twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ပြဇာတ်

မိုးစက်လေးများ တဖျောက်ဖျောက် ရွာသွန်းနေ၏။ မိုးသားများ မီးခိုးရောင် သန်းနေပြီး ပတ်ဝန်းကျင်တခုလုံး မှိုင်းညှို့လွန်းလှသည်။ လေယူရာ တိမ်းနေသော သစ်ပင် သစ်ရွက် များက စိမ်းရင့်ရောင် ယိမ်းနွဲ့နေကြသည်။ တံစက်မြိတ် အစွန်းဆီမှ သီးခိုနေသော ရေပေါက်လေးများက လေးတွဲစွာ ကျဆင်းနေ၏။ လေးဘက် လေးတန် အကာအရံမဲ့နေသော ဇရပ်လေးထဲသို့ မိုးသက်လေများ ဥဒဟို တိုးဝင်တိုက်ခတ်နေကြသည်။ အလေ့ကျ ပေါက်ရောက်နေသော မြက်ပင်လေးများသည် သဘာဝ မြေသြဇာဓာတ်ကြောင့် ရှင်သန် နေကြပြီး စွတ်စွတ်စိုနေကြသည်။ ရေစီးကြောင်းများက ၄င်းတို့ကို တိုးဝေ့ စီးဆင်း သွားကြသည်။

အခိုက်အတန့် အချိန်များသည် သတ္တလောကကြီးအား ပွတ်တိုက်စားသွားပြန်သည်။ နမိတ်ပုံရိပ်များက တနေရာပြီး တနေရာ ဖြိုးဖြိုးဖျတ်ဖျတ် ပေါ်ပေါက်လာ၏။ အရိပ်တခုက အလွန် လှိုက်မောစွာ ရယ်မောနေ၏။ သို့သော် သူ့မျက်လုံးတွေက မလုံခြုံခြင်းများ ပြည့်လျှမ်းနေပုံက ဖုံးဖိနိုင်စွမ်းတော့ မရှိပေ။ ၀မ်းသာလွန်းလို့လား၊ ၀မ်းနည်းလွန်း၍ ဖြေမဆည်နိုင် ရယ်မောနေခြင်းလား ဝေခွဲရခက်လွန်းလှသည်။ နောက်ပုံရိပ်တခုက တော်တော်လေး တော်တော်လေး ကြေကွဲစရာကောင်းလှသည်။ နာကျင်စွာ ခံစားရခက်နေဟန်ဖြင့် မြေပြင်ပေါ်တွင် တွန့်လိမ်ခေါက်ကွေး နေရရှာသည်။ ပိန်ချုံးနေသော သူ့မျက်နှာပြင်သည် ဦးခေါင်းခွံနှင့် ချပ်ရပ်စွာ ကပ်နေပြီး အရိုးပေါ်အရေတင် နေ၏။ ကျုံလှီနေသော သူ့နံရိုးများကို အရိုးပြိုင်းပြိုင်း သူ့လက်ဖြင့် ဖိရင်း ဝေဒနာကို ရှုံ့မဲ့စွာ ခံစားနေရရှာသည်။ ထိုအရိပ်လဲ ၀ိုးတ၀ါးပျောက်ကွယ်သွားပြန်သည်။
နောက်ထပ် နေရာများမှ ထပ်၍ ပေါ်လာပြန်သည်။ ပုံရိပ်တခုက ကဏ္ဌာမငြိမ် စွာဖြင့် ဟိုမှ ဒီိသို့ လမ်းလျှောက်နေပြန်သည်။ သေချာသတိထားမိလျှင် လက်ထဲရှိ ဗူးလေးတဗူးအား ပိုက်ရင်း မရပ်မနား ခေါက်တုံ့ခေါက်ပြန် လျှောက်နေပြန်သည်။ ထိုသို့ လျှောက်ရလွန်း၍ လည်း သူ့ပုံစံက အလွန်မောဟိုက်နေသည့် ပုံပေါ်နေသည်။ မကြာမှီမှာပင် ရိပ်ခနဲ ပျောက်သွားပြန်သည်။ နောက် ပုံရိပ် ၂ ခုက တပြိုင်တည်း ပေါ်ပေါက်လာပြန်၏။ ထိုပုံရိပ် ၂ခု သည် ယောက်ျားနှင့် မိန်းမ သဏ္ဌာန်တို့ဖြစ်ကြပြီး ၄င်းတို့သည် မိမွေးတိုင်း ဖမွေးတိုင်း ပုံစံများနှင့် ဖြစ်၏။ သို့သော် သူတို့၏ ခန္ဓာကိုယ် အနှံ့အပြား နီးပါးတွင် မသတီစရာ လောက်လန်းကောင်များ တွယ်ကပ်နေပြီး သူတို့ ကိုယ် သူတို့ ပြန်၍ ရွံရှာနေကြ၏။ စက်ဆုပ်ဖွယ် ခန္ဓာပေါ်မှ လောက်လန်းများကို ခွာချလိုက်တိုင်း ခန္ဓာအဆွေး အမြည့်များက ပဲ့ကွာကျ ကုန်သဖြင့် သူတို့ ပုံစံများက ရုပ်ပျက်ဆင်းပျက် နိုင်လွန်းလှသည်။ ထိုအရိပ်နှစ်ခု ပျောက်ကွယ်သွားပြီးနောက် ခပ်လှမ်းလှမ်းဆီမှ အစုအဖွဲ့လိုက် အရိပ်များသည် မြေပြင်ထက်ဆီသို့ တဦးပေါ်လိုက် တဦးပျောက်လိုက် ဖြင့် တလှည့်စီ ထွက်ပေါ်နေကြပြီး အကူအညီများ အလုအယက် အော်ဟစ် တောင်းခံနေသည့် ဟန်ရှိကြသည်။ များ မကြာမှီမှာပင် ထိုအရိပ်များလဲ မှုန်ဝါးပျောက်ကွယ် သွားကြပြန်သည်။
ဇရပ်ထဲမှ နေ၍ ပုံရိပ်များ ထပ် ပေါ်လာလေအုံးမလား ဆိုပြီး အချိန်အတန်ကြာ စောင့်ကြည့် သော်လည်း ထပ်မံ မပေါ်လာတော့ ပဲ သူ၏ တယောအိုလေးအား မေးတင်ကာ ဘိုးတံလေးဖြင့် ကြိုးများကို ထိခတ်လိုက်သည်။ ဆွဲဆွဲငင်ငင် တီးခတ်လိုက်သော တယောသံဆွေးလေးက အုတ်ဂူဖြူဖြူများကြား ပျံ့နှံ့ တိုးဝေ့သွားသည်။ ၀န်းကျင်တခုလုံးလဲ မိုးများ စဲသွားပြီး ကောင်းကင်တွင်လဲ တိမ်မဲများ ဖယ်ခွာ၍ အဖြူရောင် တိမ်တိုက်များ လွင့်မျောလာသည်။ မိုးသက်လေများ တိုက်ခတ်နေမှုကြောင့် အစိမ်းရောင် သစ်ပင် များပေါ်တွင် တင်ကျန်နေခဲ့သော ရေစက်လေးများက ဖွားကနဲ မြေပြင်ပေါ်သို့ ပြုတ်ကျကုန်ကြသည်။ ထိုမှတဖန်ပင် အဖြူရောင် အုတ်ဂူလေးများ စီရီနေသော သင်္ချိုင်းလေးသည် ပြန်လည် ငြိမ်ဆိတ်သွားပြန်တော့သည်။

Read Users' Comments (0)

0 Response to "ပြဇာတ်"