ကျွန်တော်နှင့်ဆောင်း
ကျွန်တော့် သယ်ရင်း okisu က တက်လို့ ဆောင်းအကြောင်းရေးရမယ်ဆိုတော့ ကျွန်တော် ဆောင်းနဲ့ ပတ်သက်လို့ မှတ်မိသလောက် တော်တော် စဉ်းစားရတယ်။ ဆောင်းနဲ့ ပတ်သက်ရင် ရန်ကုန်မှာက သိတဲ့ အတိုင်း ဆောင်းဆိုပေမယ့်လဲ သိပ်ချမ်းချမ်းအေးအေးကြီး မဟုတ်တော့ သိပ်ပြီး မှတ်မှတ်ရရ အများကြီးမရှိပါဘူး။ အဲ လုံးဝ မရှိဘူးဆိုတော့လဲ မဟုတ်ပြန်ဘူး။ ရှိတော့ ရှိပါတယ်။ (ရှုပ်နေတာပဲ :P ) ။ ဆောင်းနဲ့ ပတ်သက်ရင် ပိုပျော်တာက ကျွန်တော် ငယ်ငယ်က နေခဲ့တဲ့ လွိုင်ကော်မြို့လေး ကိုတော့ တော်တော်မှတ်မှတ်ရရ ရှိပါတယ်။ ကယားပြည်နယ်ဆိုတော့ ဆောင်းတွင်းမဟုတ်လဲ အေးပါတယ်။ ဆောင်းတွင်းဆိုတော့ ပိုအေးတာပေါ့။
ညနေပိုင်း ၅ နာရီ နောက်ပိုင်းဆို အေးလွန်းလို့ တော်ရုံ အပြင်မထွက်တတ်ကြဘူး။ အိမ်တွင်းမှာ အောင်းနေကြတာများတယ်။ ပွဲတော်နေ့တွေက လွဲလို့ပေါ့။ ညဘက်ဆို ၉ နာရီလောက်ဆို လမ်းမပေါ်မှာ လူရှင်းနေပြီ။ ပြီးတော့ ကျွန်တော်ငယ်ငယ်နေတုန်းက နယ်မြေကလဲ သိပ်မအေးချမ်းသေးဘူးလေ။ ဒါပေမယ့် ကလေးဘ၀ မူကြိုကနေ ၃ တန်းနှစ်ဝက်လောက်ထိ နေခဲ့ရတော့ လွိုင်ကော်မြို့လေးကို ကျွန်တော် နှစ်ခြိုက်ခဲ့တယ်။ ဖေဖေက အစိုးရ အရာရှိဆိုတော့ အလုပ်တာဝန် အရ ပြောင်းရွှေ့နေရတော့ ကျွန်တော်က နယ်စုံလိုက်ရတာပေါ့။ လွိုင်ကော်မှာ နေရတဲ့ ရပ်ကွက်လေးက ဒေါ်အုပ်ခူဆိုတဲ့ ရပ်ကွက်လေး။ အဲဒိရပ်ကွက်လေးက တော်တော် ပျော်ဖို့ကောင်းတယ်ဗျ။ ကျွန်တော့် သူငယ်ချင်း ကယားသားလေးတွေလဲ ရှိတာပေါ့။ ပြီးတော့ ကျွန်တော်က သူတို့ နည်းတူ လိုက်ဆော့ရင်း မျောက်မူးလဲလေးဖြစ်တာပေါ့။ ဟိဟိ။
ဘယ်လောက်ဆော့လဲဆိုတော့ သူများစိုက်ထားတဲ့ နေကြာပန်းခင်းထဲ ခိုးဝင် နေကြာပန်းတွေ ခူးပြီး ကလေးတွေကြီးပဲ ကိုယ့်နည်းကိုယ့်ဟန် အိမ်က မီးဖိုချောင် ပစ္စည်းလေးတွေ မလာပြီး လှော်စားကြတယ်လေ။ အဲ စိုက်ခင်းပိုင်ရှင်လဲ သိသွားရော ကျွန်တော့် အိမ်ကို သွားတိုင်တာပေါ့။ အံမယ်လေး ဖင်လှန်ပြီး အဆော်ခံရတာ အရှိုးရာကို ထပ်သွားတာပဲဗျာ။ ပြီးရင် တောက်တီးတောက်တဲ့တွေလဲ လုပ်စားသေးတယ်။ ပြောရင် ယုံမှာတောင်မဟုတ်ဘူး ပေါက်သင်ညိုလေ ကျွန်တော့်သူငယ်ချင်း ကယားသားလေးတွေက လေးခွနဲ့ ပစ်ပြီး ဖမ်းတယ်။ ပြီးရင် ဘာလုပ်တယ်မှတ်လဲ မီးဖုတ်ကင်စားကြတယ်ဗျ။ တချို့ကို အရည်သောက် ချက်စားကြတယ်ဗျာ။ ကျွန်တော်ကလဲ အစားအကောင်းတွေ မမက်ဘူးအဲလို တောက်တီးတောက်တဲ့တွေ လိုက်စားတာလေ။ ကောင်းတယ်ဗျ ပေါက်သင်ညို သားက စိမ့်နေတာပဲ။ အဲလေ ငယ်ကျိုးငယ်နာတွေ ပေါ်ကုန်ပါပြီ။ ဟီးဟီး။
ဆောင်းတွင်းဆိုရင် ချမ်းလွန်းလို့ ကုတင်ပေါ်မှာ ဂွမ်းစောင်အထူကြီးတွေ ခြုံပြီး ဘေးမှာ မေမေက ပုံပြင်လေးတွေ ပြောပြ သိပ်ပျော်ဖို့ကောင်းတယ်။ အေးလွန်းတော့ အပြင်ဘက် အိမ်သာသွားတက်ပြီးရင် တော်တော်နဲ့ ခြေဖျားလက်ဖျား ပြန်မနွေးတော့လောက်အောင် အေးတယ်။ ပြီးရင် ၀န်ထမ်းအိမ်ယာတွေ ဆိုတော့ လုံးချင်းအိမ်လေးတွေ ဆိုပေမယ့် တအိမ်နဲ့ တအိမ် နီးတယ်ဗျ။ တချို့အိမ်လေးတွေရှေ့မှာ မီးတွေဖိုပြီး မီးလှုံကြတယ်လေ။ တခါတလေ ကျွန်တော်က ဘေးအိမ်ဘက်က သူငယ်ချင်းတွေ ဆီသွားလည်ပြီး မီးပုံတွေ ဘေးမှာဆော့ရတာ အမှတ်တရ ပါပဲ။ ပြီးတော့ ကျွန်တော်တို့ အိမ်က ခရစ်ယာန် မဟုတ်ပေမယ့် ခရစ်စမတ်ကျရင်လဲ အိမ်ရှေ့မှာ မီးပုံးလေးတွေ ချိတ်ပြီး ဓမ္မတေးလာသီဆိုသူများကိုလဲ လက်ခံ အလှူထည့်လေ့ရှိတယ်။ ပြီးတော့ ဒေါ်အုတ်ခူ ရပ်ကွက်လေးမှာက ခရစ်ယာန်များတော့ ဒီဇင်ဘာ လဆိုရင် တာလဘော ဟင်းတို့ ရှမ်းစာတို့ကို အလျှံပယ် လာပို့ ကြတော့ ၀ါးတီးဆွဲလို့လဲ ကောင်းပဗျာ ဟီးဟီး။
အဲပြီးရင် ဆောင်းတွင်းမှာ ဘယ်ရက်လဲ မမှတ်မိတော့ပေမယ့် ကယားဒေးလုပ်တယ် ထင်တာပဲ။ ကယားဒေးဆိုရင် ပန်းခြံရှိတယ်ဗျ နာမည်တောင်မေ့နေပြီ။ အဲဒိပန်းခြံမှာ စည်စည်ကားကားလုပ်တယ်။ ကယားအပြင် လည်ပင်းရှည် ပတောင် လူမျိုးတွေပါ လာကြတယ်လေ။ ရဟတ်၊ ပြီးတော့ ပန်းခြံကို ပတ်တဲ့ ရထားပေါက်စလေးတွေ လဲရှိတယ်။ ကြီးကြီးကျယ်ကျယ်ကို ကျင်းပတာ။ ကျွန်တော်မှတ်မိသလောက်တော့ ကျွန်တော်က ရထားကို အကြိမ်ကြိမ်စီးနေရရင် ကျေနပ်နေတာပဲ။ အရမ်းပျော်ဖို့ကောင်းတယ်ဗျ။ ပြီးရင်အဲလို ပွဲမျိုးမှာ ခေါင်ရည်လဲ ရတယ်ဗျ။ ခေါင်ရည်က ကယားမှာအေးတော့ ယောက်ျား မိန်းမ မရွေးသောက်ကြတယ်လေ။ အဲမူးတော မူးတယ်။ ကျွန်တော်က ခေါင်ရည်ဆို အရမ်းကြိုက်တယ်။ ချိုလဲချိုတာကိုး။ :P ။ ငယ်ငယ်တုန်းကဆို ဟိုကြော်ငြာလေး သတိရသေး ကြလား မသိဘူး။ မြန်မာ့ရုပ်မြင်က လာတာလေ။ မီးမီးတို့ အကြိုက်မွန်းလိုက် ဆိုတာလေ။ ဟဲဟဲ အဲဒါကို ကျွန်တော်က ထပ်ဖြည့်လိုက်တယ်။ သားသားတို့အကြိုက် ခေါင်ရည် ဆိုပြီးလေ။ ဟီးဟီး။ အဲဒါ ရန်ကုန်က အဖွားအိမ် သွားလည်တုန်း အဲဒီလို ဆိုပြကောင်းလို့ အဖွားက ခေါင်းကို ဂွက်ကနဲနေအောင် ခေါက်တာခံလိုက်ရသေးတယ်။ ;)
ငယ်ငယ်ကတည်းကလဲ နေလာတယ်။ မြို့အေးအေးလေးလဲ ဆိုတော့ မှတ်မိနေတာပေါ့ဗျာ။ ဆောင်းတွင်း ရောက်ရင် အရိုးထဲထိ ချမ်းတတ်လို့ စောင်ထူထူခြုံကွေးရတာလဲ အရသာ တမျိုးတော့ ရှိသား။ ပြီးရင် မနက်စောစော နှင်းခိုးလေးတွေ တဖြိုက်ဖြိုက် ကျတုန်းမှာ ဖေဖေက ယောက်ျားစီးဘီးကြီး စီး မေမေကို နောက်ခုံမှာတင် ကျွန်တော်က စက်ဘီးလက်ကိုင် ရှေ့က ကလေးထိုင်တဲ့ ခုံလေးမှာ လိုက်ပြီး ၅ ရက် တဈေး ကိုသွားကြတာ ငယ်ငယ်တုန်းက အမှတ်တရလေးတွေပေါ့ဗျာ။ ပြီးတော့ အိမ်နဲ့ ကျောင်းနဲ့က တော်တော်လေးနီးတော့ လမ်းလျှောက်သွားရင်း လမ်းမကြီးပေါ်က လျှောက်လို့ရရဲ့သားနဲ့ လမ်းဘေးက နှင်းတွေစိုနေတဲ့ မြက်ခင်းလေးတွေ ပေါ် နင်းဖြတ်လျှောက် ရတဲ့ စိုစွတ်စွတ် အရသာလေးဟာ ဘယ်တော့မှ မမေ့သေးဘူး။ ဆောင်းတွင်းဆို နှင်းတွေ ဘယ်လောက်ကျလဲ ဆိုရင် လက်ဖ၀ါးလေးတွေနဲ့ ခံထားရင်တောင် မွှားမွှား လေးတွေ ကျတတ်လို့ မေမေ ကိုယ်တိုင် သိုးမွှေးထိုးပေးထားတဲ့ ခေါင်းစွပ်၊ ၀တ်စကုပ်လေးတွေ ၀တ်ရတာ ကိုယ့်ကိုကိုယ်လှတယ် ထင်နေတတ်တာလေ။ ပြီးတော့ နှင်းမှုန်တွေ ကြားထဲမှာ သူငယ်ချင်းတွေနဲ့ မျောက်ရှုံးအောင် ဆော့ခဲ့တာတွေလဲ မှတ်မှတ်ရရပေါ့ဗျာ။ ကျွန်တော်ကတော့ ဆောင်းတွင်းနဲ့ ပတ်သက်လာရင် လွိုင်ကော်မြို့လေးကိုသာ ပြေးပြေးမြင်မိပါတော့တယ်။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
November 5, 2007 at 8:44 PM
ကျေးဇူးဘဲသယ်ရင်းရေ မအားတဲ့ကြားကရေးပေးတဲ့ အတွက် ကောင်းတယ်ကွာ
November 22, 2007 at 2:38 PM
Kayah Day Jan-15
Thanks for your post.
I lived there for 2o yrs.