နောက်ဆုံးပေါ်-အပိုင်း(၂)
အခန်း(၃)
“ကျွန်တော်တို့... ပြည်သူတွေကို အထိတ်တလန့် မဖြစ်စေချင်ဘူး.. ဒီကိးစိန်လွတ်လာတဲ့ အကြောင်းကို မီဒီယာတွေ ပေါ်မှာ တစွန်းတစတောင် မပေါ်အောင် ခင်ဗျားကို တာဝန်ပေးလိုက်မယ်..”
မီးများ ခပ်မှိန်မှိန်ထွန်းထားသော အခန်းထဲတွင် ၀န်ကြီးချုပ် ညက်လီဆင်း က ကျွန်ုပ်အား အထူးထိပ်တန်း လျှို့ဝှက် ဆွေးနွေးနေခြင်း ဖြစ်သည်။
“ဒါက တော်တော်တော့ ခက်မယ်ဗျ..၊ ဒီနေ့ညနေဖြစ်သွားတဲ့ ကိစ္စမှာ BLog Time သတင်းဌာနက စားပွဲထိုး တယောက်ကို ဒီသတင်းနဲ့ ပတ်သက်ပြီး လှမ်းမေးတယ် ပြောတယ်..၊ ကျွန်တော် သူတို့ CEO မစ္စတာပွတ် ကိုဆက်သွယ်ပြီး ဒီသတင်းကို မရေးဖို့ အသိပေးထားပါတယ်။ တခြား ဘယ်သတင်း ဌာနတွေ သိသေးလဲ တော့ မသိဘူး”
ဝန်ကြီးက စားပွဲခုံပေါ်မှ ကော်ဖီတခွက်ကို သောက်လိုက်ပြီး
“ပျောက်ဆုံးနေတဲ့ ပတ်စ်ဝေါ့တွေကို ကီးစိန် ယူသွားတယ်ဆိုတာ ထင်ရှားနေပေမယ့် ၊ ဒီပြဿနာက ဒီလောက် မရိုးရှင်းဘူး ထင်တာပဲ၊ ကီးစိန်ရဲ့ နောက်ကွယ်မှာ လျှို့ဝှက်အဖွဲ့တဖွဲ့ ရှိအုံးမယ်။ ပြီးတော့ ဝေါ့ပရပ်စ်နိုင်ငံဘက်ခြမ်းက ကျွန်တော်တို့လူ သတင်းပို့ချက်အရ ကီးစိန်မှာ ထူးဆန်းတဲ့ ပစ္စည်းလေး တခုပါတယ်တဲ့။ ရော့ ဒီမှာ တချက်ကြည့်ကြည့်လိုက်”
ဝန်ကြီးချုပ်က ဒစ်ဂျစ်တယ် စားပွဲပေါ်မှာ ဓာတ်ပုံဖိုင်ကို လက်ဖြင့် အသာတို့ထိ၍ ကျွန်တော့်ဘက်သို့ တွန်းပေးလိုက်သည်။ ဓာတ်ပုံထဲတွင် ရှေးဟောင်း ကလေးကစား စရာ အရုပ်နှင့် တူသော ပစ္စည်း တခု၏ ပုံဖြစ်သည်။ ထိုပုံ၏ အောက်တွင် စာတန်းထိုးထားသည်ကို ဖတ်ကြည့်လိုက်တော့ “ပလုပ်တုတ်”။
“အ၀ိုင်းပြားလေးမှာ ကြိုး၂စနဲ့ဆွဲပြီး အသီးလေးတပ်ထားတဲ့ ပလုပ်တုတ်လား။ ကျွန်တော် တခါ သမိုင်းပြတိုက်မှာ တွေ့ဖူးတာတော့ သူက လှုပ်ရင် ပလုပ်တုတ်. ပလုပ်တုတ်လို့ မြည်တယ်ထင်တယ်”
“အမှန်ပဲဗျ..။ ဒီပလုပ်တုတ် ကီးစိန်ဆီမှာ ပါလာတာတော့ သေချာပြီ။ ဒါပေမယ့် ဒီပလုပ်တုတ်က ဘာအစွမ်းထက်လဲ တော့မသိဘူးဗျ.။ ဒါပေမယ့် အကယ်၍ စွမ်းအားမြှင့် အဖျက်လက်နက်ဆိုရင်တော့ ကီးစိန်ဆီမှာ ရှိနေတာ အန္တရာယ်များတယ်။ ကျွန်တော်တို့ စပိုင်က ပြောတာတော့ ဒီပစ္စည်းဟာ ဝေါ့ပရပ်စ်ရဲ့ သိပ္ပံသုတေသန ဌာနက ပျောက်ဆုံးသွားတဲ့ ပစ္စည်းလို့ ပြောတယ်ဗျ။ အဲ့တော့ ဒီကိစ္စကိုပါ ထောက်လှမ်းဖို့ ကျွန်တော် တိုလီကို တာဝန်ပေးမယ်။ စီးကရက်အေးဂျင့်တွေဆီ လိုက် စုံစမ်းဖို့ လိုမယ် ထင်တယ်”
ဝန်ကြီးချုပ်က ထိုင်ခုံမှထ၍ တိုက်အောက်ဘက်ကို လှမ်းမျှော်ကြည့်ရင်း ပြောလိုက်၏။
“မှန်တာပေါ့ သူတို့က ဝေါ့ပရက်စ်ဘက်က စီးကရက်တွေကို ဒီဘက်ကို ခိုးသယ်နေတဲ့ အေးဂျင့်တွေပဲ။ သူတို့ဆီက သတင်းသဲလွန်စ ရနိုင်တယ်။ အင်းဒါဆို ကျွန်တော့်အတွက် အကူတယောက်တော့ လိုမယ်ထင်တယ်။”
“အိုကေ တိုလီ ခဏစောင့် အဲ့ဒိအတွက် အခုပဲ attachment တွဲပြီးလာဖို့ ခေါ်လိုက်မယ်။ ကွန်နက်ရှင် ကောင်းရင်တော့ အခု ခဏနေ ရောက်လာလိမ့်မယ်”
တိုက်အောက်ဘက်ရှိ ကားလမ်းမဆီသို့ ကျွန်တော် ငုံ့ကြည့်လိုက်၏။ လမ်းမပေါ်တွင် လူများ ကျွန်တော်တို့ အဆောက်အအုံရှေ့တွင် စုရုံးနေသည်ကို တွေ့လိုက်ရသည်။ မစ္စတာ ညက်လီဆင်းနှင့် မျက်လုံးချင်း အဓိပ္ပါယ် ပါပါ ကြည့်လိုက်ကြသည်။ သတင်းသမားတွေ ဘယ်က အနံ့ရလို့ ရောက်လာ ကြသည် မသိ။ ကျွန်တော်သည် uploader စက်ထဲမှ online ပေါ်သို့ ၀င်ရောက်ခဲ့ရလေတော့သည်။
+++++++++++++
အခန်း(၄)
အမှောင်ထုကား အဆမတန် ကြီးစိုးလျှက်ရှိ၏။ အရပ်ရှည်ရှည် နှင့် လူ တယောက်သည် ဒယီးဒယိုင်ဖြင့် လမ်းလျှောက်လာ၏။ ထိုသူ၏ လက်ထဲတွင် ဒညင်းသီးလေးများကို တုတ်ချောင်းဖြင့် ထိုးထားသော အကင်ချောင်းကို ကိုင်ထားသည်။ တုတ်ချောင်းရှိ ဒညင်းသီးကို စားလိုက် လမ်းဆက် လျှောက်လိုက် လုပ်နေ၏။ လမ်းအချိုးကွေ့ တခု အရောက်တွင် ထိုသူ၏ ရှေ့မှ ရုတ်တရက် လူ၂ယောက် ပေါ်ထွက်လာသည်။
“ရပ်လိုက်စမ်း.. မင်းမှာရှိတဲ့ ဟာပေးစမ်း”
“ရှိတာက ဒညင်းသီးပဲ ရှိတယ်ဟ..”
အရပ်ရှည်ရှည်နှင့်လူက လုံးဝတုန်လှုပ်ပုံ မပြပဲ ခပ်တည်တည် ပြန်ကြည့်ကာ ပြောလိုက်သည်။
လူဆိုး၂ယောက်ထဲမှ ခပ်၀၀နှင့် လူဆိုးသည်
“ဟေ့ကောင် ယီးတီးယားတား မလုပ်နဲ့ သေသွားမယ် ဒီမှာတွေ့လား”
၎င်းက သူ့ခါးကြားက လေဆာသေနတ်အား ပြရင်း ဆက်ပြော၏။
“ပေးစမ်း ဒညင်းသီးရှိလဲ ၊ စားလို့ရတာပေါ့။ ပေးလိုက်စမ်း”
ခပ်၀၀ လူဆိုးက အရှေ့သို့ တိုးလာပြီး အရပ်ရှည်ရှည် လူ၏ လက်ထဲမှ ဒညင်းသီးကင်ကို လုမည့် ဟန်ပြုလိုက်သည်။
အရပ်ရှည်ရှည်လူသည် ထိုဝတုတ်၏ လက်ကို ဖြတ်ရိုက်လိုက်ကာ အလွန်လျင်မြန်စွာဖြင့် အရှိုက်ကို လက်ဖမိုးဖြင့် တွန်းလိုက်ပြီး ခါးကြားမှ လေဆာသေနတ်ကို လုယူလိုက်၏။ အဖြစ်အပျက်မှာ မြန်ဆန်လွန်း လှသဖြင့် နံဘေးမှ အခြားလူဆိုးပင်လျှင် ဘာလုပ်ရမည် မသိပဲ လေဆာသေနတ်ကြီး ချိန်ရက်သားနှင့် ကြောင်ကြည့်နေမိသည်။ အရပ်ရှည်ရှည်နှင့် လူကား ရသည့်အခွင့်အရေးကို လက်လွတ် မခံပဲ ထိုချိန်ထားသော သေနတ်ကို ခြေဖြင့် အားပြင်းပြင်း ခတ်လိုက်၏။ ထို့နောက် ၂ယောက် စလုံးကို လေဆာသေနတ်ဖြင့် ပြန်ချိန်လိုက်ကာ...
“ဟားဟားဟား.. မလောက်လေး မလောက်စားနဲ့ ငါ့ဒညင်းသီးကို လုစားဖို့ ကြံတာကိုး။ သေနတ်မှာ မျက်စိ မရှိဘူးကွ၊ အေး ငါ့မှာတော့ အလွန်မြန်တဲ့ မျက်စိရှိတယ်။ ငါ့နာမည် မသိရင်မှတ်ထား လက်မရွံ မျက်စိတဲ့..”
လူဆိုး ၂ဦးသည် မျက်စိဆိုသော နာမည်ကို ကြားသည်နှင့် ၎င်းတို့မျက်နှာမှာ ဇီးရွက်လောက်ပဲ ရှိတော့ကာ လက်မရွံ့မျက်စိဆိုသူအား ရှိခိုး မတတ် တောင်းပန်ကြပြီး တချိုးတည်း လစ်လေတော့သည်။ တိတ်ဆိတ်ငြိမ်သက်နေသော အမှောင်ထုဝယ် လက်မရွံ့မျက်စိ၏ ရယ်သံများဖြင့် ဖုံးလွှမ်းသွားလေတော့သည်။
“ဘူးထွားထွား....ဟားဟားဟား.....”
++++++++++++++++++++++
အခန်း(၅)
“၀ုန်း”
“အောင်မြတ်လေး... ”
စာအုပ်ထိုင်ဖတ်နေတုန်း ကျွန်တော့်အခန်းထဲရှိ downloader စက်မှ ရုတ်တရက် အသံထွက်လာသဖြင့် လန့်၍ အော်မိ၏။
ကျွန်တော်လဲ သတိကြီးစွာနှင့် လေဆာသေနတ်ကိုင်ကာ သွားလိုက်၏။ စက်အနီးတွင်ကား လူတယောက်သည် မှောက်လျက်ကြီး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ဟေ့လူ. ထစမ်း ခင်ဗျား ဘယ်သူလဲ”
ကျွန်တော်က လေဆာသေနတ်ဖြင့် ချိန်ထားရင်း သူ့နား ဖြေးဖြေးချင်း ကပ်သွား၏။ ထို့နောက် မှောက်နေသော ကိုယ်လုံးကို ဆတ်ခနဲ တွန်းလှန်လိုက်ရာ နဖူးတွင် လွန်စွာမှကြီးသော အာလူးသီးကြီး ထနေသော နှုတ်ခမ်းမွှေးစစနှင့် လူတယောက်မှာ မေ့မျောနေသည်။
“ဟေ့လူ.. ဟေ့လူ..”
ကျွန်တော်လဲ အနီးအနားရှိ ရေဖန်ခွက်ဖြင့် လောင်းလိုက်သည်။
“အားဝူး...အဟွတ်အဟွတ်..”
“ခင်ဗျား သတိရပြီလား... ပြောစမ်း ခင်ဗျား ဘယ်သူလဲ..”
ထိုသူက မျက်လုံးကလေး ကလယ်ကလယ်နှင့် အမူးမပြေသေးသော အကြည့်ဖြင့် ကြည့်ကာ..
“ကျွန်တော်..ကျွန်တော်.. မစ္စတာ ညက်လီဆင်း လွှတ်လိုက်တဲ့ သူပါ..။ ကြောင်မျိုးပါ... အားကျွတ်ကျွတ်”
စကားပြောနေရင်းမှ သူ့ဒဏ်ရာက နာလာဟန်ဖြင့် ညည်းညူလိုက်သည်။
“အာ ဘယ်နှယ့် ဖြစ်လို့ ဗရုတ်သုတ်ခ ရောက်လာတာတုန်း”
“ဆောရီးဗျာ.၊ uploader စက်ကို အတက်မှာ ပြောင်းပြန် တက်မိလို့၊ downloader ထဲ ပြန်ဆင်းတော့ ဇောက်ထိုးပြုတ်ကျတာဗျ..။ ကြည့်ပါအုံးဗျာ.. နည်းတဲ့အားလူးကြီး မှုတ်ဘူး..ကျွတ်ကျွတ်”
ထိုအူကြောင်ကြောင်နှင့် သူအား မည်သည့် အတွက်ကြောင့် ကျွန်တော်နှင့် တွဲလုပ်ရန် မစ္စတာ ညက်လီဆင်း လွှတ်လိုက်မှန်း မသိ။ ဘာပဲဖြစ်ဖြစ် တယောက်တည်း လှုပ်ရှားရတာထက် စာရင်တော့ တော်သေးတာပေါ့။ ကြပ်ထုပ်ထိုးပေးဖို့ အ၀တ်ပေးရင်း၊ ကွန်ပြူတာမှ ကျွန်တော့်ဆီ voice mail တခု ၀င်လာကြောင်း အချက်ပြ၏။
“တွီတွီ.... မေးလ်၂စောင်ဝင်လာပါတယ်”
ဝင်လာသော မေးလ်တခုကို ဖတ်ကြည့်တော့...
“သားရေ... မင်းအဖေ.. စက်ရုပ်မလေးတွေရဲ့ မာဆရှ် သွားရင်းက အုံးလွဲသွားလို့ ဒီတပတ်တော့ မလာဖြစ်တော့ဘူး..။ မပြောချင်တော့ပါဘူး.. အသံရရင် အကြောင်းပြန်အုံးဟေ့..တွီ”
မာမီဆီမှ မေးလ်ဖြစ်၏။ နောက်မေးလ် တစောင်ကတော့
“လီလီ...ငါ ဂေါက်ဂေါက်ပါ... ဒီနေ့ည မြေ၀ါကုန်းကို လာခဲ့... အကြောင်းထူးတယ်”
မိတ်ဆွေကြီး ဘလာဂေါက်ဆီမှ ဖြစ်သည်။ အကြောင်းထူးသည်သာ ပြောပြီး ဘာအကြောင်းထူးသည်လဲ မသိ။ အင်း သွားရအုံးမှာပါလား။ တရက်တလေလေး နားရမည် မရှိ အလုပ်တွေက များလိုက်တာ ချစ်ချစ်နဲ့တောင် တွေ့ဖို့ အချိန်မရှိတော့ဘူး။ အခုမှ သတိရကာ ခရီးပန်းလာသော ကြောင်မျိုးအား နေရာ ချထားပေးမည်ဟု ကြံစည်တုန်း ဆရာသမားမှာ ကျွန်တော်၏ အိပ်ယာထက်၌ မိန့်မိန့်ကြီး စက်တော်ခေါ်နေလေတော့သည်။
“ခူး...ခလူး...ခေါ...”
++++++++++++++
ဆက်ရန်



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
February 21, 2009 at 10:13 PM
ဟား... ဟား.. ရီရတယ်.. ဒညင်းသီးစားတဲ့ လက်မရွံ့မျက်လုံးဆိုတဲ့ အခန်းရီရဆုံးပဲ.. လူဆိုးတွေကို ချစရာတောင်မလိုဘူး.. အာငွေ့ပေးပြီး မေ့အောင်လုပ်လိုက်ပြီးရော... ဟား.. ဟား..
ကြောင်မျိုး...ဇောက်ထိုးကျနေတာကို မြင်ယောင်ပြီးလဲ ရီနေရတယ်...
နင့်ဖေဖေ မာဆရှ်မှာ အုံးလွဲသွားတာ စက်ရုပ်မတွေ ပရိုဂရမ်မှားပြီး မနှိပ်သင့်တဲ့နေရာ သွားနှိပ်မိလို့ဖြစ်မယ်.. အဟီး....
နင်ကတော့လေ.. ပေါက်ကရရေးတာ..ကိုယ့်အဖေလဲ မနေရဘူး.. ချစ်ချစ်နဲ့တွေ့ဦးမယ်ပေါ့.. မင်းသမီးက မလာသေးဘူးပေါ့.. ဟား.. ဟား.. ဘာတွေဆက်ဖြစ်မလဲစောင့်ဖတ်နေမယ်.. မြန်မြန်တင်..
February 23, 2009 at 4:07 PM
ညက်လီဆင်းကို တော်တော်စဉ်းစားလိုက်ရတယ်... ။
ဟားဟား... လီလီ ဆိုတဲ့ နာမည်အဓိပ္ပါယ်ကို
ခုမှ သိတော့တယ်...။
ငါလေ..ရယ်ရတာနဲ့ သေတော့မယ်..။
sin dan lar
February 23, 2009 at 4:44 PM
ကောင်းတယ်ဗျို့ ကောင်းတယ်။ ဆက်ပါဦးဗျ။...။
February 27, 2009 at 4:57 AM
ဟေ့.. ဟေ့.. ကိုယ့်ဘာသာ ဓညင်းသီး ကြိုက်တာ ဘာကိစ္စ ဆွဲထည့်နေရတာလဲ...
(((အေ့)))
:D