ဖေဖေ့ကဗျာ
ကျွန်တော်၏ ကဗျာ၊ စာပေရေးချင်သော အနုပညာဝါသနာလေး၏ မြစ်ဖျားခံရာအရင်းခံသည် ကျွန်တော်အဖေဖြစ်သည်။ ထိုအနုပညာဝါသနာစိတ်လေးသည် ဖေဖေနဲ့ အနည်းငယ်သွားတူပါသည်။ အဘယ်ကြောင့် အနည်းငယ်ဟုသာ ပြောနိုင်သလဲ ဆိုတော့ ကျွန်တော်ဆိုတဲ့ကောင်ဟာ အခုထိ ဖေဖေ့အဖျားအနားလောက်တောင် မှီအောင် အနုပညာမှာ မဖြစ်မြောက်သေးလို့ပါ။ ဖေဖေသည် မန္တလေးတက္ကသိုလ်ကျောင်းတော်သားကြီး ဖြစ်ခဲ့ပြီး နောင်တော်များ နည်းတူ အနုပညာဖန်တီးမှု ဗီဇပါခဲ့ပါသည်။ ဖေဖေ့တွင် ဒိုင်ယာရီစာအုပ်များ၌ ရေးသားထားသော ကဗျာ မြောက်များစွာရှိသော်လည်း ဖေဖေသည် သူ့အနုပညာကို စာအုပ်တွေပေါ်သို့ ရေး၍ ထင်ပေါ်ကျော်ကြားအောင် မပြုလုပ်ခဲ့ပါ။ သူ့အနုပညာကို သူ့ဟာသူ တိတ်တိတ်လေးသာ ဖန်တီးခဲ့သည်ချည်းသာဖြစ်သည်။ ကျွန်တော့်အထင် ဖေဖေသာ ထိုကဲ့သို့ သူ့ကဗျာများအား လူထုရှေ့ထုတ်ပြခဲ့လျှင် အောင်မြင်သော ကဗျာဆရာ စာရေးဆရာ တစ်ယောက်ဖြစ်နိုင်မည် ဟု ကျွန်တော် အတပ်ပြောနိုင်ပါသည်။ သို့သော် ဖေဖေသည် ၀ါသနာထက် ဘ၀နေရေးကို ဦးစားပေးခဲ့ပြီး အစိုးရအရာရှိတစ်ယောက် ဘ၀ကို ရွေးချယ်ဖြစ်ခဲ့ပုံရပါသည်။ ဖေဖေသည် အစိုးရ အရာရှိဖြစ်သည့် အလျောက် နေရာဒေသ မျိုးစုံပြောင်းရွှေ့ရင်း ကျရာနေရာမှ နေထိုင်ရင်း တဖက်ကလဲ သူဝါသနာ ပါရာ ကဗျာလေးများကို ရောက်သည့် နေရာတိုင်း၌ ရေးဖွဲ့ခဲ့သည်။ ပြီးတော့ ဖေဖေ၊ မေမေ၊ ကျွန်တော်နှင့် ညီမလေးတို့ မိသားစုလေးယောက်သည် အတူတကွ မနေထိုင်ဖြစ်ခဲ့ကြသည်မှာ ကျွန်တော် ၉ တန်းနှစ် (၂၀၀၀ခုနှစ်) လောက်ကတည်းက ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်နှင့် ညီမလေးတို့၏ ပညာရေးကြောင့်ပင် ဖေဖေသည် မေမေနှင့် ကျွန်တော်တို့အား သူ့ပြောင်းရွှေ့ရာ နယ်များကို မလိုက်ခိုင်းစေတော့ခြင်းဖြစ်သည်။ တခါတရံ ကျောင်းပိတ်ရက်များတွင် သွားလည်ဖြစ်ခဲ့သော်လည်း တခါတရံတော့ ကျွန်တော်တို့၏ များပြားလှသော သင်တန်းများကြောင့် ဖေဖေ့ဆီ မရောက်ဖြစ်ခဲ့သည်က များပါသည်။ ထိုကြောင့်ပင် ဖေဖေသည် အိမ်လွမ်းသော ကဗျာလေးတစ်ပုဒ်အား မြောင်းမြမြို့သို့ ပြောင်းရွှေ့တုန်း ရေးဖွဲ့ခဲ့ပါသည်။ မနက်က သေတ္တာများရှင်းရင်း ထိုကဗျာလေး ပြန်ထွက်လာတော့ ဖတ်ကြည့်မိရင်း ကျွန်တော်တစ်ယောက် မျက်ရည်ပင်ဝဲ မိပါသည်။ သားတစ်ယောက် အနေနဲ့ အခုထိ မိဘကို မလုပ်ကျွေးနိုင်သေးသော ၊ အားကိုရာ မဖြစ်နိုင်သေးသော ကျွန်တော့် အဖြစ်ကိုပင် ကဗျာဖတ်ရင်း ကျွန်တော့်ကိုယ် ကျွန်တော် မ၀ံ့မရဲဖြစ်မိပါတော့သည်။
“ဖေဖေ့ဆုတောင်း”
ချစ်သား ချစ်သမီး၊ ချစ်ဇနီးနှင့်
ခရီးဝေးကွာ၊ နေ့စဉ်ခါတိုင်း
စိတ်မှာအားငယ်၊ လွမ်းရေးကြွယ်လျှက်
မဆည်နိုင်ဘဲ၊ မျက်ရည်ဝဲမိ
ရင်ထဲဟာတာ၊ လွမ်းရပါသည်
အိပ်ရာမှာလည်း တစ်ယောက်
စားရာမှာလည်း တစ်ယောက်
သွားတစ်ယောက်မို့၊ ပျင်းလောက်ဘွယ်ရာ
ဘ၀မှာလျှင်၊ နှစ်ဖြာတူစွ
မနေရတာ၊ ရှေးက ၀ဋ်ကြွေး
ဖြစ်ခဲ့သေးရင်၊ ကြေအေးပပျောက်
ဆုပန် လျှောက်ဖို့၊ ရှေ့မှောက်ဘုရား
ကျွန်ဝတ်တွားလို့၊ ဆုများကောင်းမှု
မိသားစုနှင့်၊ စုစည်းသာယာ
နေခွင့်သာအောင်၊ မြန်စွာ ချီးမြှောက်
လိုရာ ရောက်အောင်၊ ထောက်ပံ့ ကူညီပါတော့ အရှင်…။
ဖေဖေ
14.7.04
05:00 am (မြောင်းမြအိမ်)
(အကြောင်းကြောင်းကြောင့် ဖေဖေ့နာမည် ထည့်မသုံးနိုင်ခြင်းကို နားလည်ပေးကြပါ)
“ဖေဖေ့ဆုတောင်း”
ချစ်သား ချစ်သမီး၊ ချစ်ဇနီးနှင့်
ခရီးဝေးကွာ၊ နေ့စဉ်ခါတိုင်း
စိတ်မှာအားငယ်၊ လွမ်းရေးကြွယ်လျှက်
မဆည်နိုင်ဘဲ၊ မျက်ရည်ဝဲမိ
ရင်ထဲဟာတာ၊ လွမ်းရပါသည်
အိပ်ရာမှာလည်း တစ်ယောက်
စားရာမှာလည်း တစ်ယောက်
သွားတစ်ယောက်မို့၊ ပျင်းလောက်ဘွယ်ရာ
ဘ၀မှာလျှင်၊ နှစ်ဖြာတူစွ
မနေရတာ၊ ရှေးက ၀ဋ်ကြွေး
ဖြစ်ခဲ့သေးရင်၊ ကြေအေးပပျောက်
ဆုပန် လျှောက်ဖို့၊ ရှေ့မှောက်ဘုရား
ကျွန်ဝတ်တွားလို့၊ ဆုများကောင်းမှု
မိသားစုနှင့်၊ စုစည်းသာယာ
နေခွင့်သာအောင်၊ မြန်စွာ ချီးမြှောက်
လိုရာ ရောက်အောင်၊ ထောက်ပံ့ ကူညီပါတော့ အရှင်…။
ဖေဖေ
14.7.04
05:00 am (မြောင်းမြအိမ်)
(အကြောင်းကြောင်းကြောင့် ဖေဖေ့နာမည် ထည့်မသုံးနိုင်ခြင်းကို နားလည်ပေးကြပါ)



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
January 11, 2008 at 10:16 PM
ဖေဖေလည်း ဒီလိုပဲ
January 13, 2008 at 4:17 PM
ငါသိတယ် ငါသိတယ်...
မင်းဘာကြောင့်ထည့်မရေးသလဲ ဆိုတာ...
ဟုတ်ပါတယ်ကွာ...မင်းလို မိဘကို အမှတ်တရ ရှိလွန်းတဲ့ သားမို့..ဂုဏ်ယူပါတယ်ကွာ...