အောင်မြင်စွာ ပြီးဆုံးခဲ့သော ကဗျာရွတ်ပွဲ

မနေ့က ကျွန်တော်တို့ လူငယ် စာပေ ၀ါသနာရှင်တွေ ပူးပေါင်း ပြုလုပ်တဲ့ ကဗျာရွတ်ပွဲလေး အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အခက်အခဲ အနည်းငယ်ကြားကနေ ကဗျာရွတ်ပွဲလေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အတွက် ၀မ်းသာ စရာ ကောင်းလှပါတယ်။ အဲ့ဒိ အတွက် ၀ိုင်းဝန်းပြီး တတပ်တအား ပါဝင် ပေးခဲ့ကြသော မြက်ခင်းသစ် အဖွဲ့သားများ၊ အက်ဒမင်ကြီး ကိုဗညားရှိန်၊ ပြေးပြေးလွှားလွှား လိုတာလေးတွေ ပြေးဝယ်ပေးသော ကိုမိုးလှိုင်ည၊ ညီမင်းခန့် နှင့် ကိုပုတ်သင်ညို ၊ ရွတ်ဆိုရမယ့် ကဗျာတွေကို စုစည်းပေးပြီး အစီအစဉ် ကြေငြာသူ အဖြစ်ပါ ဆောင်ရွက်ပေးသော သူရဿဝါ၊ ပြီးတော့ မေသက်နှင်း(ကဗျာ)၊ တကူးတက ရောက်လာပေးတဲ့ ကိုမျက်လုံး၊ ကိုဂစ်တာ၊ နေမကောင်း ဖြစ်နေတဲ့ ကြားက လက်ပ်တော့၊ Amplifier ၊ မိုက်ကရိုဖုန်း ယူလာခဲ့သော ကျွန်တော့်ကိုယ် ကျွန်တော် (အဟဲ ကိုယ့်ဟာကိုယ် ကျေးဇူးတင်လိုက်မယ်)။ အထူးဧည့်သည်တော် အဖြစ် တက်ရောက် အားပေးခဲ့သော ကဗျာဆရာများ ဖြစ်ကြသော ဆရာ ညီမင်းညို ၊ ဆရာ မင်းမဟော် (ပုသိမ်) တို့နှင့် အခြားသော တက်ရောက်ခဲ့ကြသော သူငယ်ချင်းများ အားလုံးကို အထူးပဲ ကျေးဇူးတင်မိပါတယ်။
မနေ့က ကျွန်တော်တို့ ပွဲမလုပ်ခင် အိမ်က ထွက်မယ်အလုပ်မှာ မိုးက အသည်းအသန် ရွာနေတော့ လက်ပ်တော့နဲ့ စာရွက်တွေ စိုမှာတောင် စိုးရိမ်မိတယ်။ ကံကောင်းချင်တော့ ကျွန်တော် အိမ်ကနေ ထွက်ခါနီး ၁၂ နာရီ ကျော်ကျော် လောက်မှာ မိုးက တိတ်သွားတယ်။ မိုးတိတ်တာနဲ့ ကားငှားပြီး ဆိပ်ကမ်းသာ လမ်းကို ပြေးရတော့ တာပဲ။ ချိန်းထားတာက ၁နာရီ အရောက်ဆိုတော့ ဟိုလုပ်ဒီလုပ် လမ်းထိပ်ဘက် ထွက်တာနဲ့ ၁၂နာရီ ခွဲကျော် နေပြီ။ မြို့ထဲရောက်တော့ မိုးက နည်းနည်း ခပ်စဲစဲလေး ရွာနေတုန်းပဲ။ မြစံပယ် အပေါ်ထပ်ကို ရောက်တော့ ကိုမိုးလှိုင်ည၊ ညီမင်းခန့်၊ ဗညားရှိန်၊ အဆိပ် တို့ ကရောက်နှင့် နေကြပြီ။ ပြီးတော့ ကျွန်တော်နဲ့ ကိုမိုးလှိုင်ည Audio ကြိုးနဲ့ မီးကြိုးခွေ ၀ယ်ဖို့ ဖရေဇာဘက်ကို ထွက်ခဲ့တယ်။ မိုးတွေက ခပ်ဖွဲဖွဲ ရွာတုန်း..။ ပြန်လာတော့ မီးကြိုးတွေဘာတွေ စင်ပြီး ကာမှ ဘောက်စ်က မရတော့ ဘူးဆိုလို့ ကျွန်တော်တို့မှာ အကြံအိုက်သွားကြတယ်။ ဒါနဲ့ ကိုဗညားရှိန် တို့ ကွန်ပြူတာ ပစ္စည်းဆိုင်ကို ကွန်ပြူတာနဲ့ တွဲတဲ့ ဘောက်စ်လေး သွားပြေးဝယ်ကြရတယ်။ ပြီးတော့ ခေါင်းကို ကပ်ကြေးနဲ့ညှပ် ကြိုးစ နှစ်စ ထုတ်ပြီး Amplifier မှာ တပ်လိုက်တယ်။ မိုက်ကရိုဖုန်းနဲ့ စမ်းကြည့်တော့ အသံက ထီသည်တွေ သုံးတဲ့ အသံလို အစ်ပြီး ညှောင်နာနာ သံထွက်နေတယ်။
ဒါနဲ့ မဖြစ်သေးဘူး ဘယ်လိုလုပ်မလဲဆိုပြီး ကြံလိုက်ကြတော့ မြစံပယ် ဆိုင်ကိုပဲ ခွင့်တောင်းပြီး အပေါ်ထပ်က ဘောက်စ်တွေကို ကြိုးနဲ့သွယ်လိုက်ကြတယ်။ (အဲ့ဒိ ကြိုးကိုလဲ ပုတ်သင်ညိုနဲ့ ညီမင်းခန့်တို့ ပြေးဝယ်ရပြန်ပါတယ်)။ ကြိုးရလာတော့ ဘောက်စ်နဲ့ Amplifier သွယ်၊ မိုက် စမ်းကြည့် တာ အိုကေ သွားတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ဧည့်သည်တွေ ခဏစောင့်ရင်း ၂နာရီခွဲ လောက်မှ ပွဲကို စဖြစ်တော့တယ်။ အခမ်းနားမှူးအဖြစ် သူရဿဝါက နေ အစီအစဉ်တွေကို ဖတ်ကြားပါတယ်။
အစီအစဉ်(၁) မှာ ကျွန်တော်က MOWA တည်ထောင် ရခြင်း အကြောင်းကို ရှင်းပြရပါတယ်။ အစီအစဉ် (၂)မှာ ဗညားရှိန်က မြက်ခင်းသစ်လွင်ပြင် တည်ထောင်ရခြင်း အကြောင်းကို ရှင်းလင်း ခဲ့ပါတယ်။ အစီအစဉ် (၃) အရ ညီမင်းခန့် (ခ) ရိုးရာမှ အလင်းမျှော်စင် စာကြည့်တိုက်လေး ပြုလုပ်မယ့် လုပ်ငန်းစဉ်တွေကို တင်ပြသွားပါတယ်။ အစီအစဉ် (၄) အရ ကိုမိုးလှိုင်ညက အိပ်မက်သစ်တို့ရဲ့ မာတိကာ ကဗျာရွတ်ပွဲ ကျင်းပ ရခြင်း အကြောင်းကို ရှင်းလင်းသွားခဲ့ပါတယ်။ အစီအစဉ် (၅)မှာတော့ ကဗျာတွေကို ရွတ်ဆိုခဲ့ကြပါတယ်။ မနေ့က ရွတ်ဆိုသွားသော ကဗျာဆရာတွေ တွေကတော့
။ မင်းယွန်သစ် ( MOWA ) ….. " ကျွန်တော်အပေအတေ "
၂ ။ မိုးလှိုင်ည ( MOWA ) …… " နွေဦးကပွင့်ထွတ်တော့မယ် "
၃ ။ ဗညားရှိန် ( MKT ) …… " အလွမ်းတွေက အလွမ်းတွေကို မိုးလို့ "
၎ ။ ရိုးရာ ( MKT) …… " ညအတုရဲ့ ကြယ် "
၅ ။ သူရဿဝါ ( MOWA ) ….. " အပေါင်းအသင်းများနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း "
၆ ။ လင်းရမ္မာ ( MOWA ) ….. " နွေးကို ခိုးသွားတဲ့ ဧပရယ် "
၇ ။ ပုတ်သင်ညို ( MKT) ….. " လွင်တီးခေါင်တဲ့ အညတြကမ္ဘာ "
၈ ။ ကြက်သွန် ( MySuboo ) ….. " တစ်ယောက်တစ်ခြမ်း ကမ္ဘာ "
၉ ။ သောတ ( MKT) …… " တယ်လီဖုန်း "
၁၀ ။ အဆိပ် ( MKT) …… " ကြယ်စင် " တို့ ဖြစ်ပြီး ဧည့်သည်တော် အဖြစ် ရောက်လာတဲ့ ဆရာ ညီမင်းညိုကလဲ ကဗျာ တပုဒ် ရွတ်ဆို ပေးသွားခဲ့ပါတယ်။
အစီအစဉ် (၆)ကတော့ အကျွေးအမွေး အစီအစဉ် ဖြစ်ပြီး ကဗျာဆရာ ဦးညီမင်းညိုနဲ့ ကျွန်တော်တို့ အဖွဲ့တွေ စကား လက်ဆုံကျ ခဲ့ကြပါတယ်။ ပွဲကို လေးနာရီမှာ ရုတ်သိမ်းခဲ့ပါတယ်။ ကော်ဖီခွက် ၄၀ မှာထားပေမယ့် မိုးရွာလို့ ထင်တယ်။ ပရိသတ်က အားလုံးပေါင်း ၁၉ယောက်ပဲ တက်ရောက် ခဲ့ပါတယ်။ ကျန်တဲ့ ကော်ဖီခွက်တွေကိုတော့ ပိုက်ပိုက် ပေးပြီးသားမို့ နှမြောတာနဲ့ လာတဲ့ သူတွေကို ကုန်အောင် တယောက် ၂ခွက် နှုန်းနဲ့ သောက်ခိုင်းလိုက်ပါတယ်။ (နောက်များမှာ လုပ်မယ့် ပွဲတွေမှာ သွားရလာရ အဆင်ပြေသော နေရာတွင် ပြုလုပ်သွား မည်ဖြစ်ပြီး၊ ခပ်စောစောကပင် ကြိုတင် ကြေငြာ ပေးဖို့ ဒီပွဲကနေ အတွေ့အကြုံ ရလိုက်တာ အမြတ်ပါပဲ)။ နောက် တခုကတော့ ကျွန်တော်တို့ ယခင်က စီစဉ်ထားတဲ့ တလတခါ မဂ္ဂဇင်းတိုက်တွေကို စာမူပို့မယ့် ကိစ္စကိုလဲ ဆရာညီမင်းညိုက တတ်နိုင်သလောက် အကူညီ ပေးသွားမှာဖြစ်ပြီး နောင်များမှာ စာပေ လောကက ကဗျာဆရာများနဲ့ ကျွန်တော်တို့ အွန်လိုင်းက စာရေးသူတွေနဲ့ ရင်းနှီးအောင် တွေဆုံပေးပါ့မယ်လို့လဲ ပြောခဲ့ပါသေးတယ်။

ကိုမိုးလှိုင်ည

သူရဿဝါ၊ ဗညားရှိန်၊ ဆရာညီမင်းညို၊ ဆရာ မင်းမဟော် (ပုသိမ်) တို့ စကား လက်ဆုံကြနေကြစဉ်
ဒါကြောင့် နောက်လုပ်မယ့် ပွဲတွေမှာ ပြင်ပက ဆရာတွေကို ဖိတ်ကြားဖို့ ကျွန်တော်တို့ လမ်းစရခဲ့ကြပါတယ်။ မနေ့က မတက်ရောက် ဖြစ်ခဲ့သော သူငယ်ချင်းများ အားလုံးလဲ နောက်တခါ ပွဲများကို လာရောက် စေချင်ပါတယ်။ စာပေအနုပညာ ချစ်မြတ်နိုးတဲ့ မျိုးဆက်သစ် လူငယ်တွေ သိုက်သိုက် ၀န်းဝန်းနဲ့ လာရောက် ဆင်နွှဲပေး စေလိုပါတယ်။ ဒီတော့ နောက်ပွဲတွေမှာ ကဗျာရွတ်ဆိုချင်တယ် ဒါမှမဟုတ် စာပေစကားဝိုင်းလေးတွေ ပြုလုပ်ရင် လာရောက် ပူးပေါင်းချင်တယ် ဆိုရင် ကျွန်တော်တို့ MOWA နဲ့ မြက်ခင်းသစ်တို့ကို ဆက်သွယ် နိုင်ကြပါတယ် ခင်ဗျာ။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
April 13, 2009 at 9:15 AM
အဲဟို.. လက်ဆုံကျပြီး မျက်နှာချင်းဆိုင်နေတဲ့ လူတွေရဲ့
မျက်နှာလည်း မမြင်ရပါလား...
ဟို ဝတုတ်တုတ်ကြီး မျက်မှန်ကိုင်းမည်းနဲ့ကြီးက အဒူတုန်း.. မှန်းစမ်း
April 15, 2009 at 5:07 PM
ဟားဟား..အဲ့ဒါ ကဗျာဆရာ ညီမင်းညို ခင်ဗျ.. ကင်မရာ မပါသွားလို့ ပါတဲ့ MP4 လေးနဲ့ ရိုက်ထားတာ..း)