twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

သင်္ကြန်အကြိုဗိုလ်ချုပ်ဈေး ဈေးပွဲတော်

သင်္ကြန်ကာလနား နီးလာပြီဆိုရင် ရန်ကုန်မြို့ရဲ့ အထင်ကရဈေးတွေမှာ သင်္ကြန်အကြို ဈေးရောင်း ပွဲတော်တွေ လုပ်နေကြဖြစ်ပါတယ်။ သင်္ကြန်ခါတော်မှီ ဈေးရောင်းပွဲတော်ဆိုတော့ သင်္ကြန်အတွက် ကဲဖို့ ဖက်ရှင် ထွင်ဖို့ အ၀တ်အစားတွေကို သင်္ကြန်ကိုကို သင်္ကြန်မမတွေက ကြိုတင် ၀ယ်ယူလေ့ရှိပါတယ်။ ဈေးပွဲတော်ဆိုတော့ ဈေးလဲ ချိုပြီး သင်္ကြန် နားလဲ နီးကပ်လာတာမို့ ၀ယ်ယူသူတွေ ကြက်ပျံမကျ စည်ကားပါတယ်။ မနေ့ကတော့ ကျွန်တော် မြို့ထဲ သွားရင်း ဗိုလ်ချုပ်ဈေး သင်္ကြန် အကြိုဈေးရောင်းပွဲတော် နောက်ဆုံးရက်ဆိုလို့ ညနေ သင်တန်းက အပြန် ဆူးလေ ဘုရား လမ်းကနေ ဗိုလ်ချုပ်ဈေးရှေ့ထိ လမ်းလျှောက်ခဲ့တယ်လေ။ စာမေးပွဲ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ တပတ်လောက် မြို့ထဲ မရောက်ဖြစ်တာနဲ့ ဈေးပွဲတော် လုပ်မှန်းတောင် မသိလိုက်ဘူး။ ကျွန်တော်သွားတော့ လူတွေ အတော်တိုးရတယ်ဗျ။ ကြိတ်ကြိတ်တိုးပဲ ၀ယ်နေကြတာတွေကော၊ လမ်းလျှောက်ကြည့်ကြသူတွေကောပေါ့။ ဗိုလ်ချုပ်ဈေး ကပ်လျက်က FMI Center ကလဲ ဈေးပွဲတော် ရှိတယ်ဗျ။ ဒါပေမယ့် ပလက်ဖောင်းပေါ်မှာ ဆိုင်ခန်းတွေ ဖွင့်ပြီး ရောင်းနေတဲ့ ဗိုလ်ချုပ်ဈေး ဈေးပွဲတော်လောက် လူမစည်ဘူး။ လူတွေ ဘယ်လောက်များလဲဆို လူတန်းကြီးကို မနည်းတိုးရတယ်။ ရှေ့ကို ရောက်ဖို့ တရွေ့ရွေ့နဲ့ပေါ့။ လူကူးတံတားပေါ်မှာလဲ လူတွေက တခဲနက်ပဲဗျာ။ အဘွားကြီး တစ်ယောက်ပြော တာဆို ရီရသေးတယ်။ `ဟဲ့...ဟဲ့... မြန်မြန်လျှောက်ကြပါဟဲ့ လူတွေက အများကြီး နင့်တို့ ဘိုးတော် တံတားက အိုဟောင်းနေပြီ တော်ကြာ ကျိုးကြကုန်မှဖြင့် အကျိုးနည်းကုန်ပါအုံးမယ်...´ ... :) သူက တစ်ယောက်ထဲ ရေရွတ်ပေမယ့် ကြားရတဲ့ ကျွန်တော်တို့က တခွိခွိနဲ့ ပြုံးစိစိ ဖြစ်ကုန်တာပေါ့။






ကြိတ်ကြိတ်တိုး အားပေးနေတဲ့ ဈေးဝယ်သူတွေပေါ့


ခွေးလေးတွေ ချစ်စရာလေးတွေဗျာ။ တယ်လီယာ လေးတွေဆိုလား။ ဈေးက သုံးသောင်း၊ ငါးသောင်း ဆိုပြီး နှစ်စား ရှိတယ်တဲ့။ ခွေးချစ်တတ်တဲ့ ကျွန်တော် အဲဒိနားမှာ အကြာကြီး ခွေးလေးတွေကို ကြည့်နေသေးတယ်။ ၀ယ်တော့ ၀ယ်ချင်သား ပိုက်ပိုက်က မလောက်လို့... :P




ဆိုင်ခန်းတွေက တော်တော်များတယ်...။ အစုံပဲ။ အထည်ဆိုင်တွေကော၊ အလှကုန်တွေကော၊ လျှပ်စစ်ပစ္စည်း ဆိုင်တွေပါ ပါသေးတယ်။


တံတားပေါ်မှာ ဒီလိုတိုးမပေါက်ဘူး။


ကျွန်တော်လဲ ကင်မရာရှိရင် မရိုက်ရ မနေနိုင်တော့ ဈေးပွဲတော် တလမ်းလုံး တဖျတ်ဖျတ်နဲ့ မနားတမ်း လိုက်ရိုက်နေတော့ လူတွေက ကျွန်တော့်ကို ဂျာနယ်တွေ အလစ်သုတ်တဲ့ (အဲလေ) ဂျာနယ်လစ်လို့ ထင်လားတော့ မသိဘူး။ :P အဲ.. ဒါကတော့ ဗိုလ်ချုပ်ဈေး ဈေးပွဲတော်ပေါ့လေ..။ သင်္ကြန်မတိုင်ခင် ဗိုလ်ချုပ်ဈေးနဲ့ ပတ်သက်ပြီး နောက်တပွဲ ရှိသေးတယ်ဆိုတာ ရန်ကုန်က လူတွေ သိကြတယ်ဟုတ်..။ အဲဒါကတော့ ဗိုလ်ချုပ်ဈေး သင်္ကြန်ပါပဲ။ (လာမယ့် တပတ်မှာ လုပ်မယ့် ဗိုလ်ချုပ်ဈေး သင်္ကြန်ကို လဲ တင်ဆက်သွားပါအုံးမယ်နော်... စောင့်ဖတ်မယ်မှတ်လား :P)။

Read Users' Comments (2)

2 Response to "သင်္ကြန်အကြိုဗိုလ်ချုပ်ဈေး ဈေးပွဲတော်"

  1. Anonymous Says:
    April 3, 2008 at 8:01 AM

    မိုက်လှချီလား.. ကောင်းတယ်.. များများတင်ပါ မောင်မင်းယွန်းကလေးရေ.. စောင့်ဖတ်ပါမယ်..

  2. . says:
    April 14, 2008 at 1:19 AM

    ခွေးလေးတွေ ချစ်စရာလေးတွေ။ အဲလို ရောင်းနေတာ တွေ့ရင် လိုချင်တယ်။ တကယ်တော့ လူတောင် အနိုင်နိုင်။ :-)