twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မြန်မာနိုင်ပြီ

မြန်မာဘောလုံးပွဲဆိုလို့ ကျွန်တော် မှတ်မှတ်ရရ ပွဲတစ်ခု သွားသတိရပါတယ်ဗျာ။ အသက် ၁၉ နှစ်အောက် အာဆီယံ ဖလား မြန်မာပြည်မှာ လာကန်သွားတုန်းက ပါ။ ခုနှစ်တော့ မမှတ်မိတော့ပါဘူး။ ကျွန်တော်ထင်တာတော့ ၂၀၀၃ နဲ့ ၂၀၀၄ တခုခုပဲလား မသိဘူး။ ကျွန်တော်ဘောလုံးပွဲကို ကိုယ်တိုင် ကိုယ်ကျ ကွင်းထဲမှာ ကြည့်ခဲပါတယ်။ ကြည့်ခဲတယ် ဆိုတာ မကြည့်ချင်လို့ မဟုတ်ပါဘူး။ ကြည့်ဖို့ အခြေအနေမပေးတာ။ ပြီးတော့ အဲဒိတုန်းကလဲ နိုင်ငံတကာပွဲရှားပါးတာ က တကြောင်းကြောင့် ဘောလုံးပွဲတွေကို တီဗွီက ပဲကြည့်တာများပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား အဲဒိနှစ်က U-19 ဘောလုံးပွဲကို မြန်မာပြည်မှာ ကျင်းပမယ်ဆိုတော့ ကျွန်တော်တို့တက်ကြွနေကြတာပေါ့။ ကျွန်တော်က မြန်မာဘောလုံးအသင်းနဲ့ ပတ်သက်ရင် ရှုံးလို့ဘယ်လောက် စိတ်ဆိုးပြီး ဆဲမိပါစေ။ တကယ့် တကယ် ရင်ထဲမှာတော့ နှစ်နှစ်ကာကာ အားပေးတာပါ။
ငယ်ငယ်တုန်းကဆို ရူးတယ်လို့ပြော ချင်ပြော ကျွန်တော် မြန်မာ ရှုံးရင် ရှိုက်ကြီးတငင်ငိုတတ်ပါတယ်။ အဲဒိနေ့ တနေ့လုံး ထမင်းမစား နိုင်တော့ဘူး။ မြန်မာအသင်းနဲ့ ပတ်သက်လာရင် မြန်မာပွဲ ရှိတယ်ဆိုရင် ၉တန်း ၁၀တန်းလောက်တုန်းက ကျူရှင်ရှိရက်နဲ့ အရိုက်ခံပြီးတော့ စလောင်းပြတဲ့ နေရာမှာ သွားကြည့်တယ်ဗျာ။ ၁၀တန်းတုန်းကဆို ဆရာမ တစ်ယောက်က ကျွန်တော့်ကို အရေးကြီးတဲ့ စာသင်မယ့် နေ့ မလာလို့ (ကျွန်တော် သိသိကြီးနဲ့ကို မြန်မာနဲ့ ထိုင်းပွဲ သွားကြည့်တယ်) ခြေသလုံးမှာ အရှိုးရာ ထပ်အောင် ရိုက်ဖူးတယ်။ ကျွန်တော် ငိုတယ်။ ကြီးကောင်ကြီးမား နဲ့ ရိုက်ခံရတာ ငိုရလားလို့ အပြစ်တင် မစောလိုက်ပါနဲ့။ ကျွန်တော် ငိုတာက နာလို့ မဟုတ်ဘူး။ မြန်မာ အသင်း ထိုင်းကို ရှုံးသွားလို့ဗျ။ မြန်မာ အသင်းကို အဲဒိလောက်ထိ သံယောဇဉ်ကြီးတယ်ဗျ။

အဲ ယူ ၁၉ ပွဲအကြောင်းပြန်စ ရအောင်။ ကျွန်တော်က ကြည့်မယ်သာ ပြောတာ တကယ်တမ်းကျတော့ ကျွန်တော် အရင်က နေတာက အင်းစိန်မှာဆိုတော့ သုဝဏဘောလုံးကွင်းကနေ ညနေပြန်ရင် သိပ်အဆင်မပြေတော့ ပထမ အုပ်စု ဆီမီး ပွဲတွေကို မလာကြည့်ဖြစ်ဘူး။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ဘိုဘိုအောင်တို့ ဦးဆောင်တဲ့ မြန်မာ အသင်းက အမှန်တကယ် ခြေစွမ်းပြပြီး ဗိုလ်လုပွဲတက်လာကြတယ်။ ဗိုလ်လုပွဲလုပ်မယ့်နေ့မှာ ကျွန်တော့် သူငယ်ချင်းအိမ်မှာ ထိုင်ရင်း အကြံအိုက်နေတယ်။ အရမ်းသွားကြည့်ချင်နေတယ်ဗျာ။ ဘယ်လိုပြောမလဲ ကိုယ့်နိုင်ငံမှာ လာလုပ်တဲ့ ပွဲဗျာ ကိုယ့်နိုင်ငံ အသင်းကလဲ ဗိုလ်လုပွဲ တက်နေပြီ။ ကျွန်တော် ဘယ်လိုအောင့်နေနိုင်မလဲဗျာ။ ကျွန်တော့် သူငယ်ချင်းကလဲ သွားမယ်တဲ့။



အဲဒါနဲ့ လာကွာ မင်းနဲ့ငါ လက်ဖက်ရည်ဆိုင် သွားပြီး ရပ်ကွက်ထဲမှာ ဘယ်သူသွားမလဲ အဖော်ညှိပြီး သွားတာပေါ့ ဆိုပြီး လက်ဖက်ရည်ဆိုင် ကို သွားကြတာပေါ့။ တိုက်ဆိုင် ချင်တော့ လက်ဖက်ရည်ဆိုင်မှာပဲ သူတို့ ရပ်ကွက် က အကိုကြီးက မြန်မာ အသင်း အင်္ကျီအနီကြီး ၀တ်ပြီး တက်ကြွနေလေရဲ့။ ဒါနဲ့စကားစပ်မိတော့ ငါခဏနေသွားမလို့ကွ ဆိုပြီး ပြောတော့ ကျွန်တော်တို့လဲ ၀မ်းသာသွားတယ်။ ဘာလို့လဲ ဆိုတော့ သူက ပါပလေကာကား လေးနဲ့သွားမှာလေ။ အဲဒါနဲ့ အသိအသုပ်ဆိုင်က အကိုကြီးကလဲ သွားရင် သူလဲ လိုက်မယ်ဆိုပြောတယ်။ နောက်ထပ် အကိုကြီးတွေ ကလဲ လိုက်ကြမယ်တဲ့။ ပျော်လိုက်တာဗျာ။ လူအတော်စုံသွားပြီလေ။


ကျွန်တော်လဲ အမေ့ဆိုင်ကို ဖုန်းဆက် လိုက်တယ်။ ဒါပေမယ့် ဗျာ အမေက ပေးမသွားဘူး။ (လူကြီးဆိုတော့ စိတ်ပူတာနေမှာပေါ့) လုံးဝမသွားရဘူးတဲ့။ မရဘူး ကျွန်တော် ကလဲ ဇွတ်ပဲလေ။ အမေ ပြီးမှ ဆူချင်ဆူတော့ ဆိုပြီး သူပြောလို့ မပြီးခင် ဖုန်းချလိုက်ပြီး ပြင်ဆင်ပြီး သွားကြတာပေါ့။ အော် ဒီနေရာမှာ ဘာတွေ ပြင်ဆင်တယ်ထင်လဲ။ ကျွန်တော်တို့ ထက် အကိုကြီးတွေက ပိုတက်ကြွနေတယ်ဗျာ။ လားလား ကျွန်တော် ကားကို ကြည့်လိုက်တော့မှ ကားပေါ်မှာ အကုန်လုံး မြန်မာအသင်း ၀တ်စုံ တွေနဲ့ နီရဲလို့ မြန်မာ အလံခေါင်းစီးတွေနဲ့။ ဟဒါက ဘယ်တုန်းက ၀ယ်ထားတာလဲ။ ဆိုတော့ တနေ့က သွားကြည့်တုန်းက ၀ယ်လာတာကွ ဆိုပြီးပြောတယ်။ ပြီးတော့လဲ ကြည့်အုံး ပါပလေကာ အမိုးဖွင့်ကား ရဲ့ ထိပ်မှာ မြန်မာ အလံကြီးကို ၀ါးလုံးနဲ့ ချည်လို့ ကားမောင်းတော့ တလူလူ တလွင့်လွင့် နဲ့ဗျာ။ တကယ့်ကို ကျွန်တော် တမျိုးကြီးဖြစ်သွားတယ် ၀မ်းသာလွန်းလို့ ။ တလမ်းလုံး ကျွန်တော် တို့ ချည်းပဲလား ဆိုတော့ မဟုတ်ဘူး။ ကားတိုင်းက ဒီလိုဖက်ရှင်တွေနဲ့ ဗျာ။ နိုင်ငံတော် အလံတွေ လွင့်နေတာများဗျာ ရဲရဲ နီစွေးလို့။ ကျွန်တော်တို့ သုဝဏရောက်တော့ လူတွေ တိုးမပေါက်ဘူး။ လက်မှတ်ဝယ်။ ပြီးတော့ ကျွန်တော် အင်္ကျီဝယ်ပြီး ကွင်းထဲရောက်တော့ လူတွေလူတွေ များဗျာ တကွင်းလုံးပြည့်လျှံလို့။ ပွဲက ၃ နာရီမှ စမှာ လူတွေက ကျွန်တော် ရောက်တဲ့ ၂နာရီလောက်မှာတောင် ပြည့် နေတော့ ဘယ်ချိန်ထဲက လာကြလဲ မသိဘူးဗျာ။ တကွင်းလုံး တိုးမပေါက်ဘူး။ မကန်ခင် မြန်မာတွေ မြန်မာတွေများ (ကျွန်တော် အပါအ၀င်) နိုင်ငံတော် သီချင်းကို ကွင်းလုံးပြည့်ဆိုလိုက်ကြတာ။ တခါမှ ဒီလောက် လူအများကြီးနဲ့ နိုင်ငံတော် သီချင်းကို တပြိုင်တည်း မဆိုဘူးတော့ ကျွန်တော် ကြက်သီးမွှေညှင်းတွေတောင် ထပြီး အားနဲ့မာန်နဲ့ ဆိုနေမိတယ်။



`ကမ္ဘာမကြေ မြန်မာပြည် ဒို့ ဘိုးဘွားမြေ အစစ်မို့ ချစ်မြတ်နိုးပေ ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ ဒါတို့ ပြည် ဒါတို့မြေ တို့ ပိုင်တဲ့မြေ …..´


တကွင်းလုံးကို ဟိန်းပြီး ညံနေတာပဲဗျာ။ ဆိုရင်းတောင် ဘယ်လိုဖြစ်မှန်းမသိ မျက်ရည်လည်လာသလိုပဲ ၀မ်းသာလွန်းလို့ပါဗျာ။ နောက်ပြီး ဘယ်က ဘယ်လို ဘယ်သူယူလာလဲ မသိဘူး။ အထူးတန်းပွဲကြည့်စင် တ၀က်လောက် ရှိတဲ့ မြန်မာ အလံကြီးကို ဗျာ တကွင်းလုံး လက်ဆင့်ကမ်းပြီး ဆွဲသွားလိုက် တာ တကွင်းလုံး တပတ်ပြည့်ပဲ။ မြန်မာ အသင်း ဘောလုံးရသွားတိုင်း မြန်မာ မြန်မာ ဆိုပြီး စိတ်ဓာတ်စစ်ဆင်ရေး လုပ်ပြီး အော်နေကြသေးတယ်။ အိမ်ကွင်းမို့ မြန်မာကလဲ အတော် ခြေစွမ်းပြကစား သွားတယ်။ မလေးကစား သမားတွေမှာလဲ အိမ်ကွင်း အရှိန်ကြောင့် အယောင်ယောင် အမှားမှားနဲ့ပေါ့။ တကွင်းလုံး မကြာခဏ လှိုင်းလုံးစစ်ဆင်ရေးတွေ လဲ လုပ်သေးသဗျာ။ တကယ့်ကို စည်းစည်းလုံးလုံးနဲ့ ညီညွတ်နေကြတာများ တခါမှ မမြင်ဖူးဘူး။ ဘိုဘိုအောင်လား မသိဘူး ဂိုးသွင်းလိုက်တဲ့ အချိန်မှာများ ဂိုးဆိုတဲ့ အသံကြီးက တပြိုင်တည်း ထွက်လာတာ အုန်းကနဲ ညံသွားတာပဲ။ ကျွန်တော်ဆို အော်ရလွန်းလို့ အသံတွေ ၀င်ကုန်တယ်။


ဒီကြားထဲ ရယ်စရာ ကလဲ ရှိသေးတယ်။ ပရိသတ်ထဲက ကုလားတစ်ယောက်ကလဲ မလေးတွေ မူနေလို့ `သောက်ကုလား… သောက်ကုလားတွေ´ ဆိုပြီး အော်နေလို့ ကျွန်တော်က ဟေ့လူခင်များက ကော ကုလားမဟုတ်ဘူးလားလို့ လှမ်းနောက်လိုက်တော့ အမယ် ဒင်းကဘာပြောတယ် မှတ်လဲ ဟေ့လူ ကျွန်တော် က မြန်မာမှာ မွေးတဲ့ မြန်မာ ဗျ။ ဒီချိန်မှာ ကျွန်တော် မြန်မာပဲ။ ကျွန်တော် သွေးထဲမှာ မြန်မာကို ချစ်တဲ့စိတ် အပြည့်ရှိတယ်ဗျ။တဲ့ ။ လေးစားလောက်တဲ့ ကိုရွှေကုလားပါပဲ။ မှန်တာပေါ့ မြန်မာ ပြည်မှာမွေးသူတိုင်း မြန်မာကို ချစ်ရမှာပေါ့။ ကျွန်တော်တို့ အားလုံး မြန်မာပြည်သား စစ်စစ်တွေပဲလေ။ နောက်ဆုံး မြန်မာ အသင်း ထိုက်ထိုက်တန်တန် ရွှေဖလားကြီး ရသွားတယ်လေ။ ဘယ်လောက်တောင် ကြာပြီလဲ နိုင်ငံ အဆင့်မှာ ဆုဖလားရဖို့ နှစ်တွေခြားနေလိုက်တာ…။



ကျွန်တော်တို့တွေ ပွဲပြီးတာတောင် ဘယ်သူမှ မပြန်ပဲ ဆုပေးတဲ့ အထိအားပေးကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ အဖွဲ့ရော အခြားအဖွဲ့တွေပါ ကားနဲ့ မြို့ထဲ ပတ်ပြီး မြန်မာနိုင်ပြီကွ ဆိုပြီး ညချည်းမင်းကြီး အောင်လံ တလူလူလွင့်ပြီး ပျော်မဆုံး ဘူးပေါ့။ အဲဒိနေ့က ကျွန်တော်တွေ့ လိုက်တာက မြန်မာတွေမှာ အရေးကြုံရင် မျိုးချစ်စိတ်လေးတွေ မထင်မှတ်ပဲ ပေါ်လာတတ်ကြတာပါပဲ။ တကယ်ပါ ထိုနေ့က လိုမျိုး နောက်တခါ ပြန်ကြုံချင်သေးတယ်။ ဘောလုံးပွဲနဲ့ ပတ်သက်လို့ မြန်မာအသင်းနိုင်စေချင်တယ်။ အမြဲမဟုတ်တောင် ခဏခဏဖြစ်ဖြစ် ဖလားကိုင်မြှောက်တာကို မြင်ချင်တယ်ဗျာ။ အမျိုးသားအသင်း ဖြစ်ဖြစ် အမျိုးသမီး အသင်းဖြစ်ဖြစ်ပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာနိုင်ပြီဟေ့လိုီ့ ဟစ်ကြွေးချင်တာ ကြာနေပြီ။ တကယ်လဲ အောင်မြင်သင့်နေပြီ။ ဘာမဟုတ်တဲ့ ဗီယက်နမ်တောင် ကိုယ့်ကို ကျောသွားသလိုဖြစ်နေပြီ။ ကျွန်တော်တို့ မြန်မာ အရှေ့တောင်အာရှမှာ ကော အာရှမှာပါ အဆင့်တစ်ခု ရှိကြောင်း ပြဖို့လိုနေပြီ။ ပရိသတ်တွေကလဲ မချင့်မရဲ စောင့်မျှော်နေကြပြီဗျာ။ လက်ရွေးစင် အဆင့်မှာ အောင်မြင်မှုကို ငတ်မွတ်နေတာ ကြာနေပါပြီ။ ကဲ လက်ရွေးစင် အသင်း တွေ ဘာလုပ်ကြမှာလဲ။ ကျွန်တော်တို့ စောင့်နေတယ်။ ကျွန်တော်တို့ ပရိသတ်တွေ ငံ့လင့်နေကြတယ်။ ကျွန်တော်တို့ တတွေ ပျော်ကြရတော့မှာလား။ ဖလားကြီးတွေကို ကိုင်မြှောက်တဲ့ မြန်မာ အသင်းကို မြင်ကြရတော့မှာလား။ ကျွန်တော်တို့ ပရိသတ်တွေ ဆန္ဒကို ဖြည့်ဆည်းပေးမှာလား။ ဘယ်လိုလဲ ကျွန်တော်တို့ တေးသွားတွေ တိုးတိုးတိတ်တိတ် သီဆိုနေတော့မယ်နော်


`မြန်မာနိုင်ပြီ…. ဒို့ မြန်မာနိုင်ပြီ ´ ဆိုပြီး…..တော့….ပေါ့….။



မြန်မာ အသင်းတိုးတက်အောင်မြင်ပါစေဗျာ။



Read Users' Comments (1)comments

1 Response to "မြန်မာနိုင်ပြီ"