twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

Help to Nargis Victims From North Dagon 133 Quarter

မြောက်ဒဂုံမြို့သစ် တွင် မုန်တိုင်းဒဏ်ထိသော ရပ်ကွက်များ အများအပြားရှိပြီး လေဘေးသင့်သူများ၊ အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများအား ထိရောက်သော ထောက်ပံ့ကူညီမှု ပေးအပ်ရန် အရေးပေါ်လိုအပ်နေပါတယ်။အထူးသဖြင့် မြောက်ဒဂုံမြို့နယ် ၁၃၃ ရပ်ကွက်သည် အခြေခံလူတန်းစားများ အများဆုံးနေထိုင်သော ရပ်ကွက်ဖြစ်ပါတယ်။ မုန်တိုင်းဖြစ်စဉ်တွင် ၄င်းတို့၏ တဲအိမ်များ ရပ်ကွက်လုံးကျွတ် လွင့်ပါ ပျက်စီးကုန်ပြီး လေဘေးသင့်သူများသည် နီးစပ်ရာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံများတွင် သွားရောက် ခိုလှုံနေကြပါတယ်။ ရပ်ကွက် ကောင်စီကို လေဘေးသင့်သူများက အထောက်အပံ့ပေးရန် အကူအညီတောင်းခံ သော်လည်း ရပ်ကွက် ကောင်စီ လူကြီးများက ၄င်းတို့ကိုယ်တိုင် အထောက်အပံ့ အထက်မှ မရသေးပါ ဟုဆိုကာ ကူညီပေးရန် ငြင်းဆန်နေပါတယ်။ ထို့အတွက်ကြောင့် မုန်တိုင်းဒဏ်သင့် တဲ့ သူတွေဟာ ပြိုလဲသွားတဲ့ အိမ်များမှ သစ်တို သစ်စ ဓနိများကို လိုက်လံ ကောက်ယူကာ တချို့လဲ ပြန်လည် ဆောက်လုပ်၍ မိသားစု သုံးလေးစု ဆင်းရဲစွာ ကပ်၍ နေထိုင်နေကြရပါတယ်။ ယခုလက်ရှိ အချိန်အထိ စားစရာ မရှိဖြစ်နေရာ နီးစပ်ရာ ဘုန်းကြီးကျောင်းများ တွင် အစားအသောက် များကို တောင်းရမ်းစားသောက် နေကြရပါတယ်။ ထိုသို့ ဆင်းရဲဒုက္ခရောက်နေကြသော လေဘေးသင့်သူများရဲ့ စကားသံများကို ဤသို့ကြားရပါတယ်။

“ကျွန်မတော့ တောင်ဥက္ကလာက ဘုန်းကြီးကျောင်းကနေ ခုပဲပြန်လာတာ၊ ကျွန်မတို့မှာ နေစရာ အိမ်မရှိတော့လို့ အခု ဘုန်းကြီးကျောင်းမှာ ခိုကပ်နေရပါတယ်။ လူပေါင်းများစွာရဲ့ စားရေးကို ဘုန်းကြီးကျောင်းက ဘယ်ကြာကြာ ကျွေးထားနိုင်မလဲရှင်။ အဲဒါကြောင့် ကျွန်မလဲ တောင်ဥက္ကလာ ဘုန်းကြီးကျောင်း တွေဆီမှာ ဆွမ်းကျန်လေးတွေ လိုက်တောင်းစားပြီး ပြန်လာတာပါ။ အခုဒီမှာ ပါလာတဲ့ အိတ်ထဲက အစားအသောက်တွေက ကျွန်မ ကလေး ၂ယောက် အတွက်ပါ..။”
လေဘေးသင့် ၁၃၃ မှ ဒုက္ခသည် တစ်ဦး

“တနေ့လုပ်မှ တနေ့စားရတဲ့ ကျွန်တော်တို့မှာ ခုဘာမှလဲ လုပ်လို့မရ၊ ကုန်ပြီ ကျွန်တော့်အိမ်လဲ ပါသွားပီ ဘာမှ ကို မကျန်တော့ဘူး ကျွန်တော်တို့ မုန်တိုင်းစထိတဲ့ နေ့က စပြီး ကနေ့ထိ သက်ဆိုင်ရာက အထောက်အပံ့ မရသေးပါဘူး။ မုန်တိုင်းကျပြီး နောက်တနေ့တော့ လူကြီးတွေ လာစစ်ပါတယ်။ ဒါပေမယ့် လာပဲစစ်တာပါ ဘာမှ မပေးပါဘူး။ အခုတော့ ကျွန်တော်ကလေးတွေ နဲ့ ကျွန်တော်တို့ ထမင်းတောင် နပ်မှန်အောင် မစားရပါဘူး။ ကြာရင် မုန်တိုင်းဒဏ်ကြောင့် မသေပဲ ငတ်လို့ သေတော့မယ် ထင်ပါတယ်ဗျာ..။”
၁၃၃ ရပ်ကွက်မှ လက်လုပ်လက်စားတစ်ဦး

“ကျွန်တော်တို့ ထောက်ပံ့ရေး ပစ္စည်းတွေ ရမလား ဆိုပြီး ရပ်ကွက်ရုံးကို သွားမေးကြပါသေးတယ်။ ဒါပေမယ့် သူတို့ကလဲ သူတို့ ကိုယ်တိုင် အထက်က ဘာမှ မပေးသေးလို့ ရုန်းကန်နေရတယ်ဆိုပြီး ငြင်းဆို လွှတ်ပါတယ်။ ကျွန်တော်တို့ ဘာလုပ်ရမလဲဗျာ...။ ထိုင်ငတ်နေရုံပဲ ရှိပါတော့တယ်..”
ရပ်ကွက်သား တစ်ဦး

ဒဂုံမြို့သစ်တွင် ၁၃၃ ရပ်ကွက် အပါအ၀င် အခြားသော ရပ်ကွက်များတွင်လဲ ထိရောက်သော အထောက်အပံ့များ အရေးတကြီး လိုအပ်နေပါတယ်။ အလှူရှင်များ အနေနဲ့ အမြန်ဆုံး ဆက်သွယ်လှူဒါန်းပေးကြပါခင်ဗျာ။ လိုအပ်ရင် ဆက်သွယ်ရမယ့် လိပ်စာ များကို ထပ်မံဖော်ပြပေးပါမယ်။

Read Users' Comments (0)

0 Response to "Help to Nargis Victims From North Dagon 133 Quarter"