နှုတ်ဆက်ခဲ့ပါတယ်

နံနက်ခင်းနေရောင် အောက်မှာ သစ်ပင်များအောက်ခြေတွင် သစ်ရွက်များ ဖရိုဖရဲ ကျနေပုံက လွမ်းမောမှုကို ပိုဖြစ်စေပါသည်။ ဒဂုံတက္ကသိုလ်ဝင်းထဲကို ၀င်လိုက်တော့ ဘေးတဖက် တစ်ချက်ဆီက အရင်ကမြင်ဖူးနေကျ သစ်ပင်များ၊ ရွှံ့အိုင်များ က တစိမ်းပြင်ပြင်လို ဖြစ်နေကြသည်။ ၂၀၇ဘတ်စ်ကား ပြတင်းပေါက်ပေါ်ကနေ ကြည့်တော့ အဝေးက လမ်းလျှောက်နေကြတဲ့ ကျောင်းသူကျောင်းသားများ ကို အစီအရီတွေ့ရ၏။ ပတ္တမြားအ၀ိုင်း ကြီးကနေ ဘတ်စ်ကားကြီးသည် လက်ယာရစ်ဝိုက်ပြီး ကားဝင်းဘက်ဆီသို့ ချိုးကွေ့လိုက်သည်။ ကားက ကားဝင်းထဲဝင်မည့် ပုံမပေါ်ပဲ ကားဝင်းကို ကျော်ပြီး အဆောင်တွေရှိတဲ့ လမ်းမကြီးပေါ်သို့ ဦးတည်မောင်းနှင်နေ၏။ ပြတင်းပေါက်ကနေ ကျွန်တော်က ကားဝင်းကန်တင်းန်တွေဘက် လှမ်းကြည့်မိသည်။ ကားဝင်းထဲတွင် ရပ်ထားသော ဖယ်ရီကားများကို ကျိုးတို့ ကျဲတဲ တွေ့ရသည်။ ကန်တင်းန်တွေ ဘက်မှာတော့ ကျောင်းသား ကျောင်းသူများ ထိုင်နေကြ၏။
`အဆောင် ၃၆ ပါလား´
ကျောင်းဝန်းထဲက ကျောင်းသားတွေကို အငေးလွန်သွားကာ စပယ်ယာအော်တော့မှ သတိပြန်ဝင်လာသည်။
`အော် ဟုတ်ကဲ့ ပါတယ်ခင်ဗျ´
အဆောင် ၃၆မှာ ဆင်းမယ့်သူက ကျွန်တော်တစ်ယောက်ထဲပဲရှိသည်။ ကျွန်တော်ဆင်းလိုက်သည်နှင့် တပြိုင်နက် ဘတ်စ်ကားကြီးသည် ၀ူးကနဲ ပြန်မောင်းထွက်သွား၏။ ကျွန်တော့်ကို တစ်ယောက်ယောက်များ လှမ်းခေါ်မလားဆိုပြီး ဘေးဘီဝဲယာ ကြည့်လိုက်မိသေး၏။ သို့သော် မြင်မြင်သမျှ ကျောင်းသားများသည် အားလုံး သစ်လွင်လန်းဆန်းနေသလို ထင်မှတ်ရသည်။ သူတို့ကို ကျွန်တော်မသိသလို သူတို့လဲ ကျွန်တော့်ကို သိကြလိမ့်မည် မဟုတ်ကြောင်း သေချာလေသည်။ ရုက္ခဗေဒ အဆောင်ကျော်လွန်သော အခါ အဆောင် ၃၉ ဘက် လက်ယာဘက် လမ်းထဲသို့ ကွေ့ဝင်လိုက်သည်။ ဤလမ်းကလေးသည် ဓာတုဗေဒ အဆောင်ဘက်သို့ သွားနိုင်သော လမ်းလေးဖြစ်ပြီး တစ်ချိန်က ကျွန်တော်တို့ ပျော်မြူးခဲ့ကြသော ရယ်သံများ၊ ကျောင်းလစ်ခဲ့ ကြသော သူငယ်ချင်း တစ်သိုက်၏ ခြေရာများသည် ဤ လမ်းလေးပေါ်၌ တင်ကျန်ခဲ့ဖူးပေလိမ့်မည်။ ကျွန်တော်က ကျောပိုးအိတ်ထဲမှ ကန်နွန်ကင်မရာလေးကို ထုတ်လိုက်ပြီး အဆောင် ၃၉ကို လှမ်းရိုက်လိုက်၏။


ပြီးတော့ ကန်တင်းန်တွေနားထိ လမ်းလျှောက်လာပြီး ကန်တင်းန်ဘက်ကို ကင်မရာ ချိန်၍ ရိုက်လိုက်သည်။ ခါတိုင်း ကျောင်းတက်ရက်သာဆို “ဟေ့…. ချစ်ပုံ ငါတို့ ဒီမှာ လာထိုင်အုံး” ဟုခေါ်မည့် သူငယ်ချင်းများကို “အေး နင်တို့ ကျွေးမလို့လား ငါ့ကိုခေါ်တာ ” ဟုရယ်ကျဲကျဲ ပြန်နောက်နေကျပင်။ ခုတော့ ကန်တင်းန် ထဲက လူတွေအားလုံးကို တချက်ကြည့်လိုက်တော့ အားလုံး မျက်နှာစိမ်းတွေချည်းပဲ တွေ့ရသည်။ ပြီးတော့ သူတို့ မျက်နှာလေးတွေက လန်းဆန်းသစ်လွင်နေသည်။ အော် ပထမနှစ်ကျောင်းသားသစ်လေးတွေပဲ ဟု တကိုယ်တည်း ညည်းမိ၏။ သူတို့က ကျောင်းသားသစ်ဆိုတော့ ကိုယ်က ကျောင်းသားဟောင်းကြီး ဖြစ်သွားပြီပဲ။ နောက်ထပ် ထပ်သစ်စရာလဲ မရှိတော့ဘူးလေ။

ကျောင်းဆောင် ရှေ့တည့်တည့်သို့ ရောက်သောအခါ ဓာတ်ပုံ ထပ်ရိုက်ဖြစ်သည်။ ဥဒဟို သွားလာနေကြသော ကျောင်းသားများကတော့ အလကားနေ ဓာတ်ပုံလာရိုက်နေသော ဂျာနယ်လစ်လား ဒါမှမဟုတ် အောင်ကြူကြူ ကောင်လားဟု စောင်းငဲ့ကြည့်သွားကြသည်။ ကျွန်တော့် စိတ်ထဲကတော့ “ကျေးဇူးပြု၍ မလှောင်ပြောင်ကြပါနဲ့ ငါ့ကျောင်းကြီးကို ငါခွဲရတော့မှာမို့ အမှတ်တရ ရိုက်နေတာပါ” လို့ ပြောနေမိသည်။ ပြီးတော့ ကျောင်းဆောင် ပတ်လမ်းမှ ကပ်လျှောက်၍ ဒီဘက် ကန်တင်းန်တွေဘက်ကိုပါ လျှောက်လာခဲ့၏။ ဓာတ်ပုံထပ်ရိုက်ဖြစ်ပြန်သည်။


ထို့နောက် ကျောင်းသားရေးရာ ဘက်သို့ လမ်းလျှောက်ခဲ့ပြန်သည်။ ကျောင်းသားရေးရာ အဆောက်အဦးကို ကျော်လွန်ကာ အပြင်ဘက် အဓိပတိလမ်းကြီး (ဘယ်သူခေါ်မခေါ်တော့ မသိဘူး ကိုယ့်ဟာကိုယ် သမုတ်လိုက်ပါသည်။) ပေါ်တက်ခဲ့သည်။ ပြီးတော့ ထိုလမ်း၏ အလယ်ဘက်တွင် ရှိသော ကျောက်တိုင်ကြီးဆီသို့ သွား၍ ဓာတ်ပုံထပ်ရိုက်ပြန်သည်။ ထိုကျောက်တိုင်ကြီးကား မြန်မာ့ပညာရေး မျှော်မှန်းချက်ဆိုသည့် ကျောက်တိုင် ချည်းပင်။ ထိုကြေးပြားပေါ်တွင်ရေးထားသော မြန်မာ့ပညာရေး မျှော်မှန်းချက်ကို ဓာတ်ပုံရိုက်ကြည့်တော့ စာသားတွေက သေချာမမြင်ရတာကြောင့် ကျွန်တော်က လွယ်အိတ်ထဲက စာအုပ်နဲ့ ဘောပင်ထုတ်ပြီး မြန်မာလိုကော၊ အင်္ဂလိပ်လိုကော သေချာလိုက်ကူးလိုက်သည်။ ထိုသို့စိတ်ဝင်တစား ကူးနေသည်ကို ကြည့်၍ အနားမှ ဖြတ်သွားသော မိန်းကလေး တစ်အုပ်က ကျွန်တော့်ကို
`ကျောက်စာနဲ့ များ မှားကူးနေလား မသိဘူး ခွိခွိ´ ဆိုပြီး မကြားတကြား လှောင်ပြောင်သွားကြသေးသည်။ ကျွန်တော်ကတော့ ခပ်တည်တည် နှင့် ဆက်ကူးနေလိုက်သည်။

ကူးလို့ပြီးတော့မှ ဘွဲ့နှင်းသဘင် ဘက် တူရူရာသို့ လျှောက်ခဲ့ပြီး ကျောင်းသားရေးရာ ဘက် အနောက်ဘက်ခြမ်းကို ပြန်ပတ်ပြန်၏။ အကြောင်းမှာ ခါတိုင်း ဒုတိယနှစ်တွေတုန်းက အောင်စာရင်းကို ကျောင်းသားရေးရာ အဆောင် အနောက်ဘက်ခြမ်းတွင် ကပ်နေကြဖြစ်သည်။
သို့သော် ဒီတစ်ခါတော့ လွဲသွားသည်။ ထိုနေရာ၌ ဘာ နို့တစ်ဘုတ်မှ ရှိမနေချေ။ လူတွေတစ်အုပ်တစ်မကြီး သည် ဘွဲ့နှင်း သဘင်အဆောင်၏ ဘယ်ဘက်ခြမ်းကို သွားနေကြသည်။ ကျွန်တော်လဲ မထူးပါဘူးဆိုပြီး သူတို့ နောက်လိုက်သွားမိသည်။ ဆရာမဟု ထင်သော သူကိုမေးလိုက်သည်။
“တီချယ် ဖိုင်နယ် အောင်စာရင်းတွေ ဘယ်နားမှာ ကပ်ထားလဲခင်ဗျ”
“အော်အေး ဒီဘက် စီမံအုပ်ချုပ်ရေး ရုံးဖက်မှာ ထင်တယ် သားရဲ့”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ”
များစွာသော ကျောင်းသားများသည် ခေါင်မိုးအနီရောင်ရှိသော စီမံအုပ်ချုပ်ရေးရုံးကြီး ဆီသို့ သွားနေကြသည်။ သူတို့ဘာလုပ်နေကြပါလိမ့်ဟု ကျွန်တော် တွေးနေတုန်း အသိတစ်ယောက်ကို တွေ့လိုက်ရသည်။
“ဟာ အကို ဘယ်သွားမလို့လဲ”
“အော် ဟုတ် ကျွန်တော် အောင်စာရင်း လာကြည့်တာပါ ညီရော ဘာလာလုပ်သလဲ”
“ကျွန်တော်က ကျောင်းလာအပ်တာပါ..”
“အော် စီမံရုံးမှာ ကျောင်းအပ်ရတာလား”
“ဟုတ်တယ်”
“အိုကေ ဘိုင့် ညီရေ.. ကိုသွားလိုက်အုံးမယ်”
ကျွန်တော်က ထိုအသိညီငယ်လေးအား နှုတ်ဆက်ပြီး စီမံရုံးသို့ ဆက်ထွက်ခဲ့သည်။



ကျောင်းအပ်ရန် သွားလာနေကြသော ကျောင်းသားများ၏ မျက်နှာများသည် သစ်လွင် လန်းဆန်းနေကြသည်။ အော် တစ်ချိန်က ငါ့တို့လဲ ဒီလိုပါပဲ။ တက္ကသိုလ်ကျောင်းသား ဘ၀အစဆိုတော့ အပျော်ကြီးပျော်ခဲ့ဖူးတာပဲလေဟု တွေးမိသည်။ ထိုစီမံရုံးကြီးထဲသို့ ရောက်သော အခါ ဖွေးဖွေးလှုပ်နေသော ကျောင်းအပ်နေသည့် ကျောင်းသားများသည် ဘူတာရုံရှိ ခရီးသည်များနှင့် ပင် အလားသဏ္ဍာန်တူနေလေတော့သည်။ ကြက်ပျံမကျစည်ကားနေပြီး တော်တော်ကို တိုးယူခဲ့ရသည်။
တတိယနှစ်နှင့် ဆိုင်သော ရုံးခန်းလေးနားရောက်သော အခါ ကျွန်တော်က အရှေ့ဘက်ပြတင်းပေါက်နားသို့ ရောက်အောင် နည်းနည်းတိုးလိုက်ပြီး
“အမရေ… ကျွန်တော်တို့ တတိယနှစ် အောင်စာရင်းတွေ ဘယ်နားမှာ ကပ်ထားလဲ မသိဘူးခင်ဗျ”
ပထမ ကျွန်တော်ပြောလိုက်သော စကားကို ရုံးစာရေးမက မကြားလိုက်ပဲ
“အန်.. တတိယနှစ် ကျောင်းအပ်မှာလား.. တန်းစီလေ ဒါဆို”
“အာ မဟုတ်ဘူး တတိယနှစ် အောင်စာရင်း လာကြည့်တာ”
“ဘယ်ရှိတော့မလဲ ထွက်တာဖြင့် ကြာနေပြီ။ ဘယ်နားသွားအိပ်ပျော်နေလဲ”
ဆက်ပြောလျှင်လည်း စကားများရုံပဲ ရှိလိမ့်မည်။ ရုံးစားရေးမများသည် ထိုအတိုင်းပင် တစ်ခွန်းက နှစ်ခွန်းဖြေရလျှင် မဖြေချင်တော့ ဘုတောတောနေကျဖြစ်သည်။ အင်းလေ လူပေါင်း ရာနဲ့ချီ လာလာမေးနေတာကို သူတစ်ဦးတည်းက အကြိမ်ပေါင်း ရာနဲ့ချီ ဖြေနေရတော့ စိတ်မရှည်တော့တာ ဖြစ်ပါမယ်လေ ဟု ကိုယ့်ဟာကိုယ် ဖြေသိမ့်လိုက်ရသည်။

အမှန်မှာ ကျွန်တော်က စာမေးပွဲအောင်ကြောင်းကို တနေ့ညကတည်းက သိနှင့်နေပြီးသားဖြစ်သည်။ သူငယ်ချင်းတွေက ဖုန်းဆက်ပြီးသား ဖြစ်သော်လည်း ကိုယ်တိုင်သွားကြည့်နေကျမို့ ကိုယ်တိုင် လာကြည့်ခြင်းဖြစ်သည်။ ကျွန်တော် ပြန်ထွက်လာတော့ နံနက်၁၀နာရီ ခွဲနေလေပြီ။ အနည်းငယ်ပူသော နေရောင် အောက်ဝယ် သက်ပြင်းတချက် မှုတ်ထုတ်လိုက်မိသည်။ အော် ကျောင်းပြီးသွားပြီတဲ့လား။ ဤကျောင်းကို နောက်တစ်ကြိမ်ကလွဲလို့ လာစရာ မရှိတော့ပေ။ ထိုနောက်တစ်ကြိမ်သည် ဘွဲ့လက်မှတ် ထုတ်သော အချိန်ပင်ဖြစ်သည်။ နှုတ်ဆက်ခဲ့ပါတယ် ကျောင်းတော်ကြီးရေ။ ကျွန်တော့်စိတ်ထဲတွင် မတင်မကျ ကြီးဖြစ်နေသည်။ ခါတိုင်း ဒုတိယနှစ်အောင်စာရင်းတွေ ထွက်တုန်းကဆို ပျော်လိုက်တာ။ ခုတော့ ပျော်လဲ မပျော်မိပဲ တမျိုးကြီးဖြစ်နေသည်။ သေချာတာကတော့ ကျွန်တော်၏ တက္ကသိုလ်ကျောင်းသား ဘ၀သည် ကုန်ဆုံးသွားခဲ့ပေပြီ။ ကျောင်းပြီးလျှင်တော့ ဘ၀တက္ကသိုလ်၌ ဆက်တက်ရပေလိမ့်အုံးမည်။ သို့သော် ထိုကျောင်းသည် အသက်တစ်လျှောက်လုံး မပြတ်သင်ယူနေရမည့် ကျောင်းတော်ကြီးပင်ဖြစ်ပေမည်။ ကျွန်တော်သည် ၂၀၃ ဘတ်စ်ကားကြီးပေါ်တက်လိုက်သည်။ ဂိတ်စမို့ ထိုင်ခုံများလွတ်နေသဖြင့် ပြတင်းပေါက်နား က ခုံကိုရွေးထိုင်လိုက်သည်။ ထို့နောက် အိတ်ထဲမှ MP4 ကိုထုတ်ပြီး နားကျပ်များကို နားထဲထည့်လိုက်သည်။ ဒီအချိန်တွင် အသင့်တော်ဆုံးဖြစ်မည့် သီချင်း တစ်ပုဒ် ကိုရွေးဖွင့်လိုက်သည်။ ဆောင်းဦးလှိုင်၏ “ဒီချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ စိန်ပန်းတွေလဲ ပွင့်နေပြီကွာ အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ အလွမ်းရယ် မပြေဘူး ကျောင်းသားဘ၀……..” ။ ဆိုသော သီချင်းသည် ကျွန်တော့်နားထဲတွင် ပျံလွင့်လျှက်။
ကားနောက်ဘက်ဆီသို့ ကျွန်တော်လှမ်းမျှော်ကြည့်လိုက်သည်။ ကျောင်းဆောင်များသည် တရွေ့ရွေ့နှင့် နောက်မှာ ကျန်ရစ်ခဲ့လေတော့သည်။
(၂၅.၁.၂၀၀၈ ရက်နေ့တွင် အောင်စာရင်းသွားကြည့်ခဲ့သည့် အကြောင်းအရာအား ခံစားရေးဖွဲ့ပါသည်။)



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
January 26, 2008 at 2:20 PM
မင်းယွန်းေ၇
ဒီနေ့က ကျောင်းပိတ်ထားတဲ့ စနေနေ့မို့လား မသိဘူး။ မင်းယွန်းပို့စ်ကို ဖတ်ပြီး သဲရဲ့ကျောင်းကိုတောင် လွမ်းသွားတယ်။ ဒီအလွမ်းက ဘယ်လောက်ခံမလဲတော့ မသိဘူး။ တနင်္လာနေ့ရောက်ရင်တော့ တော်တော်အလုပ်ရှုပ်တဲ့ ကျောင်းဆိုပြီး မတက်ချင်ဘူး ဖြစ်ပြန်ရော။ သြော် လူ့စိတ်ဆိုတာလည်း ခက်သား။ ကျောင်းတက်နေရတော့ မတက်ချင်ဘူး။ မတက်ရတော့လည်း လွမ်းတယ်နော်။ ဒါပေမယ့် မင်းယွန်းရေ ကျောင်းကိုလွမ်းတာရော ဟုတ်ရဲ့လား။ ကျောင်းက ကောင်မလေးတွေ ကိုရော? ဟီးး နောက်တာနော်။
လေးစားစွာဖြင့်
မေပျို
January 27, 2008 at 1:46 PM
ဓာတ်ပုံတွေ ကော ပို့ စ်က စာသားတွေဖတ်ပြီး
ငါလဲကျောင်းကိုလွမ်းသွားတယ်ကွာ...မင်းရေးထားတာလဲအရမ်းကောင်းတယ်
ဘ၀ကျောင်းတော်ကြီးမှာတော့
အောင်မမြင်မှုတွေ ရပါစေလို့  ဆုတောင်းးပေးလိုက်ပါတယ်
January 29, 2008 at 5:26 AM
ကျောင်းကိုလွမ်းသွားတာပဲ...
မင်းယွန်းရယ်...
ငါ့ကျောင်းကိုပြန်ပြေးချင်လိုက်တာ...
နင့်သူချင်းသံကိုကြားတာ..
ဂျီတီအိုင်ဒုတိယနှစ်ကို..သတိရမိသား...။
လွမ်းတယ်ဟာ။။
ဘ၀ကျောင်းတော်ကြီးမှာ အောင်မြင်မှုအပေါင်းကို
လက်ဝယ်ရရှိနိုင်ပါစေ...။