ပြောရအုံးမယ်
မျှော်တော်ယောင်
သြော်.. တယ်ခက်ပါလား ကွယ်ရို့ လို့ အဖိုးအိုလေသံ နဲ့ ပြောရမလားပဲဗျာ။ ကိုယ့်ချစ်သူ ရည်းစားမျှော်ရတာ အဲ့လောက် မပင်ပန်းပါဘူး မီးကို မျှော်ရတာ (လျှပ်စစ်မီးကိုပြောပါသည်။ လူ.. မီးမဟုတ်ပါကြောင်း ကွိကွိ) တော်တော့်ကို ပင်ပန်းတယ်ဗျာ။ တကယ်ပါ ဆိုးဝါးလွန်းတဲ့ မီးပျက်တာဟာ ဘယ်ဝဋ်ကြွေးကြောင့်ရယ် ပြောတတ်တော့ပါဘူးဗျာ။ ကျွန်တော်နေထိုင်တဲ့ မြောက်ဒဂုံ အဆင့်မြင့် ရပ်ကွက်ကလေးဟာ ဆိုရင် မီးကို မ၀ရေစာ အလှည့်ကျ ပေးသနားမှ သုံးစွဲနေရပါတယ်။ ပေးပုံက ဒီလိုဗျာ။ ဒီနေ့ မနက် ၅နာရီမီးလာမယ်ဆိုရင် နေ့ခင်း ၁၁ နာရီဆို ပြန်ဖြတ်ပါတယ်။ အဲဒိပျက်လိုက်တဲ့ မီးများ ညနေ၅ နာရီမှ ပြန်လာပြန်ပြီး နောက်နေ့ မနက် ၅နာရီပျက်ပါတယ်။ မနက်၅နာရီပျက်တဲ့နေ့ဆို တနေကုန်ပြတ်ပြီး ညနေမှလာပါတယ်။ အဲဒီလို ညဘက်တွေ၂ရက်လာ ပြီးပြီလားဟေ့ဆိုရင် နောက်၂ရက်များဆိုရင်တော့ ကျွန်တော်တို့ ရဲ့ အဆင့်မြင့် ရပ်ကွက်ကြီးဟာ မဟူရာည ကြီးကို ဖြတ်သန်းရပါတယ်။
ညဘက်လာတဲ့ရက်တွေဆိုရင် အချိန်မှန်တာက မီးပြတ်တာပါပဲ။ စဉ်းစားကြည့်ကြပါအုံးဗျာ။ မ၀ရေစာလေး လာတဲ့ မီးဟာ လာတဲ့ရက်ကလေးတောင် ပြည့်အောင် မပေးနိုင်ဘူးလေ အံ့ရော.. အံ့ရော လို့သာ ပြောလိုက်ချင်ပါတယ်။ အော် လာပြန်တော့လဲ မီးအားအ၀င်ဟာ ၁၀၀ တောင်မပြည့်ဘူး။ မီးအားမြှင့်စက် မသုံးတဲ့အိမ်တွေသာဆိုရင် ဘာမှ မလုပ်ပဲ ငုတ်တုပ်ထိုင်နေရမယ့် ပုံပဲ။ ကျွန်တော့်အိမ်က မီးအားမြှင့်စက်ဆိုရင် နံပါတ် ၁၁ထိ ဂရိတ်ဆုံးရှိတာ ပုံမှန်၇ လောက်ထိ တင်ထားရပါတယ်။ အဲ့ဒိတော့ ကျွန်တော့်မှာ ကွန်ပြူတာလေးကို သုံးရတာ ဘုရားတနေရတော့တာပါပဲဗျာ။ UPSကလဲ မီးအားအတက်အကျမငြိမ်ပြန်တော့ တတီတီနဲ့ ငယ်သံကိုပါနေတော့တာပေါ့။ နေ့ခင်းဘက်လာတဲ့ ရက်တွေဆို သိကြတဲ့အတိုင်း အိမ်မှာ မရှိတဲ့ ကျွန်တော်က ၂ရက်ခြားတခါ ညဘက်လာတဲ့ လျှပ်စစ်မီးကိုပဲ အားပြုနေရပါတယ်။ ကွန်ပြူတာရှေ့ထိုင်ပြီး ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ် စာရေးနေတုန်း ဖြုန်းဆိုမီးပြတ်သွားရင်တော့ ခဲလေသမျှ သဲရေကျပဲ။ ကျွန်တော့်မှာ အော်ငိုရမလိုပဲဗျာ။ ဒွတ်ခ။
လူရွှင်တော်ကြီးတစ်ယောက်ပြောသလိုပါပဲ။ သတင်းစာများဖတ်မယ်ဆို ဓာတ်တောင်လိုက်နိုင်ပါရဲ့ဆိုတာလေ။ အဲလေ ဘွာတေး ပြောတော့ပါဘူး။ ကျွန်တော်ပဲ ဉာဏ်မမှီတာလားတော့ မသိပါဘူး။ ဘယ်လိုကြောင့်ရယ်ကြောင့် မီးအားတွေ မလောက်မငှဖြစ်သလဲ မတွေးတတ်တော့ပါဘူး။ ခေတ်မီတိုးတက်တဲ့ နိုင်ငံတနိုင်ငံမှာ အဓိကက လျှပ်စစ်မီးပဲ ဖြစ်တယ်ဆိုတာ လူတိုင်းသိကြမှာပါ။ သေချာတာကတော့ ကျွန်တော်တို့ နိုင်ငံမှာ သုံးနေတဲ့ ၂၂၀ အားဟာ ကမ္ဘာမှာ သိပ်မသုံးတော့တဲ့ စနစ်ကြီးဖြစ်နေပါတယ်။ ပြီးတော့ ခုချိန်မှ ၁၁၀ ပြန်ပြောင်းမယ်ဆိုလဲ တော်တော့်ကို ဘတ်ဂျက်ကုန်မယ့်ကိစ္စပါပဲ။ ဟုတ်တယ်လေ အကုန်လုံး ၁ က ပြန်စရမှာ။ ဒါပေမယ့် ဒါပေမယ့်ပေါ့လေ.. တိုးချဲ့လိုက်တဲ့ ရေအားလျှပ်စစ်တွေကလဲ အရေအတွက်ရှိပေမယ့် ခုထိလုံလောက်တဲ့ ဓာတ်အားတွေ မရနိုင်သေးတာ၊ ဓာတ်အားလိုင်းပို့တဲ့နေရာမှာသုံးတဲ့ ပေါက်ဖော်ကြီးတွေရဲ့ ပစ္စည်းတွေကြောင့်လား၊ မလိုအပ်တဲ့နေရာတွေမှာ သုံးနေတာကို waste မဖြစ်အောင် manage မလုပ်နိုင်တာကြောင့်လား ဆိုတာ တော့ ပြောတတ်ဘူးပေါ့လေ။ (အဲလေ မပြောတတ်ဘူးသာ ဆိုနေ ပြောတာ ကုန်နေပြီလား သိဘူး ဟီး ဘုတ်စတေးနော်.. နောက်တာ ဟတ်ဟတ်)။ အဲ့ဒိလို အဲ့ဒိလိုများကြောင့်ပေါ့လေ ကျွန်တော်မျိုးတို့ နေထိုင်ရာ ရန်ကုန်ရွှေမြို့တော်ကြီးမှာ လျှပ်စစ်မီးကို ချစ်သူရည်းစားကဲ့သို့ ငံ့တလင့်လင့်နှင့် ရင်သိမ့်တုန် မျှော်နေရပါကြောင်း…။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
February 6, 2008 at 10:21 AM
အော်...သနားစရာပါလားဗျာ တို့ လဲတိတယ် ဘာကြောင့်လဲဆိုတာ ဒါပေမယ့်လဲပြောတော့ပါဘူးး..
သီချင်းရှိတယ်လေကွာ သဘာဝအလင်းရောင်မလုံလောက်မှသာ လျှပ်စစ်မီးသုံးစွဲကြပါတဲ့....
ဒါက ဂလိုလေ ပေါက်လားး