ကျွန်တော် နှင့် အ၀ါရောင်ကောင်မလေး
ကျွန်တော့်ရဲ့ ဦးခေါင်းထက်ဆီက
ကောင်းကင်ကြီးကို မော့ကြည့်ရင်း
အိပ်မက်တွေ ဆိုးထားတဲ့
ကဗျာတစ်ပုဒ် ဖတ်မိရက်သားဖြစ်နေတယ်
စကားလုံးတွေ ထုံးမွှန်းမထားသော
ဗလာ…ကာရံ တစ်ပုဒ်ဟာ
ရင်ခုန်သံ မရင့်ကျက်သေးတဲ့
ကျွန်တော့်ကို ဆွဲငင်နေသလို
မထုံတက်တေး သနားစရာ သတ္တ၀ါ အဖြစ်
မှော်ဝင် မျက်လုံးတစ်စုံက
ဂရုဏာသက်စွာ ကြည့်နေပြန်တယ်…
ကြိုးမညှိထားသော ဗျတ်စောင်းသံနဲ့အတူ
ကစဥ့်ကလျား ကျွန်တော်က
အရူးအိပ်မက် မက်နေမိတယ်
တကယ်ကို ရယ်စရာကောင်းတဲ့ ကျွန်တော်ဟာ
အလိုက်ကန်းဆိုးမသိပဲ အပေါစား
ပြက်လုံးတစ်ပုဒ် သွားပြောနေလေရဲ့..။
မုတ်သုံလေသည် ပြတင်းတံခါးဝဆီမှ အခန်းထဲသို့ အသိမပေးဘဲ ဖြတ်တိုက်လေသည်။ မိုးရနံ့များပါသော လေပြေအေးလေးက တိတ်ဆိတ်နေသော စာသင်ခန်းမထဲကို ခေတ္တမျှ စိုစွတ်သွားစေ၏။ ဘယ်သူဖွင့်ထားမှန်း မသိတဲ့ပန်ကာတွေက ခန်းလုံးပြည့် အလိုက်ကန်းဆိုး မဲ့စွာ ၀ီခေါ်အောင် လည်ပတ်နေသည်။ အခန်းထဲရှိ ကျောင်းသားများက ဆရာပေးသော ပုစ္စာတစ်ပုဒ်တွက်ရင်း ဂဏန်းတွေနှင့် စီးဝင်မျောပါနေကြ၏။ ၀ိဉာဉ်ဖြူတွေနဲ့တူသော မီးချောင်းတွေက မျက်နှာကျက်ပေါ်မှာ တွဲလောင်းတွေ ချိတ်ဆွဲထား၏။
အခန်းရဲ့အရှေ့ဆုံးမှာ ရှိနေတဲ့ ဆရာသည် သင်ရိုးစာအုပ်တွေထဲက ပုစ္စာတချို့ကို လှန်လှောကြည့်နေသည်။ တခန်းလုံး ပုစ္စာများဆီ အာရုံဝင်နေသော်လည်း အခန်းရဲ့နံရံကို မှီ၍ ကျွန်တော်က တစုံတခုသို့ အာရုံရောက်နေ၏။ ကျွန်တော့်ရှေ့ စားပွဲခုံပေါ်မှ စာရွက်ဖြူပေါ်တွင် ယနေ့အတွက် မှတ်စုများကို လုံးဝမရေးခြစ်ရသေးပေ။ မြွေတစ်ကောင် ညှို့ချက်မိနေတဲ့ သားကောင်လို လှုပ်ရှားမှုကင်းမဲ့စွာ ကြိုတင်ညှိနှိုင်းမထားတဲ့ ရင်ခုန်သံတချို့ ခုန်ထွက်လာကြ၏။ တကယ့်ကို တဒင်္ဂပါပဲ။ ကျွန်တော် ခေတ္တသေဆုံးသွားတာလား။ အိပ်မက်ထဲကို ငိုက်မျဉ်းမိသွားတာ ကျွန်တော်ကိုယ်တိုင် နုံအနေဆဲ။
တကယ်တော့ သူမဟာ ကျွန်တော့်အတွက် လှပတဲ့ လူသတ္တ၀ါမလေး တစ်ယောက်ပါ။ မျက်လုံးတွေက ခွာမရအောင် သူမရဲ့ဘေးတိုက် အနေအထား မျက်နာလေးဆီမှာ ကပ်ညှိနေမိတယ်။ တိတ်ဆိတ်သွားတဲ့ အသံကင်းမဲ့မှုနဲ့ အတူ ကျွန်တော်နဲ့သူဟာ ကမ္ဘာ တစ်ခုထဲရောက်သွားသလိုပါပဲ။ အနွေးဓာတ်ပါတဲ့ ကျွန်တော့်ရဲ့ နှလုံးသားစီးကြောင်းတစ်ခု သူမထံသို့ ဖြတ်စီးသွားသဖြင့် သူမက ခေါင်းကိုအသာငဲ့ပြီး အကြည့်မြှားတစ်စင်း မထင်မှတ်ဘဲ ပစ်လွှတ်လိုက်၏။ သူမရဲ့ တိကျလှတဲ့ မြှားတစ်စင်းဟာ ကျွန်တော်၏ နှလုံးသားပစ်မှတ်ဆီသို့ တည့်မတ်စွာ စူးနစ်သွားလေသည်။ ကြိုတင်မပြင်ဆင်ထားသော ကျွန်တော်သည် တကိုယ်လုံးနားရွက်များထိ ပူခနဲ ဖြစ်သွားလေ၏။ အောင်မြင်သူ တစ်ယောက်၏ အပြုံးတစ်ခု သူမဆင်မြန်းပြလိုက်သည်။ ဒါဘာအပြုံးပါလိမ့်…။ အဓိပ္ပါယ်မသိသော အပြုံးတစ်ခုကို အဖြေရှာဖို့ ကျွန်တော့်ဉာဏ်မမီပါ။ မှော်ဆန်ဆန် သူမရဲ့အလှဟာ ရီဝေတဲ့ ကျွန်တော့်ကို သိစိတ်မဲ့စွာ စီးမျောနေစေတော့၏။ သူမက ထိုတချက်သာကြည့်ပြီး သူမရဲ့ပုစ္စာတွေဆီ ပြန်လည်ဝင်ရောက် သွားသည်။ ကျွန်တော်ရှုံးနိမ့်သွားပြီ။ တောင့်တမှုတွေ မပြည့်မစုံနဲ့ ကျွန်တော်ဟာ အဲဒီမြှားတန်းလန်းနဲ့ အလင်းအိပ်မက်တွေ မက်နေမိတယ်။ ကျွန်တော်ဟာ တကယ့်သောက်ရှုးတစ်ယောက်ပေါ့။ သူမက ခေါင်းကလေးငုံ့ထား၏။ ကျွန်တော်က လိုချင်သော အဖြေကိုချော့ပြီး တောင်းနေ၏။ တကယ်တော့ ဒီအဖြေကို ကျွန်တော်ကြိုသိပြီးသား။ သူမကမျက်လုံးတစ်ချက် ၀င့်လိုက်ပြန်သည်။ သူမထံမှ စကားလုံးလေးများ ထွက်ကျလာတော့မည်မှန်း ကျွန်တော် ခန့်မှန်းမိသည်။
“ချစ်ပါတယ်” ဟုပြုံးပြုံးလေးနှင့် ဖြေလိုက်၏။ ကျွန်တော်က သူ့လက်ကလေးကို ဆွဲယူလိုက်ပြီး သူမကို စေ့စေ့ကြည့်လိုက်သည်။ ကြည့်စမ်း သူမမျက်ဝန်းတွေမှာ အကြင်နာရိပ်တွေ ပါလား။ ထို့နောက်သူမနှင့် ကျွန်တော်သည် ရင်ခုန်သံတစ်ခုစာ ချစ်သူများဖြစ်သွားကြလေသည်။
ယနေ့အတွက် အတန်းချိန်ပြီးဆုံး၍ ကျောင်းသားများထပြန်ကုန်ကြသဖြင့် လေးပင်တွဲအိစွာ လွယ်အိတ်ကို လွယ်ပြီး အခန်းပြင်သို့ တိုးဝှေ့ လာ၏။ လူစီးကြောင်းကြီး အတိုင်း လိုက်ပါလာသည်။
သူမသည် ကျွန်တော်၊ ကျွန်တော်သည် သူမဖြစ်၍ ကျွန်တော်နှင့် သူမတို့သည် ခွဲခြားမရဘဲ သူမနှင့် ကျွန်တော်သည် ကျွန်တော်နှင့် သူမများ ဖြစ်ကြလေသည်။
မွန်းကြပ်နေသော ကောင်းညှင်းထုပ်ဆန်ဆန် အစာသွပ် ဘတ်စ်ကားကြီး ပေါ်၌ ချွေးများ သီးနေအောင် ပူလောင် သိပ်ညပ်လွန်းနေသည်။ စပယ်ယာက ကားခတောင်းနေသဖြင့် အိပ်ကပ်ထဲမှ တွေ့ရာ ပိုက်ဆံတစ်ရွက် ထုတ်ပေးလိုက်သည်။ ခဏအကြာမှာ လူအုပ်ကြားထဲမှ စပယ်ယာရဲ့ လက်တစ်ချောင်းဟာ အကြွေတစ်ချို့ ကိုင်ပြီး ကျွန်တော့်ကို လှမ်းပေးနေ၏။
နူးညံ့အိစက်လှတဲ့ ကောင်မလေးရဲ့ ပုခုံးထက်မှာ မှီရင်း သူရဲ့ ကိုယ်သင်းရနံ့လေးကို ခိုးပြီး ရူရိုက်နေမိတယ်။ ပိုက်ကွန်တစ်ခုလို ဆံပင်ကွေးကွေးလေးတွေက သူမကို ကျွန်တော် နှစ်သက်တဲ့ အချက်တစ်ချက်ပါပဲ။ တကယ့်ကို စိတ်ပျက်စရာ ဆံပင်ဖြောင့်ဖြောင့်နဲ့ ကောင်မလေးတွေထက် စာရင် ကျွန်တော့် ကောင်မလေးက အမြင်ဆန်းနေသလို ပဲလို့ ကိုယ့် ငါးချဉ် ကိုယ်ချဉ်နေမိတယ်။ သူမရဲ့ မျက်ဝန်းတွေက ၀ိုင်းစက်ရွှန်းလဲ့ပြီး သူမရဲ့ အကြည့်တွေအောက် ကျွန်တော် အကြိမ်ကြိမ် ဒူးထောက်ခဲ့ ဖူးပါတယ်။
ဘာမှမထူးဆန်းတဲ့ မနက်ခင်းဟောင်းတစ်ခု ကို ကျွန်တော် အိပ်မှုံစုံမွှား မျက်လုံးနဲ့ ကြည့်လိုက်သည်။ နေတောင် အတော် ပွင့်နေပြီပဲ။ ညက အစောကြီး အိပ်ထားတာတောင် ကျွန်တော့် မျက်လုံးတွေက အိပ်ရေးမ၀ သလို ဖြစ်နေတယ်။ ရေမိုးချိုးအ၀တ်အစားလဲပြီး အမေချက်ထားတဲ့ ထမင်းကြော်ကို ရေတခွက်နဲ့ အဆုံးသတ်လိုက်တယ်။ မနေ့က ပုံစံအတိုင်း အရာမယွင်းသေးတဲ့ လွယ်အိတ်ကို လွယ်ပြီး ကားဂိတ်ကို လမ်းလျှောက်ရ ၏။ ဟောဒိ မျှော်လင့်ချက် ကောင်းကင်ကြီးနဲ့ ကျွန်တော် မောလျစွာပဲ အချစ်တွေ လေချဉ်ပြန်တက်နေမိတယ်။
စိတ်ကူးယဉ်ဆန်လွန်းတဲ့ ကျွန်တော့် အဖြစ်က မနေ့က တွေမိတဲ့ မျက်ဝန်းတစ်စုံကို ကျောင်းခန်းထဲတွင် ငတ်မွတ်စွာ ရှာဖွေ နေမိတယ်။ တချိန်နောက်ကျသွားတဲ့ အတွက် တွေ့ တဲ့ နေရာမှာ ၀င်ထိုင်ရင်း တခန်းလုံးကို မငြိမ်သက်စွာ ကြည့်နေသည်။
“တကယ်တော့ သူမဟာ ကျွန်တော့်ရဲ့ ဘယ်ဘက်နံရိုး သက်သက်ရယ်ပါ”
ကျွန်တော့်ရဲ့ မနေ့ က တနေ့တာ တွေ့လိုက်ရတဲ့ အိပ်မက်ဆန်ဆန် ကောင်မလေး ဟာ ယနေ့ အားလပ်ချိန် နေ့တ၀က်ထိ ရောက်မလာသေးပါ။ ငွေ့ယဲ့ယဲ့ ရင်ခုန်သံဟာ ကလေးတစ်ယောက် ရဲ့ မိုးပျံပူဖောင်းလွှတ် လိုက်သလို ပေါ့ရွှတ်ရွတ်နိုင်လွန်းတယ်။ ကံဆိုးစွာပင် ကျွန်တော် စီရီထားသော စကားလုံးအိမ်များ ပြိုဖျက်ခံလိုက်ရသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်တော့်ရဲ့ မနေ့က အပြာရောင် ကောင်မလေးသည် ဤကျောင်းကြီး သို့ နောက် ထပ်လာစရာမရှိတော့ ပဲ ကျောင်းပြောင်းသွားပြီ ဖြစ်ကြောင်း၊ မနေ့က နောက်ဆုံးအတန်းလာတက် ခြင်းဖြစ်ကြောင်း တစုံတယောက်ဆီက ကြားခဲ့ရ၏။ လေးပင်တွဲအိတဲ့ ကျွန်တော့် ခြေလှမ်းတွေက တွင်းနက်ထဲရောက်သလို စမ်းတ၀ါးဝါးနိုင်လွန်းတယ်။ အင်းယားလေ တချက်အဝှေ့မှာ ကျွန်တော့်ဆီမှ အပူဓာတ်များ အနည်းငယ် လွင့်စင်သွား၏။ သို့သော် သူမကို စွဲလမ်းသော အချစ်က ရှိတုန်းပါပဲ။ မဖြစ်နိုင်မှန်းဖြစ်ပေမယ့် ကျွန်တော်က အိပ်မက်ထဲ ပြန်လည်တိုးဝင်နေ မိတယ်။ အိပ်မက်ထဲမှာ သူမက ကျွန်တော့်ကို ဆောင်းရာသီဆန်ဆန် ပြုံးပြနေ၏။ ငြိမ်သက်စွာပဲ ကျွန်တော့်ရင်ဘတ်ကို ဖိထားလိုက်တယ်။ ဘာမှန်းမသိတဲ့ ဆို့နင့်မှုတွေက လည်ချောင်းဝမှာ တစ်လို့်နေတယ်။ တကယ်ပါဗျာ ကျွန်တော် ဟာ ကမ္ဘာပေါ်မှာ အတုံးဆုံးလူရယ်ပါ။
ဒုတိယပိုင်း(၁)
အိပ်မက်မက်နေရင်း တန်းလန်း လန့်နိုးသော အတွေ့အကြုံလူတိုင်းကြုံဖူး ကြလိမ့်မည်။ နိုးလာသောအခါ အိပ်မက်သည် အမှန်တကယ် မဟုတ်မှန်းသိလျှင် တချို့က ပျော်ရွှင်မိသည်။ တချို့က နှမြောတသ ဖြစ်ကြသည်။ ကျွန်တော် အိပ်မက်မက်နေမိတယ်။ တကယ်တော့ ကျွန်တော့် အိပ်မက်က ပြီးဆုံးသွားပြီလား။ မပြီးသေးဘူးလား။ ကျွန်တော်ကိုယ်တိုင် မသိပါဘူး။ ဟင့်အင်း ဒီအိပ်မက်မျိုးဘယ်တော့မှ ထပ်မမက်ချင်တော့ဘူး။ အဲဒိအိပ်မက်ကို မပျော်ရွှင် ပါဘူး။ နှမြောတသလည်း မဖြစ်မိဘူး။ ကျွန်တော် မလွမ်းလောက်ပါဘူးလို့ ကိုယ့်ကိုကို ချိုးနှိမ်လိုက်ရတယ်။
ဒုတိယပိုင်း(၂)
ရှည်းလျားလွန်းတဲ့ နွေရာသီ နေ့လည်ခင်းတွေကို မုန်းတယ်။ အမှောင်ကို မကြိုက်ပေမယ့် အဲဒီလို ရဲရဲတင်းတင်းကြီး လင်းနေတာထက်စာရင်တော့ အမှောင်ကို ပိုကြိုက်သလိုပါပဲ။ ကျွန်တော် မ၀ံ့ရဲတာလဲ ဖြစ်ကောင်းဖြစ်မယ်။ အခန်းထောင့်က ဂစ်တာဟောင်းတစ်လက်ကို ယူပြီး အက်ကြောင်းထပ်နေတဲ့ သီချင်းတစ်ပုဒ်ကို ညတိုင်း( ဒီလို အချိန်တိုင်း) ဘာကြောင့်မှန်းမသိ ကျွန်တော်တီးနေမိတယ်။ မှိုင်းညှို့ညှို့ ဆည်းဆာရောင် မပျက်တပျက်မှာ အူကြောင်ကြောင် အလွမ်းမျိုး ခင်ဗျားတို့ကော ခံစားဖူးကြလား။ တကယ့်ကို အူကြောင်ကြောင်နိုင်တဲ့ ခေါင်းစဉ်မဲ့ ဆွတ်ပျံ့မှုမျိုးပေါ့။
ဒုတိယပိုင်း(၃)
အာရုဏ်ဦး နေခြည်ရောင် ၏ မခို့တရို့ ဖြာကျ ချိန်ဝယ် ကျွန်တော် ကျောင်းကို ရောက်နှင့်နေ၏။ ခြေရာပေါင်းများစွာ ထင်ဟပ်နေသော အဓိပတိလမ်းသည် အဓိပတိဆန်စွာ လတ်ဆတ်နေသေးသည်။ ဘယ်နှစ်ခုမြောက်မှန်း မသိတဲ့ ခြေရာကို ထိုလမ်းပေါ်၌ ထပ်၍ ထင်ဟပ်စေပြန်သည်။ တစုံတယောက် ပုခုံးကို ဘေးတိုက်တိုက်မိသွားသော့ ကျွန်တော့် အတွေးတွေ ဖရိုဖရဲ ဖြစ်ကုန်၏။
“ဆောရီးနော်”
ပီကေ၀ါးရင်း ထိုကောင်မလေးက ပေစောင်းစောင်းနဲ့ တောင်းပန်သွား၏။ ပြီးတော့ သွားတက်ကလေးများ ပေါ်အောင်ပင် ရယ်ပြသွားသေးသည်။ အို သူမမျက်လုံးတွေက ရွှန်းစိုအိညက်လို့။ တိမ်တိုက်တစ်ခုလို လွင့်သွားလိုက်တာများ မျက်စိတဆုံးပါပဲ။ အစီအစဉ်တကျ မရှိတဲ့ ကျွန်တော့် နှလုံးခုန်သံတွေက ပရမ်းပတာဆန်လွန်းတယ်။ ဒီတစ်ခါလည်း ဘာအိပ်မက်ထပ် မက်ရဦးမှာလဲ။ လူသားဆန်တဲ့ ကျွန်တော့် ခြေထောက်တွေက အဲဒိပါးလျလျ တိမ်တိုက်လေးဆီ လိုက်မှန်းမသိ လိုက်နေမိတယ်။ အိုအေစစ်တခုစာ ရှိတဲ့ သူမဆီသို့ မကြေငြာဘဲ ကျွန်တော်ရဲ့ အချစ်မြှားတစ်စင်း ပစ်လွှတ်လိုက်တယ်။ တကယ့်ကို တိကျလွန်းတဲ့ မြှားချက်ဟာ သူမကို စူးဝင် ထိမှန်သွားလေ၏။ ထိုကောင်မလေးက ကျွန်တော့်ကိုရုတ်တရက် ကြည့်လိုက်သည်။ သူဘာမှ မပြင်ဆင်ရသေးခင် ကျွန်တော်က အ၀ါရောင် အပြုံးမျိုး ပြုံးပြလိုက်သည်။ သူတွေဝေသွားမှန်း ဒီက သိလိုက်ပါရဲ့။
********
အင်းယားဆန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ အဲဒိက စတာမှန်း အားလုံးလဲ ရိပ်မိကြမယ်ထင်ပါရဲ့။ ********
အရမ်းကို ချစ်စရာကောင်းတဲ့ အဲဒိကောင်မလေးဟာ ကျွန်တော့် အတွက် တော့ အရူးမလေးတစ်ယောက်ပါပဲ။
********
“ကိုယ်က ချစ်မိပြီ ဆိုမှတော့ ချစ်သူဆိုတာ ရေမချိုးပေမယ့်လည်း သန့်ရှင်းလှပနေမြဲ ပါပဲ။”
ပြီးပါပြီ။
မင်းယွန်းသစ်



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
August 4, 2007 at 12:11 PM
ဒီဝတ္ထုတိုလေးလဲ ကောင်းတယ်