twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

တကယ့်လူ

တန်ဖိုးဆိုတာ value ပါ။ နောက်တန်ဖိုးတခုက price ပါ။ ဒါပေမယ့် တူသယောင် ထင်ပေမယ့် ဒီနှစ်ခုမှာ value ဟာ အရည်အသွေး အပေါ်ကြည့်ပြီး မှတ်ကျောက်တင်တာပါ။ အထူးသဖြင့်လူတွေပေါ်မှာပေါ့ လူ့အရည်အသွေးကို value တန်ဖိုးလို့ သုံးရင် ပိုသင့်တော်တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးပါတယ်။ price ဟာ ကုန်ပစ္စည်းတွေရဲ့ အပေါ်မှာ သတ်မှတ်တဲ့ တန်ဖိုးဖြစ်တဲ့ အတွက် လူတန်ဖိုး ဆိုတဲ့ နေရာမှာ price ကိုသုံးရင် ငွေကြေးနဲ့ တိုင်းတာတဲ့ သက်မဲ့ ပစ္စည်းနဲ့ သွားတူနေလို့.. “Every man has its own price” ဆိုတာ လူတိုင်းမှာ သူ့တန်ရာ တန်ကြေးရှိတယ် ဆိုတော့ လူ့တန်ဖိုး ဆိုတာ price ဆိုတဲ့ ငွေကြေးတန်ဖိုးနဲ့ တိုင်းတာ စရာ မဟုတ်ပါဘူးလို့ ဒေါက်တာခင်မောင်ညိုရေးတဲ့ ဆောင်းပါး တစ်ပုဒ်မှာ ဖတ်ဖူးပါတယ်။


လူ့တန်ဖိုးဆိုတာ ချမ်းသာကြွယ်ဝမှု ပေါ်မှာ သတ်မှတ်တာ မဟုတ်ပါဘူး။ လူ့တစ်ယောက်ဟာ ဘယ်လောက်တန်ဖိုး ရှိသလဲ ဆိုတာ သူ့ ပတ်ဝန်းကျင် နေထိုင်ရာ ဒေသက သူ့ကို ဘယ်လောက် လိုအပ်နေသလဲ ဆိုတာ ကိုအကြမ်းအားဖြင့် ကြည့်နိုင်ပါတယ်။ သူဘယ်လောက် သူ့ဝန်းကျင်ကို အကျိုးဖြစ်စေသလဲ ပေါ်မူတည်တာပေါ့။ လူတိုင်းမှာတော့ ကိုယ်ပိုင် သက္ကာယ အတ္တလေးတော့ ရှိကြတာပါပဲ။ ဒါပေမယ့် အဲဒိအတ္တလေးဟာ နေရာတကာ မှာ ရှေ့တန်းတင်လွန်းရင်တော့ မကောင်းဘူးပေါ့ဗျာ။ ဘယ်နေရာ ရောက်ရောက် ကိုယ်ကျိုးအတွက်၊ ကိုယ်ကောင်းစားရေး၊ ကိုယ်နာမည်ရရေး၊ ကိုယ့်မိသားစု အတွက်ချည်းပဲ ဆိုပြီး မတွေးသင့်ပါဘူး။ ထိုက်သင့်သလျောက်တော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် လွန်လွန်ကြူးကြူးကြီး ဆိုရင်တော့ အဲဒိလိုလူမျိုးဟာ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနဲ့ သဟဇာတ မဖြစ်တော့တဲ့ လူပို၊ လူ့အမှိုက်၊ ပတ်ဝန်းကျင်ကို ဘာမှ အကျိုးမဖြစ်တဲ့ လူ့အတ္တဘော အဖြစ်ကို အလိုလိုရောက်သွားတတ်ပါတယ်။

တကယ်တော့ ကျွန်တော်တို့ နေထိုင်ရတဲ့ လူ့သက်တမ်းဟာ ယေဘုယျအားဖြင့် ၇၀ ကျော်သာ ရှိပါတယ်။ အဲဒိတော့ ကိုယ့်အသက်နဲ့ ပြန်ပြန်နှုတ်ကြည့်ရင် အချိန်တွေ ဘယ်လောက်ကုန်သွားခဲ့လဲ။ အချိန်တွေ ဘယ်လောက်ကျန်သေးလဲ သိနိုင်ပါတယ်။ ကုန်လွန်သွားတဲ့ အချိန်တွေမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်လည် ဆင်ခြင် နိုင်ပေမယ့် ရှေ့ဆက်ပြီး ဘာတွေဖြစ်အုံးမလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင်စွမ်းပါဘူး။ အဲဒိတော့ အချိန်ကာလလေး တခုအတွင်းမှာ ကျွန်တော်တို့ ဘာလို့များ လူအချင်းချင်း ခေါင်းပုံဖြတ်မှုတွေ၊ နိုင်လိုမင်းထက်ပြုမှုတွေ၊ သူတပါး မျက်ရည်ပေါက်ကြီးငယ် ကျမယ့် မတရားမှုတွေ လုပ်နေအုံးမှာလဲ။ ရှိတဲ့အချိန်လေးမှာ ကိုယ်စွမ်းနိုင်သလောက် ကိုယ့်နီးစပ်ရာလေးကို တတပ်တအား ကူညီကြဖို့ပါပဲ။ အဲဒါ တကယ့် လူသားဆန်တဲ့ ကိုယ်ရည်ကိုယ်သွေး တန်ဖိုး အစစ်ပဲဖြစ်ပါတယ်။
ဒါကိုပဲ ဟုတ်သယောင်ယောင်လွဲမှားနေသူတွေက ရှိပါသေးတယ်။ ဥပမာအားဖြင့် ကျွန်တော့် သူငယ်ချင်း တစုဆိုရင် ဘာသာရေးပရဟိတ အဖွဲ့ကို မကြာမကြာညအိပ်ညနေ သွားကူလုပ်ပေးလေ့ရှိပါတယ်။ ကျွန်တော့်အနေနဲ့ မအားလပ်ပေမယ့် ကျွန်တော်သူတို့ကို အားပေးပါတယ်။ နောင်တချိန်လဲ အဆင်ပြေရင် လိုက်ကူညီဖို့ အသင့်ပါပဲ။ ဒါပေမယ့် ကျွန်တော် ဘ၀င်မကျတဲ့ အချက်တခုတော့ရှိပါတယ်။ ပရဟိတ လုပ်ငန်းအနေနဲ့ သူတို့တွေ အုပ်စုလိုက် ဟိုသွားလှူဒီသွားလှူ ဟိုဘုန်းကြီးကျောင်း ဒီဘုန်းကြီးကျောင်း သွားသန့်ရှင်းရေးလုပ်၊ ရံဖန်ရံခါ အမှိုက်တောင် စုပေါင်းကောက်ကြသေးတယ်ဗျ။ ဒီထိ ကျွန်တော် အားပေးပါတယ်။ သာဓုလဲခေါ်ပါတယ်။

ဒါပေမယ့် သူတို့ကို ကျွန်တော်လေ့လာကြည့်တဲ့အခါ သူတို့က တကယ်ပရဟိတ စိတ်ရှိလို့ထက် အုပ်စုလိုက် အဲဒိလို စုရုံးစုရုံးသွားရတာ ပျော်လို့ လိုက်လုပ်တဲ့ပုံဖြစ်နေတယ်။ ဒါက ကျွန်တော်သိတဲ့ ကျွန်တော့် သူငယ်ချင်းအုပ်စုကို ရည်ညွန်းလိုတာပါ။ တခြားဘယ်သူ့ကိုမှ မဆိုလိုပါဘူး။ တကယ်တမ်း အားမနာတမ်းပြောရရင် သူတို့ဟာ ဒီပရဟိတ အဖွဲ့မှာ ၀ိုင်းဝန်းလုပ်ကြပေမယ့် အိမ်မှာကျတော့ တကယ့်လူပေါ်ကျော့တွေဖြစ်နေတာပါပဲ။ ကျွန်တော်သိသလောက်တော့ သူတို့ဟာ အိမ်မှာတောင် တံမြက်စည်း တချက်မှ မကိုင်၊ ပန်းကန်တချပ်မှ မဆေး၊ အ၀တ်တောင် မလျှော်တဲ့ လူမျိုးတွေက ကိုယ့်အိမ်မှာတော့ အားကျိုးမာန်တက်မလုပ်ပဲ လူမြင်ကွင်းကျတော့ လုပ်လိုက်ကြတာ။ ဒါမျိုးတော့ ကျွန်တော်သဘောမကျဘူးဗျ။ မိမိအိမ်က အထူးသဖြင့် မိဘရဲ့အလုပ် မိမိအိမ်က အလုပ်ကိုလဲ ဒီလို အားကျိုးမာန်တက်ဖြစ်သင့်တာပေါ့။ ဒါမှမဟုတ်ပဲ လူမြင်ကွင်းကျတော့ လုပ်ပြီး လူမမြင်ကွယ်ရာ ကိုယ့်အိမ်မှာကျ မလုပ်ဖူး ဆိုတော့ သိပ်သဘာဝ မကျပဲ ပရဟိတ လုပ်ချင်တာထက် ကိုယ့်လုပ်ရပ်ကို လူသိစေချင်သလို မျိုးဖြစ်နေတယ်။ အဲဒါမှားတယ်လို့ ကျွန်တော်ထင်တယ်။ ကိုယ့်အိမ်မှာလဲလုပ်၊ ဟော အများအကျိုးပြုလုပ်ငန်း ပရဟိတလုပ်ငန်းတွေမှာလဲ ဒီလို တသတ်မတ်တည်း အားကျိုးမာန်တက်ဖြစ်သင့်တာပေါ့။ မိမိလုပ်ရပ် တကယ်မွန်မြတ်ရင် ဘယ်သူ့မှ သိဖို့မလိုပါဘူး။ ကိုယ့်လုပ်ရပ် ကိုယ်သိနေတာပဲ။ ဂုဏ်ယူလိုက်စမ်းပါ။ ဒါဟာ ကိုယ့်တန်ဖိုးကို ကိုယ်မြှင့်တင်တာပါပဲ။
အများအကျိုးပျက်စီးစရာ မလုပ်နှင့်၊ မပြောနှင့်၊ မကြံနှင့် ရယ်လို့ မင်းကွန်းဆရာတော်ဘုရားကြီးက မိန့်ကြားခဲ့ဖူးတယ်လေ။ သူတပါးအကျိုးပျက်သုဉ်းစရာ ဆိုရင် စိတ်နဲ့တောင် မတွေးတာအကောင်းဆုံးပါပဲ။ ဒါဟာသူလဲ ချမ်းသာ ကိုယ်လဲ စိတ်လက်ချမ်းသာပါတယ်။ လူ့ပတ်ဝန်းကျင်ဆိုတာ တစ်ဦးတစ်ယောက်ထဲ နေထိုင်တာ မဟုတ်ပါဘူး။ အပေါင်းအစုသဘော ကွန်ယက်သဘောနဲ့ အားလုံး ပတ်သက်ဆက်နွယ်နေကြတာချည်းပါပဲ။ မိမိမှာ မောဟ၊လောဘ၊ မာန်မာနတွေ ရှိလေလေ ပူလောင်လေလေ ပါပဲ။ အကယ်၍ ရှိနေခဲ့ရင် တတ်နိုင်သလောက် စွန့်ထုတ်ပစ်ဖို့ပါပဲ။ အဲဒိအပူတွေဟာ အများပတ်ဝန်းကျင်ကို မရိုက်ခတ်မိဖို့ အရေးကြီးပါတယ်။ မနာလိုမှု အမုန်းတရား အာဃာတတွေဟာ လူ့အဖွဲ့အစည်းရဲ့ အမှိုက်သရိုက်တွေပါပဲ။ တန်ဖိုးမဲ့ အရာတွေပါပဲ။ နိုင်ငံတနိုင်ငံ တိုးတက်စေတာဟာ လူ့အဖွဲ့အစည်းကောင်းကြောင့်လဲ ပါပါတယ်။ မိမိတစ်ယောက် မကောင်းတာနဲ့ ဘာမှ မဖြစ်နိုင်ဘူးလို့ ဆင်ခြေ ပေးသူဟာ အသိဉာဏ်နည်းလို့ ဖြစ်ပါလိမ့်မယ်။

ပုံပြင်တခုလိုပေါ့။ ရှေးအခါက တိုင်းပြည်တပြည်က ဘုရင်ကြီးတပါးဟာ သူ့တိုင်းပြည်က လူတွေရဲ့ စိတ်ကိုစမ်းချင်တာနဲ့ ဒီလိုကြေငြာလိုက်တယ်။ တိုင်းပြည်မှာ လာမယ့် လပြည့်နေ့ရောက်ရင် အကြီးအကျယ်ဆုံးအလှူလုပ်မယ် အဲဒိအတွက် ဆီတွေ လိုအပ်တယ်။ လပြည့်ည မတိုင်ခင် ညဘက်မှာ ဆီတွေလာထည့်ပေးထားရမယ်။ ဒီတော့ နန်းတော်နားမှာ တိုင်းသူပြည်သားတိုင်း ဆီလာထည့်ဖို့ စဥ့်အိုးတွေ အကျအနပြုလုပ်ပေးထားသတဲ့။ အိမ်တိုင်းထည့်ရမယ်တဲ့။ ထည့်ရမယ့် အချင်အတွယ်ကလဲ သိပ်မများပါဘူး။ အကြမ်းပန်းကန်လုံးလောက်ပဲတဲ့။ ဒီတော့ တိုင်းသူပြည်သားတွေက ဒီလိုတွေးသတဲ့။ တတိုင်းပြည်လုံး ထည့်ကြမယ့်ကိစ္စပဲ။ ပြီးတော့ ထည့်ရမှာလဲ သိပ်မများဘူး အကြမ်းပန်းကန်လုံးလောက်ပဲ ဆိုတော့ အင်း ငါ မထည့်လဲ သူများတွေ ထည့်မှာပဲ။ ငါမထည့်တာ သိမှာ မဟုတ်ပါဘူး ဆိုပြီး မထည့်ဘူး။ ဒီလို အတွေးမျိုးကို တဦးတယောက်တည်း မဟုတ်ပဲ တိုင်းသူပြည်သားတိုင်းက သူ့တို့ ဟာသူတို့ စိတ်ထဲက စိတ်ကူးကြတယ်။ ပြီးတော့ သူများတွေထည့်မှာပဲ လို့ထင်နေကြတယ်။ အဲဒိတော့ တကယ်လဲ လပြည့်နေ့ရောက်တော့ ဟိုလူ ထည့်နိုးနိုး ဒီလူထည့်နိုးနိုးနဲ့ တကယ်လဲ ဘုရင် လာကြည့်ရော၊ ဘယ်သူမှ လာမထည့်ကြလို့ ဆီတစက်မှ မရှိဘူးတဲ့လေ။ အဲဒိတော့မှ ဘုရင်က တိုင်းသူပြည်သားတွေ ကိုစုရုံးခေါ်စေပြီး တဦးတစ်ယောက် လုပ်နိုးနိုးနဲ့ ခိုကပ်ခြင်းဟာ အကျိုးမရှိကြောင်း၊ ဒီလို လူတိုင်းလူတိုင်းသာ ခိုကပ်လို့ ဒီလိုအဖြစ်မျိုးဖြစ်ရကြောင်း၊ ကိုယ့်လုပ်ရပ်ဟာ သေးငယ်ပေမယ့် အပေါင်းအစုဖြစ်လာတဲ့ အခါ ကြီးမာလာနိုင်ကြောင်း ဆုံးမသြ၀ါဒပေးတော်မူလေသတဲ့။ ကဲဒီပုံပြင်လေးထဲက အတိုင်းပါပဲ။ ကိုယ်မလုပ်လို့ ဘာမှ မဖြစ်လာဘူး မထင်ပါနဲ့။ ကိုယ်လုပ်တဲ့ လုပ်ရပ် သေးသေးလေးဖြစ်နေရင်တောင် ဒါဟာ အုတ်တချပ် သဲတစ်ပွင့်ပါပဲ လို့ မှတ်ယူကြပါ။ အကျိုးမရှိမယ့် ကိစ္စတွေကိုရှောင်ပြီး အကျိုးများစေမယ့် ကိစ္စတွေကို ဆောင်ပါ။ ကိုယ့် ပတ်ဝန်းကျင် ကိုယ့် အဖွဲ့အစည်းလေးကို တိုးတက်ကောင်းမွန်အောင် တတပ်တအား ပါဝင်ကူညီ ခြင်းအားဖြင့် တန်ဖိုးရှိတဲ့ လူပီသတဲ့ လူဖြစ်နိုင်အောင် ကြိုးစားကြပါစို့လားခင်ဗျာ။

Read Users' Comments (0)

0 Response to "တကယ့်လူ"