twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မချေမငံ ပါရမီတက္ကစီ



photo from 7days news

တနေ့က ကျွန်တော့် အသိတစ်ယောက် မကျေမနပ်လေသံနဲ့ မြေနီကုန်းကို ရောက်လာပါတယ်။ သူက သူအဖြစ်အပျက်ကို ပြန်ပြောပြတော့ နားထောင်တဲ့ ကျွန်တော်တို့လဲ အံ့သြပြီး ဒေါသထွက်မိပါတယ်။ သူ့ဖြစ်ပုံက ဒီလိုဗျ။ ကျွန်တော့် အသိက ကွန်ပြူတာ လုပ်ငန်း လုပ်ကိုင် သူတစ်ယောက်လေ။ သူနေတာ က တောင်ဥက္ကလာမှာ။ အဲ့ဒိနေ့က သူက ကိစ္စ တခုနဲ့ ကွန်ပြူတာ system ပုံး ကို သယ်မပြီး ပါရမီကားဂိတ်နားက နီးစပ်ရာ ပါရမီ တက္ကစီကို ငှားလိုက်တယ်။


ပါရမီ တက္ကစီဆိုတာ တခြား တက္ကစီနဲ့ ဘာကွာလဲ ဆိုတော့ ဦးပိုင်လိမိတက် က ပိုင်တာပေါ့။ မောင်းတဲ့သူ အများစုက စစ်မှုထမ်းဟောင်းတွေနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေသာ မောင်းလေ့ရှိကြပါတယ်။ နောက်ပြီး အပြင် တက္ကစီ သမားတွေနဲ့ ကွာတဲ့ အချက်က ဒီမှာ စတော့တာပါပဲ။


ကျွန်တော့် အသိက အထုပ်က တဘက် ကွန်ပြူတာ system ပုံးက တဘက်နဲ့ ကားငှားပြီး (ဈေးတွေဘာတွေ ညှိပြီးတော့) ကားပေါ်တက်ဖို့ လုပ်တဲ့ အထိ ပါရမီ တက္ကစီ သမားဟာ အခန့်သား ထိုင်ခုံပေါ်က ထိုင်ရာ မထပါဘူး။ တံခါးတောင် ဆွဲဖွင့်ပေးဖော် မရဘူး။ (ခပ်တည်တည် ဆိုပဲ)။ အဲ့ဒိတော့ ကျွန်တော့် အသိကလဲ နေပါစေ လေ ဆိုပြီး အထုပ်ကို ချ၊ လက်တစ်ဘက်နဲ့ ကားတံခါးကို ဖွင့်ရတာပေါ့။ ကားတံခါးပွင့်သွားတော့မှ အထုပ်ကို ပြန်ဆွဲပြီး တော့ နောက်က ထိုင်ခုံပေါ်ကို အထုပ် တင်လိုက်တယ်။ ကျွန်တော့် အသိက system ပုံးကိုတော့ ထိုင်ခုံမှာ ထားရင် ဆိုဖာတွေ ထိကုန်ပါမယ်လေ။ (အဲ့လောက် စိတ်ဓာတ်ပြည့်ဝတဲ့သူပါ)။ ဆိုပြီး သူက နောက်ဖုံးထဲကို သူ့ ကွန်ပြူတာ system ပုံးကို ထည့်ဖို့လုပ်တယ်။


သူက system ပုံး မထားပြီး အနောက်ဖုံးလေးများ လာဖွင့်မလားဆိုပြီး စောင့်နေသေးတယ်။ နောက်တော့ ကားသမားက တုတ်တုတ်မှ မလှုပ်တော့ ကျွန်တော့် အသိက လဲ

“အကို နောက်ဖုံးလေးတော့ လာဖွင့်ပေးပါအုံးဗျာ။”

ဆိုပြီး request လုပ်တော့ ပါရမီ တက္ကစီသမားက (လက်အောက် ငယ်သားတစ်ယောက်ကို အချိုးမပြေလို့ ကြည့်တဲ့ အကြည့်မျိုးနဲ့) မျက်မှောင်ကြုံ့(လူကို မှိုချိုး မျှစ်ချိုး) ကြည့်ပြီး မဆီမဆိုင်ပဲ

“ဟေ့ကောင်… မင်းက ဘာကောင်လဲ.. ဟေ့ကောင် မင်းလိုကွန်ပြူတာမျိုး အိမ်မှာ ၁၀ လုံးလောက် ရှိတယ်…။ မှတ်ထား… ပိုက်ဆံ မရှိလို့ တက္ကစီမောင်းနေတာ မဟုတ်ဘူး။ နောက်ခန်းက မင်း အထုပ်တွေ ယူပြီး ကားပေါ်က အခု ဆင်းသွားတော့…”


ဘလိုင်းရှော့ကြီး ကော ပြီး ကားစီးမယ့် ကျွန်တော့် အသိကို မတူသလို မတန် သလို မျိုး ကားပေါ်ကနေ နှင်ထုတ်ပါတယ်။ ဒီလိုမျိုး အဖြစ် အပျက် ကျွန်တော့် အသိအနေနဲ့ကော ကျွန်တော်တို့ အနေနဲ့ကော ဒီတခါပဲ ကြားဖူးသေးတယ်ဗျာ။ တော်တော် ဆိုးဝါးတဲ့ ၀န်ဆောင်မှုပဲဗျာ။ (passenger တစ်ယောက်ကို မောင်းထုတ်ရလောက်အောင် သူတို့ တွေက တော်တော် ပါဝါရှိနေကြလို့လား) ကျွန်တော်တို့က သူတို့ကားကို အလကားပဲတင်း စီးနေကြလို့လား။ ပိုက်ဆံ ပေးစီးတာပဲလေ။ နောက်ပြီး ကျွန်တော့် အသိ တောင်းဆိုတဲ့ ၀န်ဆောင် ခိုင်းမှုထဲမှာ မဆီလျော် တာ တခု မှ မပါဘူးလေ။ တကယ် အံ့သြ စိတ်ပျက်ဖို့ ကောင်းတယ်ဗျာ။ တက္ကစီမောင်းနေတာ လေယာဉ်ပျံကြီး မောင်းနေတယ် များထင်ကြသလားတော့ မသိဘူး။ ဒါဟာ ပြည်သူလူထုအတွက် ၀န်ဆောင်မှုပေးတဲ့ အစိုးရပိုင် လုပ်ငန်းတခုပဲလေ။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ ဘာကြောင့် ဒီလို မောက်မာကြတာလဲ။ မတွေးတတ်အောင်ပဲဗျာ။ private taxi ဆိုရင် မပြောပါဘူး။


ဒေါသထွက်သွားတဲ့ ကျွန်တော့် အသိလဲ သူ့ကိုတော့ ခွန်းတုံ့ပြန်မနေတော့ပဲ ပါရမီ ရုံးခန်းကို သွားပြီးတော့ တိုင်လိုက်ပါသေးတယ်။ ရုံးခန်းကတော့ ကျေနပ်အောင်တော့ (သူတို့ဘက် ကို အပြစ်လဲ ပေါ့လျော့အောင်) ရွှေပြည်အေး တရားပြောလိုက်ပါတယ်တဲ့။ သူ့ခင်မျာ ရင်ထဲ တနုံ့နုံ့နဲ့ ကျွန်တော်တို့ ဆီရောက်မှ တအံ့တသြ ပြန်ပြာပြ ရရှာတယ်။ တချို့တချို့သော လူတွေက background အားကိုးနဲ့ ရင့်သီးနေကြတာတော့ အလွန်စက်ဆုပ် စရာ ကောင်းလိုက်တာ ဗျာ။ ဒီလို စိတ်ဓာတ်တွေ မျိုးရှိတဲ့ လူမျိုးတွေ ၁ယောက် ၂ယောက် … တဖြည်းဖြည်း ၁၀၊ ၂၀၊ ကနေ တစ်ရာ နှစ်ရာ လောက်များလာရင် ဆုတ်ယုတ်ဖို့ပဲ ရှိတော့ တယ်မဟုတ်လား။ ကဲ မိတ်ဆွေတို့ပဲ စဉ်းစားကြည့်ကြပါတော့ဗျာ။


Read Users' Comments (1)comments

1 Response to "မချေမငံ ပါရမီတက္ကစီ"

  1. JulyDream says:
    April 7, 2008 at 7:32 PM

    ဗမာအောက်တန်းစား ဆိုတဲ့ ကိုသခင်ကြီးရဲ့ ပို့စ်ကို ကျွန်တော့် Blog မှာ ကူးယူ ဖော်ပြတုံးက ပြောလိုက်ဆိုလိုက် ကြတာများ ရစရာကို မရှိပါဘူး။ တကယ်တန်း အခုလို ဗမာလူမျိုးထဲက အောက်တန်းစားတွေ တကယ်ရှိနေတာပဲလေ။ အဲဒီလို အောက်တန်းစားတွေကြောင့် ဗမာတစ်မျိုးလုံး (ဒီထက်မက ပြောရရင် မြန်မာတစ်ပြည်လုံး) အောက်တန်းစား ဘ၀ ရောက်ကုန်လိမ့်မယ်။ ဒီလို အောက်တန်းစားတွေကို အမှန်တကယ် တိုက်ဖျက် ပစ်ရပါမယ်။ ပါရမီလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း အဲဒီလို အောက်တန်းစား စိတ်ဓါတ်ရှိတဲ့ လူမျိုးကို လုပ်ကိုင်ခွင့် မပေးသင့်ပါဘူး။

    ဘာပဲဖြစ်ဖြစ် (နောက်က လူက ဘာကောင်ကြီးပဲ ဖြစ်နေပါစေ) အောက်တန်းကျတဲ့ အခုလို လုပ်ရပ်မျိုးကို ဖော်ထုတ်တင်ပြ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါမျိုးတွေ များများပြော များများရေးမှ သိသင့်သိထိုက်တဲ့ လူတွေ သိကြ ကြားကြပြီး ပြုပြင်နိုင် ကြပါစေလို့ စေတနာနဲ့ စကားလုံး ခပ်ရင့်ရင့်တွေ သုံးပြီး အပြုသဘောဆောင် ဝေဖန်လိုက် ပါရစေဗျာ။