သီတင်းကျွတ်ပြီဗျို့
မုန့်ဗူး ကို အရင်း ပြုပြီး မုန့်ဖိုးရအောင် ကြံရတာပေါ့။ ကျွန်တော့မှာ က အဒေါ်တွေက များတော့ လှည့်ပတ်ပြီး ကန်တော့တာပေါ့။ သီတင်းကျွတ်ပြီဆို ဒီလိုလေး ကန်တော့လိုက်တာနဲ့ ၀င်ငွေက ရွှင်ပြီ။ ကဲ လုပ်ချင်တာလုပ်လို့ရပြီပေါ့။ ရတဲ့ မုန့်ဖိုးနဲ့ ဗျောက်အိုးတွေ ၀ယ်။ ပြီးရင် နို့ဆီခွက်ထဲ ထည့်ဖောက် ဖုံးကနဲ ဆို နို့ဆီခွက်ပါ လွင့်ထွက်သွားတာကို ကြည့်ရင်း ပျော်နေတတ်တာပေါ့။ ကိုယ့်ဟာကိုယ် ဖောက်လို့ အားမရသေးရင် ဘာလုပ်သလဲ ဆိုတော့ ကျွန်တော် ငယ်ငယ်တုန်းကဆို ကလေး ခေါင်းဆောင်လို့ ပြောရမလားပဲ။ ကျွန်တော်က ဦးဆောင်ပြီးရင် ကျွန်တော်တို့ ရပ်ကွက်ထဲက ကလေးတွေ ကြည့်မရတဲ့ ရပ်ကျော်ရွာကျော် အာကြမ်းနှုတ်ကြမ်း အဒေါ်ကြီး အိမ်ရှေ့ကို တိတ်တိတ်လေးသွား အိမ်က အမွှေးတိုင် တချောင်းနဲ့ ချိန်ကိုက်ဗျောက် လုပ်တယ်လေ။
ဗျောက်အိုးကို အမွှေးတိုင်ရဲ့ အထက်နားကနေ အောက်ဘက်နဲနဲလေးနားမှာ စနက်တံ အစကို အပ်ချည်ကြိုးလေနဲ့ ကပ်ချည်၊ ပြီးရင် အမွှေးတိုင်ကို မီးညှိ အဲဒိအိမ်ရဲ့ အိမ်ရှေ့မလှမ်းမကမ်းက မြေကြီးမှာ စိုက်ထားခဲ့တယ်။ လွတ်ရာ ကင်းရာ တချောင်ချောင်နားမှာ ကျွန်တော်တို့ ကလေးတွေက ဗျောက်အိုးသံကို နားစွင့်နေကြတာပေါ့။ အဲမကြာပါဘူး ၅ မိနစ်လောက်နေတော့ `ဗောင်း´ ဆိုတဲ့ အသံကြီးက နားဝင်ချိုလှတယ်လေ။ ပြီးရင်လဲ တရားခံ မပေါ်တဲ့ ဗျောက်အိုးကို အဲဒိအဒေါ်ကြီးက စိတ်ဆိုး မာန်ဆိုးနဲ့ အော်ဟစ် ဆဲဆိုကြိမ်းမောင်း တစ်ယောက်ထဲ ဒေါသဖြစ်နေပုံကို ကြည့်ပြီး ကျွန်တော်တို့ တွေ တခွိခွိနဲ့ ကြိတ်ရီကြတာပေါ့။
ကြောက်တတ်တဲ့ ကောင်မလေးတွေလား ကျွန်တော်တို့ ရှေ့လာပြီး ကြောက်သလို လာမလုပ်ပြနဲ့ ဗျောက်အိုး နှစ်လုံးလောက် ပစ်ဖောက်လိုက်ကော။ ဗျောက်အိုးဖောက်လို့ ၀ပြီလား ဟေ့ဆို အရက်ပုလင်း အဖုံးဖြစ်ဖြစ်၊ အအေး ပုလင်းအဖုံးဖြစ်ဖြစ် ရှာ၊ ပြီးရင် ကျွင်းသေးလေးတူး တုတ်ကလေး နှစ်ချောင်းခံ အဲဒိတုတ်နှစ်ချောင်းပေါ် ခုနက ရှာထားတဲ့ အဖုံးလေးကိုတင်၊ ဖရောင်းချက်ထည့် အောက်က ကျွင်းလေးထဲကို မီးထည့် ၊ ဖရောင်း တွေ ပွက်လဲ လာရော ရေစက်တွေနဲ့ အဲဒိခွက်ထဲ ကို ဖြန်းလိုက်ရော မီးက လူတစ်ရပ်စာလောက် တ၀ုန်းဝုန်း ထတောက်တော့ မီးတောက်တာ ကြည့်ပြီး ကျွန်တော်တို့ ကလေးတွေ တဟေးဟေး ပျော်ကြပြန်ရော။ ဟဲဟဲ အဲလို အဆော့ကောင်းလို့ သီတင်းကျွတ်တိုင်းလဲ အိမ်က ကျွန်တော့်ကို မီးဆော့ရကောင်းလား ဆိုပြီး ဖင်လှန်ဆော်ခံရတာ ခဏခဏပဲ။ ကျွန်တော် ငယ်ငယ်က အဲဒိလို ခပ်ကဲကဲ ကလေးမျိုးပါပဲ။ သိပ်လိမ္မာပြနေတဲ့ ခပ်ရွံ့ရွံ့ ကောင်လေးတစ်ယောက်တော့ မဟုတ်ခဲ့ဘူးလေ။ ;P
ဟော အသက်နဲနဲ ကြီးလာတော့ ငယ်ငယ်က အကျင့်ပျောက်သလား ဆိုတော့ မပျောက်သေးဘူး။ အခုလဲ သီတင်းကျွတ်ရောက်ပြီဆိုတော့ ကျွန်တော့်ညီဝမ်းကွဲ လေးတွေနဲ့ ကဲတုန်း။ ဟိုတနေ့က ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဗျောက်အိုး မဖောက်ရ ဘာညာ ဆိုပြီး ဓမ္မာရုံက လော်နဲ့ ကြေငြာသေးတယ်လေ။ ဘယ်ရမလဲ။ သူကြေငြာမှ ပိုဖောက်ကြတာပေါ့။ ရပ်ကွက်ထဲက ကလေးတိုင်း ဖောက်တော့ တရပ်ကွက်လုံး ဆူညံသွားတာပဲ။ ဓမ္မာရုံက ကြေငြာသံကို တောင် လွှမ်းချင်သလိုလို..။ ဟိဟိ။ မနေ့က သီတင်းကျွတ်မတိုင်ခင် ညဆိုတော့ မေမေ ၀ယ်လာတဲ့ မီးပုံးလေးတွေ လိုက်ထွန်းတယ်။ ခြံတံခါးပေါ်မှာလဲ ဖယောင်းတိုင်လေးတွေ လိုက်ထွန်းတယ်။ မီးရောင်လေးတွေ ပိုပြီး ထိန်ထိန်သာအောင်လို့ လျှပ်စစ်မီးတွေ ပိတ်လိုက်တော့မှ ပိုလှသွားတယ်ဗျ။ အော် ညနေက ဥက္ကဌ လိုက်ဆော်သြော ထားတာတောင် ဟိဟိ မီးရှူး ပစ်ဖောက်လိုက်သေးတယ်။ မရဘူးဗျာ။ ဘယ်လိုမှန်းမသိဘူး သီတင်းကျွတ်ရောက်ရင် ဗျောက်အိုး မီးရှူးလေး ဖောက်လိုက် ရမှ နေသာထိုင်သာ ရှိတာလေ။ ဘာပဲဖြစ်ဖြစ် တနှစ်မှ တစ်ခါကြုံ ရတဲ့ သီတင်းကျွတ်ကိုတော့ ဒီတိုင်း ကြီး မဖြတ်သန်းချင်ပါဘူး။ သူငယ်ချင်းတို့ကော ဘာအစီစဉ်တွေ လုပ်ထားကြလဲ…။ အတူတူပျော်ကြရအောင်လေ..။ အိုကေတယ်ဟုတ်..။ 

ကျွန်တော့ အိမ်ဝရံတာက ရောင်စုံမီးပုံးလေးတွေ


ဖယောင်းတိုင်လေး တွေ စီစီရီရီ :)


မီးပန်းလေးတွေ




ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
October 26, 2007 at 5:52 PM
အကိုရေ...
မီးပုံးလေးတွေက အရမ်းလှတယ်နော်။ ဓါတ်ပုံရိုက်ထားတာလည်း ကောင်းတယ်။ သဲတို့တောင် ဒီနေ့အိမ်မှာ ကန်တော့ကြမှာသိလား။