twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကထိန်အလှူပွဲ



မနေ့က ကျွန်တော်တို့ မိသားစုတွေ အဖွားရဲ့ ရွာဘက်ကို ကထိန်သွားခင်း ကြတယ်။ ကထိန်ခင်းတဲ့ နေရာက နီးနီးနားနားပဲ။ ထောက်ကြံ့အကျော် ညောင်နှစ်ပင်နားက အသယု(အခုအခေါ် အထယု) ဘက်ကို သွားခင်းတာလေ။ အဲ့ဒီရွာလေးက အခုဆိုရင် ရွာသေးလေးပဲ ရှိပါတော့တယ်။ ဒါပေမယ့် အဖွားက သူ့ဇာတိရွာလေး ဆိုတော့ သံယောဇဉ်မပျက်သေးဘူး။ ပြီးခဲ့တဲ့ တစ်နှစ်ကလွဲလို့ နှစ်တိုင်း နီးပါး ကထိန်သွားခင်းတယ်။ သူ့မှာ ကထိန်ခင်း ရတဲ့ ရည်ရွယ်ချက် ၂ချက် ရှိတယ်။ သူ့နေခဲ့တဲ့ ရွာကလေးကို အမှတ်တရ သွားချင်တာရယ်။ နောက်ပြီးတော့ ဆွေတော် မျိုးတော်တွေ တွေ့ချင်တာရယ်ပေါ့။ ကထိန်လာခင်းတော့ သူ့ဆွေမျိုးတွေ ကလည်း ထောက်ကြံ့ကနေ လာခင်း ကြတယ်။ (အဖွားတို့ အမျိုးတွေက အထယုကနေ ပြောင်းသွားကြတာ ထောက်ကြံ့မှာ တော်တော်များတယ်)။ ညောင်နှစ်ပင်လမ်းဆိုတာ အမျိုးသား ညီလာခံ လုပ်သွားတဲ့ နေရာလေ ကျွန်တော်တို့ မြောက်ဥက္ကလာ အဝေးပြေး ဝင်းကနေ သွားရင် အမှတ်၃ လမ်းမ ကြီး အတိုင်း တည့်တည့်ကြီး သွားရတယ်။



အဲ့ဒိ ညောင်နှစ်ပင် လမ်းထိပ်ကနေဆို ကားနဲ့ ၁၀မိနစ် လောက် သွားပြီးတဲ့အခါမှာ အသယု ရွာထိပ်ကို ရောက်ပါတယ်။ အရင်ကတော့ ရွာထိပ်က ချောင်းလေးကို သစ်တုံးလေးသာ ခံထားပေမယ့် အခုတော့ လမ်းပေါက် နေပါပြီ။ ကျွန်တော်က အရင် တစ်ခေါက် နဲ့ အခုတစ်ခေါက် နှစ်ခေါက်သာ ရောက်ဖူးသေးတယ်။ ရွာထိပ်ကို ရောက်တယ် ဆိုရင်ပဲ ကျေးရွာဓလေ့ အတိုင်း အလှူသီချင်း သံတွေ တညံညံ ကြား နေရပါပြီ။ ဘုန်းကြီးကျောင်း ဝင်းထဲကို ရောက်တော့ ပဒေသာပင်တွေ မရောက် ကြသေးဘူး။ ရွာက လူတွေကတော့ ရောက် နေကြပြီး တစ်ယောက် တလက် ဝိုင်း ကူ ချက်ပြုတ် နေကြပုံပါပဲ။ ဒီဘုန်းကြီးကျောင်း ဝင်းက တော်တော်လေး ကျယ်ဝန်းပါတယ်။ ဘုန်းကြီးကျောင်း ဝင်းထဲမှာ စေတီလေး တစ်ဆူ ရှိပြီ။ သစ်ပင် သစ်ရိပ်တွေနဲ့ အေးအေး ငြိမ်းငြိမ်းရှိလှပါတယ်။ ဘုန်းကြီးကျောင်းက ၂ထပ် ကျောင်းဖြစ်ပြီး ကျောင်းနှင့် ကပ်လျက် ဘယ်ဘက်ခြမ်းတွင်တော့ ထမင်းချက်ဆောင် နှင့် မဏ္ဍပ်ကြီး ထိုးထား တာကို တွေ့ရပါတယ်။ တခြား မဒေသာပင် တွေ မလာခင်မှာ ထမင်းဟင်း ချက်နေတဲ့ သူတွေကို ဓာတ်ပုံ လိုက်ရိုက်ပါတယ်။ ပြီးတော့ ကျွန်တော်နှင့် ကားဆရာတို့ မဏ္ဍပ်အတွင်းမှာ ကျွေးတဲ့ ထမင်းကို ဝင်တီးကြပါတယ်။ မဏ္ဍပ်ထဲမှာ တောဓလေ့ အတိုင်း စားပွဲဝိုင်းလေးတွေ ချခင်း ထားပြီး စားတဲ့သူများက အုတ်နီခဲဖြင့် ဖြစ်စေ၊ ဆောင့်ကြောင့် ထိုင်၍ ဖြစ်စေ စားကြရပါတယ်။



အမှန်အကန်ဆွဲနေတာလေ.. :P

ကျွန်တော်ကတော့ တကယ့် တောဓလေ့ ထုံးတမ်း အညီပဲ ဆောင့်ကြောင့် ထိုင်စား လိုက်ပါတယ်။ ဟင်းတွေက အထွေအထူးတော့ မရှိပါဘူး။ ငံပြာရည်ကျော်၊ သရက်ချဉ်သုပ်နှင့် ကြာဇံတွေကော ဘူးသီးတွေကော ကြွက်နားရွက်တွေ ကော ရော ထားတဲ့ ဟင်းချိုရည် တစ်ခွက် ဒါပဲ ဖြစ်သည်။ ဒါပေမယ့် အစပ်အဟပ် တည့်လို့ပဲ လား မသိဘူး။ တော်တော်လေး စားလို့ကောင်းပါတယ်။ ထမင်းဒယ်အိုးကိုလဲ ကြည့်အုံး။ လေးထောင့် ဆန်ဆန် သံဒယ်အိုးထဲမှာ ငှက်ပျောရွက်တွေ ဖြန့်ခင်းပြီး ထမင်းတွေ ထည့်ထား ခြင်း ဖြစ်သည်။ ဒါမျိုး အတွေ့အကြုံက ဒီလို နေရာမျိုးမှာသာ တွေ့နိုင်သည်။ ရွာအလှူဆိုတော့ မြို့ပေါ်က အလှူတွေလို ဟန်ဆောင် ပန်ဆောင် စားမည့် သူ မရှိ။ အမှန်အကန် မြိန်ရည်ရှက်ရည် စား ကြသည်။ လှူရသည့်လူ စိတ်ချမ်းသာ စရာ ကောင်းလှသည်ပေါ့။





ခဏနေတော့ တခြားသော ပဒေသာပင်သယ်လာတဲ့ ကားတွေ ရောက်လာသည်။ ပဒေသာပင် ကားတွေနဲ့ အတူ တီးဝိုင်းကားပါ ရောက်လာပြီး လော်ကြီးတွေနှင့် သီချင်းတွေ သီဆို တီးမှုတ် ကြပြန်သည်။ ရန်ကုန်နှင့် ကပ်နေပြီး ကျေးလက် အငွေ့အသက်တွေ အပြည့်ကျန်ရှိနေသေးသော ရွာကလေး ဖြစ်သည်။ တီးဝိုင်းက သီဆို တီးမှုတ် ကြပြန်တော့ အောက်က လူငယ်များ လူလတ်ပိုင်းအချို့ကလည်း ကွေးနေအောင် ကကြပြန်ပါတယ်။ တစ်နှစ်တစ်ခါ အလှူမို့ ဒီလိုအချိန်မျိုးမှာ စိတ်လွတ်ကိုယ်လွတ် ပျော်ကြပုံရပါတယ်။ တစ်ယောက်စ နှစ်ယောက်စ ကနေ ဘေးက လူတွေပါ ဝင်ကလို့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ကုန်ပါတော့တယ်။ ချစ်စရာ ကောင်းသော ရိုးဂုဏ်လေး တစ်ခု ပင် ဖြစ်ပါတယ်။




ခဏနေတော့ ပဒေသာပင်များကို ကျောင်း၏ လက်ယာဘက်မှ ကွေ့ပြီး စေတီကို သုံးကြိမ် ပတ်ကာ ပူဇော်ကြလေသည်။ ထို့နောက် ပဒေသာပင်မှ လှူဖွယ် ပစ္စည်းများကို ဖြုတ်၍ ကျောင်းအပေါ်ထပ်သို့ သယ်ဆောင်ကာ ဘုန်းကြီးတရား နာကြပြီး ရေစက်သွန်းချ လှူဒါန်းကြပါတယ်။ ကထိန်သင်္ကန်းသည် အသယုဘုန်းကြီး အတွက် ရည်ရွယ်၍ လှူဒါန်းခြင်းမျိုး မဟုတ်ပဲ။ သံဃာတော် အားလုံးကို ရည်စူး၍ မြတ်သင်္ကန်း လှူဒါန်းခြင်းမျိုး ဖြစ်သင့်ကြောင်း။ ရဟန်းသံဃာများသည် လှူဒါန်းသော သင်္ကန်းအဆက်ကပ် ခံပါက မိမိ၏ သင်္ကန်းဟောင်းများကို စွန့်လွှတ်ရမည် ဖြစ်ကြောင်း။ ဝါတွင်းတစ်တွင်းလုံး မိမိ၏ နေရပ် (ဝါ) ကျောင်းတော်တွင် ဝါဆိုသော ရဟန်းများကို ကပ်လှူမှသာ ကထိန်အလှူ မြောက်ကြောင်း ကျောင်းအောက်ကနေ တရားနာယူ ရပါတယ်။


ပိုက်ဆံကျဲပေးနေတာ


တရားနာ ရေစက်ချပြီးတော့ ခုနက သီချင်းသံတွေ ဆူဆူညံညံ ပြန်ဖြစ်လာကြပြန်ပါတယ်။ ကျွန်တော့် အဖွားကတော့ သူ့အမျိုးတွေနဲ့ တွေ့တော့ ပျော်လို့ ပြုံးလို့ သူ့ကိုယ်သူ ဟိုးငယ်စဉ်ဘဝဆီ ပြန်ရောက် သွားသလို ခံစား နေမိမယ် ထင်ပါတယ်။ ဟိုမှာဘက် လယ်ကွင်းစိမ်းစိမ်းတွေဆီမှာ ငယ်ငယ်က အဖွားဟာ လယ်စိုက်ခဲ့ ရဖူး ကြောင်း အရင်က ပြောပြဖူးပါတယ်။ အသယု ဘုန်းကြီး၏ မယ်တော် ဖွားဖွား တစ်ဦးကိုလဲ တွေ့ခဲ့ရပါတယ်။ အသက် ၁၀၁ ပြည့်တော့မည်ဟု ပြောပြကြပါတယ်။ သွားတွေ မရှိတော့ပေမယ့် အခုထိ ကျန်းမာ နေပုံပါပဲ။ အဲ့ဒိဖွားဖွားက ကျွန်တော့် အဖွား အသက် ၇၀ ကိုတွေ့တော့ ကောင်မလေး ဆိုပြီး ဖက်နမ်းနေပါသေးတယ်။ အင်းပေါ့ ဘယ်လိုပဲဖြစ်ဖြစ် အသက် ၁၀၀ ကျော် ဖွားဖွား ရဲ့ အမြင်မှာတော့ ကျွန်တော့် အဖွားဟာ အရင်တုန်းက ဆံတောက်လေးနဲ့ ကလေးမလေး အဖြစ် မြင်ချင်မြင်နေမှာပေါ့။

အလှူပွဲပြီးလို့ ပြန်မယ်ဆိုတော့ ဆွေမျိုးတွေနဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောနေလိုက်တာ အတော်နှင့် လေကျော မပြတ်သေးပေ။ နေ့ခင်း ၁၁နာရီခွဲနေပြီမို့ ကျွန်တော် ဆော်သြတော့မှ အဖွားကော အဖိုးပါ ထပါတော့တယ်။ ရန်ကုန်ထိ ပြန်မောင်း ရမှာဆိုတော့ လမ်းမှာ နေပူမှာ စိုးလို့ ဖြစ်ပါတယ်။ ဒါတောင် ကျွန်တော့် အဖွားက ဘုန်းကြီးကျောင်းက ပြန်အထွက် ရွာထိပ်ဘက်နားက လယ်ကွင်းထဲမှ အိမ်ကလေး တစ်အိမ်ဆီကို သွားပြန်ပါတယ်။ သူ့ဆွေမျိုး(သူ့တူမ) အိမ်ကို သွားလည်ခြင်း ဖြစ်ပါတယ်။ မှည့်ဝင်းနေသော လယ်ကွင်းများကို ဖြတ်သန်းပြီး အရိပ်အာဝါသ ကောင်းလှသော အပင်များ အောက်ရှိ ဝါးအိမ်လေးဆီကို လမ်းလျှောက်ကြရပါတယ်။ ပူပြင်းလှသော နေပူရှိန်သည် ဤအိမ်ကလေးကိုတော့ ပူပြင်းအောင် မစွမ်းသာချေ။ လယ်ကွင်းထဲမှ တိုက်သော လေများသည် သစ်ပင်ရိပ်လေးများ၏ အေးရိပ်ဖြင့် အေးမြနေတော့သည်။ လယ်ထွန်သော ကျွဲတွေကို အိမ်လေးနားရှိ သစ်ပင်များတွင် ကြိုးချည်ထားရာ ကျွန်တာ့် ညီငယ်လေးများက ကျွဲများကို မရဲတရဲ သွားပွတ်သပ်ရင်း သဘောကျနေတော့သည်။

ရွှေဝါရောင် ဝင်းနေတဲ့ စပါးခင်းတွေ

လယ်သမားကြီး မင်းယွန်းသစ် :P

ချစ်စရာ တဲအိမ်ကလေး


အိမ်ကလေး၏ ပတ်ဝန်းကျင်တွင် လယ်ကွင်းများ ပတ်ပတ် လည် ဝိုင်းနေကြပြီး စပါးများ မှည့်ဝင်းနေသည့် အချိန်ဖြစ်၍ အဝါရောင် ပင်လယ်ထဲတွင် ရောက်ရှိနေသလိုပါပဲ။ ကျေးလက် ရနံ့လေးတွေ စိတ်ချမ်းသာ စရာ ရှုရှိုက်မိသည်။ တခါတလေ မြို့ပြ၏ ညှော်နံ့များကို ငြီးငွေ့သည့်အခါ ထိုနေရာမျိုးကို လာရောက် အပန်းဖြေဖို့ ကောင်းလှပါသည်။ ကျွန်တော်တို့ နာရီဝက်လောက် အေးအေးလူလူ နားနေကြပြီးမှ ရန်ကုန်ကို ပြန်လည် ထွက်ခွာ ခဲ့ပါသည်။ ကားလမ်း ဘေးနှစ်ဘက်ဆီမှာ စပါးခင်းများ သည် တရိပ်ရိပ်နှင့် ကျန်ရစ်ခဲ့လေတော့သည်။


Read Users' Comments (2)

2 Response to "ကထိန်အလှူပွဲ"

  1. Anonymous Says:
    November 5, 2009 at 1:58 AM

    ဒီလို သဘာဝကျကျ ပုံတွေကြည့်ရတာ ကျေးဇူးပါ..
    ဒီမှာနေရတာကြာတော့ အဲလို တောဆန်တာမျိုးကို
    ပိုသဘောကျတယ်... မင်းယွန်းကြီးဝင် မက ခဲ့ဘူးလား.. သာဓုပါ ...
    တို့အမေလည်း ရွာပြန်ပြီး ကထိန်ခင်းခဲ့သေးတယ်...
    အခုတော့ ဒီကထိန်ပုံတွေဘဲ ကြည့်ပြီး ကျေနပ်လိုက်ပြီ...

    mie nge

  2. နေ့အိပ်မက် says:
    November 9, 2009 at 8:48 PM

    ပျော်စရာကြီး တောအလှူ တစ်ခါမှမကြုံဖူးသေးဘူး