့မယ်ကွာတဲ့။ ကျွန်တော် ကြားကြားချင်း အရမ်းစိတ်ထိခိုက်သွားတယ်။ ကျွန်တော်သူ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းခဲ့တယ်။ တော်သေးတယ် သူကိစ္စ အကျယ်အကျယ် ဖြစ်မသွားလိုက်ဘူး။ လောကမှာ အပေါင်းအသင်း မိတ်ဆွေမရှားပါဘူး ဒါပေမယ့် မိတ်ကောင်းဆွေကောင်းကတော့ တကယ်ရှားပါတယ်။ ကျွန်တော်ပေါင်းလာတဲ့ထဲမှာ ကိုယ်ကယုံကြည်ရတဲ့ လူတွေက နောက်ပိုင်းကျတော့ နောက်ကျော ဒါးနဲ့ထိုးသွားတဲ့လူတွေ မနည်းဘူး။ ကျွန်တော်သိသော ကျွန်တော်ခင်သော သူငယ်ချင်းကတော့ သူအစားကောင်းစားရရင် မမေ့ဘူး။ သူစာအုပ်ကောင်းတခုတွေ့ရင် စာအုပ်ကြိုက်တတ်တဲ့ ၀ါသနာတူကျွန်တော့်ဆီ ဖုန်းဆက်အကြောင်းကြားနေကျ။ ကျွန်တော်လိုချင်တဲ့ စာအုပ်ဆို မရမက လိုက်ရှာပေးနေကျ၊ ကျွန်တော် မဟုတ်တာတွေလုပ်နေရင် ဆူပူသတိပေးနေကျ သူငယ်ချင်းဟာ ကျွန်တော့်ဘ၀မှာ အခင်မင်ရဆုံးနဲ့ အားအကိုးဆုံး သူ့အတွက်ဆို ဘာမဆို လုပ်ပေးဖို့ ဆုံးဖြတ်ထားလောက်အောင် ကျွန်တော့် အပေါ်အကောင်းဆုံးသူငယ်ချင်း ဖြစ်ပါကြောင်း....။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "သူငယ်ချင်းတစ်ယောက်အကြောင်း"
Post a Comment