ကိုယ်တွေ့နာဂစ်မုန်တိုင်း ပထမပိုင်း
ည ၁၁ နာရီ- ၁၂နာရီ
ကောင်းကင်တခုလုံး အုပ်မှိုင်းညိုမဲကာ လေများ ဟူးဟူးရားရား တိုက်ခတ်လာသည်။ လေသည် “ရွှီး….” ဟူ၍ ကြောက်မက်ဖွယ် အသံရှည်ကြီး မြည်ဟီးကာ တိုးဝှေ့ တိုက်ခတ်လာသည်။ ကျွန်တော်သည် တအိမ်လုံးရှိ ပြတင်းတံခါးများကို လိုက်လံစစ်ဆေးပြီး အိပ်ယာဝင်ရန် ပြင်ဆင်၏။ သို့သော် ထူးဆန်းသော လေချွန်သံကဲ့သို့ လေတိုးသံကြီးကြောင့် အိပ်၍ မပျော်ဘဲ ဖြစ်နေ၏။ ကျွန်တော့်နည်းတူ ကျွန်တော်တို့ အိမ်သားများလည်း အိပ်၍ မပျော်သေးပဲ အိပ်ခန်းများထဲမှထွက်၍ ဤမျှထူးဆန်းသော လေတိုးသံကြီးကို နားစွင့်နေကြသည်။ လေသည် နားထောင်နေရင်းနှင့်ပင် တိုက်ခတ်နှုန်း တိုးလာဟန်ရှိပြီး ကျွန်တော်တို့ ခြံထဲရှိ သစ်ပင်များ ယိမ်းထိုး လှုပ်ရမ်းသံများကို ကြားလာရသည်။ တဖြည်းဖြည်းနှင့် ကြမ်းတမ်းလာသော တိုက်ခတ်မှုကြောင့် ည ၁၂နာရီ ခန့်တွင်တော့ ကျွန်တော်တို့ အိမ်ခေါင်မိုးပေါ်ရှိ ၈ပေ စလောင်းရွက်ကြီးမှ တဂျွမ်းဂျွမ်း လှုပ်ရမ်းသံကို အသဲယားဖွယ်ကြား လာရတော့၏။ ခေါင်မိုးပေါ်တွင် တပ်ဆင်ထားသော စလောင်းသည် ကျွန်တော်၏ အိပ်ခန်း ခေါင်မိုးနားမှ ဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် လုံးဝ စိတ်ချစွာ အိပ်မပျော်နိုင်ပဲ မျက်နှာကျက် လေ၀င်ပေါက်မှ ဓာတ်မီးဖြင့် ခေါင်မိုးပေါ်သို့ ထိုးထိုး ကြည့်ရသည်မှာ လည်း အမောပင်ဖြစ်သည်။ ကျွန်တော် ပူပန်မိသည်မှာ ဤမျှကြမ်းတမ်းသော လေကြောင့် စလောင်းရွက်ပြုတ်ကျသွားမည် ထက် စလောင်းရွက်နှင့် တွဲဆက် ရိုက်ထားသော အမိုးသွပ်ပြားများ လန်ကုန်မည်ကို ပူပန်နေမိသည်။ တညလုံး တိုက်ခတ်သော လေတိုးသံကြီးက တဖြည်းဖြည်းနှင့် ပိုကြမ်းလာပြီး ပတ်ဝန်း ကျင်တခုလုံး ငရဲပွက်သံအလား ၀ုန်းဒိုင်းကြဲနေတော့၏။ ကျွန်တော့်အိမ်ခေါင်မိုးက သွပ်တွေ တဗြုန်းဗြုန်းနဲ့ ရုန်းကန် လှုပ်ရှားမှုက အိပ်စက်ခြင်းတွေကို ခြောက်လှန့်နေ၏။
”သား ..ခေါင်မိုးက သွပ်သံတွေကြားလား”
မေမေ က စိုးရိမ်တကြီး သူ့အခန်းထဲမှ ထွက်လာပြီး မေးသည်။ ထို့အတူ ကျန်တဲ့ အိမ်သားများလဲ အပေါ်ထပ်ကို ဓာတ်မီးကိုယ်စီနှင့်တက် လာကြပါတယ်။ အိမ်အပေါ်ထပ် ဘုရားစင်တွင် ထွန်းထားသော ဖယောင်းတိုင်မီး ညွှန့်လေးသည် လေလုံနေသော အခန်းထဲ၌ ပင် ဘယ်ညာယိမ်းထိုးနေသည်။
ည ၁နာရီ- ၃နာရီ
လေပြင်းတိုးသော အသံ သို့မဟုတ် လေတွန်သံကြီးက မဟားတရား ပိုမိုကျယ်လောင်လာပါတယ်။ ကျွန်တော့် အိမ်က ညီမငယ်လေးဆို အောက်ထပ်မှာ အိပ်ရင်း အဲ့ဒိလေသံကြီး ကြားပြီး အပေါ်ထပ်ရှိ သူ့အမ အခန်းကို ပြေးတက်လာပါတယ်။ အပေါ်ရောက်တော့ အိမ်ခေါင်မိုး သွပ်သံတ၀ုန်းဝုန်း သံက ပိုဆိုးနေသဖြင့် အောက်ကိုပြန်ပြေးဆင်းသွား ပြန်ပါတယ်။ ကလေးတွေ ခင်မျာ တခါမှ မကြုံဖူးသော လေမုန်တိုင်းကို ခြေမကိုင်မိ လက်မကိုင်မိ ကြောက် လန့်နေကြပါတယ်။ ကျွန်တော်တို့ မပြောနဲ့ ကျွန်တော့်အဖိုး အသက် ၈၀ အရွယ်တောင် ဒီလောက် ပြင်းတဲ့ လေမုန်တိုင်း မတွေ့ဘူးဖူး လို့ ပြောတယ်။ ပိုကြမ်းလာသော လေကြောင့် ခေါင်မိုးက သွပ်တွေ လန်မှာ စိုးနေရတဲ့ အထဲ ကျွန်တော့် အခန်းခေါင်းရင်းက သရက်ပင်က နံရံကို တဒုန်းဒုန်း လာရိုက်နေပါသေးတယ်။ ကျွန်တော်တို့ တမိသားစုလုံး ဘယ်လိုမှ အိပ်လို့မပျော်နိုင်တော့ပဲ အိမ်အပေါ်ထပ်ရဲ့ အလယ်နေရာ တည့်တည့်မှာ အားလုံးစုဝေး ထိုင်နေရင်း မုန်တိုင်းတိုက်သံကို နားစွင့်ကာ တိတ်ဆိတ်နေကြ၏။ ထိုသို့ထိုင်နေရင်းမှ ကျွန်တော့် အဒေါ်တစ်ယောက် အခန်းထဲမှ မျက်စိမျက်နှာ ပျက် နဲ့ ထွက်လာပါတယ်။ သူ့လက်ထဲမှာ ဟန်းဖုန်းနဲ့...။
“(...)တို့ဒီနေ့ ရန်ကုန်ဆင်းလာတယ်... ခုထိ ဖုန်းခေါ်လို့ မရသေးဘူး ညက တော့ ဖုန်းဆက်ထားတယ်...”
“ဟင်....”
အားလုံး တညီ တည်း အာမေဋိတ် တလိုက်ကြသည်။ ဒီလောက် ကြမ်းနေသော မုန်တိုင်းကြားမှာ ပြန်လာမည် ဖြစ်သော ကျွန်တော့် အဒေါ်မိသားစုရဲ့ ဖြစ်အင်ကို တွေးပြီး အားလုံး ပူပန်သွားကြပြန်ပါတယ်။ မုန်တိုင်း ကြားမှာ... ရန်ကုန်ကို... ဘုရား..ဘုရား..။
ပြတင်းတံခါးကြားမှ တိုးဝှေ့လာသော လေသည်ပင် ဟူးဟူးရားရား ဖြစ်နေရာ အပြင်ထွက်လိုက်ရင် လွင့်သွားမလားပင်။ နံရံတဖက်ဆီကို လာရိုက်နေသော သရက်ကိုင်း ကြောင့် တချက်ချက် အိမ်တုန်တုန် သွားပြီး နံရံပြိုမှာကိုလဲ စိတ်ပူနေရသေးပါတယ်။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "ကိုယ်တွေ့နာဂစ်မုန်တိုင်း ပထမပိုင်း"
Post a Comment