twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အစ္စလာမ်များရဲ့ အိဒ်ဒီလ်အသွဟာပွဲ

ကျွန်တော် မနေ့က တောင်ဒဂုံ စက်ရုံကို သွားတော့ လမ်းမှာ လွန်စွာ ၀ဖြိုး၍ လှပသော နွားအများ အပြားကို တွေ့ခဲ့ရပါတယ်။ ဒရိုင်ဘာ ပြောမှ သိရတာက အိဒ်နေ့ရောက် တော့မည် ဟုသိရပါတယ်။ ထိုချောပေ့ ကောင်းပေ့ နွားများ (သို့မဟုတ်) လှူဒါန်းခြင်းခံရမည့် (သို့မဟုတ်) အသတ်ဖြတ်ခံရမည့် နွားများအား ကြာကြာ မကြည့်ရက်တော့ပဲ အဲဒိလမ်းတလျှောက် မျက်နှာသာ လွှဲထားမိပါတော့သည်။ ဒီနေရာမှာ ဘာသာတရားနှင့် ပတ်သက်၍ အတိုက်အခံ ကျွန်တော် မဆွေးနွေးလိုပါ။ ဘာသာတရားကို ၀ါဒတခု အဖြစ် မြဲမြဲဆုပ်ကိုင် ထားသူများ အဖို့ စစ်ပွဲများ ဆင်နွှဲရန်သာ ရှိပါတော့သည်။ ဒီနေ့ဟာ အိဒ်ဒီလ်အသွဟာနေ့ ဖြစ်ပါတယ်။ ကျွန်တော် ဖတ်ရှုမိသမျှထဲက မွတ်စလင်တွေ ဘာကြောင့် အိဒ် လုပ်ကြတယ်ဆိုတာ အနည်းငယ် တင်ပြလိုပါတယ်။

Idd ဟုပေါင်းပါသည်။ မွတ်စလင်တွေမှာ အိဒ်၂မျိုး ရှိပါတယ်။ အာရဗီ ဘာသာစကား “အိဒ်” ၏ အဓိပ္ပါယ်မှာ “ပျော်ရွှင်မှု ပြန်လည်ရောက်ရှိခြင်း” ဖြစ်သည်။ ပထမ အိဒ်ပွဲတော်ကို “အိဒ်ဒိလ်ဖိတရ်” ဟု ခေါ်ပါသည်။ “ဖိတရ်” ဆိုသည်မှာ “အစပြုသည်” ဟူသော အနက် ဖြစ်ပြီး အိဒ်ဒိလ်ဖိတရ် ဆိုသည်မှာ “ ဥပုသ်မှ ထွက်ခြင်း” လို့ အဓိပ္ပါယ် ပြန်ဆို နိုင်ပါတယ်။ ဆိုလိုသည်မှာ ပထမ အိဒ်သည် မွတ်စလင် ဥပုသ်လ ထွက်ပြီးစတွင် ပြုလုပ်ပြီး ယခင်အတိုင်း ပြန်လည် နေထိုင်စပြုခြင်းကို ဆိုလိုပါသည်။

ဒုတိယအိဒ်ကို အိဒ်ဒီလ်အသွဟာ ပွဲတော်ဟု ခေါ်ပါတယ်။ ဘုရားသခင် အတွက် စွန့်လွှတ်လှူဒါန်းသော ပွဲတော်ဟု သတ်မှတ်ကြလေသည်။ ထို့အပြင် မွတ်စလင် ဘာသာဝင်များ သည် ဒုတိယ အိဒ်တွင် အလ္လာရှင်အတွက် စွန့်လွှတ် လှူဒါန်းခြင်းဖြင့် မိမိတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်း ဖြစ်သည်ဟု အယူရှိလေသည်။ မွတ်စလင်များသည် တိရိစ္ဆာန်များကို သတ်ခြင်း (၀ါ) စွန့်လွှတ်ခြင်းကို Sacrifice လို့အနက်ဖွင့်၏။ တိရိစ္ဆာန်များကို သတ်ဖြတ်ခြင်းဖြင့် စွန့်လွှတ်သူ၏ အပြစ်များကို ထိုတိရိစ္ဆာန်က ယူဆောင်သွားသည်ဟု အယူရှိကြသည်။

၎င်းတို့၏ Qur’an ကျမ်းတွင်တော့ ဤသို့ဖော်ပြပါရှိသည်။
“စွန့်လွှတ်သော (တိရစ္ဆာန်) ၏ အသွေးသည် ၎င်း၊ အသားသည် ၎င်း၊ ဘုရားသခင်ထံသို့ ရောက်ရှိကြသည် မဟုတ်၊ သင်တို့၏ ကောင်းမြတ် မှန်ကန်သော သဒ္ဓါတရားသည် သာလျှင် ဘုရားသခင် ထံတော်သို့ ရောက်ရှိလေသည်။”
(၂၂း ၃၈)

ကျမ်းဂန်လာ နောက်ထပ် မူကွဲ တမျိုးကတော့ “တစ်ဦး တစ်ယောက်သည် မိမိထက် နိမ့်ကျသော တိရိစ္ဆာန် တကောင်ကို စွန့်လွှတ်ရာတွင် ထို တိရိစ္ဆာန် သည် မိမိအတွက် စွန့်လွှတ် ခံရသကဲ့သို့၊ အကယ်၍ ထိုသူသည် (အလ္လာ အရှင်မြတ်) ၏ လမ်းတော်ဝယ် မိမိအသက်ကိုပင် စွန့်လွှတ်ရမည်ဟု အမိန့်တော် ကျရောက်လျှင် တွေဝေခြင်း မရှိပဲ သူ၏ အသက်ရှင်နေခြင်းထက် အသျှင့် အတွက် စွန့်လွှတ် ခြင်းက ပို၍ မြတ်သည်ဟု သဘောပိုက်ကာ မိမိ၏ အသက်ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဖော်ပြသော လက္ခဏာ ဖြစ်သည်” ဟု ဖွင့်ဆိုလေသည်။

ယနေ့ကဲ့သို့ အိဒ်နေ့ကို ကမ္ဘာတ၀ှမ်းလုံးမှ မွတ်စလင် ဘာသာဝင်တို့က ကျင်းပကြလေသည်။ ထိုသို့ တိရိစ္ဆာန်သတ်ခြင်းကို အိဒ်နေ့၏ နောက်၂ရက်၊ ၃ရက် အတွင်း ပြုလုပ်ကြသည်။ ရွေးချယ်ခြင်း ခံရသော တိရိစ္ဆာန်သည် ပြင်ပအင်္ဂါအစိတ်အပိုင်း များ ချွတ်ယွင်း ကျိုးပဲ့ခြင်း မရှိစေရ၊ အရွယ်ရောက်သော တိရိစ္ဆာန် ဖြစ်ရမည် ဖြစ်ပြီး ဆိတ် (သို့မဟုတ်) သိုးဖြစ်ပါက တနှစ်သား၊ နွားဆိုလျှင် နှစ်နှစ်၊ ကုလားအုပ်ဖြစ်ပါက ငါးနှစ် ဖြစ်ရမည်ဟု သတ်မှတ်ချက် ရှိလေသည်။

ထိုသို့ (Sacrifice) စွန့်လွှတ်ခြင်း ပြုလုပ်ချိန်၌ ထိုသူသည် စွန့်လွှတ်ခြင်း၏ ရည်ရွယ်ချက် အနက်အဓိပ္ပါယ်ကို နက်နဲစွာ နားလည်၍ ထိတွေ့ခံစားရမည်ဟု ညွှန်ပြထားသေးသည်။

(စကားချပ်။ ။ “တိရစ္ဆာန်ဆိုတာ လူချွတ်မှ ကျွတ်ရတာ” ဆိုတဲ့ အရပ်သုံးစကား တခုသည် ထို အယူမှ လာဖွယ်ရှိသည်ဟု ယူဆရပါသည်။)

အထက်ဖော်ပြပါများကတော့ ကျွန်တော် လေ့လာ မိသလောက်ထဲက အိဒ်ပွဲတော် အကြောင်း ကောက်နှုတ်တင်ပြ ခြင်းဖြစ်ပါတယ်။

ပြုလုပ်လှူဒါန်းသူက အသျှင်အတွက် သဒ္ဓါတရား ထက်သန်၍ အသက်ကို ပင် လိုလိုချင်ချင် စွန့်ရဲသည် ဆိုပါအုံးစို့။ သို့ပေမယ့် အသိဉာဏ် မရှိရှာသော (လူပြုသမျှ နုရမည် ဖြစ်သော) အဟိတ်တိရိစ္ဆာန် ကကော ထိုလှူဒါန်းသူ အတွက် လိုလိုချင်ချင် သူ၏ အသက်ကို စွန့်လွှတ်ချင်ပါ၏လော။ မိမိတင်ရှိသော အပြစ်များ ကြေအေးစေရန် မိမိထက် နိမ့်ကျသည်ဆိုသော သတ္တ၀ါများအား သတ်ဖြတ်၍ အသျှင်မြတ် ကြည်ဖြူ စေရန် လှူဒါန်းသည်ဆိုခြင်းမှာ ထိုသတ္တ၀ါ အတွက် တရားပါ၏လော။ ထိုသို့ဆိုလျှင် မိမိယူထားသော အကြွေးအား သူတပါးအားဖြင့် ဆပ်ခိုင်းသည်နှင့် တူမနေပေ သလော။ ကျွန်တော်၏ ခေါင်းထဲသို့ လော .. ပေါင်းများစွာ ၀င်ရောက်လာပါသည်။ ကျွန်တော်ဟာ ဘာသာတရားတခု ကို ချဉ်းကပ်ရာမှာ ရဲဝံ့စွာတွေးတောခြင်းကို နှစ်သက်ပါသည်။ အကြောက်တရားတို့နှင့် ဖုံးကွယ်နေသည်ကို မနှစ်သက်ပါ။ ၀ါဒတခု အဖြစ် ကျွန်တော် ဘာသာတရားများကို မချဉ်းကပ်ပါ။ ကျွန်တော် အနေနဲ့ လက်လှမ်းမှီသလောက်သာ လေ့လာလျှက်ရှိပြီး ကျွန်တော် ဉာဏ်မမှီသေး၍ လည်း ဖြစ်ချင် ဖြစ်ပါမည်။ ကိုယ်မစား ဖူးသေးသော စပျစ်သီးကို အားလုံးချဉ်သည်ဟု မပြောလိုပါ။ သို့သော်လည်း ယနေ့ အတွက် မူကား (ထိုမြင်ကွင်းများ တစိတ် တဒေသ အားဖြင့် မြင်ရနိုင်သော) တောင်ဒဂုံစက်မှုဇုံဘက်သို့ မသွားတော့ဟုသာ ဆုံးဖြတ်ချက် ချမိပါတော့သည်။

Read Users' Comments (9)

9 Response to "အစ္စလာမ်များရဲ့ အိဒ်ဒီလ်အသွဟာပွဲ"

  1. Anonymous Says:
    December 9, 2008 at 4:31 PM

    ကိုမင်းယွန်းသစ် ကိုတော့
    အရမ်းလေးစားသွား ပြီ
    ကျနော် ဒီ အစ်ဒ် နေ့ အကြောင်းကို ဘယ်သူ့ သွားမေးလို့မေးရမှန်းမသိဘူးဖြစ်နေတယ် ဗျ ။
    ကျေးဇူးပါပဲ ခင်ဗျာ

  2. တောင်ပေါ်သား says:
    December 10, 2008 at 9:45 AM

    အကိုရေ စကားလေးပြောချင်လို့ ဟီးးးးးးး
    ဘယ်ဘာသာတရားမှာ မဆို သူတို့ ယုံကြည်ကိုးကွယ်ရာ ကို လုပ်လေ့ရှိပါတယ်။ တိရိစ္ဆာန်သတ်ခြင်းဆိုတာမှာကတော့ မြန်မာပြည်အနေအထားနဲ့ ကြည့်ရင်တော့ ကျနော်တို့ ကျေးဇူးရှင် နွားတွေကို သတ်သလိုဖြစ်နေတာပါပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်လိုက်တော့ မြန်မာ အလှူတွေမှာကော ၀က်တို့ ကြက်တို့ကို သတ်ပြီး ကျွေးကြတာပဲလားလို့ ပြီးတော့ သူတို့ သတ်တာကတော့ ခေါင်းရိုက်သတ်တာတွေ ရှိတယ်လို့ ကြားဖူးပါတယ်။ ဒီတော့ ဒီလိုတိရိစ္ဆာန် တွေကို သတ်တာ မနှစ်မြို့ဖူးဆိုရင်တော့ အကောင်းဆုံးကတော့ ကျနော်တို့ သားငါး မစားပဲ နေရလိမ့်မယ်ထင်တယ်။ အခုလဲ ကျနော် သားငါး စားနေတာလေ ဘယ်လိုပဲဖြစ်ဖြစ် တဖက်လှည့်နဲ့ သူများ သတ်ပြီးသားကို စားနေတာဆိုတော့ ငရဲရ စတမ်းဆို ကျနော်တော့ ထိပ်ဆုံးကပါမယ် ထင်တယ် အကိုရေ လွတ်လပ်စွာ ဆွေးနွေးကြည့်တာပါး)

  3. Anonymous Says:
    December 10, 2008 at 1:39 PM

    လာဖတ်သွားပါတယ်။

    အများစုဟာ ကိုယ်ရပ်တည်ရာဘက်ကနေပြီး အမှား အမှန်ကို စဉ်းစားလေ့ရှိပါတယ်။

    ကာလာမသုတ်ပါအဆိုအမိန့်အတိုင်း တွေးခေါ်စဉ်းစားကြည့် နိုင်ပါတယ်။

  4. Minn Yoon Thit says:
    December 10, 2008 at 6:31 PM

    ဟုတ်ကဲ့ ကိုတောင်ပေါ်သားရေ ကျွန်တော် အနေနဲ့ တိရိစ္ဆာန် သတ်ခြင်းကို အကို ပြောသလို ရောထွေးမပစ် ချင်ပါဘူး။ ဗုဒ္ဓဘာသာ ၀င်တွေ အလှူအတန်း လုပ်လို့ သတ်တယ်ဆိုတာ ကျမ်းဂန်က သတ်ခိုင်းတာ မဟုတ်ပါဘူး. သူ့ဟာသူ သတ်ကြတာပါ။ ကျွန်တော် ဇွတ်ငြင်းနေတာ မဟုတ်ပါဘူး။ ကိုးကွယ်ယုံကြည် သူတွေရဲ့ လုပ်ရပ်တိုင်းဟာ အဲ့ဒိဝါဒရဲ့ အဆုံးအမ ချည်းကြောင့်ပဲ လို့ တရားသေ မှတ်ယူလို့ မရပါဘူး။ ဘယ်အရာမှ ပုံသေ မှတ်လို့ မရပါဘူး။ (ငါပြောတာလဲ အမှန်မယူပါနဲ့လို့ ကာလာမသုတ် မှာတောင် ပါပါသေးတယ်) မြန်မာစာ ဆရာ တစ်ယောက်က အတူတူ သင်ပေးလိုက်ပေမယ့် ကျောင်းသားတွေရဲ့ စာစီစာကုံး ရမှတ်တွေက တူမှာ မဟုတ်ပါဘူး။ ခံယူတဲ့ လူပေါ်မှာသာ မူတည်ပါတယ်။ ဥာဏ်ရှိသလောက် ကွန့်ရင် ကောင်းသွားတာ ရှိသလို လွဲသွားတာ ဆိုးသွားတာ တွေလဲ ရှိပါတယ်။ အဲ့လိုပါပဲ အယူဝါဒတွေ ဟာ ရှေးဦး တည်ထောင် သူတွေနဲ့ နောက်ပေါ် ဆက်ခံသူတွေကြားမှာ လွဲနေတတ်ကြပါတယ်။ ဒါကို ကျွန်တော်တို့ ဖော်ထုတ်ပြီး ယုတ္တိမတန်တာတွေ စစ်ထုတ်ပစ်ဖို့ လိုတယ်လို့ ထင်တာပါပဲ။ (ဘယ်ဝါဒ မဆိုပါ)။ ကျွန်တော်တို့ ဟာ evolution အမြဲ ဖြစ်နေပါတယ်။ နယူတန်ရဲ့ သီအိုရီတွေဟာ အိုင်းစတိုင်း လက်ထက်မှာ ပိုပြီး ကောင်းမွန်လာပါတယ်။ အဲ့ဒိလိုပါပဲ ကျွန်တော်တို့လဲ လွတ်လပ်ပွင့်လင်းစွာ ယုတ္တိဗေဒ ကျကျ အတွေးရဲဖို့လိုပါတယ်။ ကောမန့် ပွတ်ပြီး ဆွေးနွေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ :)

  5. တောင်ပေါ်သား says:
    December 11, 2008 at 3:42 PM

    အကိုရေ ကျေးဇူးပါဗျာ ကျနော်အတွက် ဗဟုသုတ လေးတခု ထပ်တိုးသွားတယ်အတွက်ပေါ့။ ဘာသာတရားတိုင်းဟာ အမှန်တော့ ပွင့်လင်းစွာ လေ့လာဖို့ လိုအပ်နေပါတယ်။"ဗုဒ္ဓဘာသာ ၀င်တွေ အလှူအတန်း လုပ်လို့ သတ်တယ်ဆိုတာ ကျမ်းဂန်က သတ်ခိုင်းတာ မဟုတ်ပါဘူး. သူ့ဟာသူ သတ်ကြတာပါ။ ကျွန်တော် ဇွတ်ငြင်းနေတာ မဟုတ်ပါဘူး။ ကိုးကွယ်ယုံကြည် သူတွေရဲ့ လုပ်ရပ်တိုင်းဟာ အဲ့ဒိဝါဒရဲ့ အဆုံးအမ ချည်းကြောင့်ပဲ လို့ တရားသေ မှတ်ယူလို့ မရပါဘူး။ ဘယ်အရာမှ ပုံသေ မှတ်လို့ မရပါဘူး။" ကျနော်ဆိုလိုတာက ကျမ်းဂန်က သတ်ခိုင်းတယ်လို့ မဆိုလိုပါဘူးအကို ကျနော်မြင်ဖူးတာကို ပြောကြည့်တာပါ လူတွေ(ဘာသာစုံ) က သူများတခုခုလုပ်ရင် အပြစ်တွေအရမ်းတင်တတ်ပေမဲ့ သူတို့ကိုယ်တိုင်လုပ်မိရင် အပြစ်မမြင်တတ်ကြဘူးလို့ ဆိုလိုချင်တာပါ။ ကျနော်လဲ ဘာသာတရားကိုင်းရှိုင်းတဲ့ လူတော့ မဟုတ်ပါဘူးအကို။ ဖြစ်တတ်တာလေး ပြောကြည့်တာပါ။ အကို အယူဝါဒလေးကိုတော့ ကျနော် သဘောကျပါတယ် လေးစားလျက်

  6. Anonymous Says:
    December 22, 2008 at 11:28 PM

    နည်းနည်းလေး ဆွေးနွေးခွင့်ပေးပါနော်။ ဗုဒ္ဓဘာသာတွေက သူများသတ်တာစားတယ်ဆိုတာ… “ငါစားမယ်၊ သတ်ပေး”ဆိုပြီး သတ်ခိုင်းတာမျိုး မဟုတ်ပါဘူး။ တကယ်လို့ ဈေးသွားဝယ်တဲ့အခါ ဒီနေ့တော့ ဘာအသားမှမရှိဘူးဆိုရင် သားသတ်ရုံသွားပြီး သတ်ခိုင်းနေမှာ မဟုတ်ပါဘူး။ ရှိတာနဲ့ပဲ စားကြမှာပါ။ တစ်နေ့နေ့… ထားပါတော့… သားသတ်သမားတွေ မရှိတဲ့တစ်နေ့နေ့ကျရင် အသားစားချင်လို့ဆိုပြီး သတ်စားမှာမဟုတ်ပါဘူး။ ဘုရားက မြင်သား၊ ကြားသားမဟုတ်ရင် အကုသိုလ်မဖြစ်ဘူးလို့ဆိုပါတယ်။ အလှူလုပ်တဲ့အခါ ကြိုမှာပြီး သတ်ခိုင်းတယ်ဆိုရင်တော့ အဲဒီတိရစ္ဆာန်တွေကို သေစေချင်တဲ့စိတ်ရှိရင် အပြစ်ဖြစ်မယ်ထင်ပါတယ်။ ဒါပေမဲ့ မြို့နေလူတန်းစားတွေကတော့ အလှူလုပ်လည်း ဈေးထဲကပဲ ၀ယ်တဲ့အတွက် အကုသိုလ်ဖြစ်မယ် မထင်ပါဘူး။ အစ္စလာမ်ဘာသာဝင်တွေ သတ်တာကတော့ ကိုယ်တိုင်ကိုယ်ကျ အဲဒီအကောင် သေသွားပါစေဆိုတဲ့ စိတ်နဲ့သတ်တာဖြစ်တဲ့အတွက် အပြစ်တအားများတယ်လို့ထင်ပါတယ်။ အဲဒီနေ့မရောက်ခင်လည်း ရောက်တော့မယ်ဆိုပြီး ပျော်ကြတယ်။ ကြိုပြီးတော့ သူကဘယ်နှစ်ကောင်၊ ငါကဘယ်နှစ်ကောင်ဆိုပြီ အပြိုင်ဂုဏ်လုပ်ကြသေးတယ်။ ပြီးရင်လည်း စားမြုံ့ပြန်ပြီး ပြောတတ်ကြသေးတယ်။ အလှူလုပ်ရင်စေတနာသုံးတန်ထားသလိုပဲ အကုသိုလ်ကိုလည်း သုံးကြိမ်သုံးခါစိတ်ရောက်ပြီး လုပ်သလိုဖြစ်နေလို့ နေ့အိပ်မက်အတွက်တော့ မနှစ်မြို့စရာပါပဲရှင်။ ကဲ… ဘာသာရေးဘက်က မစဉ်းစားပါနဲ့ဦး။ ဘာသာမဲ့တစ်ယောက်ဆိုရင်တောင် တိရစ္ဆာန်တွေ၊ အပြစ်မဲ့တဲ့ တိရစ္ဆာန်တွေကို သနားတတ်မယ်ထင်ပါတယ်။ နှစ်သက်သလို သဘောကွဲလွဲခွင့်ရှိပါတယ်ရှင်။

  7. Minn Yoon Thit says:
    December 23, 2008 at 7:03 PM

    ဟုတ်ကဲ့ နေ့အိပ်မက် ပြောတာလဲ မှန်ပါတယ်။ ၀င်ရောက် ဆွေးနွေးသွားတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့ မိရိုးဖလာ ယုံကြည်ချက်မျိုး ဖြစ်နေတော့ ပြောရခက်ပါတယ်။ ကျွန်တော်တို့ မြင်သလိုမျိုးနဲ့ သူတို့ မြင်တာ တူမှာ မဟုတ်ပါဘူး။ သူတို့မှာ ဒီလို လွတ်လပ်စွာ ပြောရဲဖို့ထက် ဘုရားသခင် စိတ်ကွက်မှာကို ပိုကြောက်ရွံ့ တတ်ကြတယ် ခင်ဗျ။ ဥပမာ ပြောရရင် ကကြီး ခခွေးပဲ တတ်သေးတဲ့ ကလေးကို စာစီစာကုံးအကြောင်း စဉ်းစားခိုင်း သလို ဖြစ်နေမှာပေါ့။ အမှန်တရားဆိုတာ တခါတလေကျတော့လဲ အကာအရံ ပညတ်တွေနဲ့ ဖုံးကွယ်နေ တတ်တာမျိုးမှတ်လား။

  8. တောင်ပေါ်သား says:
    December 31, 2008 at 9:47 AM

    အကိုမင်းယွန်းသစ်ရေ မအားလို့ မလာဖြစ်ဘူးဗျ ဒီနေ့မှ ဒီပိုစ့်လေးမှာ ဘယ်သူများ ကော်မန့်ရေးသွားမလဲ တွေးမိလို့ ၀င်လာတာပါ။ နေ့အိပ်မက်ပြောတာ မှန်သင့်သလောက် မှန်ပါတယ်။ ဒါကလဲ အစ္စလာမ် မဟုတ်တဲ့ တခြား ဘာသာဝင် အများစုက ဒီလိုပဲ တွေးကြမှာပါပဲ။ ဒီလိုပဲ ဘာသာရေးက ဆွေးနွေးရ ခက်ခဲလှပါတယ်။ အကောင်းဆုံးကတော့ ကိုယ်ရပ်တည်နေတဲ့ လုပ်ရပ်အပေါ်မှာ ကိုယ်တိုင် နားလည်တတ်ဖို့နဲ့ ဘယ်ဘာသာတရားမဆို ယုံကြည်ကိုးကွယ်ရင် အပြစ်မဖြစ်ဘူးလို့ ယုံကြည်ပါတယ်။ ဒါကျနော် အမြင်ပေါ့နော့်။အားလုံးကို လေးစားလျက်

  9. စိုင်းစိုင်း Says:
    October 8, 2009 at 3:13 AM

    ဒီပိုစ့်တင်ပေးတဲ့ အတွက် ကျေးဇူးပါ။ ကျနော် ကြားဖူးမိတာကိုတော့ ပြောခွင့်ပြုပါ။

    ဒီ မူစလင်တွေ နွားသတ်တဲ့ အိဒ်မှာ နားလည်မှုလွဲနေတာ၊ ဒါမှမဟုတ် အရေးကြီးတဲ့ အချက်တချက်ကို ဘယ်သူမှ သတိထားမိဟန်မတူဘူး။ ပြောကြရင် အသက်ကို သတ်တာရယ်၊ ကိုယ်ကုသိုလ်ရဖို့ အတွက် သူများအသတ်ကို စွန့် လွတ်ခိုင်းတာရယ်ပဲ ပြောကြတယ်။

    ကျန်နေတဲ့ အချက်က အဲ့ဒီအသားတွေကို ဆင်းရဲသားတွေကို လှူတယ်ဆိုတာပါပဲ။ မြန်မာပြည်လို အသားဈေးကြီးလို့  မစားနိုင်တဲ့ နေရာမှာ အခုလို လှုဒန်းတာဟာ အရေးကြီးပါတယ်။ ဒါမှ မတတ်နိုင်လို့  အသားမစားရတဲ့ လူတွေအတွက် အဆင်ပြေမှာပါ။

    ပြီးခဲ့တဲ့ နှစ်က ထိုင်းနိုင်ငံ မဲဆောက်မှာ မြန်မာမူစလင်တွေ အိဒ်ပွဲလုပ်တော့ မြန်မာပြည် မြ၀တီကမ်းက ဆင်းရဲသား ၁ သောင်းလောက် (မူစလင်မဟုတ်သူများအပါ) လာတန်းစီပြီး အသားထုတ်တွေရသွားတယ်။

    ခေတ်ပြိုင် သတင်းစာမှာ ရှာဖတ်နိုင်ပါတယ်