၂၂ နှစ်နဲ့ ၁ရက်သား ကျွန်တော်
အချိန်တွေက နှမြောနေဖို့ မလိုပါဘူး။ ကျွန်တော်တို့ မနှမြောလဲ သူဟာသူနေနေတာပါပဲ။ ကျွန်တော်တို့ ကုန်သွားတဲ့ အချိန်တွေပေါ်သုံးသပ်အုံးမလား။ အဲဒိလို မျိုးအလုပ်က ကျွန်တော့် အတွက်တော့ သိပ်ပျင်းစရာကောင်းနေတာ အမှန်ပဲ။ အရင်က မှားခဲ့တယ် မှန်ခဲ့တယ် ဒါပေမယ့် ဒါတွေက ပြီးခဲ့တဲ့ ကိစ္စ ပဲ။ ဘာမှ လွမ်းနေစရာ မလိုပါဘူး။ ကျွန်တော်တော့ လွမ်းမနေဘူးဗျာ..။ ဘာလို့လဲ ဆိုတော့ ပြန်ပြင်လို့မှ မရတာ..။ မနေ့က ကျွန်တော်နဲ့ ဒီနေ့ ကျွန်တော်တောင် တူချင်မှ တူလိမ့်မှာပေါ့။ စက္ကန့်တိုင်းတောင် မတူပါဘူး။ အခု စက္ကန့်က ကျွန်တော်ဟာ နောက်စက္ကန့်က ကျွန်တော်နဲ့ ကွဲပြားသွားချင်သွားပါလိမ့်မယ်။ ၂၂ နှစ်ပြည့်ပြီးတဲ့ အချိန်တွေမှာ ကျွန်တော် ဘာတွေ ဖြစ်ထွန်းခဲ့လဲ မေးရင်. ဘာမှ မဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့ ၂၂ နှစ်မှာ ကျွန်တော် ဒီလိုပဲ နေသာသလို နေခဲ့တာပဲ။ မင်းက လူတော် တစ်ယောက်ဖြစ်ခဲ့လားလို့မေးရင် ဟင့်အင်းလို့ ကျွန်တော် ဖြေရလိမ့်မယ်။ လူတော် တစ်ယောက် လုပ်ရတာ မခက်ပေမယ့် လူတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ညီအောင် လူချီးမွမ်းခံရအောင် နေရတာ တကယ်တော့ ပင်ပန်းပါတယ်...။ အသက်ကသာ ကြီးလာတာ ကျွန်တော်က ကလေးမဟုတ်တော့ပေမယ့် ကလေး ကြီး ဖြစ်နေသေးတယ်။ ကျွန်တော် လောက အကြောင်း မသိသေးဘူး။ ဟင့်အင်း မသိချင်ပါဘူး။ ကျွန်တော်အိမ်မှာတောင် စိတ်ညစ်စရာ တွေပြောနေရင် အဲဒိ စကားဝိုင်းက ထထွက်ခဲ့တယ်။
ကျွန်တော် စိတ်ညစ်ရတာကို မကြိုက်ဘူး။ ကျွန်တော်တို့ နေထိုင်ရတဲ့ ဘ၀တိုလေးဟာ အမှောင်ထဲ စမ်းတ၀ါးဝါး လျှောက်နေရသလိုပါပဲ။ ဘယ်နေရာမှာ ချောက်ထဲ ပြုတ်ကျသေမယ် မပြောတတ်သေးပါဘူး။ ချောက်ထဲ ပြုတ်ကျမသေသေခင် အမှောင်ထဲမှာ ပျော်ပျော်နေမယ်ဗျာ..။ ကျွန်တော်တို့ လာရောက် တည်းခိုနေတဲ့ လူ့လောကကြီးဟာ ဟိုတယ်အကြီးစားကြီးပါပဲ။ သူ့ ရဲ့ ၀န်ဆောင်မှုက တခါတလေ ကောင်းချင်ကောင်းမယ်။ တခါတလေကျတော့လဲ စိတ်ပျက်စရာ ကောင်းလောက်အောင် ၀န်ဆောင်မှုညံ့နေလိမ့်မယ်။ ကိစ္စ မရှိပါဘူး။ ၀န်ဆောင်မှု မကောင်းတော့တဲ့အခါ သူကောင်းတုန်းကလိုပဲ ဖြည့်တွေးပေးနိုင်ပါတယ်..။ ပြီးတော့လဲ ကိုယ်အပိုင်နေရတာမှ မဟုတ်တာ.။ အချိန်တန်ရင် ထွက်သွားရမှာပဲ။ ကျွန်တော်တို့ ဘယ်နေရာကို မှ တရားသေ မဆုပ်ကိုင် ထားနိုင်ကြပါဘူး။ တချိန်ချိန်မှာ လွှတ်ပစ်ရမှာပါပဲ။ အဲဒိတော့ ဘယ်တော့မှ ပုံစံခွက်ထဲ အသွင်းမခံတဲ့ ကျွန်တော့်စိတ်ဟာ ဒီပုံတိုင်းပဲ နေသာသလိုနေအုံးမှာပါ..။ ကျွန်တော် မပျော်တော့တဲ့ နေ့ ကျွန်တော့် ဘ၀ကို စိတ်ကုန်တဲ့နေ့ဟာ ကျွန်တော်သေတဲ့နေ့ပဲ ဖြစ်လိမ့်မယ်..ထင်တယ်။ ခုတော့ အချိန်တိုင်းပျော်နေသေးတယ်...။ ကဲ၂၂ နှစ်ပြည့်တော့ ဘာလုပ်မလဲလို့ မေးရင် အဖြေက ရှင်းရှင်းလေးပါ..။ ၂၃ နှစ်ပြည့်တာကို သွားရင်းလာရင်း စောင့်ရုံပေါ့..။ ပြီးတော့လဲ ပြီးသွားပါလိမ့်မယ်...။ :)



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "၂၂ နှစ်နဲ့ ၁ရက်သား ကျွန်တော်"
Post a Comment