twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

East Dagon 133 Quarter

အလှူဒါနဆိုတာ မွန်မြတ်တဲ့ အကျိုးဆောင်ပေး မှုတရပ်ဖြစ်ပါတယ်။ ဒုက္ခရောက်နေသူကို နေရာ၊ ဒေသ လူမျိုးမရွေး ကူညီရိုင်းပင်းခြင်း ဟာလည်း လူသားဆန်တဲ့ စာနာမှုဖြစ်ပါတယ်။ မနေ့က ကျွန်တော်နဲ့ ကိုဂေါက်တို့ နှစ်ယောက် ဒဂုံအရှေ့ပိုင်း ၁၃၃ ရပ်ကွက်မှာ ရှိတဲ့ လေဘေးသင့်သူတွေကို လှူဒါန်းဖို့ သွားရောက် စုံစမ်းခဲ့ပါတယ်။ ပြောရမယ်ဆို ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်တဲ့ အခြေခံလူတန်းစား တွေ မုန်တိုင်းဒဏ်သင့်ခံရသူ တွေ ရဲ့ ဘေးဒုက္ခ တချို့ဟာ လူသိပ်မသိကြရှာပါဘူး။ ကျွန်တော်တို့ ၂ယောက် မ၀တ လမ်းဆုံကနေ ၃၆ ဘတ်စ်ကားကို နာရီဝက်လောက် စောင့်ဆိုင်းပြီး စီးခဲ့ရပါတယ်။ မြောက်ဒဂုံဘက်ကနေ ၁၃၃ ရပ်ကွက်ဘက်ကို ရောက်တာ ဘတ်စ်ကားလိုင်း ၃ စီးအပြင် ပိုမရှိပါဘူး။ မြောက်ဒဂုံဘက်ကဆို ၃၆ အဖြူနံပါတ် ဗိုက်ပူလို့ ခေါ်တဲ့ ဘတ်စ်ကား အိုကြီးတွေပဲ ရောက်ပါတယ်။ ၁၃၃ ရပ်ကွက်ဆိုတာ ဒဂုံမြို့သစ်ထဲမှာ ရှိပေမယ့် ဒဂုံတက္ကသိုလ်ကိုတောင် တော်တော် ကျော်သွားပါသေးတယ်။ ၁၃၃ ကိုရောက်ဖို့ ကျွန်တော်တို့ နှစ်ယောက်ဟာ ဘတ်စ်ကားကြီးကို ပျင်းလောက်အောင် စီးခဲ့ရပါတယ်။ ဒဂုံတက္ကသိုလ် ကျောင်းကြီး ကျော်လွန်သွားတာနဲ့ ကားလမ်းဘေး တဘက်တချက် ဆီက လယ်ကွင်းတွေကို စိမ်းစိုစို လှမ်းမြင်ရပါတယ်။ ကျေးလက်တောရွာလေးကို သွားနေရတာနဲ့တောင် အလားသဏ္ဍာန်တူပါတယ်။


နာရီဝက်ကျော်ကျော်လောက် ကြာတော့ မြို့စွန် ရပ်ကွက်လေး ဖြစ်တဲ့ ၁၃၃ ရပ်ကွက်လေးကို ဘတ်စ်ကားကြီး ချဉ်းနင်း ၀င်ရောက်လာပါတော့တယ်။ ၁၃၃ ရပ်ကွက်လေးသည် အခြေခံလူတန်းစား များ အများအပြား နေထိုင်သော ရပ်ကွက် ဖြစ်သည်နှင့် အညီ ပျဉ်ထောင်အိမ်များ၊ ဓနိမိုး ထရံကာ အိမ်များ အများအပြားတွေ့ရသည်။ ကားပေါ်မှ ဆင်းလိုက်ပြီးတော့ ကျွန်တော်နဲ့ ကိုဂေါက်တို့ဟာ အနီးအနား ပတ်ဝန်းကျင်မှာ ယာယီရွက်ဖျင်တဲ လေးများ တွေ့ရလေမလား လိုက်ကြည့်ကြသေးသည်။ နောက်ဆုံး မတွေ့တာနဲ့ ကွမ်းယာဆိုင်လေးမှာ ဒီမှာ လေဘေး ကယ်ဆယ်ရေး စခန်း မရှိဘူးလား လို့မေးကြည့်တော့

`ဒီမှာ ကယ်ဆယ်ရေး စခန်းရယ်လို့ သီးသန့် မရှိဘူးဗျ။ ခုဓမ္မာရုံတွေ၊ ကျောင်းတွေကနေ ပြန်နှင်ထုတ် ထားတော့ နီးစပ်ရာ ဓနိ၊ ၀ါးလေးတွေနဲ့ ၁၀ ပေပတ်လည်လောက် ရှိတဲ့ တဲအိမ်လေးတွေ ကိုယ့်ဟာ ကိုယ် ထိုးပြီး နှစ် မိသားစု လောက် ပေါင်းနေကြတယ်။ ဟိုးကန်ဘောင်ဘက် တဲတွေက လေဘေးသင့်သူတွေရဲ့ တဲပဲ´



သူပြတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ ကန်သင်းရိုး ကန်ဘောင် ပေါ်တွင် ဆောက် လုပ်ထားသော တဲအိမ်လေးများ ကို အစီအရီတွေ့ရသည်။ ဤနေရာမှာ ကယ်ဆယ်ရေး စခန်း မရှိပေမယ့် တိတ်တိတ် ပုန်း ဒုက္ခရောက် နေသူများ နေထိုင်ကြသည်။ သူတို့သည် ဘယ်ဂျာနယ်၊ ဘယ်တီဗီမှာမှ မပါသော လူမသိသူမသိ ဒုက္ခရောက် နေကြသူများပင်။ ရန်ကုန် ဧရိယာ အတွင်းတွင်ပင် ထိုကဲ့သို့ အကူအညီမဲ့ နေသော လေဘေးသင့် ပြည်သူများ အများအပြား ကျန်နေသေးပါတယ်။



ယာယီတဲလေးတွေ


ပြိုပျက်သွားသော အသိုက်အမြုံလေးတခု


ကျွန်တော်တို့ နှစ်ယောက် တဲအိမ်လေးများ ရှိရာ လယ်ကန်သင်းရိုး ပေါ်သို့ လျှောက် လာကြတော့ ထိုတဲအိမ်လေးများ အလွန်တွင် အလှူမဏ္ဍပ် ထိုးထားသည်ကို တွေ့ရ၏။ ထိုမဏ္ဍပ်ရှေ့တွင် ကလေးငယ်များနှင့် လူကြီးတချို့ မဏ္ဍပ်တွင်းသို့ ၀င်ရောက် စားသောက်ရန် စောင့်ဆိုင်း တန်းစီနေကြသည်။ ထို မဏ္ဍပ်ထိုးသော အလှူရှင်မှာ ရပ်ကွက် လူကြီးတစ်ဦး ဖြစ်သည်ဟု သိရပြီး ဒုက္ခရောက်နေ သူများ အခြေအနေကို မေးကြည့်တော့
`ကျွန်တော်တို့ ဆီမှာ ပျက်စီးသွားတဲ့ အိမ်ခြေပေါင်း ၅၀၀ ကျော်ရှိတယ်ဗျ။ အများစုကတော့ ကလေးတွေ ပိုများတယ်။ တစ်အိမ်ထောင်ကို ကလေးပျမ်းမျှ လေးငါး ယောက်လောက်ကို ရှိတယ်။ ဒီမှာ ကယ်ဆယ်ရေး စခန်း မရှိတော့ ဒီရပ်ကွက်ထဲက တတ်နိုင်တဲ့ အလှူရှင်တွေက တလှည့်စီ ကျွေးမွေးနေကြရတယ်။ အလှူရှင် တဦးစ နှစ်ဦးစတော့ လာလှူကြပေမယ့် ဒီဘက်ပိုင်းက လူသိပ်မသိတာ များတယ်။ ဒီလိုပဲ တတ်နိုင်တဲ့သူတွေက ဝေမျှပေးနေရတယ်။ ကျွန်တော်ကတော့ ဒီနေ့ ကဆုန်လပြည့် နေ့လဲ ဖြစ်လို့ လှူနေတာပါ။´



ထမင်းစားဖို့ ဒီလို တန်းစီတိုးနေကြရှာတဲ့ ကလေးငယ်တွေ



အားပါးတရ စားနေရှာသော ကလေးငယ်လေးများ


ကျွန်တော်တို့လဲ လှူဒါန်းချင်လို့ လာမေးတာဖြစ်ကြောင်း ရှင်းပြလို့ ကျေးဇူးတင်ပါတယ် ပြောပြီး သူလှူနေတဲ့ မဏ္ဍပ်မှာ အားရပါးရ စားနေရှာသော ကလေးတွေရဲ့ ထမင်းဝိုင်း တခုကို ဓာတ်ပုံရိုက်လိုက်သည်။ တချို့က ဖိနပ် မပါ တချို့က ခါးအောက်ပိုင်း အ၀တ်မပါ ရှာသော ကလေးငယ်များ ထမင်းတနပ် အတွက် တန်းစီနေကြပုံကို ၀မ်းနည်းစွာ ကြည့်ပြီး ကန်သင်းရိုးဘောင်ပေါ်မှ ကျောခိုင်း ပြန်လာခဲ့ကြသည်။ ဤနေရာလေးအတွက် အ၀တ် အစား၊ အစားအစာ၊ ယင်လုံအိမ်သာ၊ နှင့် ပြန်လည် ထူထောင်ရေးအတွက် ရွက်ဖျင်၊ ယင်းလိပ်များ လိုအပ်နေသေးသည်။ လိုအပ်တဲ့ ပစ္စည်းတွေကို ကျွန်တော်တို့ တတ်နိုင်သလောက် နီးစပ်ရာ လှူဒါန်းနေသူများထံ အကြောင်းကြားပေးရမည်။ ထို့အတူ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်း အတွင်းက အမှန်တကယ် ဘေးဒုက္ခရောက်နေပြီး အကူအညီ လိုအပ်နေတဲ့ ဒေသများကို ရှာဖွေ ဖော်ထုတ် လှူဒါန်းပေးရပေမည်။ သို့မှသာ လှူရသူနှင့် လှူဒါန်းခံရသူ နှစ်ဦးနှစ်ဘက် လဲအကျိုးရှိပေလိမ့်မည် ဟု ထင်မြင်မိပါတော့သည်။

Read Users' Comments (0)

0 Response to "East Dagon 133 Quarter"