အသံများ
ခပ်တိုးတိုး လျှောက်နေတာတောင် တရှပ်ရှပ် မြည်သေးတယ်။ "ဘယ်သူမှ မဟုတ်ဘူးကွ၊ ငါနားကြားလွဲတာဖြစ်မယ်။" ညနေက သူငယ်ချင်းတစ်ယောက်ရဲ့ဇဝေဇ၀ါသံ။ "နင်က တော်တော်အူကြောင်ကျား နိုင်တယ်နော်" ခင်တာ သိပ်မကြာသေးပဲ သူ့စိတ်ထင်ရာ အလွယ်တကူ မှတ်ချက်ချတတ်သော သင်တန်းက ကောင်မလေးတစ်ယောက်ရဲ့အသံ။ ခေါင်မိုးစွန်းနားကပ်နေတဲ့ သရက်ပင်ကိုင်းက လေတိုက်တိုင်း မြည်နေ၏။
အိပ်မောကျသံများ ...။
တချက်တချက် ခွေးဟောင်သံများ လမ်းထိပ်နားဆီက လွင့်လွင့်လာတယ်။ ခုထိအိပ်လို့ မပျော်သေးဘူး။ ခြင်ကောင်တွေက နားဝမှာ ၀ီခေါ်အောင် လာအော်နေကြတယ်။ လူနာဆောင် အမှတ်ခြောက်စာအုပ်ထဲက ညည်းညူသံများ။
"မအိပ်သေးဘူးလား"...။ သွားရင်းလာရင်း ဘယ်သူနှုတ်ဆက် သွားမှန်းမသိတဲ့ အသံ။ ရေးတော့ရေးနေပေမယ့် ခုထိ စိတ်တိုင်းမကျသေးလို့ စက္ကူလုံးခြေ သံများ ...။ အေးစိမ့်စိမ့်နဲ့ ဆောင်းညပီပီ အနွေးထည် ခပ်ထူထူ ၀တ်ပြီး Fly leaf ရဲ့I'm so sick သီချင်း ခပ်တိုးတိုးညည်းနေမိသည်။ မျက်လုံးတွေက တဖြည်းဖြည်းလေးလာပြီး သန်းဝေတဲ့အသံ ထွက်သွားမိတယ်။
"ငါ...ဆက်မနေချင်တော့ဘူး..."။ အသက်ရှူကြပ်စရာ ကောင်းတဲ့ စိတ်ကျနေတဲ့ သူငယ်ချင်းရဲ့ အလျော့ပေးသံ..။ ပြီးတော့ ကောင်မလေးတယောက်ရဲ့ ရူးမိုက်မိုက် ငိုယိုသံ။ ခေါင်းကိုက်လိုက်တာ...။
သေချာနားစိုက်ကြည့်လိုက်မှ ပတ်ဝန်းကျင်က တိတ်ဆိတ်မနေပဲ ပုစဉ်းရင်ကွဲအသံများ ဆူညံနေတယ်။ ညဟာ ညနဲ့တူသွားတော့တယ်။ ဒါပေမယ့် လတော့မသာခဲ့ဘူး။ နားသိပ်ညည်းတာပဲ။
လေလည်သံများ။ ဖောင်းပွနေတဲ့ လေတလုံးမိုးတလုံး အသံများ။ "တိတ်တိတ်နေပေးကြပါ.. ဘာမှ ထပ်မကြားချင်တော့ဘူး..."။ ခပ်ကြမ်းကြမ်း သက်ပြင်းချလိုက်ပြန်သည်။ ခရမ်းရောင်တွေက အသံမြည်နေသည်။ အနည်းငယ် မာဆတ်ဆတ် နိုင်သော တောင်းပန်သံများ။ ရူးကြောင်ကြောင်နိုင်သော တွေးခေါ်မှု ပြီးတော့ ဦးနှောက်ထဲက ထွက်လာတဲ့ အသံ။
ကြိုးတချောင်းရဲ့ ခေါ်သံ...။ "@x$%...#**" ဆဲရေးတိုင်းထွာနေတဲ့ ညစ်ညမ်းမှု ဆိုးဆိုးဝါးဝါး အသံများ။ လူကျင့်ဝတ် ဖောက်ပြန်နေတဲ့ အသံ။ ဘယ်ဟာမှ မတည်မြဲသေးဘူး...။
မျက်နှာကျက်နားက ခိုညည်းသံများ ကြားရပြန်တယ်။ စက္ကူတွေ ဝှေ့နေသော ပန်ကာအောက်မှာ ဖရိုဖရဲ ပြန့်ကျဲလို့...။ ပြီးတော့ ကြိုးပြတ်နေတဲ့ အနက်ရောင် ဂစ်တာဟောင်းတလက်..။ ကြမ်းပြင်ပေါ် ခုံတလုံး ထိခတ်မိသွားတဲ့ အသံ။
ဘာမှအဓိပ္ပါယ်မရှိဘူး။ ပြီးတော့ ဘာမှမဟုတ်ဘူး။ မောဟိုက်နေတယ်။ တကိုယ်ကောင်းဆန်လွန်းတယ်။ စိတ်ပျက်ဖို့ကောင်းတယ်။ တဂျစ်ဂျစ်နဲ့ နံရံကိုတိုးနေတဲ့ ကြွက်တကောင်ရဲ့ အသံ။
အခုထိ တယောက်တည်းရှိနေတုန်းပဲ။
ဟားတိုက်နေတဲ့ အပေါစားလူတွေရဲ့ အသံ...။ ကိုယ်ဟာ့ကိုယ် မသိတဲ့ ဟိတ်ကြီးဟန်ကြီး အဆိုအမိန့်များ။ ၀ှား... ပျင်းဖို့ကောင်းလိုက်တာ။ မျက်နှာကျက်ပေါ်က အိမ်မြောင် စုတ်ထိုးလိုက်တဲ့ အသံ။
ကြိုးတွေရဲ့ ဖြစ်ညှစ်သံ...။ ဘာမှထပ်မကြားတော့ဘူး။ နှုတ်ခမ်းရဲ့ တွန့်ခေါက်တဲ့ နောက်ဆုံးအပြုံးတွေထဲက ထွက်လာတဲ့ ခပ်သဲ့သဲ့အသံ..။ ငိုသံများ၊ ခွေးဟောင်သံများ၊ အိပ်မောကျသံများ၊ နှုတ်ဆက်သံများ၊ လေတိုးသံများ...။ ပြီးတော့... ပြီးတော့.....။ စာရွက်တွေ လွင့်လွင့်နေတဲ့ အသံ..။ တောင်းပန်ပါတယ်ဗျာ။ အားလုံး မဆိတ်ငြိမ်သေးဘူး..။ ဘွန်န္တောအသံ..။ နာရီလက်တံတွေက မြည်တဲ့ ခြောက်ကပ်ကပ် တီးလုံးသံ။ အလ္လာပသလ္လာပ အသံ။အခုထိ ခြောက်ခြားစရာ ကောင်းလောက်အောင် ကိုယ့်ဟာကိုယ် မြည်နေတဲ့ အသံ.................။ နောက်ထပ် သိပ်မကြားရတော့ဘူး...။ ဘာမှ ထပ်မကြားရတော့ဘူး..။ မကြားရတော့ဘူး..။
"........................."
တိတ်ဆိတ်လွန်းနေတဲ့...........အသံ။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
October 23, 2008 at 3:56 PM
ဖတ်ရင်းနဲ့ နားအူ လာပြီဟာ...
October 23, 2008 at 8:09 PM
ကိုဖတ် ..မီးကွန်ပြူတာပျက်နေလို့ နောက်မှပဲလာဖတ်တော့မယ်
ပိုးကိုက်လို့ဝင်းဒိုးတောင်လဲလိုက်ရတယ်..ခုလုပ်တုန်းပဲ...
October 27, 2008 at 1:21 AM
ဆရာချစ်..လာလည်ပါတယ်....ဘလော့စပေါ့ဖွင့်လိုက်တယ်....
http://zarti-zarti.blogspot.com မှာ...ကလိပေးနော်....
အသံတွေကြားလိုက်ပါတယ်....မှော်လေးကဗျာလည်းကြိုက်တယ်...း))