twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မိုက်ခဲတွေတဲ့ဟေ့

အချိန်ကား ဖေဖော်ဝါရီ၁၄ရက်နေ့ ။ မြေနီကုန်းမှနေ ကျွန်တော်၊ ကိုဂေါက်၊ မပင့်၊ မဘာညာ၊ သဇင်ဏီ၊ တို့ဘလော့ဂါ တစ်သိုက်ဟာ ဆိုရင်ဖြင့် စီးတော် တက္ကစီစီးကာဖြင့် ချစ်သူတို့ စံပျော်ရာ အင်းယားကန်သာယာ ကို ချီတက်လေခဲ့ကြသည် တမုံ့။ ကျွန်တော်တို့ တစ်သိုက်သည် အင်းယားကန်ဘောင်ရှိ ကန်တင်းန် တစ်နေရာဝယ် နေရာယူလိုက်ကြပြီးနောက် အသင့်ပါလာကြသော MBS တံဆိပ်ပါ တူညီဝတ်စုံများအား ထိုနေရာ၌ပင် ပြောင်းလဲ ၀တ်ဆင်လိုက်ကြလေသည်။ ထို့နောက်ကား ဘူးသီးကြော် တစ်ပွဲနှင့် အအေးတို့အား မှာယူစားသောက်ကြလေသတည်း။ ကျွန်တော်သည်ကား လက်ထဲတွင် ပါလာသော အနက်ရောင် ဂစ်တာကြီးအား လူအများအပြားအနီးတွင်ရှိနေသော်လည်း အရှက်ကမ်းကုန်သော မျက်နှာပေါက်မျိုးနှင့် ရှူတည်တည် နေကာ တီးခတ်၍ အသံဗြဲဖြင့် သီချင်းများကို ဆိုနေလေတော့ သတည်း။ ဘူးသီကြော် တပန်းကန်ခန့် ကုန်လောက်သော အချိန်၌ မောင်ခနှင့် နန္ဒ၊ ဗမာပြည်သားခေါ် ဇော်မျိုးတို့သည် ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကျွန်တော်တို့ ထိုင်နေကြသော ၀ိုင်းသို့ ဆိုက်ဆိုက် မြိုက်မြိုက် ရောက်လာကြလေသည်။


သို့နှင့် မောင်ခသည် ၀ိုင်းတွင် ထိုင်မိသည် နှင့် တပြိုင်နက် သူ၏ အိတ်ထဲမှ ပါလာသော ဗီဒီယို ကင်မရာကြီးအား ထုတ်၍ ကျွန်တော်တို့အား တစ်ယောက်ချင်းစီ လိုက်ရိုက်လေတော့၏။ နဂိုတည်းကမှ ပဲများတတ်သော ကျွန်တော်သည် ကင်မရာအရိုက်ခံလိုက်ရသဖြင့် ကျေနပ်ပီတိဖြစ်သော အပြုံးပြုံးကာ ကင်မရာမဆံ့တဆံ့မျက်နှာကြီးဖြင့် အိုက်တင်လုပ်လေတော့သည်။ လူပိန်သော်လည်း ကျွန်တော်တို့နှင့် အပြိုင်စားနိုင်သော သဇင်ဏီသည် တမျိုးပြီး တမျိုးမှာယူစားသောက်နေတုန်းတွင် ကျွန်တော်သည်ကား လူအများမြင်လျှင် ဘလော့ဂါမှန်းသိစေရန် အလို့ငှာ မောင်ခ၊ နှင့် မဘာညာတို့အား ခေါ်၍ ကန်ဘောင် တစ်လျှောက် လမ်းလျှောက်ကြလေသည်။ ကျွန်တော်တို့သည် ကန်ဘောင်ကို အပေါ်ဘက်ကော အောက်ဘက်ကော နှံ့စပ်အောင် လျှောက်ပါသော်လည်း ကျွန်တော်တို့အား လှမ်း၍ ခေါ်သော မည်သူတစ်ဦးတစ်ယောက်မှ မရှိပဲ Love Scene ရိုက်နေသော ချစ်သူစုံတွဲများသာလျှင် နေရာအနှံ့ရှိကြလေသည်။ (ကြင်နာမှု အထိမ်းအမှတ် အဖြစ်၊ တွယ်တာမှု အထိမ်းအမှတ်အဖြစ် k, I, s, s kiss … :P ) အနှီစုံတွဲများကို ကျွန်တော်တို့မှာ တမင်သက်သက် လိုက်ချောင်းနေသည်တော့ မဟုတ်ပဲ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရကား အားနာပါးနာ ကြည့်လိုက်ရလေသတည်း။ ကွိကွိ။


ထို့နောက်တွင်ကား ကျွန်တော့်ကို မည်သည့် ကောင်မလေး ချောချောကမျှ “ဟယ်… ကိုမင်းယွန်း သစ်လား မသိဘူး ချောလိုက်တာနော်။ ဓာတ်ပုံထဲက ထက် အပြင်မှာ ပိုချော ပိုခန့်တယ် ခန့်ချော ကြီးနော်။ တွေ့ရတာ အရမ်း ၀မ်းသာတယ်နော်..။ ဟိဟိဟိဟိ..ခွိခွိခွစ်ခွစ်” ဟု လာရောက် မပြောကြလေသဖြင့် ကျွန်တော့်မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ ဂစ်တာ ကြီးပိုက်ကာ ကန်ဘောင် အောက်ရှိမြက်ခင်းဆီသို့ ဆင်းခဲ့ကြလေတော့သည်။ ကျွန်တော်တို့ တစ်သိုက်သည် မြက်ခင်းပေါ်တွင် ထိုင်လိုက်ကြပြီး MBS ၏ ပင်တိုင် ပလေယာ ကြီး (ဘယ်သူ့မှ ခန့်ခန့် မခန့် ခန့် ကိုယ့်ဟာကိုယ် ခန့်သည်။ :) ) ကျွန်တော်က တီးပြီး ကျန်လူများဖြစ်သော မဘာညာ၊ ကိုဂေါက်၊ မပင့်၊ ဇော်မျိုး၊ နန္ဒ၊ မောင်ခ၊ သဇင်ဏီ၊ (လက်မတင်လေး ရောက်လာသော) နကားကီးစိန်ခေါ် ဖိုးသူတော်၊ တို့က တစ်ယောက် တစ်ပေါက် ညီညာစွာ ဒို့ရပ်ဝန်း သီချင်းကို ဆိုကြလေသည်။ ထို့နောက် ကျွန်တော်ရေးစပ်ထားသော သီချင်းကို ထပ်မံတီးခတ် ဖျော်ဖြေပြသည်။ များမကြာမှီတွင် စိတ်ကူး () ရောက်လာလေတော့သည်။ ထို့နောက် လေးဖြူ၊ အဲလက်စ်၊ ငယ်ဆူးတို့ ရောက် မလာကြသော်လည်း ၄င်းတို့၏ သီချင်းများကို မတတ်တခေါက်တီးကာ ၀ိုင်းဝန်း သီဆိုကြပြန်လေသည်။ :P



သဇင်၊ ကျွန်တော် နှင့် မမဘာညာ



ထို့နောက် တွင်ကား ဒို့ရပ်ဝန်း သီချင်းကို ကျွန်တော်တို့ ဘလော့ဂါတစ်သိုက် သံပြိုင်သီဆိုကြပြီး ဒါရိုက်တာ မောင်ခက ဗီဒီယို တစ်ကဒ် ရိုက်လေသည်။ ပြီးနောက် လှေကားထစ်များရှိသော နေရာသို့ ထပ်မံ ရွှေ့ပြောင်းကြပြီး နောက်တစ်ကဒ်ရိုက်လေသည်။ ထို နောက်တစ်ကဒ် ရိုက်သော အချိန်၌ မူကား သူ့ကိုယ်သူ ကောင်မလေး ဟု အမည်ခံထားသော ကောင်မလေး မဟုတ်တော့သော မနှင်းရောက်လာပြီး ပါဝင်သရုပ်ဆောင်သွားလေသည်။ ဟိဟိ။ ဗီဒီယို ရိုက်ကူးရေးပြီးစီးသွားသော အခါ တစ်ယောက်တစ်မျိုးကိုယ်စီ ပဲများထုတ်ကာ အလှ ဓာတ်ပုံများ အပြိုင်အဆိုင် တဖျတ်ဖျတ် ရိုက်ခံကြပြီး သည်နှင့် ကန်ဘောင်ပေါ်သို့ တဖန်ပြန်တက်ကာ ကန်ဘောင်စပ်တွင် လှုပ်ရှားမှု တစ်ရပ် ပြုလုပ်ခဲ့ကြသေး၏။ ထိုလှုပ်ရှားမှုအပြည့်အစုံကို ဖော်ပြရမည် ဆိုရင်ဖြင့် ကန်ဘောင်စပ်တွင် ညီညာစွာ ရပ်လိုက်ကြပြီး သံပြိုင်ကြွေးကြော်ကြကာ လက်သီးလက်မောင်းတန်း ပြီး ကြွေးကြော်သံများ ဟစ်ခဲ့ကြလေသည်။ ကန်ဘောင်အနား ပတ်ဝန်းကျင်ရှိ လူများပင် တအံ့တသြဖြင့် လန့်ဖျန့်သွားကြသော ဘလော့ဂါတစ်သိုက်၏ ရဲရဲတောက် ကြွေးကြော်သံများမှာကား….
“Free… Free download.. Free Free download… Free Free download ” ဟူ၍ ပင် ဖြစ်လေတော့သတည်း။ :D



ဘလော့ဂ်ကာ တစ်သိုက်( ရှေ့ဆုံးတန်းမှ ကောင်မလေး(ခ)အနှင်း၊ မဘာညာ၊ ကိုခ၊ ကိုခဘေးဘက်က မပင့်၊ အပေါ်တဆင့် ၀ဲယာမှ မြန်မာပြည်သား၊ ကျွန်တော်၊ စိတ်ကူး၊ နောက်ဆုံးတန်း ၀ဲယာမှ ဖိုးသူတော်၊ မောင်ဂေါက်၊ သဇင်ဏီ)


တစ်နာရီခန့် ဂစ်တာဖြင့် တီးခတ် ဆိုထားကြသော်လည်း ကျွန်တော်တို့၏ ထုံးစံအတိုင်း အာသီသ မပြေသေးပဲ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကန့်ကွက် မဲမရှိ M3 သို့ ပျော်ပျော်ကြီး ဆက်လက်ချီတက်ကြလေသည်။ အပြင်ပန်းအားဖြင့် ဘယ်လိုမှ မထင်မှတ်နိုင်သော်လည်း M3 ကာရာအိုကေ ခန်းအတွင်းသို့ ရောက်သွားသော အခါမှာကား နိုင်ငံကျော် ဘလော့ဂါများ အဖြစ်မှ ရုတ်ချည်းပင် မိုက်ခဲများ ဖြစ်သွားကြလေတောသည်။ သိုနှင့် တစ်ယောက် တစ်လှည့် ဆိုကြ၊ ၀ိုင်း ၀န်း စားသောက်ကြလေပြီး မြန်မာစံတော်ချိန် ည၈နာရီခွဲ၊ တစ် section အဆုံးသတ်တွင်တော့ စိုင်းစိုင်း ခမ်းလှိုင်၏ “အိုးလေး ..လှုပ်ပါဟေ့အိုးလေး လှုပ်ပါဟေ့” သီချင်းဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အပြိုင်အဆိုင် dance ကြလေပြီး မိုက်ခဲတို့၏ ပွဲအား အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြတော့သည်။ မိုက်ခဲများ အပီဟဲ ပြီးသွား၍ ၀မ်းဟာ သွားကြလေသောအခါ မြေနီကုန်းသို့ လမ်းလျှောက် ချီတက်ခဲ့ကြပြီး ထမင်းကြော်အား အားပါးတရ စားကြပြီးသည့်အခါမှ ပျော်ပျော်ကြီး လမ်းခွဲကြလေတော့ သတည်း…….။ဒန့်တန့်တန့်…။

ပြီးပါပြီ..

ဓာတ်ပုံများအား ဆက်လက်တောင်းထားတုန်း ရှိပါသဖြင့် နောက်နေ့ များတွင် ဓာတ်ပုံဆက်တင်ပေးပါမည်။

Read Users' Comments (5)

5 Response to "မိုက်ခဲတွေတဲ့ဟေ့"

  1. မီးလေး says:
    February 18, 2008 at 11:16 AM

    နာလိုတော့ဝူးနော်... ဟွန့်
    ပုံတွေလည်း ထပ်တင်ပေးနော်...
    တို့အကိုကြီးက ရှောပါတရ် ဟဲဟဲ...

  2. tayzar says:
    February 18, 2008 at 7:23 PM

    ဟေး ပျော်စရာကြီးပါလားကွ =)

  3. Mr.Pooh @ မောင်ပွတ် says:
    February 20, 2008 at 10:03 PM

    မင်းယွန်းရေ - ဒီပို့စ်လေး၊ ဒီပုံစံလူစုတာလေးတွေ ဖတ်မိတော့ အရင်တုန်းက ရန်ကုန်ကအချိန်တွေ တကယ်ပဲ သတိရမိတယ်။ ဒီထဲက သူငယ်ချင်းအများစု မပါသေးပေမယ့် အဲဒီအချိန်က ကျွန်တော်တို့လူစုကလည်း အတော်များပြီး လူလည်း သိပ်ညီတယ်။ ခုတော့ တယောက်တကွဲ၊ တနေရာစီပြန့်လို့ပေါ့လေ။ အခုလို စည်းလုံးတဲ့ ဘလော့ဂါတွေ ရှိနေတာကိုလည်း သိပ်ဝမ်းသာပါတယ်။ ဓါတ်ပုံတွေထဲမှာ ... တကယ့် ဘလောဂါစစ်စစ်တယောက်လိုနေတယ်ဗျာ။ MBS နဲ့ သူနဲ့ကတော့ ခွဲလို့မဖြစ်နိုင်သေးပါဘူး ...

  4. Yan says:
    February 23, 2008 at 11:32 AM

    Free Free Free Download!

    ကောင်းလိုက်တဲ့ ကြွေးကြော်သံပဲဗျာ.

    ဘလော့ဂါပီသပါပေတယ်.

    ဘရာဗို....

  5. pee says:
    February 24, 2008 at 10:27 PM

    I miss my young life.I can not get back .