twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

စက္ကူနဲ့ လုပ်ထားတဲ့ကြယ်


(၁)


ထစ်ထစ်ချုန်းချုန်းရွာသည်။ သံယောဇဉ်မပြတ်သေးသော နေ့လေး တနေ့ဖြစ်၏။ စပျစ်ဝိုင်လေး တစ်ခွက် သည် ညှို့မှိုင်း နေလိမ့်မည်။ ထီးရိပ်ကလေး မိုးရင်း စောင့်နေမိ၏။ ထို့အတူ မှတ်တိုင်လေးသည် လေးသွဲ့လျက် တိတ်ဆိတ်မှုတွေ ပေကျံနေတော့၏။

(၂)

'........'
ချစ်စရာ နှုတ်ခမ်းလေးတွင် အဆိပ်တွေ ပြည့်နှက် နေသယောင်ရှိ၏။ ယန္တရား ဆန်သော လူတွေ နှလုံးသားမဲ့စွာဖြင့် ဥပက္ခာ ပြုသွားကြသည်။ ရင်ခုန်သံ အပိုင်းအစများကား လမ်းမပေါ်တွင် ပြန်ကျဲ့လျက် ရှိ၏။ ထို့နောက် ကျွန်တော့် ကမ်းပါး တစ်ခုလုံး ခမ်းခြောက်သွားတော့ သည်။ ညနေ သုံးနာရီ ထိုးလေပြီ။ ထိုနေ့သည် တနင်္ဂနွေမတိုင်ခင် နေ့ ဖြစ်သည်။

(၃)

ဇာတ်သိမ်းခန်း မရှိတဲ့ ပြဇာတ် တစ်ပုဒ်။ နံရံကပ် အချိန်များ ဝင်ရိုးစွန်း တစ်ခုစာမက အေးခဲ သွားကြ၏။ ပွင့်ဖတ် လေးတွေ လွင့်ကျ ပြီး ငါ့ကို သူများ ချနင်းသွားတာ ခံလိုက်ရသည်။ အဖြေမရှိတဲ့ မေးခွန်းပါ မေးခွန်းမရှိတော့တဲ့ အဖြေသက်သက်ပါ။ ဘယ်သူမှ မကြားနိုင်တော့ဘူး။ သော့ခတ်ထားတဲ့ ရာဇဝင် တစ်ပုဒ်လို ခြေလှမ်းတွေ ပိုးမျှင် တက် သွားခဲ့တော့သည်။

(၄)

အရှင်လတ်လတ် မြှုပ်နှံခံလိုက်ရသော ကျွန်တော်သည် အတီးအတ ညနေ တစ်ခု ဖြစ်၏။ သူမလေး မရှိသော တံခါးရွက်များတွင် ကန္တာရ ဆူးပင်များ ပေါက်ရောက် ကုန်တော့သည်။ အဝါရောင် ဘူတာလေး တွင် နှုတ်မဆက် မိသော ခရီးဆောင် ဂစ်တာ တစ်လုံး ရှိလိမ့်မည်။ ထို့နောက် ကြားဖူးနားဝ မရှိသော ဘာသာ ဗေဒဖြင့် တစ်ယောက် တစ်လေထဲ သူ ငိုကြွေး နေလိမ့်မည်။

(၅)

လွမ်းလဲ လွမ်းသည် လွမ်းလဲ မလွမ်းပါ။ တရက်ပြီး တရက် ဆုတ်ဖြဲ ခံလိုက်ရပြီးသောအခါ ပြက္ခဒိန်များကို ရွံ့ကြောက် လာမိသည်။ နာမဝိသေသန မရှိသော ကျွန်တော့်အား ဘာကြောင့် စိမ်းလန်း ခွင့် မပေးခဲ့မှန်း နားမလည်ခဲ့ပါ။ ကြယ်တွေ အစိမ်းလိုက် ကြွေသွား ခဲ့ပြီးပြီ။ တံတိုင်းတွေ အပြိုင်း အရိုင်း ဖြိုဖျက် ခဲ့ပြီးပြီ။ ကံကြမ္မာသည် ယူဇနာပေါင်း များစွာ ခြားနား ထားခဲ့သည်။

(၆)

ကျွန်တော်သည် ကျွန်တော့်ကိုယ် ကျွန်တော် မသိသေးသော အက္ခရာမဲ့ ကျောက်စာ တစ်ချပ် ဖြစ်သည်။ စကားဝါပန်းလေး များ ပွင့်အံနေကြသည်။ မုတ်သုံကုန်၍ နွေကို ကူးခဲ့တော့၏။ တယ်လီဖုန်းရုံလေးသည် ခေါ်ဆိုသူ မရှိပဲ ဧရိယာပြင်ပ ရောက်နေတော့၏။ ဝေရီ ဝိုးဝါး နေသော နံနက်ခင်းလောက် လတ်ဆတ်သော နံနက်ခင်း မရှိတော့ပေ။နေခြည်တွေ နွမ်းလျအောင် ပူလှသည်။ ထိုနေ့သည် သံယောဇဉ် မပြတ်သေးသော နေ့လေး တစ်နေ့ပင် ဖြစ်ပေလိမ့်မည်။ ထို့အတူ မှတ်တိုင် လေးသည် လဲ ယခင်အတိုင်း တိတ်ဆိတ် ငြိမ်သက်စွာ ရှိနေဆဲ....။

Read Users' Comments (2)

2 Response to "စက္ကူနဲ့ လုပ်ထားတဲ့ကြယ်"

  1. လင်းဦး(စိတ်ပညာ) says:
    September 17, 2009 at 10:58 AM

    GOOD ESSAY ! Nyi

  2. su wai says:
    September 27, 2009 at 4:01 PM

    အက်ဆေးလေးက ရေးထားတာ တကယ် good တယ်ဗျို့... ကဗျာတွေလဲ ကောင်းတယ် ... တစ်နေ့တစ်ခြား လက်စွမ်းထက်လာတဲ့ ကလောင်သွားတစ်လက်ပဲ...