twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မနေ့က အကြောင်း ပြန်ပြောင်း အောက်မေ့

နောက်ဆက်တွဲ များ ထပ်ဖြည့်ထားပါသည်။

တနေ့ကထဲက ကျွန်တော်တို့ ဘလော့ဂ်ဂါတွေ မြေနီကုန်း Service + မှာ စုပြီး နောက်တနေ့ အတွက် စီစဉ်စရာ ရှိတာ စီစဉ်ကြတယ်။ ဟောပြော မယ့် သူတွေက လဲ presentation အတွက် ပြင်ဆင်ကြတာပေါ့။ အားလုံး ရှိတဲ့ လူလေးနဲ့ တစ်ယောက် တစ်လက် ၀ိုင်းလုပ်ကြပြီး မနက်ဖြန် ကို ၈ နာရီ အရောက် မြေနီကုန်းမှာ ဆုံဖို့ ပြောပြီး ၇ နာရီလောက်မှာ ပဲ တချို့ လူစုခွဲကြတယ်။ ကျွန်တော် မနက်ဖြန်ပွဲ အတွက် ရင်ခုန်တာ များ အိပ်မက် ထဲမှာ တောင် ဆီမီနာ လုပ်နေတယ်ဗျာ။


ဒါနဲ့ မနက် ကျတော့ ကျွန်တော် နေတဲ့ မြောက်ဒဂုံကနေ ၆း ၀၀ နာရီလောက် ထဲက ပြင်ဆင် ၆း ၃၀ လောက် က မြေနီကုန်းကို ထွက်ရတယ်။ ကျွန်တော် မြေနီကုန်း ရောက်တော့ ဘယ်သူမှ မရှိသေးဖူး။ ဒီလိုနဲ့ ဟိုတစ်ယောက် ဒီတစ်ယောက်နဲ့ လူစုံလာပြီး ကျွန်တော်၊ ကိုဖြိုး၊ ကိုဘလာဂေါက်၊ ကိုကျော်ဇေယျ က တဖွဲ့၊ ကျန်လူများက တစ်ဖွဲ့ Myanmar Info-tech ကို ချီတက်ကြတယ်။ ဟိုရောက်တော့ vinyl တွေ ချိတ် လတ်မှတ်ထိုးမယ့် vinyl ရွက်ကြီးကို ၀ိုင်းကပ်ပေးရင်း ဟိုလုပ်ဒီလုပ်နဲ့ ၁၀ နာရီထိုးသွားတယ်။ ကျွန်တော်ရယ် ဘလင့်ရယ် ကိုသန်းဇော်မင်းရယ် က အ၀မှာ ထွက် ပြီး ဧည့်ကြိုကြတယ်။ ပထမ ၉နာရီလောက်ထဲ က တဖွဲဖွဲ မိုးရွာနေလို့ လူသိပ်လာပါ့မလားလို့ ကျွန်တော်က ထင်သေးတယ်။ မကြာပါဘူး။ ၁၀ နာရီ ကျော်ကျော် လောက်လဲကြရော လူတွေ တဖွဲဖွဲ ရောက်လာကြတာ ကျွန်တော်တို့ ဧည့်ကြိုတွေတောင် မနားတမ်းဖြစ်ကုန်တယ်။ အဲ အစီအစဉ်စတော့ လူတွေ က ခမ်းမ အပြည့်အပြင် မလောက်တော့လို့ ခုံတွေ အပြေးအလွှား သွားမှာ နေရာ ချပေးလုပ်ရသေးတယ်။ အံ့သြ၀မ်းသာ စရာ ကောင်းလောက်အောင် ကို လူ၆၀၀ လောက်တက်ရောက် အားပေးကြတယ်။ ပထမ ဆုံး အဖွင့် အမှာ စကားကို ဦးရဲမြတ်သူက ပြောကြားပေးပါတယ်။ ကျွန်တော်ကတော့ ကင်မရာ တစ်လုံးနဲ့ ဟိုပြေးရိုက် ဒီပြေးရိုက် အလုပ်တွေ ရှုပ်နေတယ်။ ပထမပိုင်းကို ကိုနေဘုန်းလတ်နဲ့ မဘာညာတို့က ဟောပြောကြပါတယ်။ ကျွန်တော်တို့ ဒီနေ့ပွဲမှာ ထူးခြားသွားတာက လတ်မှတ်ထိုးတဲ့ ဘုတ်လေးပေါ်မှာ ပရိသတ်တွေက ကြိတ်ကြိတ်တိုး လက်မှတ်ထိုးပေးပြီး ကော့မန့် လေးတွေ ပွတ်သွားကြခြင်းပါပဲ။ မှတ်မှတ်ရရပဲ။ တိုးလို့တောင် မပေါက်ဘူး။ လူအုပ်ကြားထဲ ၀င်တိုးပြီး ဓာတ်ပုံရိုက်ရတယ်။ ကင်မရာတွေက ရိုက်တဲ့ပုံတွေကို ကိုစစ်အိမ် ရဲ့ လက်ပ်တော့ထဲ ကို ရိုက်ပြီးတဲ့ ပုံတိုင်းကို သွားသွားထည့်ကြတယ်။

ပြီးတော့ ကိုကျော်ဇေယျတို့က နိုင်ငံတကာ က ဘလော့ဂ်ဂါ ရောင်းရင်း ညီအကို မောင်နှမ များ အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်ရန် အွန်လိုင်းပေါ်တင် ပေးနေကြပါတယ်။ ကျွန်တော်တို့ ဘလော့ဂ်ဂါတွေ အားလုံးလဲ သူ့ အလုပ်နဲ့ သူဇယ်ဆက်နေကြပါတယ်။ ဒုတိယ ပိုင်းမှာ ကိုစိုးဇေယျကြီးက ပရိသတ် အမြင်ကို အင်တာဗျူးပါတယ်။ ပရိသတ်ရဲ့ တုံ့ ပြန်သံတွေကလဲ အနာဂတ် မြန်မာ ဘလော့ဂ်ဂါ လောက အတွက် အားတွေပါပဲ။ ဒုတိယပိုင်းမှာ မမီ( မမယ်လိုဒီမောင်)၊ ကိုမျက်လုံး၊ ကိုစေတန်ဂေါ့တ် တို့က ဆက်လက်ဟောပြောကြပြီး ပရိသတ်များမှ မေးသော မေးခွန်းစာရွက်လေးများအား ကိုနေဘုန်းလတ်၊ ကိုစေတန်ဂေါ့တ်၊ ကိုညီလင်းဆက်၊ တို့မှ ပြန်လည်ဖြေကြား ပေးသွားပါတယ်။ အခမ်းအနား အစီအစဉ် နောက်ဆုံး မှာ survey form လေးတွေကို ပြန်လိုက်ကောက်ပြီး ကံစမ်းမဲ အစီအစဉ်ကျင်းပပါတယ်။ စိတ်လှုပ်ရှားစရာ အပြည့် နဲ့ ကံစမ်းမဲ ဖောက်ကြပါတယ်။ အင်္ကျီများ၊ ဆိုက်ဘာကဖေး ဆိုင်များ တွင် အင်တာနက် အသုံးပြုခွင့် ၁၀နာရီစာ ကဒ်လေးများ၊ Memory Stick များကို ပျော်ရွှင် စွာ မဲဖောက်ပေးကြပါတယ်။ ကံစမ်းမဲများဖောက်ပေးလို့ အပြီးမှာ အခမ်းအနားကို ရုတ်သိမ်းပါတယ်။ ဒီနေရာမှာ ထူးခြားစွာပဲ ကျွန်တော်တို့ အစီအစဉ်က ၄နာရီ တော်တော် ကျော်သွားတာတောင် ပရိသတ်တွေ လုံးဝ ထမပြန်ကြပါဘူး။ ကျွန်တော်တို့ ပြုလုပ်တဲ့ ဆီမီနာကြီး အမှန်တကယ် အောင်မြင် မှုရတယ်လို့ ပြောနိုင်ပါတယ်။ ကဲအားလုံးလဲ ပြီးပြီ ဆိုတော့မှ ကျွန်တော်တို့ အားလုံး ပီတိအပြုံးလေးတွေ ကိုယ်စီနဲ့ပေါ့။ ကျွန်တော်တို့ အားစိုက်လုပ်ထားသမျှ တကယ်အောင်မြင်မှုရလိုက်တဲ့ အတွက် မဖော်ပြနိုင်အောင် ၀မ်းသာမိပါတယ်။ နိုင်ငံတကာက ဘလော့ဂ်ကာ သူငယ်ချင်းများရဲ့ ကူညီဖေးမ မှုကြောင့်လဲ ပါပါတယ်။ သူတို့လဲ ၀မ်းသာပီတိဖြစ်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အစီအစဉ် ၁၅ အခမ်းအနားပြီးကြောင်းကြေငြာပြီး ပွဲပြီးတော့ ကျွန်တော်တို့ တွေ အစီအစဉ် ၁၆ ကို ကမ်းနားလမ်းက ရွှေဘဲ စားသောက်ဆိုင်ကို ဦးရဲမြတ်သူတို့ အပါအ၀င် ချီတက်ကြပါတယ်။ ထမင်းကြော်၊ ခေါက်ဆွဲကြော်များ တပျော်တပါး မှာစားကြပြီး ဘလော့ဂ်ဂါ အချို့မှ လွဲပြီး ကျန်သော ဘလော့ဂ်ဂါများ ဘီယာ သောက်ပြိုင်ပွဲ ကျင်းပကြပါတယ်။ (မှတ်ချက်။ ။ မသောက်သော ဘလော့ဂ်ဂါထဲတွင် ကျွန်တော် မပါတာတော့ အထူးပြောစရာ လိုမည် မထင် :D ) ဘလော့ဂ်ဂါမမ တွေက အအေး သောက်ကြပြီး အအေး သောက်တဲ့ သူတို့က ကျွန်တော်တို့ကို ပြန်ရစ်နေပါတယ်။ ဟီးဟီး။ ခုံတန်းရှည်ကြီးမှာ တဆက်တည်းထိုင်ပေမယ့် ကိုဘလာဂေါက်၊ ကိုမျက်စိ၊ ကိုညီလင်းဆက်နဲ့ ဦးရဲမြတ်သူတို့က ရောက်တတ်ရာရာ ပြောနေကြတဲ့ အဖွဲ့က တပိုင်း၊ ကျွန်တော်တို့ ၀ါးတီးစား ဘီယာသောက်ကြတဲ့ ဘလော့ဂ်ဂါတွေ အများစုက တပိုင်းဖြစ်နေတယ်။ ပြီးတော့ ကိုနေဘုန်းလတ်လား ကိုစိုးဇေယျလား မသိ ဇာတ်လမ်းစ လိုက်တာ သီချင်းတွေ ထဆိုကြတယ်။ ဆိုတဲ့ သီချင်းကလဲ ကြည့်အုံး နဂါးနီသီချင်း။ ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြစောင်ပါမည်။ ရတနာ ခုနှစ်သွယ် တကယ်ပင် စုံညီ တို့ အမျိုးသားတိုင်းပြည် ….အိုဘာတဲ့ (ဆိုရုံတင်မက ဘူး ကျွန်တော်တို့တွေက လက်ခုပ်ပါတီးကြသေးတယ်။) တဆိုင်လုံးဆူညံနေအောင် ကျွန်တော်တို့ သီဆိုကြပါတယ်။ ကျွန်တော်တို့ ဒီတခါဆီမီနာ လုပ်တာ ပိုပြီး unite ပိုဖြစ်လာသလိုပဲ။ တကယ့် ကို မိသားစုကြီးနဲ့ ပိုတူလာတယ်။ တကယ်ပါ ကျွန်တော် ဒီအသိုက်အ၀န်းလေးကို ပိုချစ်သထက် ချစ်သွားပြီဗျာ။ ကျွန်တော် ရင်ထဲမှာ မဖော်ပြနိုင်လောက်အောင် ကို ၀မ်းသာလွန်းပါတယ်။ အဲဒါနဲ့ ကျွန်တော်တို့ အစီအစဉ် ၁၆ ကို ည ၈ နာရီ ကျော်လောက်မှာ အဆုံးသတ်ပြီး လူစုခွဲကြပါတယ်။ ဒါပေမယ့် ကိုဘလာဂေါက် ဦးဆောင်တဲ့ ကျွန်တော်တို့ ဘလော့ဂ်ဂါ တချို့ကတော့ အစီအစဉ် ၁၇ ကို ဘောလုံးပွဲပြတဲ့ စားသောက်ဆိုင်ဆီသို့ ချီတက်ကြပါတယ်။ ဘောပွဲကြည့်ပြီး ပြန်လာတော့ ည ၁၂ နာရီတော်တော်ကျော်နေပြီ ဒါနဲ့ ကျွန်တော်တို့ အကုန်လုံး ကိုနေဘုန်းလတ် ဆိုင်မှာ ပဲ အိပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဆိုင်ရောက်တော့ နေ့ခင်းက ရိုက်လာတဲ့ ပုံလေးတွေကို ဘလော့ဂ်ပေါ်တင် ကြတယ်။ ကိုဘလာဂေါက်ကြီး နဲ့ ဘလော့ဂ်ဂါ တချို့ က အစီအစဉ် ၁၈လုပ်ဖို့ ကျွန်တော်တို့ ပို့စ်တင်တာတွေကို စောင့်ကြပါတယ်။ ကျွန်တော်တို့လဲ ဈာန်ဝင်သွားတာနဲ့ သတိထားမိတော့ အားလုံး အပေါ်ထပ်တက်အိပ်ကုန်ကြပြီ။ နာရီပြန်ကြည့်တော့မှ ၃း ၃၀တော့မယ်။ ပို့စ်တွေ အကုန် တင်ပြီး တော့မှ နဲနဲ အိပ်ချင်လာသလို ဖြစ်လာတယ်။ အဲဒီမှာ ကိုချစ်စမ်းတို့က ဘာတွေ နောက်ကြောင်းမအေး စရာတွေ ရှိလဲမသိ မနက် ၃ နာရီကျော်လောက်ကျမှ အိမ်ပြန်မယ်ဆိုပြီး ပြန်သွားလေရဲ့။ :D အိပ်ချင်လာပြီဆိုပြီး ကျွန်တော်လဲ အပေါ်ထပ်တက်တော့ လားလား ရဲဘော်တွေ အတုံးအရုန်း အိပ်မောကျနေကြပြီ။ တရှုးရှုးနဲ့တောင် မြည်နေသေးဗျ။ ဒါနဲ့ကျွန်တော်လဲ တစ်နေရာစာ ရှာပြီး အိပ်လိုက်တာ မနက် ၈ နာရီ ခွဲမှ နိုးတော့တယ်။ အဲဒိကျမှ ကမန်းကတန်း ထပြီး ဗိုက်ဟောင်းလောင်းနဲ့ အိမ်ကို Taxi ငှားပြီး ပြန်ခဲ့ရတယ်။ ကိုစိုးဇီယျနဲ့ ကိုကျော်ဇေယျတို့ တော့ အိပ်လို့ ကောင်းတုန်းထင်ပါရဲ့။


ဒီပုံကို တေဇာ့ဆီမှ ကူးယူပါတယ်။

နောက်ဆက်တွဲ။ ။ ညစာစားပွဲတက်ရောက်ကြတဲ့ ဘလော့ဂ်ဂါများထဲမှ မှတ်မိသလောက်ပြောပြရရင်ကိုဘလာဂေါက်၊ ကိုစစ်အိမ်၊ ကိုမျက်လုံး၊ ကိုဝေယံလင်း၊ ကျွန်တော်၊ ကိုတက်စလာ၊ ကိုနေဘုန်းလတ်၊ ကိုစိုးဇေယျ၊ ဆူးရဲ၊ ကိုသန့်ဇော်မင်း၊ တေဇာ၊ ကိုဖြိုး၊ ကိုချစ်စမ်း၊ ကိုကျော်ဇေယျ၊ မပင့်ဂိုး၊ မစိတ်ကူး၊ မမယ်လိုဒီမောင်၊ မနှင်း(ကောင်မလေး)၊ မမေဒီဇွန်၊ မဘာညာ တို့ဖြစ်ကြပါတယ်။ အခြားကျွန်တော် မေ့ကျန်ခဲ့သော၊ နာမည် မေ့နေသော ဘလော့ဂ်ဂါများ တစ်ယောက် ၂ ယောက်ရှိအုံးမလား မသိဘူး။ ကျွန်တော် မှတ်မိသလောက် ရေးရလို့ ခွင့်လွှတ်ပေးပါ။ တကယ်လို့ သိရင် ထပ်ဖြည့်ပေးပါ့မယ်။


Read Users' Comments (2)

2 Response to "မနေ့က အကြောင်း ပြန်ပြောင်း အောက်မေ့"

  1. စိုးဇေယျထွန်း says:
    September 4, 2007 at 3:24 AM

    စာအရှည်ကြီး ရေးတော့မယ်ဆိုရင် အပိုဒ်ခွဲပြီး ရေးရတယ်

  2. Minn Yoon Thit says:
    September 4, 2007 at 9:20 AM

    ဟုတ်ကဲ့ အခုလို အကြံပေးတဲ့ အတွက် ကျေးဇူးပဲ ဂျာနယ်ရှော်ကြီးရေ...