နောင်အနှစ်၂၀ ကြာသောအခါဝယ်
“ဝေ့ ကိုယ့်လူ.. ခင်ဗျား.. ခင်ဗျား ကိုမင်းယွန်းသစ် မဟုတ်လားဗျ...”
ရုံးဆင်းချိန်မို့ လူအနည်းငယ် ကျပ်သော မြေအောက်ရထား ပေါ်တွင် လူတစ်ယောက်က လာနှုတ်ဆက် ခြင်းဖြစ်၏။ မြင်ဖူးသလိုလိုရှိသော ထိုသူကို ရုတ်တရက်မို့ စဉ်းစားမရပဲ အလိုက်သင့် ပြန်နှုတ်ဆက်လိုက်သည်။
“ဟုတ်ပါတယ်... ခင်ဗျား..က”
ထိုသူက ပြုံးလိုက်ပြီး
“ကျွန်တော် ရဲဘုန်းလေဗျာ .. ကြာပြီဆိုတော့ ကိုယ့်လူက မေ့နေပြီပေါ့.. အင်းနှစ် ၂၀ တောင် ကြာသွားပြီကိုး”
ထိုသူမျက်နှာအား တစိမ့်စိမ့် ပြန်ပုံဖော်ရင်းမှ ကျွန်တော် ပြန်မှတ်မိသွားတော့သည်။
“အဟား ဟုတ်ပြီဗျာ.. ခင်ဗျား ယူအက်စ်ကို ထွက်သွားတဲ့ ကိုရဲဘုန်းပဲ မှတ်မိပြီဗျ.. ရုတ်တရက်ဆိုတော့ ကျွန်တော် ဘယ်မှတ်မိမလဲ.. ဆောရီးဗျာ..”
ကျွန်တော်က မှတ်မိကြောင်း ပြောလိုက်မှ အားတက်သွားဟန်ဖြင့်
“အေးဗျာ... မတွေ့တာ ကြာပြီကော.. ခင်ဗျား အခု အိမ်ပြန်မှာလား..”
သူက ကျွန်တော်နဲ့ တခုခု သွား စားသောက်ရင်း စကား ပြောချင်ပုံပါပဲ။ ဒါနဲ့ ကျွန်တော်လဲ စကား လမ်းကြောင်း ပေးလိုက်သည်။
“အင်း ဟုတ်တယ်ဗျ.. တဆိုင်ဆိုင်မှာ အေးဆေး စကား ထိုင်ပြောရင် မကောင်းဘူးလား”
“ကောင်းတာပေါ့ ကိုမင်းယွန်းရ”
ရထားမှ ရှေ့ရပ်မည့် ဘူတာ နာမည် ကြေငြာသံ ထွက်ပေါ်လာ၏။
“ရန်ကင်းဘူတာသို့ ဆိုက်ရောက် ပါတော့မယ်ရှင်”
“ကဲ ဒီဘူတာမှာပဲ ဆင်းလိုက်ကြရအောင်ဗျာ..”
ပြောပြောဆိုဆိုနှင့် ဘူတာ ရောက်သည်နှင့် ကျွန်တော်တို့ ၂ယောက် လူအုပ်ကြားမှ တိုးထွက် လိုက်ကြသည်။ ရုံးဆင်းချိန်မို့ ဘူတာထဲတွင် လူများ ပျားပန်းခတ်မျှ ရှုပ်ထွေးနေ၏။ လက်မှတ်ကဒ်ကို sensor ပေါ်တင်လိုက်ပြီး ကျွန်တော်က ဦးစွာ ထွက်လိုက်သည်။
“ဘယ်လိုလဲ အဆင်ပြေရဲ့လား ..ဗျ ဘာတွေလုပ်နေလဲ”
စက်လှေကား ဘက်ဆီသို့ လမ်းလျှောက်ရင်း သူ့ကို ကျွန်တော်က စကား စလိုက်သည်။ သူက ကျွန်တော်မေးတာ ကို မဖြေနိုင်သေးပဲ ဘူတာ အတွင်းရှိ အတက်အဆင်း စက်လှေကား များတွင် သွားလာနေသော လူအုပ်ကြီးကို တအံ့တသြ ငေး ကြည့်နေ၏။
“Excuse Me”
နိုင်ငံခြားသား တစ်ယောက်က ကျွန်တော်တို့ ၂ယောက်ကို လမ်းတောင်းပြီး စက်လှေကား ပေါ်သို့ ခပ်သုတ်သုတ် တက်သွား၏။
“အံ့သြစရာပဲဗျာ.. ကျွန်တော့်ကိုယ် ကျွန်တော်တောင် မယုံနိုင်ဘူး.. အိပ်မက်မက် နေသလား အောက်မေ့ရတယ်.. ကျွန်တော်.. ကျွန်တော် မြန်မာပြည် ပြန်ရောက် နေတာ ဟုတ်ပါတယ်နော်.. ဟုတ်လား . ကိုမင်းယွန်း”
ကျွန်တော်က သူ့စကားကို သဘောကျပြီး ဟက်ဟက် ပက်ပက် ရီလိုက်ပြီး အသာအယာ သူ့ပုခုံးကို ဖက်လိုက်သည်။ ကိုရဲဘုန်းက လွန်ခဲ့သော နှစ်၂၀ မတိုင်ခင်က ကုမ္ပဏီတစ်ခုတွင် အတူတူ လုပ်ခဲ့ဖူးသော လုပ်ဖော်ကိုင်ဖက် တစ်ဦးပင်။
“ဟားဟား အိပ်မက် မဟုတ်တော့ဘူး ကိုယ့်လူရေ.. ဒါတကယ်ကြီးဗျ.. မယုံရင် ခင်ဗျား နားရွက် ကျွန်တော် ဆွဲပေးရမလား.. ဟဲဟဲ..”
ထိုအခါမှ သူက စပ်ဖြဲဖြဲနှင့်
“ဟာဗျာ.. မသကာ.. ကောင်မလေး ချောချော တစ်ယောက်ကို အိပ်မက် ဟုတ် မဟုတ် လာနမ်းခိုင်းတာမှ တော်အုံးမယ်”
နှစ်ယောက်သား ပြိုင်တူ ရီလိုက်ကြသည်။ စက်လှေကား ပေါ်သို့ ရောက်သောအခါတွင်
“WOW ဒါ ဘာကုန်တိုက်လဲဗျ.. အတော်ကြီးပါလား..”
ဘူတာ၏ အပေါ်တွင်ရှိသော ကုန်တိုက်ကြီးကို ကြည့်၍ ကျွန်တော့်ကို မေးလိုက်ခြင်း ဖြစ်၏။
“ဒါ ရန်ကင်း ရှော့ပင်း စင်တာလေ၊ ဒီအပေါ်ထပ်မှာ စားသောက်ဆိုင်တွေ ရှိတယ်ဗျ။ အဲ့အပေါ်မှာ သွာစား ကြတာပေါ့ဗျာ..”
သို့နှင့် အပေါ်ထပ် စားသောက်တန်းဆီသို့ ဟိုဟိုဒီဒီ ငေးရင်း တက်ကြပြန်သည်။
“ဝေ့ ဒီမှာလဲ Mc Donald ဆိုင်တွေ ဘာတွေ ရှိပါလား.. ဟောဟိုဘက်မှာ Subway ဆိုင်ပါလား ဂွတ် တယ်ဗျိုး၊ ဒါပေမယ့် အဲ့ဒိဆိုင်တွေမှာ တော့ မထိုင်ပါနဲ့ဗျာ၊ ဒါတွေက ကျွန်တော် ဟိုမှာ နှစ်၂၀ လောက် စားလာခဲ့တာ၊ ရိုးအီ နေပြီ..၊ မြန်မာဆိုင် ကောင်းကောင်း လေးမှာ စားရအောင်”
“ကောင်းသားပဲ ကိုရဲရ.. ဒါဆို အရှေ့ဘက်မှာ မြန်မာဆိုင်တွေ ရှိသေးတယ်၊ လာအဲ့ဒိကို သွားတာပေါ့”
ထို့နောက် ကျွန်တော်နှင့် ကိုရဲဘုန်းသည် စောင်းသံငြိမ့်ငြိမ့်လေး ဖွင့်ပေးထားသော မြန်မာ ထမင်းဆိုင် လေးတွင် မြန်မာ ထမင်းဟင်းများ မှာယူ စားသောက်ကြလေ၏။ စားသောက်ပြီးသွားသောအခါမှ ကိုရဲဘုန်းက
“ဒီလို ကိုမင်းယွန်းရေ ပြောရရင်တော့ အရှည်ကြီးပဲ ဘယ်က စပြောရမှန်းတောင် မသိဘူး။ ကျွန်တော်က ဟိုမှာ အလုပ်ထဲပဲ နစ်နေတော့ ဘာကိုမှ သိပ်မသိဘူး ဖြစ်နေတော့တာ။ အလုပ်နဲ့ အိမ်၊ အိမ်နဲ့ အလုပ် ချည်းပဲ။ ပြီးတော့ ကလေးတွေ ကျောင်းနဲ့ ဘာနဲ့ဆိုတော့ ဒီမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ အဆက်အစပ်ကို မရှိတော့တာလေ။ ကျွန်တော် မသွားခင်တုန်းက ကိုမင်းယွန်း မြင်ဖူးတဲ့ ကျွန်တော့် သားလေးက အခုဆို တက္ကသိုလ် ဒုတိယနှစ်တောင် ရောက်နေပြီဗျ။ ဟိုရောက်မှ မိန်းကလေး တစ်ယောက် ထပ်မွေးတယ်။ အငယ်မလေးက အခုဆို secondary 4 ရောက်နေပြီ၊ ကျွန်တော် ဟိုမှာ နေတုန်း ပြီးခဲ့တဲ့ သုံးလေး ငါးနှစ်မှာပဲ ကျွန်တော် သိတဲ့ မိတ်ဆွေတွေ တော်တော်များများ မြန်မာ ပြည် ပြန်ကုန်ကြတယ်ဗျာ။ အခုဆို မြန်မာ မရှိသလောက်ကို ဖြစ်နေပြီ။ ဒါကို ကျွန်တော်လဲ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကမှ သတိထားမိတာ။ ဒီလူတွေ ဘာလို့များ ပြန်ကုန်ကြတာလဲပေါ့။ ဒီပြန်ရောက်တဲ့ မိတ်ဆွေတွေကတော့ မြန်မာ ပြည်ကို ပြန်လာခဲ့ဖို့ တဖွဖွ ပြောကြတယ်။ ပြီးတော့ ထူးဆန်းတာက သူတို့အားလုံး မြန်မာနိုင်ငံပြန်တာ ခဏ မဟုတ်ပဲ အပြီးပြန်ပြီး အရင်က အမေရိကန် နိုင်ငံသား ခံယူထားတဲ့ သူတွေ အခု မြန်မာနိုင်ငံသား ပြန်ပြောင်း သွားကြတာဗျ။ အရင်တုန်းက မကိုင် ဖြစ်တော့တဲ့ အနီရောင် ပတ်စ်ပို့လေးတွေ၊ အနီရောင် နိုင်ငံသား ကဒ်လေးတွေ ပြန်ပြောင်းပြီး အမိမြေကို ပြန်သွား လိုက်ကြတာ၊ အလျှိုလျှိုပါပဲ။ ဒါနဲ့ ကျွန်တော်နဲ့ ကျွန်တော့် အမျိုးသမီးလဲ ပြီးခဲ့တဲ့ ၃လ လောက်ကပဲ ဆုံး ဖြတ်လိုက်ကြတယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ မြန်မာပြည်ပြန် ကြတော့မယ် ဆိုပြီးလေ။ ဟိုးအရင်တုန်းက အဲ့ဒိမှာပဲ ခေါင်းချတော့မယ် ဆုံးဖြတ် ထားတာ။ အခုတော့ အသက်ကလေးလဲ ရလာတော့ မြန်မာပြည်ရဲ့ အငွေ့အသက် ယဉ်ကျေးမှု လေးတွေ ပြန်လွမ်းလာတယ်ဗျာ။ ဒါနဲ့ ကျွန်တော်တို့ ပြန်မယ် ဆိုတော့ ကလေးတွေရဲ့ ပညာရေး ကိစ္စကို အဆင်ပြေ ပါ့မလား ဆိုပြီး ဒီက မိတ်ဆွေတွေကို လှမ်း စုံစမ်းကြည့်တော့ ..သိပ် အဆင်ပြေတယ်ဗျာ။ အခုဆို ရန်ကုန် တက္ကသိုလ်ကြီးက အာရှ အကောင်းဆုံး တက္ကသိုလ် စာရင်းမှာတောင် ပါနေပြီတဲ့။ ပြီးတော့ နိုင်ငံတကာ ကျောင်းတွေ private University တွေလဲ အများကြီးပဲ မြန်မာပြည်မှာ ဖွင့်ထား နေပြီဆိုတော့ ကလေးတွေ ပညာရေးလဲ စိတ်အေးသွားတာပေါ့။ ဒါနဲ့ ကျွန်တော်တို့ တမိသားစုလုံး ပြန်လာပြီး ကျွန်တော်တို့ကို မွေးခဲ့ ၊ ကျွန်တော်တို့ကို ကျွေးခဲ့၊ ကျွန်တော်တို့ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော်တို့ ရဲ့ မူလ ဌာနေ ဖြစ်တဲ့ အမိမြန်မာနိုင်ငံတော် ကို ပြန်လာပြီး မြန်မာနိုင်ငံသား တွေ ပြန်လုပ်ကြတာပေါ့ဗျာ.. လုပ်စမ်းပါအုံးဗျာ.. ကျွန်တော် အိပ်ပျော်နေတဲ့ နှစ်၂၀ အတွင်း ကျွန်တော်တို့ နိုင်ငံ ကြီး ဘယ်လို တိုးတက် လာတယ် ဆိုတာ ကျွန်တော့်ကို ပြန်ဖောက်သည် ချပါအုံး ကိုမင်းယွန်းရာ ကြားချင်လွန်းလို့ပါ”
“ဒါက ဒီလိုရှိတယ် ကိုရဲရ။ ဟိုးလွန်ခဲ့တဲ့ နှစ်၂၀တုန်းက ဒေသတွင်း အရှေ့တောင် အာရှမှာဆို အတိုးတက်ဆုံး ဖြစ်ခဲ့တဲ့ စင်ကာပူ နိုင်ငံပဲ ကြည့် သူ့ဆီမှာ ကိုယ်ပိုင် သယံဇာတ မရှိပေမယ့် ကုန်သွယ်မှု (Trade) လုပ်ငန်း လုပ်တယ်။ ရင်းနှီးမြှပ်နှံမှုတွေ အများအပြား လက်ခံတော့ အလုပ်အကိုင် အခွင့်အလမ်း တွေ ဖြစ်လာတယ်။ အဲ့လို ဖြစ်လာတော့ သူတို့ နိုင်ငံသားတွေ အနေနဲ့ ၀င်ငွေတိုးတက် လာသလို၊ ကုန်ထုတ်လုပ်မှု အပိုင်း၊ နည်းပညာ ပိုင်းတွေမှာ လဲ တခြားနိုင်ငံတွေက အသိပညာရှင် အတတ်ပညာရှင်တွေ လာရောက် လုပ်ကိုင်ကြလို့၊ ဉာဏ ဆိုင်ရာ အရင်းအမြစ်တွေ မျှဝေ အသုံးချ၊ ပညာရ တာပေါ့။ နည်းပညာရတယ်၊ လူ့စွမ်းအား အရင်းအမြစ်ရတယ်၊ ပြီးတော့ ကုန်ထုတ်လုပ်မှု ပိုင်းမှာလဲ စံချိန်မှီလာတယ် ပေါ့ဗျာ။ အခုလဲ ကျွန်တော်တို့ နိုင်ငံမှာ ဒီလိုပဲလေ။ အခုဆို မြန်မာပြည်မှာ နိုင်ငံတကာ ကုန်သွယ်မှု ဆိပ်ကမ်းချည်းပဲ ရခိုင်းကမ်းရိုးတန်းမှာ၊ ရန်ကုန်မှာ၊ ဧရာဝတီမှာ၊ တနသာင်္ရီ တိုင်းမှာပဲ ဆိပ်ကမ်း ၃ခု စုစုပေါင်း ၆ခု တောင် ရှိသဗျာ။ ဒီကုန်သွယ်မှု ဆိပ်ကမ်း တွေကချည်းပဲ နှစ်စဉ် ဘဏ္ဍာငွေ ထရီလီယံချီပြီး ရတယ်ဗျ။ ပြီးတော့ အီးယူ ဥရောပရဲ့ ကုန်စည် ၀င်ပေါက်က ဒေသတွင်းမှာ ကျွန်တော်တို့ နိုင်ငံက ဗဟိုချက် လိုဖြစ်နေတော့ အဟဲ ကိုယ့်လူရေ.. ဟိုတုန်းက ကျွန်တော်တို့ နိုင်ငံသားတွေ အလုပ်သွား လုပ်နေရတဲ့ ဒေသတွင်း နိုင်ငံတွေဟာ အခုတော့ ပြောင်းပြန် ဖြစ်ကုန်ပြီဗျ။ အခုဆို စင်ကာပူ၊ မလေးရှား၊ ကမ္ဗောဒီယား၊ ဖီလစ်ပိုင် စတဲ့ နိုင်ငံတွေက လာရောက် ရင်းနှီး လုပ်ကိုင်နေတဲ့ အပြင်၊ အဲ့ဒိနိုင်ငံတွေက လုပ်သားတွေလဲ ဒီမှာ လာ လုပ် နေကြပြီဗျာ။ ပြီးတော့ အနောက်နိုင်ငံတွေကလဲ လာရောက် ရင်းနှီးမြှပ်နှံပြီး လုပ်နေကြသေးတော့ နိုင်ငံခြားသား လူဖြူတွေလဲ ဒီမှာ လာလုပ်ကိုင် နေကြပြီလေ။ ခုနက ဘူတာမှာပဲ တွေ့ခဲ့တယ်မှတ်လား။ ဒါ့အပြင် ဟိုးအရင်တုန်းကလို စိုက်ပျိုးရေး အဓိက ထားတဲ့ နိုင်ငံမဟုတ် တော့ပဲ စက်မှုလက်မှုနဲ့ ကုန်ထုတ်လုပ်မှု ပဓာန ဆိုတော့ တိုးတက်လာတာပေါ့။ ပြီးတော့ လက်ရှိ အစိုးရ ကိုင်စွဲထားတဲ့ မူဝါဒက လွတ်လပ်တဲ့ ကုန်သွယ်မှု မူဝါဒ ဆိုတော့ ဘယ်သူ့ လောင်းရိပ်မှာမှ ရှိမနေဘူးဗျ။ အနောက်အုပ်စုရဲ့ ပါတနာ ချည်းပဲလဲ မဟုတ်ဘူး။ တရုတ်၊ ရှရှားရဲ့ ပါတနာ ချည်းပဲ လဲ မဟုတ်ဘူး။ အားလုံးနဲ့ မျှတစွာ ကုန်သွယ်မှု လုပ်နေတယ်တော့ သင့်တင့် လျှောက်ပတ် နေတာပေါ့ဗျာ။ ဒါဟာ ကျွန်တော်တို့ နိုင်ငံသားတွေ နှစ်၂၀ လုံး ကြိုးစား ပမ်းစား နိုင်ငံကို ပြန်လည် ထူထောင် ခဲ့တဲ့ ကြိုးစား မှုရလဒ် ပေါ့ဗျာ။”
ကိုရဲဘုန်းက စိတ်ဝင်တစား နားထောင်နေရင်း
“ကြားရတာ နားဝမှာ ချိုစိမ့်နေတာပဲဗျာ.. ကောင်းလိုက်တာ….အစိုးရပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းကို လဲ နဲနဲ ပြောပြ ပါအုံးဗျာ..”
“ဒါပေါ့ဗျာ ပြောပြမှာပေါ့ ၊ ကျွန်တော်က ဒါမျိုး ပြောရမယ်ဆို ထမင်းမေ့ ဟင်းမေ့ပဲ..အဟဲ။ နိုင်ငံတော် ဘဏ္ဍာ ငွေ တိုးတက်လာတော့ အစိုးရ ၀န်ထမ်းတွေရဲ့ လုပ်ခလစာကလဲ တိုးတက်လာသဗျာ။ ခင်ဗျား ယုံနိုင်ပါ့မလား မသိဘူး။ ၀န်ထမ်း တစ်ယောက်ရဲ့လစာက အခုဆို တော်တော် မြင့်တယ်ဗျ။ အစိုးရ၀န်ထမ်းတွေ လစာငွေ မြင့်မား လာတော့ လာဘ်စားမှုတွေ ပပျောက်သလောက် ရှိလာတော့ အခုမှ တကယ် clean government စစ်တာဗျ။ အခုများ အစိုးရ ၀န်ထမ်း လုပ်ချင်သူတွေ တပုံတပင်ပဲ။”
“ဒါဆို အစိုးရ ၀န်ထမ်း အလုပ်ပဲ လှိမ့်တိုး နေကြမှာပေါ့ဗျ။ ၀န်ထမ်းတွေကို ဘယ်လို စီစစ်ရွေးချယ်လဲ ဆိုတာ ပြောပြပါအုံး”
“သေချာ စီစစ်တာပေါ့ဗျာ။ တော်ရုံ ဘယ်လွယ်ပါ့မလဲ။ အခု ဥပဒေမှာ ပြဌာန်းထားတယ်လေ။ နိုင်ငံတော်ရဲ့ ပထမ ရုံးသုံး ဘာသာစကားသည် အင်္ဂလိပ် စာ ဖြစ်သည် ဆိုပြီးတော့လေ။ ဒုတိယ ဘာသာ စကားက မြန်မာ စကားပေါ့။ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးတွေမှာ ဆိုရင်တော့ ဒုတိယ ရုံးသုံး ဘာသာ စကားက ကိုယ်ပိုင် တိုင်းရင်းသား ဘာသာစကားလေ။ ဥပမာ ရှမ်းပြည်နယ်မှာဆို ဒုတိယရုံးသုံးဘာသာက ရှမ်းဘာသာ၊ ကရင်ပြည်နယ်မှာဆို ကရင်ဘာသာစကား စသည်ဖြင့်ပေါ့။ ဒီတော့ တော်ရုံ ဘွဲ့ရရုံနဲ့ မရတော့ဘူး။ ဘာသာစကား ကျွမ်းကျင်မှုရယ် ၊ အရည်အချင်း တကယ်ရှိတဲ့ သူတွေမှ ၀င်ခွင့်ရတာဗျ”
“အဟား.. တယ်ဟုတ်ပါလားဗျ.. သဘောကျသွားပြီဗျာ… ဒီလို အရည်အချင်း ရှိတဲ့သူတွေက နိုင်ငံ့ တာဝန် ထမ်းဆောင် နေမှတော့ နိုင်ငံကြီး တိုးတက်ပြီပေါ့ဗျာ…. ကောင်းလိုက်တာဗျာ.. ကောင်းလိုက်တာ.. ဒါနဲ့ စွမ်းအင် ကဏ္ဍ အခြေအနေကောဗျာ။ လျှပ်စစ်မီးတွေ ပုံမှန်ရပြီလား”
”ဒါပေါ့ဗျ…လုံးဝ အိုကေနေပြီ။ စွမ်းအင် ကဏ္ဍမှာလဲ ဟိုးလွန်ခဲ့တဲ့ နှစ်၂၀ တုန်းကလို မီးပြတ်တယ် ဆိုတဲ့ စကားဟာ ပျောက်ကွယ် သွားပြီလေ။ ပျောက်ကွယ်သွားဆို ဒီလိုလေ လျှပ်စစ် စွမ်းအင် ကဏ္ဍမှာ ဆိုရင် အဓိက တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအင် ကို ဖြည့်ဆည်းပေးဖို့ အစိုးရတင် မကပဲ ပုဂ္ဂလိက ကုမ္ပဏီတွေကိုပါ လုပ်ပိုင် ခွင့်ပေးထား တယ်ဗျ။ ရေအား လျှပ်စစ် တစ်ခုတင် မကပဲ။ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အား ပေးစနစ်တွေ၊ ပြီးတော့ လေအား လျှပ်စစ်တွေ အခုဆို ရခိုင် ကမ်းရိုးတန်းနဲ့ တနသာင်္ရီ ကမ်းရိုးတန်းဘက်တွေမှာဆို လေအား လျှပ်စစ်ထုတ်တဲ့ လေရဟတ်ကြီးတွေ ထောင် သောင်းမက ရှိတယ်လေဗျာ။ ပုဂ္ဂလိကတွေ လုပ်ပိုင်ခွင့် ရလာတော့ ကုမ္ပဏီတွေက အပြိုင် အဆိုင်ပဲဗျ။ ဒီတော့ စွမ်းအင် ကဏ္ဍမှာ လုံးဝ အိုကေ နေပြီပေါ့ဗျာ..”
“ဒါကြောင့်ကိုး..။ လုပ်ပါအုံးဗျ.. တခြား ကဏ္ဍတွေ အကြောင်း ဘာတွေ ဖြစ်ပေါ်တိုးတက် နေတယ်ဆိုတာ ပြောပါအုံးဗျာ.. တကယ်ဗျာ.. ကျွန်တော်က အနှစ် ၂၀လောက် အိပ်ပျော် နေသလိုပဲ အခုမှ တခြား ကမ္ဘာက ရောက် လာတဲ့ ကောင်လို ဖြစ်နေပြီ… ဒါဆို ကာကွယ်ရေး ကဏ္ဍမှာကောဗျာ… ”
“ကျွန်တော်တို့ နိုင်ငံက တိုးတက် ဖြစ်ထွန်းနေတော့ တရုတ်တင် မကဘူး။ ဥရောပက ပြင်သစ် တို့နဲ့ အမေရိကန် တို့ကပါ မက်လုံးပေးပြီး သူတို့ သြဇာခံအဖြစ် သွတ်သွင်း ချင်နေကြတာဗျ။ အထူးသဖြင့် အမေရိကန်နဲ့ တရုတ် ပေါ့ဗျာ။ အခုတော့ တရားလဲ အားမထုတ်တော့ပါဘူးအဟဲ။ အမေရိကန်ဆို ကျွန်တော်တို့ ရေပြင်ပိုင်နက် ကိုးကိုးကျွန်း ဒါမှမဟုတ် ဟိုင်းကြီးကျွန်းကို စစ်စခန်းအတွက် ငွေကြေး ဘီလီယံ ချီပေးပြီး ငှားရမ်း ချင်နေတာဗျ။ စစ်ရေး မဟာဗျူဟာ အရ သူက နိုင်ငံကြီး၂နိုင်ငံရဲ့ ဗဟိုချက် ကျတဲ့ ကျွန်တော်တို့ နိုင်ငံ နယ်နမိတ်ကို သဘောကျ နေတာလေ။ ဒါက ဟိုးအရင်တည်းကပါပဲ”
“ဒါနဲ့ အစိုးရက ငှားမယ့် အစီအစဉ်ရှိလား”
“နိုး ဘယ်ငှားမလဲဗျ.. ကျွန်တော်တို့သာ ငှားရမ်းလိုက်ရင် ဒေသတွင်း နိုင်ငံတွေနဲ့ဆက်ဆံရေးက တင်းမာသွား မှာပေါ့။ လွတ်လပ်ပြီး တရားမျှတတဲ့ နိုင်ငံခြားရေး မူဝါဒကို ဟိုးအရင်တုန်းက ထက် ပိုမို အပြုသဘော ဆောင်ပြီး ကျင့်သုံးနေတာပေါ့။ ပြီးတော့ ကာကွယ်ရေး ဘက်မှာ ဆိုရင် အထူးသဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့ ပထ၀ီ အနေအထားအရ ရေပြင်ပိုင်နက်များတယ်ဗျ။ ဒီတော့ ရေတပ် အင်အား ကို အဓိကထား တိုးချဲ့ထားတာ အာရှမှာ ဆို အကြီးဆုံး ရေတပ်အင်အားထဲမှာ တခု အပါအ၀င်ပဲပေါ့ဗျာ”
“ကဲကဲ စကား ပြောလို့လဲ ကောင်းတယ်.. အအေး သောက်ပါအုံးဗျာ”
အအေး တငုံလောက် သောက်ပြီး ကိုရဲဘုန်းက
“ဘယ်လိုလဲ.. ကျုပ်တို့ နိုင်ငံကြီး တိုးတက် နေသလို ကိုယ့်လူကော ဘာတွေ တိုးတက် နေပြီလဲ.. ကလေးတွေ ဘာတွေ ရနေပြီလား”
အဟဲ ကျွန်တော် အိမ်ထောင် မကျသေးဘူးဗျ.. အင်း ဒီအရွယ်မှလဲ မယူတော့ပါဘူး။ အသက်ပဲ ၄၀ ကျော်နေပြီ။ ဒီလိုပဲ လွတ်လွတ်လပ်လပ် နေတာ ကောင်းပါတယ်ဗျာ..။ အရင်လိုပဲ စာဖတ်လိုက်၊ စာလေး ပေလေး ရေးလိုက်ပေါ့”
“ကောင်းတယ်ဗျာ… ဒီလို Life Style ကို သဘောကျတယ်။ ဟိုပူ ဒီပူ မရှိတော့ဘူးပေါ့၊ အေးချမ်းတယ်..”
“မထင်နဲ့ဗျို့ ကျွန်တော်က အခု တူ၊ တူမလေးတွေနဲ့ အတူ နေတယ်လေ၊ ကျွန်တော် မမွေးထားပေမယ့် ကိုယ်သွေးသား ဆိုတော့ ဒီကောင်တွေ အတွက် ပူရတာ ရှိသေးသဗျ..”
ကိုရဲဘုန်းက အားရပါးရ ရီလိုက်ပြီး…
“ကိုယ့်လူက အပူမရှာချင်လို့ မိန်းမ မယူပေမယ့်၊ အပူလေးတွေက ကိုယ့်လူဆီ ရောက် လာတာကိုး၊ ဒါလဲ တမျိုးတော့ ကောင်းပါတယ်၊ မပျင်းရတော့ဘူး ပေါ့။”
“လုပ်တော့မယ်.. ကိုယ့်လူကတော့..မပျင်းရလွန်းလို့ ခက်နေတာဗျ အဟဲ..”
“အေးဗျာ.. ဘာပဲဖြစ်ဖြစ် ကျွန်တော် ကြားရတာတွေ အကုန်ဝမ်းသာ တယ်ဗျာ။ ကျွန်တော်က ဒီကို အပြီး ပြန်လာပြီဆိုတော့ ရွှေမြန်မာ ပြန်ဖြစ် ပြီပေါ့ဗျာ။ အင်း ဦးသန့် ပြောတာ မှန်တယ်ဗျာ။ ဘာတဲ့ မြန်မာ ဟာ မြန်မာပဲ ဘယ်နေရာ ဘယ်ရောက်ရောက် ဘယ်လောက် အခွင့်အရေးရရ တနေ့နေ့မှာ မြန်မာလူမျိုးဟာ မြန်မာပြည်ကိုပဲ ပြန်လာရမယ်ဆိုတာလေ။ အဲ့ဒိ စကားဟာ တကယ်မှန် ကြောင်း အခုမှ သဘောပေါက်တယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့် အမိမြေလောက် ဘယ်နေရာမှာမှ မနွေးထွေးဘူးဗျာ။ အရင်တုန်းက ကျွန်တော်လဲ ဒီလို ပြောတဲ့ သူတွေကို လှောင် ပြောင်ခဲ့မိတယ်။ ငါတို့ နိုင်ငံကြီးကမှ နေလို့ ထိုင်လို့ မကောင်းတာ၊ ကန့်သတ်မှုတွေနဲ့ နေရတာ၊ အပြင်မှာ နေရတာကမှ လွတ်လပ်သေးတယ်။ အခွင့်အရေး ရသေးတယ် ဆိုပြီး မြင်မိတယ်။ ငါတို့ နိုင်ငံကြီး အခြေအနေ ပြန်မကောင်း သေးသရွေ့ ငါ မပြန်တော့ဘူး ဆိုပြီး တကိုယ်ကောင်း စိတ် မွေးခဲ့မိတယ်။ အမှန်က ဖြစ်ခဲ့သင့်တာက ဒီလို မကောင်းတဲ့ အကြောင်းရင်းက ဘာကြောင့်လဲ ဆိုတဲ့ အရင်းအမြစ်ကိုရှာ၊ မကောင်းတဲ့ စနစ်ကို အနုလုံ ပဋိလုံ ဆန်းစစ်ပြီးရင် ၀ိုင်းဝန်း အဖြေရှာပြီး တက်ညီလက်ညီ ကိုယ်စွမ်းတဲ့ နေရာကနေ ကြိုးစား ကြရမှာဗျ။ ဘယ်လောက်ပဲ အဝေးရောက်နေနေ ကိုယ့်တိုင်းပြည် အတွက် ကောင်းရာ ကောင်းကြောင်း တွေကိုသာ ကြံဆ လုပ်ဆောင် ပေးခဲ့သင့်တာ။ ကျွန်တော်တို့ စိတ်ထဲက၊ အသွေးအသားထဲက သာ ဘယ်လို အခြေအနေပဲ ရောက်ရောက်၊ ငါဟာ မြန်မာပြည်မှာ မွေးဖွားပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာနိုင်ငံသား တစ်ယောက် ဖြစ်တယ် ဆိုတာ ဂုဏ်ယူပြီး၊ ဟေ့.. ငါတို့ လူမျိုးဟာ ခပ်ညံ့ညံ့ထဲက မဟုတ်ဘူး၊ ငါတို့နိုင်ငံဟာ ငါတို့ ဒီလိုကြိုးစားပြီး ဒီလို လုပ်ပြနိုင်တယ် ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ်ကို စွဲစွဲမြဲမြဲ ခံယူထားခဲ့ရမှာဗျာ။ အခုတော့ ကျွန်တော် ဒီလို သူများတွေ လို မလုပ်ဖြစ်ခဲ့ဘူးဗျာ..”
အားနဲ့မာန်နဲ့ ၀မ်းနည်း ပက်လက် ပြောနေသော မိတ်ဆွေရဲ့ လက်ကို ကျွန်တော်က ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီး
“ဒီလို အမြင်မှန်တွေ ရတာကိုပဲ ကျေးဇူးတင် ၀မ်းလဲ သာပါတယ်ဗျာ။ အခု အချိန်မနှောင်းသေးပါဘူးဗျ။ အခုလဲ နိုင်ငံ တည်ဆောက်ရေး၊ တိုးတက်ရေးတွေမှာ တတပ် တအား ပါဝင်နိုင်ပါသေးတယ်ဗျ၊ ဆိုလိုတာ နိုင်ငံ့ဝန်ထမ်း လုပ်မှ နိုင်ငံတော် တာဝန် ထမ်းဆောင်တာ မဟုတ်ပါဘူး၊ ပြည်သူလူထု အနေနဲ့လည်း ကိုယ့်မိသားစုလေးကို ၀မ်းဝအောင်၊ ကြွယ်ဝလာအောင် လုပ်ပေးနိုင်ရင် မိသားစုတိုင်း ချမ်းသာ ကြွယ်ဝ လာရင် မိသားစုတွေ အများကြီး ပေါင်းစည်းထားတဲ့ နိုင်ငံတော်လဲ ကြွယ်ဝလာမှာပေါ့ဗျာ..၊ ဒါဟာလဲ တနည်းအားဖြင့် နိုင်ငံ့တာဝန် ထမ်းဆောင် တာပဲပေါ့..”
“အင်းဗျာ.. ဒီနေ့ ကိုယ့်လူနဲ့ ပြန်တွေ့ရတာ အများကြီး အမြင်သစ်တွေ ရသွားပြီဗျာ..၊ ကျွန်တော်တော့ နိုင်ငံရပ်ခြားမှာ ရှာဖွေလာတဲ့ အရင်းအနှီးလေးနဲ့ ဒီမှာ ကိုယ်ပိုင် လုပ်ငန်း ထူထောင်တော့မယ်ဗျာ”
“ဟား အရမ်းကောင်းတဲ့ အကြံဉာဏ်ပဲဗျာ၊ ကျွန်တော် အားပေးတယ်၊ အကူအညီ လိုတာပြော၊ ကျွန်တော် ကူညီပေးမယ်”
“ကောင်းတာပေါ့ဗျာ..၊ ကဲ စကား ပြောရတာလဲ ကောင်းတယ် ကိုမင်းယွန်းရေ၊ ၈နာရီလဲ ထိုးပြီ၊ ကျွန်တော့်အိမ်က မျှော်နေတော့မယ်၊ မနေ့ကမှ ရောက်တယ်။ ဒီနေ့ တနေကုန် သွားနေတာ အိမ်ပြန် မရောက်သေးဘူး။ အိမ်မှာ မတွေ့တာ ကြာနေတဲ့ ဆွေတော် မျိုးတော်တွေလဲ ရောက် နေတယ်ဆိုတော့ ပြန်လိုက်အုံးမယ်။ ဖုန်းနံပါတ် ပေးထားပါအုံး။”
ကျွန်တော်လဲ ကျွန်တော့်ကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များ ပေးလိုက်သည်။
“အိုကေဗျာ.. ကိုမင်းယွန်း.. နောက်မှ အိမ်ကို ထမင်းစား ဖိတ်အုံးမယ်။ တစ်ရက်လောက် အေးဆေး ထပ်တွေ့အုံး မယ်ဗျာ၊ see you”
“see you, good night ကိုရဲရေ”
“အော်ဒါနဲ့.. ကျွန်တော် မြေနီကုန်းဘက် ပြန်မှာ ဆိုတော့ ဘယ်ရထား လိုင်းကို စီးရမလဲဗျ”
မြေနီကုန်းဘက် ရောက်သော ရထားလိုင်းကို လမ်းညွှန်ပြလိုက်ပြီး လမ်းခွဲ လိုက်ကြသည်။ ကုန်တိုက် အပြင်ဘက်ကို ရောက်တော့ အတော်မိုးချုပ်နေလေပြီ။ မိုးမျှော် တိုက်ကြီးများသည် လျှပ်စစ်မီးများဖြင့် ထိန်ညီးနေ၏။ ရန်ကင်း လမ်းမပေါ်တွင် ကားများ ဥဒဟို သွားလာနေကြသည်။ ဘတ်စ်ကားဂိတ်ဆီမှ နံပါတ် ၃၆ ၂ထပ် ဘတ်စ်ကား ကြီးကို မှီရန် ပြေးသွားသော်လည်း မမှီလိုက်တော့ပေ။ သို့နှင့် ကျွန်တော်လဲ တက္ကစီ မှတ်တိုင်လေးတွင် ၅ မိနစ်ခန့် စောင့် ဆိုင်း နေလိုက်၏။ မကြာမှီမှာပင် တက္ကစီ မှတ်တိုင်လေးသို့ မီတာ တက္ကစီ တစ်စင်း ဆိုက်ရောက် လာသည်။ ကားပေါ်သို့ရောက်သော် ခါးပတ်ပတ်လိုက်ရင်း အိမ်ပြန် ခရီးဝယ် ကိုယ့်အတွေးနှင့်ကိုယ် လိုက်ပါလာခဲ့တော့၏။ ရန်ကုန်မြို့ကြီးသည် ရန်ကုန်မြို့ဆန်စွာ လှပနေလေတော့သည်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
မအိမ့်ချမ်းမြေ့ Tag သော နောင်အနှစ်၂၀ကြာသောအခါဝယ် ဆိုတဲ့ Tag ကလေးကို ကျွန်တော့် စိတ်ကူးဖြင့် ချယ်မှုန်း ရေးဖွဲ့ပါကြောင်း။ ဒီTag ကလေးကို ပြန်လည် ရေးစေချင်တဲ့ သူတွေကတော့ မနိုင်းနိုင်း၊ဇော်မျိုး(ဗမာပြည်သား) နဲ့ ကိုမိုးလှိုင်ည တို့ပဲ ဖြစ်ပါတယ်။ ကဲ တဂ်လိုက်ပြီနော့။ :) ကိုကြီးကျော်ကိုလဲ ထပ်တဂ်ပါတယ်။

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
June 15, 2009 at 5:05 AM
ဒီပိုစ်ကိုဖတ်ပြီး အမ ကြက်သီးတဖျန်းဖျန်းထတယ်။
ဒီစာစုလေး သံလွင်အိပ်မက်ကို ပို့ကြည့်ပါလား..
ဟုတ်တယ်.. အမေရိကန်နဲ့တရုပ်ကိုတော့ ဘယ်ချိန်ရောက်ရောက် သတိတော့ထားမှ
June 15, 2009 at 8:38 PM
i have already read like this post at thanlwin.com.If u referred that post, u should tell the readers.Anyhow, not so bad.
June 16, 2009 at 9:01 AM
မအိမ့်ရေ အားပေးတာ ကျေးဇူးပါ။ မပို့တော့ပါဘူး ကျနော်ဘလော့မှာ တင်ပြီးသား ဆိုတော့။ colagirl.22 ရေ ကျွန်တော်က သံလွင် ပရိသတ် တစ်ယောက် မဟုတ်တော့ ဒါမျိုး ဘယ်သူရေးဖူးလဲ မသိပါဘူး။ ကျွန်တော်က မအိမ့်ရဲ့ တဂ်ကို ကိုယ့်စိတ်ကူးနဲ့ ကိုယ်ရေးတာပါ။ ဘယ်သူ့ဟာကိုမှ မကိုးကား ပါဘူး။ ဇာတ်ကောင်တွေရဲ့ ပြောစကားတွေကို သေချာ ဖတ်ပါ။ ဒါ ကျွန်တော့် အတွေးအမြင် စစ်စစ်တွေသာ ဖြစ်ကြောင်း အာမခံပါတယ်။ ကျွန်တော် ဘယ်ကမှ ကိုးကားတာ မ ဟုတ်တဲ့ အတွက် စာဖတ်သူကို ပြောပြဖို့ မလိုဘူး ထင်တယ်။ ပြီးတော့ ကောမန့် မပေးချင်လဲ မပေးပါနဲ့ အထက်စီး လေသံနဲ့ လာဆရာ မလုပ်ပါနဲ့။ လာလည်တာ ကျေးဇူးတင်ပါတယ်။
June 16, 2009 at 2:40 PM
လူပျိုကြီးတကယ်လုပ်မှာလားပြောစမ်းပါ..ရည်ရွယ်တဲ့မင်းအကြောင်းတွေ...း-) အကိုရေ..ပိုစ့်လေးလာဖတ်သွားပါတယ်..ပျော်ရွှင်ပါစေ...
June 17, 2009 at 2:11 AM
တိုလီ အိုင်ဒီယာလေး ကောင်းတယ်.. ကျုပ်တော့ မတွေးတက်ဘူး အဲ့လိုမျိုးတွေ..
ဖိုးသူတော်
June 17, 2009 at 4:22 PM
ဒီပို့စ်ကို စိတ်ဝင်စားလို့ print တောင် ထုတ်ဖတ်ဖြစ်တယ်။