twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

တစ္ဆေတစ်ကောင်ရဲ့ တေးသီသံ(၃)

(၆)
“နေခန့် ဒါကိုနိုင်ဦးလေ ငါတို့ မေဂျာ ဖိုင်နယ်က ”
ကိုနိုင်ဦးက နှုတ်ဆက်သည့် အနေဖြင့် ပြုံးပြသည်။ ထိုအပြုံးမျိုး သူရင်းနှီးပြီးသား ဖြစ်သည်။ ထိုအပြုံးသည် ချိုယုယနှင့် အနဲငယ် ဆင်တူသည်။ အဘယ့်ကြောင့် ဆိုသော် ကိုနိုင်ဦးသည် ချိုယုယ၏ အစ်ကို ဖြစ်ကြောင်း သီဟ မိတ်မဆက်ပေးလဲ ကျွန်တော် ကောင်းစွာသိပါသည်။


“ကျွန်တော် လူချင်းမသိပေမယ့် အစ်ကို့ အကြောင်းကြား…အဲ မြင်ဖူးနေတာ ကြာပါပြီ”
သီဟက ဆက်ပြီး ကိုနိုင်ဦးဘေးမှ သူငယ်ချင်းအား
“ဒါက ကိုစိုးကြီးကွ သူတို့က တို့ကျောင်းရဲ့ ဘောလုံးလက်ရွေးစင်တွေလေ။”
ကိုစိုးကြီးကို တနေရာရာတွင် တရင်းတနှီး မြင်ဖူးသလို ရှိသည်။
“ဒါက ”
သီဟ စကား မစခင်ပင်
“ ဒါက ကို ကရင်မလေ ”
ကိုကရင်မ က ကွမ်းများ ဗလုံးဗထွေးနှင့် သူ့ကို ရယ်ပြသည်။ ကိုကရင်မ ၏ နာမည် အရင်းကို တော့ ကျွန်တော် မသိပါ။ သို့သော် ဆရာကန်တော့ ပွဲ ဘာပွဲညာပွဲ လုပ်တိုင်း တက်ကြွှစွာ ပါဝင်ကူညီတတ်သော ကရင် လူမျိုး တစ်ယောက် ဖြစ်ပြီး သူ့ကို တကျောင်းလုံး ဆရာမများက အစ မူရင်းနာမည်ပျောက်ကာ ကရင်မဟု ခေါ်ကြလေသည်။

***
(၇)
အ၀တ်လဲခန်းထဲသို့ နေခန့်စောရောက်နေသဖြင့် ဗီဒိုထဲသို့ ပါလာသော အထုပ်အပိုးများထည့်ကာ အားကစား အင်္ကျီကို လဲလှယ်နေသည်။ အ၀တ်လဲ ခန်းထဲတွင်ရှိသော မီးချောင်းအားလုံးပေါင်း ၄ ချောင်း ရှိသော်လည်း တချောင်းမှာ ကျွမ်းနေပြီး တချောင်းသည် မှိန်ဖျော့နေကာ ကျန်၂ချောင်းသာ ကောင်းကောင်းလင်းသည်။ ထိုကြောင့် အ၀တ်လဲခန်းတခုလုံးသို့ အလင်းလုံလောက်စွာ မရဘဲ အနဲငယ် မှောင်ပိန်းပိန်းဖြစ်နေသည်။ ရုတ်တရက် ခြေသံများကြားရပြီး လူ၂ယောက် စကားပြောလာသည်။ အခန်းထဲသို့ ၀င်လာသော အခါ သူ့ကို တွေ့သွားပြီး တိတ်ဆိတ်သွားသည်။ ကိုကရင်မနှင့် ကိုစိုးကြီးဆိုသော သူဖြစ်သည်။ ကိုကရင်မက
“ဟား ငါ့ညီစောလှချည်လား၊ ကိုယ်က ဘယ်သူ့မှ မရောက် သေးဘူးထင်တာ”
“ခုနလေးကပဲ ရောက်တာ အစ်ကိုရ…ဟီး”
နေခန့်က ကိုစိုးကြီးအား လှမ်းရယ်ပြသော်လည်း သူက ကိုကရင်မလို မဟုတ်ပဲ ခပ်တည်တည်ဖြင့် နေနေသဖြင့် သူတောင် နဲနဲ ကြောင်အအဖြစ်သွားသည်။
“ကျွန်တော် ကွင်းထဲ သွေးပူလေ့ကျင့်ခန်း သွားလုပ်လိုက်အုံးမယ်”
“အေး အကိုတို့လဲ ခဏနေ လာခဲ့မယ်ကွ”
အ၀တ်လဲခန်းထဲမှ ထွက်လာခဲ့ပြီး ပွဲကြည့် စင် အောက်ဘက် တွင် အကြောလျော့ လေ့ကျင့်ခန်း လုပ်နေ၏။ ပွဲကြည့်စင် ရှေ့တွင် ကာရံထားသော စတီး တန်းပေါ်သို့ ခြေထောက် တစ်ဖက်တင်ကာ ခြေသလုံးနှင့် ပေါင်ကြောများ ဖြေလျော့နေသည်။ ပြီးမှ ရုတ်တရက် သတိရသွားသည်။ အ၀တ်လဲခန်းထဲတွင် ဒူးစွပ် မေ့ကျန်ခဲ့ခြင်းပင်။ အထဲ ၀င်ယူမှဆိုပြီး အ၀တ်လဲခန်းထဲသို့ ပြန်ဆင်းခဲ့ပြန်သည်။ အ၀တ်လဲခန်းသို့ မရောက်မှီ ရန်ဖြစ်နေသော အသံများကို အတိုင်းသား ကြားနေရသည်။
“ဟာ… မင်းဒီလိုလုပ်မရဘူးကွ”
“ဟဟ လုပ်တော့ ဘာဖြစ်လဲ”
“မင်း အကြောင်းငါ အကုန်ပြန်ပြောလိုက်မယ် အားလုံးကို”
“ပြောလေကွာ မင်းက ဘာလုပ်နိုင်မှာ မို့လဲ”
အခြေအနေက တဖြည်းဖြည်း တင်းမာလာသည်။ သို့သော် ဒီအချိန်မှာ သူဝင်ဆွဲ လျှင် ပိုရှုပ်ကုန်လိမ့်မည်။ သူတို့ ၂ ဦးသည် ဗီဒိုများ အဆုံးရှိ အခန်းထောင့်ချိုးလေးတွင် ရန်ဖြစ်နေခြင်း ဖြစ်ပြီး အသံသာ ကြားနေရပြီး ကိုကရင်မကို သာ ကိုယ်တပိုင်း အစွန်လေးကို မြင်နေရသည်။ ထို့ပြင် မှိန်ဖျော့ဖျော့ အလင်းအားကြောင့် ၀ိုးတ၀ါးသာ မြင်နေရသည်။ ကိုနိုင်ဦးတို့ မြန်မြန်လာမှ ဒီပြဿနာကို ရှင်းလို့ရမည်။ သူလဲ မဖြေရှင်းပေးတတ်ပဲ တခါးဝ အကွယ်လေးမှသာ အသာ အခြေအနေ ရပ်ကြည့်နေရ၏။ အခြေအနေ ဆိုးလာမှ ၀င်ဖျန်ဖြေမည်ဟု ဆုံးဖြတ်ထားသည်။
“အေး လောလောဆယ် ငါလုပ်နိုင်တာ ဒါပဲ”
ကိုကရင်မက ပြောပြောဆိုဆိုနှင့် ထိုးလိုက်ပုံရသည်။ အခြေအနေ မဟန်တော့ သဖြင့် ၀င်ဆွဲရန်အခန်းထဲ သို့ ခြေလှမ်းပြင်လိုက်စဉ်
“အစ် အစ်”
ထူးဆန်းစွာ ပင် ကိုကရင်မ ၏ လည်ပင်း တွင် လျှာကဲ့သို့ အရာကြီး က တွန့်လိပ်ခွေကာ ရစ်ပတ်နေသည်။ သူ့လည်ပင်းက လျှာကို အားနှင့် ဆွဲဖယ်မရန် ကြိုးစားသော်လည်း လျှာ သည် တင်းသည်ထက် တင်းလာပြီး ကိုကရင်မ၏ ဦးခေါင်းတစ်ခုလုံး သည် ညိုပုပ်လာကာ လည်ပင်းလဲ သိမ်လာပြီး တခဏချင်းမှာပင် ဦးခေါင်းကြီးသည် ပြတ်ထွက်သွားသည်။ လည်ပင်း ပြတ်ကြီးမှ သွေးများ ပန်းထွက်လာပြီး ခန္ဓာကိုယ်ကြီးသည် ဒယီးဒယိုင်ဖြင့် နောက်သို့ လဲကျသွား၏။
“၀ုန်း”
ထိုစဉ် အခန်း၏ မှောင်ရိပ်ထဲမှ ရုပ်ပျက်ဆင်းပျက် သတ္တ၀ါကြီးသည် ထွက်လာပြီး လျှာတွင် ဦးခေါင်းပြတ်ကြီး တန်းလန်းနှင့်။ သတ္တ၀ါကြီးက မျက်လုံးပြူးဖြင့် အခန်းဝကို ကြည့်လိုက်သည်။ အခန်းဝတွင် အံ့သြလွန်း၍ ကြက်သေသေနေသော နေခန့်သည် ထိုသတ္တ၀ါကြီးအား မြင်တော့မှ ထွက်ပြေးရန် သတိရပြီး အ၀တ်လဲခန်းထဲမှ ခြေကုန်သုတ်ပြေးခဲ့သည်။ လုပ်ကြပါအုံး။ ပြေးပြေးနေခန့်ရေ။ ကြောက်ကြောက်နှင့် သူဇွတ်ပြေးနေရင်း ဘယ်လိုလမ်းမပေါ်သို့ ရောက်မှန်းမသိ ရောက်လာသည်။
“ဟေ့ နေခန့် နေပါအုံး”
ကိုနိုင်ဦး အသံကို ကြားတော့မှ သူအသိဝင်လာပြီး လှည့်ကြည့်လိုက်သည်။
“ငါတို့ ကိုတောင်မမြင်ဘူး ဘယ်လိုဖြစ်တာလဲ။ သွေးပူလေ့ကျင့်ခန်းလုပ်နေ…. ဟာ နေခန့် မင်းမျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်နေပါလား။ ဘာဖြစ်ခဲ့တာလဲ”

နေခန့်အခုထိ ကြောက်စိတ်မပြေသေး၍ ဘာမှမပြောနိုင်ပဲ ကိုနိုင်ဦးအား မျက်လုံးအပြူး သားနှင့်သာ စိုက်ကြည့် နေနိုင်တော့သည်။ ကိုနိုင်ဦးဘေးတွင် သီဟပါပါလာသည်။
“ဟို..ဟို”
သီဟက
“နေခန့် ရော့ မင်းရေ အရင်သောက်အုံး မင်းတော်တော် ထိတ်လန့်စရာ မြင်ခဲ့ပုံရတယ်”
ရေကို တဗူးလုံးကုန်အောက်သောက်လိုက် ပြီးမှ
“ကို…ကရင်မ သေပြီ… ကို…ကို စိုးကြီး လျှာကြီးနဲ့ ညှစ်သတ်..သတ်….”
“ဘာ…”
သူ့ရှေ့မှ သီဟတို့ ပုံရိပ်များသည် ဒယိမ်းဒယိုင်ဖြစ်လာကာ မိုက်ခနဲဖြစ်ပြီး တလောကလုံး အမှောင်တိဖုံးသွားတော့သည်။
“နေခန့်…နေခန့်………….”
“………”
++++
“နေခန့် ….နေခန့်”
သူ့ကို တစုံတဦးက ခေါ်နေသလိုလို ကြားရ၍ မျက်လုံးကို အတင်း ဖွင့်ပြီး ကြည့်လိုက်သည်။
`မင်းဘယ်လို နေသေးလဲ…´
မျက်လုံးကို အားယူကာ ကြည့်လိုက်သည်။ေ၀၀ါးနေရာမှ ကိုနိုင်ဦး က သူ့ကို ပွေ့ထားသည်။
`ကျွန်တော်…. ဟို…. ကိုကရင်မ ကို သွားသွား… ကြည့်ပေးကြပါဦး….ဗျာ… သေပြီလားမသိဘူး။´
သီဟက
`လာ…လာ ငါတို့ အတူတူသွား ကြကြည့်မယ်ကွာ.. အခု မင်းစိတ်ကို ခဏလောက် ငြိမ်ငြိမ်လေး ထားလိုက်…´
ကိုနိုင်ဦးက တစုံတခု တွေးတောနေဟန်ဖြင့်
`ငါတို့ ခပ်သုတ်သုတ်သွားရအောင်…ဒါပေမယ့် ငါရှေ့က အရင်သွားနှင့်မယ်… သီဟနဲ့ မင်း ဖြည်းဖြည်းချင်းသာ လိုက်လာခဲ့ …´
နေခန့်က အနည်းငယ်သက်သာ လာသဖြင့်
`ကျွန်တော်ပါလိုက်ခဲ့မယ် ဗျာ။ ကဲပါဗျာ အတူတူ မြန်မြန်သွားကြရအောင်´
ကိုနိုင်ဦးက တကိုယ်တည်းပြောရင်း သူတို့ အကုန်လုံး အားကစား ကွင်း၏ အ၀တ်လဲခန်းဆီသို့ အပြေးအလွှား သွားကြသည်။ အ၀တ်လဲ ခန်းထဲ သို့ လှမ်း အ၀င်တွင် အံ့သြစရာ မြင်ကွင်းမြင်လိုက်ရသည်။ အကြောင်းမှာ ကိုစိုးကြီးသည် ကိုကရင်မနှင့် အေးဆေးစွာ စကား ထိုင်ပြောနေကြခြင်း ဖြစ်သည်။ အံ့သြနေသော သီဟ တို့ ၂ ဦးသည် ကိုစိုးကြီးတို့ ၂ ယောက်က တစ်လှည့် သူ့ကို တလှည့် ကြည့်နေကြသည်။
ကိုစိုးကြီးက လှမ်း၍ မေးလိုက်သည်။
`ဘာဖြစ်လာတာလဲကွ…´
ပြီးတော့ ကိုနိုင်ဦးက သေချာအောင်လို့
`နေခန့် မင်း.. အိပ်ရေးတွေ သိပ်ပျက်လို့ များ ကယောင်ချောက်ချားတွေ ဖြစ်နေတာလား။´
`ဟာ….ကျွန်တော်…မဟုတ်´
ကိုနိုင်ဦးကို သူဘယ်လို ရှင်းပြရမည်မှန်းမသိတော့ပေ။ သူအမြင်မှားခြင်းလဲ မဟုတ်ဘဲ ခုနက ခေါင်းပြတ်ပြီး သေဆုံးသွားသော ကိုကရင်မသည် ယခုတော့ ကိုစိုးကြီးနှင့်ထိုင်ကာ အေးအေးလူလူ စကားထိုင်ပြောနေသဖြင့် သူရူးချင်သလိုလိုဖြစ်သွားသည်။ သူတို့ပဲ မှားသလား။ ငါပဲမှားနေတာလား။
`ညီဒီနေ့… မင်းထရိန်နင် မဆင်းနဲ့အုံးကွာ… သီဟ မင်းသူ့ကိုအိမ်လိုက်ပို့ လိုက်…အနားယူပါစေအုံး။… တနင်္ဂနွေနေ့မှ ကန်မှာ ဆိုတော့ ၃ရက်တောင်လို ပါသေးတယ်။ အိပ်ရေးတွေ သိပ်ပျက်တယ်ထင်တယ်ကွာ။ ငါတောင်စိတ်ပူတယ်´
သီဟက သူ့ကို ဇဝေဇ၀ါ မျက်လုံးဖြင့်ကြည့်သည်။ သူတို့ ကို ဘယ်လိုရှင်းပြရမှန်းမသိပေ။ အနည်းဆုံးတော့ သူ့ကို ရူးကြောင်ကြောင် အကောင်ဟု ထင်သွားကြပြီဟု သူထင်သည်။ စိတ်ပျက်စရာကောင်းသော နေ့ တစ်နေ့ ဖြစ်သည်။
++++
(၈)
ကုတင်ပေါ်ကို ခြေပစ်လက်ပစ်လှဲချလိုက်သည်။ ပြီးတော့ သက်ပြင်းရှည်ကြီး ချလိုက်၏။ နေ့ခင်းက ရူးရူးကြောင်ကြောင် အဖြစ်အပျက်ကြောင့် ညစာစားပြီးသည်နှင့် သူ့အခန်း ပေါ်သို့ တက်လာခြင်းဖြစ်သည်။ သူမျက်စိမှားတာလားဟု ပြန်စဉ်းစားကြည့်နေသည်။ သေချာ တွေးကြည့်သည့်အခါ သူလုံးဝမမှားဘူးဟု ထင်နေပြန်သည်။ မျက်စိနဲ့ တပ်အပ် ခေါင်းပြတ်သွားသည်ကို မြင်ခဲ့ပါလျက် နောက်တစ်ခေါက် သူပြန်တွေ့သော အချိန်တွင် အကောင်းပကတိ ချို့ယွင်းချက် မရှိဖြစ်နေခြင်းက ထူးဆန်းလွန်းလှသည်။ ထိုစဉ် သူ့အခန်းတံခါး အသာလေးဟလာသည်။
“သား..နေမကောင်းဘူးလား”
“ဗျာ သားနေကောင်းပါတယ် မေမေ”
“မှန်းစမ်း..”
ပြောပြောဆိုဆိုနှင့် မေမေက သူ့နဖူးကို လာစမ်းသည်။
“သားဘာမှမဖြစ်ပါဘူး..မေမေရဲ့ သားဒီနေ့..ဘောလုံးကန်ဖို့ ထရိန်နင်ဆင်းလာလို့ နဲနဲပင်ပန်းသွားတာပါ။”
“အေးအေး..သိပ်ပင်ပင်ပန်းပန်းကြီး မလုပ်နဲ့နော် ဒါဆို စောစောအိပ်တော့..”
“ဟုတ်…”
မေမေ အခန်းဝနားသို့ ထွက်ခါနီး သူက ရုတ်တရက် လှမ်းခေါ်လိုက်သည်။
“မေမေ…”
“ဘာလဲသား..”
သူတခုခုပြောပြချင်နေသည်။ ဒါပေမယ့် ဘယ်လိုအစပြုပြီး ပြောရမှာလဲ။ သက်သေကလဲ မရှိနဲ့ သူ့ကို လူကြီးတွေ တမျိုးမြင်သွားနိုင်တယ်။ မပြောတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြန်၏။
“အော် ဘာမှ မဟုတ်ပါဘူး…မနက်ကျရင် သားကို ၆ နာရီခွဲလောက်နှိုးပေးပါလို့ ပြောမလို့ပါ”
“အေးအေး မေမေလာနှိုးမယ် အိပ်တော့ အိပ်တော့”
ခါတိုင်းမေမေတို့နှင့် အတူတီဗွီကြည့်ပြီးမှ အိပ်လေ့ရှိသော သူ့ကို မေမေက စိတ်ပူ၍ လာမေးခြင်းဖြစ်သည်။ မေမေပိတ်သွားသော တံခါးကို ငေးကြည့်နေရင်း အရိပ်တခု ၀ိုးတ၀ါး ပေါ်လာသဖြင့် နေခန့် ထိတ်လန့်သွား၏။
“နေခန့် မင်းကျောင်းမှာ တခုခုများ ဖြစ်လာသလား”
“ဟုတ်..ဟုတ်တယ်ဗျာ.. တော်တော် သွေးပျက်ဖို့ကောင်းတယ်”
သူဒီနေ့ အဖြစ်အပျက်ကို ဒီရဲကို ပြန်ပြောပြလိုက်သည်။ သူက တွေးတွေးဆဆ အသံဖြင့်
“ သတိတော့ထားကွာ အန္တရာယ်က နီးကပ်လာနေပြီ..”
“ဗျာ…ဘယ်လို အန္တရာယ်မျိုးလဲ ပြော..ပြောပြပါအုံးဗျာ။”
“စိတ်မကောင်းပါဘူးကွာ… လောလောဆယ်တော့ ငါဒီလောက်ပဲ ပြောပြနိုင်သေးတယ်… ဒိထက်ပိုပြီး ပြောလို့မရသေးဘူး..စိတ်တော့ မပူပါနဲ့ ငါမင်းကို အကြံဥာဏ်ပေးမှာပါ.. ဂွတ်နိုက် နေခန့်”
“ဟေ့..နေအုံးလေ”
သူတားမလို့ ကြံစည် စဉ်မှာပင် အရိပ်သည် မှုံဝါး ပျောက်ကွယ် သွား၏။
++++
နေခင်းက အဖြစ်ကို ခေါင်းထဲမှာ စွဲနေ၍ အိပ်တော့ အိပ်မက်မက်ပြန်သည်။ အိပ်မက်ထဲတွင် ကိုစိုးကြီးသည် သူ့ဦးခေါင်းခွံကြီးအား ဖွင့်ပြီး သူ့ဦးနှောက်များကို လျှာကြီးဖြင့် မသတီစရာ စားနေသည်။ သို့သော် သူကတော့ ဘေးက ရပ်ကြည့်နေသူ အဖြစ်ဖြင့် သူ့အလောင်းကောင်ကြီးကို ပြန်မြင်နေရသည်။ ကိုစိုးကြီးဟု သိသော်လည်း တကယ်တမ်းကျတော့ ကိုစိုးကြီးဆိုသူနှင့် လုံးဝ မတူသော ရုပ်ပျက်ဆင်းပျက် သတ္တ၀ါ တစ်ကောင်ဖြစ်နေလေ၏။ သူကြည့်နေစဉ် အတွင်းမှာပင် ထူးဆန်းစွာ သီချင်းညည်းသံလိုလို ကြားလိုက်ရပြီး ရုတ်တရက် သူလည်ပင်း နောက်မှ လျှာကြီးတခုက လာရစ်ပတ်လေသည်။ လှည့်ကြည့်ရန်ကြိုးစားသော်လည်း လျှာကြီးက လည်ပင်းကို တင်းမာသထက် တင်းမာအောင် ရစ်ပတ်လာလေသည်။ ထိုလျှာကြီးကြောင့် တဖြည်းဖြည်း အသက်ရှုကြပ်လာသည်။ သူရင်းနှီးသော အငွေ့အသက် တခု ရနေသည်။ နောက်လှည့် ကြည့်ရန်ကြိုးစားသော်လည်း ဘယ်သူမှန်းမသိဖြစ်နေ၏။ လည်ပင်းလည်း တင်းသထက် တင်းလာ၍ အသံကုန်ဟစ်ပြီး အော်လိုက်မိသည်။
“အား”
သူ့ရင်ဘတ် ပေါ်တွင် ရစ်ထွေးနေသော စောင်ကို ဖယ်ခွာလိုက်သည်။ မွန်းကျပ်နေသော ခံစားချက်ကြောင့် ပြတင်းပေါက်ကို ဖွင့်လိုက်ပြီ။း လေကို တ၀ကြီး ရှုရှိုက်လိုက်သည်။ စောစောအိပ်ရာ ၀င်သော်လည်း အိပ်မက်ဆိုးများကြောင့် အိပ်ရေး မ၀သလို ဖြစ်နေ၏။ မနက်ခင်း နေရောင် ၏ အလင်းများသည် အခန်းထဲသို့ ဖြာကျနေ၏။ မိုးစင်စင် လင်းနေပေပြီ။
+++
(၉)
`ကိုခန့် မနေ့က.. ဘောလုံးကွင်းနားမှာ မူးလဲလို့ဆို… အခုသက်သာသွားပြီလား…´
ချိုယုယက စိုးရိမ်တကြီးမေးလိုက်သော်လည်း နေခန့် မျက်နှာ အနဲငယ် ပျက်သွား၏။
`အင်း သက်သာသွားပါပြီ ယုယကို ဘယ်သူပြောလဲ´
`သြော်မေ့နေပြီလား.. ကိုကိုပြန်ပြောပြတာပေါ့´
`ဘာတွေပြောပြလို့လဲ´
ချိုယုယက မျက်လုံးဝိုင်းလေးဖြင့် အူကြောင်ကြောင်ကြည့်ကာ
`ဟင်..ဒါပဲလေ…ဘာမှ ထပ်မပြောပါဘူး ဘာဖြစ်လို့လဲ´
ဟူးတော်သေးတာပေါ့။ သူကယောင်ချောက်ချား တွေပြောသည့်ကိစ္စ ကိုနိုင်ဦး ထိန်ချန်ထားလို့။ မဟုတ်ရင် သူ့ကို သူရဲဘောကြောင်သူ ထင်သွားအုံးမယ်။
`ကျေးဇူးပါပဲ´
နေခန့် နှုတ်မှ ရုတ်တရက် ထွက်သွားမိသည်။
`အမ် ဘာကို ကျေးဇူးတင်တာလဲ ကိုက´
`အဲ… ဘာမှမဟုတ်ပါဘူး.. အော်ကိုနိုင်ဦး တို့သာ မရှိရင် ကိုယ်တစ်ယောက်ထဲ လဲနေမှာ ဘယ်သူမှ သိမှာ မဟုတ်ဘူး ဒါကြောင့် ကျေးဇူးတင်တာလို့ ယောက်ဖကို´
`အောင်မယ် ပိုင်စိုးပိုင်နင်း ယုကိုကို ကို ယောက်ဖတဲ့ အင်းဟယ်´
ယုယက နေခန့် လက်မောင်းကို ဆွဲဆိတ်လိုက်သည်။
`အားနာတယ်..အားနာတယ်´
`ဟော့တော့ ပြောလေကဲလေ ပါလား ဘာအားနာတာလဲ´
`ရွှေယောက်ဖကိုပါ အဟတ်စတာပါကွာ ဘောလုံးပွဲနေ့ကျရင် လာအားပေးနော်..´
`…..´
`ဘာဖြစ်လို့လဲ မလာချင်ဘူးလား´
`ယုယ လိုက်တော့ အားပေးချင်တယ်…ယုယ ကိုကို ကော ကိုခန့်ကော ကန်မှာ ဆိုတော့ လိုက်ကြည့်ချင်ပါတယ်… ဒါပေမယ့် ယုယတို့ ရူပဗေဒက သူငယ်ချင်းတွေကိုလဲ နိုင်စေချင်တယ်။ လိုက်ကြည့်ရင် ဘယ်ဘက်အားပေး ရမှန်းမသိပဲ ဗျာများနေမှာ စိုးတယ်´

`ဟာ မရဘူးကွာ လာအားပေးရမယ် ဘယ်အသင်း အားပေးပေးပေါ့ ယုယ လာအားပေးတော့ ကန်ရတာ အားရှိတာပေါ့။´

`အပိုတွေ မပြောနဲ့ လာခဲ့ပါ့မယ်..။´
`ဟေး.. ဒါမှ ပေါ့ကွ´
အားရပါးရ ထအော်သော နေခန့်ကြောင့် ကန်တင်းရှိ တခြားဝိုင်းမှ လူများက ပြုံးစိစိနှင့် လှမ်းကြည့်ကြသည်။ ချိုယုယက နှုတ်ခမ်းလေးစူကာ စိတ်ကောက်သွားသည်။ အော် ကိုယ့်ချစ်သူဆိုတော့ စိတ်ဆိုးနေလဲ လှတာပါပဲ။ မနည်းပြန်ချော့ရပြန်၏။
++++
(၁၀)
မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ မို့ ကွင်းလုံးပြည့်နီးပါး လာအားပေးသူ ကျောင်းသား ကျောင်းသူများဖြင့် ပြည့်နေသည်။ ဖွင့်ပွဲပွဲစဉ်လဲ ဖြစ်ပြီး သိပ္ပံ မေဂျာ၏ အဓိက ပြိုင်ဘက်များဖြစ်သော ရူပဗေ အသင်းနှင့် ဓာတုဗေဒ အသင်းတို့ ယှဉ်ပြိုင်ကြမည် ဖြစ်ရာ အကြိတ်အနယ် ရှိလှမည့် ပွဲမို့ လာရောက်အားပေးကြခြင်းဖြစ်သည်။ ကျောင်းက ပါမောက္ခချုပ်ကြီး ၏ စီစဉ်ပေးမှုဖြင့် မြို့နယ် ကွင်းမှာ ကန်ကြခြင်းဖြစ်ရာ ပွဲကြည့်စင်များဖြင့် တင့်တင့်တယ်တယ် ရှိရာ ကျောင်းပွဲနှင့် မတူပဲ မြို့နယ်ပွဲကဲ့သို့ ပင် လူစည်ကားလှသည်။
ထိုအချိန်၌ အ၀တ်လဲခန်းအတွင်းတွင်
`ဟိုဘက် တိုက်စစ်က မင်းမင်းကို ကပ်ကစား သိလား ဒီကောင်က မြို့နယ် လက်ရွေးစင် ဆိုတော့ တော်တော် ကန်တတ်တယ်။ နောက်တန်းက ဇော်ဇော်တို့က သူ့ကို သတိထား´
အသင်းခေါင်းဆောင် မှာ နေသည်ကို အားလုံးနားထောင်နေကြသည်။ နေခန့်ကတော့ တခြားသို့သာ အာရုံရောက်နေ၏။ ကရင်မကို ဒီနေ့မတွေ့မိ၍ မေးကြည့်ရာ နေမကောင်းဘူး ဆိုပြီး လာမကန်တော့ကြောင်းပြောကြသည်။ ကိုစိုးကြီးမျက်လုံးတွေက အ၀တ်လဲခန်း၏ အလင်းရောင် မှိန်မှိန်အောက်တွင် အစိမ်းရောင် သန်းနေသလို ထင်ရ၏။ နေခန့် တစ်ယောက်ချင်း လိုက်ကြည့်တော့ အသင်းသားအားလုံး၏ မျက်လုံးတိုင်းလိုလို စိမ်းနေသဖြင့် အလင်းရောင်ကြောင့် ဖြစ်မည်ဟု ဖြေသိမ့်လိုက်ပြီး ဘာကြောင့်မှန်းမသိ ဒီထဲမှာ နေရတာ စိတ်ကျဉ်းကျပ်လာသည်။
ပရိသတ်များ အမှန်တကယ် မျှော်လင့်ထားသည့် အတိုင်းပင် ပွဲက မြိုင်မြိုင်ဆိုင်ဆိုင် နှင့် အကြိတ်အနယ်ရှိလှသည်။ အလယ်တန်းတောင်ပံတွင် ကစားသော နေခန့်က အကြိမ်ကြိမ် ထိုးဖောက်သော်လည်း တဖက်အသင်းမှ ခံစစ်ကောင်း နေ၍ ထင်သလောက်တိုး မပေါက်ဘဲ ဖြစ်နေ၏။ နောက်ဆုံး တွင် ပရိယာယ်သုံးကာ အရောင်ပြသာ တောင်ပံဘက် ထွက်ကစားပြီး အလယ်တန်းမှ သီဟနှင့် နေရာလဲကစားလိုက်သည်။ နောက်ချန်တိုက်စစ်မှူး နေရာပြောင်းကစားသဖြင့် တိုက်စစ်မှူးများဖြစ်သော နိုင်ဦးနှင့် စိုးကြီး တို့နှင့် တွဲကစားရ၏။ ပထမပိုင်း တပိုင်းလုံး အကြိတ်အနယ် ရှိလှပြီး တဖက်နှင့် တဖက် ဂိုးမသွင်းနိုင်ကြပေ။ ဒုတိယပိုင်း တွင်လဲ ဘောလုံးက နှစ်သင်းလုံး ခြေရည်တူနေ၍ ကွင်းလယ်တွင်သာ အချိန်ကုန်နေပြန်သည်။ ဒုတိယပိုင်းပွဲပြီးခါနီး၌ ဓာတုဗေဒ အသင်းမှ အလယ်တန်းကစား သမားတစ်ယောက်ကို ဂိုးစည်းအတွင်းတွင် ခပ်ကြမ်းကြမ်း ဖျက်ထုတ်သဖြင့် ဒိုင်လူကြီးက ပယ်နယ်တီ ပေး၏။ ထိုပယ်နယ်တီကို စိုးကြီးက သူကန်မည်ဆို၍ ပေးကန်လိုက်သည်။ ရူပဗေဒမှ ဂိုးသမားသည် မြို့နယ် လက်ရွေးစင် အဖြစ်လဲ ဖမ်းဖူးသော အတွေ့အကြုံရှိ ကစားသမားတစ်ယောက်ဖြစ်သည်။ ပွဲပြီးခါနီး နောက်ဆုံးအခွင့်အရေးမို့ အားလုံး စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။ စိုးကြီးက ဘောလုံးကို တည်၍ ညာခြေ ဖြင့် ကန်ရန် ဟန်ပြင်လိုက်သည်။ ဂိုးသမားကလည်း အသင့် အနေအထား နေရာယူထား၏။ နေခန့်မှ အကယ်၍ ပယ်နယ်တီ ဘောလုံးပြန်လျှံထွက်လာလျှင် ကန်ဖို့ စိုးကြီးနှင့် ဘီးကုတ်စက်ဝိုင်းထိပ် ဂိုက်အနည်းငယ် အကွာတွင် ရပ်နေရသည်။ မကြာမှီ ဒိုင်လူကြီးက ၀ီစီမှုတ်လိုက်၏။ ထိုစဉ် အသင့်နေရာယူထားသော ဂိုးသမား၏ မျက်နှာသည် မထင်မှတ်ပဲ ဖြူလျော်သွားသည်ကို နေခန့် သတိထားမိလိုက်၏။ ၀ီစီသံကြားပြီးသည်နှင့် စိုးကြီးက ဂိုးသမား၏ ညာဘက်အောက်ထောင့်သို့ ကပ်သွင်းလိုက်သည်။ ဂိုးသွားသည်။ ကွင်းထဲရှိ ဓာတုဗေဒအားပေးသူများ က ဂိုးဟုထအော်ကြလေသည်။ ဂိုးဝင်သွားပြီးသည်နှင့် ဂိုးသမားသည် အရုပ်ကြိုးပြတ် ပစ်လဲသွားတော့သည်။
`ဟေ့..ဟေ့.. လုပ်ကြပါအုံး ဂိုးသမား ဘာဖြစ်သွားတာလဲ မသိဘူး..´
ကစားသမားများ ဂိုးသမားဆီသို့ ၀ိုင်းအုံပြေးသွားကြသည်။ သို့သော် မတ်တပ်ရပ်ကာ မလှုပ်မယှက် ဖြစ်နေသူက နေခန့်ဖြစ်သည်။ သူသေချာသိလိုက်တာက ဂိုးသမားခင်မျာ တခုခုသွေးပျက်ဖွယ်မြင် လိုက်ရ၍ဖြစ်နိုင်သည်။ စိုးကြီးဆိုသော သူသည် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လေတော့သည်။

Read Users' Comments (0)

0 Response to "တစ္ဆေတစ်ကောင်ရဲ့ တေးသီသံ(၃)"