ကျွန်တော့် ဝါသနာများ
ကျွန်တော့်ကို ညီလေး တေလေက လာတဂ် လို့ ရေးရအုံးမယ်။ ပြောထားတာတော့ နဲနဲကြာပြီ ကျွန်တော်လဲ အခုတလော အလုပ်တွေ များနေတာနဲ့ပဲ ကိုယ့်ဘလော့ဂ်ဘက် တောင် မလှည့်နိုင် ဖြစ်နေတယ်။ အခု တဂ်တဲ့ ဟာကတော့ ဝါသနာ ဆိုပဲ။ ကျွန်တော့် ဝါသနာတွေကို မေးတော့ ဘယ်ဟာကို ရေးချပြရမလဲ မသိ ဖြစ်နေမိတယ်။ ကျွန်တော် ဝါသနာပါ တာတွေက အများကြီးပဲ။ ငယ်ငယ်တုန်းက ဝါသနာ ပါတာတွေကတော့ အင်ဂျင်နီယာကြီး ဖြစ်ချင်တာ၊ လက်ရွေးစင် ဘောလုံး သမားဖြစ်ချင်တာ၊ အဆိုတော် ဖြစ်ချင်တာ၊ ဒီဂျေဖြစ်ချင်တာတွေ အများကြီးပဲ။ နည်းနည်း ကြီးလာတော့ ဖြစ်နိုင်ချေ ရှိတာတွေ ဆက်ပြီး မျှော်မှန်း မဖြစ်နိုင်တော့တာတွေကို စွန့်ပယ် ပစ်ရတာပေါ့။ ကျွန်တော့် ဝါသနာတွေ အကြောင်း ပြောရင်တော့ အခုထိကို များပြား လျှက်ရှိနေပါသေးတယ်။ အဲဒါတွေကတော့
နိုင်ငံ့အရေး၊ ကမ္ဘာ့အရေး
လူရယ်လို့ ဖြစ်လာရင် ပတ်ဝန်းကျင်နဲ့ နေထိုင်ရတာဗျ။ ရပ်ကွက်ထဲမှာ ကိုယ့်အိမ်ကိုယ် နေတာပဲ ဆိုပြီး တကိုယ်တည်း တောရ ကျင့်နေလို့ မရဘူး။ ဥပမာ ရပ်ကွက် လမ်းက တော်တော် ပျက်နေလို့ မိုးတွင်းဆို သွားရလာရ အဆင်မပြေဘူး ဆိုပါတော့ ဒါ ကိုယ်နဲ့ မဆိုင်ဘူး ဆိုပြီး နေလို့ မရတော့ဘူး။ ကိုယ်အမြဲ အသုံးပြုနေကျ လမ်း မကောင်းရင် ကိုယ်လဲ သွားရတာ အဆင်မပြေဘူး။ ဒီလိုပဲ ရပ်ကွက်ထဲမှာ သူခိုးတွေ သောင်းကျန်း နေလို့ ပစ္စည်းတွေ ခဏခဏ ပျောက်တယ်ဆိုရင် ကိုယ်နဲ့ မဆိုင်ဘူး ဆိုပြီး နေလို့ မရတော့ဘူးပေါ့။ လမ်းမကောင်းရင် ကိုယ့်အားကိုယ်ကိုး လမ်းဖြစ်အောင် တတ်နိုင်သလောက် ကိုယ်ပါဝင် ကူညီပေးရမယ်။ သူခိုးပူနေရင် ရပ်ကွက် မလုံခြုံတဲ့အတွက် ဒီသူခိုးတွေကို မိအောင် ၀ိုင်းဝန်း ဖမ်း ပေးရမယ်။ ဒီလိုပဲပေါ့ နိုင်ငံတစ်နိုင်ငံမျာ မှီတင်းနေထိုင် နေရတဲ့ နိုင်ငံသား တစ်ယောက်အဖို့ ကိုယ့်နိုင်ငံရေးကို စိတ်ဝင်စား ဖို့တော့ လိုတာပေါ့။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတာ ဆက်စပ်နေတာပဲ။ ကမ္ဘာ့အရေးလဲ ဒီလိုပါပဲ သူများ နိုင်ငံတွေ ဘာတွေ တိုးတက်နေပြီး ဘာတွေ ပဋိပက္ခဖြစ်နေလဲ မျက်ခြေ မပြတ် စောင့်ကြည့်ရတာပေါ့။ ကျွန်တော်က ဒီနိုင်ငံသား ဖြစ်ပြီး ကမ္ဘာသူကမ္ဘာသား တစ်ယောက် ဖြစ်လို့ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေ၊ ဖြစ်ထွန်းမှုတွေ၊ ဆုတ်ယုတ်မှုတွေဟာ ကျွန်တော် တို့နဲ့ သက်ဆိုင်တယ် ထင်လို့ ကျွန်တော် ကမ္ဘာ့အရေး မြန်မာ့အရေးတွေမှာ ၀ါသနာပါ ပါတယ်။
သတင်းစာဆရာ/ စာရေးဆရာ
အပေါ်က ခေါင်းစဉ်နဲ့ ဆက်စပ်နေတဲ့ ၀ါသနာလို့ ပြောလို့ ရတာပေါ့ဗျာ။ ကျွန်တော်က သတင်းတွေကို ဖတ်နေရတာ ကြိုက်သလို သတင်းတွေကို ပြန်လည် မျှဝေပေးရတာလဲ နှစ်သက်မိတယ်။ သတင်းသမား တစ်ယောက်ရဲ့ အလုပ်က ကင်မရာလေး တဖျတ်ဖျတ် ရိုက်ပြီး သတင်းရေးသား နေရုံ၊ ပြည်ပ သတင်းတွေကို ဘာသာပြန်နေရုံနဲ့ သတင်း သမား တစ်ယောက် ဖြစ်ပြီလို့ ယူဆလို့ မရဘူးဗျ။ သတင်းသမား၊ သတင်းစာ ဆရာ ရဲ့အလုပ်က သိပ်လွယ်လှတဲ့ အလုပ်မဟုတ်ဘူး။ သတင်းသမား ဆိုတာ အချက်မှန်ကန် တိကျမှု ရှိရမယ်၊ ဘက်လိုက်မှု ကင်းရမယ်၊ မျှမျှတတ ဖြစ်ရမယ်၊ အကြောင်းအချက် ကိုးကားချက် ပြည့်စုံရမယ် ဆိုတဲ့ အချက်တွေ နဲ့ သတင်းကောင်း တစ်ပုဒ်ဖြစ်အောင် ကြိုးစား အားထုတ်ရပါတယ်။ ဆိုတော့ စာဖတ်သူတွေဆီကို သတင်းဦး၊ သတင်းဖျား ပေးနိုင်တဲ့ သတင်းစာဆရာ တစ်ယောက် ဖြစ်ချင်တယ်ဗျ။ ဒါက ကျွန်တော် သတင်းစာ ဆရာ ဖြစ်ချင်တဲ့ ၀ါသနာပေါ့ဗျာ။ (အခုထိတော့ သတင်းထောက်လဲ မဟုတ်၊ သတင်းစာ ဆရာလဲ မဟုတ်သေးပါဘူး)
နောက်ဝါသနာ တစ်ခုကတော့ စာရေးဆရာ ဖြစ်ချင်တယ်ဗျ။ ကျွန်တော် စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ ဖြစ်တဲ့ သိပ္ပံ (Science & Science Fiction) ၊ ဂမ္ဘီရ (occult) စတဲ့ အမျိုးအစား တွေနဲ့ ဇာတ်လမ်း တည်ပြီး ရေးရတာ ၀ါသနာပါတယ်။ နောက်တခုကတော့ ကျွန်တော် ကဗျာတွေဖတ် ရတာ ၀ါသနာပါတယ်။ ကဗျာ ရေးရတာ ၀ါသနာပါပါတယ်။ ကျွန်တော် စာရေးဆရာ ဖြစ်ချင်တာ ကျော်ကြား ချင်လို့ မဟုတ်ဘူး။ စာရေး၊ စာဖတ် လုပ်ရတဲ့ ဘ၀ လေးကို နှစ်သက် သဘောကျမိလို့။ စာအုပ်တွေနဲ့ပဲ အချိန်တွေ ကုန်ဆုံး၊ စာအုပ်တွေနဲ့ပဲ သေဆုံး သွားချင်လို့ပါ။
လတ်တလောတောင် ကျွန်တော့် အတွက် လခ အတော်အသင့် ရတဲ့ အလုပ်တစ်ခုကို ထွက်ပစ်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအလုပ်လုပ်ရင် ကျွန်တော့် အချိန်တွေ (အထူးသဖြင့် စာဖတ်ချိန်တွေ) တော်တော် များများကို ဖဲ့ပေး ရမယ့် ပုံပေါ်နေလို့ ဘာမှ စဉ်းစား မနေပဲ ထွက်လိုက်တယ်။ ကျွန်တော့် အယူအဆကတော့ အလုပ်လုပ်ဖို့ အတွက် အသက်ရှင်ရတာ မျိုးကို မကြိုက်ဘူး။ အသက်ရှင်ရပ်တည်ဖို့၊ ၀မ်းရေးအတွက် အလုပ်လုပ်ရ ချင် လုပ်ရမယ်။ ဒါပေမယ့် ကိုယ့်စိတ်ထွက်ပေါက်၊ ၀ါသနာလေးတွေကိုပါ စွန့်လွှတ်ရမယ့် အလုပ်မျိုး ဆိုရင်တော့ လခ ဘယ်လောက် ရရ မလုပ်ချင်ဘူးဗျာ။ ကျွန်တော့် ခြေ၂ဖက်၊ လက်၂ဖက်နဲ့ ခေါင်းထဲက အသိပညာ၊ အတတ်ပညာတွေ ရှိနေသရွေ့တော့ ထမင်း မငတ် ဘူး ထင်တာပဲ။ လူ့ဘ၀ အသက်ရှင် နေထိုင်ရတဲ့အချိန် ခဏလေးမှာ သူများ အကျိုး မဆောင်နိုင်သေးတောင် သူများအကျိုး မယုတ်စေပဲ ကိုယ့် လုပ်ချင်တာ လေးတွေ လုပ်သွားချင်သေးတယ်။ ကိုယ့်ရဲ့ အချိန်တွေကို အလဟဿ ပြုန်းတီး သွားတာမျိုး ဖြစ်မှာ စိုးမိတယ်။ မှန်ချင်လဲမှန်၊ မှားချင်လဲ မှားမှာ ပေါ့ဗျာ။ ဒါက ကျွန်တော့် ပုဂ္ဂလ ခံယူချက်ကိုး။
ကာတွန်းဆွဲခြင်း ၀ါသနာ
ပန်းချီကတော့ ကျွန်တော်ငယ်ငယ် ထဲက ၀ါသနာ ပါတယ်။ ကျောင်းမှာ လုပ်တဲ့ ပန်းချီပြိုင်ပွဲတွေမှာ မကြာခဏ ၀င်ပြိုင်ဖြစ်တယ်။ ပန်းချီပညာ အခြေခံကို စနစ်တကျ သင်ဖြစ်တာတော့ YMCA မှာ ဖြစ်ပါတယ်။ ၉၆ လောက်တုန်းက ပေါ့။ အဲ့တုန်းက ကျွန်တော်တို့ကို သင်ပေးတဲ့ ဆရာမက ဆရာမချောအိသိမ်းပါ။ နောက်ပိုင်းတော့ ကျွန်တော်က ပန်းချီထက် ကာတွန်းပုံလေးတွေ ဆွဲရတာ ပိုသဘောကျ မိတယ်။ စိတ်ပျော်ရွှင်ရင်ပဲ ဖြစ်ဖြစ်၊ စိတ်ညစ်နေရင်ပဲ ဖြစ်ဖြစ် အပြောင် အပျက် ပုံတွေဆွဲလိုက်တာပဲ။ ကျွန်တော့် ကျောင်းစာအုပ်တွေမှာဆို ကာတွန်းပုံတွေချည်းပဲ။ အဲ့ဒါ အထက်တန်း ကျောင်းသား ဘ၀ကနေ တက္ကသိုလ် ပြီးတော့ အခုအချိန် အထိပဲ။ တခါတလေတော့လဲ သိပ်ဆူပူလွန်းတဲ့ ဘာသာရပ် ဆရာတွေရဲ့ မှတ်စုစာအုပ်မှာဆို အဲ့ဒိဆရာပုံ နောက်တီးနောက်တောက် ဆွဲထားလိုက်တယ်။ ကျောင်းတက် တုန်းကဆို သူငယ်ချင်းတွေ ဆွဲခိုင်းလို့ ခဏခဏ အမှတ်တရ ဆွဲပေးရတယ်။ လက်ရှိ အိမ်မှာတော့ ညီမလေးရဲ့ မှတ်စု စာအုပ် အသစ် တစ်အုပ် ထုတ်တိုင်း ပထမဆုံး စာမျက်နှာမှာ ဘာသာရပ်ဆိုင်ရာ ဟာသပုံလေးတွေ ဆွဲပေးနေရတယ်။ ဥပမာ လျှပ်စစ်နဲ့ ပတ်သက်တဲ့ ဘာသာရပ်ဆို အောက်က ပုံလေးမျိုး ဆွဲပေးလိုက်တာ မျိုးပေါ့။

ဂီတ၀ါသနာ
ဂီတကိုတော့ တော်တော် လေး ၀ါသနာပါတယ်။ တူရိယာ ထဲမှာ နည်းနည်း တီးတတ်တာတော့ ဂစ်တာပါပဲ။ အတီးချင်ဆုံး တူရိယာတွေကတော့ ဒရမ်နဲ့ တယောတို့ပဲ ဖြစ်ပါတယ်။ ၉၇/၉၈ လောက်တုန်းက ရန်ကုန်မှာ ဒီဂျေခွေတွေ စခေတ်စားတော့ ဒီဂျေအရမ်း ဖြစ်ချင်ခဲ့တယ်။ အဲ့တုန်းက ဘယ်လောက် ရူးလဲဆို ဒီဂျေခွေတွေ ထွက်သမျှ အကုန်ဝယ် ပြီးရင် အိမ်က player ၂ဖက်ပါတဲ့ ကက်ဆက်နဲ့ တဖက်က ဒီဂျေခွေ ဖွင့် လိုချင်တဲ့ တီးလုံး ပိုင်းဖြတ်လေးတွေကို တဖက် player နဲ့ အသံသွင်းပြီး စိတ်ကူးတည့်ရာ remix လုပ်ကြည့်တာပေါ့။ ဒီဂျေ သင်တန်းတွေ အရမ်းတက်ချင်ခဲ့ ပေမယ့် ကိုယ်နဲ့က အတော် အလှမ်းဝေး နေတော့ ဒီဂျေ ဖြစ်ချင်တဲ့ ၀ါသနာကို စောစောစီးစီး စွန့်လွှတ် ပစ်လိုက်ရတယ်။ လတ်တလောတော့ တယောတီး သင်ဖို့ လုပ်နေတယ်။ တယောရဲ့ အသံသာက ကျွန်တော် meditation လုပ်တဲ့အခါ ပိုအသုံး တည့်မယ် ထင်လို့။ ကျွန်တော် က ငြိမ်ငြိမ်လေး နားထောင်ဖို့ဆို classic တွေကို ပိုကြိုက်တယ်။ အထူးသဖြင့် တီးဝိုင်းလိုက် တီးတဲ့ သံစဉ်ချည်း သက်သက် တေးသွားတွေကို နှစ်သက် တယ်။ အကြိုက်ဆုံးကတော့ KITARO ရဲ့ ဂမ္ဘီရဆန်ဆန် တေးသွား တွေပဲ။ 12 girl band ကတော့ စိတ်သွက်လက် စေတယ်။ ကျွန်တော် YANNI တေးသွား တွေကိုတော့ သိပ်မကြိုက်ဘူး။ Instrument တွေက သိပ်မမြိုင်ဘူး ထင်တာပဲ။ ပြီးတော့ KITARO နားထောင်ပြီးရင် MOZART ရဲ့ တေးသွား လိုမျိုး ဟာတွေ နားထောင် လို့ မရတော့ဘူးဗျ။ အနုပညာ သက်သက်ဆို MOZART ရဲ့ တေးသွားတွေက ငြိမ့်ညောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့် အတွက်တော့ အမြင့်ဆုံး Tempo အထိ တက်မလာ သလိုပဲ။ KITARO ကျတော့ နားထောင်လိုက်ရင် အမြင့်ဆုံး အထိ ဆွဲခေါ်သွား ခြင်း ခံလိုက်ရတယ်။ ဂီတနဲ့ ပတ်သက်ရင် သိပ်အများကြီး မသိပေမယ့် နားကျောထဲ စိမ့်အောင် စူးစိုက် နားထောင် တတ်တယ်။ တခါတလေကျတော့ အဲ့ဒါနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ Metal Rock လို သံစဉ် ခပ်ကြမ်းကြမ်းတွေ သီချင်းတွေကို ကြိုက်တယ်။ Alternative တွေလဲ ကြိုက်တယ်။ ဒါပေမယ့် အရမ်းကြီး ကြွေပြနေတဲ့ Pop သီချင်းတွေတော့ နားမထောင်ဘူး ။ မကြိုက်ဘူးဗျ။ တနေ့ကမှ August Rush ဆိုတဲ့ ကားလေး ကြည့်မိတယ်။ ဂီတဆိုတာ တီးဝိုင်း တူရိယာ တွေပေါ်မှာတင် ရှိတာ မဟုတ်ဘူး။ နေရာတိုင်းမှာ နားထောင်တတ်ရင် ဂီတသံတွေချည်းပဲ ဆိုတဲ့ concept ကို ကြိုက်တယ်ဗျာ။ ကျွန်တော်ဆို အမြဲတမ်း ရွှေတိဂုံ ဘုရား ရောက်တိုင်း ဂီတသံလေးတွေ နားထောင် ဖြစ်တယ်။ ဘယ်က လာတဲ့ အသံတွေလဲသိလား။ စေတီလေးတွေရဲ့ ထီးတော်က ခေါင်းလောင်း၊ ဆည်းလည်း သံတွေဆီကလေ။ သေသေချာချာ စူးစိုက် နားထောင်ရင် ညီညာတဲ့ တေးသွားသံစဉ်လေး တွေ အတိုင်းပဲ။ အတော် နားထောင်လို့ ကောင်းသဗျာ။
ကဲ ဆက်ရေးရင်တော့ ၀ါသနာတွေက အများကြီးပဲ ဒါရိုက်တာ ဖြစ်ချင်တဲ့ ၀ါသနာတွေ ဘာတွေ အများကြီး ကျန်သေးတယ်။ ဆက်ရေးရင် တအား ရှည်သွားလိမ့်မယ်။ ညီလေး တေလေရေ အကို့ ၀ါသနာ တချို့ကတော့ ဒါတွေပါပဲ။ တခြားသူတွေကိုတော့ ဆက်မတဂ်တော့ဘူးနော်။ :)

မောင်မင်းယွန်းလက်ဆော့သည်။ :P



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
June 10, 2009 at 3:25 PM
ပြည့်ပြည့်စုံစုံလေးဖတ်ရလို့ ကျေးဇူး အကိုရေ... လက်ဆော့ထားတဲ့ပုံလေးကချစ်စရာလေး..ဟိ
နွေးလဲရေးရဦးမယ်...
June 11, 2009 at 12:17 AM
ပထမ, ဒုတိယ နဲ့ နောက်ဆုံး ၃.ခု ၀ါသနာတွေတူပါတယ်...ဒါပေမဲ့  အခုလုပ်နေရတာနဲ့ တခြားစီပါ ...ဒါနဲ့ မချောအိသိမ်းနဲ့ တွေ့ရင် မင်းယွန်းသစ်ဆွဲထားတဲ့ပုံလေးတွေ ပြလိုက်ရမလား?
( ma mie nge )
June 11, 2009 at 1:28 AM
အမ သိတဲ့ ယောင်္ကျားလေး တော်တော်များများ မောင်လေးလိုပဲ အရမ်းကြွေပြတဲ့ ပေါ့ပ်တွေ မကြိုက်တတ်ကြဘူး။
နေရာတိုင်းမှာ နားထောင်တတ်ရင် ဂီတသံတွေချည်းပဲ ဆိုတာ အမှန်ဘဲ..
June 11, 2009 at 12:08 PM
ဆြာမင်းယွန်းလက်ဆော့သည်ပေါ့။ အဟီး
ဒါနဲ. မချောအိသိမ်း ချိုတာက......
June 11, 2009 at 1:21 PM
အော် နွေးနွေးက မရေးရသေးဘူးလား ဒါမှန်းသိ တဂ်လိုက်ပါတယ်။ မမီးငယ်ရေ.. ဆရာမ က ကျွန်တော့်ကို ဘယ်မှတ်မိတော့မလဲ ကျွန်တော်တက် တုန်းက ချွတ်တားလေးရှိသေးတာ။ တော်တော်လဲ ကြာနေပြီကော..။မလေးရေ... ထူးထူးဆန်းဆန်း ကျွန်တော့်ဆီ ရောက်လာတာ ၀မ်းသာတယ်ဗျာ။ နေကောင်းရဲ့လား။ တေလေရေ ဆရာမ ချောအိသိမ်း ဆိုတာ နာမည်ကျော် ကမ္ဘာကျော် ပါဖောင့်မန့် ပန်းချီပညာရှင် တစ်ယောက်ပဲ ညီလေးရ..။ သူ့ဆိုက်က ဒီမှာပါ။
June 12, 2009 at 11:18 AM
များပြားလိုက်တဲ့ ၀ါသနာ...