သာမန်နေထိုင်ခြင်း
ကျွန်တော်က မွေးဖွားပြီး သိပ်မကြာခင်ကတည်းက အေးချမ်းတဲ့ မြို့လေးတမြို့မှာ ကြီးပြင်းလာခဲ့ရသူဆိုတော့ အဲ့ဒိလို အေးချမ်းတဲ့ မြို့လေးမျိုးတွေမှာ နေထိုင်ရတာကို နှစ်ခြိုက်တယ်။ နောင်တချိန်ဖြစ်နိုင်ခဲ့ရင် ရှမ်းပြည်နယ်မှာ အခြေချချင်တယ်။ ရှမ်းပြည်နယ်ကို ချစ်တယ် ဆိုပါတော့။ တောင်တန်းစိမ်းစိမ်းတွေပေါ်က လှေကားထစ်ပုံ တောင်ယာစိုက်ခင်းတွေကို သဘောကျတယ်။ မနက်စောစော မြူနှင်းလေးတွေ ရီခိုးဝေ နေတာကို နှစ်သက်တယ်။ မနက်လင်းအားကြီး တောင်ယာ သွားမယ့် ရှမ်းလူမျိုးတို့ရဲ့ ရှမ်းသံဝဲ၀ဲနဲ့ နှုတ်ခွန်းဆက်သံကို နှစ်လိုဖွယ်ကြားချင်တယ်။
ကျွန်တော့် စိတ်ကူးထဲက အိမ်ကလေးဟာ တောင်စောင်းလေးပေါ်မှာရှိတယ်။ ဟိုးအပေါ်ဘက် တောင်ထိပ်ပိုင်းကိုကြည့်လိုက်ရင် တိမ်တောင်တွေကို လှမ်းမြင်နိုင်လိမ့်မယ်။ အိမ်ရဲ့ ပြတင်းတံခါးဆီက လှမ်းမျှော်ကြည့်လိုက်ရင်တော့ လှေကားထစ် တောင်ယာလေးတွေကို တွေ့နိုင်လိမ့်မယ်။ အေးစိမ့်စွတ်စိုတဲ့ လေပြေလေးတွေ ပတ်ဝန်းကျင်တခုလုံး တိုက်ခတ်နေလိမ့်မယ်။ မနက်စာကတော့ ကောက်ညှင်းပေါင်းလေးနဲ့ ရှမ်းပဲပုပ် ထောင်း...့။ ပြီးတော့ လက်ဖက်ခြောက် မွှေးမွှေးလေး ခတ်ထားတဲ့ ရေနွေးကြမ်းလေးနဲ့ပေါ့။
နောက်ပြီး လူသိပ်မသိသေးတဲ့ ကျွန်တော့် ၀ါသနာတခုက ပန်းချီဆွဲခြင်း....။ ဒီလို ရှုခင်းသာယာပုံနဲ့ဆို ကင်းပတ်စပေါ်က ပုံရိပ်တွေက အေးမြစွတ်စိုနေမှာပေါ့။ အဲဒိလို ဆိတ်ငြိမ်လှတဲ့ နေရာမှာဆို တော်စတွိုင်းဝတ္တုတွေ ဖတ်မယ်။ တဂိုးလ်ရဲ့ အနုအရွ ကဗျာတွေ ဖတ်မယ်။ ဆရာဆန်းလွင်ရဲ့ စာအုပ်တွေဖတ်မယ်။ ဆရာသက်လုံရဲ့ စိတ်သဘာဝ စာအုပ်တွေ ဖတ်မယ်။ Theology အကြောင်းတွေထဲက တကယ့် ဓမ္မအစစ်တွေအကြောင်း ဖတ်ရှုလေ့လာမယ်။ ဆရာမင်းသိင်္ခရဲ့ စနေမောင်မောင်ရဲ့ စွန့်စားခန်းတွေ ဖတ်မယ်။ ဆာအာသာကိုနင်ဒွိုင်းရဲ့ ဇာတ်လိုက်ကြော်ကြီး အကြောင်း ဖတ်မယ်။ ယောနသံဇင်ယော်ကို ညက်ညက်ကြေအောင် ဖတ်မယ်။ ဆရာကျောက်တိုင်ရဲ့ စာအုပ်တွေကို ဖတ်မယ်။ ကွန်ဖြူးရှပ် ဓမ္မတွေကို ဖတ်ရှုလေ့လာမယ်။ တောက်ဝါဒ (Tao) ၀ါဒတွေ မြည်းစမ်းကြည့်မယ်။ မယ်တော်ကြီး ဗလာဗက်စကီးရဲ့ စာအုပ်ကို သေချာဖတ်မှတ်မယ်။
အိမ်ဦးခန်းမှာ ဖွင့်ထားတဲ့ Kitaro ရဲ့ Heaven and Earth တီးလုံးသံစဉ်တွေက ပျဉ်ထောင်အိမ်ငယ်လေး တခုလုံးကို ညက်ညောစွာ ပျံ့လွင့်နေလိမ့်မယ်။ အဲ့ဒိအခါကျရင် ပတ်ဝန်းကျင် တခုလုံး ငြိမ့်ညောင်း သာယာနေတဲ့အတွက် ကျွန်တော်ဟာ စာကြည့်ခန်းထဲက ပက်လက် ကုလားထိုင်လေးမှာ သက်သောင့်သက်သာ နဲ့ Meditation လုပ်နေလိမ့်မယ်။ ကျွန်တော့်စိတ်ဟာ ဂီတနဲ့ အတူ မျောပါသွားပြီး အလွန်သိမ်မွေ့စွာဖြင့် နောက်ဆုံး တသားတည်းဖြစ်သွားလိမ့်မယ်။ စိတ်အလျဉ်ဟာ ပီတိလှိုင်းတွေ တဖွားဖွား ဖြစ်ပေါ်လာလိမ့်မယ်။ ကျွန်တော်ဟာ ၀န်းကျင်တခုလုံးကို မေ့သွားလိမ့်မယ်။ နောက်တော့ ကျွန်တော့်ကိုယ် ကျွန်တော် မေ့သွားလိမ့်မယ်။ အရာရာ ငြိမ်သက်သွားပါမယ်။ အသံတွေ တိတ်ဆိတ်သွားပါမယ်။ ကျွန်တော် မသိတဲ့ အထက်အောက် ဘေးဘီမရှိတဲ့ အရပ်ကို ရောက်သွားပါလိမ့်မယ်။
ကျွန်တော် သတိပြန်လည် လာတဲ့အချိန်မှာ နေမွန်းတည့်ချိန် ခပ်စွန်းစွန်းဖြစ်နေ လိမ့်မယ်။ အဲ့ဒိအခါ မြေအိုးထဲ ထည့်ချက်ထားတဲ့ ရှမ်းဆန်ဟာ ကျက်နေပြီး မွှေးနေလိမ့်မယ်။ တို့ဟူးကြော် စိမ့်စိမ့်လေးရယ်၊ ကိုက်လန်ကြော်လေးရယ်က ကျွန်တော့် အတွက်အထူးနေ့လည်စာ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။ နေ့လည်စာစားပြီးတော့ တောင်ယာထဲဆင်းမယ် နေ့ခင်းချိန် ခေတ္တနားနေတဲ့ သူရင်းငှားတွေနဲ့ စကားစမြည် သွားပြောမယ်။ ပြီးတော့ တောင်တန်းတွေ ပတ်လည်ဝိုင်းနေတဲ့ အပြစ်ကင်းစင်နေတဲ့ ၀န်းကျင်တခုလုံးကို တ၀ကြီး ကြည့်ရင်း ကဗျာတွေ အားမနာပ ထိုင်ရေးပစ်မယ်။ ဘယ်လောက် ချမ်းမြေ့လိုက်သလဲ....။ :)
ဒါက ကျွန်တော့် စိတ်ကူးသက်သက် ရယ်ပေါ့။ ဘ၀ဆိုတာ တခါတလေတော့လဲ စိတ်ကူးတဲ့အတိုင်း ဖြစ်ချင်မှ ဖြစ်တာလေ။ ကျွန်တော့် ဘ၀ကို အတတ်နိုင်ဆုံး အပြစ်ကင်းစင်တဲ့ ပျော်ရွှင်မှုမျိုးနဲ့ ထိန်းထားချင်တယ်။ ဆိုလိုတာ ပေါ့ပေါ့နေ ပေါ့ပေါ့စား သဘောမျိုး မဟုတ်ဘူး။ ဘ၀ကို လေးနက်စွာ ဖြတ်သန်းမယ်။ ဒါပေမယ့် ဘယ်တော့မှ မတည်မြဲတဲ့ အရာတွေပေါ်မှာ နက်နက်ရှိုင်းရှိုင်း မခံစားတော့ဘူး ဇာတ်လမ်းတိုလေးတွေ အဖြစ်သဘောထားကြည့်လိုက်မယ်။ ဇာတ်လမ်းတပုဒ်လို အခုရီလိုက်၊ နောက်ငိုလိုက် ပြီးတော့ မေ့သွားသလိုမျိုး..။ ဆရာမင်းသိင်္ခ ၀တ္တုထဲကလို “ပြီးတော့လဲ ပြီးတာပါပဲ” ပေါ့။ ကျွန်တော့် အသက်အခု နှစ်ဆယ်၊ နောင် ၄၀လောက် အလွန်ဆုံး နေရမယ်(အဲ့ဒိတော့ ဒီလောက်ကာလတိုလေးမှာ စိတ်ညစ်ညမ်းစေမယ့် ဟာတွေ ဘာမှ မစွန်းပေချင်တော့ဘူး)။ (ကျွန်တော် အိုမင်းချိနဲ့ပြီး သူတပါး အလုပ်ပိုစေမယ့် အရွယ်ထိ မနေချင်ဘူး)။
ကံကောင်းစွာပဲ ကျွန်တော့်စိတ်ကူးတွေထဲမှာ ကျော်ကြားလိုမှုတွေ၊ ငွေကြေးဂုဏ်ဓနတွေ မပါဘူး။ ကျွန်တော် အမြဲတမ်း ရွတ်ဆိုတတ်တဲ့ ဆောင်ပုဒ်လို ကျွန်တော် ဘာကောင်မှ မဖြစ်ချင်ဘူး။ ကျွန်တော် ဘယ်ဝါဒီ (-ism) ကိုမှ လက်ကိုင်မပြုချင်ဘူး။ ရှင်ဥက္ကဌက အစွဲပြုတ်ရင် တဲကုတ်တောင် ပျော်စရာတည်းတဲ့။ တဲကုတ်နဲ့ နေစရာ မလိုပေမယ့် အစွဲတွေ (တောင်လိုပုံနေတဲ့ ဆန္ဒတွေ) ကိုလွှတ်ချပစ်ဖို့ လိုတယ်။ စွန့်လွှတ်သမျှ အရာအားလုံးဟာ အသစ်ရဖို့ နေရာပေးတာတဲ့။
ကျွန်တော် အတတ်နိုင်ဆုံး ကျွန်တော့် concious mind နဲ့ unconcious mind တွေ ညစ်ညူးစေမယ့် အရာတွေကို ရှောင်ကြဉ်ချင်တယ်။ ဒါပေမယ့် အဲ့ဒါဟာ ချုပ်တည်းခြင်း မဟုတ်ဘူးနော်။ ဆန္ဒတွေကို ပယ်သတ်ခြင်း သက်သက်ကိုပြောတာပါ။ ဖြစ်နိုင်ခဲ့ရင်ပေါ့ ကျွန်တော့် ဘ၀လက်တွဲဖော် မရှာချင်ဘူး။ ကျွန်တော် ထပ်မံဖြစ်ပေါ်လာမယ့် ပူလောင်ခြင်းတွေကို မလိုချင်ဘူး။ ပြီးတော့ ကိုယ့်ကြောင့် ဖြစ်ပေါ်လာမယ့် သားသမီးတွေဟာ၊ နောင်တချိန် လောကရဲ့ ပူလောင်မှုတွေ၊ လူ့လောကရဲ့ အညစ်အကြေးတွေ ကြားမှာ သူတို့ လေးတွေ ရုန်းကန်နေရမှာစိုးတယ်။ အမှန်တော့ ကျွန်တော့်အသက်နဲ့ ဒါတွေပြောတာ သိပ်စောလွန်းနေမလားပဲ။ လူကောင် လက်တောက်လောက်နဲ့ စကားကြီးစကားကျယ်ပြောတယ် ထင်ရင်တော့ ခွင့်လွှတ်ပေးပါ။ ဒါက ကျွန်တော့် စိတ်ကူး၊ ကျွန်တော့် အတွေးစစ်စစ်ပါ။ အကယ်၍ ဖြစ်နိုင်ခဲ့ရင် ကျွန်တော့် အသက် ၃၅နှစ်ရောက်တဲ့အခါ သာသနာ့ဘောင် ၀င်ချင်တယ်။ ဂိုဏ်းဂဏ စွဲကင်းတဲ့ အဖဂေါတမရဲ့ ဓမ္မစစ်စစ်ကို ဆည်းပူး ကျင့်ကြံချင်တယ်။ ဖြစ်နိုင်ခဲ့ရင် ကျွန်တော် ဘ၀ကြီးကို အေးချမ်းစွာ ဖြတ်သန်းချင်တယ်။ ဘ၀ရဲ့ အစစ်အမှန်တရားကို မျက်မြင် ဒိဌ သိမြင်ချင်တယ်။ ပူလောင် ညစ်ထေးနေတဲ့ ငွေကြေးဂုဏ်ဒြပ်တွေကို (လုံးဝဥဿုံ )စွန့်ခွာ ချင်တယ်။ အကယ်၍ ဖြစ်နိုင်ခဲ့ရင်ပေါ့ဗျာ....။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
October 6, 2008 at 3:29 PM
သယ်ရင်းရေ့ မင်းသာမာန်နေထိုင်ခြင်းလေးက အေးချမ်းလိုက်တာ ။ ငါတောင်အားကျလာပြီး ဆန္ဒနဲ့ ဘ၀ ထပ်တူကျပါစေဗျာ..။
October 13, 2008 at 2:16 PM
စိတ်ကူးလေးကောင်းပ
အေးချမ်းပါစေ
ဖြစ်ချင်တဲ့ ဆန္ဒလေး ဖြစ်နိုင်ပါစေ