twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဝိညာဉ်နှုတ်လွင်ပြင်- (၂)

အခန်း(၄)
တောခွေးအူသံများ၊ ပုစဉ်းရင်ကွဲအသံများအပြင် အိပ်ယာပြောင်းသည့်အတွက်ကြောင့် ရဲထွဋ်မှာ တော်တော်နှင့် အိပ်မပျော်ချေ။ သို့သော် တနေကုန်လမ်းလျှောက်ထားသော အညောင်းဒဏ်ကြောင့် မကြာမှီမှာပင် မှေးကနဲ အိပ်ပျော်သွားလေတော့သည်။
“ရှပ်….ရှပ်..”
ရုတ်တရက် ကြားလိုက်ရသော အသံကြောင့် အိပ်ပျော်နေရာမှ လန့်နိုးသွား၏။
တဲ၏ ညာဘက် ရိုးပြတ်တောဆီမှ တစုံတဦးတောတိုး လာသံဖြစ်သည်။ တဲဝမှ ဘုန်းမော်ကို တချက်လှမ်းကြည့်လိုက်ရာ မီးပုံဘေးတွင် ရှိမနေချေ။ ဘုန်းမော်ရဲ့ ခြေသံဖြစ်မည်ဟု တွေးမိသော်လည်း ဘာကြောင့်မှန်းမသိ စိတ်ထဲမှ ထင့်နေသလိုဖြစ်နေ၏။ တရကြမ်းတိုးလာသော ခြေသံသည် ဘုန်းမော်၏ ခြေသံမှ ဟုတ်ရဲ့လား။ ခြေသံသည် တဲနှင့် အနီးကပ်ဆုံးနေရာသို့ အရောက်တွင် ရပ်တန့်သွားသည်။ ပတ်ဝန်းကျင်မှ အကောင်ပလောင်များ၏ အသံများပင် တိတ်ဆိတ်သွားသယောင် ထင်မှတ်ရသည်။

ရဲထွဋ်က အိပ်ယာဘေးရှိသေနတ်ကို အသာကိုင်လိုက်၏။
“ကိုဘုန်းမော်လား….”
တုံ့ပြန်သံပြန် မကြားရချေ။ ရဲထွဋ်က တဲထဲမှ တွားသွားကာ တဲပြင်ကို တိုးထွက်လိုက်သည်။
တဲ၏ ပတ်ပတ်လည်ကို အတန်ကြာ လှည့်ပတ်ကြည့်သော်လည်း ဘာကောင်မှ ရှိမနေချေ။

“ဟေး… ရဲထွဋ် ဘာတွေ့လို့လဲ…”
တဲ၏ အရှေ့ဘက်တူရူဘက်ဆီမှ ဘုန်းမော်က လှမ်း၍ မေးလိုက်ခြင်းဖြစ်၏။

“ကျွန်တော်တို့ တဲနားကို အကောင်တစ်ကောင်များ ကပ်လာသလားလို့ အသံကြားလိုက်လို့..”

“တွေ့လား…..”

“ခုနက တဲထဲကနေတော့ အသံကြားရပြီး အပြင်ဘက်မှာ လှည့်ပတ် ရှာတော့ မတွေ့တော့ပြန်ဘူးဗျ”

“ဟုတ်လား ဆောရီးကွာ ငါမီးထပ်ဖို ဖို့ထင်းနဲနဲသွားကောက်တာ… ပြောလို့မရဘူးကွ ဒီဘက် ရိုးပြတ်တွေထဲ ၀င်သွားတာဖြစ်မယ်။ သတိဝိရိယတော့ ထားဟေ့။ အကောင်သေးသေးဆို ဘာမှမဖြစ်ဘူး ဟင်းမျိုးကြီးတွေဆို အန္တရာယ်ရှိတယ်ကွ”

“ဘာပဲဖြစ်ဖြစ် ဒီနားတ၀ိုက် ကျွန်တော်တို့ ထပ်ရှာကြည့်ရင် ကောင်းမလား ကိုဘုန်းမော်”
ရဲထွဋ် စကားမဆုံးမီပင် ဘုန်းမော်က ရဲထွဋ်ကို ဓာတ်မီးပေးကာ သူကတော့သေနတ် ကိုင်လိုက်ပြီး ရိုးပြတ်တောဆီသို့ သတိဝိရိယကြီးစွာဖြင့် ချဉ်းကပ်သွား၏။
ရိုးပြတ်တောထဲတွင် သတ္တ၀ါတစ်ကောင်ကောင် ရှိနေသည်ကတော့ သေချာလှ၏။ ကိုင်းပင်များသည် လှုပ်ရမ်းနေသည်။ ရိုးပြတ်အစပ်နားဆီသို့ အရောက်တွင် ထိုအပင်များသည် အနောက်ဘက်သို့ လှုပ်ရမ်းနေရာမှ ဘုန်းမော်တို့ ရှိရာ တူရုဘက်ဆီသို့ လှုပ်ရမ်းလာလေသည်။
“ ရဲထွဋ် ငါ့နောက်ဘက်က နဲနဲခွာနေပြီးတော့ ရှေ့တည့်တည့်ကို သေချာထိုးထားပေး”
ဘုန်းမော်က သတိကြီးစွာဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး အသင့်အနေအထားဖြင့် သေနတ်ကို ရိုးပြတ်တောဆီသို့ အသေအချာ ချိန်ရွယ်ထား၏။ လှုပ်ရမ်းနေသော ကိုင်းပင်များသည် ရှေ့ဘက်ကိုက် အနည်းငယ်အကွာသို့ အရောက်တွင် ငြိမ်သက်သွားပြီး အသံတခုထွက်လာလေသည်။
“ကယ်….ကယ်ကြပါ…”
“ဟာ… ဒါလူ….လူအသံကွ..”
ရိုးပြတ်တောထဲသို့ တိုးသွားပြီး ကြည့်လိုက်သောအခါ စုတ်ပြတ်ပေရေနေသော လူတစ်ယောက်သည် ကိုင်းတောထဲတွင် လဲနေလေသည်။ ဘုန်းမော်က မေ့မျောနေသော လူကို စမ်းသပ်ကြည့်ပြီး
“အသက်ရှိသေးတယ်ကွ အသက်ရှုပုံကြည့်ရတာ အတော်အားနည်းနေပုံပဲ လာသူ့ကို ငါတို့ တဲဆီကို မ သွားကြရအောင်”
တဲဆီသို့ ရောက်သောအခါ ဘုန်းမော်က အရက်အနည်းငယ်ကို ထိုလူ၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။ အရက်အနည်းငယ် ၀င်သွားတော့မှ မျက်လုံး အနည်းငယ်ပွင့်လာလေသည်။ ထို့နောက် ပါးစပ်အနည်းငယ် ဟပြီး တိုးတိုးလေး ပြောနေသဖြင့် ရဲထွဋ်က ထိုလူပါးစပ်နား နားကပ်၍ နားထောင်လိုက်၏။
“သူ့ကို တခုခု ကျွေးဖို့ပြောနေတာဗျ၊ အစာမစားရတာ တော်တော်ကြာနေပုံပဲ…”
ဘုန်းမော်က သူတို့၌ပါလာသော အသားခြောက်ကို ထိုသူအား ကျွေးလိုက်သောအခါ မည်မျှကြာအောင် မစားသောက်ခဲ့ရသည် မသိ အငမ်းမရစားလေတော့သည်။
“ဖြေးဖြေး စားပါကွာ .. နင်နေပါအုံးမယ် ရော့ ရေနွေးသောက်လိုက်အုံး”
ရဲထွဋ်က ထိုလူအား ရေနွေးကမ်းပေးလိုက်၏။ အစားအသောက် နည်းနည်းစားလိုက်တော့မှ မျက်နှာမှာ သွေးရောင် အနည်းငယ် လွှမ်းလာလေတော့သည်။ သေချာကြည့်လိုက်မှ ထိုလူသည် လူငယ်တစ်ယောက်ဖြစ်ကာ အလွန်အမင်း စိတ်ဆင်းရဲခဲ့ပုံဖြင့် ရှိရင်းစွဲအသက်ထက် ပို၍ အိုစာနေသည့်ပုံပေါ်နေလေသည်။
အနည်းငယ်အားရှိလာတော့မှ ထိုလူရွယ်က
“ကျွန်တော်… ကျွန်တော်တို့ကို ကယ်ပါအုံးဗျာ…. သူတို့ … သူတို့.. ကျွန်တော်တို့ကို အကုန်သတ်လိုက်ကြပြီလား မသိဘူး ကယ်ပါအုံး အရမ်း .. ကြောက်ဖို့ကောင်းတယ်ဗျာ….သူငယ်.. သူငယ်ချင်းတွေလဲ…”
အလွန်ခြောက်ခြားနေဟန်ဖြင့် ဗလုံးဗထွေးပြောနေ၏။
“ဖြေးဖြေးပြောပါအုံး ငါ့ညီ၊ ကျွန်တော်တို့ ဆိုတော့ မင်းတစ်ယောက်ထဲ မဟုတ်ဘူးထင်တယ်၊ အရင်ဆုံး မင်းတို့ ဘာဖြစ်လာတယ် ဆိုတာ အေးအေးဆေးဆေးပြောပြ အုံး၊ ပြီးတော့ မကြောက်ပါနဲ့ ငါတို့ ရှိတယ် ၊ အေးဆေးပြောပြ”
လူငယ်လဲ စိတ်ပြန်လည် တည်ငြိမ်စေရန် အသက်ပြင်းပြင်း တ၀ရှူရှိုက်လိုက်ပြီး…
“ကျွန်တော်တို့ ဇာတ်လမ်းကို စပြောပြရရင် … ကျွန်တော်တို့ ဒုတိယနှစ်ကျောင်းသားတွေရဲ့ ကျောင်းပိတ်ရက်ကနေ စတာပါ….. အဖြစ်က ဒီလိုပါ…”
+++++


အခန်း(၅)
`ဟေ့ ဒီနှစ်တော့ ငါတို့ ခရီးထွက်ရင် ဟိုနားဒီနား မြို့ပြင်လောက်တော့ မထွက်ချင်ဘူးကွာ မနှစ်ကလဲ ရောက်ပြီးသားဆိုတော့ ငါတို့ မရောက်ဘူးတဲ့ ဝေးဝေးလံလံ ဒေသ တခုကို ထွက်ရင်ကောင်းမလားလို့´
အဂ္ဂက သူ့အကြံအစည်ကို သူငယ်ချင်းတွေကို ပြောပြလိုက်၏။
ထိုအခါ ကျော်ကျော်က
`အေး မဆိုးဘူး မင်းအကြံအစည် ငါလဲ အဲ့လိုစဉ်းစားနေတာကွ ဒါပေမယ့် ဘယ်ကို သွားရင်ကောင်းမလဲ မသိဘူးနော်´
`အဟတ် ဒါတော့ မပူနဲ့ကွ မင်းတို့ပြောတာတောင် နောက်ကျနေပြီ ငါမနေ့က ပဲ လမ်းကြောင်းတခုတွေ့ခဲ့တယ်ကွ´
ဇေယျက မချိုမချဉ်မျက်နှာနဲ့ဝင်ပြောသည်။
`အင်းပြော..´
`ဒီလိုကွ မနေ့က ငါက ငါတို့ အိမ်နားက အဖိုးကြီးတစ်ယောက် အသုဘကို လိုက်ပို့ရင်း ကားပေါ်မှာ လူတစ်ယောက်နဲ့ သိလာတာ၊ အဲဒေါက်တာ တစ်ယောက်ဆို ပိုမှန်မယ်ကွ သူက ငါနဲ့ အိမ်အပြန်မှာ ကားပေါ်မှာ ဘေးချင်းကပ်ထိုင်လိုက်လာတာလေ၊ ငါတို့ မိတ်ဖွဲ့ရင်း စကားဆက်စပ်မိရာကနေ ငါတို့ခရီးတခုထွက်ချင်တယ်ဆိုတဲ့ အကြောင်း ပြောဖြစ်သွားတာကွ၊ သူက နယ်ဘက်မှာ သူ့ဘိုးဘွားပိုင်မြေတွေကို ထိန်းသိမ်းမယ့် လူမရှိတော့လို့ သူက နယ်ကိုသွားရမှာတဲ့ကွ´

`အဲဒါနဲ့ ငါတို့ ခရီးထွက်မှာနဲ့ ဘာဆိုင်လို့လဲဟ´
ရတနာက ဇေယျ စကားကို ဖြတ်၍ မေးလိုက်သည်။

`အာနေအုံးလေဟာ စကားကိုဆုံးအောင် နားထောင်အုံး၊ ဒီလိုကွ သူက တကိုယ်တည်းသမား ပြီးတော့ သူ့ဘိုးဘွားပိုင်မြေတွေဆိုတာ တောဘက်ပိုင်းမှာလေ သူပြောပုံအရဆို ဧကတော်တော်ကျယ်တယ်ကွ၊ အဲဒါသူက ငါတို့ ပျော်ပွဲစားထွက်ချင်ရင် သူနဲ့အတူတူ လိုက်ခဲ့ဖို့ ခေါ်တာကွ´

`အာ ဖြစ်ပါ့မလား အားနာစရာကြီး သိလဲသိပ်သိတာလဲ မဟုတ်ပဲနဲ့´
တချိန်လုံး ငြိမ်နားထောင်နေသော သဉ္ဖာက ၀င်မေးလိုက်သည်။
`ရပါတယ်ကွ သူက တော်တော်ခင်ဖို့ ကောင်းတယ်ကွ အသက်ကတော့ ၃၀လောက်ပဲရှိသေးတယ်၊ ဖော်ဖော်ရွှေရွှေပဲ၊ အဲ ခုမှ သတိရတယ် သူက မင်းတို့ကိုလဲ သောကြာနေ့ကျရင် သူ့အိမ်မှာ ထမင်းကျွေးဖိတ်ထားသေးတယ်ကွ၊ မင်းတို့ တခါလောက် တွေ့ကြည့်လိုက်ပါ၊ ခင်ဖို့အတော်ကောင်းတယ်´
ကျော်ကျော်က စကားမပြောပဲ အဂ္ဂကို မျက်စပြစ်ပြလိုက်သည်။ ရတနာနှင့် သဉ္ဖာတို့ကတော့ ဇေယျဘက်သို့ လှည့်ကာ ပုခုံးတွန့်ပြကြသည်။
`ဘာလဲ နင်တို့က မလိုက်ချင်ကြဘူးလား´

`ကောင်းတော့ကောင်းပါတယ်ဟာ …. အင်း သောကြာနေ့ကျ အခြေအနေကြည့်ကြတာပေါ့၊ သူစိမ်းတနယ်ကို ငါတို့ မသိတဲ့လူနဲ့ လိုက်သွားရမှာဆိုတော့…..´
ဆက်မပြောပဲ စကားကို ရပ်ထားလိုက်သည်။
`အေး ဒါတော့ ဟုတ်တယ်ကွ… ငါသိတယ် နင်တို့ မိန်းကလေးတွေ အနေနဲ့ အဆင်ပြေပါ့မလားလို့ တွေးနေတာကို၊ အေးလေ.. ဘာပဲဖြစ်ဖြစ် ထမင်းဖိတ်ကျွေးတဲ့ နေ့ ကြည့်ကြည့်တာပေါ့´
ကျော်ကျော်က တွေးတွေးဆဆနှင့် ၀င်ပြောသည်။ အဂ္ဂကတော့ ခေါင်းရှုပ်ဟန်ဖြင့် သူ့ဦးခေါင်းက ဆံပင်တွေကို ထိုးဖွနေလေသည်။ ဇေယျကတော့ သူစီစဉ်သော ကိစ္စကို အလျော့ပေးချင်ပုံ မပေါ်ပဲ
`နေပါအုံးဟာ အထင်နဲ့ လျှောက်မတွေးနေနဲ့အုံး တွေ့ကြည့်ကြအုံး´
`Hi everybody´
ကန်တင်းထိပ်မှနေ၍ ထင်လင်းက သူတို့ အဖွဲ့ကို လှမ်းနှုတ်ဆက်လိုက်သည်။
ထင်လင်းက လွတ်နေသော ထိုင်ခုံတခုံတွင် ၀င်ထိုင်လိုက်ပြီး
`ဘာတွေပြောနေကြတာလဲ ငါ့လဲ ပြောအုံး´
ကျော်ကျော်က
`အေး ခရီးသွားဖို့ တိုင်ပင်နေတာကွ… အဲဇေယျကိုပဲ မေးကြည့်တော့ကွာ သူပြောပြလိမ့်မယ်´
++++++


အခန်း(၆)
ထိုလူငယ်က စကားပြောနေရင်း မောပန်းစွာဖြင့် ခဏနားလိုက်ပြီး ရေနွေးတကျိုက်ကို တ၀မော့သောက်လိုက်သည်။
ဘုန်းမော်က လူငယ် အမောပြေသည် အထိ စောင့်ဆိုင်းလိုက်ပြီးမှ မေးခွန်းထုတ်လိုက်သည်။
“ဒါနဲ့ ညီတို့ သွားတာ အားလုံးပေါင်း ဘယ်နှစ်ယောက်လဲ မင်းအပါဝင်ပေါ့”
“ဟုတ်ကဲ့ ကျွန်တော်တို့ အားလုံးသွားတာ ၆ယောက်ပါ၊ အဂ္ဂ၊ ကျော်ကျော်၊ ဇေယျ၊ ရတနာ၊ သဉ္ဖာနဲ့ ကျွန်တော် ထင်လင်း တို့ပါပဲ။ အဲဒိမှာ ကျွန်တော်တို့ ထမင်းဖိတ်ကျွေးတဲ့ သောကြာနေ့ကိုရောက်တော့ ကျွန်တော်တို့ အားလုံးပဲ လူစုံတက်စုံ အဲဒိ ဆရာဝန်အိမ်ကို သွားခဲ့ကြတယ်။ ဇေယျပြောသလိုပဲ အဲဒိဒေါက်တာ က တော်တော်လဲ ဖော်ရွှေပါတယ်။ ကျွန်တော်တို့နဲ့လဲ လိုက်လျောညီထွေ ဖြစ်တယ်။ သူက လောလောဆယ် ဒီအိမ်မှာ တစ်ယောက်တည်းနေတယ်တဲ့။ သူ့မိဘတွေကတော့ လွန်ခဲ့တဲ့၆လလောက်ကပဲ ကားအက်စိဒင့် ဖြစ်ပြီး ဆုံးပါးသွားကြပြီတဲ့။ သူ့မိဘတွေ ဆုံးသွားတော့ တောဘက်က သူ့မိဘတွေ ထားခဲ့တဲ့ ဘိုးဘွားပိုင်မြေတွေကို ကြည့်ရှုဖို့ လူမရှိတာနဲ့ သူသွားရမှာလို့ ကျွန်တော်တို့ကို ပြောပြတယ်။ သူက ဇေယျနဲ့ စကားဆက်စပ်မိရင်း ကျွန်တော်တို့ အဖွဲ့ ခရီးထွက်ချင်တယ်ဆိုတာ သိလိုက်ရတော့ သူ့သွားမယ့် နယ်ကို လိုက်ခဲ့ရင် တကယ့်ကို ပျော်စရာ ကောင်းမယ်ဆိုတဲ့အကြောင်း၊ တောဘက်ပိုင်း ဖြစ်လို့ ရဖူးကြမှာ မဟုတ်တဲ့ အတွက် အထူးအဆန်းတွေ တွေ့ရမယ်ဆိုတဲ့ အကြောင်း ရွှန်းရွှန်းဝေအောင် ပြောပြတော့ ကျွန်တော်တို့လဲ အလည်လိုက်သွားဖို့ မြန်မြန်ဆန်ဆန်ပဲ ဆုံးဖြတ်ခဲ့ကြတယ်၊ နောက်တော့ ခရီးထွက်ဖို့ ကားကိုကျတော့ ကျော်ကျော်အိမ်က တောင်းအေ့စ်ကားကြီးကို ယူလာခဲ့ကြတယ်၊ လူကြီးတွေ စိတ်မပူအောင် နယ်ဘက်က ကျွန်တော့်ဦးလေးငယ်နဲ့ စည်းဝါးကိုက်ပြီး သူ့ဆီ သွားမလိုလိုနဲ့ ကျွန်တော်တို့ မိဘတွေကို ဖုန်းဆက်ခိုင်းခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ ခရီးထွက်ခဲ့ကြတယ် ဆိုပါတော့။ အဲဒါနဲ့ ကျွန်တော်တို့ ဒေါက်တာ့ရဲ့ ဘိုးဘွားပိုင်မြေတွေလို့ ပြောတဲ့ တောဘက်ပိုင်းကို ရောက်လာခဲ့ကြတယ်။ တောဆိုတာ ကျွန်တော်တို့အတွက် မြို့ပြင်လောက်က တောလေးတွေပဲ မြင်ဖူးထားတာ အဲဒိဒေါက်တာ ခေါ်သွားတဲ့ တောပိုင်းက တကယ့် တောအုပ်ကြီးပဲဗျာ။ အဲဒိတုန်းကတော့ ကျွန်တော်တို့ဟာ တခါမှ မရောက်ဖူးတဲ့ နယ်မြေကို ရောက်သွားတော့ အပျော်ကြီးပျော်နေခဲ့တာပေါ့။ ဒါပေမယ့် တောက နက်သထက်နက်လာတော့ ရှေ့ဆက်ကားတောင် မောင်းလို့ မရတော့ဘူး၊…….”
ထင်လင်းက စကားပြောနေရင်း မှောင်မဲနေသော တောအုပ်ဆီသို့ ငေးမျှော်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေထဲတွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များသည် ရုပ်ရှင်ပြသလို ပြန်မြင်နေပေလိမ့်မည်။ မီးပုံ နံဘေးမှ ဘုန်းမော်တို့ ၂ယောက်သည် ထင်လင်းပြောသည့် အကြောင်းအရာများကို စိတ်ဝင်စားစွာ နားထောင်နေကြလေသည်။ တောအုပ်ဘက်ဆီမှ တချက်ချက် ဆွဲဆွဲငင်ငင် အူသော ခွေးအူသံများ ကြားရ၏။ မီးဖိုထားသော အနီးတ၀ိုက်မှ လွဲ၍ တတောလုံး ပိန်းပိတ်အောင် မှောင်မဲနေလေတော့၏။
+++++++


ဆက်ရန်.....

Read Users' Comments (2)

2 Response to "၀ိညာဉ်နှုတ်လွင်ပြင်- (၂)"

  1. MgThaJan says:
    January 23, 2008 at 1:03 PM

    ဒုတိယပိုင်း ပိုကောင်းတယ်ဟေ့ ဇတ်ရှိန်တတ်လာပြီ။ ဆက်ဖတ်ဖို့ စောင့်နေပါတယ် :)

  2. မေပျို says:
    January 23, 2008 at 6:30 PM

    အဲဒီ့မင်းယွန်းက ဘာမှန်းလည်း မသိဘူး။ ဖတ်လို့ကောင်းပီဆို ဒီအတိုင်းထားခဲ့ပြီ။ ကြည့်နေ။ သဲအလှည့်ကျမှ အဲလို ပြန်လုပ်ဦးမယ်။ ;-)