ကျွန်တော်တို့ ရပ်ကွက်က ပထမ မိန်းလမ်းကြီး ပြီးတော့ အတွင်းဘက်လမ်းနားမှာပါ။ ကျွန်တော်နေတဲ့ လမ်းက နေ အပြင်ဘက်လမ်းကားဂိတ်ကို နဲနဲလေးလမ်းလျှောက်ရပါတယ်။ ဒါပေမယ့် အဲဒိကားဂိတ်က ထူးဆန်းစွာပဲ ကားတွေ ရပ်ခဲပါတယ်။ ကပ်ကျော်မှတ်တိုင် ပေါ့ဗျာ။ အဲဒိတော့ မဖြစ်မနေ ဆိုက်ကားစီးပြီး တမှတ်တိုင် ကျော်ကို စီးရတယ်။ ကျွန်တော်တို့ ရပ်ကွက် လမ်းထိပ်လေးမှာ ဆိုရင် တရားဝင်တော့ မဟုတ်ပေမယ့် ဆိုက်ကားဂိတ်လေးရှိပါတယ်။ တရားဝင်မဟုတ်ဘူးဆိုတာ ဆိုက်ကားတွေက ဂိတ်တွေမှာဆိုရင် တန်းစီနေရတာနဲ့ဆိုတော့ အလွယ်တကူ ကိုယ့်ရပ်ကွက်နားက ကိုယ့်ဖောက်သည် လေးတွေကို လိုက်ပို့ လိုက်ကြိုလေးတွေပဲ လုပ်ကြရင်း ဆိုက်ကားဂိတ်လေးဖြစ်နေတာပေါ့ဗျာ။
ကျွန်တော်က အမြဲတမ်း အပြင်ထွက်တိုင်း ဆိုက်ကားနဲ့သာ သွားရတာမို့ ဆိုက်ကားဆရာတွေနဲ့ လဲရင်းနှီးနေပါပြီ။ ဆိုက်ကားဂိတ်မှာဗျာ ထူးထူးခြားခြား အသက် ၇၀ ကျော်နေတဲ့ ဆိုက်ကားဆရာ တစ်ယောက်ရှိတယ်ဗျာ။ သူ့ခင်မျာ သားသမီးတွေ အနီးအနားမှာ မရှိရှာဘူးဗျာ။ အဖိုးကြီး အဖွားကြီးလင်မယား နှစ်ယောက်ပဲ ရှိတယ်တဲ့။ တခြားဘာမှ မလုပ်စားဘူး။ ဆိုက်ကားနင်းရင်း အဖိုးကြီး အဖွားကြီး၂ယောက်စား ကြတယ်တဲ့လေ။ ကျွန်တော် အဲဒိအဖိုး က ကျွန်တော့် အဖိုးနဲ့မှ ရွယ်တူပဲဗျာ။ ကျွန်တော် ဆိုက်ကားစီးရင် သူ့ကို ကျွန်တော် အမြဲရှောင်တယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် မစီးရက်ဘူး။ ကျွန်တော်လို့ လူကို တင်နင်းရမယ့် အဖိုးအိုး တစ်ယောက်ကို ကျွန်တော် မကြည့်ရက်ဘူးဗျာ။ ကျွန်တော် စိတ်မကောင်းဘူး အားနာလို့ တခြားဆိုက်ကား သမားတွေကို သာ ငှားတယ်။ ဒါပေမယ့်ဗျာ တခါတလေ သူ့နဲ့ ကြုံရင် စီးရတယ်ဗျာ။ သူကလဲ ကျွန်တော် ဆိုက်ကား စီးနေကျဆိုတာသိနေတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်စီးရင် ၂၀၀ တန်ခရီးကို ၃၀၀ လောက်ပေးလိုက်တယ်။ သိပ်တော့ မစီးချင်ဘူး။ ဒါပမေယ့်ဗျာ ကျွန်တော်က ကြုံတဲ့အခါပြောပါတယ် အဘရယ် ဈေးပဲရောင်းစားပါလားလို့ ဆိုတော့ အရင်ထဲက ဆိုက်ကားနင်းစားလာတာ တဲ့ အခုလဲဒါပဲလုပ်တတ်တယ်တဲ့။ ကျွန်တော့်ကို သူပြောတယ်။ လူလေး အဘကို အားနာလို့ မစီးတာ အဘ သိပါတယ်တဲ့။ ဒါပေမယ့် အဘက ဆိုက်ကားနဲ့ စီးပွားရှာနေရတော့ လူလေးတို့ မစီးရင် အဘ ဘယ်ဆွဲကောင်းမလဲ ပိုက်ဆံဘယ်ရမလဲတဲ့။ ကျွန်တော် ဘာပြန်ပြောရမှန်းမသိဘူးဗျာ။ သူပြောတာလဲ ဟုတ်သလိုပါပဲ။ သူဒါနဲ့ လုပ်စားတာကို ကိုယ်ကတော့ အားနာပေမယ့် သူ့မှာ အကျိုးယုတ်သွား နိုင်တယ်လေ။ ကျွန်တော် ရင်ထဲလေးပင်စွာပဲ ကျွန်တော်လမ်းထိပ် ကို ထွက်ပြီး ဆိုက်ကားစီးတိုင်း အဲဒိအဘ နဲ့ မကြုံချင်ဘူးဗျာ။ ကြုံရင်လဲ စီးသင့်သလား မစီးသင့်သလား မသိတော့ဘူး။ ကျွန်တော်ဘာလုပ်ရမလဲဗျာ။
0 Response to "ကျွန်တော်ဘာလုပ်ရမလဲ"
Post a Comment