ကြည့်မိသော ဇာတ်ကားကောင်းတခု

ဒီပုံက မောင်ခဒီဇိုင်းဆွဲပေးထားတဲ့ ကာဗာဒီဇိုင်းပေါ့။
မနေ့က မောင်ခအိမ်ကို လိုက်လည်ရင်း ကျွန်တော့်ကို ရုပ်ရှင်ခွေ တခွေ ငှားလိုက်သည်။ ထိုခွေနာမည်က လန်ဒန်ပုံပြင်...။ ဒီခွေထွက်တာ လွန်ခဲ့သော ၂လ ကျွန်တော် ခရီးမထွက်ခင်ကတည်းက ဖြစ်သည်။ ကျွန်တော်ရန်ကုန်ကို ပြန်ရောက်ပြီးချင်း ထိုခွေကို ကျွန်တော်တို့ ရပ်ကွက်က အခွေဆိုင်မှာ မေးကြည့်သော်လည်း ငှားရမည် မထင်၍ မ၀ယ်ထားဟုသိရသည်။ ဟုတ်တော့ဟုတ်တယ် ဇာတ်လမ်းမှာက နာမည်ကြီးမင်းသား မင်းသမီး တယောက်မှမပါ။ မျက်နှာသစ်များသာ။ ထိုကားကို ရိုက်သူက ဇာတ်ကားထဲမှာ မင်းသားအဖြစ်ပါ ပါဝင်သရုပ်ဆောင်ထားသော ဒါရိုက်တာအသစ် ဏကြီး...။
ဇာတ်လမ်းအစက လန်ဒန်ကို ကျောင်းလာတက်သော လဂွန်းဆိုသော ကျောင်းသားတယောက်...။ သူ့မှာ ကျောင်းတက်ဖို့ အပြင် တခြားသော ရည်ရွယ်ချက်တခုမှာ သူကျောင်းသားဘ၀က တိတ်တိတ်လေး ချစ်နေမိသော ကောင်မလေး တယောက်ကို ရှာဖို့....။ ပြီးတော့ သူနံဘေးမှာ အမြဲကူညီပေးတတ်တဲ့ သူငယ်ချင်းမလေး တစ်ယောက်။ သူရှာဖွေချင်သောကောင်မလေးကို ကံကောင်းစွာ ရှာဖွေတွေ့ခဲ့သည်။ ဒါပေမယ့် ကံကြမ္မာ ကျီစယ်သည်ဟု ပြောရမလား ထိုကောင်မလေးတွင် ချစ်သူရှိနှင့်နေခဲ့ပြီ။ သူကောင်မလေးနှင့် ရင်းနှီးသော အခြေအနေရောက်သည့်တိုင် သူသိမ်းထုပ်ထားသော စကားလုံးတွေကို မဖွင့်ဟခဲ့ချေ။ ထို့နောက် သူတိတ်တိတ်လေး ချစ်နေမိတဲ့ အကြောင်း မထင်မှတ်ပဲ ကောင်မလေးသိသွားသောအခါ.....။ ပြီးတော့ သူ့ချစ်သူ စပိန်ကောင်လေး…ထိုသုံးဦးရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်း…. ဘာတွေဆက်ဖြစ်ကြမလဲ….။
ဇာတ်လမ်းလေးက ရိုးစင်းပေမယ့် ရိုမန်တစ်ဖြစ်သော ဇာတ်လမ်းကောင်းလေးတခု ဖြစ်သည်။ (နိုင်ငံရပ်ခြားမှာ ကျောင်းတက်ရတဲ့ မြန်မာ ကျောင်းသားတွေရဲ့ဘ၀ တစိတ်တပိုင်းကို ခြယ်မှုန်းပြထားသည်။) ပြီးတော့ နောက်ထပ် သတိထားမိတဲ့အချက်က ကင်မရာအယူအဆ..။ ကျွန်တော်တို့ မြန်မာပြည်မှာ ကြည့်ဖူးနေကျ အချစ်ကားများနှင့် ဒီနေရာမှာ အနည်းငယ် ကွာခြားသွားသည်ဟု ကျွန်တော်မြင်ပါတယ်။ လန်ဒန်မှာရိုက်လို့ဆန်းတာတော့ မဟုတ်ပါ။ အသေးစိတ်သော ရိုက်ချက်များကို ဆိုလိုပါသည်။ အခန်းအချိန်းအပြောင်းလှသည်။ အသံပိုင်းဆိုင်ရာ အားနည်းချက်တချို့မှ လွဲ၍ (home studio သဘောမျိုးနှင့် edit လုပ်ထားသောကြောင့်ဖြစ်မည်။)။ ဇာတ်ကောင်များရဲ့ emotion ကို အသေးစိတ်ပေါ်လွင်အောင် ရိုက်ပြနိုင်သည်။ အားလုံးခြုံကြည့်ရင် ဇာတ်ကားကောင်းလေးတခုဖြစ်သည်။ ကြည့်သင့်သော quality ဇာတ်ကားကောင်းလေး တခုဟု ညွှန်းလိုက်ချင်ပါသည်။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
October 17, 2008 at 7:56 PM
ကြည့်ချင်တာ ကြာပြီ။ ထွေလာကြည့်ပြီးကတည်းက ဆိုပါတော့။ ဘယ်တော့မှများ ကြည့်ရမလဲ မသိ။ လိုက်ရှာဦးမှာပဲ။
October 19, 2008 at 4:24 PM
ဘယ်ကနေ ဘယ်လို ရှာကြည့်ရမလဲနော်.. ကြည့်ချင်တယ်..
ကြည့်လို့ရမယ့်နေရာလေး တခါတည်းပြောတာမဟုတ်ဘူး... ဟီးး..